Eternal Sunshine of the Spotless Mind

Eternal Sunshine of the Spotless Mind

အဖွားကြီးတစ်ယောက် Howard တို့ရုံးကို ဝင်လာတယ်။ Mary က ထိုအဖွားကြီးကို Howard ရဲ့ စားပွဲရှေ့အထိ ခေါ်လာပေးတယ်။ Howard ဆိုအတော်ကို အသက်ကြီးနေပြီ။ Mary လည်း ဘာထူးလဲ။ သူမလည်း အသက်အတော်အသင့် ရနေပြီ။

ခုနက အဖွားကြီးက သူမကိုယ်သူမ Clementine Kruczynski လို့ မိတ်ဆက်တယ်။ Howard နဲ့ Mary က တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြတယ်။ ထို့နောက် Howard က သူတို့အခု conversation ကို recording လုပ်မဲ့အကြောင်းကို ခွင့်တောင်းလိုက်တယ်။

Howard က သူ့ computer ကို ဖွင့်ပြီး Clementine ရဲ့ file ကိုဖတ်နေတယ်။ နှစ် ၅၀ အတွင်းမှာ သူမ မှတ်ဥာဏ်တွေ ပြန်ဖျက်ဆီးခဲ့တဲ့ မှတ်တမ်း ၁၅ ခုတိတိ ပေါ်လာတယ်။ ထို မှတ်တမ်း ၁၅ ခုစလုံးက Joel Barish ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့ ပတ်သက်နေခဲ့တဲ့ မှတ်ဥာဏ်တွေချည်းပဲ။

Howard ကပဲ သူတို့ရုံးခန်းကို လာရောက်ရခြင်း ရည်ရွယ်ချက်ကို Clementine ကို မသိဟန်ဆောင်ပြီး မေးလိုက်တယ်။

Clementine က လွန်ခဲ့တဲ့ ၃ နှစ်ခန့်လောက်က Senior dance ကပွဲတစ်ခုမှာ Joel ဆိုတဲ့ လူတစ်ယောက်နဲ့တွေ့ဖြစ်ခဲ့တဲ့အကြောင်းပြောတယ်။ ထိုအချိန်တုန်းက သူတို့ နှစ်ယောက်စလုံးကလည်း အသီးသီး အဖော်မဲ့နေကြတာ ကြာပြီဖြစ်လို့ တွဲဖြစ်ခဲ့တဲ့ အကြောင်းတွေ ဒီလိုနဲ့ သူတို့ relationship ကို သူမဆက်ပြောပြသွားတယ်။

ဒီတစ်ခေါက်မှာတော့ Clementine က ဘာကြောင့် Joel နဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်တွေ၊ အမှတ်တရတွေကို ဖြတ်ပစ်ချင်ခဲ့မှန်း ကျွန်တော်တို့ မသိခဲ့ရဘူး။ ထုံးစံအတိုင်း အကြောင်းတစ်ခုခုကြောင့်ဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ ကျွန်တော်တို့ အလွယ်တကူနားလည်လိုက်တယ်။

အဲ့ဒီ့ညမှာ Manhattan မြို့ထဲက ရထားတစ်စင်းပေါ်မှာ လိုက်ပါလာတဲ့ Mary ရဲ့ ဖုန်းမြည်လာတယ်။ ဖုန်းရဲ့ screen ပေါ်မှာ ပေါ်လာတဲ့ခေါ်သူနာမည်က Clementine တဲ့။ ညကအင်မတန်နက်နေခြင်းကြောင့်လားတော့ မသိဘူး။ ရထားပေါ်မှာ လူသိပ်များများ ရှိမနေဘူး။ Mary က ဖုန်းကိုင်လိုက်တယ်ဆိုရင်ပဲ Clementine က သူနဲ့ Joel ရဲ့ အကြောင်းကို ရင်ဖွင့်ပြတယ်။

တစ်ရက် သူမနဲ့ Joel မနက်စာစားနေတုန်း Clementine က နယ်ဘက်ကမြို့တွေဆီ သွားလည်ရင်း ရွက်ဟောင်းကြွေပြီး ရွက်သစ်တွေဝေနေတဲ့ သဘာဝအလှတွေသွားကြည့်ကြမယ်လို့ Joel ကို ပြောလိုက်တယ်။ ဒါပေမဲ့ Joel ဆီက တုံနှိဘာဝေဆိုတဲ့ တုံ့ပြန်မှုတစ်ခုကလွဲပြီး ဘာတုံ့ပြန်မှုတစ်ခုမှ မရခဲ့ဘူး။ ထို့နောက်တော့ Joel က Clementine ကိုမော့ကြည့်ပြီး မျက်လုံးသေကြီးတွေနဲ့ ငေးကြည့်နေခဲ့တယ်။ Joel ရဲ့အကြည့်တွေက Clementine တစ်ယောက် ရှိနေတယ်ဆိုတာကိုတောင် ဝေခွဲလို့မရတော့တဲ့ အကြည့်ကြီးတွေလို့ Clementine က ဖွင့်ဆိုခဲ့တယ်။

