ARRIVAL

ARRIVAL

(Major Spoilers* - review မဟုတ်ပါ။)

မဖိတ်ခေါ်ပဲ သူတို့ရောက်လာကြပြီ။

သူတို့ခရီးစဉ်ရဲ့ရည်ရွယ်ချက်က ဘာလဲ။

ဒါတွေဟာ ကမ္ဘာမြေမြင်ပေါ်က လူသားတွေအတွက်တော့ အသိချင်ဆုံးမေးခွန်းတစ်ခုပဲ။ ဟုတ်တယ်လေ။ တစ်ခြားကမ္ဘာတစ်ခုကလို့ယူဆလို့ရတဲ့ ယာဉ်ပျံ 12 စင်းဟာ ကမ္ဘာမြေရဲ့သီးခြားနေရာတစ်ချို့ကို တစ်ပြိုင်နက်တည်း ရောက်ရှိလာကြတယ်။ ဒါဟာသမာရိုးကျဖြစ်စဉ်တစ်ခုမှ မဟုတ်ပဲ။ ကျွန်တော်တို့လူသားတွေဟာ တစ်ခြားကမ္ဘာတွေမှာ သက်ရှိတွေ ရှိလိုရှိငြားဆိုတဲ့ ရည်ရွယ်ချက်ကလေးနဲ့တစ်ခြားကမ္ဘာမှသက်ရှိများကို ရှာဖွေနေခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။ သို့သော်ယခုတိုင် သဲလွန်စတစ်စုံတစ်ရာမှ မရရှိသေးတဲ့ အချိန်ကာလတစ်ခုတွင် ကျွန်တော်တို့ရှာဖွေနေသောအရာများသည် ကျွန်တော်တို့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာလေတော့သည်။ ထို့ကြောင့်နိုင်ငံအသီးသီးမှ အာဏာပိုင်များသည် ထိုဧည့်သည်တို့ရဲ့ကျွန်တော်တို့ကမ္ဘာမြေပေါ်သို့လာရောက်လည်ပတ်ခြင်း ရည်ရွယ်ချက်ကို သိရှိရန် အပူတပြင်း ကြိုးပမ်းလေတော့သည်။ ဒီတော့ ထိုဧည့်သည်တော်ကြီးတို့နဲ့ဆက်ဆံရေးလုပ်ဖို့လိုအပ်လာပြီ။ ထိုသို့ဆက်ဆံရေးလုပ်မည်ဆိုတော့လည်း သူတို့စကားဘာသာရပ်ကို နားလည်ဖို့လိုအပ်လေပြီ။ ဒီအတွက် US အစိုးရက ထိုဧည့်သည်တော်ကြီးတွေနဲ့စကားပြောဖို့ Louis Bank အမည်ရှိတဲ့ ဘာသာစကားဆိုင်ရာတက္ကသိုလ်ဆရာမတစ်ယောက်ကို အကူအညီတောင်းလေတော့သည်။


Incendies နဲ့နာမည်စတင်ကျော်ကြားလာပြီး Prisoners တို့Enemy တို့Sicario တို့ကိုရိုက်ကူးခဲ့တဲ့ Director Denis Villeneuve ရိုက်ကူးထားသောဇာတ်ကားဖြစ်ပြီး Louis အဖြစ် မင်းသမီး Amy Adams နဲ့Ian အဖြစ် Jeremy Renner တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Music ကိုတော့ Denis Villeneuve နဲ့အရင် Prisoners တို့Sicario တို့မှာ လက်တွဲခဲ့တဲ့ Jóhann Jóhannsson က တီးခတ်ခဲ့ပြီး Bradford Young ကတော့ Cinematography တာဝန်ကို ယူခဲ့ပါတယ်။ ဇာတ်လမ်းကိုတော့ စာရေးဆရာ Ted Chiang ရေးသားခဲ့တဲ့ “Story of your Life” ဆိုတဲ့ ဇာတ်လမ်းတိုလေးကို မှီးငြမ်းခဲပါတယ်။ ယခု 16th February, 2017 မှာကျင်းပမဲ့ Oscar ဆုပေးပွဲအတွက်လည်း Best Picture, Best Director, Best Adapted Screenplay, Best Cinematography, Best Film Edition, Best Production Design, Best Sound Editing နဲ့Best Sound Mixing အစရှိတဲ့ ဆုပေါင်း 8 ဆုတိတိလျာထားခြင်းခံနေရတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။


