BLADE RUNNER 2049
ရုပ်ရှင်လောကမှာ sci-fi ဇာတ်ကားလို့ပြောလိုက်ရင် Star Wars ပြီးရင် ပရိသတ်တိုင်းရဲ့ရင်ထဲမှာ နှစ်ပေါင်းများစွာကိန်းအောင်းနေခဲ့တဲ့ နောက်ထပ်တစ်ကားက 1982 ခုနှစ်က ထွက်ခဲ့တဲ့ Blade Runner ဇာတ်ကားပါပဲ။ ထိုမူရင်း Blade Runner ဇာတ်ကားဟာ ရုပ်ရှင်ပရိသတ်တွေအကုန်လုံးနီးပါးရဲ့ အနှစ်သက်ဆုံး sci-fi ဇာတ်ကားတစ်ကားဖြစ်ခဲ့တယ်။ sci-fi genre မှာ ယခုထိလည်း မူရင်းBlade Runner ဇာတ်ကားထက် ပိုမိုကောင်းမွန်တဲ့ ဇာတ်ကားကို မည်သူမှ မရိုက်ကူးနိုင်ခဲ့သေးပါဘူး။ ထိုဇာတ်ကား စစဖွင့်ခြင်း မိနစ်အနည်းငယ်မှာတင်ပဲ ထိုရုပ်ရှင်တင်ပြခဲ့တဲ့ အမြဲလို မိုးတွေစိုစွတ်နေတဲ့ ပြတင်းပေါက်တွေ၊ ခပ်မှိုင်းမှိင်း မိုးမျှော်တိုက်ကြီးတွေပေါ်က Neon မီးလုံးတွေနဲ့အလှဖော်ထားတဲ့ ကြောငြာဆိုင်းဘုဒ်တွေ၊ မဆုံးတော့တဲ့ ညလမ်းမတွေပေါ်မှာ ပျံသန်းနေတဲ့ မိုးပျံကားတွေ နဲ့ထိုခေတ်အခါကပရိသတ်ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ ထိုရုပ်ရှင်ဟာ အလွန်ကောင်းမွန်ခဲ့ပြီး ရုပ်ရှင်ချစ်သူတွေအပေါ်မှာ လွှမ်းမိုးမှုတွေဟာ ကြီးမားခဲ့တာကြောင့် အချိန်တွေ ကြာမြင့်ခဲ့သည့်တိုင်အောင် ရုပ်ရှင်လောကမှာ မထိမတို့ရက်တဲ့ အဖိုးတန်ရတနာတစ်ပါးအဖြစ် တည်ရှိနေခဲ့တယ်။ ဒါပေမဲ့ နှစ်ပေါင်း 35 နှစ်ကြာပြီး ယနေ့2017 အထိပေါ့။
C. Clarke ဆိုတဲ့ စာရေးဆရာက
“Two possibilities exist, either we are alone in the universe or we are not. Both are equally terrifying.”
ဆိုပြီးရေးခဲ့တယ်။ Blade Runner ရုပ်ရှင်တင်ပြတဲ့ ကမ္ဘာမှာ ကျွန်တော်တို့လူသားတွေဟာ Alien မျိုးနွယ်စုတွေနဲ့တိုက်ပွဲတွေ ဝင်မနေခဲ့ဘူး။ တစ်ခြားကမ္ဘာတွေမှာ သက်ရှိမျိုးနွယ်စုတွေ တည်ရှိနေပါတယ်ဆိုတဲ့ ဖော်ပြချက်ကလေးတောင် မရှိခဲ့ဘူး။ ဒါပေမဲ့ Blade Runner ထဲမှာတော့ ကျွန်တော်တို့လူသားတွေဟာ ကျွန်တော်တို့တွေရဲ့ကိုယ်ပွားတွေနဲ့အတူ ရှိနေကြတယ်။ ဒါဟာ ပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အသိတရားတစ်ခုပဲ။ Director ကြီး Ridley Scott ရိုက်ကူးခဲ့တဲ့ Blade Runner (1982) ဇာတ်ကားဟာ လူသားတစ်ယောက်အနေနဲ့မိမိရဲ့မှတ်ဉာဏ်တွေ၊ အမှတ်တရတွေဟာ implant အလုပ်ခံထားရတဲ့ မှတ်ဉာဏ်တွေလားလို့မေးခွန်းထုတ်ခဲ့ပေမဲ့ ယခု2049 ဇာတ်ကားကတော့ မိမိကိုimplant လုပ်ပေးထားတဲ့ မှတ်ဉာဏ်အတုတွေ အစစ်တွေလားလို့ပြန်မေးခွန်းထုတ်ခဲ့ပါတော့တယ်။
ဇာတ်လမ်းအကျဉ်း
အချိန်ကာလကတော့ သက္ကရာဇ် 2049 ခုနှစ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း30 ကျော်ကBioengineering အားဖြင့် အစားထိုးလူသားလို့အမည်ရတဲ့ Replicants တွေကိုဖန်တီးပြီးအာင်မြင်ခဲ့တဲ့ Tyrell Corporation ကြီးဟာအောင်မြင်နေခဲ့တယ်။ NEXUS 6 တွေဟာ သက်တမ်းကုန်ဆုံးပြီး Tyrell Corporation ဟာ series 8 တွေကို ဈေးကွက်မှာ မိတ်ဆက်ပေးချင်ခဲ့တယ်။ NEXUS 6 တုန်းက သက်တမ်း 4 နှစ်အစားNEXUS 8 တွေကိုတော့ သက်တမ်းအပြည့်ပေးဖို့အထိ ရည်ရွယ်ခဲ့တာ။ ဒီလိုနဲ့လူသားတွေရဲ့ကန့်ကွက်ချက်တွေ စတင်လာတော့တယ်။ နောက်ဆုံး လူသားတွေဟာReplicants တွေအကုန်လုံးကိုတောင်Database ကနေ ရှာပြီး သက်ဖြတ်ပစ်ဖို့ကြိုးစားလာခဲ့ကြတယ်။ Cygnus (Iggy) နဲ့Trixie ဆိုတဲ့series 8 replicants နှစ်ယောက်ရဲ့Tyrell corp database ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် 2022 ခုနှစ်မှာ တစ်ကမ္ဘာလုံး Blackout ဖြစ်ခဲ့တယ်။ ထို Blackout ဟာ 10 ရက်တိတိကြာမြင့်ခဲ့ပြီး တစ်ကမ္ဘာလုံးက electronic recordings တွေအကုန်လုံးကို ပျက်ဆီးစေခဲ့တယ်။ ထိုအဖြစ်အပျက်ဖြစ်ပြီးကတည်းက Tyrell Corporation ကြီးဟာ ကျဆုံးခဲ့တယ်။ ဒီလိုနဲ့2036 မှာ ရည်ရွယ်ချက်ကြီးမားတဲ့ လူငယ်သိပ္ပံစီးပွားရေးပညာရှင်တစ်ယောက်ဖြစ်တဲ့ Niander Wallace ဟာ Replicants အသစ်တွေနဲ့ကမ္ဘာကိုထပ်မံ မိတ်ဆက်ပေးခဲ့တယ်။
ယခုဆိုရင် အချိန်ကာလအားဖြင့် သက္ကရာဇ်2049 ခုနှစ်ကို ရောက်နေပြီ။ Wallace တီထွင်ခဲ့တဲ့ Replicants တွေဟာ လူ့ဘောင်အဖွဲ့အစည်းတွေမှာတောင်ဝင်ရောက်နေပြီး LAPD မှာတောင်မှReplicants တွေဟာ Blade Runner တွေအဖြစ် အစားထိုးနေပြီ။ ယခု Blade Runner တွေဟာ ဟိုးအရင်က ပုန်ကန်ခဲ့တဲ့ Replicants model အဟောင်းတွေကို လိုက်လံရှာဖွေပြီး အနားယူပေးရတဲ့ အလုပ်ကို လုပ်ကိုင်ရတာ။ (အနားယူတယ်ဆိုတာ သတ်ဖြတ်ခြင်းကို ဆိုလိုပါတယ်။) K ဆိုတဲ့ Replicant Blade Runner တစ်ယောက်ဟာ ပုန်ကန်သူ Replicant တစ်ယောက်ကို အနားယူစေပြီးတဲ့နောက်မှာ သေတ္တာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ထိုသေတ္တာထဲမှာ အမျိုးသမီးတစ်ယောက်ရဲ့လူအရိုးစုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး Forensic analysis အရ ထိုအမျိုးသမီးဟာ Replicant တစ်ယောက်ဖြစ်ပြီး ကလေးမီးဖွားစဉ် သေဆုံးခဲ့တယ်ဆိုတာ သူတို့အဖွဲ့သိလိုက်ရတယ်။ Replicant တစ်ယောက်အနေနဲ့မျိုးပွားဖို့၊ သန္ဓေတည်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးလို့သူတို့သိခဲ့ကြတာကိုး။ အကယ်၍သာ ယခုအဖြစ်အပျက်ကို ပြင်ပကမ္ဘာကိုသာ ပေါက်ကြားသွားခဲ့ရင် မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ ဖြစ်လာတော့မယ်။ Replicants တွေဟာ သူတို့ကို ဖန်တီးဖို့လူသားတွေ မလိုအပ်တော့ဘူးဆိုတာ သိလာခဲ့ရင် ပုန်ကန်မှုတွေဟာ ကျိန်းသေဖြစ်လာတော့မယ်။ ဒါကြောင့် အထူးသဖြင့် ယခုReplicants model အသစ်တွေကို ဖန်တီးနေတဲ့ Niander Wallace ဆီ မပေါက်ကြားဖို့ပိုမိုအရေးကြီးတယ်။ Niander Wallace ရဲ့နောက်အိပ်မက်တစ်ခုက သူဖန်တီးတဲ့Replicants တွေကို မျိုးပွားလို့ရမဲ့ Replicants တွေ ဖန်တီးချင်နေခဲ့တာ။
