Departures
ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းဟာ ဘာအကြောင်းအရာလည်းဆိုတာ ကြိုမသိခဲ့တဲ့လူတွေအတွက်တော့ ဇာတ်လမ်းရဲ့ အဖွင့်ဇာတ်ဝင်ခန်းဟာ အံ့ဩမှုတွေနဲ့ ပြည့်နေလိမ့်မယ်။ ဘာကြောင့်ဒီဇာတ်ဝင်ခန်းကို ပြနေလဲဆိုတာကိုလည်း တွေးနေမိလိမ့်မယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ထိုဇာတ်ဝင်ခန်းရဲ့ တင်ပြမှုစွမ်းရည်ကြောင့်လည်း မျက်တောင်မခတ်ပဲ ကြည့်ဖြစ်ချင် ကြည့်ဖြစ်နေမိလိမ့်မယ်။
.
သူ့ရဲ့ လှုပ်ရှားနေတဲ့ လက်အစုံကို ကျွန်တော်တို့ လိုက်ကြည့်နေတယ်။ ကျွန်တော်တို့မျက်စိတွေက သူ့လက် လှုပ်ရှားမှုတွေကနေ ခွါမရဘူးဖြစ်နေတယ်။ ငြိမ်သက်စွာလဲလှောင်းနေတဲ့ အသက်မဲ့ခန္ဓာကိုယ်တစ်ခုပေါ်က သူ့လက်အစုံရဲ့ လှုပ်ရှားမှုတွေက သေသပ် နူးညံ့ပြီး လှပလွန်းနေပြန်တယ်။ သူဘာလုပ်နေသလဲဆိုတာ ခင်ဗျားလည်း သိချင်သွားပြီမဟုတ်လား။ အမှန်တော့ အခေါင်းထဲထည့်တော့မဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကို ကျန်ရစ်သူမိသားစုဝင်တွေအရှေ့မှာ အလောင်းပြင်ပေးနေတာ။
.
ကျွန်တော်တို့ရဲ့ အဓိကဇာတ်ကောင် Daigo က အလောင်းပြင်ပေးရတဲ့လူတစ်ယောက်။ အမှန်တော့ သူ့လက်တွေက အလောင်းပြင်ဖို့ လေ့ကျင့်ခဲ့တဲ့လက်တွေတော့ မဟုတ်ခဲ့ဘူး။ ကြီးမားခန့်ညားလွန်းတဲ့ orchestra ခန်းမကြီးတစ်ခုအထဲမှာ Cello တစ်လက်ကို မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်နေရမဲ့ လက်တစ်စုံ။ ဒါပေမဲ့ အခုတော့ Cello တီးခဲ့တဲ့ လက်တစ်စုံဟာ လောကကြီးကနေ ထွက်ခွါသွားတဲ့ ခန္ဓာကိုယ်တွေကို နောက်ဆုံးအနေနဲ့ အလှတွေပြင်ပေးနေရတဲ့ လက်တစ်စုံဖြစ်လာခဲ့တယ်။ လူသားတွေရဲ့ ကံကြမ္မာက ဆန်းကြယ်လွန်းတယ်။ ဒီဇာတ်ကားထဲက ဇာတ်ကောင် Daigo ဟာ သူ့အနာဂတ်ဟာ အခုလိုဖြစ်လာခဲ့မယ်ဆိုတာ သိခဲ့တာ မဟုတ်ခဲ့ဘူး။ ကျွန်တော်တို့ရော ဘာထူးသလဲ။ ဘဝမှာ မထင်မှတ်တဲ့အရပ်ဒေသတွေမှာ နေထိုင်ကြရပြီး မထင်မှတ်ထားခဲ့တဲ့ အလုပ်တွေ လုပ်နေကြရတာပဲလေ။ အမှန်တော့ သူကိုယ်တိုင်လည်း ဒီအလုပ်ကို သတင်းစာကြော်ငြာမှာတွေ့တုန်းက Departures လို့ရေးထားတော့ ခရီးသွားလုပ်ငန်း agency တစ်ခုလို့ ထင်ခဲ့ပြီး လျှောက်ခဲ့မိတာ။ ခရီးတော့ ခရီးပဲ။ ဒါပေမဲ့ တမလွန်ခရီးဆိုတာ သူနောက်မှ သိခဲ့ရတယ်။
.
