BATTLE OF THE SEXES

BATTLE OF THE SEXES

Bobby Riggs စိန်ခေါ်တဲ့ တင်းနစ်ရိုက်ပြိုင်ပွဲကျင်းပရာ ကွင်းထဲကို မဝင်ခင် interview သမားတစ်ယောက်က Billie Jean ကို ဘာမေးသလဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုတော်တယ်။ ပိုသာတယ်လို့ထင်သလား တဲ့။ Billie Jean က ချက်ချင်းလှမ်းဖြေလိုုက်တယ်။ အခု ဒီယှဉ်ပြိုင်ပွဲကြီးထဲကို သူမဝင်ရောက်လာတာဟာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုတော်တယ်ဆိုတာကို ပြချင်လို့မဟုတ်ဘူး။ အားကစားသမားတစ်ယောက်အနေနဲ့၊ နောက်ဆုံးလူသားတစ်ယောက်အနေနဲ့ပါ တန်းတူညီတဲ့ အခွင့်အရေး ရရှိဖို့ပဲဆိုတာ လှမ်းပြောလိုက်တယ်။ ဟုတ်တယ်။ သူမက ဖို မ ခွဲခြားတတ်တဲ့ သူတစ်ယောက် မဟုတ်ဘူး။
.

ထို 1970s အစောပိုင်းနှစ်တွေလောက်က အမေရိကားတစ်နိုင်ငံလုံးရဲ့တင်းနစ်ချန်ပီယံ တစ်ယောက်ဖြစ်တဲ့ သူမရဲ့လစာဟာ တန်းတူ အမျိုးသားတင်းနစ်အားကစားသမားတွေရဲ့လစာထက် ၈ ဆ တောင်နည်းပါးနေခဲ့တယ်။ သူမလိုချင်ခဲ့တာက အမျိုးသမီးတွေကို တန်းတူညီမျှတဲ့ လစာငွေကြေးပမာဏ ပေးစေချင်ပြီး အမျိုးသားတွေနဲ့တန်းတူညီတဲ့ လေးစားမှု။ အောင်ပွဲရ တင်းနစ်အားကစား အမျိုးသားတွေဟာ ထိုခေတ်က ငွေကြေးအရ US$ 12,000 ရပြီး အောင်ပွဲရ တင်းနစ်အားကစား အမျိုးသမီးတွေကတော့ US$ 1,500 ပဲရရှိကြပါတယ်။ ထိုအကြောင်းအရာကို တက်ပြောတော့ ပြန်ပေးခံရတဲ့ အကြောင်းပြချက်တွေက ရယ်ချင်စရာတွေ။ ယောကျ်ားတွေ ပြိုင်တဲ့ပွဲတွေက လူတွေပိုကြည့်တယ်တဲ့။ ဒါပေမဲ့ Billie Jean ရဲ့ပွဲတွေဟာလည်း လက်မှတ်ရောင်းအားထပ်တူညီပြီး ရောင်းအားတွေ ကောင်းခဲ့တာပဲ။ ပြီးတော့ သူတို့ပြန်ပြောတာက ယောကျ်ားတွေက အိမ်ထောင်စုကို ရှာကျွေးနေရတဲ့ သူတွေဖြစ်လို့ငွေပိုပေးရတာပဲတဲ့။ Billie ကလည်း ပြန်ပြောပါတယ်။ ကျွန်မလည်း ကျွန်မမိသားစုမှာတော့ ရှာကျွေးနေရတဲ့ သူတစ်ယောက်ပါတဲ့။ နောက်ဆုံးတော့ သူတို့ပြန်ပေးတဲ့ အကြောင်းပြချက်တွေက ယောကျ်ားတွေက ပိုသန်မာတယ်။ ပိုပြီးတော့ ယှဉ်ပြိုင်မှုအားကောင်းတယ်။ သဘာဝက အမျိုးသားနဲ့အမျိုးသမီး ဖန်ဆင်းပုံခြင်း မတူညီဘူးဆိုပြီး Biology နဲ့ကိုင်ပေါက်လိုက်ကြတယ်။
.

