HEROES (Part I)

ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်လောက်က Villains ဆိုတဲ့ Album လေး ရေးခဲ့ဖူးပါတယ်။ လူအများစု လက်ခံကြတာကို တွေ့ခဲ့ရတော့ ပီတိဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရည်ရွယ်ချက်က လူဆိုးတွေအကြောင်းရေးတာ လူဆိုးတွေလို ပြုမူနေထိုင် ဆက်ဆံဖို့မဟုတ်ပါဘူး။ ဒါကြောင့် ယခု သူရဲကောင်းတွေ အကြောင်းကို ကျွန်တော် ရေးလိုက်တော့တယ်။

ဒီ Album လေးအတွက် ကျွန်တော်အချိန်တော်တော်လေး ပေးခဲ့ရတယ်။ Internet က စာအချို့နဲ့အပြင်စာအုပ်တွေက စာအချို့ကိုပါ Reference လုပ်ကာ မိမိရဲ့အမြင်နဲ့ပြန်လည်ရေးသားထားတာပါလို့ပြောချင်ပါတယ်။

တစ်ပုံခြင်းစီကို ဝင်ကြည့်ပါ။ ရုပ်ရှင်တွေထဲက သူရဲကောင်း အယောက် 50 ကို ကျွန်တော်ရွေးချယ်ထားတာပါ။ သေသေချာချာလေး အချိန်ယူပြီး ဖတ်စေချင်ပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံးကြိုးစားပြီး ရေးသားထားတာဖြစ်သောကြောင့် အမှားပါရင် ကျွန်တော် လေ့လာမှု အားနည်းလို့ပဲဖြစ်ပါတယ်။

Villains တွေကို သနားပါ။ စာနာပါ။ နားလည်ပေးပါ။ ဒါပေမဲ့ Heroes တွေကို နမုူနာယူပါ။ အတုယူပါစေချင်တဲ့ စိတ်နဲ့ပဲ ကျွန်တော် ယခု Heroes Album လေးကို ရေးလိုက်ပါတယ်။


Maximus Decimus Meridius (Gladiator)

Gladiator ဆိုတဲ့ ဇာတ်ကားကို လူတိုင်းကြည့်ဖူးကြမှာပေါ့။ ကြည့်ဖူးတဲ့လူတိုင်းလည်း ကြိုက်ခဲ့ကြမှာပါ။ ဘာကြောင့်လဲဆိုရင် ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် 2 ယောက်ကြောင့်ပါ။ လူဆိုးဖြစ်သူ Commodus အကြောင်းကိုတော့ ကျွန်တော် Villain album ထဲမှာရေးသားဖူးဖြစ်ပါတယ်။ ယခုတော့ သူရဲကောင်းဖြစ်သူ Maximus Decimus Meridius အကြောင်းကို ပြောပါရစေဗျာ။ ဒီဇာတ်ကောင်ဟာ သင့်ရဲ့စိတ်ထဲမှာ နှစ်အတန်ကြာအောင် တည်ရှိနေလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဒီဇာတ်ကားထဲက ဇာတ်ကောင်တိုင်းသည် သွေဖယ်ခြင်း ပြောင်းလဲခြင်းဆိုတာ မရှိခဲ့ဘဲ အစမှ ဆုံးခန်းတိုင်သည့်တိုင် မိမိတို့ရဲ့ဗီဇနဲ့လုပ်ရပ်များသည် မပြောင်းလဲခဲ့ပေ။ ထိုအထဲတွင် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Maximus လည်းပါတာပေါ့။

ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ ဇာတ်ညွှန်းအရဆိုရင် သူဟာ Marcus Aurelius နဲ့အလွန်ခင်မင်တဲ့ သူငယ်ချင်းဖြစ်သူရဲ့သားဖြစ်ပြီး AD 152 လောက်မှာ မွေးဖွားခဲ့တယ်တဲ့။ သူဟာ စစ်တပ်ကို အသက် 17 နှစ်ခန့်တွင် ဝင်ရောက်ခဲ့တယ်လို့လည်း သိရတယ်။

သူ့ကို မည်ကဲ့သို့ပင် ဘဝရဲ့စမ်းသပ်ခြင်းတွေနဲ့ကြုံတွေ့ခဲ့ပါစေ။ ရည်ရွယ်ချက် မပျောက်ခဲ့။ အမှန်တရားဘက်က ရပ်တည်ခဲ့သော နောက်ထပ် လူသားတစ်ယောက်။ ထို့အပြင် ကျွန်တော့်အမြင်မှာ ဒီဇာတ်ကောင်သည် ပြင်ပဘဝနဲ့အနီးစပ်ဆုံး သဘာဝအကျဆုံးဇာတ်ကောင်တစ်ယောက်ပဲ။ ဇာတ်လမ်းရဲ့အစမှာသူဟာ ရောမရဲ့အတော်ဆုံး စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်။ 12 နှစ်နီးပါးခန့်တွင် မြောက်များစွာသော တိုက်ပွဲတွေမှာ သူ့ရဲ့တပ်သားတွေနဲ အတူအမြဲ အောင်ပွဲခံခဲ့သူ။ သူ စစ်ပွဲတွေကို တိုက်ခိုက်တယ်ဆိုတာ သူ့ရဲ့တာဝန်ဝတ္တရားကြောင့်။ တာဝန်ဝတ္တရားကိုလည်း ကျေပွန်စေချင်သူတစ်ဦး။ မိမိလက်အောက်ငယ်သားတွေအပြင် လူတိုင်းရဲ့ချစ်ကြောက်ရိုသေခြင်းကို ခံရသူ။ ဘုရင်ဖြစ်သူ Caesar ကိုယ်တိုင်ကလည်း သူ မျက်ကွယ်သွားတဲ့နောက်ပိုင်းမှာ နိင်ငံကို ငြိမ်းချမ်းရေးရသည်အထိ Maximus ကို ဦးဆောင်စေချင်ခဲ့တယ်။ ဒါပေမဲ့ Caesar ရဲ့သားဖြစ်သူ Commodus ရဲ့ယုတ်မာလှတဲ့ အစီအစဉ်တွေကြားမှာ Maximus တစ်ယောက် ဘဝပျက်ခဲ့ရတယ်။ မိသားစုကိုလည်း ဆုံးရှုံးခဲ့ရတယ်။ ထို့အပြင် သုံ့ပန်းတစ်ယောက်အဖြစ် ကြေးစားတိုက်ပွဲတွေမှာလည်း တိုက်ပွဲဝင်ပေးရတဲ့ လူသားတစ်ယောက် ဖြစ်သွားရတော့တယ်။

ဒါပေမဲ့ သူရောက်ရှိတဲ့ ဘဝမှာတော့ သူအရှုံးမပေးခဲ့။ ဒီနေရာမှာ ကျွန်တော်တစ်ခုပြောချင်တာက ငယ်ရွယ်တဲ့ ယောကျ်ားလေးတိုင်း ဒီဇာတ်ကားကို ကြည့်ပြီး ဒီဇာတ်ကောင်ကို နမူနာယူကာ အားကျအတုယူစေချင်တာပဲ။ Maximus ဟာ ထက်မြတ်ထူးချွန်သူတစ်ယောက်သာမက ယောကျ်ားပီသသော ယောကျ်ားကောင်း ယောက်ျားမြတ်တစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ခွန်အားအပြည့်ရှိတယ်။ သူ့ဘဝရဲ့နောက်ဆုံးတိုက်ပွဲမှာ Commodus ဟာ လူယုတ်မာပီပီ ယုတ်မာတဲ့နည်းနဲ့တိုက်ခိုက်ခဲ့ပေမဲ့ Maximus ကတော့ အဆုံးတိုင်အောင် ရိုးသားစွာ ဖြောင့်မတ်စွာ အကျင့်တရား ကောင်းမွန်စွာ မှန်မှန်ကန်ကန်နဲ့ပဲ တိုက်ခဲ့တယ်။

