Columbus

Columbus

အဆောက်အဦးတွေမှာ အသက်တွေရှိတယ်ဆိုရင် ဒီဇာတ်ကားရဲ့အသက်ဟာလည်း အဆောက်အဦးတွေပဲ။
.
အဆောက်အဦးတိုင်းမှာ တည်ဆောက်ရခြင်းရဲ့ရည်ရွယ်ချက်တွေကိုယ်စီ ရှိတယ်။ သက်ရှိတွေ နေထိုင်ဖို့၊ လူသားတွေ စားသောက်ဖို့၊ လူသားတွေ သွားလာဖို့၊ လူသားတွေ အားလပ်ချိန်မှာ လေ့လာဖို့၊ လူသားတွေ နေမကောင်းဖြစ်ချိန်မှာ ကုသဖို့အစရှိတဲ့ ရည်ရွယ်ချက်တွေ ..
.

သူတို့ နှစ်ယောက်စလုံးက ကိုယ်ပိုင်ဘဝတွေရဲ့အောင်မြင်မှုတွေ ရရှိနေချိန်မှာ တွေ့ဆုံခဲ့တာတော့ မဟုတ်ဘူး။ ဆေးစွဲနေတဲ့ မိခင်တစ်ယောက်ရဲ့အောက်မှာ နေထိုင်နေရတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်နဲ့ဝေးကွာနေတဲ့ ဖခင်ရဲ့ကျန်းမာရေးအတွက် အမေရိကားကို ပြန်ရောက်လာတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက်။
.

အဆောက်အဦးတွေဆိုတာ သူမစိတ်ဝင်အစားဆုံး အရာဝတ္ထုတွေ။ သူတို့နှစ်ယောက်တွေ့တိုင်း သူမပြောခဲ့ကြတဲ့ အကြောင်းအရာတွေက လမ်းတစ်လျှောက်မှာတွေ့တဲ့ အထင်ကရအဆောက်အဦးတွေရဲ့ဗိသုကာသမိုင်းတွေ။ America ရဲ့Indiana ပြည်နယ်က Columbus မြို့ဟာ ထူးခြားတဲ့ဗိသုကာ အဆောက်အဦးတွေနဲ့ကျော်ကြားတဲ့ မြို့တစ်ခုပါ။ ကမ္ဘာလှည့်ခရီးသည်တွေအများစုလည်း ထိုမြို့ရဲ့ဗိသုကာအလှအပတွေကို ခံစားဖို့လာလည်ကြတယ်လို့တောင် ကြားဖူးပါတယ်။
.

ဇာတ်လမ်းအနေနဲ့ကတော့လူစိမ်းနှစ်ယောက်ရဲ့ကြားမှာ တပ်မက်တဲ့ စွဲလန်းခြင်းတွေအစား ဘေးဝန်းကျင်က အကြောင်းအရာတွေကို ဆွေးနွေးဟန်နဲ့တင်ပြထားတယ်။ Before Trilogy ဆန်ပေမဲ့ Before လို Romance ဘက်ကို မသန်းပဲနဲ့လူသားနှစ်ယောက်ရဲ့ခက်ခဲတဲ့ ဘဝအခိုက်အတန့်တစ်ခုစီမှာ ခဏတွေ့ဆုံကြပြီး ထိုအချိန်ကာလတစ်ခုမှာ သရုပ်မှန်ဘဝထဲက ရုန်းထွက်ခဲ့ဟန်ဖို့ကြိုးစားခဲ့ရုံသပ်သပ်ပဲ။ နောက်တော့လည်း ကိုယ်စီဘဝကို ပြန်သွားကြရမှာပဲလေ။ အဓိကဇာတ်ကောင်နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ခံစားချက်တွေ ရှိဟန်မတူဘူး။ ရှိချင်လည်း ရှိကောင်းရှိလိ့မ်မယ်။ ဒါပေမဲ့ရုပ်ရှင်မှာ မဖော်ပြခဲ့ဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်မှာ ဆက်စပ်မှုတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ဘဝနှစ်ခုရဲ့လမ်းကြောင်းနှစ်ခု ခဏတာ တွေ့ဆုံခြင်းလို့ပဲ ကျွန်တော်ကတော့ မြင်မိတယ်။
.

ဇာတ်ကားအနေနဲ့ပြောရရင် ကျွန်တော်အားအရဆုံး ရုပ်ရှင်တွေထဲမှာပါတယ်။ ဟာသအနေနဲ့ပဲ အများဆုံးတွေ့ခဲ့ရတဲ့ John Cho ကို အခုလို Role မျိုးနဲ့ကြည့်ရတာလည်း အရမ်းအားရမိတယ်။ မနှစ်က The Edge of Seventeen တို့Split တို့မှာပါခဲ့တဲ့ မင်သမီးအသစ်လေး Haley Lu Richardson ရဲ့သရုပ်ဆောင်ချက်ကိုလည်း ကျေနပ်မိတယ်။ Director ဖြစ်တဲ့ Kogonada ဆိုတာကလည်း အရင်က Vimeo တို့ဘာတို့မှာ Video Essay လေးတွေရိုက်ဖူးတဲ့ သူဆိုတော့ သူ့ရဲ့ပထမဆုံး Director အဖြစ် ရိုက်ကူးတဲ့ ဒီဇာတ်ကားမှာ သူအားသန်ရာဖြစ်တဲ့ ရုပ်ပုံ Angles တွေယူထားတာ လေးနက်လွန်းတယ်၊ သေချာလွန်းတယ်ဆိုတာ မြင်ရတယ်။ သူယူထားတဲ့ Frames တွေထဲမှာ ဇာတ်ကောင်တွေကို ထည့်ရင်တောင် ဇာတ်ကောင်တွေရဲ့လှုပ်ရှားမှုတွေကို အသေးစိပ်ယူထားတာတွေကိုပါ မြင်ရတယ်။
.
အမျိုးသမီးဇာတ်ကောင်ဖြစ်တဲ့ Casey ရဲ့လက်ရှိအကျည်းတန်ဘဝရဲ့လွတ်မြောက်ခြင်းဟာ အဆောက်အဦးတွေရဲ့ဗိသုကာတွေဆိုရင် ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေရဲ့လွတ်မြောက်ရာဟာလည်း ရုပ်ရှင်တွေရဲ့ဗိသုကာတွေလို့တင်စားလို့ရတယ်။ ဒါပေမဲ့ ထိုရုပ်ရှင်တွေဟာပဲ ကျွန်တော်တို့ကို ထိုသရုပ်မှန်လောကကြီးထဲကို ခေါ်ဆောင်သွားကြတာလား။

Rotten Tomatoes Rating: 97%

~WH~

WH
WH
1 min read