ဒီဇာတ်ကားထဲက ဇာတ်ကောင်ကို ကျွန်တော် ဝေဖန်မှာမဟုတ်ပဲ Director Luis Buñuel နဲ့ ဇာတ်ညွှန်းရေးဆရာ Jean-Claude Carrière တို့ ပုံဖော်ခဲ့ကြသလိုပဲ ကိုယ်လှမ်းမြင်နိုင်တဲ့ အကွာအဝေးတစ်ခုကနေ ကြည့်ပြီး ဆွေးနွေးသွားမှာပါ။
ဇာတ်ကောင်ကို ပြောရမယ်ဆိုရင် ဇာတ်လမ်းကိုပြောတာနဲ့ သွားတူလိမ့်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ တင်ပြထားတဲ့ ယခုဇာတ်ကားဟာ ဇာတ်ကောင်စရိုက်ကိုပဲ အပြည့်အခြေခံထားပြီး ဇာတ်ကောင်ရဲ့ လုပ်ရပ်ဖန်တီးမှုတွေနဲ့ အတွေးစတွေကို ပုံဖော်ထားလို့ ပဲ။
.
Séverine Serizy ဆိုတဲ့ အသက်ခပ်ငယ်ငယ် အမျိုးသမီး အိမ်ထောင်ရှင်မတစ်ယောက်၊ စစ်ကြီးပြီးတဲ့ကာလ နောက်ပိုင်းက ပါရီမြို့ ပေါ်က လူကုံထံအသိုင်းအဝိုင်းထဲက အမျိုးသမီးတစ်ယောက်ပါ။ သူမ လက်ထပ်ယူထားတဲ့ အမျိုးသားကလည်း အောင်မြင်ကာစ ခွဲစိပ်ဆရာဝန် လူငယ်တစ်ယောက်။ ပြောရမယ်ဆိုရင် ထိုခေတ်ကာလ အနေနဲ့ စိတ်ညစ်ညူးစရာ တစ်ခုတလေမှ မရှိလောက်ဘူးလို့ ပြောလို့ ရတဲ့ ဘဝတွေပေါ့။ ဒါပေမဲ့ လူသားတွေဟာ လူသားပီပီ စိတ်ညစ်စရာ မရှိတာကို စိတ်ညစ်တတ်ကြတယ်။ ပြဿနာမဟုတ်တာကို ပြဿနာလို့ ခံယူတတ်ကြတယ်။ လူသားတွေရဲ့ စိတ်ဟာ ထူးဆန်းတယ်။ တစ်ခုခုကို အလိုမကျဖြစ်နေမှ နေ့ စဉ်ရှင်သန်နေရတဲ့ နေ့ ရက်တွေဟာ အဓိပ္ပာယ်ရှိတယ်လို့ ခံယူတတ်ကြပုံပဲ။
.
.
Séverine ဟာ အမှန်တော့ လိင်စိတ်ကင်းမဲ့နေတာမျိုး မဟုတ်ဘူး။ သူမခင်ပွန်းဖြစ်သူနဲ့ သာ ဆက်ဆံဖို့ စိတ်မပါပေမဲ့ သူမစိတ်ကူးတွေ၊ အတွေးတွေမှာတော့ သူမကို ရက်စက်တဲ့နည်းတွေနဲ့ သူမခင်ပွန်းဖြစ်သူရော၊ တစ်ခြားသူစိမ်းယောက်ျားသားတွေကပါ လိင်ဆက်ဆံကြတာကို အမြဲစိတ်ကူးယဉ်လေ့ရှိတယ်။ (ဇာတ်ကားကို ဘာနဲ့ စဖွင့်သလဲဆိုတော့ တောအုပ်တစ်နေရာမှာ သူမနဲ့ ခင်ပွန်းဖြစ်သူတို့ မြင်းလှည်းစီးပြီး တစ်နေရာမှာ ခင်ပွန်းက မြင်းလှည်းကို ရပ်ခိုင်းလိုက်တယ်။ နောက်တော့ သူမကို လှည်းပေါ်က အတင်းဆွဲချပြီး အဝတ်တွေကို ဖြဲကာ သစ်ပင်တစ်ခုမှာ ကြိုးတုပ်ထားလိုက်တယ်။ သူမက ငိုယိုပြီး တောင်းပန်နေတာပေါ့။ ဒါနဲ့ ခင်ပွန်းက သူမကို ကျာပွတ်နဲ့ ရိုက်ဖို့  မြင်းလှည်းမောင်းသမားတွေကို အမိန့် ပေးလိုက်တယ်။ ထို့ နောက် ထိုမြင်းလှည်းသမားတွေက သူမကို မုဒိန်းကျင့်ကြတယ်။ ဒီအချိန်မှာ သူမ ခင်ပွန်းဖြစ်သူကို လှမ်းပြောလိုက်တဲ့ စကားက “Pierre, please, don't let the cats out!"  ဒါဟာ သူမရဲ့ စိတ်ကူးတွေ၊ သူမတစ်ယောက်တည်း သိတဲ့ စိတ်ကူးတွေ။)
.
