ယခုနောက်ပိုင်း ရုပ်ရှင် Genres တွေကို သေချာပြန်သုံးသပ်ကြည့်မယ်ဆိုရင် Horror ရုပ်ရှင်အချို့ ရဲ့အရည်အသွေးက Action ဇာတ်ကားတွေကို သိသိသာသာ ကျော်တက်လာတာကို တွေ့ ရတယ်။ ဒါပေမဲ့ ကျွန်တော်နှစ်သက်မိတဲ့ Horror တွေကတော့ တစ်နှစ်ကို များများစားစားတော့ ထွက်လာတာ မတွေ့ ရဘူး။ အလွန်ဆုံးရှိလှ ၃ ကားလောက်ပဲ။ အခုပြောမဲ့ A Quiet Place ဇာတ်ကားဟာလည်း အရည်အသွေး အပြည့်အဝနဲ့ ပရိသတ်တွေရဲ့ နှလုံးခုန်သံကို မြန်အောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။
.

ယခုရုပ်ရှင်ဟာ ကျွန်တော်တို့ ရဲ့ အာရုံကြောတွေကို အစိပ်စိပ်အမွှာမွှာ ကွဲအက်စေလောက်တဲ့အထိ ဂရုတစိုက် ဖန်တီးထားတဲ့ ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်တယ်။ Horror ဇာတ်ကားကောင်းတွေဟာ ကြည့်ရှုသူ ပရိသတ်တွေကို ပရိသတ်တွေအဖြစ်နဲ့ မနေစေပဲ ဇာတ်လမ်းထဲကို ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိနေသလို ခံစားနေရအောင် ဖန်တီးလေ့ရှိတတ်ကြတယ်။ ယခု A Quiet Place ဇာတ်ကားဟာလည်း ထိုနည်း၎င်းပဲ ကျွန်တော်တို့ တွေကို ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ ကံကြမ္မာနဲ့ အတူ ချထားလိုက်တော့တယ်။


ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းကို Day 89 ဆိုတဲ့ နေ့ စွဲတစ်ခုနဲ့ စတင်လိုက်တယ်။ ကမ္ဘာပေါ်မှာ တစ်စုံတစ်ခုဖြစ်ပြီး ၈၉ ရက်မြောက်နေ့ ။ သဘာဝပတ်ဝန်းကျင်တစ်ခုလုံးဟာ တိတ်ဆိတ်နေတယ်။ ဒီမှာတင် မိသားစုတစ်စုကို ကျွန်တော်တို့ စတွေ့ ရပြီ။ သူတို့ တွေဟာ တစ်စုံတစ်ရာတွေ ကြားမှာစိုးလို့ အသံမထွက်အောင် သတိထားပြီး လျှောက်နေကြတယ်။ ထိုမိသားစုမှာ ဖခင်တစ်ယောက်၊ မိခင်တစ်ယောက်၊ သမီးတစ်ယောက်နဲ့ သား ၂ ယောက် ရှိတယ်။ သူတို့ တွေဟာ လူတွေမရှိတော့တဲ့ ဆိုင်တစ်ခုမှာ ရိက္ခာတွေနဲ့ ဆေးဝါးတွေ လာယူနေကြတယ်။ ပြီးတော့ သူတို့ တွေဟာ နှုတ်ခမ်းကနေ စကားမပြောကြပဲ လက်ဟန်ခြေဟန်နဲ့ ပဲ သင်္ကေတသဘောမျိုးတွေနဲ့  ပဲ ပြောဆိုကြတယ်။ ထို့ အပြင် သူတို့ တွေဟာ အသံလုံးဝမထွက်အောင် သတိထားပြီး ဂရုစိုက်နေကြတယ်။ ဒါပေမဲ့ ထိုခရီးကအပြန်မှာတော့ ကံကြမ္မာဆိုးတစ်ခုကို သူတို့  မလွန်ဆန်နိုင်ခဲ့ကြဘူး။ ဒီမှာတင် သူတို့ ဘာကြောင့် အသံမထွက်အောင် နေထိုင်သွားလာ နေကြသလဲဆိုတာ ကျွန်တော်တို့ သိလိုက်ရတော့တယ်။ ထိုကံကြမ္မာဆိုးတစ်ခုကပဲ သူတို့ မိသားစုကို နောင်အချိန်တွေအထိ စိတ်ခံစားမှုတွေ အသီးသီးဆက်လက် ရရှိစေခဲ့တယ်။
.

