DOCTOR STRANGE

DOCTOR STRANGE

MARVEL ဟာ သူ့ရဲ့ကိုယ်ပိုင် Formula တစ်ခုရှိတယ်ဆိုရင် ထို Formula ဟာ အောင်မြင်သည့်အတိုင်း ထို Formula ကို အမြဲအသုံးပြုလေ့ရှိတယ်။ ဒီလိုနဲ့ပဲ ဝေဖန်ရေးဆရာတွေရဲ့အလေးပေးခြင်းကို ခံရရုံသာမက ပရိသတ်တွေရဲ့နှလုံးသားတွေကိုပါ ဖမ်းစားလာနိုင်တော့တာပေါ့။ ဒါဟာ ငြင်းဆန်လို့မရတဲ့ အမှန်တရားပဲ။

21 ရာစု အစောပိုင်းလောက်က စတင်ပြီး ရုပ်ရှင်ပိတ်ကားတွေပေါ်မှာ နေရာယူလာတဲ့ Superheroes ဇာတ်ကားတွေဟာ ယခု 2016 မှာတော့ ဒီနှစ်အတွက် စုစုပေါင်း 6 ကားတိတိတောင် တင်ဆက်နိုင်ခဲ့ကြတယ်။ ယခု Doctor Strange ကတော့ ပရိသတ်တွေသိတဲ့အတိုင်း ဒီနှစ်အတွက်နောက်ဆုံး Superhero ဇာတ်ကားပါပဲ။ လူအများစု ကြည့်ပြီးဖြစ်သည့်အတိုင်း အများစုရဲ့ထောပနာပေးခြင်းကို ခံရကာ တစ်ချို့လူတွေရဲ့သာမာန်ပါပဲဆိုတဲ့ ကောက်ချက်ချခြင်းကိုလည်း ကျွန်တော် ကြားခဲ့ရပါတယ်။ ဇာတ်ကားတစ်ကားကို ဝေဖန်တော့မယ်ဆိုရင် အခြေခံအားဖြင့် ဒီဇာတ်ကားသည် ကောင်းလား ဆိုးလားကို အရင်တွေးကြည့်မယ်ဆိုရင် ကျွန်တော်အနေနဲ့ကတော့ ဇာတ်ကားကောင်းတစ်ကားထဲကို ထည့်သွင်းမိပါမယ်။ ဒါပေမဲ့ အရမ်းကောင်းလားလို့ နောက်တစ်ဆင့်ပြန်သုံးသပ်ကြည့်မယ်ဆိုရင်တော့ လူတစ်ချို့ပြောကြသလို သာမာန်ဇာတ်ကားကောင်းတစ်ကားထက်တော့ မပိုခဲ့ပေ။

ကျွန်တော် ဒီ Review မှာ MARVEL နဲ့ DC ကို ယှဉ်တွဲပြီး ပြောဆိုသွားမည်မဟုတ်ပဲ ယှဉ်တွဲ၍ပြောဆိုစရာ ရှိလာပါက MARVEL ဇာတ်ကားတွေနဲ့ပဲ ပြောဆိုသွားပါမယ်။ Spoilers အနေနဲ့ကတော့ ပါကောင်းပါလိမ့်မိမယ်။ ကျွန်တော့်အတွက်တော့ ဒီဇာတ်ကားတွင် Spoilers လို့အမည်တပ်ရအောင် ပရိသတ်ကို ထူးခြားမှုတွေ ပေးခဲ့တယ်လို့မတွေ့ခဲ့ရဘူး။ Spoil စရာလည်း ဘာမှကို မရှိပါဘူး။ ဒါပေမဲ့ မကြည့်ရသေးတဲ့သူတွေအတွက် တစ်ချို့ဇာတ်ကြောင်းတွေကို ရှောင်ချင်တယ်ဆိုရင်တော့ ကြည့်ပြီးမှပဲ ပြန်လာဖတ်ပါလို့ပြောပါရစေ။