ထို့အပြင် K ဟာ ထိုသေတ္တာကိုရှာဖွေတွေ့ရှိခဲ့တဲ့ သစ်ပင်သေကြီးရဲ့အောက်နားမှာ 6.10.21 လို့ရေးထားတာကို တွေ့လိုက်ရတယ်။ ထို ကိန်းဂဏန်းတွေကို သူကောင်းကောင်း သိနေတယ်။ သူ့ကို ဖန်တီးသူတွေထည့်ပေးလိုက်တဲ့ မှတ်ဉာဏ်တွေထဲမှာ ထိုကိန်းဂဏန်းတွေ ပါဝင်နေတယ်။ ယခုအဖြစ်အပျက်တွေနဲ့သူနဲ့ဘယ်လို ဆက်စပ်နေသလဲ ဆိုတာ သူကိုယ်တိုင် သံသယဝင်လာသောအခါ …
ရီဝေမှိုင်းပျပျသာသာပဲ မြင်နေရတဲ့ Los Angles မြို့ရဲ့နယ်စွန်တစ်နေရာမှာ ယာဉ်ပျံတစ်စီးဟာ ကောင်းကင်ယံမှာ ပျံသန်းနေတယ်။ ရေစက်ရေမှုန်လေးတွေဟာ ယာဉ်ရဲ့မှန်သားပြင်ပေါ်မှာ တင်ရစ်နေကြတယ်။ ယာဉ်ပျံထဲမှာတော့ လူတစ်ယောက်ဟာ အိပ်လျက်နဲ့လိုက်ပါလာတယ်။ ထိုယာဉ်ပျံဟာ မြို့အစွန်ရဲ့တစ်နေရာမှာ ရပ်နားလိုက်တယ်။ ထိုအခါ စောစောက အိပ်လျက်နဲ့လိုက်ပါလာသူဟာ ယာဉ်ထဲက ထွက်လာတယ်။ ပတ်ဝန်းကျင်ကို တစေ့တစောင်းလေ့လာလိုက်တယ်။ ထို့နောက် အဆောက်အဦးထဲကို သူဝင်ရောက်သွားတယ်။ ကံကြာမ္မာကို ကြိုသိနေတဲ့Sapper Morton ဆိုသူ Replicant ဟာ မိမိရဲ့နိဂုံးကို သိလျက်နဲ့အလည်လာတဲ့ K ကို ဧည့်ဝတ်ကျေစွာ နှုတ်ဆက်လိုက်တယ်။ K ဟာSapper Morton ကို အနားပေးတော့မယ်။ Replicants အချင်းအတူူတူ အနားပေးခံရတော့မဲ့Sapper Morton က K ကို စကားတစ်ခွန်းမေးလိုက်တယ်။ အခုလိုReplicants အချင်းချင်း ပြန်လည်အနားပေးတဲ့ လုပ်ရပ်ကို လုပ်ကိုင်ရခြင်းအတွက် ဘယ်လိုခံစားရသလဲ ဆိုပြီးမေးလိုက်တယ်။ သူ့မေးခွန်းဟာ သူနောက်ဆက်ပြောမဲ့ စကားတစ်ခွန်းအတွက် နိဒါန်းပျိုးလိုက်ခြင်းပဲ။ သူဆက်ပြောလိုက်တာက K ဟာ ယခုလိုအလုပ်ကို လုပ်ကိုင်နေခြင်းဟာ လွန်စွာအံ့သြသင့်ဖွယ်ကောင်းတဲ့ အရာတစ်ခုကို မသိသေးလို့ပဲလို့ပြောလိုက်တယ်။ ထိုစကားတစ်ခွန်းဟာ နောက်ထပ် ဇာတ်လမ်းတစ်လျှောက်လုံး K ကိုရော ကျွန်တော်တို့ပရိသတ်ကိုပါ စတင်ခြောက်ခြားလာစေပါတော့တယ်။
2049 ဇာတ်ကားဟာ ဇာတ်လမ်းဖွင့်ဖွင့်ခြင်း မိနစ်အနည်းငယ်ကတည်းက စတင်ပြီး ပရိသတ်ကို ပဟေဠိတွေနဲ့ချည်နှောင်ထားလိုက်ပါတော့တယ်။
Director Ridley Scott စတင်ရိုက်ကူးခဲ့ပြီး 1982 ခုနှစ်က ထွက်ရှိခဲ့တဲ့ Blade Runner ဇာတ်ကားရဲ့အဆုံးတွင် အဓိကဇာတ်ကောင် Rick Deckard သည် သူအနားပေးရမည့် Replicants ၄ ယောက်ကို သတ်ဖြတ်ပြီးသွားခဲ့ပေမဲ့ နောက်ထပ်replicant တစ်ယောက်ဖြစ်သူ Rachel နဲ့ချစ်ကြိုးသွယ်ပြီး ထွက်ပြေးသွားခဲ့တယ်။Rick ဟာ သူ့တာဝန်တွေကို ကျေပွန်ခဲ့တယ်။ သူဟာ အစားထိုးလူသားစက်ရုပ်ဖြစ်တဲ့ Replicant တွေကိုလည်း ချစ်နိုင်အောင် သင်ယူခဲ့တယ်။ ထို့အပြင် လူသားဆန်ခြင်းဆိုတဲ့ အဓိပ္ပာယ်ကိုရှာဖွေတွေ့ရှိခဲ့တယ်။ ဇာတ်လမ်းအဆုံးမှာ မိုးရေတွေကြားထဲက ထီးတစ်ချောင်းကိုဆောင်းထားတဲ့Gaff ကလှမ်းမေးလိုက်တယ်။ “Too bad she won’t live. But then again, who does?” တဲ့။ ထိုဇာတ်ဝင်ခန်းဟာ ကျွန်တော့်မှတ်ဉာဏ်တွေထဲမှာ ဘယ်တော့မှ ပျောက်ကွယ်မသွားမဲ့ ဇာတ်ဝင်ခန်းတစ်ခု။ ထိုဇာတ်ကားဆုံးတော့ ထိုခေတ်ကနေ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့မေးခွန်းကRick Deckard တစ်ယောက်လည်း Replicant တစ်ယောက်ပင် ဖြစ်နေလား ဆိုတာပဲ။ (မင်းသား Harrison Ford ကတော့Rick Deckard ဟာ Replicant မဟုတ်ပဲ လူသားစစ်စစ်ဖြစ်တယ်လို့အင်တာဗျုးတွေမှာ ပြောဆိုခဲ့ပြီး Director Ridley Scott ကိုယ်တိုင်ကတော့ Rick Deckard ဟာ လူသားမဟုတ်ပဲ Replicant တစ်ယောက်လို့ဆိုခဲ့တယ်။ ဒါကြောင့်လည်း The Final Cut မှာ Rick ရဲ့မှတ်ဉာဏ်အတုဖြစ်တဲ့ unicorn ဇာတ်ဝင်ခန်းကို ထည့်ပေးထားခြင်းပဲ ဖြစ်တယ်။)
ထိုအဖြေကို သိလိုစောနဲ့ကျွန်တော်တို့တွေ ယခု2049 ကို သွားကြည့်ခဲ့ကြတယ်။
Blade Runner ဇာတ်ကားတွေရဲ့ထူးခြားချက်ဟာ ခေတ်ပျက်အနာဂတ်ရဲ့တစ်နေရာမှာ တင်ဆက်ထားတဲ့ Los Angles မြို့ရဲ့မှောင်မိုက်တဲ့ အလှတရားတွေကို ထူးခြားစွာ ပုံဖော်နိုင်ခြင်းတွေကြောင့်ပဲ။
အမြဲလိုလို မိုးတွေရွာနေပြီး Neon မီးတွေနဲ့ပြည့်ကျပ်နေတဲ့ LA မြို့ပေါ်က လမ်းမတွေ၊
ထိုလမ်းမတွေပေါ်က လူတန်းစားမျိုးစုံ၊
လူသားတွေနဲ့လူသားအစားထိုး Replicants တွေနဲ့ခြေချင်းလိမ်နေတဲ့ LA မြို့ပေါ်က ညလမ်းမတွေ
2049 ဇာတ်ကားရဲ့သာလွန်တဲ့တစ်ချက်ကတော့ LA မြို့သာမက အမှိုက်ပြင်တစ ပျက်စီးနေတဲ့ San Diego၊ ထို့အပြင်Toxic ဖြစ်တဲ့ဓာတ်ငွေ့တွေနဲ့ဖုံးလွှမ်းနေတဲ့ လွင်တီးခေါင်ပြင် Las Vegas၊ နောက်ဆုံး Pacific Ocean ရဲ လှိုင်းတွေကို ကြီးမားတဲ့တံတိုင်းကြီးတွေနဲ့ကာရံထားတဲ့ အနောက်ကမ်းရိုးတန်း အစရှိသည်ဖြင့် တင်ပြချက်တွေကြောင့် ဒီဇာတ်ကားရဲ့Production Design အဖွဲ့ကို အလွန်တရာ ချီးကျူးမိတယ်။
ဇာတ်ကောင်များနှင့် သရုပ်ဆောင်များ
Ryan Gosling and K