သူ့ဘဝမှာပြောင်းလဲသွားခဲ့တဲ့သူတွေကို သူတွေ့ခဲ့ရတယ်။ ဒါပေမဲ့သူမပြောင်းလဲခဲ့ဘူး။

“I will have my vengeance, either in this life or the next. “

ဆိုတဲ့စကားကြာင့် သူဟာ ပုထုဇဉ်ပီပီ ဂလဲ့စားချေခြင်းဆိုတာကို စိတ်ထဲမှာ ကိန်းအောင်းနေခဲ့ပေမဲ့ အမြဲတမ်း အမှန်တရားဘက်ကပဲ နေထိုင်ခဲ့တယ်။ မိမိရဲ့ကိုယ်ကျင့်တရားကို ဘယ်တော့မှ အထိခိုက်မခံခဲ့။ အပွန်းပဲ့ မခံခဲ့။ သင်သည် သူ့ကို အပြင်မှာ အမှန်တစ်ကယ်သာ မြင်တွေ့ပါက သူ့ကိုလေးစားသောစိတ်တွေ အားကျသောစိတ်တွေ ဖြစ်မိမယ်ဆိုတာ ကျွန်တော်ရဲရဲကြီး အာမခံရဲတယ်။ သူ့ရဲ့လုပ်ရပ်တွေကို အလေးသာစေခဲ့တဲ့ စကားတစ်ခွန်းက

“What we do in life…echoes in eternity”

ဆိုတာပဲ။
သင်သည် ဘာပဲလုပ်လုပ်ပါ။ ဒါပေမဲ့ သင်မမေ့ထားဖို့က သင့်ရဲ့လုပ်ရပ်တွေအကုန်လုံးဟာ ထာဝရရဲ့တစ်ချိန်ချိန်မှာတော့ သင့်ထံ ပဲ့တင်ပြန်လာပါလိမ့်မည်။ သူ့ရဲ့ခေါင်းဆောင်တဲ့စိတ်ဓာတ်ကို ကျွန်တော်လေးစားတယ်။ သူဟာ ရောက်တဲ့နေရာတိုင်းမှာ သူ့ရဲ့အစွမ်းကြောင့် အမြဲလိုလို ခေါင်းဆောင်ဖြစ်တယ်။ သူဟာ သစ္စရှိသူပီပီ သူယုံကြည်တာကတော့ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ သစ္စတရား၊ ကောင်းမွန်မြတ်သော အုပ်ချုပ်သူ၊ ပြီးတော့ မှန်ကန်တဲ့လုပ်ရပ်။ ဒါကြောင့် သူ့ရဲ့သွေးတွေထဲမှာ သူရဲကောင်းစိတ်ဓာတ်တွေ စီးဆင်းနေခြင်းပင် ဖြစ်ပေလိမ့်မည်။


V for Vendetta

V ဟာ ဘယ်သူလဲ ဆိုတဲ့မေးခွန်းကို အရင်ဆုံးစမေးရလိမ့်မယ်။ ကျွန်တော်တို့ V ကို V for Vendetta ဆိုတဲ့ ဇာတ်ကားမှာ စတွေ့ခဲ့ကြတော့ သူ့ရဲ့ဇာတ်ကောင်ကို လူတိုင်းစမ်းစစ်ကြပါလိမ့်မယ်။ V ဟာ လူကောင်းလား။ V ဟာ လူဆိုးလား။ V ဟာ ကျွန်တော်တို့အမှန်တစ်ကယ် လိုအပ်နေတဲ့ သူရဲကောင်းလား။ ဒါမှမဟုတ် အဖျက်တရားတွေကို ဆောင်ကျဉ်းလာတဲ့ အမှောင်ထုရဲ့လူသားတစ်ယောက်လား။ သေချာတာတစ်ခုကတော့ စနစ်ဆိုးတစ်ခုရဲ့ သားကောင်တစ်ယောက်တော့ ဖြစ်ခဲ့တယ်။

သူ့ရဲ့လှုံ့ကြွတဲ့ အခြေခံစိတ်ဓာတ်ဟာ ပုန်ကန်ခြင်းသို့ကူးပြောင်းသွားချိန်တွင် အုပ်ချုပ်သူအစိုးရချမှတ်ထားသော စည်းမျဉ်းစည်းကမ်းတွေကို လေးစားတဲ့ စိတ်ဓာတ်တွေသည် အလိုအလျောက် ပျောက်ကွယ်သွားပေတော့သည်။ သူ့ကို ကျွန်တော်ရဲ့သူရဲကောင်းစာရင်းထဲတွင် ထည့်ခဲ့ပေမဲ့ သူသည် လူသတ်ချင် သတ်ပေလိမ့်မည်။ သို့သော် သူ့ရဲ့လုပ်ဆောင်ချက်တိုင်းတွင် အကြောင်းတရား ရှိပေသည်။ သူ့ရဲ့လုပ်ရပ်တွေအကုန်လုံးသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆက်စပ်နေပေသည်။

မျှော်လင့်ချက်တွေ ကင်းမဲ့နေတဲ့ ခေတ်ဆိုးကြီးတစ်ခုမှာ သူဟာလွတ်လပ်ခြင်းကို ဆောင်ကျဉ်းစေခဲ့သူတစ်ဦး အဖြစ်စံနမူနာပြုခဲ့သည်။ ထိုစနစ်ဆိုးကြီးကို ဖန်တီးတဲ့လူတွေကတော့ အိပ်မက်တစ်ခုအလား နိဗ္ဗာန်ဘုံကြီးပေါ်တွင် သာယာနေခိုက် လိုက်နာရတဲ့ ပြည်သူ လူသားတွေအတွက်ကတော့ ငရဲတစ်ခုအလားပင်။ ထိုတွင် လူသားတွေသည် လွတ်လပ်ခွင့်ကို ငတ်မွတ်လာကြသည်။ ပြည်သူတွေရဲ့ငတ်မွတ်ခြင်းကို အာသာပြေစေသူကတော့ V ပင်ဖြစ်ပေသည်။ ထို့အတွက်ကြောင့် V သည် လူကောင်းတစ်ယောက်ပင်ဖြစ်တယ်လို့ကျွန်တော် မှတ်ယူလိုက်တယ်။ သူသည် ညအမှောင်ထုရဲ့မီးအိမ်ငယ်တစ်ခု၊ သူသည် အသက်ပေးခဲ့သော ခေါင်းဆောင်စစ်တစ်ယောက်၊ သူသည် လူသားတွေကို ဦးဆောင်၍ စံပြထိုက်သူ အားတက်စေသောသူ လမ်းပြသူပင်ဖြစ်ပေတော့သည်။ အမှန်တော့ V သည် တားမြစ်ချက်တွေကြားထဲက လွတ်လပ်သူတစ်ဦး။


သူ့ရဲ့အတိတ်ကိုတော့ အတိအကျမပြသခဲ့။ သို့သော် တင်ပြချက်အရ သိရသလောက်ကတော့ Larkhill Resettlement Camp ရဲ့ဆေးပညာစမ်းသပ်မှုတစ်ခုရဲ့အစမ်းသပ်ခံသားကောင်တစ်ယောက် ဖြစ်ခဲ့ပုံရတယ်။ မိသားစုကိုလည်း ဆုံးရှုံးခဲ့ရပုံပဲ။ ကျွန်တော်တို့သူ့ကိုစသိတော့ လမ်းပေါ်က Evey ဆိုတဲ့ မိန်းမငယ်လေးကို ကယ်တင်ခဲ့ရကနေ သူမရဲ့စိတ်ထဲကို သူလိုချင်တဲ့အပင်ပေါ်အောင် မျိုးစေ့တွေချသည့်ဟန် ပညာတွေ သင်ပေးခဲ့သည်။ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ။ သူ့ရဲ့ရည်ရွယ်ချက်က လွတ်ငြိမ်းချမ်းသာခြင်းဆိုတဲ့ လွတ်လပ်ရေးပဲ။ ထိုလွတ်လပ်ရေးအတွက် မိမိအုပ်ချုပ်သူကို သူတိုက်ပွဲဝင်ခဲ့သည်။ ပရိသတ်တွေရဲ့စိတ်ထဲတွင် သူသည် မသေနိုင်သော မဖျက်ဆီးနိုင်သော မဟာသူရဲကောင်း လူသားတစ်ယောက်လို့စတင်ထင်မှတ်လာသည့် အချိန်တွင် V သေဆုံးခဲ့သည်။ သို့သော် V သည် လူသေဆုံးခဲ့ပေမဲ့ သူ စတင်ခဲ့တဲ့ Idea သည်မျိုးစေ့ တစ်ခုသဏ္ဍာန်အဖြင့် ပြည်သူတွေရဲ့စိတ်ထဲအထိ ဝင်ရောက် ကြီးစိုးလာနိုင်ခဲ့သည်။ သူ့ရဲ့ စစ်ဆင်ရေး အောင်မြင်ခဲ့သည်။ လွတ်လပ်ခြင်းရဲ့သရုပ်ကို သူဖော်ဆောင်နိုင်ခဲ့သည်။ ပို၍ ကောင်းမွန်မယ်လို့ယူဆရတဲ့ အနာဂတ်သစ်တစ်ခုကို သူ ဖန်တီးနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် သူရဲကောင်းတစ်ယောက်ပင် ဖြစ်ပေတော့သည်။


