About Elly (2009)

About Elly (2009)

About Elly (2009)

အပျော်ခရီးစဉ်လေးတစ်ခုကနေအစပြုတယ်။ Sepideh က ခေါင်းဆောင်စီစဉ်တဲ့ ဒီခရီးစဉ်မှာ Sepideh တို့လင်မယားနဲ့သမီးလေး၊ နောက်ထပ်လင်မယားအတွဲ နှစ်စုံနဲ့ ကလေးနှစ်ယောက်၊ လူလွတ်အနေနဲ့က ဂျာမနီကပြန်ရောက်တာမကြာသေးတဲ့ တစ်ခုလပ် Ahmed နဲ့ Sepideh ရဲ့သူငယ်ချင်းလည်းဖြစ်၊ Sepideh သမီးရဲ့ဆရာမလည်းဖြစ်သူ Elly......အားလုံးပေါင်း ၁၁ ယောက်ပါဝင်ခဲ့တယ်။ Elly ကလွဲပြီး ကျန်သူများအားလုံးဟာ ပြောမနာဆိုမနာသူငယ်ချင်းတွေဖြစ်ကြတယ်။ Elly ကို ဒီခရီးစဉ်မှာ မပါပါအောင် ဆွဲဆောင်ခေါ်ယူခဲ့တာကတော့ Sepideh ပဲဖြစ်တယ်။ ဒီခရီးစဉ်ရဲ့နောက်ကွယ်မှာ Sepideh တို့တစ်သိုက်ကြံစည်ထားတာတစ်ချက်က တစ်ခုလပ်ပေမယ့် အရွယ်ကောင်းသေးပြီး ခန့်ညားတဲ့ Ahmed နဲ့ ငယ်ငယ်ချောချော အပျိုလေး Elly တို့ကို အောင်သွယ်ပေးကြဖို့ပဲ။ ဒါကို ကာယကံရှင်နှစ်ဦးကလည်း ရိပ်မိသိရှိကြပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ခရီးစဉ် စတယ်ဆိုကတည်းက စသလို၊ နောက်သလို၊ တည့်တည့်တစ်မျိုး၊ သွယ်ဝိုက်ပြီးတစ်မျိုး Ahmed နဲ့ Elly ကို ဝိုင်း "လှော်" ခဲ့ကြတယ်။ ယောကျာ်းလေးလည်းဖြစ်၊ သူငယ်ချင်းအရင်းကြီးတွေကပြောတာလည်းဖြစ်လို့ Ahmed အနေနဲ့ မျက်နှာပူရတာကလွဲပြီး သိပ်အနေမခက်ရပေမယ့် Elly အတွက်ကတော့ အနေခက်ခဲ့မှာ သေချာပါတယ်။ သူမဟာ မိန်းကလေးဖြစ်နေတာကတစ်ကြောင်းဖြစ်ပြီး၊ ဒီခရီးစဉ်မှာ Sepideh ကလွဲလို့ Ahmed အပါအဝင်ကျန်တဲ့သူများနဲ့ အခုမှဆုံဖူးတာဖြစ်လို့ ရှက်ရွံ့ပြီး ရှိုးတိုးရှန့်တန့်ဖြစ်နေတဲ့ အမူအရာမျိုးတွေဟာ Elly ဆီမှာ အထင်းသားမြင်နေရပါတယ်။

