A Monster Calls

A Monster Calls

ရုပ်ရှင်တစ်ချို့က သင့်ကိုပြုစားတတ်တယ်လို့ကျွန်တော်ကပြောရင် ယုံကြမလား။ A Monster Calls ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ပြီးသွားကြရင်တော့ ယုံကြည်သွားကြမှာပါ။ ကျွန်တော်တို့တွေ ရုပ်ရှင်တွေကို ဘာကြောင့်ကြည့်ကြတာလဲ။ အပန်းဖြေချင်လို့လား။ တွေးတောချင်လို့ လား။ ခံစားချင်လို့လား။ တစ်ချို့ရုပ်ရှင်တွေက သင့်ကို ဖျော်ဖြေရေးတွေ ဆောင်ကျဉ်းလာတတ်ပြီး တစ်ချို့ရုပ်ရှင်တွေကကြပြန်တော့ သင့်ကို စဉ်းစားစရာတွေ ပေးတယ်။ တစ်ချို့ကတော့ သင့်ကို ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေ အစရှိတဲ့ခံစားချက်တွေ ဖြစ်ပေါ်စေပြန်တယ်။ ဒီနှစ်ရဲ့A Monster Calls ဟာ ထိုအချက်တွေအကုန်လုံးနဲ့ပြည့်စုံစေတဲ့ ရှားရှားပါးပါးဇာတ်ကားကောင်းတစ်ကားပေါ့။ ဇာတ်လမ်းလေးဟာ အရမ်းလှလွန်းတယ်။ နူးညံ့လွန်းတယ်။ သိမ်မွေ့လွန်းတယ်။ ဒါပေမဲ့ အထီးကျန်ဆန်လွန်းပြီး လွမ်းမောဖွယ်လည်း ကောင်းခဲ့တယ်။

ဇာတ်လမ်းအကျဉ်း (Synopsis)

England နိုင်ငံရဲ့ဟိုးမြောက်ပိုင်းမြို့လေး တစ်မြို့မှာပေါ့။ သူတို့သားအမိနှစ်ယောက် နေထိုင်ကြတယ်။ ရာသီအကူးအပြောင်းကာလလေးမို့သစ်ရွက်ကြွေတွေဟာ လေအဝှေ့တွေမှာ လွင့်ပျံပြီး လမ်းမတွေပေါ်မှာ မြူးထူးကြတဲ့ ကာလအချိန်လေးတစ်ခု။ သူ့အတွက် မနက်တိုင်း လုပ်လေ့လုပ်ထရှိတဲ့ တာဝန်တွေရှိတယ်။ အိပ်ယာကနိုးလာပြီဆိုရင် သူကိုယ်တိုင်စောင်တွေခေါက်ပြီး အိပ်ယာသိမ်းဆည်းတယ်။ ထို့နောက် လျှော်စရာရှိတဲ့ အဝတ်တွေကို အဝတ်လျှော်စက်ထဲထည့်ပြီး လျှော်တယ်။ ပြီးတော့ ကျောင်းဝတ်စုံကိုဝတ် မနက်စာကို ပြင်ဆင်ပြီး တစ်ယောက်တည်းစားတယ်။ ထို့နောက်တော့ အိပ်ယာပေါ်က မေမေ့ကို သူကြည့်ပြီးတော့ ကျောင်းသွားတယ်။
.

