B E F O R E

Drama Apr 21, 2019

B E F O R E ရဲ့နိဒါန်း

Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို့နှစ်ဦးရဲ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြောင်းထိုင်လိုက်တယ်။ ဒီမှာတင် မလှမ်းမကမ်းနားမှာ သူမလိုပဲ စာအုပ်ထိုင်ဖတ်နေတဲ့ လူငယ်လေးတစ်ယောက်က သူမကို လှမ်းမေးလိုက်တယ်။ စောစောက လင်မယား ဘာကိစ္စနဲ့ စကားတွေများနေကြတာလဲ ဆိုပြီး …
.

အချိန်ကာလအားဖြင့် 18 နှစ်ကျော်ကြာမြင့် သွားတဲ့အခါ Greece ရဲ့ဟိုတယ်အခန်းကျဉ်းလေးတစ်ခုထဲမှာ လင်မယားနှစ်ယောက် စကားအခြေအတင် ငြင်းခုန်နေကြတယ်။ နှစ်ယောက်စလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်တွေ၊ နားလည်ခြင်းတွေကို ထုတ်ဖော်ပြီး ရန်ဖြစ်နေကြတယ်။ အကယ်၍ အခြေအနေတစ်ခု တိမ်းစောင်းသွားပါက သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးဟာ ပျက်စီးသွားကြတော့မယ်။ ဒါပေမဲ့ သူတို့မေ့နေတာက လွန်ခဲ့တဲ့ 18 နှစ်ကျော်က ရထားတစ်စင်းပေါ်မှာ လင်မယားနှစ်ယောက် ရန်ဖြစ်တာကို အကြောင်းပြုပြီး သူတို့နှစ်ယောက် စတွေ့ခဲ့ကြတယ်ဆိုတာကိုပဲ။
.

ကျွန်တော်တို့တွေ အမြဲပြောလေ့ရှိတဲ့ ဝေါဟာရလေးတစ်ခုရှိတယ်။ ရေစက်တဲ့။ လူသားနှစ်ဦးဟာ ရေစက်ရှိလို့ကံကြမ္မာက တမင်ဖန်တီးပေးတာလား၊ ဒါမှမဟုတ် ထိုရေစက်ဆိုတဲ့အရာကို မဖြစ် ဖြစ်အောင် ကျွန်တော်တို့လူသားတွေကပဲ ကံကြမ္မာကို လှည့်စားခဲ့ကြတာလား။ Before Trilogy လို့ရုပ်ရှင်ချစ်သူတွေရဲ့နှလုံးသားမှာ ရေပန်းစားတဲ့ Before Sunrise, Before Sunset နဲ့Before Midnight ဇာတ်ကားတွေကို ကြည့်ပြီးတဲ့အခါမှာ ပထမဆုံး စတွေးမိတဲ့ကျွန်တော့်ရဲ့အတွေးက ဒါပဲ။ ဘဝရဲ့တစ်နေ့နေ့တစ်ချိန်ချိန်မှာ လူသားတစ်ယောက်ကို တွေ့မယ်။ ပြီးတော့ ထိုလူသားကို ပြန်တွေ့အောင် သင်ဟာ နည်းမျိုးစုံနဲ့တမင်ဖန်တီးနေခဲ့မိမယ်။ ဒါတွေရဲ့မြစ်ဖျားခံရာက အချစ်ပဲ။


B E F O R E

သူ့နာမည်က James။ ဒါပေမဲ့ ရင်းနှီးတဲ့သူတွေက သူ့ကို Jesse လို့ပဲခေါ်ကြတယ်တဲ့။ ဒီတော့ ကျွန်တော်တို့လည်း သူ့ကို ရင်းနှီးတယ်လို့ခံစားရအောင် Jesse လို့ပဲ ခေါ်ကြတာပေါ့။ သူဟာ ချစ်သူကောင်မလေးဆီကို လာလည်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဥရောပကို ရောက်လာတယ်။ ဒါပေမဲ့ မဟန်တဲ့အခြေအနေတွေကို ရိပ်မိတဲ့သူဟာ ကျန်တဲ့ငွေနဲ့ပဲ အမေရိကားကို ပြန်ဖို့ထွက်လာခဲ့တယ်။ Vienna မြို့ကနေ လေယာဉ်နဲ့US ကို မထွက်ခွာခင် Vienna ကို ရထားတစ်စင်းစီးပြီး လိုက်လာတယ်။ ဒါပေမဲ့ ထိုရထားပေါ်မှာ ပြင်သစ်သူ မိန်းကလေးတစ်ယောက်ဟာ သူနဲ့မလှမ်းမကမ်းနားမှာ လာထိုင်ပြီး စကားစမည်ပြောဖြစ်တာကြောင့် ထိုကောင်မလေးကို သူစိတ်ဝင်စားသွားတယ်။ သူတို့နှစ်ယောက်ရဲ့စကားဝိုင်းဟာ မပြီးဆုံးသေးဘူးဆိုတာ သူသိတယ်။ ဒါကြောင့် အရဲစွန့်ပြီး Vienna မြို့ပေါ်ကို သူနဲ့အတူ တစ်ညလောက် လိုက်လည်ပြီး စကားတွေဆက်ပြောဖို့ဖိတ်ခေါ်ခဲ့တယ်။ အမှန်တော့ ဒါဟာ ရူးကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တစ်ခုလို့တစ်ချိ့က ထင်ကြေးပေးချင်ပေးကြလိမ့်မယ်။ ကျွန်တော်ကတော့ သူလုပ်သင့်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို့ပဲ မြင်တယ်။
.

