FIRST MAN

True Stories May 28, 2019

သင့်ကိုယ်သင် အာကာသယာဉ်မှုးတစ်ယောက်အဖြစ် တွေးကြည့်လိုက်။ သင့်မိသားစု၊ မိတ်ဆွေတွေကို ချန်ထားရစ်ခဲ့ရတော့မယ်။ အောင်မြင်မလား၊ မအောင်မြင်ဘူးလားလို့မသေချာတဲ့ ခရီးစဉ်၊ မဟုတ်သေးဘူး။ သေမလား၊ ရှင်မလား သေချာမသိတဲ့ ခရီးရှည်ကြီးတစ်ခု။ သင့်ဘဝ၊ သင့်အသိ နဲ့သင့်အသက်ကို ပေးဆပ်ရမဲ့ ခရီး။ ဒါဆိုကောင်းပြီ။ အာကာသယာဉ်မှုးတစ်ယောက်အဖြစ် သင်ခုနက တွေးကြည့်ပြီးပြီ။ အခု အာကာသယာဉ်မှုးတစ်ယောက်အဖြစ် ခံစားကြည့်လိုက်။ အာကာသဝတ်စုံကို အပြည့်ဝတ်ဆင်ပြီး ယာဉ်ပေါ်ကို တက်ဖို့လမ်းလျှောက်လာနေတယ်။ ထို့နောက် ကျဉ်းမြောင်းလှတဲ့ ယာဉ်မောင်းနှင်တဲ့အခန်းကျဉ်းလေးထဲကို ဝင်ရောက်လိုက်ပြီး ထိုင်ခုံသေးလေးပေါ်မှာ တက်နေရပြီ။ အပြင်ကနေ တံခါးကို ပိတ်ချလိုက်တဲ့အခါ ကမ္ဘာမြေကမထွက်ခွာခင်မှာပင် ကမ္ဘာမြေနဲ့ဝေးကွာသွားရပြီလို့ခံစားနေပြီ။ သံသတ္တုပြားတွေနဲ့ဝန်းရံထားတဲ့အခန်းကျဉ်းလေးထဲမှာ သင်ပူလောင်နေပြီ။ ထွက်ခွာဖို့အမိန့်ကို မိနစ် (သို့) နာရီပေါင်းများစွာကြာမြင့်အောင် သင်စောင့်ဆိုင်းနေရတယ်။ ထို့နောက် သင့်ရဲ့အာကာသယာဉ်ကြီး ကောင်းကင်ယံကို တက်ရောက်သွားတဲ့ အချိန်ကာလလေးတစ်ခုဟာ သင့်ဘဝတစ်ခုလုံးရဲ့အခက်ခဲဆုံး အချိန်တစ်ခုပဲ။ သံသတ္တုတွေ အချင်းချင်း ရိုက်သံ၊ မူလီတွေဟာ ကျွတ်ထွက်သွားတော့မလားတောင် ထင်မှတ်ရလောက်တဲ့ တုန်ယင်နေမှုတွေနဲ့ သင့်နားစည်တွေ ကွဲထွက်ကုန်မတတ် ဆူညံပြီး တုန်ယင်နေမယ်။ ဒီလိုနဲ့သင့်ဟာ ကမ္ဘာမြေရဲ့အပြင်ဘက်ကို ခရီးထွက်လာခဲ့တော့တယ်။

အဆိုပါ ခံစားချက်တွေကို သင်ထပ်တူထပ်မျှ ခံစားချင်တယ်ဆိုရင်တော့ First Man ဇာတ်ကားကို အခွင့်အရေးရတာနဲ့ချက်ချင်းကြည့်လိုက်ပါလို့ကျွန်တော်ပြောချင်တယ်။ Apollo Mission တို့ဘာတို့အကြောင်းတွေကို အရင်က The Right Stuffs တို့Apollo 13 တို့မှာ ကျွန်တော်တို့ကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ အာကာသယာဉ်မှုးတစ်ယောက်ရဲ့ first person အမြင်နဲ့ပုံဖော်ခဲ့တဲ့ တင်ပြချက်တွေမှာတော့ First Man ဇာတ်ကားဟာ ကျွန်တော်ကြည့်ဖူးသမျှဇာတ်ကားတွေထဲမှာ လက်တွေ့အကျဆုံး၊ နီးစပ်မှုအရှိဆုံး နဲ့ထိုလူတွေရဲ့အန္တရာယ်ကို အနီးကပ်ဆုံး ပရိသတ်တွေ ခံစားခဲ့ရတဲ့ ဇာတ်ကားတစ်ကားပါ။


