Days of Heaven (1978)

Drama Apr 21, 2019
“Nobody's perfect. There was never a perfect person around. You just have half-angel and half-devil in you.”

ဒီဇာတ်ကားဟာ အရွယ်ရောက် လူသား ၃ ယောက်ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို အခြေတည်ထားပေမဲ့ ကျွန်တော်တို့မြင်ခဲ့ရတဲ့ အမြင်တွေက ဇာတ်ကြောင်းပြောပြနေတဲ့ ဆယ်ကျော်သက်အရွယ် မီးကောင်ပေါက်စ မိန်းကလေးတစ်ယောက် ရဲ့အမြင်တွေဆီကနေပဲ။ Director Terrence Malick ပုံဖော်ခဲ့တာကလည်း ထိုမိန်းကလေးရဲ့အမြင်တွေဆီကပဲ။
.

ပထမကမ္ဘာစစ်ကြီးဖြစ်ပွားနေပေမဲ့ ထိုအချိန်က အမေရိကားက အခြေခံလူတန်းစား အလုပ်သမားတွေကတော့ မိမိရဲ့နေ့စဉ်ရပ်တည်ဖို့အတွက် နေ့စဉ်အလုပ်တွေ လုပ်ကိုင်ကြရတယ်။ ထိုအထဲမှာ Bill လည်းပါဝင်တယ်။ Bill ဟာ အလုပ်ရှင်ကို မတော်တဆ သတ်ခဲ့မှုကြောင့် ရှောင်ပြေးနေရတဲ့ ဝရမ်းပြေးတစ်ယောက်။ သူ့နောက်မှာ အမြဲပါလာတာက သူ့ညီမလေးဖြစ်သူ Linda နဲ့ချစ်သူ Abby တို့။ အမေရိကားရဲ့တောရိုင်းမြေတွေကို ဖြတ်ကျော်ပြီး သူတို့ခရီးထွက်ခဲ့ကြတယ်။ မီးခိုးတွေ တလူလူဝေနေတဲ့ ရထားတွဲကြီးပေါ်မှာ လိုက်ပါလာကြရင်း အလုပ်ခေါ်တဲ့ လူတစ်စုကြောင့် ရာသီအလိုက် အလုပ်လုပ်ကိုင်ရတဲ့ စိုက်ပျိုးရေးမြေတစ်ခုမှာ သူတို့အလုပ်ရကြတယ်။ ပိုင်ရှင်သူဌေးဟာ အသက်ငယ်ရွယ်တဲ့ လူတစ်ယောက်။ ဒါပေမဲ့ အမျိုးအမည်မသိတဲ့ ရောဂါဝေဒနာတစ်ခုကို ခံစားနေရတယ်။ သိပ်မကြာတော့တဲ့ ကာလအတွင်းမှာ သေဆုံးနိုင်တယ်ဆိုတာပဲ သိကြတယ်။ သူဌေးဟာ လူငယ်ဆိုပေမဲ့ သူ့မှာ အားကိုးစရာဆိုလို့အလုပ်သမား ခေါင်းဆာင်ကြီးတစ်ယောက်ကလွဲရင် မိသားစုဆိုတာ မရှိဘူး။
.

Bill နဲ့Abby ချစ်သူတွေဖြစ်ကြပေမဲ့ လူတွေကိုတော့ မောင်နှမတွေလို့ပြောကြတယ်။ တစ်ခြားလူတွေကလည်း ယုံကြတာပေါ့။ မောင်နှမ ၃ ယောက်လို့ပဲ သူတို့ကို သိကြတယ်။ ဒါကြောင့်လည်း စိုက်ပျိုးရေးပိုင်ရှင်သူဌေးက Abby ကို မျက်စိကျခဲ့တာ မဆန်းခဲ့ဘူး။ သူက Abby ကို ချစ်ရေးဆိုခဲ့ပြီး လက်ထပ်ခွင့်တောင်းတယ်။ ဒါကို Bill က အခွင့်အရေးလို့မြင်သွားလိုက်တယ်။ အကယ်၍ Abby က ထိုရောဂါသည် သူဌေးကို လက်ထပ်ယူပြီး ထိုသူဌေးမကြာခင်မှာ သေဆုံးသွားရင် ကျန်ရစ်ခဲ့တဲ့ စည်းစိမ်တွေကို Abby တစ်ယောက်ပဲ ရတော့မှာ ဖြစ်တဲ့မှာလေ။ အဲ့ဒီ့အခါကြမှ သူတို့နှစ်ယောက် ပြန်လက်ထပ်ကြရင် ထိုစည်းစိမ်တွေအကုန်လုံးဟာ သူတို့အပိုင်တွေပဲ ဖြစ်တော့မယ်ဆိုတဲ့ အကြံပဲ။ ဒီလိုနဲ့ပဲ Abby တစ်ယောက် သူဌေးကို လက်ထပ်ခဲ့တယ်။ လူတွေရှေ့မှာတော့ Bill နဲ့Abby ဟာ မောင်နှမလိုပဲ ဟန်ဆောင်ပြီး နေထိုင်ကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် ဘယ်လောက်ထိ ရှေ့ဆက် ဟန်ဆောင်လိမ်ညာနေနိုင်မှာလဲ။
.