သူတို့ဦးတည်ထွက်လာခဲ့ရာ ပင်လယ်ကမ်းခြေနေရာလေးဆီရောက်တော့ ပြဿနာ တစ်ခုကြုံရတယ်။ သူတို့က သုံးရက်ကြာနေဖို့စီစဉ်ထားပေမယ့် တည်းခိုဖို့ ဘန်ဂလိုက တစ်ရက်စာပဲရမှာဖြစ်နေတယ်။ Sepideh က ပိုင်ရှင်အဘွားကြီးဆီက ကရုဏာရလိုရငြား Ahmed နဲ့ Elly နှစ်ယောက်ကို ညားခါစလင်မယား ဟန်းနီးမွန်းထွက်လာတာပါလို့ လိမ်ပြီး နေရာတစ်နေရာစီစဉ်ပေးဖို့ မေတ္တာရပ်ခံတယ်။ ဒါနဲ့ ကမ်းခြေနဲ့ကပ်ရပ် အိမ်ဟောင်းလေးတစ်လုံးမှာနေခွင့်ရခဲ့တယ်။ အစမှာတော့ အိမ်လေးကို အားလုံးဝိုင်းပြီး သန့်ရှင်းရေးလုပ်ကြရင်း၊ တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြရင်း ပျော်စရာကြီးပါပဲ။ Elly တစ်ယောက်ကတော့ အနေခက်၊ ရှက်ရွံ့ရင် လူတွေပြုလေ့ရှိတဲ့အတိုင်း ရှိသမျှ အလုပ်တွေသိမ်းကြုံးလုပ်နေရှာတယ်။ တစ်ယောက်ကတောင်နောက်လိုက်ပါသေးတယ်........"အဲလောက်လုပ်ပြစရာမလိုပါဘူးအေ....ငါတို့က ညည်းကိုသဘောကျပြီးသားပါ".........

Elly ကသူတတ်နိုင်သလောက် အလိုက်အထိုက်တော့ နေပေးတတ်ရှာပါတယ်။ Ahmed နဲ့နှစ်ယောက်တည်းဈေးဝယ်လွှတ်တဲ့အခါလည်း သွားပေးတယ်၊ ည ဂိမ်းဆော့ကြတဲ့အခါလည်း ပျော်ပျော်ပါးပါးပဲ ဝင်ဆော့ပေးတယ်။ Elly က Ahmed နဲ့နှစ်ယောက်တည်းရှိတဲ့အချိန်မျိုးတွေမှာတော့ ဖော်ဖော်ရွေရွေရှိပြီး နှစ်လိုဟန်ပြတယ်။ သူငယ်ချင်းတွေ လူစုံစုမိသွားပြီး သူကအလိုလို အပြင်လူဖြစ်သွားပြန်တဲ့အခါတော့ အနေရခက်ဟန်ဟာ ပြန်ပေါ်လာပြန်တယ်။ ဥပမာ...ညဘက်ရောက်လို့ ညစာလက်ဆုံစားကြတဲ့အခါ နောက်ဖေးဘက် ဆားဘူးထသွားယူပေးတဲ့ Elly ဟာ သူမနဲ့ Ahmed အကြောင်း စနောက်ရင်း ကြိတ်ရယ်မောနေကြတဲ့ ထမင်းဝိုင်းဆီ ပြန်သွားဖို့ တွန့်ဆုတ်နေခဲ့မိပါတယ်။

အနေရခက်လာလွန်းလို့လား၊ နဂိုကတည်းကအစီအစဉ်ရှိပြီးတာကြောင့်လားမသိ၊ Elly ဟာ နောက်နေ့ နေ့လယ်မှာပဲ လိုင်းကားနဲ့ပြန်မယ်ပြောပါတယ်။ နှလုံးရောဂါသည် အမေစိတ်ပူနေမှာလို့လည်း Ahmed ကိုပြောပြခဲ့သေးတယ်။ ဒါပေမယ့် Sepideh က မပြန်ရဘူးလို့ တားတယ်။ သူတို့နဲ့အတူလာတာ သူတို့နဲ့အတူပဲပြန်ရမယ်တဲ့။ ပြန်ချင်ရင်တော့ လမ်းလျှောက်ပြန်မှပဲရမယ်တဲ့..... စသေးတယ်။ Elly ကလည်း စသလိုနဲ့ပြန်ပြောတယ် လမ်းလျှောက်ပြန်ဆိုလည်းလျှောက်ရုံပေါ့တဲ့။ နောက်ဆုံး Sepideh ကပဲ လုံးဝမပြန်ရဘူးလို့ တစ်ချက်လွှတ်အမိန့်ထုတ်ပြီး အမျိုးသမီးသူငယ်ချင်းတစ်ယောက်နဲ့အတူဈေးဝယ်ထွက်သွားတယ်။ ကမ်းခြေမှာဆော့နေတဲ့ ကလေးတွေကိုကြည့်ပေးဦးလို့ နောက်အမျိုးသမီးသူငယ်ချင်းကိုမှာသွားတယ်။ အဲ့အမျိုးသမီးကတစ်ခါ လုပ်စရာလေးရှိလို့ ကလေးတွေကြည့်ထားပေးပါအုန်းနော်လို့ Elly ကိုပြန်လွှဲခဲ့တယ်။ အမျိုးသားတွေကတော့ အဲ့အချိန်မှာ ပျော်ပေ်ျာပါးပါး ဘော်လီဘောကစားနေခဲ့ကြတယ်။