Watchmen

Watchmen ဇာတ်ကားထဲက လူစွမ်းကောင်းတွေက သူရဲကောင်းတွေမှ မဟုတ်တာလို့လူတစ်ချို့က ကျွန်တော်ကို ချေပကောင်းချေပလိမ့်ကြမယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဝန်ခံတယ်။ ဒါပေမဲ့ သူတို့လည်း လူသားတွေကို ကယ်တင်ခဲ့ကြတဲ့သူတွေပဲလေ။ ကယ်တင်ပုံခြင်းသာ ကွာကောင်းကွာခြားလိမ့်မယ်။ ဒါပေမဲ့သူတို့မှာ စိန်ခေါ်ခြင်းတွေရှိမယ်။ ချို့ယွင်းချက်တွေရှိမယ်။ အားနည်းချက်တွေရှိတယ်။ Silk Spectre သည် အမေဖြစ်ခဲ့သူက Hero တစ်ယောက်အဖြစ် ရှင်သန်ခဲ့သောကြောင့် သူမပါ မိခင်ခြေရာကို လိုက်ခဲ့ရသည်။ သို့သော် စိတ်ပါ၍တော့မဟုတ်။ သူမသည် သာမာန်ဘဝကိုပင် နှစ်သက်ခုံမင် မြတ်နိုးတန်ဖိုးထားသူဖြစ်သည်။ သူမကိုယ်တိုင်လည်း မချစ်မနှစ်သက်ခြင်း (သို့မဟုတ်) စိတ်မပါဝင်တော့ခြင်း ဆိုတဲ့ relationship တစ်ခုကို Dr. Manhattan နဲ့ထူထောင်ဖို့ကြိုးပမ်းနေရသူ။

Rorschach သည် ငယ်စဉ်ဘဝက ရက်စက်လွန်းတဲ့ အတိတ်တွေနဲ့ကြီးပြင်းခဲ့ရသူ။ သူ့ကိုယ်သူတော့ ဘယ်တော့မှ လူစွမ်းကောင်းလို့မမြင်။ လူကောင်းတစ်ယောက်လို့လည်း မသတ်မှတ်။ တရားဥပဒေဆိုတဲ့ အမည်နာမတစ်ခုနဲ့ဆန့်ကျင်ဘက်မှာ နေထိုင်ခဲ့ခြင်းဟာလည်း သူ့ကို မှားယွင်းတဲ့ အပြုအမူတွေကို လုပ်ဆောင်စေပြန်တယ်။ ဒါပေမဲ့ အမှန်တရားဘက်မှာတော့ ရပ်တည်ခဲ့သူတစ်ယောက်။ ထိုအမှန်တရားကို ချစ်မြတ်နိုးခြင်းကြောင့်ကပဲ သူ့ရဲ့ဘဝကို အဆုံးသတ်စေခဲ့တယ်။ ဒါကြောင့် သူဟာ သူရဲကောင်းတစ်ယောက်အဖြစ် သေဆုံးသွားခဲ့ရတယ်။

Nite Owl ဆိုတဲ့ဇာတ်ကောင်မှာတော့ ထူးခြားချက်သိပ်မတွေ့လှပေ။ သူဟာ အပြစ်ကင်းစွာ ကောင်းမွန်နေသောကြောင့်ပင်လည်း ဖြစ်ကောင်းဖြစ်နိုင်လှပေမည်။ သူရွေးချယ်ခဲ့တဲ့ ဘဝကို တားမြစ်ခြင်းခံခဲ့ရတေ့ာ သူ့ရဲ့ဘဝဟာ ပျင်းရိဖွယ်ဖြစ်လာတယ်။ ဒါပေမဲ့ သူသည်လည်း ဆန္ဒရဲ့အောက်မှာ ကျရှုံးသွားရတဲ့ သစ္စာဖောက်သူကြီးတစ်ဦးပင်။

Dr. Manhattan ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ အပြင်ပန်းကကြည့်မယ်ဆိုရင် လုံးဝကို အပြစ်ပြောစရာမရှိတဲ့ စွမ်းအင်တွေ ပိုင်ဆိုင်ထားသူတစ်ယောက်။ ဘုရားသခင်အလားပင် အံ့သြလောက်ဖွယ်အတိ။ သို့သော် သူကိုယ်တိုင်လည်း သူ့ရဲ့အတွင်းစိတ်ရဲ့သတ်ဖြတ်ခြင်းကို တစ်ဖြည်းဖြည်းနဲ့ ခံစားနေခဲ့ရသူတစ်ယောက်ပင်။

ထိုဇာတ်ကောင်တွေထဲတွင် ဝမ်းနည်းဖို့အကောင်းဆုံး ဇာတ်ကောင်ကို ပြပါဆိုရင် the Comedian ပါပဲ။ သူဟာ လူသားတွေရဲ့သဘာဝတရားကြီးကို နားလည်ခဲ့သူ၊ လောကကြီးရဲ့အကျည်းတန်ချက်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူ၊ ထို့ကြောင့်လည်း သူ့ရဲ့လုပ်ရပ်တွေဟာ လောကကြီးကို ပျက်ရယ်ပြုတဲ့ လုပ်ရပ်တွေအဖြစ် ဦးတည်လာတော့တယ်။ သူ့ကို ဆိုးသွမ်းတဲ့ သူလို့ကျွန်တော်မမြင်ဘူး။ သူ့လုပ်ရပ်တွေကို သူနားလည်တယ်။ ထိုလုပ်ရပ်တွေ ဦးဆောင်တဲ့ အကျိုးဆက်တွေရဲ့ လမ်းကြောင်းကိုလည်း သူလက်ခံတယ်။ ဒါပေမဲ့ သူမသေဆုံးခင်မှာတော့ သူဟာ အရာအားလုံးကို အရှံးပေးသွားခဲ့ရတယ်။

Ozymandias ဟာ လူဆိုးတစ်ဖြစ်လည်း လူကောင်းတစ်ယောက်။ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရတစ်ခုကို လက်တွေ့ဘဝတွင် အကောင်အထည်ဖော်ဖို့သူ့ကိုယ်သူ လူဆိုးတစ်ယောက်အဖြစ် အသွင်ပြောင်းလဲပစ်ခဲ့သည်။ သူ့ရဲ့စတေးချက်သည် ဒီဇာတ်ကားထဲတွင် အကြီးမားဆုံးပင်ဖြစ်သည်။ ကျွန်တော့်ရဲ့Villains Album ထဲတွင် သူ့အကြောင်းကို ရေးထားခဲ့ဖူးပါသည်။ သူ့ရဲ့ယုံကြည်ချက်က ကမ္ဘာသစ်ကို ပုံဖော်ဖို့ကမ္ဘာဟောင်းကို ဖျက်ဆီးပစ်ရမယ်ဆိုတာပဲ။ ကမ္ဘာဟောင်းက လူတွေအတွက် သူဟာ လူဆိုးဖြစ်ပေမဲ့ ကမ္ဘာသစ်ရဲ့လူတွေအတွက်ကတော့ သူဟာ သူရဲကောင်းပင်။ Billions ကို ကယ်တင်ဖို့ Millions ကို သူသတ်ဖြတ်ခဲ့တယ်။ ထို့ကြောင့် Millions အတွက် သူဟာ လူဆိုးဖြစ်ရသလို Billions တွေအတွက်ကတော့ သူဟာ သူရဲကောင်းပါပဲ။