ဖြစ်သင့်လား။ မဖြစ်သင့်ပါဘူး။ ဒီတော့ သူတို့ဘာသာကြိုးစားပြီး သူတို့အမျိုးသမီး Tennis အဖွဲ့ကို sponsor ပေးနိုင်မဲ့အဖွဲ့အစည်းတွေကို ရှာရတော့တာပေါ့။ ကံကောင်းချင်တော့ သူတို့ကို sponsor ပေးတဲ့ အဖွဲ့က Virginia Slims cigarettes ဆိုတဲ့ ဆေးလိပ်ထုတ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေတယ်။
.

ဒီနေရာမှာ ဇာတ်လမ်းကို ဝင်ရောက်လာတာက တစ်ချိန်က နာမည်ကျော် တင်းနစ်အားကစားသမားကြီး ဖြစ်ခဲ့တဲ့ Bobby Riggs။ အမှန်တော့ သူ့ခေတ်က ကုန်သွားပြီ။ သူကိုယ်တိုင်လည်း ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ကို ရပြီး ယောက္ခမက ပေးထားတဲ့ရုံးအလုပ်တစ်ခုကို ထိုင်လုပ်နေတဲ့သူ။ ဒါပေမဲ့ ဘိုးတော်ရဲ့စရိုက်က လောင်းကစားကို အရမ်းဝါသနာပါပြီး ဖိုဝါဒကလည်း ကြီးစိုးသေးတယ်။ ပြောရမယ်ဆိုရင် တစ်ကယ့်ဟာသလူတစ်ယောက်။ အပြင်ကလူက ဘယ်လိုလည်းတော့ မသိပေမဲ့ ယခုရုပ်ရှင်ထဲမှာ သူ့ကိုပုံဖော်ထားပုံက ကြည့်မရတဲ့ပုံမျိုးဖြစ်ပြီး ရယ်စရာကလည်း ကောင်းသေးတယ်။ (တစ်ကယ်တော့ သရုပ်ဖော်ထားတဲ့ မင်းသား Steve Carell အရမ်းကောင်းမွန်လို့ပါ။ Steve Carell က ယခုလို Oscar contender ဇာတ်ရုပ်မျိုးတွေ အရိုက်စိပ်လာတယ်လို့ထင်ရတယ်။) ဒီတော့ သူက အမျိုးသမီးငယ်လေးတွေ တင်းနစ်လောကမှာ နေရာယူပြီး အောင်မြင်လာတာ မကျေမနပ်ဖြစ်နေပုံရတယ်။ ထိုခေတ်က World Champion ဖြစ်တဲ့ အမျိုးသမီးတွေကို သူကယှဉ်ပြိုင်ကစားဖို့စိန်ခေါ်တော့တယ်။
.