မင်းသား Ryan Gosling သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်က အများသိတဲ့အတိုင်း LAPD က Officer K ဆိုတဲ့ ဇာတ်ကောင်ပါပဲ။ K ဟာ လူသားမဟုတ်ဘူး။ လူသားအစားထိုးစက်ရုပ်တစ်ခု၊ သူဟာ လူသားတွေခိုင်းစေဖို့ဖန်တီးထားတဲ့အတိုင်း သူဟာ အမိန့်ကို နာခံတတ်တဲ့ဇာတ်ကောင်မျိုး။ ထိုဇာတ်ကောင်ကို ရေးဖွဲ့ထားပုံက ချီးကျူးစရာအမှန်ပါ။ ရုပ်ရှင်တွေမှာ ဖော်ပြလေ့ရှိတဲ့ သဘောတရားကို ဆန့်ကျင်ဘက်သဏ္ဍာန်ပြုလုပ်ပြီး ရေးဖွဲ့ထားတယ်။ ရုပ်ရှင်အများစုမှာ အဓိကဇာတ်ကောင်ဟာ လူသားတစ်ယောက်ဖြစ်ပြီး နောက်မှ စက်ရုပ် (သို့မဟုတ်) ဖန်တီးထားတဲ့အရာတစ်ခုလို့twists တွေနဲ့လှည့်စားတတ်ကြပေမဲ့ ယခု 2049 ဇာတ်ကားက K ဇာတ်ကောင်ကတော့ ထိုကဲ့သို့ပရိသတ်ကို မလှည့်စားခဲ့ဘူး။ ဒါပေမဲ့ တစ်ခြားတစ်နည်းနဲ့တော့ လှည့်စားခဲ့တယ်။ (ကြီးမားတဲ့ spoiler ဖြစ်တာကြောင့် ချန်ထားခဲ့ပါမယ်။) ထို့အပြင် ထိုဇာတ်ကောင်ဟာ အများနည်းတူ ချွန်ပြီး တော်လှန်ရေးတွေ၊ အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်ဖြစ်လာခဲ့တာလည်း မဟုတ်ဘူး။ သူဟာ လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေနေခြင်းနဲ့ပဲ တင်ပြခဲ့တယ်။
စာဖတ်သူတို့တော့ မသိဘူး။ ရုပ်ရှင်ဇာတ်ကားတွေရဲ့ပျင်းရိဖို့ကောင်းလာတဲ့ ဖော်မြူလာက အဓိကဇာတ်ကောင်ကို The Chosen One လုပ်ထားခြင်းပဲ။ အထူးသဖြင့် Star Wars တို့Harry Potter တို့မှာ မြင်နိုင်တယ်။ သူတို့နဲ့ဆန့်ကျင်ဘက်ဖြစ်တာက The Hunger Games ထဲက Katniss ဇာတ်ကောင်မျိုးတွေပဲ။ အကြောင်းအရာတစ်ခုခုကြောင့် သူရဲကောင်း ဖြစ်လာတယ်။ ဒါပေမဲ့ Blade Runner ဇာတ်ကားတွေထဲက အဓိကဇာတ်ကောင်တွေကတော့ ထိုဖော်မြူလာ နှစ်ခုစလုံးကို ရှောင်ကျဉ်ခဲ့တယ်။ Rick Deckard သည် ဘယ်တုန်းကမှ သူရဲကောင်း မဟုတ်ခဲ့သလို K ဟာလည်း သူရဲကောင်းတို့ကယ်တင်ရှင်တို့ဆိုတဲ့ ဝေါဟာရတွေအောက်ကနေ ရုန်းထွက်နိုင်ခဲ့တယ်။ ဒီအချက်တွေကြောင့်ပဲလည်း ကျွန်တော် Blade Runner ဇာတ်ကားတွေကို နှစ်သက်မိတာ ဖြစ်နိုင်တယ်။
K ဇာတ်ကောင်ကို ပြန်ပြောမယ်ဆိုရင် သူဟာ Replicant တစ်ယောက်ဖြစ်ပေမဲ့ သူဟာ Blade Runner တစ်ယောက်လည်း ဖြစ်နေပြန်တယ်။ ဘာအဓိပ္ပာယ်လည်း ဆိုတော့ သူဟာဇာတ်တူသားတွေကို ပြန်သတ်တဲ့ သူဆိုတာပဲ။ သူ့ကို ထိုကဲ့သို့ပဲ Program လုပ်ထားတဲ့အတွက် သူဟာ ဘယ်တော့မှလည်း မလိမ်သလို၊ ဘယ်တော့မှလည်း ထွက်မပြေးသလို အရင်က Nexus 6 တို့လိုမျိုးလည်း လူသားတွေကို ပြန်မတော်လှန်ဘူး။ ပြောရရင်တော့ K ဟာ အလွန်လိမ္မာတဲ့ ကျွန်တစ်ယောက်ပဲ။ ယခုကဲ့သို့ဇာတ်ကောင်မျိုးကို ပီပြင်အောင် သရုပ်ဆောင်ပြနိုင်ခဲ့တာက Ryan Gosling မင်းသားပဲ။ ထိုကဲ့သို့သရုပ်ဆောင်ချက်မျိုးဟာ သူ့အတွက်တော့ အထူးတလည် မဟုတ်တော့ဘူူး။ Nicolas Winding Refn လို Director မျိုးနဲ့ရုပ်ရှင် နှစ်ကားတောင် ရိုက်ခဲ့ဖူးတယ်လေ။ လူသားတွေရဲ့ခံစားချက်တွေ လစ်ဟင်းနေတဲ့ ကမ္ဘာကြီးတစ်ခုမှာ ဇာတ်လမ်းတည်ထားတဲ့ ယခုဇာတ်ကားအတွက်တော့ မင်းသား Ryan Gosling ရဲ့သရုပ်ဆောင်ဟန်ဟာ အံဝင်ခွင်ကျပါပဲ။
ဇာတ်ဝင်ခန်းတစ်ခုမှာ K က “To be born is to have a soul, I guess.” ဆိုပြီး သူ့ရဲ့Boss ဖြစ်တဲ့ Lt. Joshi ကို ဖွင့်ပြောခဲ့တော့ Lt. Joshi က ပြုံးပြီး “You’ve been getting along fine without one.” ဆိုပြီး ပြန်ပြောခဲ့တယ်။ (Lt. Joshi အဖြစ်ကတော့ Robin Wright က သရုပ်ဆောင်ခဲ့တယ်။) သူဟာ ခံစားချက်တွေနဲ့ပြည့်နေတဲ့ soul ဆိုတဲ့အရာ မလိုအပ်ခဲ့ဘူး။ ဒါပေမဲ့ သူဟာထိုခံစားချက်တွေရဲ့ ခေါ်ဆောင်ရာနောက်ကို လိုက်ပါသွားတဲ့ ခရီးသည်တစ်ယောက် ဖြစ်သွားခဲ့တော့တယ်။ ဒီလိုနဲ့သူဟာ သူ့ရဲ့အတိတ်တွေ၊ သူ့ရဲ့ဖြစ်တည်မှုကို ရှာဖွေလာတော့တယ်။
K ဟာ အိမ်မှာတော့ Joi ဆိုတဲ့ girlfriend တစ်ယောက်နဲ့နေထိုင်တယ်။
Ana de Armas and Joi
Joi ဟာ Siri နဲ့Alexa ပေါင်းစပ်ထားတာမျိုးလို့အလွယ်တကူ ပြောလို့ရတယ်။ သူမဟာ လူသားမဟုတ်သလို အစားထိုးလူသား Replicant လည်း မဟုတ်ပြန်ဘူး။ သူမဟာ ဖန်တီးထားတဲ့ သက်ရှိရုပ်ပုံလွှာတစ်ချပ်ပဲ ဖြစ်တယ်။ သူမကို ကျွန်တော်တို့စစမြင်တော့ 1950s သဏ္ဍာန်နဲ့ဝတ်ဆင်ထားတဲ့ အိမ်ရှင်မပုံမျိုး။ သူမဟာပိုင်ရှင်ဖြစ်သူ K ရဲ့အလိုဆန္ဒအတိုင်း သဏ္ဍာန်မျိုးစုံ ပြောင်းလဲနိုင်တယ်။ ထိုဇာတ်ကောင်ကို ဇာတ်လမ်းထဲမှာ ထည့်သွင်းထားခြင်းဟာ K ရဲ့အထီးကျန်ခြင်းကို ဖော်ပြနေခြင်းပဲလို့ကျွန်တော်မြင်မိတယ်။ ထိုဇာတ်ကောင်ကို သရုပ်ဖော်ပေးခဲ့တာကတော့ Ana de Armas ဆိုတဲ့ မင်းသမီးတစ်ယောက်ပဲ။ မြန်မာပရိသတ်တွေကတော့ သူမကို Knock Knock ဆိုတဲ့ ဇာတ်ကားလောက်နဲ့စသိခဲ့ကြမယ်ထင်ပါတယ်။ ယခု 2049 ဇာတ်ကားမှာ ထို Joi ဇာတ်ကောင်ဟာ လူပြောအများဆုံး ဇာတ်ကောင်ဖြစ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခံစားချက်တွေ ကင်းမဲ့နေတဲ့ ကမ္ဘာတစ်ခုမှာ သူမဟာ အချစ်ရဲ့သင်္ကေတတစ်ခု ဖြစ်ခဲ့လို့ပဲ။ ဒါပေမဲ့ သူမရဲ့ခံစားချက်တွေဟာ အလိမ်တွေဖြစ်ကောင်း ဖြစ်မိနေမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို Program လုပ်ထားတာကလည်း ကြော်ငြာထားတဲ့အတိုင်း
“Everything you want to hear.
Everything you want to see.”