လူသားနှစ်ယောက်ကို ဘယ်အရာက ဆက်စပ်ပေးတယ်လို့ခင်ဗျားတို့ထင်ကြသလဲ။ ကျွန်တော်ကတော့ ထိုလူသားနှစ်ယောက် ပြောဖြစ်တဲ့ စကားစအကြောင်းအရာတွေကပဲ လူသားနှစ်ယောက်ကို ဆက်စပ်ပေးတာလို့မြင်တယ်။ လောကမှာ ကိုယ်နဲ့လူတစ်ယောက် စကားပြောရင်း စကားစတွေပြတ်သွားမှာ ပြောမဲ့စကားတွေကုန်ခမ်းသွားမှာကို မသိစိတ်ကရော သိစိတ်ကပါ စိုးထိတ်နေပြီဆိုရင် ထိုအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးမခံသင့်ဘူး။ Director Richard Linklater ဟာ လူ့ဘဝရဲ့တန်ဖိုးအရှိဆုံးအချိန်တွေဟာ ဘယ်အချိန်တွေလဲဆိုတာ ကောင်းကောင်းသိခဲ့တဲ့သူပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် သူရေးဖွဲ့ခဲ့တဲ့ ဇာတ်ကောင် Jesse ဟာ Celine ကို စကားတွေ ဆက်ပြောဖို့ဖိတ်ခေါ်ခဲ့တယ်။ Celine လည်း မငြင်းဆန်ခဲ့ဘူး။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ရထားပေါ်က ဆင်းလာကြပြီး Vienna မြို့ပေါ်ကို ပထမဆုံး ခြေလှမ်းတွေ စလှမ်းပါတော့တယ်။
.

သူတို့မှာ သွားရမဲ့ Destination ဆိုတာ မရှိဘူး ။ ရောက်တတ်ရာရာ ခြေဦးတည့်ရင်း စကားတွေ ဆက်ပြောကြတယ်။ သူတို့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေဟာ အကြောင်းအရာ အမျိုးစုံတယ်။ ဘဝအကြောင်းတွေပါတယ်။ ခံယူချက်တွေပါတယ်။ အတွေးအခေါ်တွေပါတယ်။ နိုင်ငံရေးအကြောင်းအရာတွေပါတယ်။ ဘာသာရေးတွေပါတယ်။ မျက်စိရှေ့မှာ မြင်တွေ့နေတဲ့ မြင်ကွင်းတွေပါတယ်။ အချစ်ရေးတွေပါတယ်။ သူတို့စိတ်ကူးထဲမှာ ပေါ်ပေါက်လာတဲ့ အတွေးတွေအကုန်လုံးကို ပြောဖြစ်ကြတယ်။ Vienna မြို့လေးပေါ်က အုတ်လမ်းလေးတွေပေါ်က သူတို့နှစ်ယောက်ရဲ့ခြေသံတွေဟာ ထပ်ထပ်လာလေ သူတို့နှစ်ဦးပြောဖြစ်တဲ့ အကြောင်းအရာတွေဟာ ပိုပြီး ဆက်စပ်မှု ရှိလာလေလေပဲ။ ထိုညလေးဟာ တစ်ဖြည်းဖြည်းနဲ့ပိုနက်လာတယ်။ တစ်နေရာမှာ ဗေဒင်ဟောဆရာမတစ်ယောက်ကို တွေ့ခဲ့တယ်။ တစ်နေရာမှာတော့ ကဗျာဆရာတစ်ယောက်နဲ့တွေ့တယ်။ ထိုကဗျာဆရာဇာတ်ကောင်က ထူးဆန်းတယ်။ သူကလူတွေဆီကနေ ငွေကို အခမဲ့မတောင်းဘူး။ လူတွေကို စိတ်ထဲကရှိတဲ့ စကားလုံးတစ်လုံးကို ရေရွတ်ခိုင်းတယ်။ ထိုစကားလုံးကို အခြေခံပြီး ထိုခဏအတွင်း သူကဗျာတစ်ပုဒ်ဖွဲ့နွဲ့ရေးသားမယ်။ ဖတ်တဲ့သူတွေက နှစ်သက်မှ၊ ပြီးတော့ သူတို့ဘဝတွေမှာ တစ်ခုခုနဲ့ဆက်နွယ်တယ်လို့ခံစားရမှ သူ့ကိုစေတနာရှိသလောက် ငွေပေးကမ်းခဲ့ခိုင်းတာမျိုး။ သူက Jesse နဲ့Celine ကို ဖွဲ့ပေးလိုက်တဲ့ ကဗျာလေးက အရမ်းလှလွန်းတယ်။
.

Daydream delusion, limousine eyelash /
Oh baby with your pretty face /
Drop a tear in my wineglass /
Look at those big eyes /
See what you mean to me /
Sweet-cakes and milkshakes /
I'm a delusion angel /
I'm a fantasy parade /
I want you to know what I think /
Don't want you to guess anymore /
You have no idea where I came from /
We have no idea where we're going /
Lodged in life /
Like branches in a river/
Flowing downstream /
Caught in the current /
I carry you /
You'll carry me /
That's how it could be /
Don't you know me? /
Don't you know me by now?

ထိုညတစ်ညမှာ လရောင်ဟာ လင်းလက်နေခဲ့သလား၊ မှောင်မိုက်နေခဲ့သလားဆိုတာကိုတော့ သူတို့နှစ်ယောက်ပဲ အသိဆုံးဖြစ်ခဲ့လိမ့်မယ်။ ဒီလိုနဲ့နောက်နေ့မနက်မှာ ကိုယ်ပိုင်ခရီးတစ်ခုဆီကို သူတို့အသီးသီးဆက်သွားကြတော့တယ်။ လူသားတွေဟာ မတည်မြဲတဲ့ ကတိတွေကို ပေးတတ်တဲ့နေရာမှာတော့ ထူးချွန်ကြတယ်။ ဒီလိုပဲ သူတို့လည်း နောက် ၆ လကြာရင် ဒီမြို့လေးမှာ ပြန်တွေ့ကြမယ်ဆိုပြီး ကတိတွေပေးခဲ့ကြတယ်။
.