ဇာတ်လမ်းအကျဉ်းကို အနည်းငယ်ပြောပါရစေ။ Stephen Strange ဆိုတဲ့ပုဂ္ဂိုလ်က လူတွေသိကြတဲ့အတိုင်း နာမည်ကျော် ဦးနှောက်ခွဲစိပ်ဆရာဝန်တစ်ဦး။ မိမိအတတ်ပညာကလည်း အလွန်တော်သလို ထိုပညာဉာဏ်ကြောင့် လူမှုပတ်ဝန်းကျင် ဆက်ဆံရေးတွေမှာလည်း အနည်းငယ် မာနထောင်လွှားဟန်ရှိတယ်။ ဒါကို အခြေခံပြီးကြည့်မယ်ဆိုရင် ဒီဇာတ်ကောင်သည် ထူးဆန်းစွာ ရေးဖွဲ့ထားသည့် ဇာတ်ကောင်တစ်ယောက်မဟုတ်ဘူး ဆိုတာကို ပြောပြနေခြင်းလို့ကျွန်တော်ယူဆတယ်။ သာမာန်လူသားတစ်ယောက်သည် ကျော်ကြားခြင်းတို့အောင်မြင်ခြင်းတို့ကြားမှာ ပျော်မွေ့နေပါက ယခုဇာတ်ကောင်ကဲ့သို့နေထိုင် ပြုမူဆောင်ရွက်မည်ပင်ဖြစ်သည်။ ထို့ကြောင့် ဒီဇာတ်ကောင်ကို ထူးခြားတဲ့ဇာတ်ကောင်လို့ပြောမယ်ဆိုရင်တော့ ကျွန်တော်လက်မခံပေ။

ဒီလိုနဲ့တစ်ညတော့ Car Accident တစ်ခုဖြစ်သွားခဲ့ကာ ဝမ်းနည်းစရာကောင်းစွာပင် သူ့ရဲ့အသက်နီးပါးတန်ဖိုးရှိတဲ့ လက်နှစ်ဖက်ဟာ ကောင်းမွန်စွာ လှုပ်ရှား၍မရတော့ပေ။ နည်းလမ်းပေါင်းများစွာ နာမည်ကျော်သမားပေါင်းများစွာဖြင့် ကုသဖို့သူကြိုးစားခဲ့သော်လည်း မအောင်မြင်ခြင်းတွေ ငြင်းဆန်ခြင်းတွေနဲ့ပဲ တွေ့ကြုံခဲ့ကာ စိတ်ဓာတ်ကျနေချိန်တွင် တစ်ချိန်က လမ်းတောင်လျှောက်၍ မရတော့သော လူနာတစ်ယောက်သည် ယခုအခါအားကစားများပင်လုပ်နေကာ သန်မာနေသောကြောင့် ထိုသူ့ဆီမှတစ်ဆင့် သူ့ရောဂါကို ကုသရန် Nepal ရှိ Kamar-Taj ဆိုသော နေရာကို သူသွားရောက်လေတော့သည်။ ဒီလိုနဲ့သူ The Ancient One ဆိုတဲ့ ထိုနေရာကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တစ်ယောက်ရယ် Mordo ဆိုတဲ့ The Ancient One ရဲ့တပည့်ကောင်းတစ်ယောက်ရယ်နဲ့ကျန်သင်တန်းသားများကို သူတွေ့ခဲ့တယ်။ ထိုနေရာက သာမာန်သင်တန်းမျိုး သာမာန်ရောဂါတွေကို ကုသပေးနေသော နေရာမဟုတ်။ astral plane တို့mirror dimension တို့အစရှိတဲ့ သာမာန်လူသားတွေနေထိုင်တဲ့ သတ္တကမ္ဘာလောကကြီးရဲ့တစ်ခြား Dimensions တွေထိ သွားရောက်လို့ရတဲ့ အတတ်များကို ပိုင်ဆိုင်တဲ့ မှော်အတတ်ပညာကို သင်ကြားပေးနေတဲ့ နေရာပေါ့။

တစ်ချိန်တည်းမှာပဲ The Ancient One ရဲ့တပည့်ဟောင်းတစ်ဦးဖြစ်ခဲ့သူ Kaecilius ကလည်း ကမ္ဘာလောကကို Dark Dimension ကြီးစိုးအောင် ဆောင်ရွက်နေတာပေ့ါ။ ဒီလိုနဲ့အကျဉ်းချုံးပြောရရင် Hero နဲ့Villain ဟာ ဇာတ်လမ်းရဲ့တစ်ထောင့်တစ်နေရာမှာ တွေ့ကြကာ Villain ရဲ့ကမ္ဘာဖျက်မဲ့ အကြံကို Hero က တားဆီးတော့တာပေါ့ဗျာ။


