Captain Fantastic

Captain Fantastic


(သို့မဟုတ် .. နှစ်တိုင်းရဲ့အဖေများနေ့အတွက် အမှတ်တရ)


လူ့ဘောင်အဖွဲ့အစည်းနဲ့ဝေးရာကို ထွက်ခွာဖို့သူတို့နှစ်ဦးဆုံးဖြတ်ခဲ့ကြတယ်။

Ben ကို ကျွန်တော်တို့စတွေ့တော့ တောနက်ထဲရဲ့တစ်နေရာမှာ။ မျက်နှာမှာလည်း ဆီအမဲတွေလား ရွှံ့တွေလားတော့ မသဲကွဲ၊ မဲနက်နက်အရာတွေ ပေနေတာတော့သိတယ်။ သူတစ်ယောက်တည်းလားဆိုတော့ မဟုတ်ဘူး။ သူနဲ့အတူ သူ့ရဲ့သာသမီး 6 ယောက်စလုံးပါတယ်။ ထိုကလေးတွေအကုန်လုံးလည်း ထိုနည်း၎င်းပဲလေ။ အဲ့ဒီ့နေ့က သူ့ရဲ့သားအကြီးဆုံးဖြစ်သူ Bodevan ရဲ့ပထမဆုံး အမဲလိုက်ခြင်းပညာရပ်ကို စမ်းသပ်ခြင်းနှင့် တက်မြောက်ခြင်း အခမ်းအနားကျင်းပတဲ့ပွဲလေ။ သမင်တစ်ကောင်ရဲ့လည်ကို လှီးကာ ရင်ကိုခွဲ နှလုံးကို ထုတ်၊ အစမ်းလိုက်စားရခြင်းဟာ သူတို့ရဲ့အောင်ပွဲခံနည်းပေါ့။

Ben ဆိုတာက သူ့ရဲ့သားသမီး 6 ယောက်နဲ့အတူ Pacific Northwest ရဲ့နက်ရှိင်းတဲ့ တောထဲမှာ သဘာဝကျစွာနေထိုင်နေတဲ့ လူကြီးတစ်ယောက်။ ထူးဆန်းတာက သူ့ရဲ့သားသမီးတွေအပေါ် သူ့ရဲ့ဆိုဆုံးမလမ်းညွှန်ချက်တွေပဲ။

ကိုယ်ကာယ ကျန်းမာရေးအတွက်လား။
မနက်စောစော အချိန်ကျပြီဆို ထရတယ်။ အပြေးလေ့ကျင့်ခန်းများကိုလည်း အမြဲလုပ်ရသလို တစ်ခါတစ်ရံတွင် တောင်တက်ခြင်း၊ အမဲလိုက်ခြင်း၊ ပြင်းထန်၍ စည်းစနစ်ကျသော လေ့ကျင့်ခန်းများကိုလည်း အမြဲလုပ်ဆောင်ရတယ်။ ဒါဟာ ကျန်းမာရေးအတွက်။

အသက်ရှင်နေထိုင်ဖို့လား။
အမဲလိုက်ခြင်းအတတ်ပညာကို ကောင်းမွန်စွာသင်ကြားပေးပြီး ကိုယ်တိုင်မီးကို ပြုလုပ်ရတာ ကိုယ်တိုင်ချက်ပြုတ်စားသောက်ခြင်းကို လုပ်ဆောင်စေတယ်။ တောနဲ့ပတ်သက်တဲ့ အသီးတွေ၊ အရွက်တွေ၊ အပင်တွေ၊ အကောင်တွေရဲ့ဆေးဖက်ဝင်ပုံနဲ့အကျိုးသက်ရောက်ပုံတွေကိုလည်း အလျင်းသင့်ရင် သင့်သလို သင်ပြပေးတယ်။ ထူးခြားတာက ဇာတ်ဝင်ခန်းတစ်ခန်းမှာ ကလေးတွေအကုန်လုံးကို လက်နက်ကရိယာတစ်မျိုးစီ လက်ဆောင်ပေးခြင်းပဲ။ လောကမှာ အသက်ရှင်နေထိုင်ဖို့လေ။

