D U N K I R K

D U N K I R K

ဒီနေ့ဟာ Director Christopher Nolan ရဲ့အသက် 47 နှစ်ပြည့်မွေးနေ့ပါ။ ဒီ Review ကို နောက်အပတ်မှ တင်မယ်လို့စီစဉ်ထားပေမဲ့ သူ့မွေးနေ့အတွက် ကျွန်တော့် လက်ဆောင်ကတော့ သူ့ရဲ့Dunkirk အတွက် ယခု Review ပဲဖြစ်ပါတယ်။ Happy Birthday ပါ Mr. Nolan ။

Background and History

1939 ရဲ့September လမှာ Nazi Germany ရဲ့တပ်တွေဟာ Poland နိုင်ငံကို ဝင်ရောက်ကျူးကျော်လိုက်တဲ့ အချိန်ကစပြီး ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာခဲ့တယ်။ ထိုအချိန်မှာတင် British နဲ့French တွေက Germany ကို စီးပွားရေးပိတ်ဆို့မှုတွေ စတင်ပြီး တရားဝင် စစ်ကြော်ငြာလိုက်ပါတော့တယ်။ ပြင်သစ်တပ်မတော်ကို ကူညီဖို့ဆိုပြီး British တပ်တွေ စေလွှတ်ပေးခဲ့တယ်။ ပြင်သစ်တွေက ပထမကမ္ဘာစစ်က အမှားတွေကို နည်းနာယူခဲ့ပုံရတယ်။ 1930 ကျော်လောက်ကတည်းက ပြင်သစ်နဲ့Germany နယ်စပ်တဝိုက်မှာ စစ်တပ်တွေ၊ တပ်စခန်းတွေ ဆောက်လုပ်ခဲ့တယ်။ ထိုတုန်းကတော့ ထိုတပ်စခန်းတွေကို Maginot Line ဆိုပြီး လူသိများခဲ့တယ်။ ဒါမှလည်း အကယ်၍ စစ်ပွဲတွေ ဖြစ်လာပါက ပြင်သစ်ရဲ့နယ်နိမိတ်တွေထဲကို မရောက်လာနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ German တွေကလည်း နပ်ခဲ့တယ်။ Poland ကို နိုင်ပြီးတာနဲ့ ပြင်သစ်ထဲကို မဝင်သေးပဲ 1940 April မှာ Demark နဲ့Norway ကို ကျူးကျော်ပြီး May လဆန်းပိုင်းလောက်မှာ Belgium နဲ့Netherland ကို ဝင်ရောက်ကျူးကျော်ပါတော့တယ်။
.

Belgium ကို ကူဖို့တက်သွားတဲ့ British တပ်သားတွေနဲ့ပြင်သစ်တပ်သားတွေဟာ Nazi တပ်ရဲ့Panzer တင့်ကားတွေရဲ့တိုက်ခိုက်မှုမှာ အရေးနိမ့်လာတဲ့အခါ Belgium နယ်စပ်ကနေ ပြန်တပ်ဆုတ်လာရတော့ ပြင်သစ်မြောက်ပိုင်းက Dunkirk ကမ်းခြေမှာ ပိတ်မိနေတော့တယ်။ သူတို့အထက်မှာ အင်္ဂလိပ်ရေလက်ကြားပဲ ရှိတော့တယ်။ ဒါဟာ German တပ်သားတွေဟာ Maginot Line ကို ဖြတ်စရာမလိုပဲ Belgium ကတစ်ဆင့် ပြင်သစ်ကို မြောက်ပိုင်းကမ်းရိုးတန်းက ဝင်ရောက်လာတာပဲ။ ဒီအချိန်ထိ Germans တွေရဲ့စစ်ဆင်ရေးဟာ ချီးမွမ်းဖွယ် ကောင်းခဲ့တယ်။ မဟာမိတ် တပ်သားပေါင်း 4 သိန်းကျော်ဟာ Dunkirk မှာ ပိတ်မိနေတော့တယ်။ ဒါပေမဲ့ ထိုနေရာမှာ သူတို့အိမ်တွေနဲ့သိပ်မဝေးကွာတော့တဲ့ နေရာတစ်ခု။ အင်္ဂလိပ်ရေလက်ကြားကို ကျော်လိုက်ရင်ပဲ သူတို့အိမ်ဖြစ်တဲ့ England ကို ရောက်တော့မယ်။ Dunkirk ကနေကြည့်ရင် England နယ်မြေကို ခပ်ဝါးဝါးလေးတောင် မြင်နိုင်နေပါပြီ။ ထိုတပ်သားလေးတွေရဲ့တစ်ခုတည်းသော မျှော်လင့်ချက်က သူတို့ကိုလာကြိုမဲ့ သင်္ဘောတွေကိုပဲ။ ထိုကယ်ဆယ်ရေး စစ်ဆင်ရေးကို သူတို့က Operation Dynamo လို့နာမည်တပ်ခဲ့ကြတယ်။


Dunkirk အကြောင်းကို သမိုင်းစိတ်ဝင်စားတဲ့ သူတိုင်း သိခဲ့ကြမှာပါ။ ထိုကဲ့သို့ပဲ Director Christopher Nolan အတွက်လည်း ငယ်စဉ်ကတည်းက စာသင်ကျောင်းတွေမှာ သင်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ခုပါ။ 1992 တုန်းက Christopher Nolan ဟာ ဇနီးဖြစ်သူ Emma နဲ့အတူ သူငယ်ချင်းတစ်ယောက်ရဲ့လှေနဲ့England ကနေ ပြင်သစ်မြောက်ပိုင်း Dunkirk ကမ်းခြေကို ခရီးသွားခဲ့တုန်းက ဒီဇာတ်လမ်းကို ရိုက်ကူးဖို့စိတ်ကူးရခဲ့တယ်။ ထိုအချိန်တုန်းက သူနာမည်ကျော်ခဲ့တဲ့ Memento ဇာတ်ကားကိုတောင် မရိုက်ကူးခဲ့စဉ်ကာလကပါ။ ထိုစဉ်က သူ့အိပ်မက်ကို ယခု နှစ်ပေါင်း 20 ကျော်လောက်ကြာမှ အကောင်အထည်ဖော်နိုင်ခဲ့တယ်။ သူအံ့သြခဲ့တာက ထိုဇာတ်လမ်းကို ယနေ့ခေတ်မှာ ရုပ်ရှင်နဲ့ပတ်သက်ပြီး တင်ပြမှု မရှိခဲ့ဘူးဆိုတာပဲ။ ဒါပေမဲ့ သူစိုးရိမ်နေခဲ့တဲ့ အချက် ၃ ခုရှိတယ်။ နံပါတ် ၁ အချက်က Dunkirk စစ်ဆင်ရေးသည် သမိုင်းမှာ အောင်မြင်ခဲ့တဲ့ စစ်ပွဲတစ်ခု မဟုတ်ခဲ့ဘူူး။ နံပါတ် ၂ အချက်က ပရိသတ်တွေအကြိုုက်ဖြစ်တဲ့ Americans တွေတစ်ယောက်မှ မပါဝင်ခဲ့ဘူး။ နံပါတ် ၃ အချက်ကတော့ ယနေ့ခေတ် Hollywood အကြိုက် Blockbuster ပုံစံမျိုး ရိုက်ကူးဖို့လိုအပ်တယ်ဆိုတဲ့ အချက်တွေပါ။ သူ စိတ်ပူခဲ့တဲ့ အချက်တွေကို သူယခု Dunkirk ရုပ်ရှင်ထဲမှာ တင်ပြခဲ့တဲ့ ပုံစံတွေက ကာကွယ်ပေးသွားနိုင်ခဲ့တယ်။


Dunkirk ဇာတ်လမ်းအကျဉ်း

Nolan ဟာ ရိုးရှင်းတဲ့ ဇာတ်လမ်းတစ်ခုကိုတောင် စိတ်ဝင်စားဖွယ်ဖြစ်တဲ့ တင်ပြမှုမျိုးနဲ့တင်ပြနိုင်တဲ့ ရုပ်ရှင်ဖန်တီးသူတစ်ယောက်။ ဒါကြောင့်လည်း ယခု ဇာတ်ကားကို Timescales ၃ ခု ကို locations ၃ ခု နဲ့တပြိုင်နက်တည်း တင်ပြထားတယ်။
.