ဇာတ်လမ်းက ဒါပဲ။ တစ်ကယ်ကို ဒါပဲ။ ဒီ့ထက်ဘာမှမပိုခဲ့ဘူး။ ဇာတ်လမ်းဖွဲ့စည်းထားပုံက MARVEL ရဲ့အရင်ဇာတ်ကားတွေက သူရဲကောင်းတွေကို စတင်မိတ်ဆက်လေ့ရှိတဲ့ ဇာတ်သွားအတိုင်း တစ်ပုံစံတည်းပဲ။ ဘယ်ဇာတ်ကားတွေနဲ့သွားဆင်တူလဲဆိုတော့ ပထမဆုံး Iron Man ဇာတ်ကားတို့ပထမဆုံး Thor ဇာတ်ကားတို့နဲ့ဇာတ်လမ်းဖွဲ့စည်းထားပုံခြင်း ဆင်တူတယ်လို့ကျွန်တော်မြင်တယ်။ အဓိကဇာတ်ကောင်သည် သူနေထိုင်ရာ ကျင်လည်ရာ နယ်ပယ်တစ်ခုတွင် အလွန်အမင်းအောင်မြင်သောသူဖြစ်သည်။ ထို့နောက်အကြောင်းအရာတစ်ခုကြောင့် ထိုအရာတွေကို စွန့်လွှတ်ခဲ့ရကာ ပြန်လည် ကြိုးစားရင်း Superhero ဆိုတဲ့ဇာတ်ကောင်တစ်ယောက်အဖြစ် ပြောင်းလဲသွားကြတယ်။ အဓိက ကတော့ ဇာတ်ကောင်ရဲ့Redemption ကို ပြသချင်တာပဲ။ ကျရှံးမယ်။ ထို့နောက် အောင်မြင်မှုကို အဖတ်ဆယ်ဖို့ကြိုးစားရင် သူရဲကောင်းတွေဖြစ်လာကြတယ်။ ဒါပေမဲ့ Doctor Strange ဟာ Iron Man တို့Thor တို့နဲ့ကွာခြားတဲ့အချက်တစ်ခုက ဇာတ်လမ်းထဲမှာ ပါဝင်လာပုံနဲ့Villain ကို စတင်ရင်ဆိုင်ပုံပဲ။ Iron Man နဲ့Thor တို့ရဲ့Villains တွေဟာ သူတို့ကြောင့် ဖြစ်လာရတယ်လို့ဆိုနိုင်ပေမဲ့ Doctor Strange နဲ့Villain ဖြစ်တဲ့ Kaecilius တို့ကြားမှာ ဘာဆက်နွယ်မှုမှ အရင်က မရှိခဲ့ပေ။ ဒီတစ်ချက်ကတော့ သာတဲ့အချက်လို့ပြောနိုင်တယ်။

ဒါပေမဲ့ ခက်တာတစ်ခုက ကျွန်တော့်အတွက် Doctor Strange နဲ့ Kaecilius တို့ရဲ့connection ကို ထူးထူးခြားခြားကြီး မခံစားခဲ့ရဘူး။ အကြောင်းအရာတစ်ခုကြောင့် ရင်ဆိုင်တိုက်ခိုက်ကြတယ်။ ဒီ့ထက်မပိုလာခဲ့ဘူး။ ထို့အပြင် ဒီဇာတ်ကားရဲ့ Villain ကိုဖွဲ့စည်းထားပုံသည် MARVEL ရဲ့ထုံးစံအတိုင်း အလွန်ကို ပေါ့ပျက်ပျက်နိုင်လွန်းအားကြီးတယ်။ ထုံးစံအတိုင်းပဲ နှစ်အနည်းငယ်ကြာသွားရင် ပရိသတ်တွေရဲ့ရင်ထဲမှာ အလွယ်တကူ မေ့ပျောက်သွားမဲ့ Villain ကြီးပဲလေ။ အင်းပေါ့။ တစ်ကယ်တော့ သူတို့က Mordo ကို အစကတည်းက Main Villain လုပ်ချင်ခဲ့တာဆိုတော့ အနာဂတ်မှာ ရိုက်ကူးမဲ့ Sequels တွေအတွက် တမင် set up လုပ်ခဲ့တယ်လို့ပဲ ဖြည့်တွေးရတော့ပေါ့ဗျာ။ ဒါပေမဲ့ Guardians of the Galaxy ထဲက Ronan ထက်တော့ အသာကြီးကို သာပါတယ်ဗျာ။