အသံ ဆိုတာ အလွန်ကို အန္တရာယ်ကြီးမားတဲ့ အရာတစ်ခုဆိုတာ ကျွန်တော်တို့ သိလိုက်ရပြီ။ ကမ္ဘာပေါ်ကို သတ္တဝါအမျိုးအစားတစ်စု ရောက်ရှိလာခဲ့ကြပုံပဲ။ ထိုသတ္တဝါတွေဟာ အမြင်အာရုံချို့ ယွင်းကြပြီး အကြားအာရုံမှာတော့ အလွန်ကို အားကောင်းကြတယ်။ ထိုသတ္တဝါတွေဟာ အသံထွက်တဲ့ တစ်ခြားသတ္တဝါတွေအကုန်လုံးကို ရောက်ရှိလာကြပြီး ရက်စက်စွာ သတ်ဖြတ်တတ်ကြတယ်။ ထို့ အတွက်ကြောင့် အသက်ရှင်ကျန်ရစ်နေကြတဲ့ လူသားတိုင်းသည် အသံမထွက်အောင် အရာအားလုံးကို ဂရုတစိုက် ဆောင်ရွက်နေကြခြင်း ဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ သိလိုက်ရတယ်။
ထိုအဖြစ်အပျက်ဖြစ်ပြီး တစ်နှစ်ကျော်ကြာပြီး နောက်မှ A Quiet Place ဇာတ်ကားရဲ့ အဓိကဇာတ်လမ်းကို စတည်ထားတော့တယ်။ ဒီအချိန်ထိ ထို Abbots မိသားစုဟာ အသက်ဆက်ရှင်နေကြတုန်းပဲ။ သူတို့ အသက်ဆက်ရှင်သန်နေဖို့ ကိုလည်း လိုအပ်တဲ့ ကာကွယ်ရေးတွေ၊ အစားအသောက်တွေ အစရှိတဲ့အရာတွေ အကုန်လုံးကို ပြင်ဆင်ထားကြတယ်။ သူတို့ အသွားအလာလုပ်ရင် ခြေသံမကြားရအောင် မြေပေါ်မှာ သဲဖြူတွေခင်းထားတယ်။ နောက်နှစ်အနည်းငယ်အထိ ဆက်လက်စားသောက်လို့ ရလောက်မဲ့ ရိက္ခာတွေလည်း ပြင်ဆင်နေဆဲ။ အကယ်၍ အန္တရာယ်ကျရောက်လာပါက ထိုသတ္တဝါကောင်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ အတွက်လည်း ပြင်ဆင်နေကြဆဲ။ ထို့ အပြင် အိမ်ထောင်ဦးစီးဖြစ်သူ ဖခင်ကလည်း ထိုသတ္တဝါတွေရဲ့ အားနည်းချက်ကို အမြဲရှာဖွေနေတယ်။ ဒါပေမဲ့ မိခင်ဖြစ်သူမှာတော့ 38 ပတ်ခန့် လွယ်ထားရတဲ့ ကွယ်ဝန်တစ်ခု ရနေပြီ။ ထိုကဲ့သို့ သော အချိန်ကာလမျိုးမှာ မကြာခင်မွေးဖွားတော့မဲ့ ကွယ်ဝန်တစ်ခုကို လွယ်ထားရတာဟာ မိခင်တစ်ဦးတည်းသာမက၊ တစ်မိသားစုလုံးအတွက် အလွန်များတဲ့ အန္တရာယ်ပင် ဖြစ်ပေတော့တယ်။

ဇာတ်ကားဖန်တီးသူများနဲ့ A Quiet Place

ဇာတ်ကားရဲ့ Director ကတော့ မင်းသား John Krasinski ပဲဖြစ်ပြီးတော့ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ကာ အပြင်လောကက သူ့ ရဲ့ ဇနီးဖြစ်သူ နာမည်ကျော် Emily Blunt ကလည်း ဇာတ်ကားထဲမှာ ဇနီးဖြစ်သူ Evelyn Abbott ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။
.