Mole – 1 week
Dunkirk ကမ်းခြေမှာ ပိတ်မိနေတဲ့ British တပ်သားပေါင်း 400,000 ကျော်ဟာ အမိမြေက ကယ်ဆယ်ရေးအဖွဲ့တွေကို စောင့်နေခိုက်မှာ German လေတပ်မတော် Luftwaffe ရဲ့စဉ်ဆက်မပြတ်တိုက်ခိုက်မှကို လှလှပပကြီး ခံနေရတဲ့ တစ်ပတ်တာ ကာလ
.

Sea – 1 day


Dunkirk ကမ်းခြေက တပ်သားတွေကို ကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့England က ပြည်သူတွေက မိမိပိုင်တဲ့ လှေငယ်ကလေးတွေနဲ့ အန္တရယ်ကြီးမားလွန်းတဲ့ စစ်မြေပြင် Dunkirk ကမ်းခြေကို ခုတ်မောင်းလာကြတဲ့ တာဝန်သိပြည်သူတွေရဲ့တစ်ရက်တာ ကာလ
.

Air – 1 hour


German လေတပ် Luftwaffe ရဲ့ ရန်ကိုကာကွယ်ဖို့အတွက် British Royal Air Force (RAF) တွေဟာ Dunkirk ရဲ့ကောင်းကင်ယံတွေမှာ ကြီးမားတဲ့ လေတပ်စစ်ဆင်ရေးကို တာဝန်ယူနေရတဲ့ တစ်နာရီစာ ကာလလေး
ဒါဟာ Christopher Nolan တင်ပြခဲ့တဲ့ ဇာတ်လမ်းအသွား။


Dunkrik ဇာတ်ကားကို စတင်လိုက်ပြီဆိုတာနဲ့ပရိသတ်ကို ဇာတ်လမ်းရဲ့တစ်နေရာမှာ ပစ်ချလိုက်တယ်။ Tommy ဆိုတဲ့ British တပ်သားလေးဟာ အဖွဲ့တွေနဲ့အတူပြေးလာရင်း တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တပ်သားလေး။ သူဟာ Dunkirk ကမ်းခြေကို ရောက်တော့ အိမ်ပြန်လမ်းကို စောင့်နေကြတဲ့ British တပ်သားပေါင်း မြောက်များစွာကို တွေ့ခဲ့တယ်။ သူ့အတွက်တော့ အိမ်ပြန်ရောက်ရေးဆိုတာ ယခုအချိန်မှာ တစ်ခုတည်းသော ရည်ရွယ်ချက်။ ခက်တာက ကယ်ဆယ်ရေးသင်္ဘောအရေအတွက်ဟာ လွန်စွာနည်းပါးပြီး စောင့်နေတဲ့ တပ်သားတွေဟာ ၄ သိန်းကျော်ရှိနေတယ်။ German တွေကလည်း ကောင်းကင်ယံကနေ စဉ်ဆက်မပြတ် တိုက်ခိုက်နေတဲ့အတွက် အိမ်ပြန်လမ်းဆိုတာ မသေချာတော့တဲ့ မှုန်ဝါးဝါး မျှော်လင့်ချက်ကလေး ဖြစ်လာတော့တယ်။ နောက်ဆုံး တစ်ပတ်အတွင်းမှာ အမိမြေ England ကို သူ ပြန်ခြေချနိုင်ပါ့မလားဆိုတာကို မသေချာတော့ပေ။
.

Mr. Dawson ဆိုတဲ့ လူကြီးတစ်ယောက်ဟာ မိမိနိုင်ငံရဲ့တပ်သားလေးတွေကို ကယ်တင်ဖို့ဆိုပြီး မိမိလှေကို မိမိကိုယ်တိုင် မောင်းနှင်လာတဲ့ တာဝန်သိ မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်။ သူ့လှေကလေးပေါ်မှာ သူနဲ့အတူ လိုက်ပါလာတာက သူ့သားလေးနဲ့ရပ်ကွက်ထဲက သူတို့နဲ့ရင်းနှီးတဲ့ ကောင်လေးတစ်ယောက်။ ခရီးရဲ့လမ်းတစ်ဝက်လောက်မှာ သဘောၤပျက်တစ်စင်းပေါ်က အသက်ရှင်ကျန်ရစ်သူ တပ်သားတစ်ယောက်ကို တင်ခေါ်ခဲ့တယ်။ ဒါပေမဲ့ Dunkirk ရဲ့အနိဌာရုံတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ထိုစစ်သားက Dunkirk ကို ပြန်သွားဖို့အကြောက်အကန်ငြင်းပါတော့တယ်။ ထိုတပ်သားကို ဖျောင်းဖျရသလို German လေတပ်က စစ်လေယာဉ်တွေဟာ သူတို့အပေါ်မှာ ပျံဝဲနေတော့တယ်။ သူတို့ကိုယ်တိုင်လည်း ကယ်ဆယ်ရေးအတွက် Dunkirk ကမ်းခြေကို တစ်ရက်အတွင်း ရောက်ပါတော့မလား ဆိုတာ မသေချာတော့ပေ။
.

ကောင်းကင်ယံမှာ British လေတပ်က တိုက်လေယာဉ် 3 စင်းပျံသန်းနေတယ်။ သူတို့ရဲ့စစ်ရေးက Dunkirk ကမ်းခြေမှာ စောင့်နေကြတဲ့ British တပ်သားတွေကို German လေတပ်က မတိုက်ခိုက်နိုင်အောင် ကာကွယ်ရန်ပဲဖြစ်တယ်။ နောက်ဆုံး Farrier ဆိုတဲ့ လေတပ်သားတစ်ယောက်ပဲ ကောင်းကင်ယံမှာ ကျန်တော့တဲ့အခါ German ရဲ Luftwaffe လေတပ်ကို တိုက်ခိုက်နေရင်း တစ်နာရီအတွင်း သူ့စစ်လေယာဉ်ဟာ လောင်စာဆီ မလောက်တော့မှန်း သိတဲ့အခါ တစ်ခြားသူတွေကို ကယ်တင်ရင်း သူကိုယ်တိုင်ရော သူ ကိုယ့်သူ ပြန်ကယ်တင်နိုင်ပါ့မလား ဆိုတာ မသေချာတော့ပေ။