အနုပညာကို ခံစားတတ်ဖို့လား၊
ကလေးတိုင်းတွင် ကိုယ်ပိုင် တီးမှုတ်ရတဲ့ တူရိယာတစ်မျိုးဆီ ပိုင်ဆိုင်ကြတယ်။ ကောင်းမွန်စွာ တီးတတ် ဆိုတတ် မှုတ်တတ်အောင်လည်း သူက သင်ပေးထားသေးတယ်။

ကျွန်တော်အထင်ကြီးလေးစားတဲ့အချက်တစ်ခုက ကလေးတွေကို သင်ပေးတဲ့ အသိပညာအကြောင်းပဲ။
သူကိုယ်တိုင် ကလေးတွေကို စာသင်ပေးတယ်။ သာမာန်ဝတ္ထုတွေမှ ဂန္တဝင်စာပေကြီးတွေအထိ ဖတ်စေသလို သိပ္ပံနဲ့ဆိုင်တဲ့ Quantum Mechanics တို့Relativity Theory တို့အစရှိတဲ့ သိပ္ပံပညာရပ်ကိုလည်း သိကျွမ်းနားလည်စေတယ်။ ဒါတင်ပဲလား။ မကသေးပါ။ ကမ္ဘာ့အကျော်အမော် အတွေးအခေါ်ပညာရှင်ကြီးတွေရဲ့အတွေးအခေါ်တွေ၊ ကမ္ဘာ့သမိုင်းတွေ၊ Capitalism, Socialism, Materialism, Democracy, Communism အစရှိတဲ့ နိုင်ငံရေးပညာနှင့်အတူ ထိုနိုင်ငံရေး အုတ်မြစ်ချ System တွေရဲ့အားနည်းချက်တွေကိုပါ သင်ကြားပေးစေတယ်။ ပြောရမယ်ဆိုရင် သူဟာ လူသားတစ်ယောက်အနေနဲ့တတ်သင့် သိသင့်တဲ့ ပညာရပ်အလုံးစုံကို သင်ကြားပေးနေခြင်းပဲ။

ဒီဆုံးဖြတ်ချက်ကို သူတစ်ယောက်တည်းတော့ ချခဲ့တာမဟုတ်။ သူနှင့်အတူ သူရဲ့ဇနီးဖြစ်သူလည်း ပါဝင်ခဲ့တာပေါ့။ ထိုကလေးတွေကို ထိုပညာရပ်တွေသင်ကြားပေးခဲ့တာလည်း သူတို့နှစ်ယောက်အတူတူပဲလေ။ ဒါပေမဲ့ဇာတ်လမ်းအစမှာတော့ သူ့ရဲ့ဇနီးကို ကျွန်တော်တို့မတွေ့ခဲ့ရဘူး။ ဇာတ်လမ်းအစမှာ ဇနီးဖြစ်သူသည် စိတ်အတက်အကျမြန်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာတစ်ခုကို မြို့ကဆေးရုံတစ်ခုမှာ တက်ရောက်ကုသနေတယ်လို့ပဲ သိခဲ့ရတယ်။ တစ်ရက်တော့ သူ့ဇနီး မိမိကိုယ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့သိလိုက်ရတယ်။ ကလေးတွေအားလုံးက သူတို့မိခင်ဖြစ်သူ အသုဘအခမ်းအနားကို တက်ရောက်ဖို့တိုက်တွန်းခဲ့လို့အစက Ben တစ်ယောက် ငြင်းဆန်နေခဲ့သော်လည်း နောက်ဆုံးတော့ သူကိုယ်တိုင်ကားကြီးမောင်းကာ သားအဖတစ်တွေ မြို့ကိုတက်တဲ့ ခရီးဝေးကြီးတစ်ခုကို စတင်ခဲ့ကြတာပေါ့။ ဒီကြားထဲ Ben ဇနီးရဲ့အဖေက Ben သာ မြို့ကိုတက်လာပြီး သူ့သမီးအသုဘကိုလာနှောင့်ယှက်မယ်ဆိုရင် ရဲတွေကိုဖမ်းခိုင်းမယ်လို့ခြိမ်းခြောက်ထားသေးတယ်လေ။