ဇာတ်ကားနဲ့ပတ်သက်ပြီး ကျွန်တော်ဒီမျှလောက်ပဲ ပြောပါမယ်။ ယခုနောက်ထပ်ပြောချင်တာတွေကတော့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်တွေနဲ့ထိုဇာတ်ကားရဲ့ရည်ရွယ်ချက်ကို ရှင်းပြသွားမှာပါ။ ထို့အတွက် Major Spoilers တွေအမြောက်အများ ပါရှိလာမှာဖြစ်သည့်အတွက် ထိုဇာတ်ကားကို မကြည့်ရသေးသူများအတွက် ဒီနေရာမှာတင် သတိပေးလိုက်ပါရစေ။
.

ဒီဇာတ်လမ်းရဲ့အဓိကဆိုလိုရင်းကို ဇာတ်လမ်းရဲ့အဆုံးသတ်မှဖော်ပြသွားခဲ့တယ်။ ဒီတော့ကနဦးစွာ ထိုဧည့်သည်တော်ဂြိုလ်သားကြီးတွေရဲ့အကြောင်းကို ပြောကြရအောင်။ သူတို့ကဘယ်သူတွေလဲ။ သူတို့မှာရန်လိုတဲ့ အပြုအမူတွေ၊ ရည်ရွယ်ချက်တွေ မတွေ့ခဲ့ဘူး။ ကမ္ဘာကြီးရဲ့နေရာအသီးသီးမှာ ယာဉ်ပေါင်း 12 ခုတိတိသူတို့ဆင်းသက်ခဲ့ကြပေမဲ့ တစ်စင်းနဲ့တစ်စင်းဆက်သွယ်လို့ရမဲ့ Radioactive signs တွေကို မတွေ့ခဲ့ရဘူး။ သူတို့အချင်းချင်းဆက်သွယ်ခဲ့ပုံတွေကို ရုပ်ရှင်ကဖော်မပြခဲ့ဘူး။ ထို့အပြင် သဘာဝဘေးပတ်ဝန်းကျင်ထိန်းသိမ်းရေး အမြင်ကကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့အသုံးပြုခြင်းတွေ၊ စွန့်ပစ်ခြင်းတွေ အစရှိတဲ့ Footprint တွေကိုလည်း ရှာမတွေ့ခဲ့ဘူး။ သူတို့ရဲ့ပုံပန်းသဏ္ဍာန်ကတော့ အလွန်တရာကြီးမားတဲ့ခန္ဓာကိုယ်ပေါ်တွင် မှင်လိုအရာတွေကို ထုတ်ပေးနိုင်တဲ့ လက်တွေပါရှိတယ်။ သူတို့ယာဉ်ကြီးထဲတွင် လူသားတွေ 2 နာရီစာနေထိုင်နိုင်သော Atmosphere ကို ရရှိဖို့18 နာရီကြာအောင် ဆောင်ရွက်ရတယ်။ ဒါကြောင့် 18 နာရီကြာပြီးတိုင်း လူသားတွေ ထိုယာဉ်ပေါ်သို့ပြန်လည်တက်ကြတယ်။ ထို့နောက် 2 နာရီကျော်ရင် ပြန်ဆင်းလာကြရတယ်။