ဒီတော့ မေးခွန်းက သူတို့ဟာ သူရဲကောင်းတွေလားဆိုတာပဲ။ သူတို့ရဲ့ရည်ရွယ်ချက်တွေကတော့ လူသားတွေကို ကယ်တင်ဖို့တဲ့။ သူတို့ရဲ့လုပ်ရပ်တွေကိုတော့ သူတို့သတိပြုမိဟန်မတူခဲ့ကြဘူး။ ဒါကလည်း ဖြစ်တတ်တာပဲလေ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့လုပ်ရပ်တွေဟာ အမြဲတမ်းမှန်တယ်လို့ထင်တတ်ကြတာ ဓမ္မတာပဲ မဟုတ်လားဗျာ။


Ethan Hunt (Mission Impossible movies)

ဒီဇာတ်ကောင်ကတော့ သူရဲကောင်းမဟုတ်ဘူး။ လူစွမ်းကောင်း။ သူဟာ Impossible Mission Force (IMF) ဆိုတဲ့ Fictional အဖွဲ့အစည်းတစ်ခုရဲ့အားအထားရဆုံး Field Agent တစ်ဦး။ ပြီးတော့ ကျွန်တော်အကြိုက်ဆုံး Action ဇာတ်ကားတွေထဲက အားအကျဆုံး ဇာတ်ကောင်တစ်ဦးပင်။ သူ့ဇာတ်ကောင်ကို စမ်းစစ်ကြည့်မယ်ဆိုရင် Luck ဆိုတဲ့ ကံ ကို အလွန်အမင်း အားထားဟန်တူတယ်။ သူ့ရဲ့လုပ်ရပ်တိုင်းဟာ သက်စွန့်ဆံဖျားတွေပါပဲ။ အမှန်တစ်ကယ်ကို အခန့်မသင့်ရင် အသက်ပင် ပျောက်နိုင်တဲ့ လုပ်ရပ်တွေ၊ ပထမကားမှာဆိုရင် ကျည်ဆန်အလား မြန်ဆန်လွန်းတဲ့ အမြန်ရထားပေါ်မှာ လူဆိုးနဲ့နှစ်ယောက်တည်း တိုက်ခိုက်ခြင်းတွေ၊ ဒုတိယဇာတ်ကားမှာဆိုရင်လည်း အန္တရယ်များပြားတဲ့ မြန်ဆန်လွန်းတဲ့ ပိတ်ချည်ဖွင့်ချည် သံသတ္တု တံခါးခြပ်တွေကြားထဲကနေ Lab ထဲကို ထိုးဆင်းခြင်းတွေ၊ တတိယဇာတ်ကားတွင်လည်း Shanghai မြို့ကြီးထဲကို လေထီးနဲ့ဆင်းကာ တိုက်ပေါ်ကနေ လျောကျခြင်းတွေ၊ စတုတ္ထဇာတ်ကားတွင်တော့ ယခုလက်ရှိ ကမ္ဘာ့အမြင့်ဆုံးတိုက်ဖြစ်တဲ့ Dubai မြို့ပေါ်က Burj Khalifa တိုက်ကြီးရဲ့မြင့်မားလွန်းတဲ့ အပြင်ယံတွင် ကြိုးနှင့်ပြေးကာ အခန်းတစ်ခုကို ဖောက်ထွင်းခြင်းတွေနဲ့ယခုနောက်ဆုံး ပဉ္စမမြောက် ဇာတ်ကားတွင်တော့ အမြင့်ပေပေါင်း 5000 ကျော်ခန့်ရောက်နေပြီဖြစ်တဲ့ လေယာဉ်ရဲ့အပြင်ကနေ တွဲခိုကာ လိုက်ပါခြင်းတွေ အစရှိတဲ့ သက်စွန့်ဆံဖျား လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့သူတစ်ယောက်ပေါ့။

ဇာတ်ကားရဲ့နာမည်အတိုင်း မဖြစ်နိုင်သော စွမ်းဆောင်ရန် အလွန်တရာ ခက်ခဲသော လုပ်ရပ်များကို လုပ်ဆောင်ရလေ့ရှိတဲ့ Missions တွေကို သူအမြဲလိုလို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ သူဟာ Luck ကို အားကိုးတယ်ဆိုတာ မှန်ပေမဲ့ သူ့ရဲ့ဝီရိယ ကြိုးပမ်းအားထုတ်မှုတွေဟာလည်း အောင်မြင်ခြင်းရဲ့သက်သေတွေပေလေ။ သူ့ရဲ့တာဝန်ဟာ မည်မျှပင်ခက်ခဲပါစေ။ သူဟာ ဘယ်တော့မှ မမူပေ။ ကြောက်ရွံ့ခြင်းလည်း မရှိပေ။ MI 2 မှာ တောင်တွေပေါ်မှာ တက်နေစဉ် ပြုတ်ကျ၍ သေကိန်းဆိုက်မည့် အရေးကြုံပြန်သော်လည်း သူ့ရဲ့စိတ်ကို တည်ငြိမ်အောင် ပြန်ကြိုးပမ်းကာ အသက်အန္တရယ်က လွတ်မြောက်အောင် ကြိုးပမ်းခဲ့တာ။ ကျွန်တော်တို့Ethan ကို စိတ်လှုပ်ရှားနေတာတွေ စိတ်မငြိမ်မသက်ဖြစ်နေတာတွေကို ဘယ်တော့မှ မတွေ့ခဲ့ရ။ သူဟာအမြဲလိုလို စိတ်ဓာတ်တည်ငြိမ်သောသူတစ်ယောက် ဖြစ်ခဲ့သည်။ ထို့ကြောင့်သူသည် အကောင်းဆုံးသော အားအကျဆုံးသော သူရဲကောင်းတွေထဲက တစ်ယောက်ဆိုရင် မည်သူမှ ငြင်းချက်ထုတ်မည် မထင်ပေ။


William Wallace (Braveheart)

