Brooklyn
ချစ်လှစွာသော Eilis,
မင်း မှတ်မိသေးလားတော့ မသိဘူး။ မင်းနဲ့ကိုယ်နဲ့စတွေ့ခဲ့ကြတဲ့ ညလေးကိုလေ။ ကိုယ်ဟာ Irish Club ကို တစ်ခါတစ်ရံရောက်တတ်ပေမဲ့ အဲ့ဒီ့ညတုန်းက မင်းလို မိန်းကလေးမျို းနဲ့ ဆုံဆည်းဖြစ်ခဲ့မိလိမ့်မယ်လို့ကိုယ်တွေးမထားခဲ့ဘူး။ ဖူးစာပါတယ်လို့ပဲ လွယ်လွယ်ပြောရမယ်ဆိုရင် မင်းကို ကိုယ်စတွေ့ကတည်းက တစ်ချိန်မှာ မင်းဟာ ကိုယ့်ရဲ့အိမ်သူသက်ထားဇနီးတစ်ယောက် ဖြစ်လာလိမ့်လို့ကိုယ့်ရဲ့မသိစိတ်တွေက ကြိုတင်သိနေခဲ့တယ်။ အဖော်တွေနဲ့ဝေးပြီး ယောင်လည်လည်ဖြစ်နေတဲ့ မင်းကို အသီးသီးကနေကြတဲ့ လူတွေကြားမှာ ကိုယ်စတွေ့ခဲ့တယ်။ မင်းဆီကို ကိုယ်လျှောက်လာခဲ့တေ့ာ မင်းကိုယ့်ကို ပြုံးပြခဲ့တာ ကိုယ်မှတ်မိသေးတာပေါ့။ နောက်တော့ မင်းနဲ့အတူပါလာတဲ့ အူကြောင်ကြောင် မိန်းကလေးတစ်ယောက်ရဲ့ ဒုက္ခကနေမင်းလွတ်မြောက်ဖို့ကိုယ်နဲ့အပြင်ကို မင်းပြေးထွက်လာခဲ့တယ်လေ။
မင်းဟာ Southeast Ireland ရဲ့မြို့ငယ်လေးတစ်မြို့ကနေ ကိုယ်တို့Brooklyn မြို့ကို ပြောင်းလာရပြီး မိန်းကလေးငယ်တန်မဲ့ မိသားစုနဲ့သမုဒ္ဓရာကြီးတစ်ခုခြားတဲ့ သူများမြေမှာ ခက်ခက်ခဲခဲ အလုပ်လာရောက် လုပ်ကိုင်နေရတဲ့ Irish သူလေးဆိုတာ ကိုယ်နောက်တော့ သိလာခဲ့ရတယ်လေ။ အခုလို ရိုးသားကြိုစားပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့အပြုံလေးကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတစ်ယောက်ကို ကိုယ်ချစ်မိသွားတာ ထူးဆန်းတယ်လို့တော့ ကိုယ်မထင်ဘူးကွာ။ မင်းတစ်ယောက် အဲ့တုန်းက တော်တော်လေး အထီးကျန်ခဲ့မှာပဲနော်။
ကိုယ် မှတ်မိသေးတယ်။ မင်း ကိုယ့်ရဲ့အိမ်ကို လိုက်ပြီး ကိုယ့်ရဲ့မိသားစုနဲ့ညစာ လိုက်စားခဲ့တာ။ ဘယ်တုန်းက မင်းသင်ထားခဲ့လဲတော့ မသိဘူး။ ကိုယ်တို့Italian ခေါက်ဆွဲကို မင်းစားပြတာ ကိုယ့်အမေတောင် မင်းကို ချီးကျူးခဲ့တယ်လေ။ ကိုယ်လည်း ထင်တောင်မထင်ထားခဲ့ဘူး။ မင်းလို Irish သူလေးက ကိုယ်တို့Italian ခေါက်ဆွဲကို ကိုယ်တို့စားသလို စားတတ်ခဲ့မိလိမ့်မယ်လို့။ သေချာပါတယ်။ အဲ့ဒီ့တုန်းက မင်းတို့အဆောင်မှာနေတဲ့ ဟိုအစ်မကြီးတွေကို မေးပြီး သင်ခိုင်းခဲ့တာမဟုတ်လား? အဲ့ဒီ့ညတုန်းက ကိုယ့်ရဲ့ညီငယ်လေး ပြောခဲ့တာတွေကို အမှတ်မထားပါနဲ့နော်။ ညီငယ်လေးက ကလေးဆိုတော့ ကိုယ့်လိုပဲ အားကစားဝါသနာပါတဲ့အတိုင်း ကိုယ့်တို့Italian အသင်းကို မင်းတို့Irish အသင်းက အမြဲလိုလို အနိုင်ရနေတော့ သူလည်း မကျေနပ်လို့ပြောခဲ့တာနေမှာပါ။ ရယ်တော့ ရယ်ရတယ်နော်။ မင်းက စိတ်မဆိုးပဲ ရယ်နေခဲ့တယ်။ ကိုယ်တို့ထမင်းဝိုင်းလေးက အရမ်းချစ်ဖို့ကောင်းခဲ့တာပေါ့။