အမှန်တော့ ဒီခရီးကြီးဟာ သူ့ရဲ့ကလေးတွေအတွက် ပထမဆုံးပြင်ပကမ္ဘာကြီးကို စတင်ထိတွေ့ရမဲ့ ခရီးကြီးတစ်ခု၊ ထို့အပြင် ဇနီးဖြစ်သူသည် Buddhist တစ်ယောက်ဖြစ်သည့်အတိုင်း သူမရဲ့အလောင်းကို မြေမချချင်။ အလောင်းကို မီးရှို့စေချင်ခဲ့သည်။ ဇနီးဖြစ်သူရဲ့နောက်ဆန္ဒတစ်ခုကလည်း ထူးထူးခြားခြားပင်။ သူမရဲ့အလောင်းကို မီးရှို့ပြီးလို့ကျန်တဲ့အရိုးပြာတွေကို အိမ်သာတစ်ခုရဲ့ကြွေထိုင်ထဲမှာ ရေဆွဲချလိုက်ပြီး အဆုံးသတ်စေချင်ခဲ့သည်။ ထိုဆန္ဒကို ဖြည့်စည်းပေးဖို့ကာလည်း Ben ရဲ့တာဝန်ပဲလေ။ ဒါဟာ ဇနီးရဲ့နောက်ဆုံးဆန္ဒပဲလေ။ ထို့အပြင် သူမသိသေးတဲ့အကြောင်းအရာတစ်ခုက သူ့ရဲ့သားအကြီးဆုံးဖြစ်သူသည် Princeton, Yale က အစ Harvard နဲ့MIT တို့အထိ College တက်ဖို့ကို ခွင့်ပြုတဲ့စာတွေရနေပြီဆိုတာပဲ။ ဒါတွေကို သူမသိခဲ့။ သူ့အတွက် အန္တာရယ်တွေကလည်း ရှိနေသေးတယ်လေ။ ဘာလဲဆိုတော့ ဒီခရီးစဉ်ကြီးဟာ သူနဲ့သူ့ကလေးတွေကိုခွဲခွာစေရမဲ့ ခရီးစဉ်ကြီးတစ်ခုလည်း ဖြစ်နေနိုင်တာပဲ။


ဒီဇာတ်ကားတွင် Ben အဖြစ်သရုပ်ဆောင်ခဲ့သော မင်းသားကြီး Viggo Mortensen ရဲ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားအပါအဝင်ဆိုတာ မည်ကဲ့သို့မှ ငြင်းဆန်၍ရနိုင်မည် မထင်ပါ။ ကျွန်တော် ဒီဇာတ်ကားကို ကြည့်ခဲ့ခြင်းမှာလည်း သူ့ကြောင့်ပင်။ သူ့ရဲ့ဇာတ်ကားတွေကို အမြဲအလွတ်ပေးမခံချင်သောကြောင့် ဇာတ်ကားတိုင်းကို ကြည့်ခဲ့ရမှ ဒီနှစ်တွင် ယခုကဲ့သို့ရုပ်ရှင် ရှားပါးရတနာအဖိုးတန်တစ်ပါးကို ရှာဖွေ တွေ့ရှိခြင်းနှင့် ကြုံခဲ့ရသည်။