ကျွန်တော် ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရင် ဇာတ်ကောင်တွေကို အလေးထားပြီး ပိုကြည့်ဖြစ်တယ်။ Nolan ဟာ ဇာတ်ကောင်ဖွဲ့စည်းတဲ့နေရာမှာ အရမ်းတော်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ဘယ်တုန်းကမှ မကြိုက်ခဲ့တဲ့ Batman ကို အကြိုက်ဆုံးသူရဲကောင်းဖြစ်လာအောင်တော့ ဖန်တီးပေးနိုင်ခဲ့တယ်။ ထို့အပြင် ကျွန်တော်တို့ဘယ်တော့မှ မမေ့နိုင်မဲ့ ဇာတ်ကောင်တွေကိုလည်း ဖန်တီးပေးနိုင်ခဲ့တယ်။ ဥပမာ Leonard တို့Robert Angier တို့Cobb တို့Cooper တို့အစရှိတဲ့သူတွေပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ ဘယ်ဇာတ်ကောင်ကိုမှ အလေးပေးပြီး ရေးဖွဲ့ထားတာ မရှိဘူး။ စစ်ကားအများစုမှာ တွေ့ရတဲ့ သူရဲကောင်းဝါဒဆိုတာ မရှိဘူး။ စစ်ပွဲအစစ်မှာပဲ မြင်တွေ့နိုင်တဲ့ အိမ်ပြန်ချင်တဲ့ လူတွေကိုပဲ တွေ့ရလိမ့်မယ်။ ဝေဖန်ရေးဆရာတို်င်း ပြောတဲ့ စကားကိုပဲ ကျွန်တော်ပြန်ပြောပါ့မယ်။ စစ်ကား အများစုဟာ ဇာတ်ကောင် အချို့ကိုဦးတည်ပြီးတော့ တင်ပြကြတယ်။ ကျွန်တော်တို့ပရိသတ်တွေဟာ ထိုဇာတ်ကောင်တွေ သွားရာနေရာကိုပဲ လိုက်ပါနိုင်တော့တယ်။ ဒီဇာတ်ကားဟာ ထိုကဲ့သို့မဟုတ်ဘူး။ တပ်ဖွဲ့တစ်ဖွဲ့၊ အုပ်စုတစ်စု အစား အဖြစ်အပျက်တစ်ခုမှာ ဖြစ်သွားတဲ့ အရာအားလုံးကို တင်ပြသွားနိုင်ခဲ့တယ်။ အနီးစပ်ဆုံး ဥပမာ ပေးရရင် Black Hawk Down နဲ့သွားဆင်တယ်။ ဒါပေမဲ့ တစ်ခု ပိုမိုထူးခြားသွားတာက ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တိုင်းရဲ့နောက်ခံဇာတ်လမ်းကို မသိခဲ့ရဘူး။ ဘယ်သူမှလည်း စစ်ကြီးပြီးရင် ငါဘာလုပ်မယ်လို့ပြောတဲ့ ဇာတ်ဝင်ခန်းတွေ မပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ထိုင်ပြီး စကားလက်ဆုံကြဖို့တောင် အနိုင်နိုင်ရယ် …
.

ပိုပြီးထူးခြားတာက ဒီဇာတ်ကားမှာ Villain မရှိဘူး ဆိုတာပဲ။ German စစ်သားတွေကို Villains တွေဆိုပြီး ကျွန်တော်တို့ယေဘုယျပြောလို့ရပေမဲ့ ကျွန်တော်တို့တစ်ခါမှ German စစ်သားတွေကို ရုပ်ရှင်ထဲမှာ မတွေ့ခဲ့ရဘူး။ သူတို့ဆီကလာတဲ့ ကျည်ဆံတွေ၊ သူတို့ပစ်ချလိုုက်တဲ့ ဗုံးတွေ၊ မိမိဘေးမှာ ပျံဝဲနေတဲ့ လေယာဉ်တွေ အစရှိသည်ဖြင့်ပဲ မြင်တွေ့ခဲ့ရတယ်။ ဒီဇာတ်ကားရဲ့Villain အစစ်က “အချိန်” ဆိုတာပဲ။ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တိုင်းအတွက် အရေးအကြီးဆုံးက အချိန်ပဲ။ ကမ်းခြေမှာ စောင့်နေကြတဲ့ မဟာမိတ်တပ်သားတွေရဲ့ဘဝဟာလည်း တစ်ပတ်တာအတွင်း ဆိုတဲ့ အချိန်နဲ့အဆုံးအဖြတ်ပေးခဲ့ပြီး ထိုမဟာမိတ်တပ်သားတွေကို လာကယ်တင်တဲ့ ရာနဲ့ချီတဲ့ ပြည်သူ့လှေတွေဟာလည်း တစ်ရက်အတွင်း အချိန်နဲ့အဆုံးအဖြတ်ပေးခဲ့ကြတယ်။ ထို့အတူပဲ ကောင်းကင်ယံက လေတပ်သား နှစ်ယောက်ရဲ့ဘဝဟာလည်း တစ်နာရီအတွင်းမှာပဲ အချိန်မှီအောင် တာဝန်ကို ထမ်းဆောင်ခဲ့ရတယ်။ သူတို့ရဲ့ဘဝတွေဟာ အချိန်နဲ့တိုက်ရိုက်အချိုးကျတော့တယ်။ တစ်ကယ့် လက်တွေ့စစ်ပွဲတွေမှာလည်း ထိုကဲ့သို့ပဲလို့ကျွန်တော်မြင်တယ်။ ကိုယ်ဟာ တစ်ဖက်ရန်သူကို လူဆိုးလို့သတ်မှတ်နေချိန်မှာ တစ်ဖက်ကလည်း မိမိတို့ကို လူဆိုးလို့ပြန်သတ်မှတ်နေကြလိမ့်မယ်။ အမှန်က အချိန်နဲ့လုပြီး အသက်ရှင်အောင် ကြိုးစားနေခဲ့ကြရတာ။ ဒါကြောင့်လည်း Nolan က ထိုအချိန်ဆိုတဲ့ အရာကို ပရိသတ်က သိသာအောင် နောက်ခံတေးဂီတကိုက နာရီလက်တံလည်ပတ်သံနဲ့ပရိသတ်ကို တင်ပြခဲ့တယ်။ ထူးခြားတာက နောက်ခံတေးဂီတကို ဖန်တီးသူ Hans Zimmer က Christopher Nolan ရဲ့ကိုယ်ပိုင် pocket watch ရဲ့မိနစ်နဲ့စက္ကန့်တံ လည်ပတ်တဲ့အသံကို ဖမ်းယူခဲ့ပြီး ယခုဇာတ်ကားအတွက် ဂီတကို ဖန်တီးခဲ့တာ။
.

ဒီဇာတ်ကားရဲ့ကြာမြင့်ချိန်ဟာ တစ်နာရီနဲ့၄၆ မိနစ်သာသာခန့်ပဲ ရှိတယ်။ Nolan ရဲ့အရှေ့က Interstellar ဇာတ်ကားနဲ့ယှဉ်ရင် အလွန်တိုတောင်းတယ်ဆိုတာ သိနိုင်ပါတယ်။ ပြသချိန်တိုတောင်းတဲ့အတွက် ဇာတ်ကားသွားမကြည့်ခင်ကတော့ ပရိသတ်အများစုဟာ စိတ်တိုင်းမကျ ဖြစ်ကောင်းဖြစ်မိပါလိမ့်မယ်။ ဒါပေမဲ့ ဇာတ်လမ်း ပြီးဆုံးသွားတဲ့အခါမှ တစ်နာရီနဲ့ ၄၆ မိနစ် ပြသချိန်ဟာ တိုလည်း မတိုတောင်းသလို ရှည်လည်း မရှည်ခဲ့ဘူး။ Nolan ရိုက်ကူးသမျှဇာတ်ကားတွေထဲမှာ အပိုအလို ဇာတ်ဝင်ခန်း အနည်းဆုံး ဇာတ်ကားတစ်ကားပဲလို့ကျွန်တော်ကတော့ ထင်တယ်။ ပြသချိန်နဲ့အညီ ပရိသတ်ကို Stress တွေ ပေးသွားခဲ့တယ်။ ဒါကြောင့် ဒီဇာတ်ကားရဲ့တည်းဖြတ်မှုကို ကျွန်တော် အရမ်းလေးစားမိတယ်။ ဒါပေမဲ့ တည်းဖြတ်မှုကို ကျွန်တော် မပြောခင် ဇာတ်ညွှန်းကို အရင် ပြောရအောင်။
.

