Carol

Carol

အချစ်သည် လူတိုင်းကို နေရာတိုင်း၌ အခြေအနေရပ်မျိုစုံဖြင့် ဖြစ်တည်နိုင်သည် လို့Blue is the Warmest Color Review ရေးခဲ့တုန်းက ရေးခဲ့ဖူးသည်။

ဒီဘက်နှစ်တွေရဲ့ရုပ်ရှင်တွေမှာ အချစ်ကားတွေရဲ့တင်ပြနိုင်မှုစွမ်းအားတွေ ပရိသတ်ကို ဖမ်းစားနိုင်မှူစွမ်းရည်တွေ သိသိသာသာ ကျ လာတာကိုတွေ့ရပါတယ်။ အချစ်ကားတွေမှာ အချစ်တွေလပ်ဟင်းနေတယ်လို့ခံစားလာရတယ်။ နဂိုကတည်းက စီမံထားတဲ့ ကန့်သတ်ချက်တွေနဲ့ဖွဲ့စည်းထားတဲ့ အချစ်ကားတွေဟာ တစ်နှစ်မှာ အရေအတွက်ပေါင်း မြောက်မြားစွာထွက်ရှိလာခဲ့ပေမဲ့ ထိုလူနှစ်ယောက်ရဲ့မှော်ဆန်တဲ့ ဆက်နွယ်မှုတွေ ပျောက်ဆုံးနေခဲ့ခြင်းကြောင့် ရုပ်ရှင်စာရင်းမှာ နာမည်သာရှိခဲ့တော့ပြီး ပရိသတ်တွေရဲ့နှလုံးသားနဲ့အသိဉာဏ်ထဲတွင် မကျန်ရစ်နေခဲ့ကြတော့ပါ။

ဒါပေမဲ့ ထူးထူးခြားခြားပါပဲ။ လွန်ခဲ့တဲ့ နှစ်လလောက်က ကျွန်တော် အချစ်ကားလေးတစ်ကားသွားကြည့်ခဲ့တယ်။ ယနေ့ခေတ်ရဲ့အချစ်ကားတွေမှာ မတွေ့ရတဲ့ ချစ်ခြင်းတရားတွေကို ကျွန်တော် ထိုရုပ်ရှင်ကားလေးထဲတွင် မျက်မြင်ကိုယ်တွေ့ခံစားခဲ့ရတယ်။ ထိုရုပ်ရှင်ကားနာမည်ကတော့ Carol တဲ့။ ထိုဇာတ်ကား အခြေခံထားတဲ့ ဝတ္ထုကတော့ 1952 ခုနှစ်ကထွက်ရှိခဲ့တဲ့The Price of Salt ဖြစ်ပြီး 1995 ခုနှစ်က ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာမ Patricia Highsmith ရေးသားခဲ့တာပါ။ ထိုခေတ်ကာ ထုတ်ဝေခဲ့တဲ့ ထိုစာအုပ်ရဲ့ဇာတ်သိမ်းဟာ ထိုခေတ်နဲ့ဆိုရင်တော့ ရဲရင့်တဲ့ ဇတ်သိမ်းတစ်ခုလို့သတ်မှတ်လို့ရတယ်။

ဟုတ်ပါတယ်။ ရုပ်ရှင်ကားနာမည် Carol ဆိုတာ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ရဲ့နာမည်ပါပဲ။ သူတို့နှစ်ယောက်စတွေ့ခဲ့ကြတဲ့ ထိုနေ့ကလေးကို သူတို့နှစ်ယောက်စလုံး ဘယ်မေ့ နိုင်ကြပါ့မလဲ။ လောကရဲ့တားဆီးမှုတွေ အသိုင်းအဝိုင်းတွေရဲ့ကန့်သတ်ချက်တွေ လူ့အဖွဲ့အစည်းရဲ့ထိုးနှက်ချက်တွေကြောင့် သူတို့နှစ်ယောက် ဝေးခဲ့ကြပေမဲ့ ခုထိ ထိုနေ့ကလေးကို အမှတ်ရနေကြတုန်းပဲ။