အလောင်းပြင်တဲ့ဇာတ်ဝင်ခန်းတိုင်းဟာ အသေးစိပ်အရမ်းဆန်လွန်းတယ်။ အခုလို Japanese ရိုးရာ အလောင်းပြင်ဆင်ပုံက ကျွန်တော်တို့လို မသိတဲ့လူတွေအတွက်တော့ စိတ်ဝင်စားစရာ ကောင်းလွန်းတယ်။ ကျန်ရစ်တဲ့ မိသားစုဝင်တွေအရှေ့မှာ အလောင်းကို ဖျာတစ်ချပ်ပေါ်မှာ လှဲလျောင်းပြီး ပြသထားတယ်။ ဒီအသုဘအခမ်းအနားကို ဂရုတစိုက်အလေးထားပြီး သေချာကိုင်တွယ်ပြီး ဆောင်ရွက်ရတယ်။ လူအများစုက အမင်္ဂလာလို့ သတ်မှတ်တဲ့ အသုဘကို ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံအောင် ဆောင်ရွက်ဖို့က သူတို့လို အသုဘပြင်တဲ့ သူတွေအတွက် အလွန်အရေးကြီးတယ်။ အလောင်းကို ရေဆေးပေးခြင်းတို့၊ သုတ်သင်ပေးခြင်း၊ အညစ်အကြေးတွေကို သန့်စင်ပေးခြင်းတို့၊ အဝတ်အစားအသန့်တွေကို ပြန်လည်ဝတ်ဆင်ပေးခြင်းတို့မှာလည်း သေဆုံးသူတွေရဲ့ privacy ကိုအလေးထားပြီး ဂရုတစိုက် လုပ်ဆောင်ရတယ်။ အလောင်းပြင်ခြင်းရဲ့ နောက်ဆုံးအဆင့်ကတော့ မျက်နှာပေါ်မှာ မိတ်ကပ်ခြယ်သပေးခြင်းပဲ။ ထိုအဆင့်တွေ အကုန်လုံးပြီးဆုံးသွားတဲ့အခါမှာတော့ နောက်ဆုံးအဆင့်က အလောင်းကို အဆင်သင့်ယူဆောင်လာတဲ့ အခေါင်းထဲကို ထည့်ခြင်းအလုပ်ပဲ။ အခေါင်းကို ထည့်တဲ့အခါ ဦးခေါင်းကို အရင်ချရတယ်။ ပြီးမှ ကိုယ်နဲ့ ခြေက ဖြည်းဖြည်းခြင်း လိုက်ချရတယ်။
.