ထိုရုပ်ရှင်ဇာတ်ကားထွက်ခဲ့တုန်းက ပရိသတ်တိုင်းဟာ သူတို့နှစ်ယောက် ပြန်တွေ့ခဲ့ကြလား၊ မတွေ့ဖြစ်ခဲ့ကြဘူးလားဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ခဲ့ကြဘူး။ ကိုယ်ပိုင်ထင်ကြေးတွေ ပေးခဲ့ကြတယ်။ ထိုအဖြေကို နောက် ၉ နှစ်အကြာမှ ပရိသတ်တွေ ရခဲ့ကြတယ်။


နှစ်တွေကြာမြင့်ခဲ့ပြီ။ နောက် ၉ နှစ်အကြာမှာ ပါရီမြို့ရဲ့စာအုပ်ဆိုင်တစ်ဆိုင်မှာ မမျှော်လင့်ပဲ သူတို့ထပ်တွေ့ဖြစ်ကြတယ်။ Jesse ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရထားတစ်စင်းပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့စတင်တွေ့ဆုံခဲ့ပြီး Vinenna မြို့ပေါ်မှာ တစ်ညတာ အချိန်တွေ ကုန်ဆုံးခဲ့ပုံကို စာအုပ်ရေးခဲ့တာကြောင့် အခုတော့ အတော်အတန်အောင်မြင်စ စာရေးဆရာတစ်ယောက်ပေါ့။ စာနယ်ဇင်းသမား ၃ ယောက်ရဲ့အမေးတွေကို ဖြေကြားနေတဲ့ Jesse ကို ဘေးကနေ Celine ပြုံးကြည့်နေတယ်။ ဒီတစ်ခါ သူတို့ပြန်တွေ့ဖြစ်ကြတော့ လွန်ခဲ့တဲ့ ၉ နှစ်တုန်းကလို အချိန်တစ်ညလောက် မရဘူး။ ညနေ နေမဝင်ခင်မှာ Jesse က လေယာဉ်နဲ့အမေရိကားကို ပြန်ရမှာ။ အလွန်ဆုံး စကားလက်ဆုံပြောရ နာရီအနည်းငယ်ခန့်ပေါ့။ ဒါပေမဲ့ သူတို့ထိုညနေခင်းတစ်ခင်းကို လွန်ခဲ့တဲ့ ၉ နှစ်ကအတိုင်း စကားလုံးတွေနဲ့ကုန်ဆုံးကြပြန်တော့တယ်။ ထိုညနေခင်းရဲ့အဆုံးမှာ ဘာတွေ ဆက်ဖြစ်သွားကြသလဲ။ Celine က Jesse ကို သတိပေးလိုက်တယ်။ ရှင်တော့ လေယာဉ်မှီမှာ မဟုတ်တော့ဘူး တဲ့။
.

ထုံးစံအတိုင်း ပရိသတ်ကို ဘာဆက်ဖြစ်မလဲဆိုတာ မသေချာတဲ့ဇာတ်ကြောင်းနဲ့ချန်ထားရစ်ပြန်တယ်။ Jesse လေယာဉ်မှီသွားရဲ့လား။ သူတို့ဘာဆက်ဖြစ်ကြတော့မှာလဲ။ ထိုမေးခွန်းတွေရဲ့အဖြေကိုလည်း နောက် ၉ နှစ်ကြာမှ ပရိသတ်တွေ ရခဲ့တော့တယ်။


B E F O R E အပေါ် မိမိအမြင်

ဒီဇာတ်ကား ၃ ကားကို ကျွန်တော်ကြည့်ခဲစဉ်က ထူးထူးခြားခြား ဘယ်လို ခံစားခဲ့ရသလဲဆိုတော့ ရုပ်ရှင်တစ်ကားကို ကြည့်နေတယ်လို့မခံစားရပဲ စာအုပ်တစ်အုပ် (သို့မဟုတ်) ဆောင်းပါးတစ်ခုကို ဖတ်နေရသလိုပဲ ခံစားခဲ့ရတယ်။ အခုလို ခံစားချက်မျိုးက My Dinner with Andre (1981) ကို ကြည့်ခဲ့ရတုန်းကလည်း ခံစားဖူးတယ်။ ဒါပေမဲ့ ဇာတ်ကား ၃ ကားစလုံးကို ကြည့်ပြီးတဲ့အခါမှ ထို ၃ ကားစလုံးပေါင်းပြီး ရုပ်ရှင်တစ်ကားလို့ခံစားခဲ့ရတယ်။
.

လူအများစုက ယခုဇာတ်ကားတွေကို အချစ်ကားလို့သတ်မှတ်ကြပေမဲ့ ကျွန်တော်ကတော့ အချစ်ကားဆိုတာထက် ပိုတယ်လို့ခံစားရတယ်။ လူသားနှစ်ဦးရဲ့ဆက်စပ်မှုတွေ၊ တူညီတဲ့အတွေးစတွေကို ဖော်ထုတ်ပေးခြင်းလို့ပိုမြင်မိတယ်။ သူတို့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေကို ကြည့်မယ်ဆိုရင် Before Sunrise မှာတုန်းက သူစိမ်းတွေဆိုတော့ ခံယူချက်တွေ၊ ideas တွေ အစရှိတဲ့အကြောင်းအရာတွေကို ပိုမိုပြောဖြစ်ခဲ့ကြပြီး နောင် ၉ နှစ်အကြာ Before Sunset မှာ ပြန်တွေ့တော့ သူတို့ပြောတဲ့စကားတွေက လွန်ခဲ့တဲ့ ၉ နှစ်အတွင်းက ဖြစ်ခဲ့ကြတဲ့ ဘဝအသီးသီးရဲ့ဖြစ်စဉ်တွေကို ဖလှယ်ကြတယ်။ သူတို့ဘဝတွေဟာ ပရိသတ်တွေရဲ့ဘဝတွေ ဖြစ်လာတယ်။ ဒီလိုနဲ့နောက်ထပ် ၉ နှစ်အကြာ Before Midnight မှာ သူတို့ဘာတွေပြောကြပြီလဲဆိုတော့ အရင်လိုတစ်ယောက် မသိခဲ့တဲ့ ဖြစ်စဉ်တွေကို တစ်ယောက် ပြောနေတာထက် နှစ်ယောက်အတူတူ နှစ်ရှည်လများ ရှိနေခဲ့တာတောင် တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက် မမြင်နိုင်ခဲ့တဲ့ ခံစားချက်တွေပဲ။ ဒီဇာတ်ကားတွေဟာ ဘာထူးခြားသလဲဆိုတော့ သူတို့နှစ်ယောက်ရဲ့စကားဝိုင်းကို ကျွန်တော်တို့ဟာ တတိယလူအဖြစ်နဲ့ဝင်ရောက်နားထောင်နေခဲ့တဲ့အတွက် သူတို့နှစ်ယောက်အပြင် တတိယလူဖြစ်တဲ့ ပရိသတ်ကပါ ထိုဇာတ်ကောင်နှစ်ယောက်နဲ့ပိုမိုနီးစပ်လာတယ်ဆိုတာ သိသာစွာ ခံစားလာရတယ်။ ထိုဇာတ်ကောင် နှစ်ယောက်နဲ့ပရိသတ်ကြားမှာ ကာထားတဲ့ အလွှာပါးတစ်ချပ်ဟာ ဘယ်အချိန်မှာ လွင့်ပျံပျောက်ကွယ်သွားတယ်ဆိုတာ ပရိသတ်ဟာ ဘယ်တော့မှ သိလိုက်မိမှာမဟုတ်ဘူး။ ဒါဟာ သူတို့နှစ်ယောက်ရဲ့စကားလုံးတွေကြားမှာ သင်ဟာလည်း စီးမျောပါသွားလို့ပဲ။
.