ထိုနှစ်ရဲ့Christmas ရာသီမှာ Carol တစ်ယောက် Christmas Carol သီချင်းတွေ ဆိုမနေခဲ့ပါဘူး။ အထက်တန်းလွှာက အမျိုးသမီးတစ်ဦးဖြစ်ပေမဲ့ အိမ်ထောင်ရေးအဆင်မပြေမှူတွေနဲ့သောကဝေနေတဲ့သူမဟာ သူမရဲ့ သမီးလေးကို Christmas လက်ဆောင်ပေးရန် အရုပ်ဆိုင်တစ်ဆိုင်ကို ဝင်လာခဲ့မိတယ်။ ထိုဆိုင်ရဲ့တစ်နေရာမှာ Santa Hat လေးကိုဆောင်းထားတဲ့ မျက်လုံးဝိုင်းနဲ့မိန်းကလေးတစ်ဦး သူမ့ကိုလှမ်းကြည့်နေတယ်။ ခုတ်မောင်းနေတဲ့ မီးရထားအရုပ်လေးရဲ့ကြားက ဖျတ်ခနဲ ရုပ်ပုံလွှာနှစ်ချပ်ဟာ ဖန်တီးခြင်းတွေကင်းမဲ့နေတဲ့ အချိန်ကာလလေး တစ်ခုမှာ ပျောက်ကွယ်သွားခဲ့ရတယ်။ ထိုမိန်းကလေးရှေ့မှာ Carol ပြန်ပေါ်လာတေ့ သမီးလေးအတွက် အရုပ်ကလေးဝယ်ပေးဖို့လာမေးခြင်းပင်။ ထိုမိန်းကလေးကလည်း ပြန်ဖြေလိုက်တာက သူမ ငယ်စဉ်ကတည်းက နှစ်သက်မိခဲ့မဲ့အရုပ်ကလေးလို့ထင်မှတ်ရလောက်တဲ့ မီးရထား အရုပ်ကလေးပဲဖြစ်တယ်။ Carol ပြန်သွားတော့ ကျန်ခဲ့တဲ့ လက်အိပ်ကလေးကို ထိုမိန်းကလေး တယုတယ ဆုပ်ကိုင်မိပြီး Carol နေထိုင်ရာ လိပ်စာကို စာတိုက်ကနေပြန်ထည့်ပေးခဲ့တယ်။

Carol က ထိုလက်အိတ်ကလေးကို အမှန်ပင် မေ့လျော့ပြီးကျန်ခဲ့တာလား တမင်ရည်ရွယ်ချက်ရှိရှိထားခဲ့တာလား။

တစ်ကယ်တော့ ထို မိန်းမသား နှစ်ဦးရဲ့ဘဝတွေဟာ အလွန်ဝေးကွာလွန်းပြီး ကိုယ်ပိုင်သီးသန့်ဘဝတစ်ခုစီကို ပိုင်ဆိုင်ထားကြတဲ့သူတွေပါ။ Carol ဟာချမ်းသာတဲ့သူ။ ဂုဏ်သရေရှိ သိုင်းကြီးဝိုင်းကြီးထဲက ခေတ်မှီတဲ့ လူလတ်တန်းစား အမျိုးသမီးတစ်ယောက်။ သူမရဲ့ အတွင်းစိတ်သဏ္ဍာန်ရဲ့တောင်းဆိုမှု ကွာခြားချက်ကြောင့် အမျိုးသားဖြစ်သူနှင့် သမီးကလေးတစ်ယောက်ရှိပေငြားလည်း အိမ်ထောင်ရေးအဆင်မပြေပဲ အမျိုးသားနှင့် အိမ်ခွဲနေရန် အမြဲကြိူးပမ်း စီစဉ်နေသူ။ ဒါပေမဲ့ သူမ ဘဝမှာ သူမရဲ့ငယ်စဉ်က ငယ်သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ယောက် ရှိနေခြင်းကလွဲရင် အမြဲ အထီးကျန်နေသူတစ်ဦး။
ထိုမျက်လုံးဝိုင်းဝိုင်းနှင့် မိန်းကလေးကတော့ Therese လို့အမည်ရပြီး အရောင်းဝန်ထမ်းတစ်ဦးဖြစ်ပြီး တစ်ခါတစ်ရံ ဓာတ်ပုံလေးတွေ ရိုက်ကူးရတာ ဝါသနာပါတဲ့ မိန်းကလေးတစ်ဦး။ သူမနေတဲ့ Apartment လေးက ကျဉ်းကျဉ်းလေး။ ထိုအခန်းလေးထဲမှာ သူမနဲ့အတူနေတာကတော့ သူမရဲ့Boyfriend ဖြစ်သူ Richard။ ဒါပေမဲ့သူမရဲ့မျက်လုံးဝိုင်းကြီးတွေက အသက်မဲ့နေသည်။ သူမဘဝတွင် ဘာကိုလိုအပ်နေတာလဲ။ ဘာကို လိုချင်နေတာလဲဆိုတာကို သူမကိုယ်တိုင် အဖြေရှာမရ။ သူမထိုကဲ့သို့ဖြစ်နေသည်ကိုပင် သူမမေ့လျော့နေဟန်။ အပေါင်းအသင်းနည်းပါးလှသော လူပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေနဲ့လိုက်လျောစွာ မနေထိုင်တဲ့သူမရဲ့ဘဝကျဉ်းကျဉ်းလေးမှာလည်း သူမသည် အမြဲ အထီးကျန်နေသူတစ်ဦး။