ဒီဇာတ်ကားမှာ အများအပြားမြင်တွေ့နိုင်တာတွေကတော့ Character transitions တွေပဲ။ တစ်ကယ်ပါ။ ဇာတ်ကောင်အများစုရဲ့ ဇာတ်ကောင်စရိုက် အပြောင်းအလဲ အချိုးအကွေ့တွေက ပရိသတ်အများစုကို ဖမ်းစားနိုင်ခဲ့တယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့ ခန့်မှန်းရတော့ လွယ်ကူလွန်းတယ်။ ဘယ်ဇာတ်ကောင်ဟာ ဘယ်နေရာမှာ သေမယ်ဆိုတာတောင် ကြိုတင်ခန့်မှန်းနိုင်လောက်တဲ့အထိ ဇာတ်သွားဟာ ရိုးစင်းလွန်းတယ်။

MARVEL Studio ဟာ သူတို့ဘာလုပ်နေတယ်ဆိုတာကိုတော့ သူတို့ကောင်းကောင်းသိတယ်။ လူတွေမသိတဲ့ဇာတ်ကောင်တွေကို ဘယ်လိုမိတ်ဆက်ရမယ်ဆိုတာ သူတို့ကျွမ်းကျင်တယ်။ ဥပမာ Guardians of the Galaxy လိုမျိုးပေါ့။ ကျွန်တော် GOTG သွားကြည့်တုန်းက ဘာမှ ကြိုတင်မဖတ်ထားခဲ့သလို ယခု Doctor Strange အတွက်လည်း ထိုနည်း၎င်းအတိုင်းပင်။ လူတွေမသိတဲ့ ဇာတ်ကောင်တွေကို သူတို့ဘယ်လို မိတ်ဆက်မလဲဆိုတာ သိချင်လို့ပေါ့။ ပရိသတ်အာရုံကို ဖမ်းစားလာနိုင်ပေမဲ့ ထပ်လာပြီဖြစ်တဲ့ ဇာတ်ကြောင်းတွေကြောင့် ပရိသတ်ဟာ ခန့်မှန်းလာနိုင်ပြီ။ ဒါကြောင့် စိတ်ပူစရာတစ်ခုက MARVEL အနေနဲ့နောက်ရိုက်ကူးမဲ့ ဇာတ်ကားတွေရဲ့ဇာတ်ကောင်အသစ်တွေကို မိတ်ဆက်တဲ့နည်းလမ်းကို ယခုကဲ့သို့ပဲ ဆက်လက်ပြုမူနေမယ်ဆိုရင်တော့ နည်းနည်းတော့ ပျင်းရိဖွယ်ကောင်းလာပေတော့မည်။


ဒီတော့ ပရိသတ်ကို ဘာနဲ့အာရုံလွှဲလိုက်သလဲဆိုတော့ အမြင်အာရုံပိုင်းနဲ့ပေါ့။ ဒီမှာတင် Doctor Strange ဟာ 2016 ရဲ့အကောင်းဆုံး Superhero ဇာတ်ကားတွေထဲက တစ်ကားဖြစ်သွားသလို ဒီနှစ်ရဲ့အကောင်းဆုံး ဇာတ်ကားတွေထဲက တစ်ကားတောင် ဖြစ်သွားတော့တယ်။ ဒီမှာ ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားဟာ Visual Effects ပိုင်းမှာ အလွန်အမင်းကို ကောင်းမွန်လွန်းတယ်။ တစ်ကယ်ကို ချီးမွမ်းစရာပါ။ ဇာတ်လမ်းဟာ တစ်ခါကြည့်ဇာတ်ကားလို့ခပ်ရွဲ့ရွဲ့ပြောလို့ရပေမဲ့ ဒီ Visual Effects တွေကြောင့် နှစ်ခေါက် သုံးခေါက်မက ထပ်ကြည့်မယ်ဆိုရင်လည်း ကျွန်တော်ကတော့ ထပ်ကြည့်မိမှာပဲ။ အမြင်အာရုံဖမ်းစားမှုပိုင်းနဲ့ပတ်သက်ပြီးတော့ ရုပ်ရှင်ချစ် ပရိသတ်တိုင်း တစ်သက်မှာ တစ်ခေါက်တော့ ကြည့်သင့်တယ်လို့ကျွန်တော်ကတော့ ပြောချင်တယ်။ ပြီးတော့ ကြည့်မယ်ဆိုရင်လည်း 3D နဲ့တစ်ကယ်ကို ကြည့်သင့်တဲ့ ဇာတ်ကားပါ။ Gravity ဇာတ်ကားနောက်ပိုင်း 3D နဲ့ပြတဲ့ဇာတ်ကားတွေမှာ ယခု Doctor Strange ကတော့ ကျွန်တော့်အတွက် အကောင်းဆုံးပဲ။