သူမပါရင် ကျွန်တော်ဒီစာကို ရေးမှာမဟုတ်ဘူး။ သူမပါရင် ကျွန်တော် ရုပ်ရှင်တွေထဲက သူရဲကောင်းတွေကို သူရဲကောင်းလို့လဲမြင်မှာမဟုတ်ဘူး။ သူမပါရင် သူရဲကောင်းဆိုတဲ့ ဝေါဟာရကြီးဟာ အသက်မဲ့သွားလိမ့်မယ်။ သူဟာ စစ်မှန်သော သူရဲကောင်း။ 13 ရာစုရဲ့Scotland .. သူငယ်စဉ်ကတည်းက ဖခင်နဲ့အစ်ကိုတို့ဟာ ကျူးကျော်သူ English တွေကိုတိုက်ထုတ်ရင်း သေဆုံးခဲ့ကြကာ ဦးလေးဖြစ်သူရဲ့မွေးစားခံခဲ့ပြီး အသက် 20 ကျော်လောက်မှာ မွေးရပ်မြေကို ပြန်လာခဲ့တယ်။ လူငယ်ဆိုတော့ ထုံးစံအတိုင်း ထိုရွာထဲက သက်တူရွယ်တူ ကောင်မလေးတစ်ယောက်နဲ့ချစ်ကြိုက်ကြကာ တိတ်တဆိတ်လက်ထပ်ခဲ့ကြတယ်။ တိတ်တဆိတ်လက်ထပ်တယ်ဆိုတာကလည်း တရားဝင်ဆိုရင် ထိုမိန်းကလေးဟာ ခင်ပွန်းဖြစ်သူနှင့် မအိပ်စက်ခင် English စစ်သည်တော်တွေ (သို့မဟုတ်) English မြင့်မြတ်သူတွေရဲ့မတရားစော်ကားခြင်းကို အရင် ခံရမည်ဆိုသော် အမိန့်ကရှိတာကိုး။ ဒါကြောင့် သူတို့တိတ်တဆိတ်လက်ထပ်ခဲ့ကြတယ်။ ဝမ်းနည်းဖို့တော့ကောင်းတယ်လို့ဆိုရမယ်။ ထိုမိန်းကလေးဟာ တစ်နေ့စော်ကားခံရမည့်ဆဲဆဲဖြစ်ခဲ့ပြီး English စစ်တပ်ရဲ့ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်။ ဒီမှာတင် William Wallace ရဲ့ဒေါသတွေဟာ ထကြွလာပြီး သူတို့ရွာရှိ English စစ်တပ်တွေကို တိုက်ထုတ်သတ်ဖြတ်ခဲ့ပြီး တောလှန်ရေးသမားတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာရတော့တယ်။ သူဟာ နဂိုမျိုးချစ်စိတ်နဲ့စတင်ခဲ့တာ မဟုတ်ပေမဲ့ မျိုးချစ်စိတ်ကို ရှာဖွေတွေ့ရှိခဲ့သူ။ အောင်မြင်မှုတွေကိုလည်း မျှော်မှန်းထားသည့်ထက်ပင် ပို၍ ရရှိခဲ့ကြတယ်။ သူတို့တော်လှန်ရေးတပ်ဖွဲ့ကြီးဟာလည်း အနယ်နယ်အရပ်ရပ်က ပုန်ကန်သူ မျိူးချစ်တွေနဲ့ပူးပေါင်းလာကာ ပိုမိုအင်အားကြီးမားလာခဲ့တယ်။ ဒါပေမဲ့ .. ဒါပေမဲ့ပေါ့ဗျာ။ လူ့ဘဝရဲ့ရက်စက်တဲ့ ထိုးနှက်ချက်တွေအတိုင်း အသားထဲကလောက်ထွက်တဲ့ လူတွေရှိခဲ့ကြလို့ William Wallace တစ်ယောက် သေဒဏ်ကျခံခဲ့ရတယ်။ သူ့ကိုခေါင်းဖြတ်သတ်ခဲ့ကြတယ်။ သူ့အလောင်းကိုလည်း ရက်ရက်စက်စက် 4 ပိုင်းကို တစ်စစီဖြတ်တောက်ကာ London မြို့ရ ဲ့အရပ်ကြီး လေးမျက်နှာတွင် တစ်နေရာစီ မြုပ်နှံခဲ့ကြတယ်။ ထိုကဲ့သို့မမြုပ်ခင် သူ့ရဲ့ပြတ်နေတဲ့ ဦးခေါင်းကို London Bridge တံတားထိပ်တွင် တပ်ဆင်ကာ ပြသခဲ့တယ်။ ဆိုးရွားလိုက်တဲ့ သေခြင်းတရား။
တစ်ကယ်တော့ သူဟာ Scotland ရဲ့လွတ်လပ်ရေးဖခင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူသေဆုံးသွားခဲ့ရပေမဲ့ သူဟာ လူ့ဘဝကို ကောင်းမွန်စွာနေထိုင်နိုင်ခဲ့တယ်။ ဘာကြောင့်ဆို သူပြောတဲ့စကားက သက်သေပဲ။

“Every man dies, not every man really lives.”

ဘာကို ဆိုလိုသလဲဆိုရင် လူတွေ တစ်ယောက်နဲ့တစ်ယောက် အသက်ရှင်ပုံချင်းမတူညီခဲ့ကြဘူးဆိုတာကို ပြောခြင်းပဲ။ လူတစ်ချို့ဟာ လူကောင်းအဖြစ်၊ လူတော်အဖြစ် အသက်ရှင်ခဲ့ကြပေမဲ့ လူတစ်ချို့ကတော့ လူဆိုးအဖြစ် လူညံ့အဖြစ် အသက်ရှင်ခဲ့ကြတယ်။ ဒါပဲ။ သင်ကရော မည်ကဲ့သို့အသက်ရှင်ချင်သလဲ။ သင့်မှာ ရွေးချယ်ခွင့်ရှိတာပေါ့။
လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကာ သေဆုံးခြင်းနဲ့လက်ရှိအချိန်ကာလလေးတစ်ခုအတွက် ထွက်ပြေးကာ အသက်ရှင်ခြင်းရဲ့ကွာခြားပုံကိုလည်း သူ့မိန့်ခွန်းမှာ ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါသေးတယ်။

“Aye, fight and you may die. Run, and you'll live... at least a while. And dying in your beds, many years from now, would you be willin' to trade ALL the days, from this day to that, for one chance, just one chance, to come back here and tell our enemies that they may take our lives, but they'll never take... OUR FREEDOM!”

လူတစ်ယောက်ဟာ တစ်သက်မှာ တစ်ကြိမ်ပဲသေရမယ်။ အခုမသေလည်း နောင်တစ်ချိန်သေမယ်။ ဒါပေမဲ့ မြင့်မြတ်တဲ့သေခြင်းနဲ့ပဲသေမယ်။ ကျွန်တော်အရမ်းကြိုက်တဲ့ စကားလေးက မင်းတို့ငါတို့ရဲ့အသက်တွေကိုပဲ ယူချင်ယူလို့ရကြလိမ့်မယ်။ ဒါပေမဲ့ ငါတို့ရဲ့လွတ်လပ်ရေးကိုတော့ မင်းတို့ဘယ်တော့မှ ယူလို့မရဘူးဆိုတာပဲ။ အရမ်းကို လေးနက်ပြီး အရမ်းကိုတန်ဖိုးရှိလွန်းလှတယ်။ သူဟာ မြင့်မြတ်တဲ့ သူရဲကောင်းတစ်ယောက်ဖြစ်သလို ထက်မြတ်သော ခေါင်းဆောင်ကောင်းတစ်ယောက်လည်း ဖြစ်တယ်။ သူ့ရဲ့အိပ်မက်ကို သူသေဆုံးတဲ့နောက်ဆုံးအချိန်ထိ သူတောင်းတခဲ့တယ်။ ဘာလဲဆိုတော့ …

“F R E E D O M.”


The Magnificent Seven/ Seven Samurai

ယခုနှစ် 2016 တွင်ထွက်ရှိခဲ့သော The Magnificent Seven သည် 1960 ပြည့်နှစ်ကထွက်ရှိခဲ့သော ဇာတ်ကားကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး ထို 1960 က ဇာတ်ကားကတော့ 1954 ကထွက်ရှိခဲ့တဲ့ Seven Samurai ဆိုသော Japanese ရုပ်ရှင်ကားကို ပြန်လည် ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ သူတို့ဘယ်ဇာတ်ကားတွေပဲဖြစ်ဖြစ်ပါ။ အကြောင်းအရာကတော့ တစ်ခုပဲဖြစ်တယ်။ များပြားလှသော လူဆိုးတွေကို နည်းပါးလှသော လူကောင်းတွေကတိုက်ထုတ်ခဲ့ခြင်းပဲ။

ဒါကိုပဲ ကျွန်တော်ပြောချင်ပါတယ်။ ထိုဇာတ်ကားတွေထဲတွင် ပါဝင်ခဲ့သော ထို 7 ယောက်တွင် တစ်ချို့သည် ငွေအသပြာကြောင့် လိုက်ပါလာခဲ့သည် မှန်သော်လည်း အားနည်းသော ရွာသူရွာသားတွေကို မျက်ဝါးထင်ထင်တွေ့ကြုံရတဲ့အခါ Righteous ဆိုတဲ့ အမှန်တရားဘက်က နေဖို့သူတို့ဘာသာ သူတို့ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ လောကတွင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့စကားကို သူတို့သက်သေထူခဲ့ကြတယ်။ ရာနှင့်ချီ၍ အလွန်တရာ အစွမ်းထက်လှသော အနိုင်ကျင့်သူ လူဆိုးတွေကို သူတို့7 ယောက်ကလေးနဲ့တိုက်ပွဲဝင်ခဲ့ကြတယ်။ ကြောက်ရွံ့တဲ့ ရွာသားတွေကိုလည်း သူတို့ဦးဆောင်ကာ ထိုကြောက်ရွံ့တဲ့ စိတ်ဓာတ်ကလေးတွေကို ပျောက်ကွယ်အောင် လက်ရုံးရည်အရရော နှလုံးရည်အရပါ သူတို့သင်ကြားပေးခဲ့ကြတယ်။