Director Terrance Malick ဟာ ရုပ်ရှင်လောကကို Lanton Mills ဆိုတဲ့ ဇာတ်လမ်းတိုလေးနဲ့စတင်ဝင်ရောက်ခဲ့ကာ ဇာတ်လမ်းအများစုမှာ ဇာတ်ညွှန်းရေးဆရာအဖြစ် ကျင်လည်ခဲ့ပေမဲ့ သူ့ကိုလူသိများစေခဲ့တာကတော့ Badlands (1973) ဆိုတဲ့ဇာတ်ကားလေးနဲ့ပဲ။ Martin Sheen တို့ Sissy Spacek တို့ဆိုတာ အဲ့ဒီ့တုန်းက ငယ်ငယ်လေးတွေရှိသေးတယ်။ Badlands ဇာတ်ကားဟာ အပြင်မှာ တစ်ကယ်ရှိခဲ့တဲ့ လူသတ်သမားဝရမ်းပြေးအတွဲတစ်တွဲကို အခြေခံရိုက်ကူးခဲ့တာ။ Malick ဟာ ရုပ်ရှင်နဲ့ပတ်သက်ရင် ကံခေတယ်လို့တောင် ပြောလို့ရတယ်။ Badlands (1973) အောင်မြင်ခဲ့တယ်ဆိုပေမဲ့ ထိုဇာတ်ကားရိုက်တုန်းက ရိုက်ကူးရေးသမားတွေနဲ့ကတောက်ကဆတွေ ဖြစ်တာကြောင့် ထွက်ခဲ့တဲ့ လူတွေလည်းရှိတယ်။ ရိုက်ကူးနေစဉ် ပေါက်ကွဲမှုတစ်ခန်းမှာ အဖွဲ့ဝင်တစ်ယောက် ဒဏ်ရာအကြီးအကျယ်လည်း ရခဲ့တယ်။ ဒါပေမဲ့ ဇာတ်ကားထွက်လာတဲ့ အခါမှာတော့ ဝေဖန်ရေးဆရာတွေကြားထဲမှာတော့ အတော်လေး အောင်မြင်ခဲ့တယ်လို့ပြောလို့ရတယ်။
.