မြို့ပြရဲ့မိုးမျှော်တိုက် အဆောက်အဦးတွေဟာ Rubik’s Cube အလား ခေါက်တွန့်ကုန်ကြကာ အသွင်တွေပြောင်း ဆက်နွယ်ပုံတွေပြောင်းလဲသွားပုံတွေ၊ ယာဉ်တွေမောင်းနှင်သွားလာနေတဲ့ လမ်းမတွေနဲ့စက်ရုံတစ်ခုမှာ လည်ပတ်နေတဲ့ စက်ယန္တရားတွေအလား တောင်မှ မြောက်သို့အထက်မှ အောက်သို့အစရှိသည်ဖြင့် အရပ်မျက်နှာပေါင်းများစွာကို လည်ပတ်သွားကြတော့တဲ့ သဏ္ဍာန်တွေ၊ စဉ်ဆက်မပြတ် လည်ပတ်နေတဲ့ လှည်းဘီးတစ်ခုလို ပြောင်းလဲသွားတဲ့ လောကရဲ့သဏ္ဍာန်တွေအပြင် အမြင်ပေါင်းများစွာကနေ ပြောင်းလဲစွာ တည်ရှိဖြစ်ပေါ်သွားတဲ့ ကမ္ဘာ့ဆွဲငင်အားဟန်တွေ ထိုထိုသော လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေပေါ်တွေမှာရော ကြားနေရာတွေမှာပါ ပြေးလွှားလှုပ်ရှားနေကြကာ တိုက်ခိုက်နေကြတဲ့ Action ခန်းတွေဟာ ဒီနှစ်အတွက်တော့ အကောင်းဆုံး Visual Effects တွေပါပဲ။ ကျွန်တော်တို့ပြောပြောနေကြတဲ့ မျက်စိအစာကျွေးတယ်ဆိုတာ ဒါကမှ အစစ်ဗျ။ ဒီအတွက် သေချာစွာ ပြောနိုင်တဲ့ အရာတစ်ခုကတော့ ဒီနှစ်ရဲ့Best Visual Effects for Oscar ကတော့ လူတိုင်း ခန့်မှန်းသွားနိုင်ကြပြီ ဆိုတာပဲ။

ဇာတ်လမ်းကတော့ စောစောကပြောထားတဲ့အတိုင်း ဘာမှမထူးခြားသလို Drama ပိုင်းမှာလည်း အားနည်းတယ်။ ဥပမာ ဒီနှစ်အစောပိုင်းလောက်က ထွက်ရှိခဲ့တဲ့ Captain America: Civil War နဲ့ယှဉ်ကြည့်မိမယ်ဆိုရင်တောင် စိတ်လှုပ်ရှားတဲ့အခိုက်အတန့်တွေ ကျွန်တော့်အတွက်တော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ထူးခြားပြီး နှစ်သက်ခဲ့မိတဲ့ အရာတစ်ခုကတော့ ဇာတ်သိမ်းခန်းပါ။ Guardians of the Galaxy ထက်သာတဲ့အချက်က သူတို့သရုပ်ဖော်ထားတဲ့ နောက်ဆုံးခန်းပဲ။ အလွန်အမင်း Epic ဆန်ဆန်ကြီးချမပြသွားပဲ အဓိကဇာတ်ကောင်ရဲ့အစွမ်းနဲ့လိုက်ဖက်တဲ့ scale လောက်နဲ့ပဲ ဇာတ်သိမ်းခန်း Climax ကို တင်ဆက်ထားတော့ ပရိသတ်ကို ဇာတ်လမ်းနဲ့တစ်ထပ်တည်းကျစေတယ်။