သူ့အသက်က အခုမှ 13 နှစ်ကျော်ကျော်လေး။ Conor လို့မေမေကခေါ်လိုက်တိုင်း သူ့အမေအတွက် သူအစဉ်ရှိနေပေးခဲ့တယ်။ မေမေဟာ နေမကောင်းဘူး။ အိပ်ယာထဲမှာ လဲနေရတာကြာပြီ။ ဘာရောဂါလဲတော့ သူအသေအချာမသိ။ ဒါပေမဲ့ သေမင်းကအချိန်မရွေးခေါ်ဆောင်သွားနိုင်တဲ့ Cancer ဆိုလား ဘာဆိုလား ရောဂါဆိုးကြီးတစ်ခုကို မေမေခံစားနေရတယ်ဆိုတာကိုတော့ သူသိတယ်။ သူမေမေနဲ့မခွဲချင်ဘူး။ သူ့ဘဝသေးသေးလေးမှာ မေမေတစ်ယောက်ပဲ ရှိတယ်။ အကယ်၍သာ မေမေ မရှိတော့ရင် သူဘာလုပ်ရမလဲ။ ဒီလောကကြီးမှာ သူတစ်ခြားသူတွေကို မခင်တွယ်ပေ။ ဖေဖေကတော့ မေမေနဲ့ကွဲသွားပြီးကတည်းက America ကို ထွက်ခွာသွားခဲ့တယ်လို့ကြားတယ်။ ဟိုမှာတောင် မိသားစုတွေ ရနေပြီတဲ့။ သူက ကျောင်းမှာလည်း သူငယ်ချင်းအပေါင်းအဖော်ဆိုလို့တစ်ယောက်မှ မရှိရကြားတည်း သူ့ကို ကျောင်းဆင်းချိန်တိုင်း အမြဲတမ်းအနိုင်ကျင့်လေ့ရှိတဲ့ ခပ်ဆိုးဆိုးကျောင်းသားတစ်စုကလည်း ရှိသေးပြန်တယ်။ သူ တစ်ခါတစ်ခါ ဒဏ်ရာတွေနဲ့ပြန်လာလည်း မေမေကတော့ သတိထားမိဟန်မတူပေ။ ခုရက်ပိုင်းကလည်း မေမေရဲ့အမေ အဖွားက အိမ်ကိုရောက်လာပြီး သူနဲ့လိုက်နေရမယ်လို့ဆိုနေတယ်။ သူအဖွားနဲ့လိုက်မသွားချင်ဘူး။ အဖွားကလည်း သူ့ကိုမချစ်သလို သူလည်း အဖွားကို မချစ်ဘူး။ မေမေ့ ကို သူတို့ဘယ်ကိုခေါ်သွားကြမှာလဲဗျာ။
.

ညဘက်တိုင်း ပုံဆွဲလေ့ရှိတတ်တဲ့အတိုင်း သူဒီည ပုံတစ်ပုံဆွဲဖို့ကြိုစားနေခိုက် အိမ်အပြင်ဘက်မှာ လေတွေ တဝုန်းဝုန်းတိုက်ခတ်လာတယ်။ အသံတွေလည်း ဆူညံလာတယ်။ တစ်မြို့လုံးကတော့ အိပ်မောကျနေဟန်ပင်။ မည်သူဆီကမှ အသံမကြားရ။ အိမ်အနောက်ဖက် ပြတင်းပေါက်နေလှမ်းမြင်နေရတဲ့ ဘုရားကျောင်းပျက်ကြီးနဲ့သင်္ချိုင်းအိုကြီးနားက သစ်ပင်အိုကြီးဟာ ရုတ်တရက် လှုပ်ရှားလာပြီး အသက်ဝင်လာကာ ကြောက်မက်ဖွယ်မကောင်းဆိုးဝါးကြီးသဏ္ဍာန်အလား သူ့ဆီကိုလာနေသောအခါ … အချိန်ကို ရုတ်တရက်ကြည့်လိုက်တော့ 12:07 တဲ့။


ကျွန်တော်တို့တွေအားလုံးဟာ ငယ်ဘဝရဲ့ တစ်ချိန်တစ်ခါမှတော့ ကလေးတွေဖြစ်ခဲ့ကြတယ်။ လူတိုင်းရဲ့ကလေးဘဝကိုယ်စီတွင် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတွေမက်လေ့ရှိတတ်ကြပါတယ်။ ထိုအိပ်မက်ဆိုးတွေမှာ ကြောက်စရာ ထိတ်လန့်စရာကောင်းတဲ့ အကျည်းတန် ဘီလူးကြီးတွေ မကောင်းဆိုးဝါးကောင်ကြီးတွေ ပါတတ်တာပေါ့။ ထိုမကောင်းဆိုးဝါးကြီးတွေဟာ တစ်ချို့ကလေးငယ်တွေကို လူကြီးဘဝမှာ လူကြောက်တွေအဖြစ် ဖြစ်စေခဲ့သလို တစ်ချို့ကြတော့ လူတော်တွေဖြစ်အောင် ကြောက်ရွံ့တဲ့စိတ်ဓာတ်တွေ ပျောက်ကင်းအောင် ရဲရင့်သတ္တိရှိတဲ့ လူတွေဖြစ်အောင် တွန်းအားတွေ ပေးစေခဲ့ကြပြန်တယ်။ မေးခွန်းက ထိုအရာတွေဟာ အိပ်မက်တွေလား တစ်ကယ်ပဲ အပြင်မှာ ရှိကြလားဆိုတာပဲ။
.