ဒါကြောင့်လည်း ကျွန်တော်အခုပြောတဲ့ Days of Heaven (1978) ကို ဆက်ရိုက်ကူးနိုင်ခဲ့တာ။ ပြောရမယ်ဆိုရင် ဒီဇာတ်ကားဟာလည်း ရှေ့က Badlands အတိုင်းလာတာပဲ။ အကြီးမားဆုံး ပြဿနာက ရိုက်ကူးရေးသမားတွေနဲ့Cinematographer Néstor Almendros တို့ကြားက ဖြစ်တဲ့ကိစ္စတွေပဲ။ Almendros နဲ့Malick တို့က သဘာဝအတိုင်းရိုက်ကူးချင်တာ။ ဥပမာရိုက်ကူးရေးနေ့မှာ ရာသီဥတုက သူတို့စီစဉ်ထားတဲ့အတိုင်း မဖြစ်ရင် ထိုတစ်နေ့တာ ရာသီဥတုနဲ့လိုက်လျောအောင် အစီအစဉ်တွေကို ပြန်ပြောင်း ရိုက်တာမျိုး။ Lightings သမားတွေကိုလည်း Lighting မီးတွေကို ပိတ်စေတယ်။ ဒီမှာတင် သမာရိုးကျမဟုတ်တဲ့ ရိုက်ကူးမှုတွေကြောင့် ထိုခေတ်က Hollywood အလုပ်သမားတွေဖြစ်တဲ့ ထိုဇာတ်ကားရိုက်ကူးရေးသမားတွေဟာ Almendros နဲ့Malick ကို အမြင်မကြည်တာတွေ ဖြစ်လာကြတယ်။ Almendros ကိုယ်တိုင်လည်း ရိုက်ကူးနေစဉ်အတွင်းမှာ အမြင်အာရုံပိုင်းဆိုင်ရာ ချို့ယွင်းလာမှုတွေ ရှိလာပြန်တယ်။ ထို့အပြင် ပိုဆိုးတာက သရုပ်ဆောင်တွေနဲ့Malick ကြားက တင်းမာမှုတွေပဲ။ အဆိုးဆုံးကတော့ ငွေကြေးပြဿနာပဲ။ စိုက်ပျိုးရေးခင်းကြီးထဲကို ပိုးတွေကပ်တဲ့ဇာတ်ဝင်ခန်းဟာ ဒီဇာတ်ကားရဲ့နာမည်အကြီးဆုံး ဖြစ်ခဲ့တဲ့ ဇာတ်ဝင်ခန်း။ ထိုဇာတ်ဝင်ခန်းကို ရိုက်းကူးဖို့Helicopter တွေလည်း ဌားခဲ့တဲ့ စရိတ်တွေ၊ ထို့အပြင် ရိုက်ကူးရေးနောက်ကျမှုတွေကြောင့် ငွေကြေးဟာ ခန့်မှန်းခဲ့တာထက် ပိုမိုကုန်ကြခဲ့တာတွေကြောင့် ထုတ်လုပ်သူ Bert Schneider ဟာ သူ့အိမ်ကို ပေါင်ထားခဲ့ရသည်အထိ ဖြစ်ခဲ့တယ်။
.

သရုပ်ဆောင်တွေအနေနဲ့ကတော့ Richard Gere ရယ်၊ Brooke Adams ရယ်၊ Sam Shepard ရယ် ၃ ယောက်က အဓိက ပါဝင်ခဲ့ပြီး ဇာတ်ကြောင်းပြောသူ မိန်းကလေး Linda အဖြစ် Linda Manz က သရုပ်ဆောင်ခဲ့ပါတယ်။ Linda Manz ဟာ ထိုဇာတ်ကားနဲ့စရိုက်ခဲ့တယ်ဆိုပေမဲ့ သူမတစ်သက်တာမှာ စုစုပေါင်း ရုပ်ရှင် ၇ ကားပဲ ရိုက်ကူးခဲ့တယ်။ သူမနောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားကတော့ 1997 က ထွက်ခဲ့တဲ့ David Fincher ရဲ့The Game ပဲ။ ဒီဇာတ်ကားဟာ သရုပ်ဆောင်ပိုင်းမှာ ပြောစရာသိပ်မရှိလှပေမဲ့ အထင်ကရအဖြစ်ခဲ့ဆုံးကတော့ Cinematography ပဲ။ စောစောက ပြောခဲ့သလို ပြဿနာတွေ အများကြီး ရှိခဲ့ပေမဲ့ တစ်ကယ့်ကို လှပလွန်းတဲ့ ဇာတ်ကားတစ်ကားအဖြစ် ရုပ်ရှင်သမိုင်းမှာ ကျန်ရစ်ခဲ့ပါတယ်။ တစ်ချို့ကဆို အလှဆုံးရုပ်ရှင်လို့တောာင် သတ်မှတ်ကြတယ်။ Malick ရဲ့ အစွမ်းဟာ သူ့ဇာတ်ကားတွေရဲ့ဇာတ်ကြောင်းကို ဇာတ်ကောင်တွေနဲ့သရုပ်ဖော်လေ့မရှိပဲ ရုပ်ပုံကားချပ်တွေနဲ့သရုပ်ဖော်နိုင်စွမ်း ရှိတာမျိုးပဲ။ Taxes ပြည်နယ်ရဲ့ကြီးမားကျယ်ပြန့်တဲ့ တောရိုင်းမြေတွေ၊ တမြောမဆုံးရှိတဲ့ မြင်ခင်းပြင်ကျယ်ကြီးတွေနောက်က ဝင်အံ့ဆဲဆဲနေလုံးကြီးတွေဟာ အထီးကျန်ခြင်းရဲ့လှပခြင်းကို ဖွင့်လှစ်ပြသထားသလိုပင် ခံစားခဲ့ရတယ်။ သူတို့ရိုက်ကူးခဲ့ကြတဲ့ အချိန်ကာလအပိုင်းအခြားက များသောအားဖြင့် ညနေစောင်းတွေဖြစ်လေ့ရှိတယ်။ ဒါမှမဟုတ်ရင် ဝေလီဝေလင်း နေမထွက်ခင်ကာလမျိုးတွေပဲ။ ဒါကြောင့် အရောင်တွေဟာ စူးရှမနေပဲ လေးပင်နေတတ်တယ်။
.