သူတို့ထဲကတစ်ချို့သည် အနာဂတ်ဆိုတာ မရှိခဲ့ဘူး။ ပြောရမယ်ဆိုရင် ဘဝမှာ ကောင်းတဲ့အရာတွေတောင် လုပ်ခဲ့ချင်မှ လုပ်ခဲ့ကြမယ်။ ဒါပေမဲ့ ဘဝရဲ့အချိုးအကွေ့တစ်ခုမှာ သူတို့ရဲ့မသိစိတ်တွေထဲမှာ နှစ်အတန်ကြာ ကိန်းအောင်းနေခဲ့တဲ့ အမှန်တရားဘက်က ရပ်တည်မယ်ဆိုတယ် စိတ်ဓာတ်လေးတွေ နိုးကြွလာခဲ့တယ်။ ဘယ်သူတွေက ဘယ်လိုပဲမြင်မြင်။ ကျွန်တော့်အတွက်ကတော့ ထိုဇာတ်ကားတွေကို ကြည့်ခဲ့တိုင်း ထိုဇာတ်ကောင် 7 ယောက်ကို အရမ်းလေးစားခဲ့တယ်။ တစ်ကယ်ပြောတာပါ။ သူတို့ထဲက တစ်ချို့အသက်ဆုံးရှုံးသွားတဲ့ အခန်းတွေမှာတောင်မှ ထိုရွာသားတွေနဲ့ထပ်တူ ဝမ်းနည်း မျက်ရည်ဝဲမိတယ်။

အမှန်တရားအတွက် သူတို့မဖြစ်နိုင်သော တိုက်ပွဲကြီးကို ဝင်ခဲ့ကြတယ်။ သူတို့ဘဝတွေထက် ထိုအပြစ်မဲ့တဲ့ ရွာသားတွေရဲ့ဘဝကို သူတို့ပို၍အလေးထားခဲ့ကြတယ်။ အမှန်တရားဘက်က နေပြီး သေဆုံးခဲ့ကြတဲ့ သူတို့အတွက် သူတို့ရဲ့သေဆုံးခြင်းဟာ အမြင့်မြတ်ဆုံး သေဆုံးခြင်းပဲ။ လူဟာ တစ်သက်မှာ တစ်ကြိမ်ပဲသေမယ်။ ဒါပေမဲ့ မိမိရဲ့သေခြင်းဟာ မွန်မြတ်တဲ့လုပ်ရပ်အတွက် သေဆုံးခြင်းပဲဖြစ်ရမယ်။ အလွန်ကို အားကျဖို့ကောင်းတဲ့ စစ်မှန်တဲ့သူရဲကောင်း 7 ယောက်။


Professor Xavier (X-Men)

Professor X ဆိုသည်မှာ X-Men တွေကို စတင်ထူထောင်သောသူ။ ငြိမ်းချမ်းရေးကို လိုလား၍ အမြော်အမြင်ရှိသော Pioneer တစ်ယောက်။ သူ့ရဲ့တစ်ခုတည်းသော အိပ်မက်က သူတို့လို Mutants တွေနဲ့သာမာန်လူသားတွေကြားက ဖြစ်ပျက်နေတဲ့ စစ်ပွဲမီးတောက်မီးလျံတွေကို ငြှိမ်းပေးစေချင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့X-Men တွေကို စတင်ထူထောင်သူပီပီ လူသားတွေနဲ့Mutants တွေကြားက ငြိမ်းချမ်းရေးကိုလည်း စတင်ထူထောင်ချင်ခဲ့သူ။ ဒါပေမဲ့ ယခုအထိ သူ့ရဲ့အိပ်မက်တွေဟာ အကောင်အထည် မဖော်နိုင်ခဲ့သေးပေ။ ဒါကြောင့်လည်း ကျွန်တော်တို့တွေ X-Men ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ကြည့်နေရတာပေါ့။

သူ့ရဲ့အစွမ်းကတော့ တစ်ခြားသူများရဲ့စိတ်အထဲကို ဝင်ရောက်နိုင်တာပဲ။ဒါကြောင့်လည်း တစ်ခြားသူတွေ ဘာတွေ စဉ်းစားနေတယ်။ တွေးတောနေတယ်။ ကြံစည်နေတယ်ဆိုတာကို သူ့အနေနဲ့အလွယ်တကူ သိမြင်ခံစားနိုင်တယ်။ ထို့အပြင်သူသည် သိပ္ပံနယ်ပယ်တွင်လည်း ဆရာတစ်ဆူပင်ဖြစ်သည်။ သူသည် ကမ္ဘာ့ရဲ့အကြီးမားဆုံးသော စွမ်းအားရှင်တွေထဲတွင် ပါဝင်ခဲ့ပေမဲ့ သူ့ရဲ့တပည့်အရင်းဖြစ်သူ Phoenix ရဲ့သတ်ဖြတ်မှုကို ခံခဲ့ရကာ သေဆုံးခဲ့သည်။ (Comics ထဲတွင်တော့ Phoenix Force ဟာ 5 ပိုင်းကွဲထွက်သွားပြီး Cyclops, Emma Frost, Namor, Colossus နဲ့ Magik တို့နဲ့ပူးပေါင်းသွားကာ Phoenix Five လို့အမည်ရပြီး Cyclops နဲ့တိုက်ပွဲမှာ Professor X အသက်ဆုံးရှုံးခဲ့တယ်။)

သူဟာ Nuclear စာတမ်းပြုစုသူ သိပ္ပံပညာရှင် Brain Xavier ရဲ့သားဖြစ်ပြီး အတော်အတန် ကြွယ်ဝချမ်းသာတဲ့ မိသားစုက ပေါက်ဖွားခဲ့တယ်။ သူ့ရဲ့ဖခင် သေဆုံးခါနီးမှာ ကယ်တင်နိုင်လို့ရပေမဲ့ မကယ်တင်ခဲ့တဲ့ (နောင်တွင် သူ့ပထွေးဖြစ်လာသူ) ရဲ့စိတ်ကို ဝင်ရောက်ခန့်မှန်းဖတ်ရာကနေစတင်ပြီး သူ့ရဲ့အစွမ်းကို သူသိရှိလာခဲ့တယ်။ စာရေးဆရာ Stan Lee နဲ့ကာတွန်းဆရာ Jack Kirby တို့ရေးသားခဲ့ပြီး 1963 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ပထမဆုံး X-Men စာအုပ်မှာ ထိုဇာတ်ကောင်ကို စတင်မိတ်ဆက်ခဲ့ကြတယ်။ Dr. Martin Luther King Jr. ကိုအတုယူပြီး စာရေးဆရာတွေက ဒီဇာတ်ကောင်ကို ဖန်တီးခဲ့ကြတယ်။
Professor X နဲ့သူ့ရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ Magneto တို့နှစ်ယောက်ဟာ ဆန္ဒချင်းတူညီခဲ့ကြပေမဲ့ ရည်ရွယ်ချက်ခြင်းတော့ မတူညီခဲ့ကြပေ။ ထို့ကြောင့်လည်း အချစ်ဆုံး သူငယ်ချင်း နှစ်ဦးသည် ရန်သူတွေအဖြစ် ပြောင်းလဲခဲ့ကြတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ဆန္ဒတွေက Mutants တွေကို လူသားတွေ လက်ခံဖို့ပဲ။ Magneto ရဲ့ဆန္ဒနဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော် Villains ဆိုတဲ့ Album မှာ ရေးသားခဲ့ပြီး ဖြစ်သောကြောင့် ယခုအခါ Prof. X အကြောင်းကိုပဲ အလေးပေးပြီးရေးပါ့မယ်။ Xavier ယုံကြည်ချက်က လူသားတွေနဲ့သူတို့အတူတကွ ယှဉ်တွဲနေထိုင်ဖို့ဆိုတာ သူတို့ Mutants တွေဟာ အသွင်အပြင်အားဖြင့် ကွဲပြားချင် ကွဲပြားနေပေလိမ့်မည်။ သို့သော် သူတို့သည်လည်း လူသားစစ်စစ်များပင် ဖြစ်ကြောင်း သက်သေပြချင်သည်။ လူသားတွေရဲ့စွန့်ပစ်ခံရခြင်းတွေ၊ ရှောင်ဖယ် ခံရခြင်းတွေ၊ ရွံ့ကြောက်ခြင်း အဖြစ်ခံရခြင်းတွေ ကို သူဝမ်းနည်းခဲ့တယ်။ သူတို့X-Men တွေဟာ အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေမှာသာ သူတို့ရဲ့အစွမ်းတွေကို အသုံးပြုပေမဲ့ သာမာန်လူသားတွေ အပေါ်မှာတော့ ထိုစွမ်းအင်တွေကို အသုံးမပြုခဲ့ပေ။ ဒါကို သင်ကြား ညွှန်ကြားပေးခဲ့သူက Xavier ပင်။ သူသည် အလွန်ကို လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ယောက်ပင်။

