Y Tu Mamá También (2001)

Y Tu Mamá También (2001)

Y Tu Mamá También (2001)

Tenoch ရဲ့အဖေက နိုင်ငံရေးပိုင်းမှာပါ ဝင်ဆန့်တဲ့ မျက်နှာကြီး သူေဋ္ဌးတစ်ဦး၊ Julian ကတော့ သာမန်မိသားစုလေးက သာမန်ကောင်လေးတစ်ယောက်ပဲ။ သူတို့နှစ်ယောက်ဟာ အခင်ဆုံး၊ အတွဲဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တယ်။ နှစ်ယောက်လုံးက လူငယ်ဘဝရဲ့အထွတ်အထိပ်ကာလကိုရောက်နေကြသူတွေပီပီ တက်ကြွမှုအပြည့်၊ လိင်စိတ်နိုးကြားမှုအပြည့်၊ မနာလိုဝန်တိုခြင်း၊ ရှက်ရွံ့သိမ်ငယ်ခြင်း နတ္ထိ၊ ပူပန်မှု နတ္ထိ။ အရာရာတိုင်းဟာ သူတို့အတွက်တော့ လှောင်ပြောင်ရယ်မောစရာ။ သူတို့ရဲ့ ရည်းစားသနာ အသီးသီးဟာ ခရီးထွက်သွားကြတဲ့အခါ သူငယ်ချင်းနှစ်ယောက်ပျင်းရိပြီး ကျန်ခဲ့တယ်။ တစ်နေ့....မင်္ဂလာပွဲတစ်ခုမှာ သူတို့နှစ်ယောက် လှပစွဲမက်စရာ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးနဲ့ဆုံမိတယ်။ နှစ်ယောက်သား ဝင်ပြီး နားရောပါးရောလုပ်ရင်းနဲ့မှ Luisa ဆိုတဲ့ထိုအမျိုးသမီးဟာ Tenoch ဝမ်းကွဲအစ်ကိုတစ်ယောက်ရဲ့ ဇနီးမယားဖြစ်နေတာသိလိုက်ရတယ်။ ဒါပေမယ့် အဲဒါဟာ သူတို့နှစ်ယောက်ရဲ့ Luisa အပေါ်တပ်မက်မှုအတွက် အဟန့်အတားတော့မဖြစ်ခဲ့ပါဘူး။ ပါးစပ်ထဲတွေ့တဲ့ ကမ်းခြေနာမည်တစ်ခုကိုပြောပြီး သူတို့ အဲဒီကို အပျော်ခရီးထွက်ကြမလို့၊ လိုက်ဦးမလားဆိုပြီး ဇာတ်လမ်းဆင်တယ်။ အိနြေ္ဒရှင် Luisa ကငြင်းတာပေါ့။ ဒါပေမယ့် နောက်ရက်မှာ ခင်ပွန်းဖြစ်သူက ကွယ်ရာမှာဖောက်ပြန်နေကြောင်း Luisa သိလိုက်ရတဲ့အခါ ဝမ်းလည်းနည်း၊ ဒေါသလည်းထွက်၊ အရွဲ့လည်းတိုက်ချင်တာနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး Tenoch ဆီကိုဖုန်းဆက်၊ မင်းတို့ ခရီးအစီအစဉ်ထဲ ပါလို့ရသေးလားလို့ မီးစိမ်းပြလိုက်တယ်။ ဒီလိုနဲ့ ထွက်ဖြစ်ခဲ့တဲ့ ဒီခရီးလေးဟာ သူတို့သုံးယောက်စလုံးအတွက် ကြီးမားတဲ့ အပြောင်းအလဲ အချိုးအကွေ့ကြီးဆီ ဦးတည်သွားပါတော့တယ်။ Julio နဲ့ Tenoch အတွက် ရင့်ကျက်ခက်ထန်မှု အစပျိုးစေခဲ့ရာ ဖြစ်သလို Luisa အတွက်လည်း..................................