Directing အပိုင်းနဲ့ ပြောရမယ်ဆိုရင် John Krasinski တစ်ယောက် သူ့ အလုပ်ကို သူကောင်းကောင်းသိတယ်။ သူ Horror genre ကို ချဉ်းကပ်ပုံက တစ်မျိုး။ ပရိသတ်ကို ခန့် မှန်းလို့ ရလောက်မဲ့ အရာတစ်ချို့ ကို မသိမသာ ပေးပြီး ပရိသတ်ရဲ့ စိတ်ထဲမှာ တနင့်နင့်နဲ့ အန္တရယ်အချိန်ကို ရောက်ဖို့ စောင့်စားစေတဲ့ ပုံစံမျိုး။ ဥပမာ နောက်ဆုံးဇာတ်ဝင်ခန်းက သေနတ်မောင်းတင်လိုက်တဲ့ ဇာတ်ဝင်ခန်းတို့ ၊ လှေကားနင်းပေါ်မှာ ထောင်နေတဲ့ သံချောင်းတစ်ချောင်းတို့ ။ ပရိသတ်က ကောင်းကောင်းသိတယ်။ ဘယ်လိုအချိန်တွေမှာ ဘယ်လိုအသံတွေထွက်တော့မယ်ဆိုတာ။ ဒါကိုပဲ ပရိသတ်က စောင့်နေတယ်။ ဒါပေမဲ့ တစ်ကယ့်ဖြစ်တဲ့အချိန်မှာတော့ သွေးပျက်ဖွယ်တွေအထိပါပဲ။
John Krasinski ကို လူတွေသိကြတာက American တွေပြန်ရိုက်တဲ့ The Office series ကနေပဲ။ ပြီးတော့ အများစုကတော့ မင်းသမီး Emily Blunt ရဲ့ ခင်ပွန်းဖြစ်သူလို့ ပဲ ပိုသိကြလိမ့်မယ်။ သူက သရုပ်ဆောင်အနေနဲ့ အနုပညာလောကထဲမှာ ကျင်လည်နေပေမဲ့ Director အဖြစ်နဲ့ ပွဲဦးထွက်ခဲ့တာက Brief Interviews with Hideous Men ဆိုတဲ့ ဇာတ်ကားနဲ့ ပဲ။ နောက်တော့ The Hollars ဆိုတဲ့ဇာတ်ကားလေးကိုလည်း Director အဖြစ်ရိုက်ကူးခဲ့သေးတယ်။ ယခု A Quiet Place ကတော့ သူ့ အတွက် Director အဖြစ်တတိယမြောက် ဇာတ်ကားပဲ ဖြစ်တယ်။ ယခုဇာတ်ညွှန်းကို Jack Ryan television series တွေရိုက်ကူးနေချိန်မှာ Paramount ရဲ့ ထုတ်လုပ်သူတွေထဲက Brad Fuller က သူ့ ကို ယခုဇာတ်လမ်းပြောပြပြီး Director အဖြစ်ရိုက်ကူးမလားလို့ မေးခဲ့တာကနေ စခဲ့တာပဲ။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန်တုန်းက သူ့ မှာ ဒုတိယမြောက် ရင်သွေးကို မွေးဖွားပြီးကာစ အချိန်။ ဒီတော့ သိတဲ့အတိုင်း မိဘဖြစ်သူတွေရဲ့ စိတ်တွေ လွှမ်းမိုးနေတဲ့အချိန်ဆိုတော့ ထိုဇာတ်လမ်းဟာ သူ့အတွက် အံကိုက်ဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့ သူ ပထမဆုံး စဉ်းစားမိတာက ထိုဇာတ်လမ်းထဲက ကာလမျိုးမှာ မိဘနှစ်ပါးအနေနဲ့ ဘယ်လိုခံစားရမလဲ၊ ဘာတွေလုပ်ကိုင်မလဲ၊ မိမိရဲ့ ရင်သွေးတွေအတွက် ဘယ်လောက်ထိ ကိုယ်ကျိုးစွန့် မလဲဆိုတဲ့ အတွေးတွေနဲ့ သူဇာတ်ညွှန်းကို ပြန်ပြင်ရေးခဲ့တယ်။