Xavier သည် ငြိမ်းချမ်းရေးကို လိုလားသူဆိုသည့်အတိုင်း စစ်မက်တွေ တိုက်ပွဲတွေ အကြမ်းဖက်ခြင်းတွေကို ရှုံချခဲ့သည်။ သူသည် အနာဂတ်ကို ပုံဖော်ခဲ့သူတစ်ဦး။ Rage နဲ့Serenity ရဲ့ကြားထဲမှာ စိတ်ကို ထားနိုင်အောင်ကိုပင် သူသည် Magneto ကို သင်ပေးခဲ့သည်။ နာကျင်မှုတွေ ဒေါသတွေဆိုတာ လူတိုင်းမှာ ရှိတတ်ကြသလို သူ့တွင်လည်း ရှိကောင်းရှိလိမ့်မည်။ သို့သော် သူသည် ထုတ်ဖော်တော့ မပြသခဲ့။ ဒါကြောင့် ထို နာကျင်မှုတွေ ဒေါသတွေရဲ့တစ်နေရာမှာ ကောင်းတဲ့အချက်လေးတစ်ချက်ကို Magneto ကို ရှာခိုင်းခဲ့တယ်။ အဘယ်ကြောင့်ဆိုသော် သူသည် ထို ကောင်းသောအရာလေးတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီးပင်ဖြစ်လေသည်။


Captain James T. Kirk (Star Trek)

James T. Kirk ဇာတ်ကောင်အကြောင်းပြောရမယ်ဆိုရင် သူဟာ သတ္တိရှိပြီး ခေါင်းမာတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ပဲ ကနဦးစွာ မြင်မိမှာပါ။ ထို့အပြင် ပျော်ပျော်နေတတ်တဲ့ သုူ့ရဲ့စရိုက်ကြောင့်လည်း နောက်လိုက်တပ်သားတွေရဲ့အချစ်တော်တစ်ယောက်ဖြစ်ခဲ့တယ်။ သူ့ရဲ့ထာဝရ အထင်ကြီးတဲ့ ပုဂ္ဂိုလ်ဟာ Abram Lincoln ဖြစ်ပေမဲ့ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီးတော့ လူလည်ကျချင် ကျမဲ့လူစားမျိုးပေါ့။ ထို့အပြင် ဖန်ဆင်းရှင်ဘုရားသခင်ကို မြက်မြင်တွေ့ရှိခဲ့တာတောင် ဂရိုစိုက်ဟန် ပြသခဲ့တဲ့ သူတစ်ယောက် မဟုတ်ခဲ့ပြန်ဘူး။

သူနဲ့ပတ်သက်ပြီး ပြောချင်တာတစ်ခုက သူ့ရဲ့ဦးဆောင်မှူ စွမ်းရည် ခေါင်းဆောင်စိတ်ဓာတ်ကိုပဲ။ သူရဲကောင်းအများစုသည် ခေါင်းဆောင်များဖြစ်သည့်အားလျော်စွာ ခေါင်းဆောင်ကောင်းဖြစ်တဲ့ သူ့ကို ကျွန်တော် သူရဲကောင်းလို့ခေါ်တာ မမှားဘူးထင်ပါတယ်။ သူဟာ ကမ္ဘာကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သူတစ်ယောက်ဖြစ်သလို Doomsday Machine ကိုလည်း ရပ်တန့်နိုင်ခဲ့သူ၊ ထို့အပြင် Klingon Empire နဲ့ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှာလည်း ကူညီခဲ့သူတစ်ယောက်ပေ့ါ။

သူဟာ အပြင်ပန်းကြည့်ရင်တော့ မြှာပွေသူတစ်ယောက်လို့အထင်ခံချင်ခံရနိုင်ပေမဲ့ အထင်တော့မသေးလိုက်ပါနဲ့။သူဟာ သင်တန်းကျောင်းမှာ တော်တဲ့ထက်တဲ့ကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည့်အတိုင်း သူရဲ့အရာရာကို သင်ကြားခြင်း လေ့လာခြင်းတွေဟာ ဘယ်တော့မှ မရပ်တန့်ခဲ့ဘူး။ သူ့ရဲ့လေ့လာခြင်းတွေ၊ ကြွယ်ဝတဲ့ ဗဟုသုတတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အောင်မြင်စွာ ဖြေရှင်းနိုင်တာပေါ့။ သူဟာ အမြင်နှစ်ခုကြားမှာ နေတဲ့သူ။ ဘယ်လိုအမြင်လဲဆိုတော့ Spock ရဲ့Logical အမြင်တွေနဲ့Bones ရဲ့လူသားဆန်တဲ့ အမြင်တွေကြားမှာပဲ။ ထိုလူနှစ်ယောက် စကားပြောနေလျှင် ငြင်းခုန်နေကြလျှင် သူဟာ တိတ်တဆိတ်နားထောင်နေတတ်တယ်။ ဒါဟာ ကြားနေလူတစ်ယောက်ဖြစ်သည့်အတွက် နှစ်ယောက်စလုံးရဲ့အမြင်ကို သူဝေဖန်ပိုင်းခြားနိုင်တာပဲ။

“Risk is our business. That’s what this starship is all about. That’s why we’re aboard her.”

သူ့ဇာတ်ကောင်ကို ကျွန်တော်သဘောကျတဲ့အချက်က ဒီအချက်ပဲ။ ငါခေါင်းဆောင်ဆိုပြီး အမိန့်ပေးတဲ့ အနောက်တစ်နေရာမှာပဲ သူမနေဘူး။ Missions တိုင်းကို သူကိုယ်တိုင်လိုက်ပါပြီး ဖြစ်နိုင်ရင် ရှေ့တန်းများကိုပင် သူတစ်ယောက်တည်း သွား၍ပိုမိုအဆင်ပြေပါက တစ်ခြားလက်အောက်ငယ်သားကို သူမခိုင်း၊ သူကိုယ်တိုင်ဆောင်ရွက်တယ်။ သူဟာ ခေါင်းဆောင်ကောင်းဆိုသည့်အတိုင်း လက်အောက်ငယ်သားတွေအတွက် သူဟာစံပြပုဂ္ဂိုလ်တစ်ယောက် အဖြစ်နေထိုင်တယ်။ သူဟာ ရှေ့တန်းအဝေးတစ်နေရာကို ရောက်နေတိုင်း ထိုက်တန်တဲ့ Officer တစ်ယောက်ကို ယာဉ်ကို ကြီးကြပ်အုပ်ချုပ်ဖို့အမြဲတာဝန်ပေးတယ်။ ဒါဟာ တာဝန်ခွဲပေးမှုနဲ့ပတ်သက်ပြီး တရားမျှတသော အကျိုးသက်ရောက်တဲ့ တာဝန်ပေးအပ်ခြင်းပဲ။ သူ့လက်အောက်ငယ်သားတစ်ယောက်က အမှားတစ်ခုကို ပြုလုပ်မိပါကလည်း သူအပြစ်မဆို၊ ထိုပြဿနာကို ဖြေရှင်းဖို့နည်းလမ်းကို အတူတူ ပူပေါင်းဝိုင်းဝန်း စဉ်းစားကြပြီး ဖြေရှင်းတယ်။