Alfonso Cuaron ကို Children of men, Gravity တို့လို epic sci-fi ကြီးတွေနဲ့အတူ အောင်မြင်ထင်ရှားလာတဲ့ အော်စကာဆုရှင် Mexican ဖွား ဒါရိုက်တာကြီးအဖြစ် သိကြတယ်။ Alfonso Cuaron ရဲ့အစောပိုင်းလက်ရာတစ်ခုဖြစ်တဲ့ (သူ့ကိုစတင်သတိထားမိလာစေတဲ့) ဒီကားလေးကတော့ ဖော်ပြပါနှစ်ကားနဲ့ လုံးဝမတူကွဲပြားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ လူငယ်ဘာဝ Comedy-drama ဆိုချင်ဆို၊ Coming-of-age ရုပ်ရျင်လို့ပြောချင်ပြော၊ Road movie genre ထဲ ထည့်ချင်ထည့် ကြည့်ဖူးတဲ့ Alfonso Cuaron လက်ရာတွေနဲ့ ကွဲနေတာတော့အမှန်ပဲ။ ဒီကားက လူငယ်သဘာဝကိုအဓိကပေါ်လွင်စေပြီး ရင့်ကျက်လာမှုနောက်က ခက်ထန်သူစိမ်းဆန်လာမှုသဘောတွေကိုပါ မြင်တွေ့ခံစားမိတယ်။ လူငယ်တို့ရဲ့ အရိုင်းဆန်တဲ့လွတ်လပ်မှုတွေကို မကွယ်မဝှက်၊ ပီပီပြင်ပြင်မြင်စေတယ်။ ဒါတင်မကသေးဘူး Mexico နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေများကိုပါ စတိလောက်ဖြစ်ဖြစ် ထင်ဟပ်စေအောင် အားထုတ်ထားတယ်လို့ မြင်မိတယ်။

Alfonso Cuaron နဲ့ ကျောင်းအတူတူထုတ်ခံရ၊ အတူတူ ကြိုးစားရုန်းကန်ခဲ့ကြတဲ့ သူငယ်ချင်းအရင်းကြီး Emmanuel Chivo Lubezki ရဲ့ cinematography လက်ရာက Tree of life, Children of men, Gravity, The revenant တို့ထဲကလို Breathtaking ဖြစ်တယ်လို့မဆိုနိုင်ပေမယ့် Mexico ရဲ့ ကျေးလက်ဒေသအလှအပကို အမိအရဖမ်းဆုပ်ပြနိုင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ content နဲ့အတူ အရိုင်းဆန်စွာ လွတ်လပ်နေတယ်။

ဒီကားမှာ သူငယ်ချင်းနှစ်ယောက်အဖြစ် သရုပ်ဆောင်တဲ့ Gael Garcia Bernal နဲ့ Diego Luna တို့က တော်တော်လေးကို အတိုင်အဖောက်ညီတယ်။ သူတို့ရဲ့ စကားပြောပုံတွေ၊ ရယ်မောလှောင်ပြောင်ပုံတွေ၊ စနောက်ပုံတွေက တော်တော်လေး လူငယ်သဘာဝပီပြင်တယ်။ သူတို့နှစ်ယောက်ရဲ့အခန်းတစ်ခန်းကြည့်ရုံနဲ့ တကယ့်ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေလို့ ယုံကြည်မိစေတယ်။ Gael Garcia Bernal က ကျွန်တော်အရမ်းကြိုက်တဲ့မင်းသားတွေထဲက တစ်ယောက်ပါ။ Motorcycle diaries ကြည့်ဖူး ကတည်းက အနုပညာရည်ပြည့်တဲ့မင်းသားတစ်ယောက်အဖြစ် ကြိုက်ခဲ့တာ။ သူက local မှာ ထင်ရှားကျော်ကြားသလို Amores Perros, Babel တို့လိုလူရိုသေရှင်ရိုသေ ရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့တာမို့ မထောင်းတာလှပေမယ့် Diego Luna ကိုတော့ Hollywood ကားတွေမှာ supporting နေရာကပဲအတွေ့များနေတာ နှမြောမိတယ်။

Gael Garcia Bernal နဲ့ Diego Luna တို့ဖော်ဆောင်သွားခဲ့တဲ့ friendship က အားကျစရာကောင်းလှတယ်။ ဒီကားထဲက သူတို့နှစ်ယောက်ရဲ့ ပျိုမြစ်လွတ်လပ်စွာ အနှောင်အဖွဲ့ကင်းတဲ့ လူငယ်ဘဝမျိုးကို ကြည့်ရင်းနဲ့ အားကျမိသလို၊ မိမိမှာ အဲလိုအချိန်ကာလမျိုးရှိခဲ့ဖူးရဲ့လား၊ ရှိခဲ့ရင်လည်း ဘယ်တုန်းက ဘယ်လို ပြုတ်ကျကျန်ရစ်ခဲ့သလဲ နှမြောတသစွာ ပြန်လည်ဆန်းစစ်မိစေပါလိမ့်မယ်။

~Miller~