A Monster Calls ဆိုတဲ့ရုပ်ရှင်ဟာ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်တော့ Fantasy ဇာတ်ကားမျိုးပါပဲ။ ဒါပေမဲ့ ဇာတ်လမ်းရဲ့အနက်ကတော့ အလွန်ကို နက်ရှိုင်းလွန်းတယ်။ ဇာတ်လမ်းရဲ့နောက်ကွယ်ကနေ ကလေးတွေသာမက အရွယ်ရောက်လူကြီးတွေကိုပါ စိတ်ဓာတ်ခွန်အားတွေ တွန်းအားပေးစေခဲ့တဲ့ 2016 ရဲ့အကောင်းဆုံး ရုပ်ရှင်တစ်ကားပါပဲ။ ရုပ်ရှင်ထဲတွင် ထို Monster က Conor လေးဆီကို ညတိုင်း 12:07 မိနစ်တွင် အရောက်လာပြီး ပုံပြင် 3 ပုဒ်ကို တစ်ည တစ်ပုဒ်ဆီပြောပြတယ်။ ဒါပေမဲ့ နောက်ဆုံးနေ့မှာတော့ Conor ရဲ့ပုံပြင်ကို Monster ကြီးကို ပြောပြဖို့အပေးအယူလုပ်ခဲ့တာပဲ။ Conor က သူ့ရဲ့ပုံပြင်ကို မပြောချင်ဘူး။ သူ့မှာ ပြောစရာ ဘာပုံပြင်မှလည်း မရှိဘူး။ ဒါပေမဲ့ Monster ကြီးကတော့ သဘောမတူခဲ့ဘူး။ နောက်ဆုံးနေ့မှာတော့ Conor တစ်ယောက် သူ့ရဲ့ပုံပြင်ကို ပြောကို ပြောရမယ်လို့ခြိမ်းခြောက်ခဲ့တယ်။
.

Monster ကြီးက Corner ကို ဘာကြောင့် Conor ရဲ့ပုံပြင်ကို ပြောပြခိုင်းတာလဲ။ အမှန်တော့ Conor ကို အမှန်တရားကို ရင်ဆိုင်ခိုင်းတာပဲ။ Conor ဟာ အမှန်တရားကို ရင်ဆိုင်ဖို့ဝန်လေးနေခဲ့တယ်။ ဟုတ်တာပေါ့။ သူဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတစ်ယောက်ပါ။ ဒါပေမဲ့ ခါးသီးတဲ့ဘဝရဲ့ ရိုက်နှက်ချက်တွေမှာ အရွယ်မတိုင်ခင် ခံစားကြုံတွေ့ခဲ့ရတော့ သူဟာလောကဓံကို သည်းခံနိုင်စွမ်း ရှိဟန်မတူခဲ့ပေ။ သနားစရာ Conor တစ်ယောက် ဒါကြောင့် အမှန်တရားကို သူစိတ်နုနုလေးနဲ့သူ့ကိုယ်သူ ပြန်ညာတယ်။ ဟုတ်တယ်။ သူ့မေမေ မသေစေရဘူး။ ပုံပြင်ထဲကလို သစ်ပင်ကြီးကထွက်တဲ့ ဆေးနဲ့ကုသရင် မေမေရောဂါပြန်ကောင်းလာမှာပဲ။ သူဆက်လက်ရပ်တည်ဖို့မေမေတစ်ယောက်တည်းကိုပဲ သူလိုအပ်တယ်။ မေမေမရှိတော့မဲ့ အနာဂတ်ကာလကြီးကို သူရင်မဆိုင်ရဲလို့သူ့စိတ်ကို သူပြန်ညာကာ အမှန်တရားကို ရှောင်လွှဲခဲ့တယ်။ မေမေ့ကို သူအရမ်းချစ်တာကိုး။

ဇာတ်ကားဝေဖန်သုံးသပ်ခြင်း (Analysis of Movie)

