Bed & board

Bed & board

၁၉၆၀ ဝန်းကျင်လောက်က ပြင်သစ် ရုပ်ရှင်ဝေဖန်ရေးဆရာတစ်စုဟာ  မြင်နေရ တွေ့နေရတဲ့ ရုပ်ရှင်တွေအပေါ်မှာ အားမလိုအားမရဖြစ်လွန်းလို့ ဒါလောက်တောင်ဖြစ်တာ ကိုယ့်ဘာသာကိုယ်ရိုက်မယ်ကွာဆိုပြီး ရဲရဲဝံ့ဝံ့ ထရိုက်ကြရာကနေ ကမ္ဘာ့လှုပ်ခတ်နိုင်စွမ်းအကြီးမားဆုံး ရုပ်ရှင်တော်လှန်ရေးတစ်ခုအဖြစ် French New Wave ဆိုတာကြီးကို မွေးဖွားပေးလိုက်ကြတယ်။ အဲသည့် ဝေဖန်ရေးဆရာတစ်စုထဲမှာ Francois Truffaut ဟာလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့တာပေါ့။
ကျွန်တော့်စိတ်ထင်လည်း ဖြစ်ကောင်းဖြစ်မယ်။ အတူတူလှုပ်ရှားခဲ့ကြသူတွေထဲ (ထားပါတော့) Godard တို့၊ Robert Bresson တို့နဲ့ယှဉ်ရင် Truffaut အကြောင်း လူပြောသိပ်မများဘူးလားလို့ ထင်မိတယ်။ အနုပညာဖန်တီးကြသူများအကြောင်းပြောရင် ဘောလုံးသမားတွေလိုမျိုး ဘယ်သူကပိုကောင်းတယ်၊ ဘယ်သူကသိပ်မကောင်းဘူးလို့ နှိုင်းယှဉ်နိုင်လောက်အောင် မရိုးရှင်းလှပါဘူး။ နှိုင်းယှဉ်ဖို့ရာလည်း မသင့်ပါဘူး။ သို့တိုင်အောင်လည်း Truffaut ဟာ ဆန်းသစ်တီထွင်မှုအပိုင်းမှာ Godard လောက်၊ သတ္တိရှိရှိ ပြတ်သားမှုအပိုင်းမှာ Bresson လောက် ထင်ပေါ်ခြင်းမရှိဘူးလို့ ယေဘုယျသတ်မှတ်ရင် ဟုတ်သလိုလိုတော့ထင်မိတာပဲ။ ဒါပေမယ့် ကျွန်တော်က Truffaut ကို ပိုငြိတယ်။ ဘာလို့လဲဆိုတော့ တစ်ချက်တည်းပြောရရင် သူ့ကားတွေကြည့်ရတာ နားလည်လွယ်လို့။ ကျွန်တော် ပြင်သစ်ရုပ်ရှင်လှိုင်းသစ်ဆိုတာကြီးကို စတင်မြည်းစမ်းရတော့လည်း Truffaut နဲ့ပဲစခဲ့ရတာ။ အချစ်ဦးမို့ အချစ်ဆုံးထင်တယ် ဆိုချင်လည်းဆိုနိုင်တာပေါ့။
ပြောခဲ့သလို Truffaut ကားတွေက နားလည်လွယ်တယ်။ Godard ရုပ်ရှင်တွေက နည်းနည်း အဆိုးမြင်ဘက်ယိမ်းတဲ့အခါ Truffaut ကားတွေကတော့ အကောင်းမြင်စိတ်ပိုလွှမ်းတယ်လို့ မြင်မိတယ်။ Truffaut ဟာ ကိုယ်ပိုင်ဆန်းသစ်တီထွင်မှုလည်းရှိတယ်။ နောက်တစ်ချက်က Truffaut ရဲ့ ဟာသဉာဏ်ဟာ သူ့ကားတွေမှာ ထင်ပေါ်နေတတ်တာပဲ။