အထီးကျန်ခြင်းဆိုတဲ့ စကားလုံးလေးရဲ့အောက်မှာ သူမတို့နှစ်ဦးတွေ့ရှိခဲ့ကြတယ်။ Carol က Therese က ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ဆိုင်တစ်ဆိုင်မှာတွေ့ဖြစ်ကြရင်း သူမတို့နှစ်ဦးခင်မင်သွားကြတယ်။ ထို နေ့မှာပဲ Therese ကို Carol နင်ဟာ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်ပဲလို့ပြောခဲ့တယ်။ Therese ရဲ့မျက်လုံးဝိုင်းကြီးတွေဟာ တောက်ပနေပေမဲ့ သူမရဲ့နှုတ်ခမ်းလွှာမှာတော့ စကားလုံးတွေ ဆွံအနေတတ်သူဖြစ်သည့်အတိုင်း စကားနည်းသူ သူမကတော့ Carol ရဲ့သူမအပေါ်မှတ်ချက်ကို မည်သို့မှ မတုံ့ပြန်ခဲ့ပေ။ Carol က Therese ကို Christmas အတွက် အိမ်ကို ဖတ်ခေါ်တော့ လမ်းမှာ Christmas သစ်ပင်ဝင်ဝယ်နေတဲ့ Carol ကို Therese တစ်ယောက် သူမရဲ့ကင်မရာလေးနဲ့ဓာတ်ပုံတွေ ရိုက်ခဲ့တယ်။

သူမ ဘာကြောင့် Carol ရဲ့ပုံတွေကို ရိုက်ခဲ့ရတာလဲ။

ဒါပေမဲ့ သူမတို့နှစ်ယောက်ရဲ့ထိုညလေးရဲ့နိဂုံးလေးကတော့ မလှပခဲ့ပါဘူး။ Carol ရဲ့ခင်ပွန်းဖြစ်သူ Harge တစ်ယောက်အိမ်ပြန်လာခဲ့ပြီး သူ့ရဲ့ဇနီးနဲ့ကလေးကို လာခေါ်ရာမှ အိမ်တွင် Therese ကို တွေ့သွားပြီး စိုးရိမ်မှုနဲ့အတူ သူတို့လင်မယားနှစ်ယောက် စကားများခဲ့ကြတယ်။ Carol တစ်ယောက် အတိတ်တွင်သူမရဲ့သူငယ်ချင်းဖြစ်သူ အမျိုးသမီးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့မှုရှိခဲ့ခြင်းကို Harge တစ်ယောက်သိသောကြောင့် Therese နဲ့ကိုပါ သမုတ်ခြင်းဖြစ်ပါတယ်။ Therese ကို Carol ရထားဘူတာသို့လိုက်ပို့ပြီးနောက် စတင်ထွက်ခွာလာတဲ့ ရထားရဲ့မှန်ပြင်လေးကို Therese ကြည့်ပြီး မျက်ရည်တွေ ကျလာခဲ့တယ်။