2016 ရဲ့အနုပညာအဆန်ဆုံးနဲ့အနူးညံ့ဆုံး ဇာတ်ကားတစ်ကားအဖြစ် တင်စားထိုက်တဲ့ ယခုရုပ်ရှင်ဟာ ဇာတ်ကြောင်းပြောပုံသေသပ်လွန်း၍ လှပသိမ်မွေ့လွန်းပြန်တယ်။ တစ်ချိန်တည်းမှာပဲ စိတ်ကူးယဉ်ဆန်ကာ ဝမ်းသာခြင်း ဝမ်းနည်းခြင်း အစရှိတဲ့ခံစားချက်ကလေးတွေနဲ့သရုပ်ဖော်ထားတဲ့ A Monster Calls ဆိုတဲ့ ဒီဇာတ်ကားဟာ အသက်ငယ်ငယ် ကောင်လေးတစ်ယောက်ရဲ့မိခင်ကို ဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်ကို ပုံပြင်တွေ ဒဏ္ဍာရီတွေ Dark Fantasies တွေနဲ့အပြင် Canvas ပေါ်မှာ ကျသွားတဲ့ ဆေးစက်ကလေးတွေနဲ့အနုပညာရသ အပြောင်မြောက်ဆုံး ဖော်ကြူးထားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
.

တစ်ကယ်ပြောတာပါ။ ဒီဇာတ်ကားရဲ့ရုပ်ပုံလွှာတွေဟာ တစ်ချပ်ခြင်းစီ ခံစားလို့ရအောင် အလွန်ကို လှပလွန်းတယ်။ အရောင်ရွေးချယ်မှုတွေကလည်း ကလေးငယ်ရဲ့မှောင်မိုက်နေတဲ့ ခပ်လေးလေး စိတ်တွေနဲ့ပနံသင့်အောင် အလွန်အမင်းတောက်ပတာတွေကို ရှောင်ကျဉ်ကာ Dull ဆန်ဆန်လေး ခြယ်မှုန်းထားတယ်။ အများဆုံး အသုံးပြုခဲ့ကြတဲ့ အရောင်တွေက အညိုရောင်တွေနဲ့မီးခိုးရောင်တွေပဲ။ ထို့အပြင် အရာဝတ္တုငယ်ကလေးများကို အသေးစိပ်အနီးကပ် ရိုက်ကူးတင်ပြချက်တွေဟာလည်း ဒီဇာတ်ကောင်တွေရဲ့ခပ်ကျဉ်းကျဉ်း ဘဝငယ်လေးကို ထင်ဟပ်နေသယောင်ပင်။ Landscape shots တွေကိုတင်ပြတဲ့အချိန်ကြပြန်တော့လည်း လွမ်းမောဖွယ်အလွန်ကောင်းလှတဲ့ ရှုခင်းပြင်ကျယ်ကြီးကို ငေးမောကြည့်နေရကာ စိတ်ကူးတွေဟာ တိမ်တိုက်တွေနဲ့အတူ ရွေ့လျားနေသယောင် ခံစားခဲ့ရတယ်။ အကြိုက်ဆုံး သရုပ်ဖော်ချက်တွေကတော့ ရေဆေးပန်းချီတွေနဲ့သရုပ်ဖော်ထားတဲ့ ဆေးစက်တွေရဲ့ကောက်ကြောင်းတွေအလိုက် ပြောပြသွားတဲ့ ဇာတ်ကြောင်းတွေပဲ။
.

ထိုလှပတဲ့ ရုပ်ပုံကားချပ်အလွှာပြင်တွေကို အသက်ဝင်စေကာ ပိုမိုခံစားစေခဲ့တာကတော့ မသိမသာလေး အကြားအာရုံထဲကို ဝင်ရောက်လာတဲ့ နောက်ခံတေးဂီတသံစဉ်ကလေးတွေပဲ။ သင်ဟာ လှပတဲ့ရုပ်ပုံလေးတွေကို ငေးကြည့်နေရင်း လွမ်းဆွတ်ဖွယ်နောက်ခံတေးဂီတမှာ လွင့်မျောနေလိမ့်မယ်။ ဒါပေမဲ့ သင့်ရဲ့မျက်ရည်တွေကိုတော့ သင်ထိန်းနိုင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆို သင့်ဘဝထဲက အပြီးအပိုင်ထွက်ခွာသွားတဲ့ လူသားတွေကို သင်ဘယ်တော့မှ ပြန်မရတော့ဘူးဆိုတဲ့ အသိတစ်ချက်က ဝင်ရောက်လာလို့ပဲ။
.