သူတို့ဘာလိုချင်တာလဲ။ ထိုဇာတ်ကားမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Louis Banks တွေ့ဆုံရတဲ့ ဂြိုလ်သားနှစ်ယောက်ကို သူမနဲ့အတူလိုက်ပါခဲ့ရတဲ့ Theoretical Physicist တစ်ယောက်ဖြစ်တဲ့ Ian Donnelly က Abbott နဲ့ Costello လို့နာမည်ပြောင်ပေးခဲ့တယ်။ Abbott နဲ့ Costello ဆိုတာက ဟိုးတစ်ချိန်က နာမည်ကျော်ခဲ့ပြီး အတွဲညီခဲ့တဲ့ ဟာသသရုပ်ဆောင်တွေရဲ့နာမည်ပါ။ သူတို့ရေးသားတဲ့ အက္ခရာတွေဟာ ကျွန်တော်တို့လူသားတွေရေးသားကြတဲ့ အက္ခရာသဏ္ဍာန်တွေနဲ့အလွန်ကိုကွာခြားလွန်းတယ်။ သူတို့ဟာ စက်ဝိုင်းသဏ္ဍာန်ကို ပိုမိုအားပြုရေးသားတာကိုတွေ့ရတယ်။ ထို့အပြင် ထိုစက်ဝိုင်းသဏ္ဍာန်ဟန်တစ်ခုတွင် အဓိပ္ပာယ်များစွာကို ထည့်သွင်းထားပြန်သေးတယ်။ ဘာကြောင့် စက်ဝိုင်းကို အားပြုလည်းဆိုတဲ့ ရည်ရွယ်ချက်က ထိုဂြိုလ်သားတွေဟာ တသမတ်တည်းကျနေတဲ့ Linear တွေကိုလက်မခံဘူး။ အချိန်ကိုတောင် Non-linear လို့မှတ်ယူထားသူတွေ၊ ထို့ကြောင့် အနာဂတ်ကို ကြိုမြင်နိုင်ခြင်းဖြစ်သည်။ Linear မကျတဲ့သဘောတရားကို လက်ခံထားသူတွေပီပီ စာလုံးတွေနဲ့ဝါကျတွေကိုလည်း စက်ဝိုင်းတွေကို အားပြုရေးသားတယ်။ သူတို့ကမ္ဘာမြေကို လာရောက်ခြင်းရဲ့ရည်ရွယ်ချက်ဟာ နှစ်ပေါင်း 3000 ကျော်ကြာမြင့်ပြီး အနာဂတ်တစ်ချိန်မှာလူသားတွေရဲ့ အကူအညီကို သူတို့လိုအပ်မယ်ဆိုတာ သူတို့သိရှိနေသည့်အတွက် လူသားတွေနဲ့အဆက်အဆံပြုလုပ်ရန် “လက်ဆောင်” တစ်ခုကို လာရောက်ပေးအပ်ခြင်းပဲဖြစ်တယ်။ ဒါကြောင့် Louis ကို သူတို့ဘာသာစကားကို နားလည်စေရန် သူတို့သင်ပေးခဲ့ခြင်းပင်ဖြစ်သည်။