Directing မှာ 90% က Casting လို့ directors တွေပြောတာ ကျွန်တော် ဖတ်ဖူးတယ်။ ဒီစကားသာ အမှန်ဆိုရင် ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Director Richard Linklater ကတော့ 90% စလုံးကို အောင်မြင်ခဲ့တယ်လို့ဆိုလို့ရတယ်။ ဒီဇာတ်ကား ၃ ကားလုံးမှာ ထူးခြားချက်တွေအကုန်လုံးက ထိုဇာတ်ကောင်နှစ်ယောက်ကို အသီးသီးပုံဖော်ခဲ့ကြတဲ့ Ethan Hawke နဲ့Julie Deply တို့နှစ်ယောက်ပဲ။ သူတို့နှစ်ယောက် သရုပ်ဆောင်တာကို ကြည့်ရတာ သရုပ်ဆောင်နေတယ်လို့လုံးဝမထင်ရဘူး။ သာမာန်အသိ လူသားနှစ်ယောက် လမ်းလျှောက်ရင်း စကားတွေ ပြောနေကြသလိုမျိုးပဲ။ 3 ကားစလုံးမှာ 10 မိနစ်ထက်ကျော်တဲ့ ဇာတ်ဝင်ခန်းတွေပါတယ်။ တစ်ချို့ဆို 17 မိနစ်ကျော်တယ်။ ထိုဇာတ်ဝင်ခန်းတွေကို သရုပ်ဆောင်ဖို့ဆိုတာ ဘယ်မင်းသား မင်းသမီးမှ တော်ရုံ သရုပ်မဆောင်နိုင်ဘူး။ ဒါပေမဲ့ အလွယ်ကူဆုံးကတော့ သရုပ်ဆောင် နှစ်ယောက်ကို Theme တစ်ခုချပြထားပြီး သူတို့ဆွေးနွေးပြောဆိုနေကြတာကို camera က လိုက်ရိုက်ကူးနေယုံပဲ။
.

dialogues တွေကိုစဉ်းစားပြီး 17 မိနစ်ကျော် သရုပ်ဆောင်ရတာထက် အခုလို လွတ်လပ်စွာ သရုပ်ဆောင်ရတာကို ကျွန်တော်က ပိုသဘောကျတယ်။ ဒါက ကျွန်တော့်အထင်ပါ။ သူတို့နှစ်ယောက် တစ်ကယ်လည်း ထိုပုံစံအတိုင်း သရုပ်ဆောင်ချင် ဆောင်ခဲ့ကြပါလိမ့်မယ်။ နောက်တော့ ကျွန်တော် သိခဲ့တာက ထိုသရုပ်ဆောင်နှစ်ယောက်စလုံး ဇာတ်ညွှန်းကို တစ်ခြားဇာတ်ညွှန်းရေးဆရာတွေနဲ့ပူးတွဲရေးသားခဲ့ကြလို့ပဲ။ ပထမဆုံး Before Sunrise မှာတော့ credits မပါခဲ့ပေမဲ့ နောက်နှစ်ကားမှာတော့ ဇာတ်ညွှန်းရေးဆရာနာမည်တွေမှာ သူတို့နှစ်ယောက်ပါခဲ့ကြတယ်။ ကိုယ်တိုင်ပူးတွဲရေးသားထားတဲ့ ဇာတ်ညွှန်းကို ကိုယ်တိုင်ပြန်သရုပ်ဆောင်ရတာ ပိုလွယ်ကူမယ်လို့မြင်မိလိုက်တယ်။ ဒီဇာတ်ကားတွေမှာ ဇာတ်ကြောင်းပြောတဲ့သူမရှိဘူး။ သူတို့ပြောနေတဲ့ စကားတွေကပဲ ဇာတ်ကောင်တွေကို ရင်းနှီးစေတယ်။ Jesse နဲ့Celine ဆိုတာ ရုပ်ရှင်ဆိုတဲ့ ဖျော်ဖြေမှုတစ်ခုရဲ့အလှပဆုံးတဖြစ်လဲ သဘာဝအကျဆုံး ဇာတ်ကောင်တွေပဲ။
.