ဒီဇာတ်ကားဟာ ဇာတ်လမ်းကလေးတင်ပဲ သနားစရာ ဝမ်းနည်းစရာကောင်းခဲ့တာ မဟုတ်ပါဘူး။ ထိုစာအုပ်ကိုရေးခဲ့တဲ့ စာရေးဆရာမ Siobhan Dowd ဟာ သူမကွယ်လွန်ခါနီးအချိန်တွင် နေမကောင်းသည့်ကြားက ဒီဝတ္တုကို ရေးဖို့စီစဉ်ခဲ့တယ်။ ဒါပေမဲ့ စာအုပ်မပြီးဆုံးခင်မှာတင် သူမဟာ August 2007 မှာ ကွယ်လွန်ခဲ့တယ်။ ထို့နောက်တော့ ထိုစာအုပ်ရဲ့ တည်းဖြတ်သူဖြစ်တဲ့ Denise Johnstone-Burt ဟာ တစ်ခြားစာရေးဆရာတစ်ယောက်ဖြစ်တဲ့ Patrick Ness ကို အကူအညီတောင်းပြီး စာအုပ်ကို ပြီးဆုံးအောင် ရေးခိုင်းခဲ့ရတယ်။ ထိုစာအုပ်ကို စတင်စီစဉ်ခဲ့သူ ရေးသားဖို့စိတ်ကူးရရှိခဲ့သူ စာရေးဆရာမ Siobhan Dowd ဟာ သူမရဲ့ရုပ်ပြဝတ္ထုကို မမြင်ခဲ့ရပါ။
.

ဒီရုပ်ပြဇာတ်လမ်းတစ်ခုကို ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ပြန်လည်တင်ဆက်ပြသခြင်းမှာ ခက်ခဲတဲ့အရာတစ်ခု ဖြစ်ပါတယ်။ J.A. Bayona ဟာ သာမာန်ဇာတ်ကားတစ်ကားနဲ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက်တော့ မဟုတ်ဘူး။ သူပထမဆုံး စတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားက 2007 ခုနှစ်တွင် ထွက်ရှိခဲ့သော စိတ္တဇသရဲဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ “The Orphanage” ပဲလေ။ ထို့နောက်တော့ Indonesian Tsunami တုန်းက လွတ်မြောက်ခဲ့တဲ့ မိသားစုတစ်စုအကြောင်းကို သရုပ်ဖော်ခဲ့တဲ့ “The Impossible” ပဲဖြစ်တယ်။ ဒီတော့ ယခု သူ့ရဲ့တတိယဇာတ်ကားအတွက် မည်မျှပင်ခက်ခဲပါစေ၊ မည်သို့မည်ပုံရိုက်ကူးတင်ဆက်ရမည်ကို သူကျွမ်းကျင်နေပြီလေ။
.

Director ဖြစ်တဲ့ J.A. Bayona က သူရိုက်ကူးခဲ့တဲ့ ဇာတ်ကား 3 ကားစလုံးကို ကြည့်မယ်ဆိုရင် ကလေးငယ်ဇာတ်ကောင်တွေကို အလယ်မှာထားတဲ့ ဇာတ်လမ်းတွေပဲ။ ထိုတော့ သူဟာကလေးဇာတ်ကောင်တွေကို မည်ကဲ့သို့ကောင်းမွန်စွာ အသုံးချရမယ်ဆိုတာ သိတယ်။ ယခုဇာတ်ကားကိုလည်း ကြည့်လိုက်လေ။ ဇာတ်ဝင်ခန်းအများစုမှာ သူတင်ပြခဲ့တာက Conor ရဲ့အမြင်တွေ နေရာကနေပဲ။ Camera ကို low angle အနေနဲ့ထားပြီး လူကြီးတွေကို မော့ကြည့်နေတဲ့ဟန်တွေနဲ့ပြသခဲ့တယ်။ ဒီလိုနဲ့ပရိသတ်တွေကို သူတို့ရဲ့ငယ်ဘဝတွေကို ခေါ်ဆောင်သွားစေတော့တယ်။ နောက်ထွက်မဲ့ “Jurassic World” ဇာတ်ကားကို ရိုက်ကူးမဲ့ Director ဆိုတော့ ယခုဇာတ်ကားဟာ သူ့အတွက်တေ့ာ Blockbusters တွေထဲ မဝင်ခင် အစွမ်းထက်ဆုံး ချယ်မှုန်းပြသသွားတဲ့ ဇာတ်ကားတစ်ကားလို့ထင်မိတယ်။
.