ထို “လက်ဆောင်” ဆိုတဲ့အရာဟာ ဘာပါလဲ။ သူတို့ပြောတဲ့ နှစ်ပေါင်း 3000 ကြာမြင့်ပြီးနောက်ဆိုတဲ့ ကာလတစ်ခုဟာ သူတို့လက်ခံတဲ့ non-linear သဘောတရားနဲ့ဆိုရင် စက္ကန့်ပိုင်းမျှလည်း ဖြစ်ချင်ဖြစ်နိုင်လိမ့်မယ်။ ဒါကြောင့်လည်း Louis တစ်ယောက်အနေနဲ့ထိုဂြိုလ်သားတွေနဲ့စကားပြောလာလေလေ၊ သူတို့ရဲ့ဘာသာစကားကို နားလည်စပြုလာလေလေ၊ သူမဟာ အနာဂတ်ကို တဖြည်းဖြည်းနဲ့မြင်လာတော့တယ်။ အစကတော့ သူမကိုသူမဘာတွေကို မြင်နေမိမှန်း မသိ၊ ထိုဘာသာစကားရဲ့အတိမ်အနက်ကို နားလည်သွားတဲ့အခါ ထိုဘာသာစကားပြောသူတို့ရဲ့စွမ်းအင်တွေကို သူမရရှိလာခဲ့တယ်။ ဒါကြောင့်လည်း ဘာသာစကားမြောက်မြားစွာပြောဆိုနိုင်သူဟာ အတွေးအမြင်ပေါင်းများစွာရှိနိုင်တယ်လို့အဆိုရှိကြတာပေါ့။ ကျွန်တော်တို့မြန်မာလူမျိုးများသည် မိမိတို့တွေးခေါ်သလို မိမိတို့ဘာသာစကားကို ရေးကြ၊ ဖတ်ကြ၊ ပြောဆိုကြတယ်။ ထို့ကဲ့သို့ပင် ကျွန်တေ်ာတို့မြန်မာလူမျိုးများအနေဖြင့် တစ်ခြားဘာသာစကားတစ်ခုကို စတင်လေ့လာသင်ကြားတဲ့အခါ ထိုဘာသာစကားပြောသူတို့ရဲ့တွေးခေါ်ပုံတွေကို နားလည်လာတယ်။ ဥပမာ ခင်ဗျားဟာ မြန်မာလူမျိုးတစ်ယောက်ဖြစ်ပြီး German စကားပြောတတ်သူဖြစ်ပါက ထို German လူမျိုးတွေရဲ့တွေးခေါ်ပုံကို နားလည်စေတယ်။ ဒါကြောင့် ရုပ်ရှင်ရဲ့တစ်နေရာမှာ ဘာသာစကားသစ်တစ်ခုကို သင်ကြားခြင်းဟာ “rewire your brain” ဖြစ်စေတယ်လို့ပြောခဲ့ကြတာပေါ့။ ထို Theory ကို “Sapir-Whorf hypothesis” လို့အမည်ရတယ်။ ဒါပေမဲ့ အမှန်က ရုပ်ရှင်ထဲကပြောသလို ဦးနှောက်ကို rewire လုပ်သွားတာတော့ မဟုတ်ဘူး။ ရုပ်ရှင်ထဲက ထိုအဆိုဟာ သာမာန် sci-fi အဆိုသပ်သပ်ပဲ။ ဒါပေမဲ့ Edward Sapir နဲ့Benjamin Lee Whorf တို့ပြောခဲ့တဲ့ အဆိုကတော့ ကျွန်တော်အထက်ကပြောသလိုပဲ ဘာသာစကားအသစ်ဟာ ထိုသူရဲ့တွေးခေါ်ပုံ၊ ပြုမူဆောင်ရွက်ပုံတွေကို လွှမ်းမိုးစေနိုင်တယ်ဆိုတာပဲ။ ဒီတော့ ရုပ်ရှင်ထဲက ဂြိုလ်သားတွေရဲ့”လက်ဆောင်” ဆိုတာကလည်း သူတို့ရဲ့ဘာသာစကားကို လာပေးတာခြင်းပဲ။ အချိန်ကိုလည်း non-linear လို့သဘောထားတဲ့အတွက် သူတို့ဟာ အနာဂတ်ကို မြင်နိုင်၊ သိနိုင်စွမ်းရှိတယ်။ ထိုအရာဟာ သူတို့လာရောက်ပေးတဲ့ လူသားတွေအတွက် သူတို့ရဲ့”လက်ဆောင်” ပဲ။
.

သတိထားမိကြလားတော့ မသိဘူး။ ထိုဂြိုလ်သားတွေ ရေးသားတဲ့ ဝါကျစာလုံးတွေရဲ့စက်ဝိုင်းတွေဟာ ထိစပ်ခြင်းမရှိခဲ့ဘူး။ ထိုစက်ဝိုင်းတွေမှာ အပိတ်တွေမရှိခဲ့ဘူး။ ကျွန်တော်တို့တွေဟာ စာလုံးတွေကို ယေဘုယျအားဖြင့် ဘယ်မှ ညာသို့မျဉ်းကြောင်းတစ်ခုအသွင် ရေးသားကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်တို့လူသားတွေဟာ အချိန်ကာလကို မျဉ်းဖြောင့်တစ်ခုအဖြစ် မှတ်ယူထားကြလို့ပဲ။ ကျွန်တော်တို့မျက်ဝန်းတွေမှာ မြင်ရတဲ့ ပုံရိပ်တွေဟာ အချိန်နဲ့တပြေးညီ တသမှတ်တည်းကြီးဖြစ်နေတယ်။ ဒါပေမဲ့ ထိုဂြိုလ်သားတွေကတော့ အချိန်ကာလအားဖြင့် ပေါင်းစည်းပိတ်ပင်ထားခြင်းမရှိတဲ့ ဇာတ်လမ်းတွေကို စက်ဝိုင်းသဏ္ဍာန်ဝါကျတစ်ခုတည်းမှာ ထည့်သွင်းဖော်ပြသွားတယ်။ သူတို့ဝါကျစက်ဝိုင်းတွေဟာ အပိတ်မရှိခဲ့ခြင်းဟာ မပြီးဆုံးနိုင်တဲ့ ဖြစ်နိုင်ခြေတွေ (infinite possibilities) တွေရှိနေတယ်ဆိုတဲ့ သဘောတရားကြောင့်ပဲ။
.