ကျွန်တော် ဒီဇာတ်ကားကို ဘာကြောင့်နှစ်သက်ရသလဲဆိုရင် ပြသသွားချင်တဲ့အကြောင်းအရာတွေရယ်၊ ဇာတ်လမ်းဖွဲ့စည်းထားပုံတွေရယ်နဲ့ထိုအရာတွေကို ထင်ဟပ်စေတဲ့ဇာတ်ဝင်ခန်းတွေကြောင့်ပဲ။ တစ်ခန်းတွင် သူ့ရဲ့ကလေးတွေကို သူတို့အမေ သတ်သေသွားပြီလို့အသိပေးလိုက်တဲ့အခန်းမှာ သားငယ်ဖြစ်သူက ယူကြုံးမရဖြစ်ကာ လက်ထဲကကိုင်ထားတဲ့ ဓားနဲ့ဖခင်ဖြစ်သူ Ben ကို ထိုးဖို့ဒေါသနဲ့လာတဲ့အခါ Ben က ထိတ်လန့်ခြင်းလည်း မဖြစ်ခဲ့သလို တားမြစ်ခြင်းလည်း မပြုလုပ်ခဲ့ပေ။ သူသိသည်။ သူ့ရဲ့သားငယ်တွင် ထိုအဖြစ်အပျက်အတွက် ပေါက်ကွဲခွင့်ရှိသည်။ ထို့အပြင် သူ့ရဲ့အပြစ်တွေလည်း အနည်းအကျဉ်းတော့ ပါသည်မဟုတ်ခဲ့ပေလော။

Ben ဆိုတဲ့ဇာတ်ကောင်ကို ကျွန်တော် နှစ်သက်မိတဲ့ နောက်ထပ်အချက်တစ်ခုက သူ့ရဲ့သားသမီးတွေကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပေးတယ်။ ထို့အပြင် အရာရာကို မိမိအမြင်နဲ့ပဲကြည့်စေချင်ခဲ့တယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာ သမီးဖြစ်သူတစ်ယောက်က နာမည်ကျော် “Lolita” ဆိုတဲ့ စာအုပ်တစ်အုပ်ဖတ်နေတာကို သူသတိပြုမိလိုက်တယ်။ ထိုစာအုပ်ပါအကြောင်းအရာများသည် အလျင်းမသင့်ပါက လူငယ်တစ်ယောက်ကို စိတ်ဝေဒနာအချို့ပေးနိုင်စွမ်းရှိတယ်လေ။ ထိုအချိန်မှာပဲ သူက သမီးဖြစ်သူကို ဘာစာအုပ်ဖတ်နေသလဲလို့မေးပြီး သမီးဖြစ်သူက ပြန်ဖြေတဲ့အခါ သူက ထပ်မေးတယ်။ ထိုစာအုပ်ကို မည်ကဲ့သို့သဘောသက်ရောက်ပါသလဲပေါ့။ သမီးဖြစ်သူက အစကတော့ သိပ်မဖြေချင်။ ခပ်အင်တင်တင် လုပ်နေသည်။ ဒါပေမဲ့ ဖခင်ဖြစ်သူက မေးလာတော့ ဖြေတယ်။ “It’s interesting” တဲ့။ ဒါဟာ သူလိုချင်တဲ့အဖြေမှ မဟုတ်တာ။ “Give us your analysis” လို့ထပ်မေးတော့ သူသမီးက ဖြေပါတယ်။ သို့သော်ထိုအဖြေကိုလည်း Ben က သဘောမကျ။ သမီးပြောသွားတာ စာအုပ်ရဲ့ဇာတ်ကြောင်းတွေပဲလေ တဲ့။ ဖေဖေ သိချင်တာက သမီး ဘယ်လိုမြင်သလဲလို့သိချင်တာလို့ထပ်မေးတယ်။ ဒီတော့ သမီးဖြစ်သူက ထပ်ဖြေရတာပေါ့။ အမြင်ပုံစံမျိုးနဲ့ပေါ့။ ဒါကိုလည်း သူက သဘောမကျတတ်သေး။ မဟုတ်သေးဘူး သမီး။ အခုအဖြေက သမီးရဲ့ကိုယ်ပိုင်အမြင်မဟုတ်ဘူး။ တစ်ခြားသူတစ်ယောက်ရေးထားတားကို ပြန်ပြောတဲ့ ပုံစံပေါက်နေတယ်တဲ့။ ကိုယ်ပိုင်အမြင်ကို သိချင်တာလို့ပြောတော့မှ နောက်ဆုံးသမီးဖြစ်သူက သူမရဲ့ကိုယ်ပိုင်အမြင်ကို ချပြသွားတယ်။ အဲ့ဒီ့တော့မှ Ben တစ်ယောက် ပြုံးနိုင်ခဲ့တယ်။ ကိုယ်ပိုင်အမြင်ဟာ အလွန်အရေးကြီးတယ်ဆိုတာ Ben က သူ့ရဲ့သမီးဖြစ်သူကို ဆုံးမသွားတဲ့အခါ ဇာတ်ကားကလည်း ကျွန်တော်တို့ပရိသတ်တွေကို သင်ပြသွားခဲ့တယ်။ ထို့အပြင် စာပေအနုပညာကို ဆန်းစစ်သုံးသပ်ခြင်းကိုလည်း သတိပြုမိစေခဲ့တယ်။