ဇာတ်ညွှန်း
.
ဇာတ်လမ်း တစ်ခုလုံးကြီးကို အစကနေ အဆုံးအထိ ပြသဖို့မဖြစ်နိုင်ဘူးဆိုတာ Nolan နားလည်ခဲ့တယ်။ ကမ်းခြေပေါ်က မဟာမိတ်တပ်သားပေါင်း 400,000 ကျော်ကို ပြသဖို့အတွက် လေ့လာခဲ့တဲ့ အခါ သူအရာအားလုံးကို တွေ့ခဲ့ရတယ်။ ကစဉ့်ကလျားဖြစ်ခဲ့တဲ့ လူသားတွေ၊ တည်ငြိမ်ခဲ့တဲ့ လူသားတွေ၊ ကြောက်ရွံခြင်းတွေကို ဖြစ်ခဲ့တဲ့ လူသားတွေ၊ ကိုယ်ကျိုးစွန့်ခဲ့တဲ့ လူသားတွေ၊ အရာအားလုံးကို သူတွေ့ခဲ့ရတယ်။ ဒီတော့ သူက ကွဲပြားခြားနားတဲ့ အမြင်တွေကနေ ထင်သာမြင်သာ ရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ ဖြစ်ရပ်တွေကို ဦးစားပေးပြီး တင်ပြဖို့ဆုံးဖြတ်ခဲ့တာပဲ။ ဒီဇာတ်ကား တစ်ခုလုံးကို သူတစ်ယောက်တည်း ဇာတ်ညွှန်းရေးသားခဲ့တယ်။
.

ရိုက်ကူးရေး

ဇာတ်ကား ရိုက်ကူးရေးတွေ မစတင်ခင်တုန်းက Nolan နဲ့သူ့ရဲ့Production Designer ဖြစ်တဲ့ Nathan Crowley တို့ယနေ့ ခေတ်ရဲ့Dunkirk ကမ်းခြေအစစ်ကို သွားရောက် လေ့လာခဲ့တယ်။ အဲ့တုန်းက tourist အင်္ကျ ီတွေ ဘာတွေပါဝတ်ပြီး သွားကြတယ် ဆိုပဲ။ ဒီလိုနဲ့သူတို့နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်တာက ရိုက်ကူးရေးကို Location အစစ်ဖြစ်တဲ့ Dunkirk ကမ်းခြေအစစ်မှာပဲ ရိုက်ကူးတော့မယ် ဆိုတာပဲ။ သူတို့ကနဦးစီစဉ်ခဲ့တာတွေက Netherland က Weymouth တို့US က LA တို့မှာ ရိုက်ကူးဖို့။ ဒါပေမဲ့ Dunkirk ကမ်းခြေအစစ်မှာ တစ်ကယ့် စစ်သင်္ဘောတွေ၊ တစ်ကယ့် ကယ်ဆယ်ရေး လှေလေးတွေနဲ့ဟိုးတစ်ချိန်က ဖြစ်ရပ်တစ်ခုလို ပြန်လည် အသက်သွင်းဖို့ဆုံးဖြတ်လိုက်ကြတော့တယ်။
.

ကျွန်တော့်အတွက်တော့ Christopher Nolan ဟာ ယနေ့ခေတ် ရုပ်ရှင်ဖန်တီးသူတွေထဲမှာ လေးစားစရာ အကောင်းဆုံး လူသားတစ်ယောက်ပါ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဇာတ်ကားကြီးမျိုးကို CGIs တွေရှောင်ပြီး တတ်နိုင်သလောက် Practical effects တွေကို ရအောင် ကြိုးစားပြီး ရိုက်ကူးနိုင်ခဲ့လို့ပဲ။ ကျွန်တော် အမြဲပြောပါတယ်။ Practical effects တွေရဲ့ကောင်းကျိုးကို ပရိသတ်က ကောင်းကောင်း ခံစားရတယ်။ ရုပ်ရှင်တစ်ကားကို ရုပ်ရှင်တစ်ကားလို့မခံစားရပဲ ကိုယ်တိုင်ဝင်ခံစားနေရတယ်လို့ခံစားရတာ 2015 တုန်းက ထွက်ခဲ့တဲ့ Mad Max: Fury Road ပဲ။ ယခု 2017 ရောက်တော့ Dunkirk ပဲ။ ဘာကြောင့်လဲဆိုတော့ အဆိုပါ နှစ်ကားစလုံးဟာ CGIs ကို နည်းနိုင်သမျှနည်းအောင် ကြိုးစားပြီး အရာအားလုံးနီးပါး စစ်မှန်တဲ့အရာတွေကို အသုံးပြု ရိုက်ကူးခဲ့လို့ပဲ။ ယခု Dunkirk ဇာတ်ကား ကြည့်နေစဉ် တိုက်လေယာဉ်ပျံတွေရဲ့ဇာတ်ဝင်ခန်းတိုင်းမှာ သင်ကိုယ်တိုင် ထိုတိုက်ပွဲတွေ ကြားထဲကို ရောက်သွားတယ်။ ရန်သူလေယာဉ်ဟာ ကိုယ့်အနောက်ကနေ ပေါ်လာမလား၊ ကိုယ့်ဘေးကနေ ပေါ်လာမလား ကိုယ့်အောက်ကနေ ကိုယ့်ကို လှမ်းပစ်နေမလား၊ ကိုယ့် ရှေ့တည့်တည့်ကနေပဲ ရုတ်ချည်းပေါ်လာမလားလို့တွေးပူနေရတဲ့အထိ ကျဉ်းကျပ်တဲ့ စိတ်ခံစားမှုမျိုးကို ရရှိခဲ့တာ။
.

သူ့ရိုက်ကွင်းမှာ စစ်သင်္ဘော ကြီးတွေကို အသုံးပြုခဲ့တယ်။ ရိုက်ကူးရေးတစ်နေရာမှာ သင်္ဘော 62 စင်းအထိ အသုံးပြုခဲ့တယ်။ ထို 62 စင်းထဲက 12 စင်းတိတိက ထို Dunkirk စစ်ပွဲတုန်းက ပြည်သူတွေ လာကယ်တုန်းက လှေ အစစ်တွေ၊ သမိုင်းက လှေအစစ်တွေကိုပါ အသုံးပြုခဲ့တာ။ ထို့အပြင် Christopher Nolan ကို လူသိများစေတဲ့ IMAX Camera ကို အသုံးပြုနှုန်းဟာ ဒီဇာတ်ကားမှာ အများဆုံး ဖြစ်ခဲ့တယ်။ ယနေ့ခေတ် ရုပ်ရှင်လောကမှာ IMAX Camera ကို အသုံးအများဆုံးလူကို ပြောပါဆိုရင် Christopher Nolan တစ်ယောက်တည်းကိုပဲ ပြရမှာဖြစ်ပြီး သူ့အရင်ဇာတ်ကားတွေဖြစ်တဲ့ The Dark Knight တုန်းက 37 minutes တိတိဟာ IMAX နဲ့ရိုက်ကူးခဲ့တာပါ။ ထို့နောက် The Dark Knight Rises မှာတော့ 72 minutes အထိ IMAX နဲ့ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ခဲ့ပါတယ်။ ယခု Dunkirk မှာတော့ IMAX Camera တွေကို ရိုက်ကူးရေးရဲ့75% အထိ အသုံးပြုခဲ့တယ်တဲ့။ သိရသလောက်တော့ ဒါဟာ ရုပ်ရှင်သမိုင်းမှာ IMAX Camera ကို အများဆုံးအသုံးပြုခဲ့တဲ့ ဇာတ်ကားပဲ။ (ဒါကြောင့် ဒီဇာတ်ကားကို ကြည့်မဲ့သူတိုင်းကို ရုံမှာ သွားကြည့်ပါလို့တိုက်တွန်းပါရစေ၊ ထို့အပြင် ဖြစ်နိုင်ရင်တော့ IMAX ရုံတွေမှာ ကြည့်စေချင်ပါတယ်။) ဒါကြောင့်လည်း ကြည့်ဖူးသမျှထဲမှာ အကြည်လင်ဆုံးနဲ့အပြတ်သားဆုံး ရုပ်ပုံ အရည်အသွေးကို အပြည့်အဝ ရရှိခဲ့တာ။ Cinematography Hoyte van Hoytema ဟာ ကောင်းကင်ယံမှာ တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေအတွက် IMAX Cameras ကို ၂ လုံးအသုံးပြုခဲ့တယ်။ တစ်လုံးကို လေယာဉ်ရဲ့အရှ့မှာတပ်ပြီး နောက်တစ်လုံးကို လေယာဉ်ရဲ့အနောက်မှာ တပ်ကာ လေကြောင်းတိုက်ပွဲကို ရိုက်ကူးခဲ့တာ။ လွယ်ကူလွန်းတဲ့ အရာတစ်ခုတော့မဟုတ်ဘူး။ သူက cinematographer တစ်ယောက်အနေနဲ့ ရိုက်ကူးဖို့မဖြစ်နိုင်ဘူး ဆိုတာ မရှိရအောင် ရိုက်ကူးရေးမှာ ပေါ်ပေါက်တဲ့ Technical difficulties တွေကို ဖြေရှင်းခဲ့တယ်။ ဒီနှစ်ကြည့်ဖူးသမျှအထဲမှာတော့ အလှဆုံးရုပ်ရှင်ဇာတ်ကားပဲ။ သေချာတာတစ်ခုကတော့ ဒီနှစ် Oscar အတွက် Cinematography ဆုက လျာထားခံရမယ်ဆိုတာ ကျိန်းသေတယ်။ October လထဲမှာ ထွက်မဲ့ Blade Runner: 2049 ထဲက Roger Deakins ရဲ့လက်ရာတွေကို Trailers တွေနဲ့တင် အံ့သြနေရလို့ Hoyte van Hoytema အနေနဲ့ Roger Deakins ကို Oscar မှာ ရှုံးတော့ ရှုံးနိုင်တယ်။
.