သရုပ်ဆောင်တွေနဲ့တည်းဖြတ်မှုတွေအကြောင်းကို ပြောပါရစေ။ Conor အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Lewis MacDougall ကို ကျွန်တော်တို့မနှစ်က PAN ဇာတ်ကားထဲမှာပဲ ကြည့်ဖူးခဲ့ပေမဲ့ သူ့ရဲ့ဟန်ပန်တွေကို မြင်လိုက်ရတဲ့အခါ ပရိသတ်နဲ့စိမ်းတဲ့ သရုပ်ဆောင်လို့မခံစားမိခဲ့ဘူး။ ပြောရမယ်ဆိုရင် ဒီဇာတ်ကားတစ်ခုလုံးကို သူတစ်ယောက်တည်း အစွမ်းကုန်ပိုင်ဆိုင်တယ်။ Conor ရဲ့ဇာတ်ကောင်ဟာ ကြိတ်မှိတ်စွာ ဝမ်းနည်းနေပြီး ခံစားချက်တွေကို မြိုသိပ်ထားရမှုတွေကြောင့် ဒေါသကို ထုတ်လွှတ်လိုက်တဲ့ဇာတ်ဝင်ခန်းမှာ ကျွန်တော့်အနေနဲ့ထိုကလေးသရုပ်ဆောင်ကို မချီးမွမ်းပဲ မနေနိုင်တော့ပါ။ သူ့ရဲ့ဒေါသတွေနဲ့ဝမ်းနည်းမှုတွေကို ပရိသတ်တွေဆီ ကူးစက်စေခဲ့တဲ့အထိ သရုပ်ဆောင် ပီပြင်လွန်းခဲ့တယ်။
Felicity Jones ဟာ အမြဲတမ်းလိုလို သရုပ်ဆောင်စွမ်းရည် ပြောင်မြောက်တဲ့ မင်းသမီးတစ်လက် ဖြစ်တာကြောင့် ယခုဇာတ်ကားတွင် သူမသရုပ်ဆောင်ကောင်းတယ်လို့ ချီးမွမ်းမယ်ဆိုရင် ထူးဆန်းမည်တော့ မဟုတ်ပေ။ ဒါပေမဲ့ ဒီဇာတ်ကားမကြည့်ခင် တစ်ပတ်လောက်အလိုက ပြသခဲ့တဲ့ Inferno ကိုကြည့်ခဲ့တုန်းကတော့ အလွန်အမင်းကဲ့ရဲ့စရာ ကောင်းခဲ့လို့ဒီဇာတ်ကားတွင် သူမရဲ့သရုပ်ဆောင်စွမ်းရည်ကို ဝမ်းမြောက်စွာ ပြန်လည်မြင်တွေ့ခဲ့ရတယ်။ သူမရဲ့ရောဂါဝေဒနာခံစားနေရတဲ့ မိခင်တစ်ယောက်အဖြစ် သရုပ်ဖော်ခဲ့တဲ့ သရုပ်ဆောင်ချက်ဟာ Oscar worthy performance လို့တောင် ကျွန်တော်က ဆိုချင်သေးတယ်။ ဒါပေမဲ့ Jackie ဇာတ်ကားနဲ့Natalie Portman တို့Amy Adams တို့က တစ်ပြေးနေတော့ လျာထားခံရမယ်တောင် မထင်ပါ။
.