John Krasinski ပြောပုံအရဆိုရင် သူတို့ ရိုက်ကူးရေးအတွက် နေရာရှာတာ အလွန်ကို ကံကောင်းတယ်တဲ့။ New York ပြည်နယ်ရဲ့ Pawling ဆိုတဲ့ ဒေသတစ်ခုမှာ ထိုစိုက်ပျိုးရေး အိမ်ကြီးနဲ့ မြေကို သူတို့ ရှာတွေ့ ခဲ့ကြတယ်။ ဖြစ်ချင်တော့ ထိုနေရာနဲ့ အိမ်ကြီးက သူ့ ဇာတ်ညွှန်းထဲမှာ ရေးထားတဲ့အတိုင်း တူနေတာပဲ။ ဘေးပတ်ခြာမှာ စိုက်ပျိုးရေးခင်းကြီးတွေနဲ့ မနီးမနားလေးမှာ ရေတံခွန်တစ်ခု ရှိနေတာတွေမျိုး။ သူသရုပ်ဆောင်တွေကို ရွေးချယ်ခဲ့တုန်းက Millicent Simmonds ကိုရွေးချယ်ဖို့ Casting director က အကြံပေးခဲ့တယ်။ ထိုကလေးမလေးက အပြင်လောကမှာလည်း တစ်ကယ်နားမကြားရတဲ့ ကလေးသရုပ်ဆောင်လေး။ သူမကို ကျွန်တော်စသိတာကလည်း မနှစ်က Todd Haynes ရဲ့ Wonderstruck ဆိုတဲ့ဇာတ်ကားကပဲ။ သရုပ်ဆောင်ကောင်းချက်ကတော့ တစ်ကယ်ကို လေးစားစရာပါ။ နောက်တစ်ယောက်ဖြစ်တဲ့ Noah Jupe ဆိုတဲ့ ကောင်လေးကိုတော့ သူ့ ရဲ့ Agent ကနေ မိတ်ဆက်ပေးခဲ့ပြီး John Krasinski က မင်းသား George Clooney ဆီကနေတောင် ထိုကောင်လေးအတွက် ထောက်ခံစာ ရခဲ့တယ်လို့ ပြောခဲ့တယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ မင်းသမီးဇာတ်ကောင်ကိုတော့ အစကစိတ်မကူးထားပေမဲ့ နောက်ဆုံးမှာတော့ Emily Blunt ကိုယ်တိုင် သူမ ထိုဇာတ်ကောင်ကို သရုပ်ဆောင်ချင်တဲ့ဆိုတာကြောင့် Emily Blunt ကို ရွေးချယ်ခဲ့တယ်။ သူ သရုပ်ဆောင်ရွေးချယ်တဲ့ အပိုင်းဟာ မမှားခဲ့ဘူးဆိုတာ ဇာတ်ကားထဲမှာတင် သက်သေပြခဲ့တယ်။
.

ကျွန်တော် နောက်ထပ်သဘောကျမိတဲ့အချက်တစ်ခုက ထိုသတ္တဝါကောင်ကြီးတွေကို ပုံဖော်ထားပုံပဲ။ ထိုသတ္တဝါတွေကို အစပိုင်းမှာ အပေါ်ယံလောက်ပဲ ကျွန်တော်တို့ မြင်ခဲ့ရပေမဲ့ ဇာတ်လမ်းအဆုံးနားမှာ ထိုသတ္တဝါကောင်ကြီးတွေကို နီးနီးကပ်ကပ်တွေ့ ရချိန်မှာတော့ ကြောက်စိတ်တွေကို ဘယ်လိုနည်းနဲ့ မှ ထိန်းချုပ်လို့ မရတော့ပါဘူး။ ကျွန်တော်တို့ တစ်ခြားရုပ်ရှင်တွေမှာ မမြင်ဖူးတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ မြင်ဖူးနေကြပဲ။ ဒါပေမဲ့ ဘာထူးခြားသွားသလဲဆိုတော့ ထိုအကောင်တွေဟာ ဘယ်လိုအခြေအနေမျိုးမှာ တိုက်ခိုက်လေ့ရှိသလဲဆိုတာကို သိတဲ့အသိနဲ့ ထိုသတ္တဝါတွေကို မြင်လိုက်ရတဲ့အချိန်မှာ ပရိသတ်တိုင်း ခံစားလိုက်ရတဲ့ အန္တရယ်ကျရောက်ပြီဆိုတဲ့ အသိစိတ်ပဲ။ ထိုစိတ်ကပဲ ကြောက်စိတ်ကို ဖြစ်ပေါ်စေသွားခဲ့တာ။