ထို့အပြင် Ben သည် သူ့ရဲ့သားသမီးတွေကို ဘယ်တုန်းကမှ မည်ကဲ့သို့သော အကြောင်းအရာမျိုးနှင့်ပင်ဖြစ်စေ လိမ်ညာမပြောဆိုခဲ့ပေ။ ကလေးတွေသည် သူတို့အရွယ်နှင့် သိသင့်သည် မသိသင့်သည်ဆိုတာတွေကို သူလက်မခံ။ သိလိုသော အရာအားလုံးကို သိခွင့်ရှိသည်ဟု သူယူဆသည်။ သူတို့မိခင်ဖြစ်သူ မိမိကိုယ်ကိုသတ်သေသည်ဆိုတာကိုလည်း ကလေးတွေကို အမှန်အတိုင်းပြောပြသည်။ ထို့အပြင် ခုနက သမီးတစ်ယောက်ကို စာအုပ်အကြောင်းအရာ မေးမြန်းနေစဉ် အတင်းအဓမ္မကျင့်ခြင်း (Rape) ဆိုသော စကားလုံးပါသွားသည့်အခါ အငယ်ဆုံးသမီးကလေးဖြစ်သူက Rape ဆိုတာ ဘာလဲလို့လှမ်းမေးသည်။ သူမဖြေချင်လည်း ဖြေလိုက်ရသည်။ ထိုအခါ ထိုကလေးက မရှင်းသည့် စကားလုံးတွေ ထပ်ပါလာသည်။ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှု (Sexual Intercourse) ဆိုတဲ့ဝေါဟာရတစ်ခု ပါလာတော့ ထပ်မေးသည်။ သူမလိမ်ချင်၊ မညာချင်၊ ထိုကလေးကို အမှန်အတိုင်းပြောပြလိုက်ရသည်။ ထိုကလေး နောက်ထပ်မေးခွန်းတွေ ထပ်မမေးခင် သူစကားလမ်းကြောင်းလွှဲလိုက်ရပေသည်။