သူတို့ဟာ ဘာကြောင့် ယာဉ်တစ်စင်းတည်း မလာပဲ ယာဉ် 12 စင်းနဲ့လာပြီး မတူညီတဲ့ Messages တွေ ပေးခဲ့ကြတာလည်း။ အဖြေက ရှင်းရှင်းလေးပါ။ လူသားတွေကို ပေါင်းစည်းပြီး အဖြေတွေကို အတူတကွဖော်ထုတ်စေချင်လို့ပဲ။ ထို့အပြင် 12 ဆိုတဲ့ ကိန်းဂဏန်းကို ခင်ဗျားတို့စဉ်းစားကြည့်။ ဘာနဲ့အနီးစပ်ဆုံးဖြစ်နေမလဲဆိုတာ။ “အချိန်” ဆိုတာနဲ့အနီးစပ်ဆုံးပဲလေ။ တစ်နှစ်မှာ 12 လ ရှိတယ်။ ပြက္ခဒိန်အများစုဟာ 12 ဆိုတဲ့ ကိန်းဂဏန်းကို အခြေခံကြတယ်။ ထို့အပြင် တစ်နေ့တာရဲ့အချိန်ကာလကိုလည်း 12 နဲ့ပိုင်းခြားကြတယ်။ ဒိုင်ခွက်နာရီတွေမှာ 12 ကိုပဲ အသုံးပြုကြတယ်။ မနက် 12 (AM) နဲ့ ည 12 (PM) ဆိုပြီးခွဲခြားကြတယ်။ ထို့အပြင် 60 minutes တို့24 hours တို့ဆိုတဲ့ ကိန်းဂဏန်းတွေဟာလည်း 12 နဲ့စား၍ပြတ်နိုင်သော ကိန်းဂဏန်းတွေပဲလေ။ ထို့အတွက်ကြောင့် ယာဉ် 12 စင်းနဲ့သူတို့လာခဲ့ကြတယ်။ ဂြိုလ်သားတွေ လာရောက်ခဲ့တဲ့ နေရာ 12 ခုက Australia, the Black Sea, China, Denmark, Japan, Pakistan, Siberia, Sierra-Leone, Sudan, the U.K., Venezuela နဲ့US က Montana ဆိုတော့ ဇာတ်ကားထဲက Ian ရဲ့ပြောချက်အရဆိုရင် ကမ္ဘာပေါ်မှာ မိုးကြိုးပစ်နှုန်းနဲ့ဆက်နွယ်နေမယ်လို့ပြောခဲ့တယ်။ အမှန်တော့ ကျွန်တော်စောစောကပြောခဲ့တဲ့အတိုင်း မတူညီတဲ့ ယဉ်ကျေးမှုတွေရှိတဲ့ လူသားတွေကို ပေါင်းစည်းစေချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ကဲ .. ကျွန်တော်တို့ဇာတ်လမ်းရဲ့အဆုံးသတ်ကို ပြောကြရအောင်။
ဒီအချိန်မှာ Louis ရဲ့အနာဂတ်ကို သူမကိုယ်တိုင်မြင်နိုင်သလို ကျွန်တော်တို့လည်း မြင်နိုင်လာပြီ။ သူမသည်အနာဂတ်တွင် သမီးလေးတစ်ယောက်နှင့် နေထိုင်နေမည်။ ထိုသမီးလေးရဲ့နာမည်သည် Hannah ဖြစ်မည် (ရှေ့ဖတ်ဖတ်၊ နောက်ကဖတ်ဖတ် အတူတူပဲဖြစ်တဲ့ palindrome အမည်မျိုးပင်။) ထို့အပြင် ထိုကလေးအဖေသည် သိပ္ပံပညာရှင်ဖြစ်မည်။ ထို့နောက် ထိုကလေးသည် အရွယ်မရောက်ခင် ရောဂါတစ်မျိုးဖြင့် ဆုံးပါးသွားမည်။ ရုပ်ရှင်စကြည့်စဉ်က ထိုအဖြစ်အပျက်တွေသည် အတိတ်ဟု ယူဆခဲ့သည်။ ထို့နောက်ထိုအဖြစ်အပျက်တွေသည် အနာဂတ်ဟု သိမြင်လာခဲ့သည်။ ဒါပေမဲ့ အမှန်က palindrome သဘောတရားအရ ထိုအဖြစ်အပျက်တွေသည် ရုပ်ရှင်ထဲကအဖြစ်အပျက်တွေနဲ့တစ်ချိန်တည်းမှာ အတူတူဖြစ်နေခဲ့တယ် ဆိုတာပဲ။