Billie Jean King ဟာ အစကတော့ သူ့စိန်ခေါ်မှုကို ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့ လက်ခံခဲ့တဲ့သူက ထိုခေတ်က Australian ချန်ပီယံ Margaret Court ဆိုတဲ့ အမျိုးသမီး။ (ရုပ်ရှင်ထဲမှာ Margaret Court ကို ပုံဖော်ထားတာ နည်းနည်းလေး လွန်ကြူးမိတယ်လို့ကျွန်တော်ခံစားရတယ်။ ရုပ်ရှင်မှာ လပ်ဟင်းနေတဲ့ ဗီလိန်ဇာတ်ရုပ်ကို Margaret Court နဲ့အစားထိုးခဲ့တယ်။ အင်းလေ။ သူမက အခုချိန်မှာ Australia ကနေ LGBT တွေကို ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေမှာ ရှေ့ဆုံးက ပါနေခဲ့တာကိုး။ ဖြစ်ချင်တော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပဲ Australia က same sex marriage ကို အတည်ပြုပေးလိုက်ပြီ။) ပြိုင်ပွဲမှာ Margaret Court က Bobby Riggs ကို ရှုံးခဲ့ပါတယ်။ (ထိုအချိန်က ထိုဖြစ်ရပ်ကို “Mother’s Day Massacre” လို့တောင် ခေါ်ခဲ့ကြတယ်။) ဒီတော့မှ Billie Jean King က Bobby Riggs ကို အလဲထိုးဖို့ပြန်စိန်ခေါ်ခဲ့တာ။ အစက လက်မခံခဲ့ပဲ ဘာကြောင့်အခုမှ ထိုစိန်ခေါ်မှုကို လက်ခံခဲ့သလဲဆိုတာကို ရုပ်ရှင်ထဲမှာတော့ သူမရဲ့ကစားဖော်အမျိုးသမီးတစ်ယောက် ကျရှုံးသွားတာကို မြင်လိုက်ရလို့ရယ် အမျိုးသမီးထုတစ်ရပ်လုံးဟာ သူတို့ပြောသလို အသုံးမကျတဲ့သူတွေ မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေကို ပြသထားတယ်။ ဒီလိုနဲ့ကမ္ဘာ့သမိုင်းမှာ ဖို/မ ယှဉ်ပြိုင်မှရဲ့အကြီးမားဆုံး အားကစားပြိုင်ပွဲတစ်ခု ဖြစ်ပေါ်လာတော့တယ်။


Emma Stone… Emma Stone.. ဒီဇာတ်ကားထဲမှာ ထင်ထားတာထက် အများကြီးကောင်းခဲ့တာ မင်းသမီး Emma Stone ပဲ။ Easy A ကတည်းကနေ စသိခဲ့တဲ့ သူမကို ကျွန်တော့်စိတ်ထဲ သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးတစ်ယောက်လို့မခံစားခဲ့ရဘူး။ ရုပ်ရှင်ဇာတ်ကားတိုင်းကို တစ်ပုံစံတည်း သရုပ်ဆောင်တယ်။ ဇာတ်ကောင်တွေကလည်း တူညီနေသလို တစ်ခါလာလည်း ဒီပုံစံမျိုးနဲ့ပဲ သရုပ်ဆောင်လို့သိပ်မကြိုုက်ခဲ့မိဘူး။ Birdman ကစပြီး သူမရဲ့သရုပ်ဆောင်စွမ်းရည်တက်လာတာ သိသိသာသာကြီး သတိထားမိလာတယ်။ နောက်တော့ သူမ Oscar ရတဲ့ La La Land ။ နောက်တော့ အခု Battle of the Sexes။ ယခု Battle of the Sexes ဇာတ်ကားဟာ သူမရဲ့ဇာတ်ကားတွေထဲမှာ သူမ သရုပ်ဆောင်အကောင်းဆုံးပဲ။ သူမ Oscar ရခဲ့တဲ့ La La Land ထက်တောင် သရုပ်ဆောင် ကောင်းနေသေးတယ်။ ဒီဇာတ်ကားထဲမှာမှ သူမရဲ့emotional face အစစ်ကို မြင်ရတယ်။ ပြီးတော့ ဆုံးဖြတ်ချက်ခိုင်မာတဲ့ ပုံကိုလည်း တိတိကျကျမြင်ရတယ်။ အကြိုက်ဆုံးကတော့ Steve Carell ရဲ့Bobby Riggs ဇာတ်ကောင်နဲ့သူမဇာတ်ကောင်နဲ့ကို ပြိုင်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ဇာတ်ဝင်ခန်းမှာ သူမသရုပ်ဆောင်ခဲ့တဲ့ အခန်းတွေပဲ။ ပြိုင်ဖက်ဟာ ဟာသတစ်ယောက်လို မြင်ပြီး ပညာရှိဆန်စွာ ပြန်ပြောတဲ့ဇာတ်ဝင်ခန်းတွေမှာ သူမသရုပ်ဆောင်ခဲ့တဲ့ လုံးဝအံဝင်ခွင်ကျပါပဲ။ ထို့အပြင် နောက်ထပ်အကြိုက်ဆုံး ဇာတ်ဝင်ခန်းက သူတို့နှစ်ယောက်ရဲ့တင်းနစ်ပြိုင်ပွဲအချိန်မှာ Emma Stone သရုပ်ဆောင်သွားတာ ကျွန်တော်မျက်တောင်တောင် မခတ်နိုင်လောက်အောင်ပါပဲ။ ပြောချင်တာကတော့ Emma Stone အနေနဲ့သူမရဲ့Typical ပုံစံထဲကနေ ရုန်းထွက်လာနိုင်ခဲ့တဲ့ ပထမဆုံးဇာတ်ကားပါပဲ။