Ben ဆိုသော ဖခင်သည် သူ့သားသမီးတွေရဲ့အမြင်ကို ဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုရင် ကလေးတစ်ယောက်က Ben နှင့်ဆန့်ကျင်နေပါက ထိုကလေးရဲ့အမြင်ကို နားထောင်သည်။ သူတစ်ယောက်တည်း မဟုတ်။ တစ်ခြားကလေးတွေကိုပါ ဝိုင်းနားထောင်စေတယ်။ ထိုကလေးရဲ့အမြင်နဲ့အယူအဆက ပိုမိုမှန်ကန်နေပါက သူကိုယ်တိုင်ပင် လိုက်နာပေမည်။ ငါအဖေပဲ ငါမိဘပဲ၊ ငါ့စကားပဲ အမြဲ နားထောင်ရမယ်လို့သူဘယ်တုန်းကမှ အာဏာ မသုံးခဲ့ပေ။ ဘာကြောင့်လည်းဆိုတော့ ပြင်ပလောကရဲ့နေ့စဉ်ဘဝတွေမှာ ဖြစ်ပျက်နေပြီး တည်ရှိနေရဲ့သားနဲ့ကျွန်တော်တို့လူသားတွေ မမြင်ချင်ယောင်ဆောင်ထားရတဲ့ Capitalism ဆိုတဲ့ စနစ်ကြီးကို သူမုန်းတီးလို့ပဲ။ Materialism တွေကြောင့် ပျက်စီးလာရတဲ့ လူတွေရဲ့လောကကြီးကို သူမုန်းတီးလို့ပဲ။


ယခုဇာတ်ကားကို အလွှာပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားတယ်။ ဘယ်လိုအလွှာတွေလည်းဆိုတော့ ကျွန်တော်တို့ယခုနေထိုင်နေကြတဲ့ လူ့လောကဘောင်ကြီးရဲ့ရိုင်းစိုင်းတဲ့ အကျည်းတန်တဲ့ ပြကွက်တွေပဲ။ ကြမ်းကြမ်းတမ်းတမ်းတော့ ပြသမသွားခဲ့။ ရိပ်ရိပ်လေးနဲ့ပါးပါးလေးပဲ ထင်ဟပ်မိအောင်ပြသသွားခဲ့တယ်။ ဇာတ်လမ်းရဲ့နောက်ပိုင်းအခန်းတွေကို ရောက်လာတဲ့အခါ ထိုလူ့ဘောင်အဖွဲ့အစည်းကြီးရဲ့ရိုင်းစိုင်းတဲ့ ပြကွက်တွေကိုမြင်ရလေ ကျွန်တော်တို့ပရိသတ်တွေသည် လူ့ဘောင်အဖွဲ့အစည်းကြီးကို ပိုမိုမုန်းတီးလာပေမဲ့ Ben ရဲ့လုပ်ရပ်တွေ ရွေးချယ်မှုတွေကိုလည်း သံသယဝင်မိလာခဲ့တယ်။ သူ့သားသမီးတွေရဲ့ပြင်ပလောကနဲ့သဟဇတာ မတည့်တဲ့ဖြစ်ရပ်တွေဟာ သူသည် ကလေးတွေကို လောကတွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်ကြားပေးခဲ့ပေမဲ့ ဘဝတွင် ရပ်တည်နေထိုင်ခြင်းကိုတော့ သင်ကြားပေးဖို့မေ့လျော့ခဲ့သည်။ ထို့ကြောင့်ပင် ထိုကလေးတွေသည် သူ့ရဲ့ပြင်ပလူ့အဖွဲ့အစည်းကြီးကို မုန်းတီးတဲ့စိတ်နဲ့ပြင်ပလူ့အဖွဲ့အစည်းကြီးရဲ့မညှာမတာလုပ်ရပ်တွေ ကြားမှာ မြေစာပင်တွေ ဖြစ်ခဲ့ရတယ်။ ထိုအခါ သူကိုယ်တိုင်လည်း သူ့ကလေးတွေရဲ့ဘဝကို Bad Influence ဖြစ်စေတဲ့ ဖခင်တစ်ယောက်လို့ခံယူလာမိတော့တယ်။