ဆိုတာကြောင့်ပဲ။ ဒါပေမဲ့ သင်ဟာ သူမကို အပြစ်တင်လို့တော့ မရဘူး။ သူမမှာ ရွေးချယ်ခွင့်တွေ မရှိဘူး။ သူမဟာ Program အလုပ်ခံထားရတဲ့ ရုပ်ပုံလွှာတစ်ချပ်ပဲလေ။ ဒါပေမဲ့ သူမဟာ K ဇာတ်ကောင်ကို အထောက်အပံ့တော့ အများကြီးဖြစ်စေခဲ့တယ်။ မိုးရေတွေထဲက သူတို့နှစ်ယောက်ရဲ့ပထမဆုံး အနမ်းကို ခြွေဖို့ကြိုးစားခဲ့တဲ့ ဇာတ်ဝင်ခန်းဟာ ဒီရုပ်ရှင်ရဲ့Highlights တွေထဲက တစ်ခုပဲ။ မင်းသမီး Ana de Armas ဟာ အလွန်တရာ ချီးကျူးစရာ ကောင်းလောက်အောင် သရုပ်ဆောင်ပြနိုင်ခဲ့တယ်။ သူမနဲ့Ryan Gosling တို့ရဲ့ကြားက Chemistry ဟာ အချစ်ဆန်တာထက် ပိုတယ်လို့တောင်ခံစားခဲ့ရတယ်။ ဒီဇာတ်ကားရဲ့Romance ဟာ နည်းပါးပေမဲ့ နှလုံးသားအထိတော့ ရောက်နိုင်ခဲ့တယ်။ သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ခြင်း ထိတွေ့နိုင်ခြင်းအတွက် Her ဇာတ်ကားဆန်ဆန် ဇာတ်ဝင်ခန်းတစ်ခု ပါဝင်လာတယ်။ Joi ဟာ သူမရဲ့ဆန္ဒအာသီသတွေကို ဖြည့်ဆည်းဖို့ Mariette ဆိုတဲ့ Replicant ပြည့်တန်ဆာမ တစ်ယောက်ကို အကူအညီတောင်းခဲ့တော့တယ်။
Mackenzie Davis as Mariette
ဒီနေရာမှာ ဝင်ရောက်လာတက မင်းသမီး Mackenzie Davis သရုပ်ဆောင်ခဲ့တဲ့ Mariette ဆိုတဲ့ ဇာတ်ကောင်ပဲ။ သူမ ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းဟာ စုစုပေါင်းမှ ၃ ခန်းလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ တစ်ခန်းမှ စိတ်ပျက်ဖွယ်မကောင်းခဲ့ဘူး။ အကောင်းဆုံးအခန်းကတော့ Joi က သူမကို K နဲ့အတူ အိပ်ဖို့ခေါ်လာတဲ့ ဇာတ်ဝင်ခန်းပဲ။ အလွန်တရာကို ထူးဆန်းတဲ့ ဇာတ်ဝင်ခန်းဖြစ်သလို တင်ပြပုံလည်း အလွန်ခက်ခဲတဲ့ ဇာတ်ဝင်ခန်းပါ။ ရုပ်ပုံလွှာချပ်ဖြစ်တဲ့ Joi ဟာ Mariette ခန္ဓာကိုယ်နဲ့အတူ ထပ်တူကျပြီး K နဲ့အိပ်တဲ့ ဇာတ်ဝင်ခန်းပါ။ Her ဇာတ်ကားထဲမှာ Theodore က နောက်ဆုံးငြင်းပယ်ခဲ့ပေမဲ့ ယခု K ကတော့ ပျော်မွေ့ခြင်းကို တွေ့ခဲ့ရတယ်။ ထိုဇာတ်ဝင်ခန်းဟာ ရှုပ်ထွေးလွန်းတာကြောင့် ထိုတစ်ခန်းတည်းကို ၃ ရက်ကြာမြင့်အောင် ရိုက်ကူးခဲ့ကြရတယ်။ မင်းသမီး Mackenzie Davis ဟာ သရုပ်ဆောင်နေစဉ်အတွင်း သူမရဲ့လက်ဖဝါးလှုပ်ရှားမှုကအစ အရာအားလုံးကို သတိထား ဂရုစိုက်ပြီး သရုပ်ဆောင်ခဲ့တယ်လို့သိရတယ်။ သေချာတယ်။ ကြည့်ဖူးသမျှ sex scenes တွေထဲမှာ ဒီ sex scene လောက် Creative ဖြစ်တာ ကျွန်တော်မမြင်ဖူးသေးဘူး။ ဒီတော့ ဒီဇာတ်ဝင်ခန်းရဲ့မေးခွန်းက လူသားစက်ရုပ်နှစ်ယောက်ရယ် ရုပ်ပုံလွှာပဲရှိတဲ့ AI တစ်ယောက်ရယ် တို့ရဲ့လိင်ဆက်ဆံခြင်းကနေ အကယ်၍ ကလေးရလာခဲ့မယ်ဆိုရင် ထိုကလေးဟာ ဘယ်သူ့ရဲ့DNA နဲ့မွေးဖွားလာမှာလဲ ဆိုတာပဲ။
Harrison Ford and Rick Deckard
မပြောမဖြစ် ပြောရမဲ့သူကတော့ မင်းသားကြီး Harrison Ford ပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က The Force Awakens မှာ Han Solo ကို ကျွန်တော်စပြန်မြင်ရလိုက်တဲ့အချိန်မှာ ပျော်လွန်းလို့မျက်ရည်ကျမိမတတ်ဖြစ်ခဲ့ရပေမဲ့ ယခု 2049 မှာတော့ Rick Deckard ကိုပြန်တွေ့ရချိန်မှာ ဘာမှထူးခြားတဲ့ ခံစားချက်မရခဲ့ဘူး။ Rick ဟာ Blade Runner (1982) ဇာတ်ကားမှာတုန်းက အဓိကဇာတ်ကောင်ဖြစ်ခဲ့ပြီး ယခုဇာတ်ကားတွင်လည်း အလွန်တရာ အရေးပါတဲ့ ဇာတ်ကောင်အဖြစ် ပြန်လည်အသုံးချခဲ့တယ်။ သူ့ကိုကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့ရတာက Rachel ဆိုတဲ့ Replicant အမျိုးသမီးတစ်ယောက်နဲ့ထွက်ပြေးသွားခဲ့တဲ့ မြင်ကွင်းပဲ။ ယခုနှစ်ပေါင်း 30 ကြာမြင့်ခဲ့ပြီ။ သူဟာ တစ်နေရာမှာ ပုန်းကွယ်နေတယ်။ ဘာကြောင့်လဲ။ လျှို့ဝှက်ချက်တွေကို သူကိုင်ထားတယ်။ ဒါပေမဲ့ သူမသိသေးတဲ့ လျှို့ဝှက်ချက်တွေလည်း ရှိနေပြန်သေးတယ်။ ဒါကြောင့်လည်း သူဟာ ယခုဇာတ်ကားမှာ လူသားတစ်ယောက်ရဲ့အတိတ်က ခံစားချက်တွေနဲ့ပြည့်နေတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ပြနိုင်ခဲ့တယ်။ ဒီတော့ မေးခွန်းဟာ ထုံးစံအတိုင်းပဲ။ Rick Deckard သည် Replicant တစ်ယောက်လား။ ကျွန်တော်ကတော့ ထိုအတွေးကို စွန့်ပစ်ခဲ့လိုက်ပြီ။ ထိုလျှို့ဝှက်ချက်ကို ကျွန်တော်တို့တွေမသိသလို သူကိုယ်တိုင်လည်း မသိတဲ့ ရုပ်ရှင်လောကရဲ့ မည်သူမှမသိတဲ့လျှို့ဝှက်ချက်ကြီးတစ်ခုလို့ယူဆလိုက်ကြရအောင်။ ဒါပေမဲ့ ဒီလျှို့ဝှက်ချက်တစ်ခုကို သိတဲ့သူကတော့ မင်းသား Jared Leto ပါပဲ။ သူဟာ Harrison Ford နဲ့ရိုက်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ Director Denis Villeneuve ကို လှမ်းမေးလိုက်တယ်။ Rick Deckard ဇာတ်ကောင်ကို လူသားတစ်ယောက်လို့မြင်ရမလား၊ Replicant တစ်ယောက်လို့မြင်ရမလားဆိုပြီး။ ဘာလို့လဲဆိုတော့ Jared Leto သရုပ်ဆောင်ရတဲ့ Niander Wallace ဇာတ်ကောင်က Replicants တွေ တီထွင်တဲ့သူဆိုတော့ ဇာတ်လမ်းထဲမှာ အဖြစ်မှန်အားလုံးကို သိတဲ့သူမျိုး။ ဒီတော့ Director က အတော်ကြာအောင် စဉ်းစားနေတယ်တဲ့။ နောက်တော့ Jared Leto ဆီကိုပြန်လာပြီး အဲ့ဒါ မင်းရဲ့ဆုံးဖြတ်ချက်ပဲ ဆိုပြီး မင်းသား Jared Leto ကိုပဲ ဆုံးဖြတ်ခွင့်ပေးလိုက်တယ်။ ဒီမှာတင် Jared Leto အဖို့Rick Deckard ဟာ လူလား စက်ရုပ်လားဆိုတာ သူဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် သူ့ဇာတ်ကောင် Niander Wallace ဇာတ်ကောင် တစ်ယောက်ပဲ အဖြစ်မှန်ကို သိတယ်။ ထိုအဖြစ်မှန်ကိုလည်း မင်းသား Jared Leto က ဘယ်သူ့ကိုမှ သူပြောမှာ မဟုတ်ဘူးလို့ပြောခဲ့တယ်။ သူသေတဲ့အထိ ထိုလျှိုဝှက်ချက်ကို ထိန်းသိမ်းသွားမယ်တဲ့။
Jared Leto and Niander Wallace