သရုပ်ဆောင်ပိုင်းကို ပြောရမယ်ဆိုရင် ဘယ်သူကမှ ထူးခြားပြီး အလွန်ကောင်းခဲ့တယ်ဆိုတာ မတွေ့ခဲ့ရဘူး။ ဒါကလည်း ဇာတ်ညွှန်းပေါ်အလွန်မူတည်ပါတယ်။ သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ Mads Mikkelsen ကို လွဲမှားစွာ အသုံးချထားတယ်လို့မြင်ပြီး Rachel McAdams ရဲ့ဇာတ်ကောင်ကတော့ ဒီဇာတ်ကားအတွက် လုံးဝကို အပိုသက်သက်ပါပဲ။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Doctor Strange ကို သရုပ်ဖော်ပေးခဲ့တဲ့ မင်းသား Benedict Cumberbatch ရဲ့ရုပ်ရည်သွင်ပြင်ဟာ ဇာတ်ကောင်နဲ့လိုက်ဖက်တယ်လို့ယူဆနိုင်ပေမဲ့ ဟာသဆန်တဲ့အခန်းတွေမှာ သူ့ပုံစံကိုကြည့်ရတာ ရယ်လည်း မရယ်ရတဲ့အပြင် တစ်ချက်တစ်ချက်မှာ စိတ်တောင်ပျက်မိသွားစေတယ်။ အမှန်တော့ Benedict Cumberbatch ဟာအပြင်မှာ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။ သူသရုပ်ဆောင်တဲ့ ဇာတ်ကောင်အများစုဟာ တည်တံ့ခန့်ညားတဲ့ဇာတ်ရုပ်မျိုး သရုပ်ဆောင်တာကို ကျွန်တော်တို့ပရိသတ်က အမြင်စွဲသွားတော့ ဒီဇာတ်ကားမှာ Odd ဆန်ခဲ့တာပေါ့။ ဒါကလည်း သူ့အပြစ်မှ မဟုတ်တာ။ ကျွန်တော်တို့ပရိသတ်တွေရဲ့အပြစ်လေ။ ပြီးတော့ ပရိသတ်မျက်လုံးထဲမှာ အသားမကျသေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒီတော့ နောက်ကားတွေမှာဆိုရင်တော့ သူ့ရဲ့ဟာသတွေကို ကျွန်တော်တို့လက်ခံလာနိုင်ကြမှာပါ။ (သိကြလား။ ဒီဇာတ်ကားရဲ့ Villain ကြီး Dormammu ကိုလည်း Benedict Cumberbatch က သရုပ်ဆောင်ပေးခဲ့တယ်ဆိုတာ။)

နည်းနည်းသဘောကျမိတဲ့တစ်ယောက်က Tilda Swinton ဆိုတဲ့ The Ancient One ကြီးပေါ့။ Comics တွေထဲမှာ ထိုဇာတ်ကောင်ကြီးဟာ အရှေ့တိုင်းသား ယောကျ်ားကြီးတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ထဲတွင်တော့ အနောက်တိုင်းသူအဖြစ် ပြောင်းလဲသရုပ်ဖော်ထားကြလို့အပြစ်တင်မစောကြပါနဲ့။ ဒါဟာ ရုပ်ရှင်ပါ။ Comics ကို အခြေခံတဲ့ရုပ်ရှင်ဆိုတိုင်း အရာရာတိုင်းကို Comics တွေနဲ့လိုက်ယှဉ်မိရင် မှားသွားမှာပေါ့။ ထားပါ။ ပြောချင်တာက ဇာတ်လမ်းတစ်ခုလုံးမှာ သူ့ဇာတ်ကောင်ကို အကြိုက်ဆုံးဖြစ်ပြီး ထိုဇာတ်ကောင်နဲ့ပတ်သက်တဲ့ Prequel လေးတွေတောင် ကြည့်ချင်မိသွားတယ်။ Tilda က အစကတည်းက အေးဆေးတဲ့သဏ္ဍာန်နဲ့အမြဲလိုလို သရုပ်ဆောင်လေ့ရှိတဲ့ ဝါရင့်သရုပ်ဆောင်အမျိုးသမီး တစ်ဦးဖြစ်သည့်အားလျော်စွာ ဒီဇာတ်ကားတွင် သူသရုပ်ဆောင်တာ အကောင်းဆုံးလို့ဝေဖန်တာ သဘာဝကျပါတယ်။ ဇာတ်လမ်းဖန်တီးတဲ့သူတွေက အစောပိုင်းတွင် ထိုဇာတ်ကောင်အတွက် Asians သူတစ်ယောက်ကို သရုပ်ဆောင်စေဖို့လျာထားခဲ့ကြတယ်။ ဒါပေမဲ့ အသက်ကြီးကြီး အရှေ့ပိုင်းသူဆိုရင်လည်း သိုင်းသမားလိုလို ဘာလိုလိုနဲ့ဆင်တူဖြစ်သွားမှာကို စိုးရိမ်မိတာရယ် အသက်ငယ်ငယ် အရှေ့တိုင်းသူဆိုရင်လည်း သိကြတဲ့အတိုင်း ဇာတ်ကောင်ရဲ့အတိမ်အနက်ကို အလေးပေးကြတော့မှာ မဟုတ်ပဲ ယောကျ်ားလေးပရိသတ်အများစုရဲ့တစ်ခြားပုံစံနဲ့မျိုးနဲ့အားပေးခြင်းကို ခံရမှာ ဖြစ်တာကြောင့် အရှေ့တိုင်းသူတွေကို ရွေးချယ်ဖို့ပယ်ဖျက်ခဲ့ကြတယ်။ ဒီတော့ သူတို့Tilda ကိုရွေးချယ်ခဲ့ကြတယ်။ အလွန်ကို မှန်ကန်ပါတယ်။ သူမရဲ့အေးစက်တဲ့သွင်ပြင်၊ နက်နဲပြီး လျှို့ဝှက်တဲ့ဟန်၊ အရာရာနီးပါးကို ကြီးစိုးနိုင်ပြီး အားအင်ပြည့်ဝတဲ့ သဏ္ဍာန်နဲ့မှော်ဆန်တဲ့ ပုံပန်းတွေဟာ The Ancient One ဇာတ်ကောင်အတွက်တော့ အလိုက်ဖက်ဆုံးပဲပေါ့။