ဒီအထိမှာ ဇာတ်ကားရဲ့ သုံးပုံတစ်ပုံခန့်ကျိုးလာခဲ့ပြီဖြစ်ပါတယ်။ ဒီနေရာမှာပဲ ဇာတ်ရဲ့ အလှည့်အပြောင်း (တော်တော်ကြီးမားတဲ့အလှည့်အပြောင်း) ကို ဒါရိုက်တာ Asghar Farhadi ကမိတ်ဆက်ပေးခဲ့တယ်။ ကလေးတစ်ယောက် ရေနစ်နေတယ်။ ငိုယိုပြီးလာပြောတဲ့ ကလေးမလေးရဲ့စကားကို ယောကျာ်းသားတွေက အစကသိပ်အလေးမထားမိဘူး။ တကယ့်အဖြစ်အပျက်ကို ရိပ်မိသိရှိလိုက်တော့မှ ကမ္ဘာပျက်ကြတော့တယ်။ ဒီနေရာလေးကို ရိုက်ပြသွားတာအရမ်းမိုက်တယ်။ လူကြီးတွေအကုန် ရုတ်တရက်ရှော့ရကုန်ပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားကြပုံတွေ၊ စိုးရိမ်တကြီး အော်ဟစ်ကြပုံတွေ၊ သောကဖိစီးပြီး မိမိကိုယ်ကို ဘာလုပ်နေမိမှန်းမသိတော့ပုံတွေကို tracking လိုက်ရိုက်ပြထားပုံက ပီပြင်လွန်းတယ်။ သရုပ်ဆောင်တွေရဲ့ စီးမျောနိုင်မှုကလည်း သြချချင်စရာပဲ။ ရုပ်ရှင်ထဲကဇာတ်ကောင်တွေနဲ့အတူ လိုက်ပါမောပန်းနေမိမှာ အသေအချာပါ။ နောက်ဆုံးမှာတော့ ရေနစ်တဲ့ကလေးလေးကို ကယ်ယူလိုက်နိုင်တယ်။ အားလုံးခြေကုန်လက်ပန်းကျပြီး သက်မမှချလို့မဆုံးသေးခင် နောက် ရှော့တစ်ခုထပ်ဝင်တယ်။ Elly ဘယ်ရောက်နေသလဲ.........။ ကလေးတွေနဲ့နောက်ဆုံးအတူရှိခဲ့တာက Elly ဖြစ်လို့ ကလေးရေနစ်တော့ Elly ကဆင်းကယ်ရင်း သူမပါ ရေနစ်သွားလေသလား....။ အရပ်ကူပါ၊ လူဝိုင်းပါနဲ့ ရှာကြ ဖွေကြ အော်ဟစ်ကြပြန်တယ်။ မတွေ့။ နာရီဝက်ကြာတော့လည်း မတွေ့သေး။ အဆိုးဆုံးဆိုတာကြီးဖြစ်သွားပြီလားဆိုတဲ့ အတွေးက သူတို့ကြားပိုခိုင်မာလာတုန်းမှာ မျှော်လင့်စရာလေးတစ်ချက်ကလည်းရှိသေးတယ်။ အိမ်အရမ်းပြန်ချင်နေတဲ့ Elly ဟာ ဘယ်သူမှမသိခင် အိမ်ပြန်သွားခဲ့တာလား.....။ တကယ့်အဖြစ်မှန်က ဘာလဲ။ Elly သေသလား၊ ရှင်သလား။ Elly ဘယ်ရောက်နေသလဲ။ အဲဒီမေးခွန်းတွေမတိုင်ခင် သူတို့အရင်ဖြေရှင်းရမယ့် မေးခွန်းက "Elly ဟာဘယ်သူလဲ" ဆိုတာပါပဲ။