Jared Leto ရဲ့နောက်ထပ် Joker သရုပ်ဆောင်ချက်လား။ မဟုတ်ပါဘူး။ လုံးဝကို မဟုတ်ပါဘူး။ Villain ပိုင်းဆိုင်ရာ အားနည်းတယ်ဆိုတာ ဟုတ်ပေမဲ့ ဒါဟာ Suicide Squad ထဲကလို Jared Leto ကြောင့်မဟုတ်ပါဘူး။ Villain ပိုင်းကို ကျွန်တော်နောက်မှ ဆက်ပြောပါမယ်။ သူ့ဇာတ်ကောင်ဖြစ်တဲ့ Niander Wallace ကို ကြည့်တဲ့အခါ ဘာကိုကိုယ်စားပြုနေတာနဲ့တူသလဲဆိုတော့ လူသားတွေဟာ အရာတစ်ခုခုကို ဖန်ဆင်းနိုင်သွားတဲ့အခါ မိမိကိုယ်မိမိ ဘုရားသခင်အလား ဗဟုသုတနဲ့စွမ်းအင်တွေ ရှိလာတဲ့ အသွင်မျိုး ဖြစ်တတ်ခြင်းနဲ့တူနေခဲ့တယ်။ ဒါကလည်း ကျွန်တော့်အမြင် သီးသန့်ပါပဲ။ သူဟာ လမ်းကြောင်းအမှားတစ်ခုကို လျှောက်လှမ်းနေမှန်း မသိလျှောက်လှမ်းနေတဲ့ ဇာတ်ကောင်တစ်ယောက်သဏ္ဍာန်အဖြစ် Jared Leto က သရုပ်ဖော်ပေးခဲ့တယ်။ ထိုဇာတ်ကောင်ဟာ မျက်စိမမြင်ရတဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ သိကြတဲ့အတိုင်း Jared Leto က Method actor တစ်ယောက်ဆိုတော့ သူသရုပ်ဆောင်နေစဉ်အတွင်းမှာ သူ့မျက်စိကို တစ်ကယ်မမြင်ရတဲ့ အရာတွေနဲ့ပိတ်ပြီး သရုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် သူသရုပ်ဆောင်နေစဉ်အတွင်းမှာ သူဟာ တစ်ကယ်ဘယ်အရာမှ မမြင်ခဲ့ဘူး။ ဒီတော့ ဒီဇာတ်ကောင်အတွက် မေးခွန်းက အလွန်တရာဆန်းကြယ်လှတဲ့ နည်းပညာတွေ တိုးတက်နေပြီး လူသားအစားထိုးစက်ရုပ်တွေကိုပါ ဖန်တီးနိုင်တဲ့သူက ဘာကြောင့် သူ့ရဲ့ကွယ်နေတဲ့ မျက်စိကို ပြန်လည်မကုသတာလည်း ဆိုတာပဲ။ နောက်ပြီး သူမျက်စိကွယ်ရခြင်းဟာ မွေးရာပါလား၊ အကြောင်းအရာ တစ်ခုခုကြောင့်လားဆိုတာလည်း သိချင်မိတယ်။ အကယ်၍ သူကိုယ်တိုင်လည်း Replicant တစ်ယောက် ဖြစ်ကောင်း ဖြစ်မိနေလိမ့်မယ်။ ဒါဟာ ကျွန်တော်ဝင်မိတဲ့ သံသယပဲ။ ဒါကြောင့်လည်း မျိုးပွားနိုင်တဲ့ Replicants တွေထုတ်နိုင်ခြင်းဟာ သူ့အတွက်ဒုတိယခြေလှမ်းတစ်ခု ဖြစ်ခဲ့ခြင်း ဖြစ်ပေလိမ့်မယ်။
သူအားကိုးရတဲ့ Replicant တစ်ယောက်ကတော့ Luv ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပဲ။
Sylvia Hoeks and Luv
နောက်ထပ်ထူးခြားပြီး လူပြောများခဲ့တဲ့ ဇာတ်ကောင်ကတော့ Luv ဆိုတဲ့ ယခုဇာတ်ကားရဲ့အပြောင်မြောက်ဆုံး အမျိုးသမီး Villain ဇာတ်ကောင်ပဲ။ ဇာတ်ကားတစ်ကားလုံးမှာ နားလည်ရအခက်အခဲဆုံး လို့ပြောလို့ရတယ်။ များသောအားဖြင့် အရာအားလုံးကို တည်ငြိမ်စွာ ဆောင်ရွက်တတ်ပေမဲ့ တစ်ခါတစ်ရံမှာတော့ သူမမျက်ရည်တွေ ကျနေခဲ့တာဟာ သူမရဲ့ဆန္ဒအပြည့်အဝမပါဝင်တဲ့ လုပ်ရပ်တွေကို လုပ်ကိုင်နေရလို့လား။ ဒါမှမဟုတ် ခံစားချက်ပြင်းထန်လွန်းတဲ့ Replicant တစ်ယောက်ဖြစ်နေခဲ့ခြင်းကြောင့်လား။ သူမရဲ့အတွင်းစိတ်နဲ့အပြင်သဏ္ဍာန်ကို ကျွန်တော်တို့ဝေခွဲခြားလို့မရခဲ့ဘူး။ ဆန့်ကျင်ဘက်နှစ်ခုကို တစ်ပြိုင်နက်တည်း သရုပ်ဖော်ထားတဲ့ ဇာတ်ကောင်မျိုး။ သူမဇာတ်ကောင်ကနေ ကြည့်မယ်ဆိုရင် ဇာတ်ကားတစ်ကားလုံးကို မြင်တဲ့အမြင်တွေဟာ အမျိုးမျိုးပြောင်းလဲသွားနိုင်တယ်။ သူမဟာ ဖန်တီးသူကြီး Niander Wallace အတွက် အလုပ်လုပ်ပေးနေတယ်ဆိုပေမဲ့ သူမရဲ့အဓိကရည်ရွယ်ချက်ကတော့ သူမတို့Replicants တွေရဲ့ကျွန်သဘောမျိုးဘဝတွေက လွတ်မြောက်ရေးဟာ အဓိကပဲ ဖြစ်ခဲ့တယ်။ ထိုဇာတ်ကောင်ကိုတော့ မင်းသမီး Sylvia Hoeks က အကောင်းဆုံး သရုပ်ဆောင်သွားနိုင်ခဲ့တယ်။
Visual and Cinematography (Roger Deakins)
ဒီဇာတ်ကားကိုသွားကြည့်တဲ့အခါ ယနေ့ခေတ် ပရိသတ်တစ်ချို့ဟာ ဒီဇာတ်ကားကို မုန်းမိကောင်း မုန်းမိလိမ့်မယ်။ ပျင်းစရာကြီးလို့ပြောမိကောင်း ပြောမိလိမ့်မယ်။ သေချာတယ်။ ဒီလိုစကားပြောမဲ့ သူတွေ ရှိနေမယ်ဆိုတာ။ ဒါပေမဲ့ သင်ရော ကျွန်တော်ရော လူတိုင်း ငြင်းဆန်လို့မရတဲ့ အချက်တစ်ခုကတော့ ဒီဇာတ်ကားထဲက Visual ပိုင်းတင်ဆက်ခြင်းဟာ အလွန်လှပပြီး အလွန်ကောင်းမွန်တယ်ဆိုတဲ့ အချက်ပဲ။ ဒီအချက်ကို မည်သူမှ မေးခွန်းထုတ်မယ် မထင်ဘူး။ တစ်ကယ့်ကို မေ့ဖျောက်ပစ်ဖို့ခက်ခဲတဲ့ ပုံရိပ်ကားချပ်တွေ၊ လှပလွန်းတဲ့ အမြင်အာရုံဖမ်းစားချက်တွေပဲ။ မူရင်းBlade Runner (1982) ဇာတ်ကားဟာလည်းCinematography ပိုင်းမှာ အားသာတယ်ဆိုပေမဲ့ ယခု2049 ဇာတ်ကားကတော့ Cinematography ပိုင်းမှာ မူရင်းဇာတ်ကားထက် အဆများစွာ အားသာခဲ့တယ်။ ဒါဟာ Cinematographer Roger Deakins ကြောင့်ပေါ့။ သူ ဓာတ်ပုံဆရာအဖြစ် ရိုက်ကူးခဲ့တဲ့ ကျွန်တော်ကြည့်ဖူးသမျှဇာတ်ကားတွေထဲမှာ ယခုဇာတ်ကားဟာ အလှပဆုံးပဲ။ သူ့Career မှာ အကောင်းဆုံး ကျွန်တော်ကတော့ သတ်မှတ်လိုက်တယ်။ သူ ဒီဇာတ်ကားထဲက အလင်းကို ယူပုံတွေဟာ ဓာတ်ပုံဆရာတိုင်း လေ့လာသင့်လောက်တယ်။ မူရင်း Blade Runner (1982) ဇာတ်ကားအတိုင်း Frames တစ်ခုခြင်းစီဟာ သေသပ်ပြီး ဂရုတစိုက် အလေးအနက် ဖန်တီးထားခဲ့ကြတယ်။
Blade Runner 2049 ဇာတ်ကားဟာ ဒီနှစ်ရဲ့အလှပဆုံး Sci-Fi Neo Noir ဇာတ်ကားပဲ။ Roger Deakins က ကြည့်ရအဆုံးဆုံး locations တွေကို အလှဆုံးဖြစ်အာင် ရိုက်ပြသွားနိုင်တာ။ ဒါကြောင့်လည်း Emmanuel Lubezki ထက် ပိုကြိုက်တာ။ မြို့ပြရဲ့မှောင်မိုက်တဲ့ ညသန်းခေါင်ယံက စင်္ကြလျှောက်လမ်းတွေက အစ၊ တောက်ပတဲ့ အရောင်တွေနဲ့ခြယ်မှုန်းထားတဲ့ စက်ရုံကြီးတွေ၊ တဖွဲဖွဲကျနေတဲ့ နှင်းမှုန်တွေအထိ အသေးစိပ်နဲ့ အလွှာတစ်ခုခြင်းစီ ဖန်တီးနိုင်ခဲ့တယ်။ ထို့အပြင် အရာအားလုံးနီးပါး Symmetrical အချိုးညီမျှစွာ ဗိသုကာလက်ရာတွေနဲ့တည်ဆောက်ထားတဲ့ Niander Wallace ရဲ့အဆောက်အဦးထဲက ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးတင်ပြထားချက်တွေဟာ အမှန်ပင် အသက်ရှုမှားလောက်တယ်။ သေချာတာတစ်ခုကတော့ Cinematography ဆုနဲ့တစ်ဘဝလုံးမှာ 13 ကြိမ်တိတိ Oscar လျာထားခံခဲ့ရပြီး ယနေ့တိုင် ဆုမရသေးတဲ့ Roger Deakins တစ်ယောက်တော့ ယခုဇာတ်ကားနဲ့Oscar စင်ပေါ်မှာ ဆုတက်ယူနိုင်ပြီလို့ကျွန်တော်ရဲရဲကြီး ပြောနိုင်တယ်။ (Sorry ပါ Dunkirk ဇာတ်ကားက Hyote Van Hyotema)။
Music, Scores and Sound Design (Hans Zimmer and Benjamin Wallfisch)