First Man ဇာတ်လမ်းအကျဉ်း


ဇာတ်လမ်းကို အကျဉ်းချုံးပြီးပြောရမယ်ဆိုရင်တော့ Neil Armstrong ရဲ့အသက် 31 နှစ်ဝန်းကျင်ခန့်ကနေ ဇာတ်လမ်းကို စပြထားတယ်။ ထိုအချိန် 1961 ခုနှစ်တုန်းက Neil က test pilot တစ်ယောက်အနေနဲ့ပဲ ရှိနေသေးတယ်။ ထိုအချိန်က သူ့ဘဝမှာ ရှုံးနိမ့်မှုတွေ စုပြုံနေတဲ့အချိန်။ သူ့Test Pilot career မှာလည်း မအောင်မြင်သလို မိသားစုမှာလည်း သူ့ဘဝရဲ့အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုကို ရင်ဆိုင်ခဲ့ရတယ်။ ဘာလဲဆိုတော့ သူ့ရဲ့သမီးလေးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ Brain Tumor ရောဂါခံစားပြီး သေဆုံးသွားခဲ့တယ်။ ဒီလိုနဲ့NASA က Project Gemini အတွက် လေယာဉ်မောင်းသမားတွေကို ခေါ်တော့ သူဝင်လျှောက်ခဲ့တယ်။ ဒီလိုနဲ့ဇာတ်ကားက သူ့ဘဝကို Project Gemini ကနေ Apollo Program အထိ ရောက်လာခဲ့ပုံတွေကို တင်ပြသွားခဲ့တယ်။

Neil တစ်ယောက် Test Pilot မဖြစ်ခင်က Holloway Plan နဲ့ Naval Academy မှာ ပညာသင်ကြားနေတုန်း Korean စစ်ပွဲမှာ ပါဝင်ခဲ့တဲ့ အကြောင်းတွေတော့ ဇာတ်လမ်းက မတင်ပြခဲ့ဘူး။ ဇာတ်ကားအတွက် လိုမှ မလိုအပ်တာ။ ရုပ်ရှင်ဟာ Neil ဇာတ်ကောင်အနေနဲ့လရဲ့မျက်နှာပြင်ပေါ်ကို ခြေချနို်င်ခဲ့တဲ့ သူ့ဆန္ဒတွေနဲ့သမီးလေးကို ဆုံးရှုံးခဲ့ရတဲ့ ဖခင်တစ်ယောက်ရဲ့စိတ်အတွင်းက ခံစားချက်တွေရဲ့ဆက်စပ်နေခဲ့ပုံကို အဓိကထားပြီး တင်ပြသွားခဲ့တယ်။


Claire Foy နဲ့Ryan Gosling


ဇာတ်ကားနဲ့ပတ်သက်ပြီး တစ်ခြားအရာတွေ မပြောခင် ကျွန်တော်အရင်ပြောချင်တာကတော့ မင်းသမီး Claire Foy ရဲ့ရဲရင့်တဲ့ သရုပ်ဆောင်ချက်တွေပဲ။ Claire Foy က Neil Armstrong ရဲ့ဇနီးဖြစ်သူ Janet Shearon နေရာမှာ သရုပ်ဆောင်ခဲ့တာပါ။ ဇာတ်ကားတစ်ခုလုံးမှာ လစ်ဟင်းနေတဲ့အရာတွေအကုန်လုံးကို သူမရဲ့သရုပ်ဆောင်ချက်တွေက ပြန်လည်ဖြည့်ဆည်းပေးနိုင်ခဲ့တယ်။ Gemini 8 Mission တုန်းက Neil Armstrong တို့အသက်ဘေးနဲ့ရင်ဆိုင်နေရချိန်မှာ NASA ရဲ့Mission Control အခန်းဝကို လာပြီး Deke Slayton ကို ရန်တွေ့ခဲ့တဲ့ ဇာတ်ဝင်ခန်းဟာ တစ်ကယ်ကို အသက်ပါခဲ့တယ်။ သူမ ဘဝမှာ နေ့စဉ်နဲ့အမျှ ခင်ပွန်းသည် ဆုံးရှုံးသွားတဲ့ ဇနီးသည်တွေရဲ့ဘဝကို အမြဲမြင်ခဲ့ရတယ်။ သူမ ကိုယ်တိုင်လည်း သိတယ်။ သူမခင်ပွန်းလည်း အချိန်မရွေး သေဆုံးနိုင်တယ်ဆိုတာ။ ဇာတ်ကားရဲ့တင်ပြချက်တွေမှာ ပရိသတ်တွေနဲ့Neil ဇာတ်ကောင်ကို ဝေးကွာစေခဲ့တယ်။ ကျွန်တော်တို့ပရိသတ်တွေက ဇာတ်ကားပြီးဆုံးသွားတဲ့အထိ Neil ဇာတ်ကောင်ရဲ့စရိုက်မှန်ကို မသိခဲ့ရဘူး။ အပြင်က Neil Armstrong ကိုယ်တိုင်ကလည်း လူသားတွေနဲ့အနေဝေးခဲ့တဲ့သူ တစ်ယောက် ဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ်။ ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ Director Damien Chazelle နဲ့မင်းသား Ryan Gosling တို့ပုံဖော်ခဲ့တဲ့ Neil ဇာတ်ကောင်ကတော့ ကျွန်တော်တို့ ပရိသတ်တွေနဲ့ဝေးကွာနေခဲ့တာတော့ အမှန်ပဲ။ ဒါကြောင့်လည်း အရံဇာတ်ကောင်ဖြစ်တဲ့ Janet ဇာတ်ကောင်က ဇာတ်ကားရဲ့Emotional Weight ကို ထိန်းသွားပေးခဲ့ရတယ်။