Ethan Hawke ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Jesse ကို ကျွန်တော်သဘောကျတယ်။ သူက အချစ်ဆိုတာကို ယုံကြည်ခဲ့တဲ့လို့ပြောလို့ရတယ်။ ဒါကြောင့်လည်း Before Sunset အစမှ သူတို့နှစ်ယောက်ပြန်တွေ့တော့ Celine အသည်းအသန်မေးခဲ့တဲ့ မေးခွန်းက သူတို့ချိန်းခဲ့ကြတဲ့ နေရာလေးကို Jesse လာခဲ့သလားဆိုတာပဲ။ အစကတော့ မဖြေဘူး။ Celine တစ်ယောက် မလာခဲ့တာကို သိတော့ သူကိုယ်တိုင်လည်း ထိုအချိန်က လာခဲ့ရဲ့သားနဲ့မလာခဲ့ဘူးလို့လိမ်ပြောလိုက်တယ်။ ကျွန်တော် စောစောက ပြောခဲ့သလို ဖူးစာဆိုတာ လူသားတွေလိမ်ညာပြီး တမင်ဖန်တီးတဲ့အရာဆိုတာ ဒီနေရာမှာ မြင်လာရတယ်။ Jesse က ပြောတယ်။ ဒီစာအုပ်ထုတ်တယ်ဆိုတာ သူ့စိတ်ထဲက ရေးချင်စိတ်နဲ့ရေးလိုက်တာတဲ့။ Celine ကလည်း ပြောတယ်။ ဒီစာအုပ်ဆိုင်လေးက သူအမြဲလာနေကြနေရာလေးတဲ့။ တစ်ကယ်တော့ သူတို့နှစ်ယောက်စလုံး ညာခဲ့ကြတယ်။ Celine နဲ့ပြန်တွေ့လိုတွေ့ငြားဆိုတဲ့ စိတ်လေးနဲ့Jesse ဒီစာအုပ်လေးကို ရေးပြီးထုတ်ခဲ့တယ်။ Jesse တစ်ယောက် ထိုနေ့မှာ ထိုစာအုပ်ဆိုင်လေးမှာ စာနယ်ဇင်းမိတ်ဆက်ပွဲရှိတယ်ဆိုတာ သိလို့Celine တစ်ယောက် တမင်လာခဲ့တာ။ ဒါဟာ သူတို့ရဲ့ဖူးစာကို သူတို့ဖန်တီးခဲ့ကြတာပဲ။


ဒီဇာတ်ကားလေးတွေ ဖြစ်ပေါ်လာပုံကလည်း ရုပ်ရှင်ချစ်သူတွေ သိပြီးကြတဲ့အတိုင်း ထူးဆန်းပြီး လှပလွန်းတယ်။ Richard Linklater က 1989 တုန်းက သူ့ရဲ့ပထမဆုံးဇာတ်ကား Slacker ဆိုတဲ့ဇာတ်ကားရိုက်ကူးရေးအပြီး New York ကအပြန် Philadelphia မှာ သူစိမ်းအမျိုးသမီးတစ်ယောက်နဲ့စကားလက်ဆုံကြဖြစ်ခဲ့တယ်။ မြို့အနှံလမ်းလျှောက်သွားကြရင်းနဲ့ စကားဝိုင်းဟာ ပိုမိုကြာရှည်လာတယ်။ ထိုတစ်ညက အဖြစ်အပျက်ကို အခြေခံပြီး Before Sunrise ကို ရိုက်ကူးခဲ့တာပဲ။ ထိုအမျိုးသမီးနာမည်က Amy Lehrhaup တဲ့။ ဝမ်းနည်းဖို့ကောင်းတာတစ်ခုက ထိုရုပ်ရှင်ကား Before Sunrise တောင် ရုံမတင်ခင်မှာပဲ ထိုအမျိုးသမီးဟာ Motorcycle Accident နဲ့ဆုံးပါးသွားခဲ့တယ်။ ထိုအကြောင်းအရာတွေကို Richard Linklater က နောင် 15 နှစ်အကြာ 2010 မှ Public ကို ပြောပြခဲ့တယ်။

B E F O R E အပေါ် မိမိခံစားချက်

သူတို့နှစ်ယောက် ပြောခဲ့ကြတဲ့ စကားတွေထဲက တစ်နေရာမှာ Jesse က လူသားတွေရဲ့အသက်ရှင်ခြင်းနဲ့သေဆုံးခြင်းအတွေးကို ထုတ်ဖော်ပြခဲ့တယ်။ ကျွန်တော်အမြဲမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပဲ။ လူသားတွေဟာ တစ်ဘဝပဲလား ဆိုတာ။ တစ်ကယ်လို့ရှေးဘဝတွေ၊ နောက်ဘဝတွေ ရှိတယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်မြားစွာကထက် အခုအချိန်မှာ လူသားအရေအတွက်တွေ ကမ္ဘာပေါ်မှာ အဆပေါင်းမြောက်မြားစွာ ပိုများလာရတာလဲ။ ယနေ့ခေတ်လူသားတွေရဲ့ဝိဉာဉ်တွေဟာ ဘယ်ကနေ ရောက်လာကြတာလဲ။ Jesse ပြောခဲ့တဲ့အတိုင်းဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း 50,000 ကျော်လောက်က ကမ္ဘာပေါ်မှာ လူသားအရေအတွက် တစ်သန်းပင် မရှိဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း 10,000 လောက်ရောက်လာတော့ ကမ္ဘာပေါ်မှာ လူသားအရေအတွက် နှစ်သန်းကျော်နေပြီ။ သူပြောခဲ့တဲ့ 1995 တုန်းက ကမ္ဘာပေါ်မှာ 6 Billion ခန့်လောက် လူသားတွေ ရှိနေပြီ။ ဟိုတုန်းက လူသားတွေရဲ့ကြွေလွင့်သွားတဲ့ ဝိဉာဉ်တွေဟာ အစိပ်စိပ်အပိုင်းဖြစ်သွားပြီး ယခုမှာ အရေအတွက်တွေ ပိုမိုများပြားလာတာလားလို့သူတွေးပုံကို ပြောပြတယ်။ တစ်ကယ်လို့လူသားတွေဟာ ဒီတစ်ဘဝတစ်ခုတည်းဆိုရင် ဘာကြောင့် အရည်မရ၊ အဖတ်မရ လူ့ဘဝကြီးကို ကျွန်တော်တို့တွေ ရနေရတာလဲ။ ဘာအဓိပ္ပာယ်များ ရှိနေလို့လဲ။
.