တစ်ခြားသရုပ်ဆောင်တွေကတော့ သိကြတဲ့အတိုင်း လိုတာထက်တောင် ပိုပြီးသရုပ်ဆောင်ကောင်းကြပါတယ်။ Steve Carell ဟာ သူ့ဇာတ်ကောင်ကို ကလေးဆိုးကြီးတစ်ယောက်လို ပုံဖော်ခဲ့တယ်။ Bobby Riggs ဟာ ပြောတော့တာ အမျိးသမီးတွေဟာ နိမ့်ကျတယ်။ အမျိုးသားတွေလောက် အသုံးမဝင်ဘူးဆိုပေမဲ့ သူတို့ထိုဇာတ်ကောင်ကို သရုပ်ဖော်ထားတာက ထိုဇာတ်ကောင်ဟာ ချမ်းသာတဲ့ အမျိုးသမီး Priscilla Wheelan ရဲ့စိန်နားကပ်ရောင်နဲ့ပါးပြောင်နေတာမျိုး သရုပ်ဖော်ခဲ့ကြတယ်။ Priscilla Wheelan ကိုတော့ တစ်ချိန်က နာမည်ကြီးမင်းသမီး Elisabeth Shue က သရုပ်ဆောင်ပေးခဲ့တယ်။ ထို Bobby Riggs ဆိုတဲ့ဇာတ်ကောင်ဟာ ကြည့်နေရင်းနဲ့မြင်ပြင်းကပ်စရာ ကောင်းလာသလို ရယ်လည်းရယ်ဖို့ကောင်းတယ်။ ပြီးတော့ သနားဖို့လည်းကောင်းခဲ့တယ်။ Billie Jean ပြောသလိုပဲ၊ သူဟာ တစ်ကယ်တော့ ဟာသပျက်လုံးတစ်ခုသာသာပါပဲ။
.