.
ဇာတ်သိမ်းခါနီးတွင် တရုတ်ပြည်က ထိုဂြိုလ်သားများကို စစ်မက်ပြုရန်ဟန်ပြင်နေချိန်တွင် Louis တစ်ယောက် စစ်တပ်က ဖုန်းကိုယူပြီး တရုတ်စစ်ဗိုလ် General Shang ရဲ့Private number ကို ဖုန်းဆက်ခေါ်ပြီး အချိန်မှီတားနိုင်ခဲ့တယ်။ အမှန်က သူမဟာ ပစ္စုပ္ပန်ကို ကျော်လွန်ပြီး လက်ရှိအဖြစ်အပျက်ရဲ့နောက် 18 လအကြာက အနာဂတ်ကို စိတ်က သွားရောက်နိုင်ခဲ့ပေလို့ပဲ။ ထိုအနာဂတ်တွင် အတိတ်ရဲ့ဖြစ်စဉ်ကို အသုံးချကာ ထိုအနာဂတ်ရဲ့ဖြစ်စဉ်ကတော့ ယခုပစ္စုပ္ပန်ကို ပြန်လည် အသုံးပြုလိုက်ခြင်းပဲ။
.
အနာဂတ်ရဲ့ပွဲတစ်ခုမှာ သူမကို General Shang က လာရောက်စကားပြောကာ အတိတ်တွင် Louis က သူ့ကိုဖြောင်းဖြခဲ့တဲ့အကြောင်းကို ပြန်ပြောပြတယ်။ အတိတ်မှာ Louis တစ်ယောက် သူ့ရဲ့Private number ကို သိအောင်လည်း General Shang က သူ့နံပါတ်ကို ပြောပြသွားတယ်။ ထို့အပြင် အတိတ်တွင် သူ့ကို Louis ပြန်လည် ဖြောင်းဖြနိုင်အောင်လို့Mandarin ဘာသာစကားနဲ့စကားတစ်ချို့ကို ပြောခဲ့တယ်။ သူတို့ပြောနေတဲ့ အတိတ်ဆိုတာ ဇာတ်ကားရဲ့လက်ရှိဖြစ်ပျက်နေတဲ့ ပစ္စုပ္ပန်ပဲ။ ထို Mandarin ဘာသာစကားနဲ့ပြောကြားခဲ့တဲ့ စကားတစ်ခွန်းက ဘာလဲဆိုတော့ General Shang ရဲ့အမျိုးသမီး မသေခင်က ပြောကြားသွားတဲ့ နောက်ဆုံးစကားပဲ။ အဓိပ္ပာယ်ကတော့ “In war there are no winners, only widows.” ဆိုတာပဲ။ အရမ်းကို ကောင်းမွန်လွန်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါ။
.
ဒီတော့ time travelling တွေပါလာပြီ။ time travelling တွေပါလာပြီဆိုတဲ့တော့ ထုံးစံအတိုင်း Paradox တွေ ကျွန်တော်တို့ပြန်လည်တွေ့ကြရပြန်ပြီ။ ဒီ Paradox က sci-fi အများစုမှာ တွေ့ရလေ့ရှိတဲ့ “bootstrap paradox” အမျိုးအစားပဲ။ ဘာဖြစ်သွားလဲဆိုတော့ အဖြစ်အပျက်တွေဟာ closed loop ထဲကို ရောက်ရှိသွားပြီး အကြောင်းတရားနဲ့အကျိုးတရားတွေဟာ စက်ဝန်း Pattern တစ်ခုထဲမှာ ထပ်ခါထပ်ခါ မရပ်မနားဖြစ်သွားတော့တဲ့ paradox ဖြစ်စဉ်ပဲ။