သူမ ဘာကြောင့် ငိုခဲ့ရတာလဲ။

ဒီလိုနဲ့သူမတို့နှစ်ဦးရဲ့ခင်မင်မှု ဆက်ဆံရေး အတိုင်းအတာတွေဟာ ပိုမိုခိုင်မာလာပြီး Carol ကတစ်ရက်မှာ ဒီရက်ပိုင်းအတွင်း စိတ်ဖိစီးမှုဒဏ်တွေကို လျော့ချရန် ခရီးထွက်ဖို့ Therese ကို လာခေါ်သောအခါ …..

ဒီဇာတ်ကားမှာ ပြောစရာအချက်တွေ အရမ်းများလွန်းတယ်။ ဆိုးတဲ့အရာတွေတော့ မဟုတ်။ ကောင်းတဲ့အရာတွေချည်းပဲ။ ရာနှုန်းပြည့်အပြစ်ကင်းတဲ့ဆိုတဲ့ ရုပ်ရှင်တွေဟာ အရမ်းရှားတယ်ဆိုရင် ထိုရှားပါးတဲ့စာရင်းထဲမှာ ကျွန်တော်တို့Carol ကို ကျိန်းသေထည့်ရလိမ့်မယ်။

ကျွန်တော် စပြီးသတိထားမိတဲ့အချက်တစ်ခုက ဇာတ်ကားတစ်လျှောက် အရောင်ရွေးချယ်မှုပဲ။ အထူးသဖြင့် အခန်းတွေရဲ့နံရံတွေပေါ်မှာ ကပ်ထားတဲ့ wallpaper အရောင်တွေ။ ခုလို နံရံအရောင်တွေကို ကျွန်တော် အလေးထား ကြည့်မိတာ Her, (500) Days of Summer နဲ့ဒီရုပ်ရှင်ပါပဲ။ ဒီဇာတ်ကားမှာ ခံစားချက်နဲ့ခံစားမှူ မျက်နှာကို အများဆုံးမြင်တွေ့ရမှာ Rooney Mara ရဲ့ Therese ဇာတ်ကောင်ဖြစ်သည့်အတိုင်း သူမရဲ့မျက်နှာပေါ်က ခံစားချက်တွေကို ပိုမိုပေါ်လွင်အောင် လိုက်ဖက်တဲ့ နောက်ခံအရောင်တွေကို အသုံးပြုထားခဲ့တယ်။ ထို့အပြင် Therese ဇာတ်ကောင်ကို ပိုမိုပေါ်လွင်စေရန် ထိုဇာတ်ကောင်ရဲ့ဆံပင်အရောင်ကို ထင်ရှားစေတဲ့ နောက်ခံ နံရံအရောင်တွေကို ရွေးချယ်အသုံးပြုထားတယ်လို့ထင်ရတယ်။ ထို့အပြင် ဒီဇာတ်ကားတွင် အရောင်ရွေးချယ်မှုကို အလွန်အကြွံဖြစ်တဲ့ ရဲရင့်တဲ့အရောင်တွေကို ရှောင်ရှားခဲ့တယ်။ နောက်ပြီး အရောင်စုံတွေကို အသုံးပြုခြင်းတွေမတွေ့ရခဲ့ပေ။ အထူးသဖြင့် ပြင်ပဇာတ်ဝင်ခန်းတွေမှာ မြင်ရတဲ့ အရောင်တွေဟာ ကားတွေ taxi တွနဲ့မီးရောင်တွေကလာတဲ့ အရောင်တွေလောက်ပဲဖြစ်ပြီး အခန်းတွင်းဇာတ်ဝင်ခန်းတွင်များတွင်တေ့ာ အဝါရောင် အစိမ်းရောင်နဲ့ညစ်နွမ်းနွမ်း ပန်းရောင်မျိုးလောက်ကိုပဲ အားကိုးအသုံးပြုထားတာ မြင်တွေ့ခဲ့ရပါတယ်။