ဖခင်အဖြစ်ကတော့ Toby Kebbell က သရုပ်ဆောင်ခဲ့ပြီး ဇာတ်ဝင်ခန်းနည်းပါးပေသော်ငြားလည်း သားတစ်ယောက်အတွက် တာဝန်မကျေခဲ့ကာ နောင်တရပြီး စိတ်မကောင်းဖြစ်နေတဲ့ ဖခင်တစ်ယောက်အဖြစ် အကောင်းဆုံး သရုပ်ဆောင်ပေးခဲ့ပါတယ်။ သားအဖနှစ်ယောက် လျှောက်လည်ကြတဲ့ ဇာတ်ဝင်ခန်းလေးဟာ ကြည်နှုးစရာကောင်းလွန်းလို့ကျွန်တော့်အတွက် မျက်ရည်တောင် ကျမိစေတဲ့အထိပါ။ ဝေဖန်ရေးဆရာတစ်ချို့ကတော့ အဖွားဇာတ်ကောင်ကနေ သရုပ်ဆောင်ထားတဲ့ Sigourney Weaver ကို အားမရတဲ့ဟန် ပြောဆိုခဲ့ကြပေမဲ့ ကျွန်တော့်အတွက်တော့ သူမရဲ့Fake English Accent ကို မည်ကဲ့သို့မှ မမြင်ပဲ အထိုက်အလျောက် ကောင်းမွန်တယ်လို့မြင်တယ်။ ပရိသတ်တွေ အားရကျေနပ်မှုကို အပြည့်ပေးစေခဲ့တာကတော့ Monster အဖြစ် အသံသရုပ်ဆောင်ခဲ့သော မင်းသားကြီး Liam Neeson ပါပဲ။
.

ဇာတ်ကားမှာ ထူးခြားချက်လေးတွေကို သင်မြင်တွေ့မိမှာကတော့ ဇာတ်ဝင်ခန်းအသီးသီးရဲ့ ဆက်နွယ်ပုံနဲ့အပိတ် အဖွင့် အကူးအပြောင်းလေးတွေပဲ။ ဇာတ်ဝင်ခန်းတစ်ခန်းရဲ့အဆုံးဟာ နောက်ဇာတ်ဝင်ခန်းအသစ်နဲ့အမြဲလိုလို ဆက်နွယ်မှု ရှိအောင် တင်ပြပေးချက်က အံ့သြစရာကေင်းလွန်းတဲ့ ရုပ်ရှင်ဖန်တီးမှု အနုပညာစစ်စစ်တစ်ခုပဲ။

ဇာတ်လမ်းအား သုံးသပ်ခြင်း (Analysis of Story)

ဇာတ်ကောင်တွေထက် ဒီဇာတ်ကားက ဇာတ်လမ်းကို ပိုမိုအသားပေးထားတယ်။ ဒါကြောင့် ဇာတ်လမ်းကို ဝေဖန်ရမယ်ဆိုရင် ကနဦးစွာ စပြောချင်တာကတော့ အကယ်၍ Big Fish ဇာတ်ကားဟာ ဖခင်နဲ့သားရဲ့ဆက်ဆံရေးတစ်ခုကို ပြသထားတယ်ဆိုရင် ဒီဇာတ်ကားဟာ မိခင်တစ်ယောက်နဲ့ သားငယ်တစ်ယောက်ရဲ့ နွေးထွေးတဲ့ဆက်ဆံရေးကို စောင်းပြတင်ဆက်ထားတယ်လို့ဆိုနိုင်တယ်။ ထိုဇာတ်ကားနှစ်ကားစလုံးမှာ တူညီတဲ့အချက်တစ်ခုကတော့ သေခြင်းတရားကို ရင်ဆိုင်ရခြင်းနဲ့မိဘတွေရဲ့တန်ဖိုးကို ဖော်ကြူးထားခြင်းပဲ။ Big Fish နဲ့ကွာခြားချက်တစ်ခုကတော့ A Monster’s Call ဇာတ်ကားဟာ Fantasies တွေထက် Emotions တွေဘက်ကို ပိုရောက်တယ်။ Pan’s Labyrinth ဇာတ်ကားနဲ့နှိုင်းယှဉ်မယ်ဆိုရင် Pan’s Labyrinth ရဲ့ဇာတ်သွားဟာ ပြင်ပလက်တွေ့လောကရဲ့ကြောက်မက်ဖွယ် အဆိုးတွေကြောင့် စိတ်ကူးယဉ်နယ်မြေတစ်ခုကို မကြာမကြာသွားတတ်တဲ့ ကလေးမလေးတစ်ယောက်အကြောင်းဖြစ်ပြီး A Monster’s Call ကတော့ လက်တွေ့ဘဝရဲ့အမှန်တရားကို ရင်ဆိုင်ဖို့စိတ်ကူးယဉ်ကမ္ဘာထဲကို ရောက်သွားခြင်းဖြစ်တယ်လို့ ကျွန်တော် ကောက်ချက်ချတယ်။
.