Feminism နဲ့ A Quiet Place

ဒီဇာတ်ကားနဲ့ မသက်ဆိုင်ပေမဲ့ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာတစ်ခုကတော့ ယနေ့ ခေတ် အမျိုးသမီးတိုင်း အော်ဟစ်နေကြတဲ့ feminism ဆိုတဲ့အရာပဲ။ တန်းတူညီမျှရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်ချို့ အမျိုးသမီးငယ်တွေဟာ ထိုဝေါဟာရရဲ့ အဓိပ္ပာယ်ကို မှားယွင်းစွာ လက်ခံနေကြတယ်။ အမျိုးသမီးဆိုပြီး လုပ်ချင်တာ လုပ်ခွင့်၊ တစ်ပါးသူတွေထက် အခွင့်အထူးပိုခံခွင့်တွေဟာ feminism မဟုတ်ဘူး။ Feminism ဆိုတာ အမှန်တော့ ထက်မြက်တဲ့ မိန်းမတွေရဲ့ အရည်အချင်းတွေကို ဖော်ပြဖို့ အတွက် အားအင်ဖြစ်စေတဲ့ ဝေါဟာရတစ်ခု။ အမျိုးသမီးတွေဟာ အမျိုးသားတွေကို မှီခိုနေခြင်းကနေ လွတ်ကင်းပြီး မိမိရဲ့ အစွမ်းအစကို ပြသနိုင်ခြင်းဟာ feminism ပဲ။ facebook ပေါ်မှာ မကြာခဏတွေ့ ရလေ့ရှိတဲ့ “ထက်မြက်တဲ့ မိန်းမဆိုတာ” ဆိုတဲ့ posts တွေမှာ ရေးသားထားတဲ့ အရာတွေဟာ feminism မဟုတ်ဘူး။ တစ်ကယ် ထက်မြက်တဲ့ မိန်းမတစ်ယောက်ကို အလွယ်တကူ ဥပမာပေးပါဆိုရင် ယခုဇာတ်ကားထဲက Emily Blunt သရုပ်ဆောင်ခဲ့တဲ့ Evelyn Abbott ဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ပဲ။ ထိုအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ကာလမျိုးမှာ ခင်ပွန်းဖြစ်သူ ယောက်ျားနဲ့ တန်းတူရင်ဘောင်တန်းပြီး အရာရာကို ဆောင်ရွက်နိုင်ခဲ့တယ်။ နောက်ဆုံး ဆရာဝန်မရှိတဲ့ လောကကြီးမှာ မိမိရဲ့ ကလေးမီးဖွားမဲ့နေ့ ကို မိမိရဲ့ သွေးပေါင်ချိန်ကို နေ့ စဉ်တိုင်းပြီး ပြက္ခဒိန်မှာ နေ့ စွဲခြစ်ကာ မီးဖွားမဲ့ နေ့ ကို ကြိုသိနိုင်အောင် နေခဲ့တယ်။ ကျွန်တော် ယောက်ျားတစ်ယောက် အနေနဲ့ အမျိုးသမီးတွေရဲ့ တန်းတူ အခွင့်အရေး ရပိုင်ခွင့်ကို အပြည့်အဝ ထောက်ခံသလို အမျိုးသမီးတွေအနေနဲ့ မိမိတို့ ရဲ့ အရည်အချင်းတွေကို ပြသနိုင်ရေးကိုလည်း ဦးစားပေးတယ်။ ဒါပေမဲ့ feminism ဝေါဟာရကို လွဲမှားစွာ အဓိပ္ပာယ်ကောက်နေကြတဲ့ အမျိုးသမီးအချို့ တွေအတွက်ကိုတော့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် Feminism ဆိုတာ ဘာလဲ သိချင်ရင် Evelyn Abbott ဟာ ယခုလက်ရှိအနေနဲ့ ရုပ်ရှင်တွေထဲမှာ ကျွန်တော်တို့ မြင်တွေ့ နိုင်တဲ အနီးကပ်ဆုံး ဥပမာပဲ ဆိုတာ ပြောချင်လို့ ယခုလို ရေးသားလိုက်ပါတယ်။