Séverine မုန်းတီးတယ်လို့ ဆိုနိုင်လောက်တဲ့ ယောက်ျားတစ်ယောက်တော့ ရှိတယ်။ သူ့ နာမည်က Henri Husson။ Henri က Pierre ရဲ့ မိတ်ဆွေ။ ဒါပေမဲ့ သူ့ အကြည့်တွေက မရိုးသားတဲ့အကြည့်တွေနဲ့ သူ။ ရမယ်ဆိုရင် Séverine နဲ့ ဖောက်ပြန်ချင်တဲ့ သူမျိုး။ ဒါကိုလည်း Séverine က သိလို့ ထိုသူကို မလိုလားခဲ့တာ။ ဒီလိုနဲ့ သူမ မိတ်ဆွေတစ်ယောက်ဆီကနေ ပါရီမြို့ ပေါ်မှာ ဆောင်ကြာမြိုင်အိမ်တွေ ရှိနေခဲ့တာကို သူမ သိလာတယ်။ တစ်ရက် စကားပြောကြရင်းနဲ့ ပဲ Henri ကနေ ဆောင်ကြာမြိုင်လိပ်စာ တစ်ခုကို သူမရလာခဲ့တယ်။ ဒါဟာ သူမရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တော့မဲ့ နေရာတစ်ခုဆိုတာ သူမသိလာတယ်။ ဒီလိုနဲ့ သူမဟာ ထိုအိမ်ကို ရောက်သွားပြီး နေ့ ခင်းပိုင်းတွေမှာ ပြည့်တန်ဆာတစ်ယောက်အဖြစ် အလုပ် သွားလုပ်ကိုင်ပါတော့တယ်။
အစကတော့ သူမဟာ ထိတ်လန့် နေတယ်။ သူမ ဆုံးဖြတ်ချက်တွေ မှားပြီလားလို့ တောင် သံသယ ဝင်လာမိတဲ့အထိ။ ဒါပေမဲ့ လူသားတစ်ယောက်ရဲ့ ဆန္ဒဟာ ထိန်းချုပ်ထားလို့ မရနိုင်ပါဘူး။ သူမဟာ သူမရဲ့ ထူးဆန်းတဲ့ဆန္ဒကို အရှုံးပေးခဲ့မိတယ်။ ဒီလိုနဲ့ နေ့ လည်ဘက်တွေမှာ ပြည့်တန်ဆာတစ်ယောက် အဖြစ်လုပ်ကိုင်ပြီး ညနေ 5 နာရီဆိုတာနဲ့ ခင်ပွန်းဆီကို အိမ်ပြန်လေ့ရှိပါတယ်။ သူမရဲ့ ပြည့်တန်ဆာနာမည်ကတော့ Belle De Jour တဲ့။
.