ဇာတ်ကားရဲ့ အဓိကတင်ပြတဲ့ အကြောင်းအရာက သေခြင်းတရားဖြစ်နေခဲ့လို့လားတော့ မသိဘူး။ အသုဘအခမ်းအနားတွေပြတဲ့ ဇာတ်ဝင်ခန်းတိုင်းက ဒီဇာတ်ကားရဲ့ အကောင်းဆုံး ဇာတ်ဝင်ခန်းတွေ ဖြစ်လာခဲ့တယ်။ ကျွန်တော် သဘောကျမိတာက ထိုအသုဘဇာတ်ဝင်ခန်းတွေကနေပဲ သေဆုံးသူတို့ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ကျွန်တော်တို့ သိမြင်ခဲ့ရတယ်။ အသုဘတွေဆီသူတို့နှစ်ယောက် သွားနေတဲ့ ခရီးစဉ်တစ်လျှောက်မှာ ကျွန်တော်ဟာ ဘေးကပရိသတ်တစ်ယောက်အနေနဲ့ လိုက်ပါသွားတယ်။ ဒါပေမဲ့ အသုဘအခမ်းအနားကို သူတို့ရောက်သွားပြီး အသုဘပြင်တဲ့အချိန်မှာတော့ ကျွန်တော်ဟာ သေဆုံးသူတို့ရဲ့ မိသားစုဝင်တွေထဲက တစ်ယောက်ဖြစ်သွားပြီး ကျန်ရစ်သူမိသားစုတွေနဲ့အတူ လိုက်ပြီး ငိုနေမိတယ်။ Hisaishi ရဲ့ နူးညံံ့တဲ့ နောက်ခံတေးဂီတဟာ ကျွန်တော်တို့ နှလုံးသားထဲကို တိုးတိတ်ညင်သက်စွာနဲ့ ဝင်ရောက်လာချိန်မှာ ကျွန်တော်တို့ မျက်ဝန်းမှာ မျက်ရည်တွေက ပြည့်နှင့်နေပြီ။ ဒါဟာ Director Yojiro Takita ရဲ့ ဇာတ်ဝင်ခန်းတင်ပြနိုင်မှု စွမ်းရည်မြင့်မားခြင်းကြောင့်ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ ငြင်းလို့ မရဘူးဆိုတာ သေချာတယ်။
.
ကျွန်တော်တို့ ပရိသတ်တွေအကုန်လုံးက ထိုသေဆုံးသူဇာတ်ကောင်တွေနဲ့ အစကတည်းက ရင်းနှီးခဲ့တာ မဟုတ်ဘူး။ ရင်းနှီးဖို့ မပြောနဲ့။ မြင်တောင်မြင်ဖူးခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အသက်မရှိတော့တဲ့ ထိုခန္ဓာကိုယ်တွေကို ကျွန်တော်တို့ မြင်ရတဲ့ ဇာတ်ဝင်ခန်းတိုင်းမှာ စိတ်ထဲအလိုလို ဝမ်းနည်းလာတယ်။ ဇာတ်ကားပြီးလို့ သေချာပြန်စဉ်းစားကြည့်တဲ့အခါမှ ကျွန်တော်တို့ ဝမ်းနည်းခဲ့တာ သေဆုံးသွားတဲ့ ဇာတ်ကောင်တွေအပေါ် မဟုတ်ပဲ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် ဖြစ်နေခဲ့တယ်ဆိုတာ သိလာရတယ်။ ကျန်ရစ်သူမိသားစုတွေနေရာကနေ ဝင်ပြီး ကျွန်တော်တို့ ချစ်တဲ့သူတွေကို ဆုံးရှုံးသွားတဲ့ ခံစားချက်တွေကို ကျွန်တော်ဝင်ခံစားကြည့်မိတယ်။ သူတို့တွေနဲ့ ကျွန်တော် ဘယ်သူအရင်ထွက်ခွါမယ်ဆိုတာ ကြိုမသိပေမဲ့ ဘဝရဲ့တစ်ချိန်တစ်နေရာမှာတော့ ကျွန်တော်တို့ချစ်တဲ့ လူတစ်ယောက်ယောက်ကို ကျွန်တော်တို့ ကျိန်းသေ ဆုံးရှုံးကြရလိမ့်မယ်။ ထိုအချိန်မှာ ခင်ဗျားတို့၊ ကျွန်တော်တို့ ဘယ်လိုခံစားနေရမလဲ။
.