တင်ပြထားတဲ့ ဇာတ်လမ်းဟာ လူသားတွေကြားက ဝမ်းနည်းခြင်းတွေ၊ လွဲမှားခြင်းတွေ၊ ဆုံးရှုံးခြင်းတွေနဲ့ကွဲကွာခြင်းတွေကို အဓိကတင်ပြသွားခဲ့တယ်။ ထိုဇာတ်လမ်းတစ်ခုလုံးကို Bill ရဲ ညီမငယ်ဖြစ်သူ ကလေးမလေး Linda ရဲ့ အမြင်ကနေပဲ ပြသသွားခဲ့တယ်။ ဒါကြောင့်လည်း ထိုလူကြီး ၃ ယောက်ရဲ့အဖြစ်အပျက်ကို Linda ဂရုမစိုက်ခဲ့သလို ကျွန်တော်တို့လည်း သိပ်တော့ ဂရုမစိုက်ခဲ့။ သူမက ထိုလူကြီး ၃ ယောက် ဘာဖြစ်ခဲ့တယ်ဆိုတာကိုပဲ ပြောပြခဲ့တာ။ ထိုကလေးငယ်ဟာ လောကရဲ့ကြမ်းတမ်းတဲ့ ကာလတွေကြားထဲမှာ ကြီးပြင်းခဲ့တယ်။ ထိုလောကဓံကိုလည်း ခံနိုင်ခဲ့တယ်။ နောက်ဆုံးခန်းမှာ သူတို့၃ ယောက် ထွက်ပြေးလာတဲ့ လှေငယ်လေးပေါ်က ဇာတ်ဝင်ခန်းတွေမှာ သူမဇာတ်ကြောင်းပြန်ပြောနေတဲ့ ဇာတ်ဝင်ခန်းတွေဟာ အလွန်အသက်ပါလွန်းတယ်။ သူတို့အတွက် လောကနိမ္ဗာန်ကြီးဟာ ပျောက်ဆုံးခဲ့ပြီ။ ကမ်းနားတစ်လျှောက်မှာ တွေ့ရတဲ့ လူတွေဟာ ဘာလုပ်နေကြတာလည်းဆိုတာ သူမခန့်မှန်းကြည့်တယ်။ ထိုကမ်းနားပေါ်က လူတွေဟာ အကူအညီတောင်းနေကြတာလား။ ဒါမှမဟုတ် လူသေတစ်ယောက်ကိုပဲ အစဖျောက်မြေမြှပ်နေကြတာလားဆိုပြီး သူမအတွေးတွေက မေးနေတယ်။ ဒါပေမဲ့ ထိုကလေးမလေးက စိတ်တော့မဝင်စားခဲ့ပေ။ သူမကိုယ်တိုင်လည်း သူမရဲ့အနာဂတ်ဟာ မပီပြင်ပဲကိုး။ ဇာတ်ကားအဆုံးမှာ ထိုကလေးမလေးကို ပျော်ရွှင်စွာနဲ့ကျွန်တော်တို့တွေ့ခဲ့ရတယ်။ ဒါပေမဲ့ သူမဘဝလေးကတော့ သိပ်ပြီးပျော်စရာကောင်းတဲ့ ဘဝတစ်ခုအခြေအနေမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ သူမ ဂရုမစိုက်ပါ။ ဒီ့ထက်ဆိုးရွားတဲ့ ဘဝတွေကို ကျော်ဖြတ်ခဲ့ပြီးပြီလေ။ သူမ မသိခဲ့တာက သူမလျှောက်လှမ်းနေတဲ့ မီးရထားလမ်းကြီး ဆုံးသွားခဲ့တာတောင်မှ သူမဘဝက ပြီးဆုံးပါ့မလား ဆိုတာပဲ။
.