အတွေးများနဲ့ A Quiet Place

ဇာတ်လမ်းဟာ အစကိုမပြခဲ့ဘူး။ နေရာတစ်ခုမှာ ပရိသတ်ကို ချထားလိုက်တယ်။ ပရိသတ်ဟာ ထိုနေရာကို ဘယ်လိုရောက်လာလဲဆိုတာ စဉ်းစားနေပေမဲ့ မကြာခင်မှာပဲ ထိုအရာကိုဆက်လက်စဉ်းစားခွင့် မပေးတော့ပဲ ချထားခံရတဲ့ နေရာကနေ ဇာတ်လမ်းခေါ်ဆောင်ရာနောက်ကို လိုက်ပါရတော့တယ်။ ဒီဇာတ်လမ်းမှာ Horror ဆိုတဲ့အရာကလွဲလို့ တစ်ခြားဘာမြင်တွေ့ နိုင်သလဲဆိုတော့ မိဘအုပ်ထိန်းခြင်းဆိုင်ရာ အကြောင်းအရာတွေနဲ့ မျိုးမတူတဲ့မျိုးစိပ်နှစ်မျိုးရဲ့ အားပြိုင်ခြင်းပဲ။
.

မိဘနဲ့ အုပ်ထိန်းခြင်းဆိုတဲ့ အရာကို အရင်ပြောကြရအောင်။ ဇာတ်ကားတစ်ကားလုံးဟာ ထိုသတ္တဝါဆိုးကြီးတွေရဲ့ ရန်ကနေလွတ်ကင်းအောင် နေထိုင်နေကြတယ်ဆိုပေမဲ့ တစ်ကားလုံးမှာ ဇောင်းပေးပြီး ပြသသွားတာကတော့ မိဘနဲ့ သားသမီးကြားက ဖြစ်ပျက်လေ့ရှိတဲ့ ပဋိပက္ခတွေနဲ့ မိဘအုပ်ထိန်းသူ ဖြစ်ခြင်းရဲ့ အဓိပ္ပာယ်တွေပဲ။ ထိုဇာတ်ကားထဲက မိဘနှစ်ပါးဟာ ယခုလက်ရှိကျန်ရစ်နေတဲ့ သားသမီး နှစ်ယောက်ကိုလည်း ဘေးရန်ကင်းစေချင်သလို နောက်မွေးဖွားလာတော့မဲ့ ဗိုက်ထဲကကလေးအတွက်ပါ အန္တရယ်တွေကို ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်ကြတယ်။ သူတို့ သားသမီးတွေကို ဘယ်လိုနည်းနဲ့ မှ အဆုံးရှုံးမခံခဲ့ဘူး။ ဒါကြောင့် မိခင်ဖြစ်သူက ဖခင်ဖြစ်သူကို ဇာတ်လမ်းရဲ့ တစ်နေရာမှာ


Who are we if we can't protect them? We have to protect them.


လို့ မေးခွန်းထုတ်ပြီး ပြန်ပြောခဲ့တယ်။

စဉ်းစားကြည့်ပါ။ ထိုကဲ့သို့ သော ကာလဆိုးကြီးမှာ ဘာမှ မသိနားမလည်တဲ့ ကလေးတစ်ယောက် လောကကြီးထဲကို ဝင်ရောက်လာတော့မယ်။ ထိုကလေးကို မွေးဖွားရမလား။ ဟုတ်တယ်။ မွေးဖွားရမယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်နေဖြစ်နေ မိဘနှစ်ပါးအနေနဲ့ ရရှိလာတဲ့ ကိုယ်ဝန်ကို မွေးဖွားပြီး ထိုကလေးကို လူလားမြောက်အောင် ဆောင်ရွက်ပေးရမှာက မိဘနှစ်ပါးရဲ့ တာဝန်ဝတ္တရားတစ်ခုပဲလေ။ ဒါကြောင့် ထိုကလေးကို မွေးဖွားဖို့ သူတို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ ဒါဟာ လူသားတွေနေထိုင်နေကြတဲ့ ကမ္ဘာ။ လူသားကမ္ဘာ။ လူသားအဆန်ဆုံး လုပ်ရပ်တွေကို ဇာတ်ကားက ပြသခဲ့တယ်။ ဒီအချက်ဟာ ကျွန်တော်
.