အစပိုင်းတွင် Conor ဟာ Monster ကြီးဘာကြောင့် သူ့ကိုထိုပုံပြင်တွေ လာပြောနေခြင်းကို ကောင်းမွန်စွာ နားမလည်ခဲ့။ ဝေခွဲမရခဲ့ပေ။ ပုံပြင်တွေမှာ အကျင့်မကောင်းသော စုန်းမကြီးရဲ့လက်ချက်တွေကြောင့် နန်းတော်ကြီးတွေ အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားပုံတွေကို ပြောပြသောအခါ တရားမျှတခြင်းရဲ့အခြေအမြစ်ကို သူနားလည်နိင်စွမ်းမရှိခဲ့။ ဒါပေမဲ့ အချိန်ကြာလာသည်နှင့်အမျှ သူသည် ရည်ရွယ်ချက်ကို သဘောပေါက်နားလည်လာသည်။ အရာရာ အဆင်ပြေချောမွတ်စွာ ရှိနေစေခြင်းသည် ဘဝရဲ့ လောကဒဏ်တွေနဲ့ရင်ဆိုင်တွေ့ကြုံဖို့အတွက် မှားယွင်းတဲ့ ခံယူချက်ပဲဆိုတာ သူသိလာတယ်။ လူတွေဟာ သူတို့နားမလည်တဲ့အရာတွေ မသိတဲ့အရာတွေကို မုန်းတီးလေ့ရှိကြတဲ့ သဘောတရားကို Monster ကြီးက ရှင်းပြသွားခြင်းဟာ Conor အဖို့ဒုက္ခတွေကို ရင်မဆိုင်ရဲတဲ့ သူ့ရဲ့ဒေါသတွေကို မြင်သာစေခဲ့တယ်လေ။

နိဂုံး (Conclusion)

ဇာတ်လမ်းရဲ့အဆုံးတွင် ပရိသတ်တွေရဲ့ရင်ထဲမှာ ပူဆွေးနေပြီး မိသားစုရဲ့နွေးထွေးခြင်းဆိုတဲ့ ခံစားချက်ကလေးကိုပါ ခံစားခဲ့ရကာ တစ်ချိန်တည်းမှာပင် အပြီးပိုင်ဆုံးရှုံးသွားရတဲ့ လူတွေအတွက် ကျွန်တော်တို့ရဲ့မျက်ဝန်းတွေမှာ မျက်ရည်စတွေဝေကာ တိတ်တဆိတ်ငိုကြွေးနေကြမှာပါ။ ဒါပေမဲ့ မှော်ဆန်လွန်းတဲ့ ဒီဇာတ်လမ်းတွင် Conor ဆီကို 12:07 အချိန်တိုင်း လာလာတတ်တဲ့ သစ်ပင် Monster ကြီးဟာ အစစ်လား Conor ရဲ့စိတ်ထဲက ခံစားချက်အတွက် ဥပမာတစ်ခုအဖြစ် ပုံဖော်ထားလားဆိုတာကို ပရိသတ်တိုင်း မေးမြန်းနေကြမိလိ့မ်မယ်။ ထို Monster ကြီးသည် Conor ရဲ့အိပ်မက်တွေထဲမှာ လာရောက်ခဲ့သူလည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။ ဒါမှမဟုတ် စိတ္တဇအသွင် လူငယ်တစ်ဦးရဲ့စိတ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ Imaginary creature တစ်ကောင်လည်း ဖြစ်ကောင်းဖြစ်နေမိလိ့မ်မယ်။ ဒါမှမဟုတ် ထို Monster ကြီးသည် အပြင်မှာ တစ်ကယ်ပင် ရှိခဲ့လေသလား။

IMDb’s rating: 7.6/10
Rotten Tomatoes’ rating: 84%
Movies – We Watched, We Feel’s rating: 5/5

~WH~

WH
WH
5 min read