Days of Heaven ဇာတ်ကားဟာ အမှန်တော့ ရိုက်ကူးနေစဉ်ကာလအတွင်းပဲ ပြဿနာတွေ ရှိခဲ့တာမဟုတ်ဘူး။ တည်းဖြတ်ခဲ့တဲ့ အချိန်တွေမှာလည်း Malick ဟာ အခက်အခဲတွေနဲ့တွေ့ခဲ့ရတယ်။ ရိုက်ကူးခဲ့တဲ့ scenes တွေကို ဇာတ်လမ်းအဖြစ် ပြန်လည်ဆက်စပ်တဲ့အခါ လွန်စွာခက်ခဲတာကို Malick တွေ့ခဲ့ရတယ်။ ဒါကြောင့် ဇာတ်ကား ရိုက်ကူးပြီး ၂ နှစ်ကျော်သွားတဲ့အထိ တည်းဖြတ်လို့မပြီးစီးနိုင်ပဲဖြစ်နေခဲ့တယ်။ ဒါကြောင့် နောက်တစ်နှစ်ကျော်ကြာတဲ့အခါ သရုပ်ဆောင်တွေကို ထပ်ခေါ်ရပြီး လိုအပ်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို ပြန်လည် ရိုက်ကူးရတယ်။ နောက်ဆုံးမှာတော့ ဇာတ်လမ်းအသွားကို ပရိသတ်နားလည်အောင် ကလေးမလေးဖြစ်တဲ့ Linda ရဲ့နောက်ခံစကားပြောတွေကို ထည့်ခဲ့မှ သူလိုချင်တဲ့ ဇာတ်အသွားကို ရရှိခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ထုတ်လုပ်သူ Bert Schneider နဲ့Malick ကတောက်ကဆတွေဖြစ်ခဲ့သေးတယ်။ ဇာတ်ကားမှာ သုံးခဲ့တဲ့ ငွေကြေးတွေကို ပြန်ကာဖို့အတွက် ဇာတ်ကားဟာ ၃ နှစ်ကျော်တဲ့အထိ ပရိသတ်ရှေ့မရောက်သေးတဲ့အတွက် အိမ်တောင်ပေါင်ခံရတဲ့ ထုတ်လုပ်သူ Bert Schneider ရဲ့လက်တွေ့ဆန်မှုကို ကျွန်တော်နားလည်နိုင်ခဲ့တယ်။ ဒါပေမဲ့ Malick ကိုလည်း အပြစ်သွားပြောလို့မရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ အနုပညာသမားစစ်စစ်တစ်ယောက်။ သူမလိုချင်တဲ့အရာကို သူပရိသတ်ရှေ့ကို ထုတ်မပြချင်ဘူး။ သူဖြစ်ချင်ခဲ့တဲ့အတိုင်း ဖြစ်အောင်သာ သူကြိုးစားခဲ့တယ်။ ဒီ့အတွက်လည်း သူဟာ ဂတိတွေများစွာကို ချိုးဖျက်ခဲ့ရင် ဖျက်ခဲ့မိလမ့်မယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ယခုကျွန်တော်တို့ကြည့်ခဲ့ရတဲ့ Days of Heaven ဇာတ်ကားကြီး ထွက်ခဲ့တော့တယ်။ ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာ တစ်ခုကတော့ ယခုဇာတ်ကားရဲ့မောပန်းမှုတွေနဲ့ပြဿနာတွေဟာ Director Terrence Malick ကို နောက်ထပ် အနှစ် ၂၀ အထိ ရုပ်ရှင်လောကကနေ ထွက်သွားစေခဲ့တယ်။ သူရုပ်ရှင်လောကကို နောက်အနှစ် ၂၀ (1998) မှာ ပြန်ဝင်လာတော့ ဘယ် Directors မှ စစ်ကားတစ်ကားကို ပုံမဖော်နိုင်ခဲ့တဲ့ တင်ပြမှမျိုးနဲ့ပုံဖော်နိုင်ခဲ့တဲ့ The Thin Red Line ဆိုတဲ့ ဇာတ်ကားကြီးပဲလေ။
.

IMDb’s rating: 8/10
Rotten Tomatoes’ rating: 94%

~WH~

Tags