ဒီဇာတ်ကားက ကျွန်တော့်ရဲ့အတွေးတွေသာမက အမြင်တစ်ချို့ကိုပါ ပြောင်းလဲစေခဲ့တယ်။ ကျွန်တော်တို့သိတဲ့အသိတွေက ဘာတွေလဲ။ အသိဉာဏ်ဆိုတာ ဘာလဲ။ ကျွန်တော်တို့သင်ကြားနေခဲ့ရတဲ့ ပညာရေးစနစ်ကြီးကရော သင့်တင့်လျောက်ပတ်ရဲ့လား။ လူသား သဘာဝတရားကို လက်ခံထားတဲ့ ကျွန်တော်တို့ရဲ့လက်ခံခြင်းတရားတွေ နဲ့ယဉ်ကျေးမှု လူ့အသိုင်းအဝိုင်းဆိုတာတွေဟာ မေးခွန်းတွေ ဖြစ်လာခဲ့တယ်။ ဒါတင်မကသေး။ နိုင်ငံရေးနဲ့ဆိုင်တဲ့ အမြင်တွေကိုပါ ဖွင့်ဟပြသသွားခဲ့ပါသေးတယ်။ Democracy ရဲ့ပျက်လုံးတွေ၊ Capitalism အရင်းရှင်စနစ်တွေရဲ့မမြင်ရပေမဲ့ တည်ရှိနေခြင်းတွေ၊ Communism ရဲ့ဖိနှိပ်အားတွေ၊ Socialism ရဲ့ ဆင်းရဲသားတွေအတွက် အိပ်မက်လှလှ မက်လုံးတွေ အစရှိသည်ဖြင့်ကို ဇာတ်ဝင်ခန်းတစ်ချို့ရဲ့စကားလုံးတွေကနေတစ်ဆင့် တိုက်ခိုက်ခဲ့တယ်။ ဘာသာရေးနဲ့ပတ်သက်ပြီးတော့ Christmas ရဲ့Santa Claus ကိုတောင် လှောင်ပြောင်တဲ့ အသုံးအနှုန်းတွေ သုံးခဲ့ပြန်သေးတယ်။ သူတို့ဟာ Christmas Day ကို မကျင်းပခဲ့ပေမဲ့ America ရဲ့ခေတ်သစ်အတွေးအခေါ်ပညာရှင်ကြီး Noam Chomsky ကို အသိအမှတ်ပြုတဲ့အနေနဲ့”Noam Chomsky Day” ကိုတော့ ကြံဖန်ကျင်းပခဲ့ကြတယ်။ အပြင်ကျောင်းတွေမှာ ထားမဲ့အစား သူကိုယ်တိုင် စာသင်ပေးကာ Karl Marx ဝါဒတွေအထိ သင်ကြားပေးခဲ့တယ်။ အမှန်တော့ ဒါတွေအကုန်လုံးဟာ သရုပ်မှန်ဝါဒတွေပဲလေ။


တစ်ကယ်လို့စာဖတ်သူဟာ မင်းသားကြီး Harrison Ford နဲ့Director Peter Weir တို့ရဲ့ “Mosquito Coast” ဇာတ်ကားတို့Sean Penn ရဲ့”Into the Wild” တို့၊ Rebecca Miller ရဲ့”The Ballad of Jack and Rose” ဇာတ်ကားတို့၊ “Off the Map” ဇာတ်ကားတို့အပြင် မိသားစုဘဝကို ထင်ဟပ်စေခဲ့တဲ့ “Little Miss Sunshine” ဇာတ်ကားနဲ့ Alexander Payne ရဲ့”The Descendants” ဇာတ်ကားတို့ကို အလွန်နှစ်သက်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ယခု “Captain Fantastic” ဇာတ်ကားကို အလွန်နှစ်သက်မယ်ဆိုတာ ကျွန်တော်ရဲရဲကြီးပြောရဲတယ်။