မင်းသမီး Sarah Silverman ကတော့ ကျွန်တော်တို့မမှတ်မိတဲ့သွင်ပြင်နဲ့ Gladys Heldman ဆိုတဲ့ အမျိုးသမီးတင်းနစ်အဖွဲ့ရဲ့Founder ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တယ်။ သူမပါဝင်တဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ တစ်ကယ့် Gold ပါပဲ။ ပျက်လုံးတွေ မဟုတ်ပဲနဲ့ထိရောက်တဲ့ ဟာသတွေကိုပဲ သွင်သွင်ပြောသွားတာမျိုး။ ဒီနေရာမှာ မပြောမဖြစ် ပြောရမဲ့ ဇာတ်ကောင်တစ်ယောက်ရှိတယ်။ သူ့နာမည်က Marilyn Barnett.. အပြင်မှာတော့ Billie Jean ရဲ့Secretary လို့သိရတယ်။ ဇာတ်ကားထဲမှာတော့ Billie Jean ရဲ့hairdresser အနေနဲ့ပုံဖော်ထားကြတယ်။ Marilyn Barnett ဟာ Billie Jean ရဲ့အချစ်တော်လည်း ဖြစ်ခဲ့တယ်။ ထိုအချိန်တုန်းက Billie Jean မှာ လက်ထပ်ထားတဲ့ အမျိုးသားရှိတယ်။ ဒါပေမဲ့ ထိုအချိန်မှာကတည်းက သူတို့အမျိုးသမီးနှစ်ယောက်ဟာ အချစ်တော်တွေ ဖြစ်နေခဲ့ကြတယ်။ သူမတို့နှစ်ယောက် ပထမဆုံးစတွေ့တဲ့ ဇာတ်ဝင်ခန်းကို ရိုက်ပြထားတဲ့ တင်ပြချက်ဟာ မေ့လို့မရလောက်အောင်ကို စွဲဆောင်ထားတယ်။ Camera ကို မင်းသမီးနှစ်ယောက်ရဲ့ မျက်ဝန်းတွေနဲ့နှုတ်ခမ်းသားတွေ ပေါ်မှာပဲ Extremely close ups တွေရိုက်ပြီး camera movements တွေကို ပေါ့ပါးတဲ့ဟန်နဲ့မျောနေစေတယ်။ ယူထားတဲ့အရောင်ကလည်း လိမ္မော်ရောင်သန်းနေတဲ့ Dreamy ဆန်ဆန်လေးနဲ့ဆံပင်ညှပ်ပေးနေတဲ့သူနဲ့ ဆံပင်အညှပ်ခံနေတဲ့သူတို့နှစ်ယောက်ရဲ့ စွဲမက်ဖွယ် အကြည့်တွေနဲ့ပြသသွားတယ်။ ထိုနေရာမှာတင် ကျွန်တော်တို့သိလိုက်ရပြီ။ Billie Jean ရဲ့အမျိုးသမီးချင်းစိတ်ဝင်စားတဲ့ စိတ်ကို သူမကိုယ်တိုင်လည်း စသိခဲ့ရသလို ကျွန်တော်တို့ပရိသတ်တွေလည်း သိလိုက်ရပြီလေ။
.

ထို Hairdresser Marilyn Barnett အဖြစ်ကတော့ မင်းသမီး Andrea Riseborough က သရုပ်ဆောင်ထားခဲ့တယ်။ Andrea Riseborough နဲ့Emma Stone တို့ဟာ အရင်က Birdman ဇာတ်ကားမှာလည်း အတူသရုပ်ဆောင်ခဲ့ဖူးတယ်။ Emma Stone ဟာ သရုပ်ဆောင်အရမ်းကောင်းခဲ့တာ ဆိုတာမှန်ပေမဲ့ Andrea Riseborough က နည်းနည်းလေး ပိုသာနေခဲ့တယ်လို့တော့ ထင်တယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားတစ်ခုလုံးမှာ သူမသရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ကောင်တစ်ယောက်တည်း 3 dimensional ဖြစ်နေလို့ပဲ။ ကျန်တဲ့ဇာတ်ရုပ်တွေအကုန်လုံးမှာ ပြောင်းလဲချိန်လည်း မရှိသလို တိုးတက်တာလည်း မတွေ့ခဲ့ရလို့။