အာကာသယာဉ်မှုးတွေ အာကာသကို တက်သွားချိန်မှာ အိမ်မှာကျန်နေခဲ့တဲ့ သူတို့ဇနီးတွေရဲ့ဘဝတွေကို ပြသခဲ့တဲ့ ဇာတ်ကားပေါင်းမြောက်များစွာ ကျွန်တော်တို့ကြည့်ခဲ့ဖူးပြီးပြီ။ ဒါပေမဲ့ ဒီဇာတ်ကားမှာ ထိုဖြစ်ရပ်တွေကို ပြန်ကြည့်ရတော့ တူညီတဲ့ခံစားချက်တွေ မရခဲ့ဘူး။ ဒါတွေအကုန်လုံးကလည်း Claire Foy ရဲ့သရုပ်ဆောင်ချက်တွေကြောင့်ဆိုရင် မမှားပါဘူး။ ဒီဇာတ်ကားထဲမှာ ပရိသတ်တိုင်း အမှတ်ရစေမဲ့ ဇာတ်ဝင်ခန်းတစ်ခန်းက Janet က Apollo 11 Mission အတွက် အိမ်ကထွက်ခွာတော့မဲ့ ခင်ပွန်းဖြစ်သူ Neil အိမ်က မထွက်ခင်ညမှာ သားဖြစ်သူတွေကို နောက်ဆုံးစကား သွားပြောခိုင်းတဲ့ ဇာတ်ဝင်ခန်းပဲ။ ဒီ Mission အတွက် Neil အသက်ဆုံးရှုံးချင် ဆုံးရှုံးခဲ့လိမ့်မယ်။ ဒါကြောင့် ကျန်ရစ်ခဲ့တဲ့ သားနှစ်ယောက်ကိုတော့ ဖခင်ပီပီ စကားပြောသင့်တယ်လို့Janet က ခံယူတယ်။ Janet ရဲ့ခံယူချက်က မှန်တယ်။ ဖခင်တစ်ယောက်အနေနဲ့ဒါဟာ လုပ်သင့်တဲ့လုပ်ရပ်ပဲ။ ထိုဇာတ်ဝင်ခန်းမှာ မင်းသမီး Claire Foy သရုပ်ဆောင်ချက်က ကြောက်ခမန်းလိလိပဲ။ လက်တွေ့မှာ မိသားစုတာဝန်ကို မရင်ဆိုင်ရတဲ့ Neil ကို ဇနီးတစ်ယောက်အနေနဲ့ပြန်ပြောခဲ့တဲ့ စကားတွေဟာလည်း ဇာတ်ကားအတွက် Emotional အရမ်းဆန်ခဲ့တယ်။ Camera က ဇာတ်ကားရဲ့First 2 Acts လုံးမှာ အလွန်အကြူး close up shots တွေအသုံးပြုထားတယ်။ ဒါကြောင့်လည်း သရုပ်ဆောင်တွေရဲ့မျက်နှာတွေကို ကျွန်တော်တို့အနီးကပ်တွေ မြင်တွေ့ခဲ့ရတယ်။ ပြောချင်တာကတော့ မင်းသမီး Claire Foy မျက်နှာပေါ်က အရေပြားကြောင်းလေးတွေပဲ။ မင်းသမီးရဲ့စကားပြောခန်းတွေဟာ နည်းပါးလွန်းတယ်။ ဒါပေမဲ့ သူမဇာတ်ကောင်ရဲ့တင်းမာနေတဲ့ စရိုက်ကို သူမမျက်နှာပေါ်က တင်းမာနေတဲ့ အရေပြား အရေးအကြောင်းလေးတွေကနေ ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ သူမ နဲ့သားဖြစ်သူနှစ်ယောက်တို့Neil ကို ဆုံးရှုံးရမှာကို ဖြစ်နေတဲ့ ဒေါသတွေဟာ သူမရဲ့မျက်နှာပြင်ပေါ်မှာ အထင်းသားမြင်တွေ့ခဲ့ရတယ်။

Neil Armstrong နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ryan Gosling ကိုတော့ ထုံးစံအတိုင်း Ryan Gosling အနေနဲ့ပဲ ထပ်မြင်ခဲ့ရတယ်။ သူ့ရဲ့တည်ငြိမ်တဲ့ဟန်၊ တိကျ ပြတ်သားတဲ့ ယောကျ်ားကောင်းတစ်ယောက် ပုံစံ။ ဒါတွေက ကျွန်တော်တို့သူ့ကို မကြာခဏ မြင်တွေ့ခဲ့ပြီးသားပါ။ ဒါဆို ဒီဇာတ်ကားမှာ သူ ဘာပြောင်းလဲခဲ့သလဲ။ ကျွန်တော်အတိအကျကြီး ပြန်စဉ်းစားလို့မရခဲ့ဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ရင်တွင်းကခံစားချက်တွေကို မြိုသိပ်ထားခဲ့ရတဲ့ လူတစ်ယောက်အဖြစ်ကိုတော့ ပိုပေါ်လွင်စေခဲ့တယ်။ အလွယ်ကူဆုံးပြောရမယ်ဆိုရင်လောကဓံရဲ့ဖိအားတွေကို ခံနိုင်ရည်အရှိဆုံးလူသားတွေထဲကတစ်ယောက် အဖြစ် Ryan Gosling ပုံဖော်ပေးနိုင်ခဲ့တယ်။