ဒီဇာတ်ကားတွင် သရုပ်ဆောင်တွေကို ခဏမေ့ထားပြီး နောက်ခံတေးဂီတတွေကိုပဲ မျက်စိမှိတ်ပြီး နားထောင်နေကြည့်လိုက်ပါ။ အရာအားလုံးကို သင် ခဏတာအတွက် မေ့သွားပါလိမ့်မယ်။ ကျွန်တော်တို့မမှီလိုက်တဲ့ ဟိုး .. ခပ်ဝေးဝေးအတိတ်ကာလတစ်ခုရဲ့ပုံရိပ်တွေဟာ အတွေးစတွေထဲမှာ မျောလွင့်နေကြပါလိမ့်မယ်။ ဒီနှစ် Oscar ဆုအတွက် Best Score ဆုကို လျာထားတဲ့ ဇာတ်ကားတိုင်းရဲ့နောက်ခံတေးဂီတတွေ အသုံးပြုပုံခြင်းကွာခြားပြီး အသီးသီးကောင်းမွန်ကြပေမဲ့ ယခုဇာတ်ကားထဲက နောက်ခံတေးဂီတလောက် ကျန်ဇာတ်ကားများ မလှပခဲ့ကြပေ။ ဒါပေမဲ့ သူ့ရဲ့လှပခြင်းမှာ ဝမ်းနည်းမှုတွေ ကပ်ပါနေတယ်။ တစ်ချိန်တည်းမှာတင် အရမ်းလှပပြီး တစ်စုံတစ်ခု တစ်စုံတစ်ယောက်ကို လွမ်းဆွတ်ခြင်းနဲ့အတူ ထိုခေတ်ထိုအခါကို ပြန်လည် တမ်းတ ဝမ်းနည်းမှုဆိုတဲ့ ခံစားချက်တွေ အပြည့်ခံစားပေးစေခဲ့တဲ့ တေးဂီတ တစ်ခုက ဒီဇာတ်ကားရဲ့အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်ခဲ့တယ်လေ။ (ကျွန်တော် အခု review ကို Carol Soundtracks တွေနားထောင်နေပြီး ရေးသားနေတာပါ။)

ဒီဇာတ်ကားကို ကြည့်နေစဉ်အတွင်း ကျွန်တော်ဟာ ယခု 2000 ပြည့်နှစ်ကျော်နှစ်များတွင် နေထိုင်နေသည်ကို မေ့သွားခဲ့ပြီး 1950s ကျော်နှစ်တွေထဲက နှစ်တစ်နှစ်ကို ရောက်ရှိသွားသလို ခံစားခဲ့ရတယ်။ Production Design, Costume Design, Background Score တို့သာလျှင်မက Director Todd Haynes ရဲ့အစွမ်းတွေကြောင့်လို့လည်း ပြောလို့ရနိုင်ပါတယ်။ ထိုခေတ်ရဲ့လှပမှူသဏ္ဍာန်တွေကို ဖော်ကြူးရင်း New York မြို့ရဲ့လမ်းမတွေထက်က လှပတဲ့ကားကလေးတွေ စားသောက်ဆိုင်တွေတည်ခင်းထားပုံတွေနဲ့ဇာတ်ကောင်တွေရဲ့ဝတ်စားဆင်ယင်မှု အသေးစိပ်ကို Todd Haynes အနီးစပ်ဆုံး ဖော်ဆောင်နိုင်ခဲ့တယ်။ ထိုခေတ်က လူချမ်းသာတွေရဲ့ရှုပ်ထွေးမှူတွေ လူလတ်တန်းစားတွေရဲ့ရည်ရွယ်ချက်ကင်းမဲ့နေမှုတွေကို မြင်တွေ့ခဲ့ရတာဟာလည်း နဲ  ဝမ်းနည်းမှူတွေကို လည်း အလှတရားတစ်ခုအသွင် ဖန်တီးခဲ့ခြင်းဟာလည်း Todd Haynes ကြောင့်ပဲ။