ဇာတ်လမ်းအတွင်း တစ်ချက်တစ်ချက် တက်တက်လာတဲ့ ကျယ်လောင်တဲ့ နောက်ခံတေးဂီတသံစဉ်ကြီးတွေဟာလည်း အလွန်ကြောက်မယ်ဖွယ်ရာ ကောင်းလွန်းတယ်။ ပရိသတ်ကို စိုးရိမ်ကြောင့်ကြစိတ်တွေ ပေးစေသလို ဆိုးရွားတဲ့အကြောင်းအရာ တစ်ခုခုဖြစ်တော့မယ်လို့လည်း သတိပေးနေဟန်မျိုးတွေ။ Hans Zimmer နဲ့Benjamin Wallfisch တို့နှစ်ယောက်ဟာ အသံပိုင်းနဲ့ဂီတပိုင်းကို ဖန်တီးကြတဲ့အခါ မူရင်း 1982 ဇာတ်ကားက သံစဉ်ကိုလည်း မပျောက်အောင် ဖန်တီးနိုင်ခဲ့ကြတယ်။ သေနတ်ပစ်သံတိုင်း၊ ပေါက်ကွဲသံတိုင်းဟာ ဇာတ်ဝင်ခန်းတိုင်းကို ပိုမိုလေးနက်လာစေတယ်။ အမှန်တော့ ဒီနှစ်ယောက်က ဒီဇာတ်ကား ထွက်ခါနီး July လ လောက်ကမှ စတင်ပါဝင်လာခဲ့ကြတာ။ အစက Composer အဖြစ် Prisoners တို့Sicario တို့ နဲ့Arrival ဇာတ်ကားတွေမှာ Director Denis Villeneuve နဲ့အမြဲ အတူလက်တွဲ လုပ်ကိုင်ခဲ့ဖူးတဲ့ Jóhann Jóhannsson က ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ရိုက်ကူးရေးတွေ ပြီးဆုံးသွားတဲ့အခါ သူဖန်တီးခဲ့တဲ့ ဂီတနဲ့ရုပ်ရှင်ဇာတ်ကြောင်းနဲ့မလိုက်ဖက်ဘူး ဆိုပြီး Director ရော Composer ရော နှစ်ယောက်စလုံး သဘောတူပြီး Composer Jóhann Jóhannsson ထွက်သွားခဲ့တယ်။ ဒါကြောင့် Hans Zimmer နဲ့Benjamin Wallfisch တို့က နောက်မှ ပါဝင်လာဖြစ်ခဲ့တာ။
Director Denis Villeneuve
မူရင်းဇာတ်ကားကို ပြန်ရိုက်တာပဲ ဖြစ်ဖြစ်၊ ယခုလိုနောက်ဆက်တွဲ ဇာတ်လမ်းတစ်ခု ဖန်တီးတာပဲဖြစ်ဖြစ် ဒုတိယမြောက် ဇာတ်ကားတွေဟာ အောင်မြင်ခဲ့တာ ရှားပါးလှပါတယ်။ ထူးထူးခြားခြား ပထမဇာတ်ကားတွေထက် ပိုမိုကောင်းမွန်ခဲ့တယ်လို့ပြောဆိုခံရတဲ့ အောင်မြင်တဲ့ဇာတ်ကားတွေကို ရုပ်ရှင်သမိုင်းမှာ ပြန်ကြည့်မယ်ဆိုရင်
The Godfather Part II,
The Empire Strikes Back, Aliens,
Dawn of the Planet of the Apes,
Terminator 2: Judgment Day,
The Dark Knight,
The Lord of the Rings: The Two Towers,
Before Sunset,
Star Trek II: The Wrath of Khan,
Toy Story 2,
Captain America: The Winter Soldier,
The Bourne Supremacy,
The Road Warrior တို့ပဲ။
ဒါကျွန်တော် မှတ်မိသလောက် ပြောတာ။ ထိုဇာတ်ကား စာရင်းတွေထဲကို ဒီနှစ်မှာ ဝင်ရောက်လာတဲ့ ဇာတ်ကားကတော့ ယခု Blade Runner 2049 ဇာတ်ကားပဲ။ အမှန်တော့ ယခုဇာတ်ကားဟာ လိုအပ်လားဆိုတော့ လိုအပ်တယ်လို့တော့ ကျွန်တော် မမြင်မိဘူး။ ပထမဇာတ်ကားကို ဒီအတိုင်းလေး ရှိနေစေချင်တယ်။ ပဟေဠိတွေကို ဒီအတိုင်းပဲ အဖြေမရှိပဲ ထားစေချင်မိတယ်။ ဒါပေမဲ့ 2049 ဟာ ရုပ်ရှင်ဇာတ်ကားတစ်ကားအနေနဲ့အလွန်တရာ အနုပညာဆန်ပြီး အလွန်တရာ ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကား ဖြစ်နေပြန်တယ်။ ဒါတွေအားလုံးဟာ Director Denis Villeneuve ကြောင့်လား။ Denis Villeneuve ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုခြေလှမ်းစိပ်လာတာကို မြင်ရပြီး တစ်ကားထက်တစ်ကား ပိုပိုကောင်းလာတာကို တွေ့ရတယ်။ Incendies ကစပြီး ကျွန်တော့် သူ့ဇာတ်ကားတွေကို စကြည့်ခဲ့ရတယ်။ Prisoners မှာ သူ့ရဲ့ထူးခြားတဲ့ဟန်ကိုတွေ့ခဲ့ရပြီး Enemy ကတော့ သူ့ရဲ့Personal အဆန်ဆုံး ရုပ်ရှင်လို့ကျွန်တော်မြင်မိတယ်။ ဒါပေမဲ့ Sicario ဇာတ်ကားက ရခဲ့တဲ့ ခံစားချက်တွေကိုတော့ အခုထိ မမေ့နိုင်သေးဘူး။ Arrival ဟာလည်း သူ့အတွက် အအောင်မြင်ဆုံးဇာတ်ကား ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မယ်။ ယခု Blade Runner 2049 ဟာ သူ့ဇာတ်ကားတွေထဲမှာ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားပဲ။ ဒါပေမဲ့ သူ့ရဲ့ကိုယ်ပိုင်ဖန်တီးဟန် ပျောက်နေသလို ခံစားခဲ့ရတယ်။ သူဟာ သူ့ကိုယ်ပိုင်ဟန်ထက် မူရင်းဇာတ်ကားရဲ့အရသာ ပျောက်သွားမှာကို ပိုမိုစိုးရိမ်နေခဲ့သလိုပဲ။ ဒီ့အတွက် ဇာတ်ကြောင်းပြောခြင်းထက် အမြင်အာရုံပိုင်းဆိုင်ရာမှာ Roger Deakins က နေရာယူသွားနိုင်ခဲ့တယ်။ Sicario တို့Arrival တို့မှာ သူ့ရဲ့ကိုယ်ပိုင်ဟန်ကို အပြည့်အဝရခဲ့တယ်။ အဆိုးရွားဆုံးအခြေအနေတွေမှာတောင် လူသားတွေရဲ့ခံစားချက်တွေကို တင်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ယခုသူရိုက်ကူးခဲ့တဲ့ ဇာတ်ကားက Blade Runner ရဲ့Sequel လေ။
ဒါပေမဲ့ Denis Villeneuve ဟာ ယခုဇာတ်ကားမှာ သူ့ကိုယ်ပိုင် Blade Runner ကမ္ဘာတစ်ခုကိုတော့ ဖန်တီးနိုင်ခဲ့တယ်။ ထို့အပြင် ဇာတ်အိမ်ကိုလည်း ချဲ့ထွင်နိုင်ခဲ့ပါသေးတယ်။ တစ်ကယ်ပါ။ အခုလက်ရှိအထိတော့ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ကျွန်တော်ဒီဇာတ်ကားကို အကြိုက်ဆုံးပဲ။ သူမကြာသေးခင်က ရိုက်ကူးခဲ့တဲ့ အထက်ပါ ဇာတ်ကားတွေကို ကြည့်လိုက်မယ်ဆိုရင်ပဲ ကျွန်တော်တို့ဘာတွေ ခန့်မှန်းနိုင်လည်း ဆိုတော့ ကျွန်တော့်တို့ယနေ့ခေတ်ရဲ့Kubrick တို့Scorsese တို့ Spielberg တို့လိုနေရာမျိုးကို သူမကြာခင် ရောက်တော့မယ်ဆိုတာပဲ။ ရောက်လည်း ရောက်ရှိနေပါပြီ။
Analysis of Villain and Flaws
ပထမ original မူရင်းဇာတ်ကားနဲ့ယှဉ်ကြည့်မယ်ဆိုရင် အားနည်းတဲ့အချက်တွေမှာ တစ်ခြားအရာတွေဟာ သိပ်မသိသာပေမဲ့ Villain အပိုင်းကတော့ ယခု 2049 ဟာ အလွန်အားနည်းတယ်လို့မြင်မိတယ်။ မူရင်း Blade Runner ဇာတ်ကားတွင် အဓိကဇာတ်ကောင် Rick Deckard ဟာ သူလုပ်ကိုင်ဆောင်ရွက်ရမဲ့ အလုပ်ကို ပြီးဆုံးအောင် ဆောင်ရွက်တတ်တဲ့ ရဲစုံထောက်တစ်ယောက်။ ဒါပေမဲ့ သူ့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်တဲ့ Roy Batty ဆိုတဲ့ Replicant နဲ့တွေ့တဲ့အခါ သူရှုံးနိမ့် သွားခဲ့တယ်။ ဘာကြောင့်လဲ။ Roy Batty ဇာတ်ကောင်ဟာ လွန်စွာ စိတ်ဝင်စားဖို့ကောင်းပြီး ထူးခြားတဲ့ Villain တစ်ယောက် ဖြစ်ခဲ့လို့ပဲ။ သူဟာ သူ့ရဲ့ဖြစ်တည်မှုကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတစ်ခုမှာ ဖြစ်တည်ခဲ့တယ်။ သူဟာ သူ့ရဲ့ရပ်တည်ချက်၊ အသက်ရှင်ဖို့အတွက်ပဲ ရည်ရွယ်ချက် ရှိခဲ့တယ်။ ကျွန်တော် Villains album ထဲမှာ ထိုဇာတ်ကောင်ကို ရေးသားခဲ့တဲ့အတိုင်း ပြန်ရေးရမယ်ဆိုရင်
“သူသည် လူသားတစ်ဦးမဟုတ်။ သို့သော် လူသားခံစားချက်တွေထည့်ပေးထားခြင်းခံရတဲ့ စက်ရုပ်လူသားတစ်ဦး။ ရုပ်ရှင်ထဲမှာ ခေါ်တာကတော့ Replicant ပေါ့။ လူသားတွေ လုပ်စရာတွေကို အစားထိုး လုပ်ဆောင်ပေးလာရတဲ့ လူသားအစားထိုး စက်ရုပ်တွေ။ သို့သော် သူတို့နဲ့လူသားတွေနဲ့မတူညီတဲ့ အချက်တစ်ခုကတော့ သူတို့ရဲ့Life Expectancy က လူသားတွေလို ကြာကြာအသက်ရှင်ခွင့် မရှိပဲ တစ်ယောက်ကို 4 နှစ်စီပဲ ရကြပါတယ်။ ကျွန်တော်တို့Roy Batty ကို စတွေ့တော့ သူ့ရဲ့အသက်သည် 3နှစ်နဲ့10 လ ရှိနေပါပြီ။ သူ့ရဲ့သက်တမ်း ကုန်ဆုံးရန် 2 လသာသာပဲ လိုတော့တဲ့အချိန်တစ်ခု…
စဉ်းစားကြည့်လိုက်ကြရအောင်ဗျာ..