Benedict Wong ကိုတော့ ထုံးစံအတိုင်း ပြောစရာမရှိပေမဲ့ ကျွန်တော်တစ်ကယ်ကြိုက်မိတဲ့ ဇာတ်ကောင်က Karl Mordo ပဲ။ ထိုဇာတ်ကောင်ကို ပုံဖော်ပေးခဲ့တဲ့ Chiwetel Ejiofor ကလည်းတော်လို့ပါ။ နောက်ဇာတ်ကားတွေမှာ ထပ်ကြည့်ပြီးရင် ဒီဇာတ်ကောင်ဟာ ကျွန်တော်အကြိုက်ဆုံး Villains တွေထဲမှာ ပါဝင်လာတော့မှာလို့ခံစားရတယ်။ ဇာတ်ကားမကြည့်ခင်ကတည်းက ဒီဇာတ်ကောင်ဟာ Villain ဆိုတာ ကြိုသိထားခဲ့တော့ သူဘယ်လို ပြောင်းလဲသွားမလဲဆိုတာကို အကြည့်ချင်ဆုံးဖြစ်ခဲ့တာ။ သူ့ Passion ကို သဘောကျတယ်။ သူ့ရွေးချယ်တဲ့လမ်းနဲ့သူ ပြောင်းလဲသွားရတာကို နားလည်ခံစားပေးနိုင်တယ်။ သူ့ကို Doctor Strange ဇာတ်ကောင်ထက်တောင် ကျွန်တော်က နှစ်သက်မိသေးတယ်။


ဒီတော့ Message က ဘာလဲ။ ဘာ Message မှတော့ ဇာတ်ကားက ပေးခဲ့ဟန်မတူပါဘူး။ ဒါပေမဲ့ကိုယ့်ဘာသာ ကိုယ်တွေးလို့ရနိုင်တဲ့ အတွေးလေးတွေကတော့ တော်တော်လေးအဖိုးတန်တယ်။

ဇာတ်ဝင်ခန်းတစ်ခုမှာ Doctor Strange က ရန်သူကိုရင်ဆိုင်ဖို့သူ အဆင်သင့်မဖြစ်သေးဘူးလို့ပြောခဲ့ချိန်တွင် The Ancient One က

“No one ever is. We don't get to choose our time.”

လို့ပြန်ပြောတယ်။ ဘဝမှာ အချိန်တွေကို ကျွန်တော်တို့က ရွေးချယ်လေ့ရှိကြတယ်။ ငါ ဒီအချိန်မှာ ဒါလုပ်မယ်။ အစရှိသည့်ဖြင့်ပေ့ါ အချိန်တွေကို ကိုယ်ကပဲ ပိုင်စိုးသယောင် ထင်တတ်ကြတယ်။ ရယ်ဖို့တော့အကောင်းသား။ ဒီလောက်ထိ မသေချာတဲ့ အနာဂတ်နဲ့ဖွဲ့စည်းထားတဲ့ ဘဝတွေမှာ ကျွန်တော်တို့က အချိန်တွေကို ရွေးချယ်ခွင့်မရှိခဲ့ကြပါဘူး။ ဖြစ်ပျက်လာတဲ့ အခိုက်အတန့်တွေမှာ အချိန်အခါအလိုက် ပြုမူနေထိုင်သွားတတ်ဖို့ပဲ အရေးကြီးတာပါ။ ဒီလိုနဲ့အဆင်သင့်မဖြစ်သေးတဲ့ Doctor Strange တစ်ယောက် အချိန်ကာလကို မရွေးချယ်တော့ပဲ အခြေအနေကိုပဲ ရွေးချယ်ပြီး လူသားတွေကို ကယ်တင်တဲ့ မဟာလူစွမ်းကောင်းကြီးဖြစ်လာတော့တာပဲ။