နောက်တော့ မွေးဖွားခြင်းနဲ့သေခြင်းတရားကို သူယှဉ်ပြသွားပုံကိုလည်း ကျွန်တော်သဘောကျတယ်။ သူ့သူငယ်ချင်းတစ်ယောက်ရှိတယ်တဲ့။ ထိုလူက သူ့မိန်းမကလေးမွေးတာကို ကြည့်နေချိန်မှာ ဖြစ်ပေါ်လာတဲ့ အတွေးစလေးတစ်ခု။ ယခုမှ လူ့လောကထဲကို တိုးဝင်လာတဲ့ လူသားလေးဟာ သူ့ဘဝရဲ့ပထမဆုံးအသက်ကို မနည်းအားယူပြီး ရှုနေတယ်။ ဒီအချိန်မှာ ဖခင်လုပ်တဲ့သူက ကြည့်နေရင်း ဘာကို သွားစဉ်းစားမိသလဲဆိုတော့ ယခုမှ လူ့လောကထဲတိုးဝင်လာတဲ့ လူသားတစ်ယောက်ဟာ တစ်ချိန်မှာ သေဆုံးမယ်ဆိုတဲ့ သေခြင်းတရားအတွေးကို စဉ်းစားခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း နောင်တစ်ချိန်မှာ ဖခင်ဖြစ်လာရင် ကိုယ့်ရင်သွေးကို ပထမဆုံးမြင်တဲ့အခါ စတွေးမိမဲ့အတွေးဟာ ဒီအတွေးပဲ ဖြစ်နေမိတော့မယ်။
.

Celine ပြောခဲ့တဲ့ စကားတွေထဲမှာ ကျွန်တော်သဘောကျခဲ့တာက မိမိဘဝမှာတွေ့ကြုံခဲ့ရတဲ့ လူသားတိုင်းဟာ အစားထိုးလို့မရဘူးဆိုတာပဲ။ လူသားတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ အသေးစိပ်အချက်ကလေးတွေရှိတယ်ဆိုတာပဲ။ သူမဇာတ်ကောင်ဟာလည်း လူသားတွေရဲ့အသေးစိပ်အချက်ကလေးတွေကို မှတ်သားထားတတ်ပြီး ဘယ်တော့မှ မမေ့တတ်တဲ့ သူမျိုး။ ငယ်ငယ်ကဆို ကျောင်းသွားတဲ့လမ်းမှာတောင် အမြဲတမ်း သစ်ပင်ပေါ်ကကျလာတဲ့ chestnuts သီးလေးတွေရဲ့လိမ့်ဆင်းသွားပုံတွေ၊ လမ်းဖြတ်ကူးနေတဲ့ ပုရွက်ဆိတ်တန်းလေးတွေ၊ သစ်ရွက်ကလေးတွေရဲ့အရိပ်ကလေးတွေ လိုက်ကြည့်နေတတ်လို့အမြဲကျောင်းနောက်ကျခဲ့ဖူးတဲ့ သူမျိုး။
.

အသက်သုံးဆယ်ကျော်အရွယ် ရင့်ကျက်သွားပြီဖြစ်တဲ့ သူတို့နှစ်ယောက် Before Sunset မှာ ပြန်တွေ့တော့ ဇာတ်ကောင်နှစ်ယောက် ပြောခဲ့ကြတဲ့ စကားတွေဟာ သရုပ်ဆောင်နှစ်ယောက်ရဲ့ပြင်ပက လက်တွေ့ဘဝတွေကို မသိမသာထင်ဟပ်စေခဲ့တယ်။ အမှန်တော့ ထိုသရုပ်ဆောင်တွေဟာ သူတို့ရဲ့အပြင်က ဘဝတွေကိုပါ ရောပြီးပြောသွားခဲ့ကြတယ်။ အထူးသဖြင့် Jesse အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ethan Hawke ဟာ ထိုအချိန်တုန်းက မင်းသမီး Uma Thurman နဲ့ကွာရှင်းခါစ အချိန်ဖြစ်တာကြောင့် သူ့ဘဝအစစ်ကို သူပြန်ပြောနေသလိုတောင် မြင်ခဲ့ရတယ်။ ဘဝဆိုတာ ခက်ခဲတယ်တဲ့။ ငါတို့တွေဟာ ဘဝရဲ့ခါးသီးမှုတွေကိုသာ မခံစားရရင် ဘဝကနေ ဘာမှ သင်ယူဖြစ်မှာမဟုတ်ဘူးတဲ့။ ထို့အပြင် ဇာတ်ကောင်တွေဟာ အသက်အရွယ်ကြီးရင့်လာခြင်းရဲ့ဆုတ်ယုတ်မှုတွေကို ဘာနဲ့ပြောပြခဲ့သလဲဆိုတော့ Celine ရဲ့အိပ်မက်ဆိုးတစ်ခုမှာ သူမဟာ အသက် ၃၂ ဖြစ်နေတယ်တဲ့။ ဒီလိုနဲ့အိပ်မက်က နိုးလာတော့ အသက်က ၂၃ ဆိုလို့စိတ်ချမ်းသာသွားခဲ့တယ်။ ဒါပေမဲ့ တစ်ကယ့် အိပ်မက်အစစ်က နိုးထလာချိန်မှာတော့ သူမဟာ အသက် ၃၂ ဆိုတာ ပြန်သတိရသွားတယ်။ ဒါဟာ သူတို့အတွက် တစ်ကယ်အိပ်မက်ဆိုးတစ်ခုပဲ။ ကျွန်တော်ကိုယ်တိုင်လည်း နောင်နှစ်အနည်းငယ်ကြာတဲ့အခါ ထိုအိပ်မက်ဆိုးကို မက်နေမိတော့မယ်။
.