ခင်ဗျားတို့ရော အသက်ကို 4နှစ်ပဲ အသက်ရှင်ခွင့်ရမယ်လို့တားမြစ်ချက်တွေ ကန့်သတ်ချက်တွေ ရှိရင် ထိုလမ်းစဉ်ကို ဆန့်ကျင်ကြမှာ မဟုတ်လား? မိမိ အသက် ဆက်လက်ရပ်တည် ရှင်သန်ရန် နည်းမျိုးစုံသုံးပြီး ကြိုးစားကြမှာပဲ မဟုတ်လား? ငါတို့ကလူသားတွေပဲ။ သူတို့ကစက်ရုပ်တွေပဲလို့တော့ မပြောလိုက်ပါ နဲ့။ လူသားအသိဉာဏ်နဲ့လူသားခံစားချက်တွေ ထည့်ပေးလိုက်ပြီ ဆိုကတည်း က လူသားတစ်ယောက်ဖြစ်ပြီလို့ကျွန်တော်ယူဆပါ တယ်။ထို့ကြောင့် သူ့အနေနဲ့သူအသက်ဆက်လက် ရှင်သန်ရန် တောင်းဆိုခြင်းဟာ မတရားတာမဟုတ်ခဲ့ဘူးလို့ကျွန်တော် ယူဆခဲ့မိတယ်။ ထို့အပြင် ကျွန်စနစ်ရဲ့ဆိုးကျိုးတွေကို ကျွန်တွေပဲ နားလည်တဲ့အတွက် သူ့ဇာတ်ကောင်ကိုကျွန်တော် Villain လို့တောင်မမြင်မိခဲ့ပါဘူး ။ ထိုဇာတ်ကောင်ကို ကျွန်တော်ရဲ့ အကြိုက်ဆုံး ရုပ်ရှင်တစ်ကားဖြစ်တဲ့ Blade Runner မှာ တွေ့ခဲ့ရပါတယ်။ သူသာ သက်တမ်းမကုန်ခဲ့လျှင် Rick Deckard သည် မည်သည့်နည်းနှင့်မှသူ့ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် မဟုတ်ခဲ့ပါ။ သူ့ရဲ့နောက်ဆုံးအချိန်တွင် တိုက်ခေါင်မိုးတစ်ခုရဲ့အပေါ်မှာ မိုးရည်တွေကြားထဲ ပြောခဲ့တဲ့ စကားတွေက မည်သူမှ နားလည်မည် မဟုတ်ပေမဲ့ ယခုထိ အမှတ်ရနေတုန်းပါပဲ။
ထိုကဲ့သို့သော ဇာတ်ကောင်စရိုက် ပြိုင်ဆိုင်မှု ဇာတ်ဝင်ခန်းတွေဟာ ယခုဇာတ်ကား 2049 မှာ ဝမ်းနည်းစွာနဲ့လုံးဝမပါဝင်လာခဲ့ဘူး။
References
Replicants
ဗဟုသုတအနေနဲ့ကျွန်တော်ပြောချင်တဲ့ တစ်ခုကတော့ Replicants series တွေအကြောင်းပဲ။ မူရင်း စာအုပ်ဖြစ်တဲ့ “Do Androids Dream of Electric Sheep?” ဆိုတဲ့စာအုပ်ကို မဖတ်ဖူးတော့ “Replicant” ဆိုတဲ့ စကားလုံးကို ထိုစာအုပ်ထဲက အသုံးအနှုန်းလို့ထင်ခဲ့တာ။ အမှန်က မဟုတ်ဘူး။ Blade Runner (1982) ဇာတ်ကား Director Ridley Scott က စထွင်ခဲ့တဲ့ အသုံးအနှုန်း။ အရမ်းလှပြီး ခေတ်ရှေ့လည်းဆန်ခဲ့တယ်။ မူရင်း စာရေးဆရာ Philip K. Dick က “Androids” တွေလို့ပဲ သုံးခဲ့တာ။
မူရင်းရုပ်ရှင်မှာတုန်းက Rick Deckard အနားပေး (လိုက်လံသတ်ဖြတ်) ခဲ့တဲ့ Replicants တွေက Nexus-6 အမျိုးအစားတွေ။ အစောပိုင်း Models တွေလို့ပြောလို့ရတယ်။ သူတို့ကို စထွင်ခဲ့တာက ကျွန်တော်အစောပိုင်းမှာ ပြောခဲ့တဲ့ Tyrell Corporation ပဲ။ Nexus-6 တွေရဲ့သက်တမ်းက 4 နှစ်စီပဲ ရှိတယ်။ အဲ့ဒီ့နောက် သူတို့ထွင်ခဲ့တဲ့ Model က Nexus-7 ဆိုတာပဲ။ ဥပမာ ပထမမူရင်းဇာတ်ကားက မင်းသမီး Sean Young သရုပ်ဆောင်ခဲ့တဲ့ Rachel က Nexus-7 အမျိုးအစား၊ မျိုးပွားလို့ရပြီဖြစ်တဲ့ အမျိုးအစား။ ဒီလိုနဲ့Tyrell Coroporation က Nexus-8 ကို ဆက်ထွင်ခဲ့တယ်။ သူတို့က လူသားတွေလို သက်တမ်းအပြည့်နေနိုင်နေခဲ့တယ်။ ဒါပေမဲ့ အခိုင်းအစေ အစစ်သဘောမျိုး မရခဲ့သေးဘူး။ လူသားတွေရဲ့အမိန့်တွေကို အပြည့်အဝ နာခံတတ်တဲ့ စက်ရုပ်မျိုးတွေ မဟုတ်သေးဘူး။ သူတို့ဟာ ထွက်ပြေးမယ်။ လူသားတွေကို နာကျည်းမယ်၊ ပုန်ကန်မယ်။ နောက်ဆုံး သူတို့ကြောင့် Blackout ဖြစ်ခဲ့ရတယ်။ သူတို့ဟာ Tyrell Corporation က နောက်ဆုံးထုတ်ခဲ့တဲ့ Replicants တွေပဲ။ ထိုအဖြစ်အပျက်တွေကြောင့်ပဲ Replicants တွေ ဆက်လက်ထုတ်လုပ်ခြင်းကို ဥပဒေက တားမြစ်ခဲ့တယ်။ နောက်ဆုံး Niander Wallace ဆိုတဲ့ လူတစ်ယောက်က အမိန့်နာခံတဲ့ Replicants တွေကို ထုတ်လုပ်ပြနိုင်ခဲ့မှ Replicants တွေထုတ်လုပ်ခြင်းကို တားမြစ်ခဲ့တဲ့ ဥပဒေတွေကို ရုပ်သိမ်းခဲ့တယ်။ ဒါပေမဲ့ လက်ကျန် Nexus တွေကတော့ ဝရမ်းပြေးတွေအဖြစ်နဲ့လောကကြီးမှာ ဆက်လက် ရှိနေသေးတယ်။ 2049 ရုပ်ရှင်စစခြင်းမှာ K သတ်ခဲ့တဲ့ Sapper Morton က Nexus 8 model အမျိုးအစားမျိုး။ လူသားတွေရဲ့အမိန့်ကို တသွေမသိမ်းလိုက်နာဖို့တီထွင်ခဲ့တဲ့ နောက်ထပ် model တစ်မျိုးကတော့ Nexus-9 အမျိုးအစားတွေပဲ။ 2049 ဇာတ်ကားထဲက အဓိကဇာတ်ကောင် K ဟာလည်း Nexus-9နောက်ဆုံးအမျိုးအစားထဲမှာ ပါဝင်တယ်။ သူ့ရဲ့Model series number အရှည်က ‘KD9-3.7’ ဖြစ်ပြီး “K” ဆိုပြီး အတိုကောက် ခေါ်တာပဲ။
Meaning of “Do Androids Dream of Electric Sheep”
မူရင်းစာရေးဆရာ Philip K. Dick ရေးသားခဲ့တဲ့ မူရင်းစာအုပ် “Do Androids Dream of Electric Sheep” ဆိုတဲ့ အဓိပ္ပာယ်ကို စာအုပ်မဖတ်ဖူးတဲ့ ကျွန်တော် မနည်းစဉ်းစားခဲ့တယ်။ ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ 2019 ခုနှစ်မှာ တိရိစ္ဆာန်တွေဟာ မျိုးတုန်းရှားပါးခဲ့ပြီ။ လူသားတွေဟာ တိရိစ္ဆာန်တွေကိုပါ အတုတွေ၊ စက်ရုပ်တွေအဖြစ် ပြုလုပ်လာရတယ်။ မူရင်းစာအုပ်မှာ ဖော်ပြထားတာက Rick Deckard ဇာတ်ကောင်က Replicants တွေကိုသတ်ပြီး ငွေယူခြင်းရဲ့ရည်ရွယ်ချက်အစစ်က သူ့ကိုယ်ပိုင်ခြံလေးထဲက Electric သိုးတွေကို အစားထိုးဖို့တိရိစ္ဆာန်အစစ်တွေကို ဝယ်ယူရန်ပဲ။ အခုမှပဲ ထိုစာအုပ်ကပေးတဲ့ ခေါင်းစဉ်ကို နားလည်တော့တယ်။
Cell and Interlink
2049 ရုပ်ရှင်ကြည့်နေစဉ် “Post-Trauma Baseline Test” ဆိုတဲ့ Replicants တွေရဲ့စိတ်ကို စစ်ဆေးတဲ့ အခန်းဇာတ်ဝင်ခန်း နှစ်ခန်းပါဝင်တယ်။ ရည်ရွယ်ချက်ကတော့ လူသတ်ခြင်းကနေ တစ်ဆင့်ဖြစ်ပေါ်တတ်လာတတ်တဲ့ စိတ်ခံစားချက်အပြောင်းအလဲကို Response တုန့်ပြန်ခြင်း စစ်ဆေးဖို့ပဲ။ ပထမ ဇာတ်ကားမှာကတော့ Voight-Kampff Test ကိုအသုံးပြုကြတယ်။ ယခု “Post-Trauma Baseline Test” မှာ Response rate နှေးကွေးရင် Baseline ကို မမှီဘူးလို့ပြတယ်။ ဒါဟာ ထို Replicant ဟာ စိတ်ခံစားချက်တွေ ဝင်နေပြီဆိုတဲ့ သဘောပဲ။ အဆိုပါ Test မှာ မေးတဲ့ စာကြောင်းတွေထဲက တစ်ခုကို ထုတ်ပြောရမယ်ဆိုရင်
“And blood-black nothingness began to spin a system of cells interlinked within cells interlinked within cells interlinked within one stem. And dreadfully distinct against the dark, a tall white fountain played.”