.
ကျွန်တော်ဘာကြောင့် ဒီဇာတ်ကားကို နှစ်သက်ခဲ့ရသလဲဆိုရင် Louis တစ်ယောက်သည် သူမရဲ့အနာဂတ်ကို ကွဲပြားစွာမြင်နိုင်သိနိုင်ပေမဲ့ ပြောင်းလဲဖို့မကြိုးစားခဲ့ဘူး။ အမှန်တော့ ဖြစ်စဉ်တွေဆိုတာ ကျွန်တော်တို့လူသားတွေ ကြိုသိနေသည့်တိုင်အောင် ပြောင်းလဲလို့မှ မရပေပဲ။ ဒီအချိန်မှာ ဒါဖြစ်မယ်ဆိုတဲ့ Destiny တွေဟာ လောကတရားကို ချုပ်ကိုင်ထားတယ်။ ပြောင်းလဲ၍မရပေ။ ပြောင်းလဲခွင့်လည်း မရှိပေ။ သူမအနာဂတ်တွင် Ian နှင့်လက်ထပ်မည်။ ထို့နောက် သမီးလေးတစ်ယောက် ရရှိလာမည်။ ထို့နောက် Ian က သူမကို ခွဲခွာသွားမည်။ ဒီလိုနဲ့တစ်နေ့မှာ သူမတို့ရဲ့သမီးလေး သေဆုံးသွားမည်။ အနာဂတ်သည် လွန်စွာမှောင်မိုက် အကျဉ်းတန်လွန်းသည်။ ဒါကို သူမသိလျက်ပင် ရွေးချယ်ခဲ့သည်။ သြော်.. ကိုယ်ဘယ်လို အဆုံးသတ်ရမလဲဆိုတာ သိလျက်နဲ့ထိုလမ်းကို ဆက်လျှောက်ရဲ့သည့် သတ္တိပင်။ ဒီလိုနဲ့အဖြစ်အပျက်တစ်ခုမှာ သူမ Ian နှင့်လက်ထပ်ခဲ့သည်။ ထို့နောက် Ian က ကလေးယူရန်ပြောဆိုလာသောအခါ သူမသဘောတူညီခဲ့သည်။ ကလေးရဲ့အသက်အရွယ်တစ်ခုမှာ သူမထိုအကြောင်းအရာတွေအကုန်လုံးကို Ian ကို ဖွင့်ဟပြောဆိုခဲ့တယ်။ မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကို ရွေးချယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နှင့်အတူ ဒေါသထွက်ခဲ့သော Ian တစ်ယောက် နောက်ဆုံးတော့ သူမတို့သားအမိကို ထားရစ်ခဲ့တော့တယ်။ ထို့အပြင် Louis ဟာ သူမရဲ့သမီးကိုဆုံးရှုံုးရလို့ဝမ်းနည်းတဲ့စိတ်ထက် သမီးကိုရရှိခဲ့လို့သမီးနဲ့ပိုင်ဆိုင်ရတဲ့အချိန်ကလေးတွေအပေါ်မှာ ပျော်ရွှင်တဲ့စိတ်ဟာ ပိုများခဲ့မိလိမ့်မယ်။
.
တစ်ကယ်တော့ ဘဝဆိုတဲ့အရာမှာ ပန်းတိုင်မှမရှိတာ။ ဘဝဆိုတာကြီးဟာ ခရီးတစ်ခုသက်သက်ပဲလေ။ ဒီတော့ Louis ရဲ့ဆုံးဖြတ်ချက်ဟာ မှန်လား၊ မှားလား။ သင်ဆိုရင်တော့ မိမိရဲ့အနာဂတ်ကို သိသိကြီးနဲ့ထိုလမ်းကို ဆက်လျှောက်နေမိမှာလား…

IMDb Rating: 8.2/10
Rotten Tomatoes Rating: 94%
Ref: ScreenRant, Slate and CinemaBlend

~WH~

WH
WH
5 min read