Notre Dame ဘုရားကျောင်းကြီးကို Seine မြစ်ပေါ်ကနေ သူတို့နှစ်ယောက် ငေးကြည့်နေတယ်။ ဒုတိယကမ္ဘာစစ်တုန်းက German တွေ စစ်ရှုံးလို့ပြန်ပြေးခါနီးမှာ ဒီဘုရားကျောင်းကြီးကို မိုင်းခွဲပြီး ဖျက်ဆီးဖို့စီစဉ်ခဲ့ကြတယ်။ မိုင်းကြိုးတွေသွယ်ပြီး မိုင်းခွဲဖို့စစ်သားတစ်ယောက်ကို ချန်ထားခဲ့တယ်။ ထိုစစ်သားဟာ Notre Dame ဘုရားကျောင်းကြီးရဲ့အလှကို ခံစားနေခဲ့တာကြောင့် သူမိုင်းမခွဲခဲ့ဘူး။ မဟာမိတ်တပ်သားတွေ ရောက်လာတော့ ဘုရားကျောင်းကြီးကို မိုင်းကြိုးတွေနဲ့သွယ်ပြီး မိုင်းခွဲတဲ့ခလုတ်ကို ပိတ်ထားတာကို တွေ့ခဲ့ကြတယ်တဲ့။ ဒီဇာတ်လမ်းကို Jesse က ပြောတော့ အဟုတ်လားလိုု့Celine က မေးတယ်။ ဟုတ်တယ်၊ မဟုတ်တယ် ဆိုတာကို သူမသိဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးကိုတော့ သူသဘောကျတယ်တဲ့။ သူသဘောကျသလို ကျွန်တော်တို့လည်း သဘောကျတယ်။ လောကရဲ့အလှအပတွေ၊ အနုပညာရဲ့အလှအပတွေကို ခံစားတတ်တဲ့သူတွေသာ ကမ္ဘာမှာ များပြားခဲ့ရင် စစ်ပွဲတွေဆိုတာ ရှိလာခဲ့မှာ မဟုတ်ဘူး။


ဒီဇာတ်ကား ၃ ကားစလုံးကို ကြည့်ပြီးသွားတဲ့ ပရိသတ်တစ်ယောက်အနေနဲ့ကိုယ်ဘယ်ဇာတ်ကားကို အကြိုက်ဆုံးလဲလို့မိမိကိုယ်ကို မေးမိကြလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း မေးခဲ့တယ်။ ဒါပေမဲ့ တိကျတဲ့အဖြေထက် ကွဲပြားတဲ့ အဖြေတွေကို ကျွန်တော်ရလာတယ်။ Before Sunrise ဇာတ်ကားကို ကြည့်ပြီး လူငယ်အများစုဟာ စိတ်ကူးယဉ်ကောင်း ယဉ်မိကြမယ်။ ကိုယ်နဲ့အရာအားလုံး ကိုက်ညီတဲ့ ထူးဆန်းတဲ့ အချစ်စစ်တစ်ခုကို အိပ်မက်တွေထဲကလို မမျှော်လင့်ပဲ တွေ့ဆုံမိမယ်။ ထို့နောက် စကားတွေ ပြောဖြစ်ကြမယ်။ ဝမ်းနည်းဖို့ကောင်းတဲ့ လမ်းခွဲချိန်လေးရောက်ပြီး ကြေကွဲဆို့နစ်မယ်။ ဒါကြောင့် Before Sunrise ဟာ ပရိသတ်အများစု လိုချင်တာတွေကို ပေးခဲ့တယ်။ ဒါပေမဲ့ Before Sunset ရောက်လာတဲ့အခါ ဇာတ်ကောင်တွေဟာ သရုပ်ပိုမှန်လာတယ်။ အရွယ်ရောက်လူသားတွေရဲ့ခက်ခဲတဲ့တာဝန်တွေ၊ ဝန်ထုတ်ဝန်ပိုးတွေ ထမ်းဆောင်နေရပုံတွေကို တွေ့လာရတယ်။ အချစ်ဆိုတာ အမျှင်တန်းလေးအနေနဲ့ပဲ တွေ့ရတယ်။ Before Midnight ရောက်တဲ့အခါမှာတော့ နာကျင်မှုတွေဟာ ပိုပြီးပြင်းထန်လာကြတယ်။ အရာတစ်ချို့ဟာ ပြောင်းလဲလာကြတယ်။ နေ့တစ်နေ့ရဲ့အဆုံးဟာ ညသန်းခေါင်ယံမတိုင်မှီအချိန်ဖြစ်သလို အချစ်တစ်ခုရဲ့နိဂုံးဟာလည်း ပွင့်ထွက်လာကြတဲ့ ခံစားမှုတွေ ပေါက်ကွဲမထွက်ခင်ကာလတစ်ခုပဲ။
.

Before Midnight ကို စဖွင့်တဲ့အခါ ကျွန်တော်တို့တွေ့ရတဲ့ Jesse နဲ့Celine ဟာ လွန်ခဲ့တဲ့ ၉ နှစ်ကနဲ့တစ်ခြားစီဖြစ်နေပြီ။ လွန်ခဲ့တဲ့ ၉ နှစ်ကလို ငယ်ရွယ်နုပျိုမှုတွေ မရှိတော့ဘူး။ အချစ်တွေတော့ ကျန်ကောင်းကျန်နေပါလိမ့်မယ်။ ဒါပေမဲ့ ဟန်ဆောင်မှုတွေလားလို့ သံသယဝင်မိလာတယ်။ ဒီဇာတ်ကားဟာ ထို ၃ ကားထဲမှာ သဘာဝအကျဆုံး၊ သရုပ်အမှန်ဆုံး တင်ပြထားခြင်းပဲ။ ဇာတ်ကောင်တွေမှာ တောက်ပတဲ့ အိပ်မက်တွေအစား နေ့စဉ်ဖြတ်သန်းတဲ့ဘဝတွေရုန်းကန်မှုတွေက အစားထိုးလာတယ်။ Jesse မှာ အရင်ကလို စူးရှတဲ့ မျက်ဝန်းတွေ မရှိတော့ဘူး။ Celine မှာ အရင်ကလို စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် မရှိတော့ဘူး။ ရီဝေနေတဲ့ မျက်ဝန်းတွေနဲ့အဆီတွေတက်နေတဲ့ ခန္ဓာကိုယ်တွေကို ကျွန်တော်တို့မြင်လာရတယ်။
.