Carol ရုပ်ရှင် ဖွဲ့စည်းတည်ဆောက်ခြင်းမှာ အရေးပါဆုံးကတော့ Carol နဲ့ Therese ဇာတ်ကောင်ကို အသီးသီးဖော်ကြူးခဲ့ကြတဲ့ Cate Blanchett နဲ့Rooney Mara တို့နှစ်ယောက်ပါပဲ။ ဇာတ်လမ်းတစ်လျှောက် သူမတို့နှစ်ယောက် လဲလှယ်ခဲ့ကြတဲ့ အပြုံးတွေ မျက်ရည်တွေ တိတ်တခိုးအကြည့်တွေ ငေးမောနေတဲ့ လွင့်မျောအကြည့်တွေ ဘယ်သောအခါမှ မသေဆုံးတော့မဲ့ တားမြစ်ထားတဲ့ အချစ်တွေ။ Cate Blanchett ရော Rooney Mara နှစ်ယောက်စလုံး အကောင်းဆုံးဖြစ်ခဲ့ကြပေမဲ့ Rooney Mara ကိုတော့ ဒီဇာတ်ကားမှာ အကောင်းဆုံးလို့မြင်မိတယ်။ သူ့ရဲ့ဇာတ်ကားတွေထဲမှာလည်း ဒီဇာတ်ကား အကောင်းဆုံးပဲလို့ယူဆတယ်။
သူမအတွက် ဒီဇာတ်ကားဟာ စကားလုံးတွေ နည်းပါးခဲ့ပါတယ်။ ဇာတ်ဝင်ခန်းအများစုဟာ အကြည့်တွေ မျက်နှာပေါ်က ခံစားမှူသွင်ပြင်တွေနဲ့ပဲ ပုံရိပ်ဖော်ခဲ့ရတာပါ။ သူမရဲ့နားမလည်ခြင်းတွေနဲ့စိုးရိမ်နေတဲ့အကြည့်တွေ။ တစ်ခါတစ်ရံတော့ ကြောက်လန့်ခြင်းတွေမရှိ ဘဝမှာမိမိဖြစ်ချင်သည့်အတိုင်း စွန့်စားလိုက်ချင်မိတဲ့ မျက်ဝန်းတွေ။ မိမိဘဝတွင် ရည်ရွယ်ချက်ကင်းမဲ့နေပြီး အရာရာကို စိတ်ဝင်စားမှူကင်းမဲ့နေတဲ့ သူမရဲ့မျက်နှာဟန်ပန်တွေနဲ့အတူ သေဆုံးနေတဲ့ မျက်လုံးတွေ။ သူမရဲ့လက်ထဲကအမြဲပါလာတဲ့ ကင်မရာလေးကို အသုံးပြုခွင့်ရတဲ့အချိန်တွေဟာ တောက်ပလာတဲ့ မျက်လုံးတွေနဲ့အတူ သူမကို ဘဝရဲ့အဓိပ္ပာယ်ကို နားလည်စေမိတဲ့ လူတစ်ယောက်ဖြစ်တဲ့ Carol တစ်ယောက် သူမဘဝထဲ ဝင်ရောက်လာတဲ့အခါ သူမရဲ့အားအင်တွေကိုလည်း သူမရဲ့မျက်ဝန်းတွေမှာပဲ ပုံဖော်ပေးခဲ့တယ်။ သူမကို နှုတ်ဆက်သွားခဲ့ Carol ကို ရထားရဲ့မှန်တွေကနေကြည့်ပြီး ကျခဲ့တဲ့ မျက်ရည်တွေနဲ့တစ်ဘက်က ဖုန်းသံမကြားရလို့I miss you လို့တီးတိုးလေးရေရွတ်ရင်း ကြိးတန်းလန်းနဲ့လွတ်ကျသွားတဲ့ တယ်လီဖုန်းနဲ့အတူ ကျလာခဲ့တဲ့ သူမရဲ့မျက်ရည်တွေဟာ ကျွန်တော်ရဲ့မျက်ရည်တွေဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားတစ်ကားလုံးကို ကျွန်တော် Therese ဇာတ်ကောင်နေရာကနေ ကြည့်ခဲ့လို့ပဲ။ ထိုအရာတွေအကုန်လုံးကို ပီပြင်အောင် သရုပ်ဆောင်နိင်ခဲ့အတွက် ဒီနှစ် Oscar ပေးပွဲမှာ  Rooney Mara ကို ကျွန်တော် အရစေချင်ဆုံးပဲ။(သူမရဲ့ဇာတ်ကောင်နဲ့ပတ်သက်ပြီးတော့ Director Todd Haynes က သူမရဲ့ဇာတ်ကောင်ကို Audrey Hepburn ပုံစံမျိုးဖန်တီးထားတယ်လို့ထင်မိတယ်ဗျ။)