ရလာဒ်တွေကတော့ အသက်ရှုမှားလောက်အောင်ကို ကြည်လင်ပြတ်သားပြီး လှပလွန်းတဲ့ ရိုက်ကူးချက်တွေကို ပရိသတ်တွေက ခံစားခဲ့ရတယ်။ ရုပ်ရှင်တစ်ကားသွားကြည့်တဲ့အခါ ဒါဟာ ရုပ်ရှင်အစစ်ဖြစ်တယ်ဆိုတဲ့ ခံစားချက်မျိုး။ လေကြောင်းတိုက်ပွဲတွေကို ပြသတဲ့အချိန်တွေ ရောက်ပြီဆိုရင် Cinematographer ကို သင်မလေးစားပဲကို မနေနိုင်ဖြစ်နေမယ်ဆိုတာ ကျွန်တော်ကတော့ ရဲရဲကြီး ပြောရဲတယ်။ Nolan ပြောသလိုပဲ။ ယနေ့ခေတ်က အသုံးများလာတဲ့ CG တွေနဲ့ဆိုရင် အရာအားလုံးကို အတုတွေနဲ့အစစ်လို့ပြောလို့ရအောင် ဖန်တီးလို့ရတယ်။ ဒါပေမဲ့ ရွေးချယ်မှုကတော့ ရုပ်ရှင်ဖန်တီးသူတစ်ယောက်အနေနဲ့မိမိနဲ့ပဲ သက်ဆိုင်တယ်လို့ပြောသွားတယ်။ Nolan ကတော့ အရာအားလုံးကို ခက်ခဲစွာနဲ့တင်ဆက်ပေးသွားနိုင်ခဲ့တယ်။ Nolan ရဲ့ယခုလို အရာဝတ္ထုအစစ်တွေနဲ့Practical Effects တွေအသုံးပြုပြီး ရိုက်ကူးခဲ့တာ ကျွန်တော်တို့ပရိသတ်တွေအတွက်သာ ကြည့်ကောင်းခဲ့တာ မဟုတ်ဘူး။ သရုပ်ဆောင်တွေအတွက်ပါ ပိုမိုလွယ်ကူစေခဲ့တယ်။ ကမ်းခြေက သဲသောင်ပြင်တွေ ပေါ်က ပေါက်ကွဲမှုတွေ၊ သရုပ်ဆောင်တွေပေါ်က ပျံသန်းနေတဲ့ Spitfires လေယာဉ်တွေ၊ သရုပ်ဆောင်ပေါင်း ဇာတ်ပို့တွေအဖြစ် ထောင်နဲ့ချီပြီး အသုံးပြုခဲ့တာတွေကြောင့် သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်တွေအဖို့ 1940 ကျော်က တစ်ကယ့် Dunkirk ကမ်းခြေကြီးပေါ်ကို ပြန်လည် ရောက်ရှိသွားသလိုတောင် ခံစားခဲ့ရတယ်လို့ဆိုကြတယ်။
.

သရုပ်ဆောင်များ

ရိုက်ကူးရေး အကြောင်းကို ပြောဖြစ်တယ်ဆိုတော့ သရုပ်ဆောင်တွေ အကြောင်းကိုတော့ မပြောလို့မဖြစ်ပြန်ပါဘူး။ ဒီဇာတ်ကားထဲမှာ ကျွန်တော်တို့သိတဲ့ သရုပ်ဆောင်ဆိုလို့5 ယောက်လောက်ပဲ ပါလာတယ်။ မင်းသားကြီး Kenneth Branagh က မဟာမိတ်တပ်သားတွေကို အိမ်ပြန်ဖို့အတွက် Dunkirk ကမ်းစပ်ကနေ ကြီးကြပ်အုပ်ချုပ်ပေးနေရတဲ့ Commander Bolton အဖြစ် သရုပ်ဆောင်ထားတယ်။ Commander Bolton ဇာတ်ကောင်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်သာမက စစ်သားကောင်းတစ်ယောက်ဆိုတာ မိမိလူမျိုး၊ မိမိတပ်သားတွေကိုသာမက မိမိနဲ့အတူယှဉ်တွဲတိုက်ခိုက်ပေးခဲ့တဲ့ ပြင်သစ်တပ်ဖွဲ့တွေအတွက်ပါ အနစ်နာခံပြီး စောင့်ရှောက်ပေးခဲ့တဲ့ စစ်သားကောင်းတစ်ယောက်လို့မြင်မိတယ်။ ပြောရမယ်ဆိုရင် ဒီကမ်းခြေမှာ ပိတ်မိနေတဲ့ လက်အောက်ငယ်သား စစ်သားလေးတွေကအစ ဗိုလ်ကြီးတွေအထိ အကုန်လုံး အသက်ရှင်ပြီး အိမ်ပြန်ရောက်ချင်နေတဲ့ လူတွေချည်းပဲ။ သူကိုယ်တိုင်လည်း Commander တစ်ယောက်ဆိုပေမဲ့ သူအိမ်ကို ဘယ်လောက်ထိ လွမ်းသလဲဆိုရင် တစ်ခါတစ်ရံမှာ အင်္ဂလိပ်ရေလက်ကြားကို ကျော်ပြီး ခပ်မှိန်မှိန်ကလေး လှမ်းမြင်နေရတဲ့ အင်္ဂလန်ကမ်းရိုးတန်းကို လှမ်းကြည့်နေတတ်တယ်။ ဒါကြောင့်လည်း သူ့ Captain ကိုပြောခဲ့တာက “You can practically see it from here.” တဲ့။ Captain က ဘာလဲလို့ပြန်မေးလိုက်တော့ သူဖြေတဲ့ အဖြေက “Home” တဲ့။ အိမ်ကို သူလည်းပြန်ချင်တာပေါ့။ ဒါပေမဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့စစ်သားကောင်းတစ်ယောက် အပီသဆုံး ဇာတ်ရုပ်အဖြစ် သရုပ်ဖော်ခဲ့ကြတယ်။
.