ဆက်စဉ်းစားကြမယ်ဆိုရင် ထိုမွေးဖွားခဲ့တဲ့ ကလေးဟာ ထိုကာလကြီးထဲမှာ အသက်ရှင်သန်နေမယ်လို့ ခင်ဗျားတို့ ထင်လား။ အကယ်၍ အသက်ရှင်နေမယ်ဆိုရင်လည်း ဆက်၍အသက်ဆက်ရှင်နေဖို့ သူဟာ ဘယ်လိုနေထိုင်ရမလဲဆိုတာ သိလာမှာလား။ ထိုကလေးဟာ မိခင်နဲ့ ဖခင်ဖြစ်သူတို့ ရဲ့ ချစ်ခြင်းမေတ္တာကိုနားလည်နိုင်ပါ့မလား။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကမ္ဘာကြီးဟာ မည်ကဲ့သို့ ပဲ ပြောင်းလဲ၊ ပြောင်းလဲ၊ မိဘတွေဟာ မိဘတွေပဲ ဖြစ်နေအုံးမှာပဲ။

Spoilers*

ဝမ်းနည်းစွာပဲ ထိုမေးခွန်းတွေရဲ့ အဖြေကို ကျွန်တော်တို့ မသိခဲ့ရပဲ ဇာတ်ကားက ပြီးဆုံးသွားခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကလေးကတော့ ကျန်နေခဲ့တယ်ဆိုတာကို ပြသွားခဲ့တယ်။ အရာအားလုံး ပြန်လည်ကောင်းမွန်သွားတယ်ဆိုတဲ့ အကြောင်းအရာမျိုးနဲ့ ဇာတ်လမ်းကို သူတို့ မသိမ်းခဲ့ကြဘူး။ ပြောရမယ်ဆိုရင် ပိုဆိုးတဲ့ ဇာတ်သိမ်းနဲ့ ပရိသတ်ကို ချန်ထားရစ်ခဲ့ကြတယ်။ ကမ္ဘာကြီး ပျက်သွားပေမဲ့ ကျန်ရစ်သူတွေကတော့ ဆက်လက်အသက်ရှင်နေရအုံးမှာပဲ။ ထိုအသက်ဆက်လက်ရှင်သန်ဖို့ ကိုလည်း နေ့ စဉ်နဲ့ အမျှ ရင်ဆိုင်တိုက်ခိုက်နေကြရအုံးမှာပဲ။ မိဘတိုင်းဟာ အချိန်တိုင်းမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြပေမဲ့ မိဘတွေဟာ သူတို့ လုပ်ရမဲ့ အလုပ်တွေကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့ ရဲ့ သားသမီးတွေဟာ ရှေ့ ကိုဆက်လက်သွားနေကြရမှာပဲလေ။
.