ဒီနေရာက စပြီး Séverine ဇာတ်ကောင်နေရာကို ဝင်ရောက်ခံစားကြည့်ကြရအောင်။ သူမဟာ ငွေကြေးလိုအပ်နေလို့ လား။ မဟုတ်ပါဘူး။ ဒါဆိုသူမဟာ ခပ်ရိုင်းရိုင်းပြောရရင် ဝါသနာအရ လုပ်တာလား။ ဒီလိုလည်း ကျွန်တော် မမြင်မိဘူး။ သူမရဲ့ လိင်စိတ်အာသီသ က လူအများစုနဲ့ မတူပဲ ထူးဆန်းနေရုံသပ်သပ်ပါ။ ကြမ်းတမ်းတဲ့ လိင်အရသာကို သူမခံစားချင်တယ်။ ပြင်းပြတဲ့ ရမက်နဲ့ သူမကို လူမဆန်စွာ ရက်ရက်စက်စက် ဆက်ဆံတာမျိုးကို သူမတောင့်တတယ်။ ထိုစိတ်တွေကို တောင့်တနေတာက သူမကိုယ်တိုင် လက်မခံချင်တဲ့ မသိစိတ်မျိုး။ ဒါပေမဲ့ လူသားပီပီ လိင်စိတ်ရဲ့ နှိုးဆော်မှုကို အရှုံးပေးခဲ့လိုက်တော့တယ်။ သူမ ခင်ပွန်းဖြစ်သူဟာ အလုပ်ကိုပဲ အချိန်ပြည့်နီးပါး အာရုံစိုက်နေတဲ့ သူမျိုး။ ဒါပေမဲ့ သူမ ဆန္ဒတွေကိုတော့ ဖြည့်ဆည်းပေးဖို့ ဝန်မလေးတဲ့ လူငယ်တစ်ယောက်။ သို့ သော် သူမရဲ့ စိတ်ရိုင်းထဲမှာ ယခုလို အတွေးမျိုးတွေ အာသီသဆန္ဒတွေ ကိန်းအောင်းနေတယ်ဆိုတာကိုတော့ သိခဲ့သူတစ်ယောက် မဟုတ်ဘူး။
.
Séverine ရဲ့ စိတ်ကူးရိုင်းတွေထဲက ဇာတ်လမ်းတွေကို ပြန်ကြည့်ကြရအောင်။
ကျွန်တော်စောစောက ပြောပြခဲ့တဲ့အတိုင်း သူမဟာ Henri ဆိုတဲ့ လူကို ကြည့်ရတာ မဟုတ်ဘူး။ မြင်ပြင်းကပ်နေပုံပါပဲ။ ဒါပေမဲ့ သူမရဲ့ စိတ်ကူးအများစုမှာတော့ ထိုသူ ပါဝင်နေတယ်။ စိတ်ကူးတစ်ခုမှာ သူမဟာ အဖြူရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး တောစပ်က တိုင်တစ်တိုင်မှာ ကြိုးချည်ခံထားရတယ်။ သူမကိုယ်ပေါ်က အဝတ်စလေးတွေဟာ လေနဲ့  အတူလွင့်ပျံနေကြတယ်။ ဒီအချိန်မှာ ခင်ပွန်းဖြစ်သူ Pierre နဲ့  Henri တို့ နှစ်ယောက်ဟာ မြေကြီက မြေသားရွှံတွေကို ကော်ယူပြီး သူမကို ကောက်ပစ်ကြတယ်။ သူမရဲ့ မျက်နှာတွေရော၊ ကိုယ်လုံးတွေမှာပါ ရွှံတွေပေကျံလို့ ။ ယောက်ျားနှစ်ယောက်ဟာ နားမခံသာတဲ့ စကားတွေနဲ့ သူမကို မိန်းမပျက်လို့ သမုတ်ခေါ်ဆိုနေကြတယ်။ နောက်ထပ် စိတ်ကူးတစ်ခုကတော့ စားသောက်ဆိုင်တစ်ခုမှာ သူတို့ ထိုင်နေကြတယ်။ ထို့ နောက် Henri က ဝိုင်ပုလင်းတစ်ခုကို ခွဲလိုက်ကာ ထိုပုလင်းကို ယူပြီး Pierre ရှေ့ မှာပဲ Séverine နဲ့ စားပွဲအောက်မှာ လိင်ဆက်ဆံကြတယ်။ ဒီအချက်က ဘာဖြစ်သွားသလဲဆိုတော့ ကျွန်တော်တို့ ဟာ သူမရဲ့ အတွင်းစိတ်ကို ကောင်းစွာ မသိနိုင်ခဲ့ဘူး။ သူမရဲ့ Fantasies တွေမှာ သူမမုန်းတီးတဲ့ကို ယခုလို သူမစိတ်ကူးတယ်ဆိုတာ သူမကိုယ်တိုင်ရော သူမစိတ်ကို နားလည်နိုင်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ လက်တွေ့ ဘဝနဲ့ နီးစပ်တာကို ပြောရမယ်ဆိုရင် တစ်ခါတစ်ရံမှာ လူသားတွေရဲ့ မသိစိတ်က သိစိတ်ရဲ့ လိမ်ညာခြင်းကို ဖွင့်ဟပြတတ်တယ်လေ။ ဒါကိုပဲ ထိုဇာတ်ဝင်ခန်းတွေက ကိုယ်စားပြုခဲ့တယ်လို့ ဆိုလို့ ရနိုင်တယ်။
.