ဇာတ်လမ်းဟာ အားကစားဇာတ်ကား၊ အနိုင်တွေ အရှုံးတွေ ရှိမယ်။ ပြီးတော့ ဟာသလေးတွေလည်း နှောထားတယ်။ ဒါပေမဲ့ ဝမ်းနည်းရတဲ့ ဇာတ်ဝင်ခန်းတွေလည်း ရှိခဲ့ပါတယ်။ မိမိရဲ့ဇနီးကို အားပေးဖို့Hotel ကို ရောက်လာတဲ့ ခင်ပွန်းတစ်ယောက်ဟာ အိပ်ယာပေါ်နဲ့အခန်းမှာ ပုံပျက်နေတာကို တွေ့လိုက်ရတော့ မိမိခံစားချက်တွေကို မြိုသိပ်လိုက်ရတယ်။ ပိုပြီး ခံပြင်းရတာက မိမိရဲ့ဇနီးဟာ ဖောက်ပြန်နေတာ တစ်ခြားအမျိုးသားတစ်ယောက်နဲ့မဟုတ်ပဲ တစ်ခြားအမျိုးသမီးတစ်ယောက်နဲ့ဖြစ်နေတာကိုပဲ။ ဒီဇာတ်ဝင်ခန်းဟာ ကျွန်တော်တို့လို ယောကျ်ားတွေအနေနဲ့ကတော့ ကြည့်လိုက်ရတဲ့အခါ ကိုယ်ချင်းစာပြီး တစ်ကယ်ဝမ်းနည်းခဲ့ရတယ်။ Billie Jean ရဲ့အမျိုးသား Larry King ဟာ တစ်ကယ်တော်တဲ့ ခင်ပွန်းတစ်ယောက်ပါ။ နောက်ဆုံးပြိုင်ပွဲဝင်ခါနီးမှာ သူ့ဇနီးအတွက် သူ့ဇနီးအချစ်တော် အခန်းထဲဝင်လာတော့ ရှောင်ထွက်သွားပေးခဲ့တယ်။ (တစ်ကယ့်အပြင်က ဇာတ်လမ်းမှာ ပိုဝမ်းနည်းဖို့ကောင်းတာက နောက်တစ်ချိန်မှာ Marilyn Barnett က Billie Jean ကို တရားပြန်ဆွဲခဲ့တယ်လို့သိရတယ်။ Billie Jean နဲ့Larry King တို့လည်း ပြန်လက်ထပ်ခဲ့ပေမဲ့ Billie Jean ဟာ Ilana Kloss ဆိုတဲ့ တင်းနစ်မယ်တစ်ယောက်နဲ့ထပ်ကြိုက်ခဲ့ပြီး လက်တွဲခဲ့တာကြောင့် သူမနဲ့Larry King တို့လမ်းခွဲခဲ့ကြတယ်။)
.