ထိုစာသားတွေက စိတ်ရှိတဲ့အတိုင်း လျှောက်ရေးထားတာ မဟုတ်ဘူး။ Vladimir Nabokov ဆိုတဲ့ စာရေးဆရာရဲ့”Pale Fire” ဆိုတဲ့ ကဗျာက စာသားတွေကို ယူထားခဲ့တာ။
Conclusion and Discussions
Director Christopher Nolan ဟာ interviews တွေမှာ မူရင်း Blade Runner ဇာတ်ကားအကြောင်းကို မကြာခဏပြောလေ့ရှိတယ်။ ထိုရုပ်ရှင်ဟာ သူ့ဘဝကို မည်မျှထိ လွှမ်းမိုးခဲ့ကြောင်း၊ ထိုဇာတ်ကား တင်ပြခဲ့တဲ့ ကမ္ဘာကြီးထဲက အဆောက်အဦးတွေ၊ နေရာတွေ၊ အချိန်ကာလတင်ဆက်ပုံတွေကို သူဘယ်လို အထင်ကြီးခဲ့ကြောင်းတွေ မကြာခဏဆိုသလို ပြောလေ့ရှိတတ်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ Batman Begins ဇာတ်ကားကို ကြည့်တာနဲ့တင် သိနိုင်ပါတယ်။ Batman Begins ဇာတ်ကားထဲက Production Designs တွေ၊ ဇာတ်ကြောင်းပြောခြင်းတွေဟာ ထို Blade Runner ဇာတ်ကားနဲ့အလွန်ဆင်တူခဲ့တယ်။
Blade Runner ဇာတ်ကားတွေရဲ့အဓိပ္ပာယ်က ဘာလဲ။ လူသား ဆိုတဲ့အရာကို မေးခွန်းထုတ်ခဲ့တာပဲ။ လူသားဖြစ်ခြင်း မဖြစ်ခြင်းကို ဘာနဲ့တိုင်းတာပြီး ဆုံးဖြတ်ကြသလဲ။ ကျွန်တော်တို့မှတ်ဉာဏ်တွေထဲက အမှတ်တရအဖြစ်အပျက်တွေနဲ့လား။ ထိုမှတ်ဉာဏ်လေးတွေက ကျွန်တော်တို့ဟာ လူသားဖြစ်တယ်လို့အတည်ပြုပေးခဲ့တာလား။ မဟုတ်ဘူးဆိုရင် ဘယ်အရာက လူသား ဆိုတာကို အတည်ပြုသလဲ။ မူရင်း Blade Runner ဇာတ်ကား မှီငြမ်းခဲ့တဲ့ စာအုပ်မှာ စာရေးဆရာ Philip K. Dick က ဘာတွေ မေးခွန်းထုတ်ခဲ့သလဲဆိုတော့ “ငါတို့ဟာ ဘာတွေလဲ။ ဘာကြောင့် ငါတို့ဟာ ယခုကမ္ဘာမြေပေါ်မှာ တည်ရှိနေတာလဲ။ ဘယ်အရာတွေကြောင့် ငါတို့ဟာလူသားလို့ ပြောဆိုနိုင်ရတာလဲ။ ငါတို့ဟာ တစ်ခြားသတ္တဝါတွေထက် ပိုမိုမြင့်မြတ်နေလား။ ငါတို့မှာရော ပြန်လည်ဖန်တီးနိုင်တဲ့ စွမ်းအင်တွေ ရှိနေလား။ အကယ်၍ ရှိနေတယ်ဆိုရင် ဒီအဓိပ္ပာယ်က ထိုဖန်ဆင်းတဲ့အရာတွေကိုလည်း ပြန်လည်ဖျက်ဆီးနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်များလား။ အရေးကြီးဆုံး မေးခွန်းကတော့ စက်ရုပ်တွေဟာ လျှပ်စစ်သိုးတွေကို အိပ်မက် မက်လေ့ရှိကြလား။” တဲ့။
Replicants တွေအဖို့တော့ ကြီးမားတဲ့ ဖြစ်ရပ်တစ်ခု၊ (သို့မဟုတ်) ရည်ရွယ်ချက်တစ်ခုခုကြောင့် သေဆုံးရတာဟာ သူတို့ကို လူသားဆန်စေခဲ့တယ်လို့ယူဆကြတယ်။ ယခု 2049 ဇာတ်ကားမှာ ဇာတ်ကောင်အများစု သေဆုံးခဲ့ကြတယ်။ လူသားတွေရော၊ Replicants တွေရော။ သူတို့သေဆုံးခြင်းရခြင်းရဲ့အကျိုးဆက် အဓိပ္ပာယ်တွေကပဲ ထိုဇာတ်ကောင်ရဲ့ လူသားဆန်ခြင်းဆိုတဲ့ စရိုက်ကို ကိုယ်စားပြုခဲ့ကြတယ်။ လူသားလား၊ စက်ရုပ်လားဆိုတဲ့ နာမည်တွေက လူသားဆန်ခြင်း မဆန်ခြင်းကို ကိုယ်စားမပြုခဲ့ကြဘူး။ အမှန်တော့ ကောင်းခြင်းတွေ မရှိဘူး။ ဆိုးခြင်းတွေလည်း မရှိဘူး။ ထို Blade Runner ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ယခုပြင်ပကမ္ဘာက လူသားတွေပဲဖြစ်ဖြစ် သက်ရှိအကုန်လုံးဟာ ကြမ်းတမ်းတဲ့ ကမ္ဘာကြီးပေါ်မှာ အရာရာ အဆင်ပြေပြီး တစ်နေ့တာကို အသက်ရှိစွာ ကုန်ဆုံးဖို့ကြိုးပမ်းနေကြတာပဲ မဟုတ်လားဗျာ။
Blade Runner 2049 ဇာတ်ကားဟာ ကျွေးကျွန်စနစ်တွေရယ်၊ လွတ်မြောက်ခြင်းတွေရယ်၊ ရှင်သန်ခြင်း၊ သေဆုံးသတ်ဖြတ်ခြင်းများနဲ့လူသားဖြစ်တည်မှုတို့ကို တွေးတောစရာ အတွေးအခေါ်တွေ ထည့်ပေးခဲ့တယ်။ ကျွန်တော်အမြင်ကို ပြောရမယ်ဆိုရင် ဒီဇာတ်လမ်းဟာ အဓိကဇာတ်ကောင်က ကျွန်တွေဟာ လူသားတွေလို့သိသွားခဲ့တာမဟုတ်ပဲ လူသားတွေဟာပဲ ပတ်ဝန်းကျင်က အရာအားလုံးရဲ့ကျွေးကျွန်တွေ ဖြစ်နေတယ်ဆိုတာ သူသဘောပေါက်သွားတယ်လို့ထင်မိတယ်။ ဟုတ်တယ်။ ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်ရင်ဆိုင်နေရတဲ့ ဘောင်တွေ စနစ်တွေရဲ့ကျွန်တွေ၊ ကြောက်ရွံ့ခြင်းတွေနဲ့ပဋိပက္ခတွေရဲ့ ကျွေးကွန်တွေ၊ ပြီးတော့ မျှော်လင့်ချက်တွေရဲ့ကျွေးကျွန်တွေပဲလေ။
ဇာတ်ကားဆုံးတော့ ရုံထဲက လူတိုင်းဟာ တိတ်ဆိတ်နေတယ်။ သူတို့ဟာ ကိုယ်ပိုင်အတွေးတွေနဲ့တွေးတောနေတာလား (ဒါမှမဟုတ်) ခံစားချက်တွေနဲ့ပြည့်နှက်နေတာလားဆိုတာ ဝေခွဲလို့မရခဲ့ဘူး။ ယခု ဇာတ်ကားဟာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ အနုပညာသမားတိုင်းရဲ့အစွမ်းအမြင့်မားဆုံး အချိန်လို့တောင် ပြောလို့ရလောက်တယ်။ Denis Villeneuve, Roger Deakins, Ryan Gosling ပြီးတော့ Hans Zimmer တို့အကုန်လုံးရဲ့အမြင့်မားဆုံးစွမ်းအင်တွေနဲ့ဖွဲ့စည်းထားခဲ့တဲ့ မမေ့ပျောက်နိုင်တဲ့ အနုပညာဖန်တီးမှုသီးသန့်တစ်ခုပဲဖြစ်ပေတော့တယ်။
IMDb’s rating: 8.6/10 (currently)
Rotten Tomatoes rating: 89% (currently)
~WH~