Therese ဇာတ်ကောင်ကို စဉ်းစားကြည့်မယ်ဆိုရင် သူမဟာဘဝမှာ ရည်ရွယ်ချက်မရှိ အချိန်ကာလအရ လွင့်မျောနေတယ်ဆိုတာကို ဘယ်မှာမြင်နိင်လဲဆိုတော့ Carol နဲ့ Therese တို့ပထမဆုံး နေ့လည်စာစားတဲ့ စားသောက်ဆိုင်မှာ Carol က သူမကို တစ်ယောက်တည်းနေလားလို့မေးတော့ Richard ဆိုတဲ့လူနဲ့နေတယ်ပြောပြီး ထိုလူက သူမကို လက်ထပ်ချင်နေတဲ့အကြောင်းပြောတယ်။ ထိုအခါ Carol က နင်ရော သူ့ကိုလက်ထပ်ချင်လားလို့ပြန်မေးတော့ ကျွန်မ အခု ဘယ်အစားစာ မှာရမလဲတောင် စဉ်းစားလို့မရသေးဘူးလို့ပြန်ဖြေခဲ့တာကို ကြည့်ရုံနဲ့သိနိုင်ခဲ့ပါတယ်။

Carol ရုပ်ရှင်တွင် ဖော်ကြူးထားတဲ့ အချစ်ဟာ ရုတ်တရက်ကြီး ပေါ်ပေါက်လာတဲ့ အချစ်မျိုးလည်းမဟုတ်ဘူး။ တဖြည်းဖြည်းချင်းနဲ့လောင်ကျွမ်းလာတဲ့ မီးတောက်မီးစတစ်ခုလိုပဲ။ ထိုမီးတောက်ရဲ့ကြားမှာ သူမတို့နှစ်ဦးရှိနေခဲ့ပေမဲ့ ထိုမီးတောက်ကပဲ သူမတို့နှစ်ယေက်ရဲ့အချစ်တွေကို တောက်ပစေခဲ့တယ်။ Carol ရဲ့လက်ဖဝါးတွေ Therese ရဲ့ပခုံးလွှာတွေအပေါ် တင်လိုက်တဲ့အခန်းလေးတွေမှာတင် ကျွန်တော်တို့ပရိသတ်တွေ အသက်ရှူမှားပြီး အသက်ရှုသံတွေ ရပ်တန့်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ Carol ရုပ်ရှင်ဟာ တစ်ချိန်တည်းမှာ ချိုမြိုန်ရင်း ခါးသီးနေသော တစ်ချိန်တည်းမှာပဲ ရိုးရှင်းပြီး ထိုတစ်ချိန်တည်းမှာတင် ရှုပ်ထွေးနေကာ တစ်ခါတစ်ရံတွင် စစ်မှန်ပြီး သဘာဝကျတတ်သလို တစ်ခါတစ်ရံတွင်တော့ မှော်ဆန်နေတဲ့ အချစ်ပုံပြင်တစ်ပုဒ်ပဲ ဖြစ်နေခဲ့ပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်လမ်းပဲ လှပနေခဲ့တာမဟုတ်ပဲ ရုပ်ရှင်တစ်ကားရဲ့အလှအပတစ်ခုကိုလည်း တွေ့မြင်ခဲ့ရတဲ့အတွက် ခုလို ရုပ်ရှင်မျိုးတွေ Hollywood က နောက်ထပ် ထပ်မံရိုက်ကူးပါစေလို့ဆုတောင်းလိုက်မိပါတော့တယ်။

My angel, flung out of space….

IMDb Rating: 7.5/10
Rotten Tomatoes Rating: 93%

~WH~

WH
WH
4 min read