.
ဒီဇာတ်ကားမှာ ရိုက်ကူးခဲ့သူ Director Luis Buñuel နဲ့ ဇာတ်ညွှန်းရေးဆရာ Jean-Claude Carrière တို့ ဟာ ထို Séverine ဇာတ်ကောင်ကို သူရူးတစ်ယောက်အဖြစ် ပုံဖော်ခဲ့တာ မဟုတ်ဘူး။ ဇာတ်ကောင်ရဲ့ သာမာန်မဟုတ်သော ဆန္ဒတွေရဲ့ ပေါက်ဖွားရာ အရင်းအမြစ်ကို နားလည်ရခက်ခဲတယ်ဆိုတာပဲ တင်ပြခဲ့တာ။ ပြောရမယ်ဆိုရင် ယခုဇာတ်ကားဟာ Director Luis Buñuel ရဲ့ မသေဆုံးခင် နောက်ဆုံးနှစ်တွေထဲက အအောင်မြင်ဆုံး ရုပ်ရှင်လို့ လဲ ပြောလို့ ရသလို Séverine အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Catherine Deneuve ရဲ့ ဆယ်စုနှစ်အတွင်း အအောင်မြင်ဆုံး ရုပ်ရှင်လို့ ပြောလို့ ရတယ်။ (သူမကို ထိုခေတ်က ပရိသတ်တွေ စတင်သတိထားမိခဲ့ကြတာက Director Roman Polanski ရိုက်ခဲ့တဲ့ Repulsion ဆိုတဲ့ ဇာတ်ကားနဲ့ ပါ။) ရုပ်ရှင် မရိုက်ကူးခင်မှာ Director Luis Buñuel က မင်းသမီး Catherine Deneuve ကို သတိပေးခဲ့တဲ့ စကားတစ်ခွန်းက ‘Don’t do anything. And above all, don’t . . . perform.’ တဲ့။
.
ကျွန်တော် တစ်ခုပြောပြမယ်။ ယခု Belle De Jour ဇာတ်ကားမှာ ရိုင်းစိုင်းတဲ့ ကြမ်းတမ်းတဲ့ Sex scenes တွေ တစ်ခန်းမှ မပါဘူး။ နောက်ဆုံးပြောမယ်။ Sex scene လို့ မည်မည်ရရပြောရလောက်မဲ့ ဇာတ်ဝင်ခန်းတွေတောင် မပါဝင်ခဲ့ဘူး။ ဒါပေမဲ့ အလွန်ကို Sexy ဆန်တဲ့ တင်ပြချက်တွေလို့ တော့ ကောက်ချက်ချခဲ့လိုက်မယ်ဆိုရင် ယခုဇာတ်ကားကြည့်ဖူးတဲ့ သူတိုင်း ငြင်းကြလိမ့်မယ် မထင်ဘူး။
.