ဇာတ်ညွှန်းမှာ ထူးခြားတာတစ်ခု ကျွန်တော်သတိထားမိတာက ဇာတ်ပို့/ ဇာတ်ရံတွေ အသီးသီးရဲ့ ဇာတ်ကြောင်းတွေကလည်း subplots တွေအနေနဲ့ ဇာတ်လမ်းရဲ့ ကျောရိုးကို ထောက်ပံထားပုံပဲ။ အနောက်နိုင်ငံဇာတ်ကားတွေမှာတော့ အခုလိုဇာတ်ကြောင်းပြောပုံကို မြင်ရခဲတယ်။ Daigo ရဲ့ အလုပ်ရှင်/ ဆရာ Mr. Sasaki ရဲ့ ဘဝဇာတ်လမ်း၊ သူတို့ရုံးက စာရေးအမျိုးသမီးရဲ့ ကျွန်တော်တို့ အစကမသိခဲ့တဲ့ သူ့ဘဝဇာတ်ကြောင်း၊ အများသုံးရေချိုးခန်းဖွင့်ထားတဲ့ အဖွားအိုတစ်ယောက်၊ ထိုအများသုံးရေချိုးခန်းကိုနေ့တိုင်း ရေလာချိုးတဲ့ အဖိုးအိုတို့ အစရှိတဲ့ ဇာတ်ပို့ဇာတ်ကောင်တွေရဲ့ subplots လေးတွေကိုလည်း ကျွန်တော်တို့ မြင်ခဲ့ရတယ်။
.
တစ်ခါတစ်လေ ကျွန်တော်တို့တွေက အနုပညာအရမ်းမြောက်တယ်ဆိုတဲ့ ရုပ်ရှင်တွေကို လိုက်ရှာဖွေကြတယ်။ တစ်ခါတစ်လေကြရင်တော့လည်း လက်တွေ့ဆန်တဲ့ ရုပ်ရှင်တွေက ကျွန်တော်တို့ရင်ထဲကို ထိထိမိမိဝင်လာတတ်ကြတယ်။ အခု Departures ဟာလည်း ဒုတိယအမျိုးအစားဖြစ်တဲ့ လက်တွေ့ဆန်တဲ့ ရုပ်ရှင်အမျိုးအစားထဲမှာ ပါနေတယ်။ ရုပ်ရှင်ဟာ သေဆုံးခြင်းအကြောင်းတွေဆိုပေမဲ့ သေဆုံးခြင်းရဲ့နောက်ဆက်တွဲ တမလွန်ဘဝတွေကို မတင်ပြထားခဲ့ဘူး။ ထိုအစား ကျန်ရစ်သူမိသားစုတွေနဲ့ ပြီးဆုံးသွားတဲ့ ဘဝတွေကိုပဲ ဦးစားပေးတင်ပြသွားခဲ့တယ်။
.
Daigo ပြောခဲ့သလိုပဲ ကျွန်တော်တို့ဘဝတွေရဲ့ နောက်ဆုံးစျေးဝယ်ခြင်းအတွက် ကျွန်တော်တို့ကိုယ်တိုင် မလုပ်ဆောင်ရပဲ ကျွန်တော်တို့အတွက် တစ်ခြားသူတွေကပဲ လုပ်ဆောင်သွားကြလိမ့်မယ်။ ဝမ်းနည်းစရာတော့ မကောင်းပေမဲ့ ကိုယ်ဝင်ရမဲ့ ကိုယ့်အခေါင်းနဲ့ပတ်သက်ပြီး ကိုယ်စိတ်တိုင်းကျပါ့မလားတော့ စိုးရိမ်နေမိလိမ့်မယ်ထင်တယ်။ ကိစ္စတော့ အထူးတလည်မရှိပါဘူး။ ပြီးရင်လည်း ပြာဖြစ်သွားမှာပဲလေ။
.
(Departures ဇာတ်ကားဟာ 2008 ခုနှစ်ရဲ့ Academy ပေးပွဲမှာ The Class တို့ Waltz with Bashir တို့ကိုကျော်ပြီး Best Foreign Language Film ဆု ဆွတ်ခူးရရှိခဲ့တယ်။)
~WH~