ရထားဟာ ဆက်လက်ခုတ်မောင်းနေတယ်။ ပတ်ဝန်းကျင်မှာ မြေအောက်ရထားသံကလွဲပြီး အရာအားလုံးဟာ တိတ်ဆိတ်နေတယ်။ ဖုန်းထဲက Clementine ရဲ့အသံဟာ ခပ်ဝေးဝေးရဲ့ တနေရာကနေ တိတ်ဆိတ်သွားတယ်။ Clementine က ဆက်ပြီး ပြောနေရင်ပြောနေမိလိမ့်မယ်။ ဒါပေမဲ့ ဒီဘက်ကနားထောင်နေတဲ့ Mary ကတော့ earphone ကို နားမှာတပ်ပြီး အသက်ပျောက်သွားခဲ့တယ်။ ထူထည်းလွန်းတဲ့မျက်မှန်သားတွေရဲ့ နောက်ကွယ်က Mary ရဲ့ မျက်ဝန်းပြာတွေဟာ အခုတော့ အရာအားလုံးကို မြင်နိုင်စွမ်းမရှိခဲ့တော့ပေ။ Mary ရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်လေးဟာ ရထားရဲ့ ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်လျက်နဲ့ လိုက်ပါသွားတော့တယ်။

တစ်ဖက်က Clementine က ဆက်ပြောနေတဲ့ အသံတွေကိုတော့ ဖုန်းနားကြပ်ထဲကနေ တီးတိုးကြားနေရတယ်။

“သူ့မျက်ဝန်းတွေက အရင်ကဆို အချစ်ရည်တွေနဲ့ ရွှန်းလဲ့နေခဲ့တာ။ ဒါပေမဲ့ အခုတော့ အရာအားလုံးက ပျောက်ဆုံးသွားပြီ။ အခုလိုအချစ်မျိုးကို တွေ့ပြီးတဲ့နောက်မှာ အရင်လိုအထီးကျန်တဲ့ဘဝမျိုးကို ကျွန်မ ဘယ်လိုပြန်သွားနိုင်မှာလဲ။ ကျွန်မတစ်ယောက်တည်း ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေဟာ အရမ်းကြာခဲ့တယ်။ ကျွန်မဘဝကို ကျွန်မဘာတွေ လုပ်မိခဲ့တာလဲ ဆိုတဲ့အမေးကို ကျွန်မအမြဲမေးမိတယ်။ ကျွန်မအချိန်အကြာကြီး အထီးကျန်ခဲ့ရတယ်။”

နောက်တချိန်မှာတော့ ယာယီအသိစိတ်ကင်းမဲ့နေနဲ့ Clementine ကို သူမအိပ်ခန်းထဲက အိပ်ယာပေါ်မှာ ကျွန်တော်တို့တွေ တွေ့နေရတယ်။ သူမရဲ့ ဦးခေါင်းကိုလည်း နောက်ဆုံးပေါ်ခေတ်သစ် မှတ်ဥာဏ် ဖျက်ဆီးတဲ့စက်ကိရိယာတွေနဲ့ တပ်ဆင်ထားတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ ခုလောက်က ကျွန်တော်တို့စတွေ့ခဲ့ရတဲ့ စက်မျိုးတွေ မဟုတ်တော့ဘူး။ အလွန်ကို ခေတ်မှီနေတဲ့ စက်တွေ။ လူငယ် technicians နှစ်ယောက်က စက်တွေရဲ့ monitors တွေကို ထိုင်စောင့်ကြည့်နေကြတယ်။ ထိုစက်ကိရိယာတွေက Clementine ရဲ့ ဦးနှောက်ထဲက Joel နဲ့ပတ်သက်တဲ့ အမှတ်တရတွေ၊ မှတ်ဥာဏ်တွေအားလုံးကို တဖြည်းဖြည်းဖျက်ဆီးပစ်နေတယ်။ သူမကိုယ်တိုင်က ဘယ်နှစ်ကြိမ်မှန်း မမှတ်မိခဲ့တော့ပေမဲ့ သူမမျက်နှာကတော့ အခုလုပ်ရပ်အတွက်နောင်တရတဲ့ပုံတော့ မပေါ်လွင်နေဘူး။

ထိုအချိန်မှာ ရုတ်တရက် Clementine ရဲ့ အခန်းထဲက လိုင်းဖုန်းထမြည်လာတယ်။ ဖုန်းခေါ်သံဟာ မရပ်မနား တရစပ် မြည်နေတယ်။ မိနစ်အနည်းငယ်ကြာတဲ့အချိန်မှာတော့ ဖုန်းမြည်သံဟာ ရပ်တန့်သွားတယ်။ ပတ်ဝန်းကျင်ဟာလည်း ဖုန်းမြည်သံရဲ့တိတ်ဆိတ်သွားခြင်းနဲ့အတူ ငြိမ်သက်သွားတယ်။ထို့နောက်မှာတော့ ဟိုတစ်ဖက်က ဖုန်းခေါ်သူရဲ့ voice mail အသံက ထွက်ပေါ်လာတယ်။