ယခု ဇာတ်ကားဟာ မရှင်းပြခဲ့တဲ့ အချက်တွေ များပြားလွန်းတယ်။ တိကျတဲ့ အဖြေတွေ မပေးသွားခဲ့ဘူး။ Séverine ရဲ့ Fantasies တွေထဲမှာ အမြဲ ပါဝင်လေ့ရှိတာက ကြောင်အော်သံတွေရယ်၊ ကြောင်နဲ့ သက်ဆိုင်တဲ့ စကားတွေရယ်ပဲ။ ဘာကြောင့်လဲဆိုတာ ကျွန်တော် အတိအကျမသိပေမဲ့ ရုပ်ရှင်ကြည့်နေစဉ်အတွင်း စဉ်းစားမိတဲ့ အတွေးက ထိုကြောင် ဆိုသောအရာသည် မိန်းမဆန်သော အရာကို ကိုယ်စားပြုတယ်လို့ ခံစားရတယ်။ Feminine နဲ့ ပတ်သက်ရင် အနုပညာနဲ့ ပတ်ဝန်းကျင်မှာ ကြောင်တွေနဲ့ တင်စားတတ်ကြတယ်။ ကြောင်မလေးနဲ့ တူတယ်တို့ ။ Hello Kitty တို့ ၊ Catwoman တို့ ကို ကြည့်လိုက်ရင် ကြောင်တွေဟာ မိန်းမတွေကို ကိုယ်စားပြုတဲ့ နေရာအများစုမှာ သုံးထားတာကို တွေ့ ရတယ်။ ကျွန်တော် ဖတ်ရသလောက်ဆိုရင် လူနည်းစုဟာ Original version ကို ကြည့်ဖူးခဲ့ကြပုံပဲ။ သူတို့ အပြောအရ ဇာတ်ကားရဲ Climax မှာ Séverine ရဲ့ အဝတ်ဗလာနီးပါးဖြစ်နေတဲ့ ကိုယ်ပေါ်ကို ကြောင်တွေအများကြီး တက်လာတဲ့ ဇာတ်ဝင်ခန်း ပါခဲ့တယ်တဲ့။ ဒါပေမဲ့ ကျွန်တော် အပါအဝင် လူများစုကြည့်ခဲ့ရတဲ့ ဇာတ်ကားထဲမှာတော့ ကြောင်ဆိုတာကို အော်သံလေးပဲ ကြားခဲ့ရတယ်။
.
ဇာတ်လမ်းဟာ အချိန်ကြာမြင့်လာတာနဲ့ အမျှ Séverine ရဲ့ စိတ်ကူးတွေနဲ့ လက်တွေ့ ဘဝဟာ ရောယှက်လာတာကို ကျွန်တော်တို့ တွေ့ ရတယ်။ ဇာတ်ဝင်ခန်းတစ်ခန်းမှာ ကျွန်တော်ဟာ အခုထိ ထိုအခန်းဟာ သူမရဲ့ စိတ်ကူးယဉ် Fantasy လား၊ တစ်ကယ့် အပြင်က ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်လားဆိုတာ ဝေခွဲမရ ဖြစ်လာခဲ့တယ်။ Séverine ဟာ လမ်းမဘေးက ကော်ဖီဆိုင် တစ်ဆိုင်မှာ ထိုင်နေတယ်။ မြင်းလှည်းတစ်စီးဟာ အနားရောက်လာပြီး မြင်းလှည်းပေါ်က လူတစ်ယောက် ဆင်းလာကာ Séverine နဲ့ စကားပြောကြတယ်။ ကြည့်ရတာ Séverine ကလည်း သူ့ ကို စောင့်နေတဲ့ ပုံမျိုးပါပဲ။ ဒါနဲ့ ထိုမြင်းလှည်းပေါ်က လူက Séverine ကို သူ့ အိမ်ကြီးကို ခေါ်သွားတယ်။ ဇာတ်လမ်း အစတုန်းက သူမရဲ့ စိတ်ကူးထဲက အတိုင်းပါပဲ။ သစ်ပင်တောအုပ်တွေကြားထဲက မြင်းလှည်းလေးပေါ်မှာ သူတို့ စီးလာကြတယ်။ တောအုပ်ရဲ့ အစပ်နားမှာ ခမ်းနားတဲ့ အိမ်ကြီးတစ်အိမ်ကို သူတို့ ဝင်သွားတယ်။ ထို့ နောက် သူမကို အဝတ်ချွတ်စေပြီး တစ်ကိုယ်လုံးကို ဇာအဝတ်စလေး ဝတ်ဆင်စေတယ်။ ပြီးတော့ အခေါင်းတစ်ခုထဲမှာ သေတဲ့ဟန် အဖြစ် နေစေပြီး ထိုသူက သူ့ သမီးလေးသေတဲ့ ဟန်မျိုးလုပ်ပြီး ငိုယိုတယ်။ နောက်တော့ သူမ ရဲ့ အခေါင်းအောက်ကို ဝင်ပြီး လက်နဲ့ အာသာဖြေပါတော့တယ်။ ဒီအချိန်မှာ အိမ်စောင့် အဖိုးကြီးက ဝင်လာပြီးပြောတဲ့ စကားက “Shall I bring in the cats?” တဲ့။
.