နောက်တစ်ယောက်က ကျွန်တော်အမြဲအားပေးတဲ့ Cillian Murphy ဆိုတဲ့ မင်းသား။ ဒီဇာတ်ကားကို သွားကြည့်ရခြင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ သူကြောင့်လည်းပါတယ်။ သူ့ဇာတ်ကောင်ကိုတော့ နာမည်မသိခဲ့ဘူး။ ဒါပေမဲ့ စစ်ရဲ့အနိဌာရုံတစ်ခုခုကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ပြီးနောက် ထို Dunkirk ကို နောက်တစ်ခေါက်ပြန်မသွားချင်တော့ လောက်အောင် ကြောက်ရွံ့နေတဲ့ စစ်သားတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တယ်။ ပရိသတ်အများစုဟာ ရုပ်ရှင်ထဲမှာ သူ့ဇာတ်ကောင်ကို ကြည့်ပြီး မုန်းချင်မုန်းမိလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ သာမာန်လူသားတစ်ယောက်အနေနဲ့ စစ်ရဲ့ပြောင်းလဲခြင်းကို ခံခဲ့ရတဲ့ သနားစရာ အကောင်းဆုံး သားကောင်တစ်ယောက်လို့ပဲ မြင်မိတယ်။ ကျွန်တော် ဒီဇာတ်ကားထဲမှာ နှစ်သက်တဲ့ ဇာတ်ဝင်ခန်းတစ်ခုက သူ့ဇာတ်ကောင်ဟာ အမှားတစ်ခုကို ကျူးလွန်မိမှန်း သိသွားတဲ့အခါ သူ့ကိုယ်သူ ရှက်ရွံမှုတွေကို ကြိတ်ပြီး ခံစားလိုက်တဲ့ ဇာတ်ဝင်ခန်းပဲ။ Cillian Murphy အရမ်းကို တော်ပါတယ်။ Batman Begins, The Dark Knight, Inception, The Dark Knight Rises နဲ့ယခု Dunkirk ဇာတ်ကားတွေမှာ သူ့ကိုအမြဲ ခေါ်ရိုက်ခဲ့တဲ့အတွက် Christopher Nolan ကိုတော့ ကျွန်တော် သူ့အစားကျေးဇူးတင်မိတယ်။
.

ဟိုတစ်နှစ်က Bridge of Spies ဇာတ်ကားနဲ့ပူပူနွေးနွေး အကယ်ဒမီဆု ရရှိထားတဲ့ မင်းသားကြီး Mark Rylance ကတော့ Dunkirk ကမ်းစပ်က မဟာမိတ်တပ်သားတွေကို မိမိကိုယ်ပိုင်လှေကလေးနဲ့လာကယ်တဲ့ ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Mr. Dawson ဆိုတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတယ်။ သူ့ဇာတ်ကောင်ကတော့ ဇာတ်ကားတစ်ခုလုံးရဲ့Moral Centre လို့ပြောလို့ရတယ်။ ပရိသတ်တွေ အားကျအတုယူဖို့ဆိုတဲ့ ပုံစံမျိုးကို သရုပ်ဖော်ထားတယ်။ ဒီစစ်သားတွေဟာ မိမိနဲ့ဘာမှ မသက်ဆိုင်ဘူး။ ဒါပေမဲ့ သူ့ဟာ တာဝန်သိပြည်သူတစ်ယောက်။ မိမိရဲ့တစ်နေ့တာအရေးထက် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးအတွက် အသက်သွေးပေးပြီး တိုက်ခိုက်နေတဲ့ စစ်သားလေးတွေရဲ့အသက်ကို မိမိရဲ့အသက်နဲ့အလောင်းအစား လုပ်ခဲ့တဲ့ ပြည်သူတွေထဲက ပြည်သူတစ်ယောက်။ ထို့အပြင် စစ်ကိုကြောက်ရွံ့သွားပြီဖြစ်တဲ့ စစ်သားတစ်ယောက်ကို တွေ့တော့လည်း စာနာ နားလည်ပေးနိုင်ခဲ့တဲ့ ဇာတ်ကောင်။ ထိုစစ်သားကို သူဟာ အရင်တုန်းက သာမာန်လူသားတစ်ယောက်လို မဟုတ်တော့ဘူး။ ဘယ်တော့မှလည်း အရင်လို ပြန်ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ ဂရုဏာအကြည့်နဲ့ကြည့်နေခဲ့တဲ့ လူသားမျိုး။ သိရသလောက်တော့ Mark Rylance က သူ့ကိုယ်ပိုင် Boat ကို ဒီဇာတ်ကားအတွက် အသုံးပြုခဲ့တယ်တဲ့။ ကျွန်တော်တို့ထိုရုပ်ရှင်ကားထဲမှာ တွေ့ရတဲ့ သူမောင်းနေတဲ့ Boat ဟာ သူ့ကိုယ်ပိုင် Boat ပါ။
.

နောက်တစ်ယောက်ကတော့ Nolan ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်ခဲ့တဲ့ မင်းသားကြီး Michael Caine ပါ။ သူကတော့ Radio ကနေ လှမ်းကြားရတဲ့ အသံနဲ့ပဲ Cameo အဖြစ် သရုပ်ဆောင်ခဲ့တာ။ နောက်ဆုံးတစ်ယောက်ကတော့ ဗြိတိန်တော်ဝင်လေတပ်သား Farrier အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Tom Hardy ပါ။ သူ့ကိုတော့ ထုံးစံအတိုင်း မချီးကျူးပဲ နေလို့မရပါ။ သူ့အတွက် ဒီဇာတ်ကားမှာ လွတ်လပ်ခွင့်ပေးထားတာဆိုလို့မျက်လုံး တစ်စုံပဲ ရှိတယ်။ မျက်နှာပိုင်းပဲ အမြဲ ပြသခဲ့ပြီး ထိုမျက်နှာ အောက်ပိုင်း ကိုတောင် လေတပ်သား ဖြစ်သည့်အတိုင်း မျက်နှာဖုံးတပ်ဆင်ထားရသည့်အတွက် သူသရုပ်ဆောင်ပြနိုင်တာ သူ့မျက်လုံးနှစ်လုံးပဲ ရှိတယ်။ ထိုမျက်လုံး နှစ်လုံးနဲ့တောင် ပရိသတ်ကို ရင်ဖိုအောင် သရုပ်ဆောင်သွားနိုင်ခဲ့တယ်။ အင်းလေ .. Locke လို ဇာတ်ကားမျိုးတောင် သရုပ်ဆောင်နိုင်ခဲ့သေးတာပဲ။ ဒီလို ဇာတ်ကောင်မျိုးကတော့ သူ့အတွက်က အခက်အခဲရှိမယ် မထင်တော့ဘူး။ ဒီဇာတ်ကားတစ်ကားလုံးမှာ သူရဲကောင်းဝါဒကို ဖော်ကြူးခဲ့တဲ့ ဇာတ်ကောင်ကို ပြပါဆိုရင်တော့ ယခု Farrier ဇာတ်ကောင်ကိုပဲ ကျွန်တော် မျက်လုံးထဲမှာ အရင်မြင်ယောင်လာမိမှာပါ။
.