“Hi .. ကိုယ် Joel ပါ။ ဘာတွေဖြစ်နေတာလဲ Clem ရေ။ ကိုယ့်ကို ဘာလို့ဖုန်းပြန်မခေါ်တာလဲ။ ကျေးဇူးပြု၍ ကိုယ့်ကိုဖုန်းပြန်ခေါ်ပါ။ ကိုယ်တို့တွေ စကားပြောဖို့ လိုအပ်နေပြီ။”

တယ်လီဖုန်းဆီက click ဆိုတဲ့အသံကြားရပြီးနောက်မှာတော့ technician တစ်ယောက်က ထသွားပြီး တယ်လီဖုန်းပေါ်က Erase ဆိုတဲ့ ခလုတ်ကို နှိပ်ချပစ်လိုက်တယ်။

The End.

ကျွန်တော်အထက်က ရေးခဲ့တဲ့ဇာတ်လမ်းက Eternal Sunshine of the Spotless Mind ဇာတ်ကားရဲ့ alternate ending ဆိုပြီးဖတ်ခဲ့ဖူးတာကို ဆီလျော်အောင် ဘာသာပြန်ခဲ့တာ။ official alternate ending လား fan made alternate ending လားတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမဲ့ ဖတ်ပြီးချက်ချင်းပဲ အရမ်းသဘောကျသွားတယ်။ ရုပ်ရှင်ရဲ့ ending အစစ်ထက်လည်း ပိုအကြိုက်တွေ့သလို ခံစားသွားရတယ်။

ဒီ alternate ending ထဲမှာ ကျွန်တော်တို့ မသိခဲ့တာတစ်ခုက Joel နဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်တွေကို Clementine ပြန်ပြန်ဖျက်ခဲ့တဲ့ အချိန်တိုင်း Joel ကလည်း Clementine နဲ့ မှတ်ဥာဏ်တွေကို အရင်လို ပြန်ဖျက်ခဲ့သလား၊ မဖျက်ခဲ့ဘူးလားဆိုတာပဲ။ သူတို့ရေးထားတဲ့အရဆိုရင် Joel နဲ့ အမှတ်တရတွေကို Clementine ပြန်ဖျက်တာ အခုဆိုရင် ၁၆ ကြိမ်မြောက်ပဲ။ Joel လည်း အရင်လို ပြန်ဖျက်ခဲ့မယ်ဆိုရင် ၁၅ ကြိမ်ဖြစ်နေလောက်ပြီ။ ဒါမှမဟုတ် Joel ဟာ ရုပ်ရှင်ထဲကအတိုင်းပဲ တစ်ခေါက်ပဲ ပြန်ဖျက်ခဲ့မယ်ဆိုရင် Joel က Clementine ဆီကိုပဲ သိသိရက်နဲ့ ပြန်ပြန်ရှာနေခဲ့တာပဲ။ ဒါမှမဟုတ် Joel လည်း Clementine နဲ့ ပတ်သက်တဲ့ သူ့မှတ်ဥာဏ်တွေကို ပြန်ပြန်ဖျက်ခဲ့မယ်ဆိုရင်တော့ သူတို့ ၂ ယောက်ရဲ့ မဆုံတဲ့ဖူးစာဟာ အမြဲတကျော့ပြန်ပြီး သူတို့ ၂ ယောက်ဆီကို အမြဲပြန်ပြန်လာနေခဲ့တာပဲ။

Clementine နဲ့ Joel ဟာ တစ်ယောက်ကိုတစ်ယောက် မေ့သွားကြတာတောင် မသိစိတ်က တစ်ယောက်ကိုတစ်ယောက် ပြန်ရှာနေခဲ့ကြတယ်။ အချစ်ဟာ ဒါမျိုးလား။ ကျွန်တော်တော့ မသိဘူး။ ပြောလည်း မပြောတတ်ဘူး။ ဒါပေမဲ့ တစ်ခါတစ်လေကြတော့ ကျွန်တော်တို့တွေဟာ ထိုလူတွေကို ထပ်မရှာတော့ပေမဲ့ အလားတူပုံစံတူ သူတွေကို ထပ်တွေ့မိကြတတ်တယ်။ ဒါဟာ အချစ်တော့ မဟုတ်လောက်ပေမဲ့ ကံတရားတော့ ဟုတ်ရင်ဟုတ်လောက်မယ်။ အကယ်၍ သင့်ဘဝမှာ နောက်တစ်ယောက်ထပ်တွေ့ဖြစ်ခဲ့ရင် ထိုလူဟာ သင်အရင်တစ်ချိန်က တွေ့ခဲ့ဖူးတဲ့သူလား၊ ဒါမှမဟုတ် သင်အရင်က တွေ့ခဲ့ဖူးသူတွေရဲ့ နောက်ထပ်ကိုယ်ပွါးလူသားလားဆိုတာကိုတော့ သင်သေချာစမ်းစစ်ဖို့တော့ လိုလောက်မယ်ထင်တယ်။

~ WH ~

WH
WH
3 min read