ဒီတော့ ကျွန်တော် စမ်းစစ်မိတဲ့ မေးခွန်းက ဒီဇာတ်ဝင်ခန်းဟာ တစ်ကယ်လား၊ သူမစိတ်ကူးတွေထဲက ဇာတ်လမ်းတစ်ခုလား ဆိုတာပဲ။ သူမရဲ့ လိင်စိတ်ကူးဇာတ်လမ်းတွေမှာ မြင်းလှည်းတွေ ပါတယ်။ တောအုပ်ကြီးတွေပါတယ်။ နောက်ပြီး ကြောင်တွေပါတယ်။ ဒါကြောင့် ကျွန်တော်က ထိုဇာတ်ဝင်ခန်းကို သူမရဲ့ လိင်စိတ်ကူးဇာတ်လမ်းလို့ ယေဘုယျ ကောက်ချက်ချတယ်။ ဒါပေမဲ့ Director Luis Buñuel က ထိုအခန်းဟာ သူမ စိတ်ကူးမဟုတ်ဘူးလို့ ငြင်းခဲ့တယ်။ ဒါဟာ သူမရဲ့ နေ့ စဉ် ပြည့်တန်ဆာ ဘဝထဲက နေ့ တစ်နေ့ ကို တင်ပြထားတာပါတဲ့။ ကိစ္စပြီးစီးသွားတဲ့အခါမှာ သူမက အိမ်အပေါက်ဝနားမှာ ရပ်နေတယ်။ အိမ်စောင့် အဖိုးကြီးက လာပြီး သူမကို ပြန်တော့လေလို့ ပြောတယ်။ အပြင်မှာ မိုးတွေရွာနေလို့  လို့ သူမဖြေလိုက်တဲ့အခါ ထိုအိမ်စောင့်ကြီးက သူမကို အပြင်ကို တွန်းထုတ်ပြီး အိမ်ပေါ်က မောင်းချကာ တံခါးပိတ်ပစ်လိုက်တော့တယ်။
.
ပြောရမယ်ဆိုရင်  ယခုဇာတ်ကားဟာ Erotic movies တွေမှာ ယနေ့ တိုင် အထင်ကရဖြစ်နေဆဲ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားပါ။ ဒါပေမဲ့ ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ သိသာထင်ရှားတဲ့ sec scenes တွေတောင် မပါဝင်ခဲ့တဲ့ ယခုဇာတ်ကားက ဘာကြောင့် အကောင်းဆုံး Erotic movie လို့ လူတစ်ချို့ က သတ်မှတ်ကြတာလဲ။ ပြောရမယ်ဆိုရင် လိင်ကိစ္စကို အတွင်းမှ အပြင်အထိ ကောင်းမွန်နားလည်စွာ တင်ပြနိုင်ခဲ့လို့ ပဲ။ သူတို့ တင်ပြခဲ့တဲ့ sex ဟာ ခန္ဓာကိုယ်ချင်း ထိတွေ့ တဲ့ အရသာတွေ ကို မတင်ပြခဲ့ပဲ ထိုအရာဟာ လူသားတွေရဲ့ စိတ်ထဲမှာ ဘယ်လိုအနေအထားနဲ့ ကိန်းအောင်းတည်ရှိနေတယ် ဆိုတာကို ပြသနိုင်ခဲ့လို့ ပဲလို့ ကျွန်တော်ကတော့ မြင်တယ်။
.