ဒါပေမဲ့ ရုပ်ရှင်က စောစောက ရေးခဲ့တဲ့အတိုင်း Neil ဟာ ခံစားချက်တွေ ကင်းမဲ့တဲ့သူတစ်ယောက်တော့ မဟုတ်ခဲ့ဘူးဆိုတာကို သူ့ရဲ့သမီးဖြစ်သူ သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ဆပ်စပ်ပြီး ပရိသတ်ကို အဖြေပေးခဲ့တယ်။ သူ ချစ်ရတဲ့သူတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့ စိတ်ဝေဒနာတွေကပဲ သူ့ကို လကမ္ဘာရဲ့ပထမဆုံးလူသားအဖြစ် ဖန်တီးခဲ့တာလား၊ ထိုသမီးလေးကို သူ့ရဲ့အမြင့်ဆုံး ဂုဏ်တင်မှုနဲ့ဂုဏ်ပြုနိုင်ဖို့အတွက် လကမ္ဘာပေါ်ကို သူသွားရောက်ခဲ့တာလား၊ ဒါမှမဟုတ် သမီးလေးကို ဆုံးရှုံးခဲ့ရခြင်းအပေါ် ရရှိခဲ့တဲ့ သူ့ရဲ့ဒေါသတွေကပဲ သူ လကမ္ဘာပေါ်ကို ခြေချနိုင်ခဲ့တဲ့ ပထမဆုံးလူသားအဖြစ် ဖြစ်စေခဲ့တာလား ဆိုတဲ့ မေးခွန်းတွေကို ရုပ်ရှင်က ကျွန်တော်တို့အတွက် မေးခွန်းထုတ်သွားခဲ့တယ်။


Damien Chazelle ရဲ့ Directing အနုပညာ


First Man ကို ကြည့်နေတုန်း စတွေးမိတဲ့အတွေးတစ်ခုကတော့ NASA ရဲ့ဖြစ်ရပ်မှန်အာကာသသမိုင်းတွေအကြောင်း တင်ဆက်ထားတဲ့ တစ်ခြားရုပ်ရှင်တွေရဲ့တင်ပြချက်ဟာ ဒီဇာတ်ကားနဲ့ယှဉ်ရင် အရမ်းလွယ်ကူလွန်းနေခဲ့တယ် ဆိုတဲ့ အတွေးပဲ။ ထိုရုပ်ရှင်တွေမှာ ကျွန်တော်တို့ဟာ ပရိသတ်သပ်သပ်ပဲ။ ကျွန်တော်တို့ဟာ Mission Control Room ထဲမှာ ထိုင်ပြီး သူတို့ရဲ့လုပ်ရပ်တွေကို ထိုင်နားထောင် ကြည့်နေခဲ့တဲ့ သူတွေဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အိမ်မှာကျန်ရစ်ခဲ့တဲ့ မိသားစုတွေ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ အခု First Man မှာတော့ ကျွန်တော်တို့ကိုယ်တိုင် အာကာသထဲကို တက်သွားရတဲ့ အာကာသယာဉ်မှုးတွေ ဖြစ်သွားတော့တယ်။ ဒါဟာ Director Damian Chazelle တင်ပြထားတဲ့ Perspective ပဲ။ ဒီအချက်ကပဲ ဒီဇာတ်ကားကို ပိုမိုကောင်းမွန်စေခဲ့တယ်။ ဒီဇာတ်ကားထဲမှာ ကျွန်တော်တို့အကုန် ခံစားခဲ့ရတယ်။ ရုပ်ရှင်ရုံတွေရဲ့ထိုင်ခုံတွေမှာ Safety Belt တွေမပါလို့ပေါ့။ မဟုတ်ရင် ကျွန်တော် Safety Belt တောင် ပတ်ထားဖြစ်မှာ။ ကျွန်တော်တို့ဝန်းကျင်မှာ ကျယ်လောင်လွန်းတဲ့ ဆူညံမှုတွေနဲ့အမှောင်ထုတွေလွဲပြီး ဘာမှ မရှိဘူး။ အလင်းရောင်သေးသေးလေးတစ်ခုကို မြင်နေရတဲ့ ပြတင်းပေါက်လေးတစ်ခုကို ကျွန်တော်တို့မနည်း လိုက်ကြည့်နေရတယ်။ ထိုသူတွေရဲ့အန္တရာယ်တွေအကုန်လုံးကို ကျွန်တော်တို့ပါ ခံစားခဲ့ရတယ်။ ဒါဟာ ကျွန်တော်တို့ပရိသတ်တွေ နဲ့ထိုအာကာသယာဉ်မှုးတွေရဲ့ခံစားချက်တွေ ထပ်တူညီကျခဲ့ခြင်းကြောင့်ပဲ။