လွန်ခဲ့တဲ့ 18 နှစ်ကျော်တုန်းက Vienna ရဲ့လမ်းမတွေပေါ်မှာ ပြင်သစ်သူလေး Celine တစ်ယောက် အချစ်ကိုရူးသွပ်စွာ ယုံကြည်ပုံကို ဘယ်လို ပြောခဲ့သလဲဆိုတော့ ထိုလူဟာ သူ့ဆံပင်ကို ဘယ်လိုပုံစံထားလာမှာ၊ ဘယ်အင်္ကျီကို ဘယ်နေ့မှာ သူဝတ်လာခဲ့တာ၊ ထိုလူရဲ့တိုက်ဆိုင်ရင် တိုက်ဆိုင်သလို ပြောလေ့ရှိတဲ့ အကြောင်းအရာတွေကို သူခန့်မှန်းတတ်လာခဲ့ပြီဆိုရင် သူဟာ ထိုလူကို တစ်ကယ်ချစ်နေမိပြီတဲ့။
.

ဒါပေမဲ့ အခုတော့ အချစ်ဆိုတာထက် ကျွန်မ ရှင့်ကို မချစ်နိုင်တော့ဘူးဆိုပြီး တံခါးကနေ ထွက်ခွာသွားတော့တယ်။ ထို ၃ ကားစလုံးမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်ဝင်ခန်းက Jesse ရဲ့Celine ကို ပြေလည်အောင် လိုက်ပြောတဲ့ ဇာတ်ဝင်ခန်းပဲ။ အချစ်တစ်ခုရဲ့အမှန်တရားတွေအကုန်လုံးကို ထို 10 မိနစ်အတွင်းမှာ ချပြခဲ့တယ်။ သရုပ်မှန်ဟာ လက်တွေ့ဆန်တယ်။ စိတ်ကူးယဉ်မဟုတ်ဘူး။ Perfect မဖြစ်ဘူးဆိုတာ သူပြောသွားခဲ့တယ်။

B E F O R E ရဲ့နိဂုံး

လူသားတွေ တစ်ကယ်ပြောင်းလဲကြလား။ အချစ်ဆိုတာကရော အချိန်နဲ့အတူ ပြောင်းလဲတတ်သလား။ ပမာဏကို တိုင်းတာလို့မရနိုင်ပေမဲ့ ပုံစံခြင်းတော့ ကွဲပြားသွားတတ်ကြပါတယ်။ အမှန်တော့ လူသားတွေဟာ မပြောင်းလဲကြပါဘူး။ ကိုယ့်ကိုကိုယ် ပြောင်းလဲကြတယ်လို့အထင်မှားနေကြတာပါ။ ကျွန်တော် ပထမဆုံး ပြောခဲ့တဲ့ ဖူးစာကို ပြန်ပြောမယ်ဆိုရင် ဇာတ်လမ်းအဆုံးမှာ Jesse နဲ့Celine တို့လမ်းခွဲခဲ့ကြသလား။ ရှေ့ဆက်လက်တွဲသွားကြသလား။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ သူတို့နှစ်ယောက် ရွေးချယ်တဲ့ ဆုံးဖြတ်ချက်တွေပဲ။ ကံကြမ္မာက သူတို့နှစ်ယောက်ကို နီးစပ်စေခဲ့တာ မဟုတ်ဘူး။ ကံကြမ္မာက သူတို့နှစ်ယောက်ကို ခွဲခွာစေခဲ့တာလည်း မဟုတ်ဘူး။ သူတို့နှစ်ယောက်စလုံးဟာ သူတို့ရဲ့ဆုံးဖြတ်ချက်ကိုပဲ ရွေးချယ်ခဲ့ကြတာ။ ဖူးစာဆိုတာ မရှိဘူး။ ကံကြမ္မာဆိုတာ မရှိဘူး။ ဖူးစာဆိုတာ ကျွန်တော်တို့လူသားတွေ ကံကြမ္မာကို ခုတုံးလုပ်ပြီး အသုံးချလို့ကောင်းတဲ့ စကားတစ်ခွန်းပဲ။

ရထားပေါ်က ဆင်းဖို့သူတို့ဆုံးဖြတ်ခဲ့ကြတယ်။
ဒီစာအုပ်ဆိုင်ကို ပြန်လာဖို့သူတို့ဆုံးဖြတ်ခဲ့ကြတယ်။
သူတို့နှစ်ယောက်ရဲ့ရန်ပွဲကိုလည်း …. ဖို့သူတို့ဆုံးဖြတ်ခဲ့ကြတယ်။

Before Sunrise က 1995 တုန်းက ထွက်ခဲ့တယ်။ Before Sunset ကိုတော့ 2004 မှာ ထွက်ခဲ့ပြီး နောက်ဆုံးကား Before Midnight ကို 2013 မှာထွက်ခဲ့တော့ အကယ်၍ 2013 အပြီး နောင် 9 နှစ်အကြာ 2022 မှာ နောက်ထပ် Before တစ်ကားကို ကျွန်တော် စောင့်ချင်တယ်။ Richard Linklater ရော၊ Julie Delpy ရော Ethan Hawke ရော ကျွန်တော်ရော 2022 ထိ အသက်ရှိထင်ရှား ရှိနေအုံးမယ်ဆိုရင်တော့ ကျွန်တော့်အတွက် မျှော်လင့်ချက်ကလေး ရှိချင်ရှိနေအုံးမှာပါ။
.

~WH~

Great! You've successfully subscribed.
Great! Next, complete checkout for full access.
Welcome back! You've successfully signed in.
Success! Your account is fully activated, you now have access to all content.