ကိုယ့်ရဲ့အချစ်တွေကို ဖွင့်ချခဲ့တော့ မင်းက တုံ့ဆိုင်းနေခဲ့တယ်။ မင်းဘာတွေ တွေးနေခဲ့လဲတော့ ကိုယ်မသိခဲ့ပေမဲ့ ကိုယ့်ဘဝမှာ အခက်အခဲဆုံးနဲ့စိတ်အလှုပ်ရှားဆုံးညတစ်ညကို ပြောဆိုရင် မင်း ကိုယ့်ကို အဖြေပြန်ပေးခဲ့တဲ့ညလေးကပဲ။ မင်းရဲ့bookkeeping သင်တန်းညကျောင်းက ဆင်းတုန်း ကျောင်းအောက်လေးမှာ အမြဲလိုလို လာလာစောင့်ပေးတတ်တဲ့ ကိုယ့်ကို မင်းအဲ့ဒီ့ညတုန်းက မတွေ့လို့ရှာနေသေးတယ်လေ။ ညကျောင်းလေးရဲ့လှေကားထစ်တွေပေါ်မှာ မင်းရဲ့ကိုယ့်ကို ရှာနေပုံလေးကို ကိုယ်ကြည့်ပြီး ပြုံးမိလာတယ်။ အနောက်နားမှာ ရပ်နေတဲ့ ကိုယ့်ကို မင်းတွေ့တော့ မင်းပျော်သွားခဲ့တယ်လေ။ မင်း ကိုယ့်ကို အဖြေပြန်ပေးပုံက ထူးဆန်းတယ်။ မင်းလည်း ကိုယ့်ကို အမြဲတွေ့ချင်ပြီး ကိုယ့်ကို နှစ်သက်ပါတယ်တဲ့လေ။ တစ်ကယ်လို့နောက်တစ်ကြိမ် ကိုယ်သာ မင်းကို ချစ်တယ်လို့ထပ်ပြောခဲ့မယ်ဆိုရင် မင်းလည်း ကိုယ့်ကို ချစ်ပါတယ်လို့ပြန်ပြောပါမယ်တဲ့လေ။ ကိုယ် မှတ်မိတာပေါ့။ ကိုယ် အဲ့ဒီ့ညတုန်းက အရမ်းပျော်ခဲ့တာကိုး။ တစ်လောကလုံးမှာ ကိုယ်သာလျှင်အပျော်ဆုံးလူဖြစ်ခဲ့မှာပါ။
Ireland က မင်းရဲ့အရင်းနှီးဆုံးလူသားတစ်ယောက်ဖြစ်တဲ့ မင်းရဲ့အစ်မဆုံးတယ်ဆိုတဲ့ သတင်းကြားတော့ မင်းနဲ့ကိုယ်နဲ့ခွဲရဖို့အကြောင်းဖန်လာခဲ့တာပေါ့။ မင်းငိုနေခဲ့တာတွေ ကိုယ်သတိရနေတုန်းပဲ။ မင်းရဲ့မျက်ရည်စလေးတွေကို ကိုယ်သုတ်ပေးချင်ပေမဲ့ ကိုယ့်ရဲ့မျက်ဝန်းတွေမှာလည်း မင်းလိုပဲ မျက်ရည်တွေ ပြည့်နေခဲ့တာလေ။ ကိုယ်တို့နှစ်ယောက်ရဲ့အနာဂတ်အိမ်လေးဆောက်မဲ့နေရာကို မင်းကို ကိုယ်ပြခဲ့တယ်လေ။ မင်း မှတ်မိချင်မှ မှတ်မိတော့မှာပါ။ ကိုယ်တို့နှစ်ယောက် ဒီလိုနဲ့မရည်ရွယ်ပဲနဲ့တိတ်တဆိတ် လက်ထပ်ဖြစ်ခဲ့ကြတယ်။ အဲ့ဒီ့တုန်းက ကိုယ်တို့နှစ်ယောက်စလုံးပျော်လိုက်ကြတဲ့ ဖြစ်ခြင်း။ ဘယ်တော့ပြန်တွေ့ရမယ်ဆိုတာ မသေချာတဲ့ ခွဲခွာခြင်းကို မရင်ဆိုင်ရသေးခင် အတူရှိနေခဲ့တဲ့ ခဏတာအချိန်လေးမှာ ကိုယ်တို့နှစ်ယောက် အပျော်ရွှင်ဆုံး ဖြတ်သန်းခဲ့ကြတာပေါ့။ ဒီလိုနဲ့ကိုယ်တို့နှစ်ယောက်ဝေးခဲ့ကြရတယ်လေ ..