ဒီရုပ်ရှင်ဇာတ်ကား Director ကြီး Luis Buñuel ရဲ့ “Mexican exile.”   အပြီး ပြင်သစ်ကို ပြန်ရောက်လာပြီး ရိုက်ကူးခဲ့တဲ့ သူ့ နှောင်းပိုင်းရုပ်ရှင်တွေထဲမှာ အကောင်းဆုံး တစ်ကားဖြစ်ခဲ့တယ်။ ဒီဇာတ်ကားကို 1928 ခုနှစ်က ထုတ်ဝေခဲ့တဲ့ “Belle De Jour” ဆိုတဲ့ ဝတ္တုကိုပဲ ပြန်ရိုက်ခဲ့ကြတာပါ။ မူရင်းစာရေးဆရာကတော့ Joseph Kessel ပါ။ ထို့ အပြင် ယခုဇာတ်ကားဟာ Director ကြီး Luis Buñuel ရိုက်ကူးခဲ့သမျှဇာတ်ကားတွေထဲမှာ ကုန်ကျစရိတ်အများဆုံးလို့ လည်း သိရတယ်။ သူ့ ရဲ့ ပထမဆုံး Color နဲ့ ရိုက်တဲ့ ရုပ်ရှင်ဖြစ်သလို ဝင်ငွေအများဆုံး ပြန်လည် ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။
.
ကျွန်တော်တို့  ဇာတ်ကားရဲ့ turning point ကို ဆက်ပြောကြရအောင်။ Séverine တို့ ဆီကို တစ်နေ့ တော့ Gangsters ၂ ယောက် ရောက်ရှိလာတယ်။ အငယ်ဖြစ်တဲ့ သူတစ်ယောက်က Séverine နဲ့ နေဖို့ ရွေးလိုက်တယ်။ သူ့ နာမည်က Marcel။ သူက လူငယ်ဖြစ်သလို လူမိုက်၊ လူရမ်းကားပုံစံလည်း ပေါက်တယ်။ သူ့ လက်ထဲမှာ တုတ်ကောက်တစ်ချောင်းကို အမြဲသွားလေရာမှာ  ကိုင်ထားတယ်။ ပြောရမယ်ဆိုရင် Séverine ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မဲ့ သူမျိုး။ ဒါကြောင့်လည်း Séverine က သူ့ ကို ငွေကြေးမယူပဲ နေပေးမယ်လို့ ပြောလိုက်တယ်။ ဒီမှာတင် Séverine ဟာ Marcel ကို ဘယ်လောက်ထိ သဘောကျသွားပြီလဲဆိုတာ သိနိုင်နေပြီ။ ငွေကြေးက သူမ လိုအပ်ချက်မဟုတ်။ သူမရဲ့ ပြင်းပြတှဲ့ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ဖို့ သာ သူမရဲ့ လိုအပ်ချက်။ ဒီလိုနဲ့  Séverine ဟာလည်း Marcel ရဲ့ Affection ဖြစ်လာတယ်။ သူမဆီကို အချိန်မှန် မသွားရရင် မနေနိုင်ဖြစ်လာတယ်။ နေ့ တိုင်းလည်း ဆောင်ကြာမြိုင်ကို ဖုန်းဆက်ပြီး မေးနေတယ်။ သူမ ဒီနေ့ လာလားလို့ ပေါ့။ သူတို့ နှစ်ယောက်ဟာ ဇာတ်လမ်း အချိုးအကွေ့ တစ်ခုမှာ Sex ကနေ Love ကို မသိမသာလေး ပြောင်းလဲလာတယ်။ ဒါပေမဲ့ Marcel နားမလည်တဲ့ အချက်တစ်ခုက Séverine ဟာ ချစ်ရတဲ့တစ်ခြား တစ်ယောက် ရှိရဲ့ သားနဲ့ ဘာကြောင့် ဒီလိုနေရာမျိုးမှာ ဒီလို အလုပ် လာလုပ်ကိုင်နေရသလဲဆိုတာပဲ။ ဒီအချက်မှာတင် Marcel ဟာ လူရမ်းကားတစ်ယောက် ဖြစ်ပေမဲ့ လူသားတွေရဲ့ လိင်အတွင်းစိတ်နဲ့ လူသားအကြောင်းတွေကို ဃဃနန မသိတဲ့ လူသားလေး တစ်ယောက်ဆိုတာ သိလာရတယ်။
.