ဇာတ်ကားရိုက်ကူးခဲ့တဲ့ သူတွေကတော့ တစ်ခြားသူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးအရမ်းနှစ်သက်ခဲ့ကြတဲ့ Little Miss Sunshine ကို ရိုက်ခဲ့ကြတဲ့ Jonathan Dayton နဲ့ Valerie Faris တို့နှစ်ယောက်ပါ။ သူတို့ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းဟာ ဟာသကို မသိမသာလေးယူထားပေမဲ့ တစ်ကယ့်လက်တွေ့ဘဝတွေကိုပဲ ထင်ဟပ်ပြသသေခဲ့တယ်။ Little Miss Sunshine မှာလည်း မိသားစုတစ်စုရဲ့ကမောက်ကမတွေနဲ့နောက်ဆုံးမှာ မိသားစုတန်ဖိုးကို သိသွားတဲ့အကြောင်းကို ရိုက်ပြခဲ့ကြတယ်။ သူတို့မိသားစုတစ်စုလုံး စင်ပေါ်မှာ တက်ကတဲ့ ဇာတ်ဝင်ခန်းဆို ကျွန်တော်မျက်ရည်ပါဝဲရတယ်။ ဘယ်တော့မှ မေ့လို့မရတဲ့ ဇာတ်ဝင်ခန်း။ နောက်တစ်ကားဖြစ်တဲ့ Ruby Sparks ကိုလည်း ကြည့်လိုက်။ Fantasy ဆန်တယ်လို့ပြောလို့ရပေမဲ့ လူ့သားရဲ့dark side တွေ၊ အတ္တတွေကို ပုံဖော်သွားခဲ့ပြန်သေးတယ်။ ထုံးစံအတိုင်းပဲ။ Ruby Sparks ရဲ့နောက်ဆုံးခန်းဟာလည်း မေ့လို့မရတဲ့ ဇာတ်ဝင်ခန်းပါပဲ။ ဒါပေမဲ့ ယခု Battle of the Sexes မှာတော့ သူတို့သွားနေကြ လမ်းကြောင်းလေးကနေ နည်းနည်းလေး သွေဖယ်သွားတာကို တွေ့ရတယ်။ ဘာလဲဆိုတော့ အရင်လို စိတ်ကူးယဉ်ဇာတ်တွေ မဟုတ်တော့ပဲ သမိုင်းကိုကိုင်လှုပ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုဆိုတော့ သူတို့သတိနဲ့ကိုင်တွယ်ခဲ့တာကို တွေ့ခဲ့ရတယ်။ ဒါကြောင့်ဇာတ်ကားရဲ့ဇာတ်လမ်းတင်ပြချက်ဟာ ကြွတက်သင့်သလောက် မတက်လာခဲ့ဘူးလို့တော့ ဆိုလို့ရတယ်။ ဒါပေမဲ့ ဘာပဲပြောပြောပါ။ သူတို့Directors နှစ်ယောက်ဟာ ဇာတ်ကားတိုင်းကို ရိုးရှင်းတဲ့ အနုပညာနဲ့ပဲ ဖန်တီးပြီး ပရိသတ်ကို အမြဲတမ်း tears of joy နဲ့tears of sadness တွေပေးတယ်။ Little Miss Sunshine ကစပြီး Ruby Sparks နဲ့အခု Battle of the Sexes အထိ သူတို့အနုပညာဟာ မကျသွားဘူး။ Hollywood ရဲ့ကိုယ့် fav gem တွေထဲက လူတွေပဲ။

.

ဇာတ်လမ်းမှာ အကြောင်းအရာ ၃ မျိုးကို ကျွန်တော်မြင်ခဲ့ရတယ်။ ပထမတစ်ချက်ကတော့ Feminism ပါပဲ။ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိသင့်တယ်ဆိုတာကို တင်ပြသွားတဲ့ ပထမတစ်ချက်။ ဒုတိယတစ်ချက်ကတော့ LGBT ပါပဲ။ ထိုအကြောင်းအရာ နှစ်ခုစလုံးဟာ ယနေ့ခေတ်မှာ လူပြောအများဆုံးနဲ့hot အဖြစ်ဆုံး အကြောင်းအရာတွေပါပဲ။ လက်ခံတဲ့သူတွေနဲ့လက်မခံတဲ့ သူတွေဟာ ယနေ့ထိ လွန်ဆွဲနေကြတုန်းပါပဲ။ နောက်ဆုံးတစ်ချက်ကတော့ ကျရှုံးမှ။ ကျရှုံုးမှုဆိုတာ လှပတဲ့အရာ မဟုတ်၊ အလွန်အကျည်းတန်တဲ့ အရာတစ်ခု။ ကိုယ့်ပြိုင်ဘက်ကို ကျရှုံးရတာထက် ကိုယ်အချစ်ဆုံး လူတစ်ယောက်ရဲ့အထင်ကြီးလေးစားမှုကို ဆုံးရှုံးသွားမှုက ပိုမိုကြီးမားတယ်ဆိုတာကိုပါ ဇာတ်ကားက တင်ပြသွားနိုင်ခဲ့တယ်။
.