ထိုအချက်တွေကို မှတ်ချက်ချရမယ်ဆိုရင်တော့ Damian Chazelle ဟာ သူဖန်တီးတဲ့ရုပ်ရှင်နဲ့ပတ်သက်ပြီး တိကျတဲ့ အမြင်ရှိတယ်ဆိုတာပဲ။ အမှန်တော့ ထိုအန္တရာယ်တွေကို ကျွန်တော်တို့မခံစားခဲ့သင့်ဘူး။ Neil Armstrong ရဲ့Gemini 8 Mission မှာ ဘာတွေဖြစ်ခဲ့တယ်၊ Apollo 11 Mission ဘယ်လို အောင်မြင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့အကုန်သိပြီးသားပဲလေ။ ဒါပေမဲ့ သိပြီးသားဖြစ်ရပ်တွေကို ကြည့်နေစဉ်အတွင်းတောင် အန္တရာယ်တွေကို ခံစားနိုင်ခဲ့တယ်ဆိုတာကတော့ Damian Chazelle ရဲ့ ရုပ်ရှင်အနုပညာဖန်တီးမှုတစ်ခုရဲ့အောင်မြင်မှုတစ်ခုပဲလို့ ကျွန်တော်ကတော့ သတ်မှတ်လိုက်တော့တယ်။


Cinematography


နောက်ထပ် မပြောမဖြစ်ပြောရမဲ့ အချက်တစ်ခုကတော့ ထုံးစံအတိုင်း Cinematography ပဲ။ ဒီဇာတ်ကားရဲ့Cinematographer ကတော့ Linus Sandgren ဖြစ်ပြီး မကြာသေးခင်က La La Land တို့Battle of the Sexes တို့မှာလည်း cinematographer အဖြစ်လုပ်ကိုင်ခဲ့တဲ့ သူ။ ဇာတ်ကားရဲ့First Act မှာ အလွန်နီးကပ်လွန်းတဲ့ close ups တွေနဲ့ရိုက်ကူးထားတော့ ပရိသတ်တွေအတွက် အနည်းငယ်တော့ စိတ်မသက်မသာ ဖြစ်စေတယ်။ ဇာတ်ကားစဖွင့်တဲ့ X-15 ကိုမောင်းနှင်နေတဲ့ ဇာတ်ဝင်ခန်းမှာတော့ ပရိသတ်ကို Jet Pilot တစ်ယောက် Jet လေယာဉ်တစ်စင်းကို မောင်းနှင်နေတဲ့အလား ခံစားခဲ့ရအောင် ခက်ခဲတဲ့ shots တွေနဲ့တင်ဆက်ပေးနိုင်ခဲ့တယ်။ သူက Emotional scenes တွေနဲ့စကားပြောခန်းတွေမှာ close up တွေနဲ့တင်ပြနိုင်ဖို့handheld super 16mm လေးနဲ့ရိုက်ကူးခဲ့ပေမဲ့ NASA စက်ရုံကြီးတွေထဲက အခန်းတွေကို သူအမြဲကိုင်တဲ့ 35mm နဲ့ရိုက်ကူးခဲ့တယ်။ ပြောချင်တာက သူ camera အသုံးပြုပုံတွေကို လေးစားလွန်းလို့ပါ။ super 35mm ကနေ လကမ္ဘာပေါ်ဆင်းတဲ့အခန်းမှာတော့ IMAX 70mm ကြီးနဲ့ကို ချက်ချင်းခုန်တက်ပြီး အသုံးပြုသွားတယ်။ ဒါဟာ Universal Picture အနေနဲ့IMAX Camera ကို ပထမဆုံး အသုံးပြုခဲ့ခြင်းပဲ။