ဒီဇာတ်ကားက နောက်ထပ်ပြသခဲ့တဲ့ အကြောင်းအရာက ကျွန်တော်စောစောက ပြောခဲ့တဲ့ မျိုးမတူတဲ့မျိုးစိပ်နှစ်မျိုးရဲ့ အားပြိုင်ခြင်း။ ထိုအရာကို ဇာတ်လမ်းရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာမှ ကျွန်တော်တို့ တွေ့ မြင်ခဲ့ရတယ်။ တစ်ကယ့်ကို စိတ်ခံစားရ၊ ကြေကွဲဖွယ်ကောင်းတဲ့ ဇာတ်ဝင်ခန်းပါ။ ထို့ အပြင် ကျွန်တော့်အမြင်မှာဆိုရင် Horror ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်သိမ်းခန်းတွေထဲက တစ်ခန်းပါပဲ။ အသိညီမတစ်ယောက်က ပြောတယ်။ ထိုပုံစံမျိုးနဲ့ ဇာတ်သိမ်းမယ်ဆိုတာ ကြိုသိနေတယ်တဲ့။ ဟုတ်တယ်။ ကြိုသိနေတယ်။ ကျွန်တော်လည်း ကြိုသိနေတယ်။ ခင်ဗျားလည်း ကြိုခန့် မှန်းနိုင်လိမ့်မယ်။ မိခင်ဖြစ်သူက သေနတ်မောင်းကို ချိန်လိုက်တယ်။ ထိုသေနတ်မောင်းချိန်လိုက်တဲ့ အသံဟာ အလွန်ကျယ်လောင်သွားတယ်။ သူတို့ သိတယ်။ ထိုအန္တရယ် သတ္တဝါဆိုးမြောက်မြားစွာဟာ သူတို့ ဆီကို ဦးတည်ပြီး လာနေကြပြီဆိုတာ။ ဒါပေမဲ့ သူတို့ မမူတော့ဘူး။ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေထက် အနိုင်ယူလိုစိတ်တွေဟာ ပိုကြီးစိုးသွားခဲ့ပြီဆိုတာ ပြသခဲ့တယ်။ အမှန်တော့ သူတို့ မှာ လူခွန်အားတွေ မကျန်တော့ဘူး။ မိသားစုဆိုတဲ့ စိတ်ဓာတ်ခွန်အားလေးနဲ့ အနိုင်ရလိုမှုဆိုတာလေးနဲ့ ဘဝကို ဆက်လက်ချီတက်ကြတော့မယ်။ ထိုသေနတ်ကို မောင်းတင်ပြီး ပြီးဆုံးလိုက်တဲ့ ဇာတ်ဝင်ခန်းက ဘာကို ပြောပြနေသလဲဆိုတော့ သူတို့ ရဲ့ အလွန်သေးငယ်တဲ့ အောင်မြင်မှုလေးနဲ့ သူတို့ ဆက်လက် သွားကြတော့မယ်ဆိုတဲ့ အကြောင်းအရာပဲ။ ဒီလိုရုပ်ရှင်တွေအတွက် ယခုလိုပြသတဲ့ ဇာတ်ဝင်ခန်းလေးဟာ အလွန်ကို အရေးပါလွန်းတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။
.

ကျွန်တော်ထိုဇာတ်ကား ကြည့်နေစဉ် ရတဲ့အတွေးစတွေကတော့ မနည်းဘူး။ ကိုယ့်ကိုယ်ကို စဉ်းစားလိုက်ကြည့်မိတယ်။ ငါလည်း ထိုအခြေအနေတစ်ခုမှာ အသက်ဆက်လက် ရှင်သန်နေရမယ်ဆိုရင် ဘာတွေလုပ်မလဲ ဆိုတဲ့ အတွေးပဲ။ သူတို့ မိသားစုလုပ်ကိုင်နေတဲ့အရာတွေကို ဆက်ကြည့်နေရင်း ထိုအတွေးတွေဟာ ပိုပိုကျယ်ပြန့် လာတယ်။ အသံမထွက်အောင် တစ်သက်လုံးနေခြင်း။ အကယ်၍ တောထဲမှာ သွားလာနေရင်း အဆိပ်ပြင်းတဲ့ မြွေပွေးတစ်ကောင်ကို တွေ့ ပြီဆိုပါတော့။ ကျွန်တော် အော်မိမှာလား။ ယခု ကျွန်တော်တို့ နေ့ စဉ်ရှင်သန်နေတဲ့ သာမာန်ကမ္ဘာကြီးမှာတောင် မိမိအသက်ကို ဖြုတ်ယူနိုင်မဲ့ အကြောင်းအရာတွေဟာ အများကြီးရှိနေတယ်။ ဒါဆို ထိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ဆက်လက် ရှင်သန်နိုင်လား။ တစ်သက်လုံး အသံမထွက်ပဲ။ အကယ်၍ ကျွန်တော်တို့ တွေ ကျွန်တော်တို့ စိတ်တွေကို အလေ့အကျင့်ပေးပြီး တစ်သက်လုံးထိန်းချုပ်သွားနိုင်တယ် ဆိုပါစို့ ။ ဒါဆိုရင် ကျွန်တော်တို့ တွေဆီနေ နောက်မျိုးဆက်သစ်တွေဆီကိုပါ ယခုလို အသံမထွက်ပဲ နေနည်းတွေ လေ့ကျင့်ပေးသွားရလိမ့်မယ်။ ဒါဆို ကမ္ဘာကြီးမှာ လူသားတွေရဲ့ သဘာဝအားဖြင့် နေ့ စဉ်ဘဝနေနည်း ပုံစံဟာ ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
.

IMDb’s Rating: 8/ 10
Rotten Tomatoes’ Rating: 95%

~WH~