တစ်ကယ်တော့ ထို Battle of the Sexes ဟာ တင်းနစ်အားကစားပြိုင်ပွဲကြီးတစ်ခု မဟုတ်ခဲ့ဘူး။ သူတို့ခေါ်ခဲ့ကြတဲ့ ဖိုမ အားပြိုင်တိုက်ပွဲ ဆိုတဲ့အတိုင်း အခြေခံသဘာဝတရား နှစ်ခုရဲ သမိုင်းမှာ မလိုအပ်တဲ့ ပြိုင်ပွဲကြီးတစ်ခုပဲ ဖြစ်ခဲ့တယ်။ တစ်ဘက်က ကမ္ဘာဦးအစကတည်းက ပိုမိုကြီးမားမြင့်မြတ်တယ်ဆိုတဲ့ အဆိုကို ဆက်လက်လက်ခံကျင့်သုံးဖို့ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပြီး ကျန်တစ်ဘက်ကတော့ တန်းတူညီမျှမှုဆိုတဲ့ ရိုးရှင်းတဲ့ ခေါင်းစဉ်လေးအတွက် ပြိုင်ပွဲဝင်ခဲ့ကြတယ်။ တစ်ကယ်တော့ လိုအပ်သလား။ မလိုအပ်ပါဘူး။ ဒါပေမဲ့ ဝမ်းနည်းစွာပဲ ယနေ့အထိ နေရာတိုင်းမှာ ကျား/ မ ခွဲခြားရေးလေးတွေဟာ မသိမသာလေးနဲ့လူ့အဖွဲ့အစည်းမှာ ရှင်သန်နေကြတုန်းပဲ။ ဒါပေမဲ့လည်း တိုက်ပွဲဝင်သူတေဟာလည်း ညီမျှခြင်းချဖို့ယခုအထိတိုက်ပွဲဝင်နေကြတုန်းပါပဲ။

Movie vs Real

IMDb’s Rating: 7/10
Rotten Tomatoes Rating: 86%

စာကြွင်း .. တင်းနစ်အတွက် Battle of the Sexes ကို ၃ ပွဲပြိုင်ခဲ့ကြပါတယ်။ ဝမ်းနည်းဖို့ကောင်းတာက ဒုတိယပြိုင်ပွဲတစ်ခုမှာပဲ အမျိုးသမီးတွေ အနိုင်ရရှိခဲ့ကြတယ်။ ကျန် ၂ ပွဲမှာတော့ အမျိုးသားတွေကို ကိုယ်စားပြုတဲ့ အမျိုးသားတင်းနစ်သမားတွေက အနိုင်ရရှိခဲ့ကြတယ်။
Billie Jean King ဟာ ယနေ့အထိ သက်ရှိထင်ရှားရှိနေဆဲဖြစ်ပြီး Bobby Riggs ကတော့ October 25, 1995 မှာ သေဆုံးသွားခဲ့တယ်။ သူမသေခင်အထိ သူတို့နှစ်ယောက်ဟာ မိတ်ဆွေတွေအဖြစ် ဆက်လက်နေထိုင်ခဲ့ကြတယ်။ Billie Jean က Bobby Riggs ရဲ့နောက်ဆုံးနေ့တွေမှာ မကြာခဏဖုန်းခေါ်ခဲ့ပြီး လူကိုယ်တိုင်လာရောက် ကြည့်ရှုချင်ပေမဲ့ Bobby Riggs က သူ့ရဲ့ရောဂါဖြစ်ပြီး ကျဆုံးနေတဲ့ ပုံကို Billie Jean ကို မမြင်စေချင်ခဲ့တဲ့ အတွက် လာတွေ့ဖို့တောင်းဆိုချက်ကို ငြင်းဆန်ခဲ့တယ်။ သူမဆုံးခင် ညမှာ Billie Jean က ထပ်ဖုန်းခေါ်ခဲ့တယ်။ သူမ Bobby Riggs ကို နောက်ဆုံးပြောခဲ့တဲ့ စကားကတော့ “I love you.” တဲ့။ တစ်ချိန်က ပြိုင်ဘက်တွေဟာ မိတ်ဆွေတွေအဖြစ် နောက်ဆုံးအချိန်အထိ ရပ်တည်သွားနိုင်ခဲ့ကြတယ်။
.

~WH~

WH
WH
5 min read