First Man အပေါ် ကျွန်တော့်အမြင်


အာကာသပြိုင်ပွဲကြီးလို့သူတို့တင်စားခဲ့တဲ့ ထိုခေတ်ကာလတုန်းက အာကာသကို လူသားတွေသွားရောက်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေ ကျွန်တော်တို့ကြည့်ခဲ့ဖူးတယ်။ The Right Stuff (1983) ရုပ်ရှင်ကားမှာ Chuck Yeager က Sound Barrier ကို ပထမဆုံးကျော်နိုင်ခဲ့တဲ့ လူသားအောင်မြင်မှုတွေကနေ NASA ရဲ့အစောပိုင်း Program ဖြစ်တဲ့ Project Mercury (Mercury Seven) အထိ ပြသခဲ့တယ်။ လွန်ခဲ့တဲ့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Hidden Figures (2016) ရုပ်ရှင်မှာတော့ NASA အတွက် African-American အမျိုးသမီးတွေရဲ့ သိပ္ပံနဲ့သက်ဆိုင်တဲ့ အကျိုးပြုလုပ်ရပ်တွေကို တင်ပြထားခဲ့တယ်။ အထူးသဖြင့် Project Mercury တုန်းက John Glenn ရဲ့ Mercury-Atlas 6 ဖြစ်ရပ်ကို highlight လုပ်တင်ပြထားခဲ့တယ်။ ပြီးတော့ Director Ron Howard နဲ့မင်းသားကြီး Tom Hanks တို့ရဲ့နာမည်ကျော် Apollo 13 (1995) ရုပ်ရှင်မှာတော့ လကမ္ဘာကို မရောက်ဖြစ်ခဲ့တဲ့ Apollo Programs တွေထဲက ဖြစ်ရပ်ဆိုးတစ်ခုကို တင်ပြခဲ့ကြတယ်။ ပြီးတော့ Apollo ရဲ့နောက်ဆုံး Mission လို့သူတို့တိတ်တဆိတ် ကောလဟာလပြောခဲ့တဲ့ Apollo 18 အကြောင်း ရိုက်ထားတဲ့ thriller ဆန်ဆန် Apollo 18 (2011) လည်း ရှိခဲ့တယ်။ နောက်ပြီး လပေါ်ကို သွားရောက်ခဲ့ကြပြီး ဘေးကင်းစွာနဲ့ပြန်ရောက်ခဲ့ကြတဲ့ အကြောင်းရိုက်ကူးထားတဲ့ A Grand Day Out (1990) ဆိုတဲ့ ရုပ်ရှင်လည်း ရှိသလို Capricorn One (1977) လို့ခေါ်တဲ့ လကမ္ဘာကို လူသားတွေ တစ်ကယ်မသွားခဲ့ကြပဲ settings တွေနဲ့အတုအယောင်တွေ လုပ်ခဲ့ကြတယ်ဆိုတဲ့ Conspiracy ဆန်ဆန် ဇာတ်ကားတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ ယခု Director Damian Chazelle ရဲ့First Man (2018) ကတော့ Neil Armstrong ရဲ့ဇာတ်လမ်းကို တိကျသေချာမှုတွေနဲ့တင်ပြနိုင်ခဲ့တယ်။ First Man ကို ဇာတ်ညွှန်းရေးဆရာ Josh Singer က ရေးသားခဲ့တယ်။ စာရေးဆရာ James R. Hansen ရေးသားခဲ့တဲ့ First Man: The Life of Neil A. Armstrong စာအုပ်ကို မှီငြမ်းပြီး ဇာတ်ညွှန်းရေးသားခဲ့ကြတာပါ။ ကျွန်တော်စောစောက ပြောခဲ့သလိုပဲ ရုပ်ရှင်က Neil Armstrong ရဲ့ငယ်ဘဝက ဖြစ်ရပ်တွေကို မတင်ပြခဲ့ဘူး။

ကျွန်တော့်အတွက် ပြဿနာကတော့ ဒီဇာတ်ကားကို သူတို့ပြောသလို Neil Armstrong ရဲ့biopic တစ်ခုလို့မခံစားခဲ့ရခြင်းပဲ။ ဒါကလည်း သူတို့တင်ပြထားခဲ့တဲ့ အဓိကဇာတ်ကောင်ကို ပုံဖော်ခဲ့ခြင်းနဲ့သက်ဆိုင်နေတယ်။ အကယ်၍သာ ပြင်ပဘဝက Neil Armstrong အစစ်ဟာ ရုပ်ရှင်က တင်ပြထားခဲ့သလို မြိုသိပ်ထားတဲ့ စိတ်ခံစားချက်တွေရယ်၊ နားလည်ရခက်ခဲတဲ့ စရိုက်တွေ အပြုအမူတွေရယ်၊ ထင်ရာစိုင်းတတ်တဲ့ စရိုက်တွေရယ်သာ ရှိနေခဲ့မယ်ဆိုရင် NASA က သူ့ကို Apollo 11 နဲ့ဘယ်နည်းနဲ့မှ လိုက်ပါခိုင်းခဲ့မှာ မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ Ryan Gosling သရုပ်ဖော်ခဲ့တဲ့ Neil Armstrong ဟာ ကျွန်တော်တို့ပရိသတ်တွေနဲ့အရမ်းကို စိမ်းပြီး ဝေးကွာနေခဲ့တယ်။ အပြင်က Neil ဟာ သီးသန့်နေထိုင်တတ်တဲ့ သူတစ်ယောက် ဖြစ်ခဲ့လို့လားတော့ မသိဘူး။ ယခုရုပ်ရှင်ပုံဖော်ခဲ့တဲ့ Neil ကတော့ သက်ရှိလို့မခံစားခဲ့ရဘူး။ ဇာတ်ညွှန်းကလည်း Neil ရဲ့ဘေးနားက သေခြင်းတရားတွေကို သိသိသာသာ ပြသခဲ့တယ်။ ပထမဆုံး သူ့ရဲ့သမီးလေး သေဆုံးခြင်းကနေ သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့သတိမပေးပဲရောက်လာတဲ့ သေဆုံးခြင်းတွေအထိ ဇာတ်ညွှန်းက တင်ပြနေတယ်။ ဒါပေမဲ့ ပရိသတ်က Neil ကို ထိုသေဆုံးခြင်းတွေအတွက် ပူဆွေးရောက်ခြင်းတွေကို တွေ့ရခဲတယ်။ သူ့ခံစားချက်တွေကို သူပြန်ထိန်းချုပ်ပြီး Professional ဆန်ဆန် ပြန်တည်ဆောက်ခဲ့တယ်။ ဒီအချက်တွေက သူ့ကို တော်တဲ့ အာကာသသမားတစ်ယောက်အဖြစ် မြင်ခဲ့ရပေမဲ့ ရုပ်ရှင်အတွက်တော့ အဓိကဇာတ်ကောင်နဲ့ပရိသတ်ကြားမှာ ခြားထားတဲ့ နံရံကြီးတစ်ချပ်လိုပဲ ဖြစ်နေတယ်လို့တော့ ကျွန်တော် မြင်မိတယ်။ နောက်ဆုံး သူ့ဇနီးဇာတ်ကောင်နဲ့တောင် ခံစားချက်လေးတွေ ဆပ်စပ်မှုတွေကို ကျွန်တော်တို့တစ်ကယ် သိပ်ပြီး မမြင်ခဲ့ရဘူး။
.