ဇာတ်ကားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ပြဿနာတစ်ခုက နောက်ခံတေးဂီတတစ်ချို့ပဲ။ တစ်ခါတစ်ရံ ဇာတ်ဝင်ခန်းနှင့် သက်ဆိုင်မှုလွဲချော်နေသလို ခံစားခဲ့ရပြီး ပရိသတ်ရဲ့ခံစားချက်ကိုလည်း ဖြတ်တောက်စေလိုက်သလိုပါပဲ။ အကောင်းဆုံးတွေထဲက အကောင်းဆုံးတစ်ခုကို ပြောရမယ်ဆိုရင် Viggo Mortensen နဲ့အတူ သူ့ရဲ့ကလေးတွေအဖြစ်သရုပ်ဆောင်ခဲ့ကြတဲ့ ကလေး 6 ယောက်စလုံးပဲ ထူးခြားစွာ အလွန်ကောင်းမွန်ခဲ့ကြတယ်။ ကွန့်မြူးပြီးတော့ ကျွန်တော်မရေးချင်တော့။ စာဖတ်သူကိုယ်တိုင် ကြည့်ရတဲ့အခါမှ သင်ကိုယ်တိုင် ဆုံးဖြတ်ပါစေ။ သို့သော် Viggo Mortensen ရဲ့ဇာတ်ကားတွေကြည့်ရတိုင်း  မကျေနပ်ခဲ့တာတစ်ခုက ဒီလောက်ထိတော်တဲ့ မင်းသား သရုပ်ဆောင်ကောင်းတဲ့ မင်းသားကို ပရိသတ်အများစုက လျစ်လျျုရှုထားခြင်းကိုပဲ။ လူတွေဟာ Leonardo DiCaprio တို့Christian Bale တို့Tom Hanks တို့ကို ပဲမြင်ပြီး သူတို့တွေ အရမ်းတော်တယ်လို့ချီးမွမ်းထောပနာပြုနေတဲ့အချိန်မှာ Viggo Mortensen တို့Sam Rockwell တို့Joaquin Phoenix တို့Daniel Day Lewis တို့Edward Norton တို့ဟာ အမြဲပျောက်ဆုံးနေခဲ့ရတယ်။ ဒီဇာတ်ကားတစ်ကားလုံးကို Viggo Mortensen တစ်ယောက်အပြည့်အဝ ပိုင်ဆိုင်ပြီး Viggo Mortensen သည် “Captain Fantastic” ပင်ဖြစ်ပေသည်။


သူတို့သားအဖတွေရဲ့ထိုခရီးစဉ်ကြီးသည် သူတို့အတွက် အမှတ်တရတစ်ခုအဖြစ် ကျန်ရစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ပရိသတ်တွေအတွက်တော့ ရုပ်ရှင်ကပေးတဲ့ ဘယ်တော့မှမမေ့နိုင်တဲ့ ခံစားချက်တွေအဖြစ် အမှတ်ရနေတော့မှာပါ။ ဇာတ်လမ်းရဲ့အဆုံးသတ်မှာတော့ ဒီဇာတ်ကားဟာ ကျွန်တော်တို့ရဲ့နှလုံးသားထုထဲတွင် ကြီးမားတဲ့ အပေါက်ကြီးတစ်ပေါက် ထားရစ်ခဲ့တယ်။ ကျွန်တော်တို့ဒီဇာတ်ကားအပေါ်မှာ ချစ်တဲ့အချစ်တွေနဲ့ပဲ ထိုအပေါက်ကြီးကို ပြန်လည်ဖာထေးနိူင်မယ်လေ။ သေချာပါတယ်။ သေချာပါတယ်။ လူတိုင်းသည် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာတော့ ဒီဇာတ်ကားကို နှစ်သက်သွားမယ်ဆိုတာ။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကတော့ နှစ်သက်မိတဲ့အကြောင်းအရာခြင်း ဘယ်တူညီပါ့လိမ့်မလဲဗျာ။ ကျွန်တော့်မှာ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး နှစ်သက်မိတဲ့ အကြောင်းအရာတစ်ချို့ရှိသလို သင့်မှာလည်း သင်နှစ်သက်မိမဲ့ ကွဲပြားခြားနားတဲ့ အကြောင်းအရာတစ်ချို့ရှိနေမှာပါ။

IMDb Rating: 8.1/10
Rotten Tomatoes Rating: 75%

~WH~

WH
WH
4 min read