ဒီ မုန်တိုင်းကြီးအပြီးမှာ ရှေ့ပိုင်းက နွေးထွေးပျော်စရာကောင်းတဲ့ atmosphere ဟာ ရုတ်ခြည်းပြောင်းလဲသွားတယ်။ သူတို့သူငယ်ချင်းတွေကြား၊ လင်မယားတွေကြားမှာတောင် သံသယတွေဝင်၊ အယုံအကြည်တွေလျော့ပါးလာတယ်။ သာမန်ရိုးရိုးပြောတဲ့စကားကလည်း ငါ့ကိုအပြစ်ဖို့ ဖို့များလားလို့ အထင်ရောက်စေပြီး လိုတာထက်ပိုကာ ကာကွယ်မိတာမျိုးတွေဖြစ်လာတယ်။ ဒီလိုမျိုး သံသယခြုံလွှမ်းတဲ့ နေမပျော်စရာ၊ တစ်မျိုးကြောက်စရာ ပတ်ဝန်းကျင်မျိုးကို ရုပ်ရှင်ကားမှာ ပုံဖော်ပြတာမျိုးက Asghar Farhadi အပိုင်နိုင်ဆုံးသော ဘာသာရပ်ပဲ ဖြစ်ပါလိမ့်မယ်။ A separation, The salesman တို့မှာလိုမျိုးပဲ Farhadi က သူ့ရဲ့ဇာတ်ကောင်များကို dilemma များနဲ့လည်း ရင်ဆိုင်တွေ့စေတယ်။ ဒီကားမှာတော့ အထူးသဖြင့် Sepideh ရင်ဆိုင်ရတဲ့ moral dilemma က မြင်မြင်သာသာရှိတယ်။ အဆိုပါ dilemma များက ဇာတ်ကောင်ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ စိတ်ထားခံယူချက်ကို လှစ်ဟပြနိုင်သလို ဇာတ်ကောင်ဖြစ်တည်ရာ လူ့အဖွဲ့အစည်း (အီရန်နိုင်ငံပေါ့ဗျာ) ရဲ့ ဓလေ့ထုံးတမ်း၊ လူမှုစရိုက်ကိုပါ ထင်ဟပ်ပြနိုင်ပါသေးတယ်။ ဒါဟာ Farhadi ရဲ့ကားတွေနဲ့ သာမန် social thriller တွေကွာခြားတဲ့အချက်ပဲဖြစ်ပါတယ်။

နောက်ထပ် သဘောခွေ့မိတာကတော့ ဇာတ်လမ်းတည်ဆောက်ပုံပါ။ ရှေ့ပိုင်းမှာ ပြခဲ့တဲ့၊ ပြောခဲ့တဲ့ အပိုင်းအစလေးတွေအားလုံးဟာ နောက်ပိုင်းဖြစ်ပေါ်လာမယ့် ပြဿနာ တွေရဲ့ ခွေးသွားစိတ်လေးတွေလို အရေးပါတဲ့အပိုင်းတွေဖြစ်လာခဲ့တာပဲ။ ဥပမာ - Elly ရဲ့ရှက်ရွံ့နေမှု၊ Elly နဲ့ Ahmed ကိုညားခါစလင်မယားတွေလို့ ညာထားမှု၊ ဖုန်းလိုင်းမမိမှု၊ နောက်ဆုံး စနောက်တဲ့ စကားလေးတွေကအစ နောက်ပိုင်း ပြဿနာ တွေအတွက် သံသယမီးစလေးတွေ ဖြစ်လာခဲ့တာပဲ။ ဒါကတော့ ကိုယ်တိုင်ကြည့်ရှုမှ ပိုမြင်သာမှာပါ။

နောက်ဆုံးပြောရရင်တော့ ရုပ်ရှင်တစ်ကားကောင်းမွန်ဖို့ အဓိကထောက်တိုင်ကြီးသုံးခုဖြစ်တဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင် သုံးမျိုးလုံး ပြည့်စုံကောင်းမွန်တဲ့ကားလို့ ညွှန်းဆိုရပါမယ်။ ကျွန်တော့်အတွက်လည်း A separation ကိုကျော်ပြီး အကြိုက်ဆုံး Farhadi ဇာတ်ကားဖြစ်သွားခဲ့တာပါပဲ။

~Miller~