မင်းပြောခဲ့တော့ ခဏလေးပါတဲ့။ ခုတော့ မင်းထွက်သွားခဲ့တာ ကြာခဲ့ပြီ။ ကိုယ်ဟာ စာမရေးတတ်လို့ကျောင်းနေတဲ့ ကိုယ့်ရဲ့ညီငယ်လေးကို ရေးခိုင်းရတယ်။ ရှက်တော့ ရှက်တာပေါ့ကွာ။ ဒါပေမဲ့လည်း မင်းကို သတိရတဲ့ စိတ်တွေက ကြီးစိုးနေတော့ ရှက်ရှက်နဲ့ညီလေးကို စာတွေရေးခိုင်းခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်မသိခဲ့တာက ကိုယ်ပို့နေတဲ့ စာလေးတွေဟာ စာအိတ်ထဲကတောင် ဖောက်ဖွင့်ခံရတဲ့ အနေအထားကို မရောက်ရှိခဲ့ပဲ မင်းရဲ့အံဆွဲလေးထဲမှာပဲ ဝှက်ထားခံခဲ့ကြရတယ် ဆိုတာပဲလေ။ ကိုယ်မသိခဲ့တဲ့ အကြောင်းအရာနောက်တစ်ခုက မင်းဟာ အခု မင်းရဲ့မြို့လေးမှာ ပျော်နေပြီဆိုတာပဲ။
အမှန်တော့ ကိုယ့်ရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့တာတော့ မဟုတ်ဘူး။ မင်း ကိုယ့်ရဲ့ဘဝလေးထဲကို မရောက်လာခင်ကလည်း ကိုယ်ဟာ ဒီဘဝပဲ။ အခု မင်းထွက်သွားတော့လည်း ကိုယ်ဟာ ဒီဘဝလေးမှာပဲ ကျန်ခဲ့တာပါ။ ကိုယ့်ရဲ့ဘဝက မပြောင်းလဲလာခဲ့ပေမဲ့ ပြောင်းလဲလာခဲ့တာကတော့ ကိုယ့်ရဲ့ခံစားချက်တွေပဲ။ မင်းကိုယ့်အနားမှာ မရှိတော့တဲ့ နောက်ပိုင်းမှာ ကိုယ်ဟာ နေလို့မရအောင် ခံစားလာရတယ်။ ရူးသွပ်ခြင်းတွေ လွမ်းဆွတ်ခြင်းတွေ အထီးကျန်ခြင်းတွေ သိမ်ငယ်ခြင်းတွေ ဝမ်းနည်းခြင်းတွေ အစုံမို့ကိုယ်ရဲ့ခံစားချက်ကို ဘယ်လို အမည်တပ်ရမှန်းတောင် မသိတော့ပါဘူးကွာ။
ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ကို ကိုယ်ယုံကြည်ပါတယ်။ မင်း တစ်နေ့ကိုယ်တို့ရဲ့Brooklyn မြို့လေးနဲ့ကိုယ့်ဆီကို ပြန်လာမှာပါ။ ကိုယ် ယုံကြည်စွာနဲ့စောင့်မျှော်နေတယ်နော်။ မင်း ကိုယ့်ဆီကို ပြန်လာခဲ့ပါတော့နော်။ ကိုယ့်ရဲ့ဒီစာလေးကိုတော့ မင်းဖတ်ပါစေလို့ကြိတ်မှိတ်ပြီး ဆုတောင်းလိုက်မိတော့တယ်။
မင်းရဲ့ချစ်သူ Tony
~WH~