အပြင်က Neil Armstrong ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အရမ်းကို သီးသန့်နေတတ်ပြီး Private ဆန်ဆန်နေခဲ့တဲ့သူတစ်ယောက်လို့ “Neil Armstrong: A Life of Flight” ဆိုတဲ့ စာအုပ်ထဲမှာ ကျွန်တော်ဖတ်ခဲ့ဖူးတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့တွေ သူ့အကြောင်းကို သိပ်မသိခဲ့ကြရဘူး။ ရုပ်ရှင်ထဲမှာဆိုလည်း ရုပ်ရှင်ပြီးဆုံးသွားတဲ့အထိ ကျွန်တော်တို့ဟာ လပေါ်ကို ပထမဆုံးခြေချခဲ့တဲ့လူသားတစ်ယောက်ရဲ့အကြောင်းကို တစ်ကယ်သိခဲ့ရတယ်လို့မခံစားခဲ့ရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ပရိသတ်တွေ ဘာရခဲ့သလဲဆိုတော့ Neil Armstrong အပေါ် နားလည်ပေးနိုင်ခဲ့တဲ့ နားလည်မှုလေးတစ်ခု။ အထူးသဖြင့် နောက်ဆုံး လပေါ်ဆင်းတဲ့ ဇာတ်ဝင်ခန်းမှာ ထိုဇာတ်ကောင် လုပ်ခဲ့တဲ့ လုပ်ရပ်လေးတစ်ခုက ကျွန်တော်တို့သူ့ကို ကောင်းကောင်းမသိခဲ့ရပေမဲ့ နားလည်ပေးနိုင်ခဲ့တယ်။ ထိုလုပ်ရပ်လေးက ဘာလဲဆိုတာကိုတော့ Spoiler ရှောင်ချင်တာကြောင့် အခုကျွန်တော်ထိန်ချန်ထားခဲ့ပါတယ်။ ဇာတ်ကားကြည့်ပြီး စာဖတ်သူတွေကိုလည်း ခံစားစေချင်လို့ပါ။

ယခုရုပ်ရှင်တစ်ကားလုံုးမှာ အကောင်းဆုံးဖြစ်တဲ့ ဇာတ်ဝင်ခန်းကတော့ ဇာတ်လမ်းရဲ့Third Act ပဲ။ ပြီးတော့ ထို Third Act ကိုပဲ ဇာတ်လမ်းရဲ့Climax အဖြစ်ဖန်တီးထားတယ်။ ထိုဇာတ်ဝင်ခန်းကတော့ Moon Landing Scene ပဲ။ ကြည့်နေတဲ့ Cinematography format က 35m ကနေ 70mm IMAX ကို ခုန်တက်သွားပြီး ကျယ်ပြန့်လွန်းတဲ့ screen ပေါ်မှာ ကျွန်တော်တို့ကို လကမ္ဘာပေါ်ဆင်းခဲ့တဲ့ လူသားတွေအလား ထင်မှတ်ရလောက်အောင် တင်ပြသွားခဲ့တယ်။ Lunar Module လေး အပေါ်ကနေဆင်းပြီး လကမ္ဘာရဲ့မျက်နှာပြင်ပေါ် မရောက်ခင် ဇာတ်ဝင်ခန်းလေးမှာ တေးဂီတဖန်တီးရှင် Justin Hurwitz ရဲ့နောက်ခံတေးဂီတကြောင့်လည်း ပိုလှပြီး ကျွန်တော်တို့ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့တယ်။