ဇာတ်ကားတစ်ကားလုံးအတွက် အတန်ဆုံးဖြစ်တဲ့ အတွေးစတစ်ခုကိုတော့ ဇာတ်ဝင်ခန်းတစ်ခုမှာ ရခဲ့တယ်။ Kaecilius ကြီးတစ်ယောက် The Ancient One ရဲ့တပည့်တစ်ယောက်အဖြစ်ကနေ အမှောင်လောကထဲ ဝင်ရောက်ပြီး ခံယူပုံတွေကွာခြားကာ The Ancient One ကို ပြန်လည်တော်လှန်ပုံတွေအကြောင်း ပြောတော့ Mordo က သူ ဘယ်တော့မှ အဲ့လိုမဖြစ်ခဲ့ဘူး။ The Ancient One အပေါ်ဘယ်တုန်းကမှ သစ္စာမဖော်ခဲ့သလို အမြဲတမ်း အနီးကပ်ဆုံး တပည့်ကောင်း တစ်ယောက်အဖြစ် နေထိုင်ခဲ့တယ်။ သူ့ရဲ့မကောင်းတဲ့စိတ်ကို ပယ်သတ်နိုင်ခဲ့တယ်လို့ဆိုလိုက်တယ်။ ဒီတော့ The Ancient One က သူ့ကိုငြင်းချက်ထုတ်ကာ ရှင်းပြပေးခဲ့တယ်။

“We never lose our demons, we only learn to live above them.”

ဒီစကားဟာ နောက်တစ်ချိန်မှာ ဖြစ်ပေါ်လာမဲ့ ဇာတ်ကောင်စရိုက် ပြောင်းလဲမှုကြီးအတွက် ရှေ့ပြေးနမိတ်တစ်ခုဖြစ်ခဲ့တယ်။ သာမာန် လူသားတိုင်းတွင် မကောင်းတဲ့စိတ်သည် အနည်းနှင့်အများ ခိုအောင်းလေ့ရှိသည်။ ကျွန်တော်တို့လူသားတွေကို ဘာသားတရားတွေ ဆိုဆုံးမမှုတွေ ငရဲတို့နတ်ပြည်တို့အစရှိတဲ့ သဏ္ဍာန်တွေနဲ့မခြောက်လှန့်ခဲ့ကြဘူးဆိုရင် လူသားတိုင်းသည် မကောင်းတဲ့အရာတွေကိုပဲ ပြုမူဆောင်ရွက် မိနေပေလိမ့်မယ်။ ဘာသာတရားတွေဟာ မှန်ကန်ချင်မှ မှန်ကန်လိမ့်မယ်။ ဒါပေမဲ့ ယဉ်ကျေးတဲ့ လူ့ဘောင်အဖွဲ့အစည်းတွေကို တည်ထောင်ကြမယ်ဆိုရင်တော့ လိုအပ်တဲ့အရာတစ်ခုပဲ။ ဒီတော့ ကျွန်တော် အမြဲပြောလေ့ရှိသလို ကျွန်တော်တို့လူသားတွေဟာ မိမိရဲ့မကောင်းတဲ့ စိတ်ညစ်စိတ်ယုတ် စိတ်ဆိုးတွေကို ပယ်သတ်ဖို့က ထိုစိတ်တွေကို ဘယ်လို အနိုင်ယူပြီး ဆန္ဒရဲ့အပေါ်မှာ အသိစိတ်ကို ထားတတ်ဖို့ပဲလိုတယ်လို့ပြောခဲ့တယ်။ ဒါဟာ ရုပ်ရှင်က တိုက်ရိုက်ကြီးပေးတာ မဟုတ်ပေမဲ့ ကျွန်တော့်အတွက်တော့ ရခဲ့တဲ့ အတွေးစတစ်ခုပဲ။

IMDb Rating: 8/10
Rotten Tomatoes Rating: 90%

~WH~

WH
WH
5 min read