ကျန်တဲ့ သရုပ်ဆောင်တွေကတော့ လုံးဝကို အသစ်ကလေးတွေပါ။ ထူးထူးခြားခြား လုံးဝကြီးကို ချီးမွမ်းချင်တာကတော့ Fionn Whitehead ဆိုတဲ့ မင်းသားလေးရယ်၊ One Direction အဖွဲ့ထဲက Harry Styles ရယ်ပါ။ သူတို့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ကျွန်တော်တို့တွေ ဒီဇာတ်ကားမှာ စတင်တွေ့ခဲ့ရပေမဲ့ နောက်ထပ် ဇာတ်ကားတွေမှာလည်း ထပ်တွေ့ရပါစေလို့ကျွန်တော်ကတော့ မျှော်လင့်မိတယ်။ ကျွန်တော်က Fionn Whitehead ကိုပိုသဘောကျပေမဲ့ Harry Styles သရုပ်ဆောင်ခဲ့တာ တစ်ကယ်ကို အပိုအလို မရှိခဲ့ဘူး။ Harry Styles ရဲ့ဇာတ်ကောင်ကို ကျွန်တော်တို့စတွေ့တဲ့အချိန်ကတည်းက သူ့ကိုစစ်သားတစ်ယောက်လို့ကျွန်ေ တာ်တို့လက်ခံလို့ရသွားပြီ။ ဒါပဲ အရေးကြီးတာ။ သူ့ဇာတ်ကောင်အတွက် အလွန်အရေးပါတဲ့ ဇာတ်ဝင်ခန်းမျိုးတွေ မပါဝင်ဘူး။ ဒါပေမဲ့ သူ့လုုပ်ရမဲ့ အလုပ်ကိုတော့ ပီပြင်စွာ လုပ်ကိုင်သွားနိုင်တယ်။


ရုပ်ရှင်လောကရဲ့ဂန္တဝင် Directors ကြီးတွေတိုင်းဟာ သူတို့ရဲ့တစ်သက်တာမှာတော့ အနည်းဆုံး စစ်ကားတစ်ကားစီ ရိုက်ကူးခဲ့ကြတယ်။ Martin Scorsese တို့ David Fincher တို့ကလွဲရင်ပေါ့။ David Lean က In Which We Serve (1942) ရယ် The Bridge on the River Kwi (1957) ရယ်၊ Lawrence of Arabia (1962) တို့ကို ရိုက်ကူးခဲ့တယ်။ ထို့အပြင် Stanley Kubrick ရဲ့ Path of Glory (1957) ရယ် Full Metal Jacket (1987)၊ ၊ Sam Peckinpah ရဲ့Cross of Iron (1977)၊ Francis Ford Coppola ရဲ့ Apocalypse Now (1979)၊ Peter Weir ရဲ့Gallipoli (1981)၊ Elem Klimov ရဲ့Come and See (1985)၊ Oliver Stone ရဲ့Platoon (1986)၊ Steven Speilberg ရဲ့ Schindler’s List (1993) နဲ့Saving Private Ryan (1998) ရယ်၊ Terrance Malick ရဲ့The Thin Red Line (1998)၊ Ridley Scott ရဲ့Black Hawk Down (2001)၊ Roman Polanski ရဲ့The Pianist (2002)၊ Sam Mendes ရဲ့Jarhead (2005)၊ Kathryn Bigelow ရဲ့The Hurt Locker တို့ Zero Dark Thirty တို့ရယ်၊ ှQuentin Tarantino ရဲ့Inglorious Basterds၊ Mel Gibson ရဲ့ပြီးခဲ့တဲ့နှစ်က Hacksaw Ridge၊ Clint Eastwood ရဲ့American Sniper တို့Letters from Iwo Jima တို့Flag of Our Fathers တို့အစရှိသည်ဖြင့် နာမည်ကျော် Directors တိုင်းနီးပါး နာမည်ကြီး စစ်ကားတွေ ရိုက်ခဲ့ကြတယ်။ ယခုဆိုရင် ထိုစာရင်းထဲမှာ ကျွန်တော်တို့ရဲ့Christopher Nolan ကိုလည်း ထည့်နိုင်ပြီပေါ့ဗျာ။
.

ကျွန်တော်တို့ကြောက်ရွံ့တဲ့ အရာတွေကို တွေးကြည့်လိုက်ရအောင်၊ တစ်ချို့သူတွေက အမြင့်ကြောက်တတ်ကြတယ်။ တစ်ချို့ကတော့ ကျဉ်းကျပ်စွာ ပိတ်လှောင်နေတဲ့အခန်းငယ်လေးထဲမှာ အသက်ရှုမဝစွာ နေရတာကို ကြောက်တတ်ကြတယ်။ တစ်ချို့ကတော့ စွန့်ပစ်ခံရမှုကို ကြောက်တတ်ကြတယ်။ တစ်ချို့ကတော့ ရေအောက်ထဲမှာ နစ်မွန်းတာကို ကြောက်တတ်ကြတယ်။ ဒီရုပ်ရှင်ဇာတ်ကား သွားကြည့်မဲ့ ပရိသတ်တွေကို တစ်ခုပြောချင်တာက ခင်ဗျားတို့အတွက် ဝမ်းနည်းဖို့ကောင်းစွာပဲ Dunkirk ဇာတ်ကားကြည့်နေစဉ် ထိုခံစားချက်တွေ အကုန်ခံစားခဲ့ရတယ်ဆိုတာပဲ။ ထိုအရာတွေကို ပိုမိုလေးပင်စွာ ထပ်မံဖြည့်ဆည်းပေးလိုက်တာကတော့ Hans Zimmer ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ နောက်ခံ Scores တွေပဲ။ ပြောချင်တာတစ်ခုက အသံတွေ အရမ်းကျယ်လောင်ပါတယ်။ တော်တော်လေးကို ကျယ်လောင်တာပါ။ ဒီဇာတ်ကားကို ယနေ့ထိအသက်ရှင်နေသေးတဲ့ ထို Dunkirk စစ်ပြန်အဖိုးကြီးတွေကို ပြတော့ သူတို့က ဇာတ်ကားကို အရမ်းကြိုက်ပါတယ်တဲ့။ ဒါပေမဲ့ အသံတွေက သူတို့ကြုံခဲ့ရတဲ့ တစ်ကယ့်စစ်မြေပြင်က ဗုံးသံ၊ သေနတ်သံတွေထက်တောာင် ဒီကားထဲက သရုပ်ဖော်ထားမှုက ပိုမိုကျယ်လောင်နေပါတယ်တဲ့။ ဒါပေမဲ့ ဒါဟာ Nolan ရဲ့ပင်တိုင် style တစ်ခုပဲလေ။
.

တည်းဖြတ်ခြင်း

ဇာတ်ကြောင်းပြောခြင်း သေသပ်တယ်ဆိုတာ ဇာတ်ညွှန်းတင်မက တည်းဖြတ်ခြင်းမှာပါ အများကြီး သက်ဆိုင်ပါတယ်။ Dunkirk ဇာတ်ကားရဲ့တည်းဖြတ်မှုဟာ Christopher Nolan ရဲ့ အရင်ဇာတ်ကားတွေ အကုန်လုံးထက် အများကြီး ပိုကောင်းပါတယ်။ တည်းဖြတ်မှုက Inception တို့Interstellar တို့ထက် အများကြီးသာတယ်။ ဇာတ်လမ်းကို အရှည်ကြီး ဆွဲမချဲ့ခဲ့သလို ပရိသတ်ဟာ ကြည့်နေရင်းနဲ့နောက်ဆုံးမှ အရာအားလုံးကို နားလည် သဘောပေါက်သွားစေအောင် တည်းဖြတ်ထားနိုင်မှုကို ကျွန်တော် အလွန်ချီးကျူးမိတယ်။ cuts တွေရဲ့အတို အရှည်ဟာ ညီမျှတယ်။ ဇာတ်ဝင်ခန်းတစ်ခုချင်းစီအတွက် ပရိသတ်ကို လုံလောက်တဲ့ information ပေးပြီးပြီဆိုတာနဲ့သိမ်းပစ်လိုက်ပြီး ပရိသတ်ငြီးငွေ့ခြင်းတွေ ဖြစ်လောက်အောင် ကြာမြင့်တဲ့ cuts တွေလည်း မရှိပြန်ဘူး။ လုံးဝကို အပြစ်ကင်းတဲ့ တည်းဖြတ်မှုပါ။ ဒါပေမဲ့ ကျွန်တော့်အတွက် သိပ်အားမရခဲ့တဲ့ အချက်တစ်ခုက Nolan ဟာ standard တစ်ခုလိုမျိုး ဖြစ်လာတယ်။ သူ့ရဲ့ဇာတ်ကြောင်းပြောပုံတွေ၊ တင်ဆက်ပုံတွေ၊ နောက်ဆုံး ဇာတ်သိမ်းပုံတွေဟာ The Dark Knight ကစပြီး Inception တို့The Dark Knight Rises တို့Interstellar တို့ အခုနောက်ဆုံး Dunkirk တို့ဟာ တစ်ပုံစံတည်းမျိုးတွေချည်းပဲကို တွေ့လာရတယ်။ ဒီတစ်ချက်ကလေးပဲ ကျွန်တော် အလိုမကျခဲ့တာပါ။ Nolan ကို တစ်ခြား style မျိုးနဲ့တွေ့ချင်လို့ပါ။