First Man အတွက် နိဂုံး


ရုပ်ရှင်က ထိုခေတ်ကာလတုန်းက လူဖြူ၊ လူမဲ ခွဲခြားခြင်းတွေကိုလည်း မသိမသာလေး ပြသခဲ့တယ်။ ထိုခေတ်က African-American တွေကို NASA ရဲ့Space programs တွေရဲ့ လေယာဉ်တို့၊ ဂြိုလ်တုတို့တွေအပေါ်မှာ လိုက်ပါမောင်းနှင်ခွင့် မရှိခဲ့ကြဘူး။ ထိုအချိန်က နိုင်ငံရေးပုံရိပ်အချို့ကိုလည်း ဇာတ်ကား တင်ဆက်ခဲ့ပါသေးတယ်။ ဇာတ်လမ်းရဲ့လပေါ်ဆင်းတဲ့ ဇာတ်ဝင်ခန်းမှာ American အလံကို စိုက်ထူခဲ့တဲ့ ဇာတ်ဝင်ခန်း မပါခဲ့သလို American အလံကိုလည်း ထို လမျက်နှာပြင်ပေါ်မှာ ကျွန်တော်တို့မတွေ့ခဲ့ရဘူး။ ဒီအချက်က ဒီဇာတ်ကားကို ဖန်တီးခဲ့တဲ့ အနုပညာရှင်တွေအကုန်လုံးကို ကျွန်တော်ပိုလေးစားစေခဲ့တဲ့ အချက်တစ်ခုပဲ။ ထိုအတွက်နဲ့American နိုင်ငံရေးသမားအချို့နဲ့ယခု သူတို့သမ္မတ Donald Trump က အပြစ်စကားတွေ ဆိုခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ မင်းသား Ryan Gosling ပြောသလို ဒါဟာ အမေရိကန်လူမျိုးတွေရဲ့အောင်မြင်မှုဆိုတာထက် ကျွန်တော်တို့လူသားတွေရဲ့အောင်မြင်မှုတစ်ခုလို့ကျွန်တော် မှတ်ယူတယ်။ ငယ်ငယ်ကတည်းက လပေါ်လူသားတွေ ရောက်ခဲ့တယ်ဆိုတဲ့ အမြင်မှာ “ငါတို့လူသားတွေဟာ လကမ္ဘာထိ သွားနိုင်ခဲ့ကြတယ်” လို့ပဲ ကျွန်တော်မြင်ခဲ့တယ်။ အမေရိကန်တွေ လကမ္ဘာပေါ်ရောက်ခဲ့တယ်လို့ဆိုတဲ့ ဘောင်ကျဉ်းတဲ့ အမြင်တွေနဲ့ကျွန်တော်တို့မမြင်ခဲ့ကြဘူးလေ။ ဒါဟာ လူသားတွေအားလုံးရဲ့ အကြီးမားဆုံးသော အောင်မြင်မှူတစ်ခုပဲလေ။ Neil Armstrong ဟာ American တွေရဲ့ကိုယ်စားပြုခဲ့သူတစ်ယောက် မဟုတ်ဘူး။ ကျွန်တော်တို့လူသားအားလုံးကို ကိုယ်စားပြုခဲ့တဲ့ သူတစ်ယောက်။ ဒါကြောင့် လကမ္ဘာရဲ့မျက်နှာပြင်ပေါ်ကို ပထမဆုံး ခြေလှမ်းချခဲ့ပြီးတော့

“That's one small step for man, one giant leap for mankind.” လို့Neil Armstrong က ပြောခဲ့တာပေါ့။

Neil Armstrong လကမ္ဘာပေါ်ကို ခြေလှမ်းချခဲ့တဲ့ ပထမဆုံးလူသားတစ်ယောက်။ သူ့ရဲ့ဆုံးရှုံးမှုတွေကနေ လူသားတစ်ယောက်ရဲ့အအောင်မြင်ဆုံးပန်းတိုင်ကို ဆွတ်ခူးနိုင်ခဲ့တယ်။ သူဟာ အောင်မြင်မှုတွေနဲ့ကမ္ဘာမြေကို ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ စကြာဝဋာခရီးသွားခြင်းဆိုတဲ့ လုပ်ရပ်တွေကို လူသားတွေဟာ စိတ်ဝင်စားမှုလျော့နည်းလာတာကို ကြည့်ပြီး အဆုံးသတ်သွားခဲ့တယ်။ ထိုခေတ်ကာလတုန်းကတော့ လကမ္ဘာပေါ်ကို လူသားတွေ သွားလာနိုင်ခြင်းဟာ နောင်တောက်ပလာတော့ အနာဂတ်တွေရဲ့နိဒါန်းတစ်ခု ဖြစ်ချင်ဖြစ်ခဲ့မယ်။ လကမ္ဘာက အစပြုပြီး ဟိုးဝေးလံတဲ့ ဂြိုလ်တွေဆီကို ကျွန်တော်တို့တွေသွားကြမယ်။ နယ်မြေတွေ ချဲ့ထွင်ကြမယ်။ ဒါပေမဲ့ အခုတော့ ထိုအရာတွေဟာ စိတ်ကူးယဉ်အိပ်မက် သာသာတွေပဲ ဖြစ်လာတော့တယ်။ အခုတော့ ထိုဖြစ်ရပ်အရာအားလုံးဟာ အတိတ်ရဲ့အနာဂတ်တွေအဖြစ်နဲ့သာ ကျန်ရစ်ခဲ့တော့တယ်။

IMDb’s rating: 7.7/ 10
Rotten Tomatoes’ rating: 88%

Great! You've successfully subscribed.
Great! Next, complete checkout for full access.
Welcome back! You've successfully signed in.
Success! Your account is fully activated, you now have access to all content.