ဇာတ်ကားနာမည်က Domicile Conjugal,  အင်္ဂလိပ်လိုဆိုရင် Bed & board တဲ့။ ပြင်သစ်စကားနဲ့ ဘယ်လိုအနက်ထွက်မလဲတော့မသိဘူး။ လင်နဲ့မယားကို ရည်ညွှန်းတယ်လို့တော့ ထင်မိတာပဲ။ ဇာတ်ကားက ငယ်ရွယ်တဲ့ လင်မယားစုံတွဲလေး အကြောင်းကိုး။ The 400 blows မှာ Truffaut ရဲ့ ကိုယ်ပွားလေးအဖြစ်သုံးခဲ့တဲ့ Jean Pierre Leaud နဲ့. Claude Jade တို့ ခေါင်းဆောင်ပါဝင်တယ်။ နှစ်ယောက်လုံးက ချောမောတယ်၊ နှစ်လိုဖွယ်ကောင်းတယ်၊ ငယ်ရွယ်ပျိုမျစ်တယ်။ ဒါ့ကြောင့် Truffaut ပုံဖော်ချင်ပုံရတဲ့ အားကျစဖွယ် ညားခါစလင်မယား သရုပ်က ပိုမိုပေါ်လွင်ခဲ့ပါတယ်။ ဇာတ်လမ်းက ရိုးရိုးလေးပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာမှုလည်းအပြည့်ရှိ၊ နှစ်ယောက်လုံး စိတ်ထားလည်းပြည့်ဝ၊ ငယ်ရွယ်တက်ကြွနေတဲ့ ညားခါစလင်မယားလေး နှစ်ယောက်အကြောင်းပါပဲ။ သူတို့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ စရိုက်ကို သူတို့ပတ်ဝန်းကျင်ကလူတွေနဲ့ အပြန်အလှန် ဆက်ဆံကြပုံများနဲ့ ဖော်ပြထားတယ်။ ဇာတ်ကား တစ်ဝက်ကျော်၊ သုံးပုံနှစ်ပုံလောက်ထိရောက်တော့မှ လင်မယားတွေမှာ အကြီးမားဆုံးဖြစ်နိုင်စရာ အဖုအထစ်ကြီးနဲ့ မိတ်ဆက်ပေးလိုက်တယ်။ ဇာတ်ကားအစကတည်းက ကြည့်ရတာ စိတ်ချမ်းသာစရာဖြစ်သလို ဆုံးသွားတော့လည်း အလားတူပါပဲ။ အဲ့ဒါကြောင့် Truffaut ကို အကောင်းမြင်သမားလို့ သတ်မှတ်ရတာ။ စိတ်ညစ်နေတယ်ဆိုရင် ကြည့်ဖို့ကောင်းတဲ့ရုပ်ရှင်ပါပဲ။ လင်ကိုယ်မယား၊ သမီးရည်းစားစုံတွဲလေးတွေလည်း ကြည့်လို့တော်လောက်တယ်။
သည်လို ကြည်နူးချမ်းမြေ့စရာ အိမ်ထောင်ရေးကားလေးကို စိတ်ကူးဖန်တီးသူ Truffaut ကိုယ်တိုင်ကတော့ အိမ်ထောင်ရေးကံကောင်းရှာသူမဟုတ်ပါဘူး။ သူကိုယ်တိုင်က အိမ်ထောင်ကွဲတစ်ခုမှာ ကြီးပြင်းခဲ့ရသူဖြစ်သလို သူ့ရဲ့အိမ်ထောင်ဟာလည်း မတည်မြဲခဲ့ပါဘူး။ သူ့ကားတွေထဲက မင်းသမီးတွေနဲ့လည်း မကြာခဏ နှီးနွယ်မှုတွေရှိခဲ့တယ်။ ဒီကားထဲက Claude Jade အပါအဝင်။ သုမောင်ရေးဖူးတဲ့ ဦးသာဓုအကြောင်း ဆောင်းပါးတစ်ပုဒ်တောင်သွားသတိရမိတယ်။ ဦးသာဓုဟာ အိမ်ထောင်ရေးပညာပေး ဝတ္ထုတွေ၊ ရုပ်ရှင်တွေကို တစိုက်မတ်မတ်ဖန်တီးခဲ့သူဖြစ်ပေမယ့် သူကိုယ်တိုင်ကတော့ အိမ်ထောင်ကွဲခဲ့တယ်။ (မင်းသမီး မြတ်မွန်နဲ့ ဒုတိယအိမ်ထောင်ဆက်ခဲ့တယ်) ဒါကို ဦးသုမောင် ငယ်စဉ်က နားမလည်နိုင်ခဲ့ဘူး။ တစ်ရက် သူဆံပင်ညှပ်ဆိုင်သွားတော့မှ သူ့အဖေ ဦးသာဓုအကြောင်း ရိပ်မိနားလည်လိုက်တယ်လို့ဆိုတယ်။ အဲ့နေ့က သူဆံပင်မညှပ်ခဲ့လိုက်ရဘူး။ ဆံသဆရာက သူ့ဆံပင်ညှပ်ဖို့ အပြင်(တခြားဆံသဆိုင်) သွားနေခဲ့တာကြောင့်ပါပဲတဲ့။ ဆံပင်ညှပ်ဆရာဘယ်လောက်တော်တော် သူ့ဆံပင်တော့ သူညှပ်လို့မရနိုင်ဘူးတဲ့လေ။
~Miller~