တစ်ရက်မှာတော့ Séverine တစ်ယောက် ထိုအလုပ်ကို စွန့် လွှတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အကြောင်းအရင်းက နှစ်ရပ် ရှိတယ်။ ပထမအချက်က သူမ ထိုအလုပ်ကို လုပ်ကိုင်နေတာကို ခင်ပွန်းဖြစ်သူရဲ့ အသိ Henri ကလည်း သိသွားပြီ ဖြစ်သလို Marcel ရဲ့  စိတ္တဇဆန်တဲ့ သူမအပေါ် စွဲလန်းမှုတွေဟာ နောင်တစ်ချိန်မှာ သူမဘဝအတွက် အန္တာရယ် ရှိလာနိုင်တယ်ဆိုတာ ရိပ်မိလာလို့ ပဲ။ ဒါနဲ့ ပဲ သူမ ထို ဆောင်ကြာမြိုင်မှာ လုပ်တဲ့ အလုပ်ကနေ ထွက်ခွာလာတယ်။ ဒါပေမဲ့ .. လုပ်ရပ်တိုင်းမှာ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိနေခဲ့တာကိုတော့ သူမ နားလည်တယ်။ ဒါပေမဲ့ ထိုအကျိုးဆက်တွေဟာ တစ်ခြားသူတစ်ယောက်ကို ကွေ့ ဝိုက်စွာ သွားသက်ရောက်တဲ့ အခါမှာတော့ … (ကျွန်တော် ဇာတ်သိမ်းကိုတော့ ဆက်မပြောခွင့်ပေးပါ။)
.
.
Surrealism ဆိုတာ 20th ရာစုရဲ့ အနုပညာနဲ့ စာပေလောကမှာ avant-garde ဖြစ်တဲ့ လှုပ်ရှားမှုတစ်ခုပါ။ Surrealism က မသိစိတ်ရဲ့ ဖြစ်နိင်ခြေတွေကို Creative ဆန်တဲ့ တင်ပြမှုတွေနဲ့ တင်ပြလေ့ရှိတယ်။ စိတ်ကူးယဉ်စိတ်တွေကို အဓိက တင်ပြလေ့ရှိပြီး လူသားတွေရဲ့ နေ့ စဉ်ဘဝတွေက လွတ်မြောက်ရာ အိပ်မက်တွေလို့ ဆိုလို့ ရတယ်။ Belle De Jour ရုပ်ရှင်ဟာ တစ်ချို့ ဇာတ်ဝင်ခန်းတွေမှာ ဘယ်အရာက စိတ်ကူး၊ ဘယ်အရာက အစစ်လို့ ဝေခွဲရခက်ခဲပေမဲ့ ပြောရမယ်ဆိုရင်တော့ ရှုပ်ထွေးမနေတဲ့ တင်ပြမှုမျိုးနဲ့ တင်ပြထားတယ်လို့ တော့ ပြောလို့ ရတယ်။ ပြေရမယ်ဆိုရင် ပရိသတ်အနေနဲ့ နားလည်ရလွယ်ကူလိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။ ဒါကြောင့် “Surrealist” ရုပ်ရှင်တွေကို မကြိုက်တဲ့ လူတွေတောင်မှ သူတို့ ရဲ့အကြိုက်ဆုံး “Surrealist” ရုပ်ရှင်လို့ ပြောကြပါလိမ့်မယ်။
.
ဒါပေမဲ့ ဇာတ်ကားအဆုံးမှာတော့ ဇာတ်လမ်းတစ်ခုလုံးဟာ နားလည်ရခက်ခဲသွားစေပါတော့တယ်။ Séverine ဇာတ်ကောင်ဟာ ဘယ်တော့မှ မပြောင်းလဲခဲ့ဘူး။ ဇာတ်လမ်းအစမှာ သူမဟာ ကွဲပြားခြားနားတဲ့ စရိုက်ရှိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ပြီး ဇာတ်လမ်းအဆုံးမှာလည်း သူမဟာ ကွဲပြားတဲ့ စရိုက်တွေရှိနေသေးတယ်ဆိုတာ တွေ့ ခဲ့၇တယ်။ ဒါပေမဲ့ သူမဟာ မသိစိတ်ရဲ့ စိတ်ကူးတွေနဲ့ သိစိတ်ကို ကောင်းမွန်စွာ ခွဲခြားနိုင်တဲ့ နည်းလေးတွေတော့ ရှာတွေ့ ကောင်း ရှာတွေ့ သွားပြီထင်ပါတယ်လေ။
IMDb’s rating: 7.8/ 10
Rotten Tomatoes rating: 95%
~WH~