နိဂုံး

Dunkirk အကြောင်းကို ရုပ်ရှင်နဲ့ပတ်သက်ပြီး ယခုဇာတ်ကားတစ်ကားတည်း ဖော်ပြခဲ့တာ မဟုတ်ပါ။ 1958 တုန်းက Dunkirk အမည်နဲ့ပဲ ရုပ်ရှင်ဇာတ်ကားတစ်ကား ထွက်ခဲ့ဖူးတယ်။ ထို့အပြင် ကျွန်တော်တို့တွေ အကုန်လုံးနှစ်သက်ခဲ့တဲ့ Atonement ဇာတ်ကားထဲမှာလည်း Dunkirk ကမ်းခြေက ဗြိတိန်တပ်သားတွေကို Director Joe Wright တင်ပြခဲ့ဖူးသလို ယခု 2017 ရဲ့အစောပိုင်းလောက်မှာ ထွက်ခဲ့တဲ့ မင်းသမီး Gemma Arterton ပါဝင်ခဲ့တဲ့ Their Finest ဆိုတဲ့ ဇာတ်ကားမှာလည်း Dunkirk အကြောင်းကို ပြသခဲ့တယ်။ Dunkirk တိုက်ပွဲတုန်းက British Destroyer ရေတပ်သင်္ဘောပေါင်း 6 စင်းတိတိ နစ်မြုပ်ခဲ့တယ်။ အဆိုပါ ဗြိတိန်စစ်သားတွေကို ကယ်ဆယ်ခဲ့တဲ့ ရက်ပေါင်းကတော့ စုစုပေါင်း 9 ရက်တိတ်ကြာမြင့်ခဲ့တယ်။ ထို 9 ရက်က 26 May ကနေ 4 June 1940 အထိပါ။ ထိုတပ်သားတွေကို ကယ်တင်ဖို့လာခဲ့ကြတဲ့ လှေပေါင်းအရေအတွက် အစင်း 800 တိတိ ရှိခဲ့တယ်။ သူတို့အသက်ရှင်ကယ်တင်နိုင်ခဲ့တဲ့ မဟာမိတ်တပ်သား (Belgians, French, British and Canadians) စုစုပေါင်း အရေအတွက်က 338,226 ဦး ဖြစ်ပါတယ်။
.

ဇာတ်ကားထဲမှာ ဗိုလ်တစ်ယောက်က ပြောလိုက်တယ်။

“The enemy tanks have stopped.” တဲ့။

ဟုတ်တယ်။ ဘာကြောင့် Germans တွေက ဆက်မတိုက်ခဲ့တာလဲ။ ဒါဟာ ကျွန်တော်မေးချင်ခဲ့တဲ့ သမိုင်းက မေးခွန်းတစ်ခု။ Germans တွေရဲ့လေတပ်က ရံဖန်ရံခါအားဖြင့် လေကြောင်းကနေအချိန်မရွေးတိုက်ခိုက်နေပေမဲ့ တင့်ကားတွေနဲ့တိုက်ခိုက်မှုကို ရပ်ခဲ့တယ်။ အမှန်တော့ ထိုအချိန်က ထို Dunkirk ကမ်းခြေမှာ Belgians တပ်သားတွေရော၊ ပြင်သစ်တပ်သားတွေရော၊ ဗြိတိန်တပ်သားတွေရော အကုန် ပိတ်မိနေကြပြီ။ ဒီအချိန်မှာ German တွေကသာ ဆက်တိုက်ခဲ့မယ်ဆိုရင် သေချာတယ်။ သမိုင်းဟာ ယခုကဲ့သို့ဖြစ်လာခဲ့မှာ မဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်ကြီးကို Nazi တွေ အနိုင်ရရင် ရခဲ့ပေလိမ့်မယ်။ Germans တွေရဲ့အစောပိုင်းအမှားတွေထဲမှာ Russia ကိုတက်သိမ်းတော့ Moscow အထိ ဆက်မသွားပဲ Stalingrad မှာပဲ ရပ်နေခဲ့တာရယ် ယခု Dunkirk မှာလည်း ဆက်မတိုက်ခဲ့တာရယ်တွေက အဓိကနေရာက ပါဝင်နေခဲ့တယ်။ ထို 1940 အစောပိုင်းလောက်က ဒုတိယကမ္ဘာစစ်ကြီးထဲကို အမေရိကန်တွေ ဝင်မလာသေးဘူး။ ရုရှားတွေဆိုတာလည်း Germans တွေရဲ့တိုက်ခိုက်မှုတွေနဲ့အလူးအလဲခံနေရချိန်။ ထိုအချိန်က ဒုတိယကမ္ဘာစစ်ကြီးရဲ့သမိုင်းမှာ အရေးကြီးဆုံး အချိန်ပိုင်းလေး ဖြစ်ခဲ့တယ်။ ထိုတုန်းကသာ Dunkirk ကယ်တင်ရေးကြီး မအောင်မြင်ခဲ့ရင် British အနေနဲ့ဘာတပ်သားမှ မကျန်တော့ပဲ စစ်ကြီး ရှုံးနိမ့်သွားမှာ။ Germans တွေကပဲ ဥရောပကို ကြီးစိုးသွားမှာ သေချာပြီး Americans တွေဟာလည်း စစ်ကြီးထဲကို ဘယ်တော့မှ ဝင်လာမှာ မဟုတ်တော့ဘူး။ ဒါဆိုရင် ယနေ့ကမ္ဘာ့သမိုင်းဟာ မှောင်မိုက်နေပေလိမ့်မယ်။
.

ထို Dunkirk ကယ်တင်ရေးကြီး အောင်မြင်ခဲ့ခြင်းဟာ Winston Churchill အတွက် Moral Victory လို့ထင်မှတ်သွားစေခဲ့တယ်။ ရန်သူကို အညံ့ခံအရှုံးပေးခြင်းထက် ပြည်သူတွေရော၊ တပ်သားတွေကိုပါ စိတ်ဓာတ်ခွန်အားတွေ ပိုမိုတိုးတက်စေခဲ့တယ်ဆိုတာ Churchill နားလည်သွားခဲ့တယ်။ ဒါကြောင့်လည်း ယခုကဲ့သို့အရေးနိမ့်ပြီး ပြန်ပြေးလာရခြင်းကို ကြီးမားတဲ့ အောင်ပွဲတစ်ခုလို့သူခံယူခဲ့တယ်။ ထိုအချိန်မှာ British Expeditionary Force လို့တစ်ချိန်က ခေါ်ခဲ့တဲ့ ထို British တပ်ဖွဲ့ကြီးဟာ အရေးနိမ့်ခဲ့ပြီ။ Benito Mussolini ရဲ့စစ်ပွဲကြီးပြီးဆုံးဖို့အပေးအယူ ကမ်းလှမ်းခြင်းကို 26 May 1940 မှာ စစ်ခုံရုံးမှာ ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ နောက်နှစ်ရက်အကြာမှာတော့ Winston Churchill ဟာ ဘာပဲပေးဆပ်ရ ပေးဆပ်ရ စစ်ကို ဆက်လက်တိုက်တော့မယ်လို့အမိန့်ထုတ်ပြန်ခဲ့တော့တယ်။ ဒါဟာ Dunkirk အောင်မြင်မှု ရဲ့နောက်ဆက်တွဲ ရလာဒ်တစ်ခုပဲပေါ့ဗျာ။
.

Rotten Tomatoes Rating: 93%
IMDb’s Rating: 8.6/10

~WH~

WH
WH
11 min read