သူဟာ ပျော်ပျော်နေတတ်သူဖြစ်သည့်အတိုင်း Risk ယူရတာကိုလည်း ခုံမင်လှသူပင်ဖြစ်သည်။ သူက လူတစ်မျိုး၊ တစ်ခြား သူရဲကောင်းတွေနဲ့မတူညီတဲ့အချက်တစ်ခုက သူက စည်းမျဉ်းစည်းကမ်းတွေကို ဖောက်တဲ့သူ။

“Not chess, Mr. Spock. Poker. Do you know the game?”

သူက ဘဝကို Chess နဲ့မတင်စားဘူး။ Chess ကို သူကြိုက်ပေမဲ့ သူရဲ့စွမ်းဆောင်ရည်တွေက Chess နဲ့မဆင်ဘူး။ Chess ဟာ Serious ဖြစ်တယ်လို့သူမြင်တယ်။ Chess အစား သူဟာ ဘဝကို Poker နဲ့တင်စားပစ်လိုက်တယ်။ ဘဝဟာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းထက် ဖြစ်နိုင်ခြေ မဖြစ်နိုင်ခြေဆိုတဲ့ ကံကို ကစားတာကို သူပိုလက်ခံခဲ့တဲ့ သူတစ်ယောက်ပေါ့။


Captain John Miller (Saving Private Ryan)

ဒီဇာတ်ကောင်ကို သူရဲကောင်းစာရင်းထဲတွင် ထည့်သွင်းရသော ရည်ရွယ်ချက်မှာ သူသည် ခေတ်ပျက်ကြီးတစ်ခုရဲ့စံပြစစ်သားတစ်ဦးဖြစ်သောကြောင့်ပင်။ သူရဲကောင်း အများစုသည် ခေါင်းဆောင်ဖြစ်သည့်အားလျော်စွာ သူသည်လည်း သူဦးဆောင်ရသော တပ်မလေးတစ်ခုရဲ့ခေါင်းဆောင် စစ်သားတစ်ယောက်ပါ။ ဇာတ်ကားတစ်လျှောက်လုံးတွင် သူ့ရဲ့ရဲရင့်မှုတွေကို ကျွန်တော်တို့တွေ့ခဲ့ရတယ်။ သူ့ရဲ့နောက်လိုက်တပ်သားများသည် သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့ မေးခွန်းထုတ်လေ့မရှိ။ ဘာကြောင့်လဲဆိုရင် သူသည်သြဇာအာဏာရှိသော သူတစ်ဦးဖြစ်သည့်အပြင် သူ့ရဲ့ဆုံးဖြတ်ချက်တွေကို လက်အောက်ငယ်သားတွေက လေးစားတာကြောင့်လည်း ဖြစ်သည်။ Saving Private Ryan ဇာတ်ကားတစ်ကားလုံးကို အသေးစိပ်ကြည့်ပါက ဒီဇာတ်ကောင်သည် Ryan ကို ရှာဖွေရန် တာဝန်ပေးအပ်ခြင်းခံထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ပိုသိလာရတယ်။ သူသာမဟုတ်ပဲ၊ တစ်ခြား Captain တစ်ယောက်ကို ဒီတာဝန်အထက်က ပေးအပ်ပါက သူ့ကဲ့သို့တာဝန်ကျေပွန်ခြင်းရော ဂရုဏာ စိတ်ရောထည့်သွင်းချင်မှ ထည့်သွင်းကြပေလိမ့်မည်။

သူဟာ စစ်သားကောင်းတစ်ယောက်သာမက လေးစားထိုက်သော ဗီဇကိုပိုင်ဆိုင်ထားသော လူသားတစ်ယောက်လည်း ဖြစ်ပြန်နေတယ်။ သူသည် အရာအားလုံးနီးပါးခန့်ကို အကောင်းမြင်တဲ့စိတ်ကလေးနဲ့မြင်ကြည့်လေ့ရှိတယ်။ ဒါကြောင့်လည်း ဒီလိုကြီးကျယ်ခမ်းနားတဲ့ စစ်ပွဲကြီးတွေဖြစ်နေချိန်မှာ နိုင်ငံနဲ့ပတ်သက်ပြီး အရေးမကြီးသော တပ်သားငယ်တစ်ယောက်ကို ရှာဖွေတဲ့တာဝန်ကို ကျေကျေနပ်နပ် ယူခဲ့တာပေါ့။ သူဟာ ကိုယ်ချင်းစာစိတ်ပါရှိပြီး ပြည့်ဝတဲ့ နှလုံးရည်ရှိသော သူတစ်ယောက်လေ။

သူသည် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်က သူ့မြိ ု့ကလေးမှာ ကျောင်းဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ ငြိမ်းချမ်းသောဘဝကလေးကို တပ်မက်သူဖြစ်ပြီး ကိုယ်ကျင့်တရားကိုပါ စောင့်ထိန်းသူတစ်ယောက်လို့ကျွန်တော်မှတ်ယူတယ်။ သူ့ကို မကြာခဏဆိုသလို တုန်ယင်နေတဲ့ လက်တွေကို ကျွန်တော်တို့တွေ့ရတယ်။ ဒါဟာ သူ့ရဲ့လူသားဆန်ခြင်းကို သရုပ်ဖော်ခြင်းပဲ။ ကြီးမားတဲ့ ပစ်ခတ်မှုတွေ တိုက်ပွဲတွေကို မမှုသူ သတ္တိအလွန်ရှိတဲ့သူ တစ်ယောက်လို့ရုပ်ရှင်က သရုပ်မဖော်ပေးထားခဲ့ဘူး။ သာမာန်သူပီပီ စစ်ရဲ့အနိဌာရုံတွေကို သူနေ့စဉ်မြင်တွေ့ရတော့ ဖြစ်လာတဲ့ အကျင့်တစ်ခုပေ။ သူ့ရဲ့အတိတ်ကိုလည်း သိပ်မဖော်ပြခဲ့။ အတိတ်မှာ နာကျင်ဖွယ်တွေ ရှိခဲ့လားတော့မသိ။ သူ့အတိတ်ကိုမေးတိုင်း သူဟာ စကားလမ်းကြောင်းလွှဲတတ်လေ့ရှိတယ်။

သူ့ရဲ့ကြင်နာတဲ့စိတ်ဓာတ်ကြောင့် German စစ်သားတစ်ယောက်ကို လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ ကျေးဇူးတရားမသိတတ်ခြင်းဆိုတဲ့ လောကရဲ့ရက်စက်ခြင်းနိယာမတစ်ခုကြားမှာ ထို German စစ်သားရဲ့သတ်ဖြတ်ခြင်းကြောင့်ပဲ Captain Miller အသက်ဆုံးရှုံးခဲ့ရတယ်။ ဒါဟာ သူ့အမှားမဟုတ်ဘူး။ သူထိုလူကို လွှတ်ပေးခဲ့ခြင်းကို နောင်တမရခဲ့။ စစ်အတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားဆိုတာကို သူယုံကြည်စွာနဲ့လောကကြီးက ထွက်ခွာသွားတော့တယ်။ သူ တပ်သား Ryan ကိုတော့ ရှာဖွေနိုင်ခဲ့တယ်လေ။


Luke Skywalker (Star Wars)

Darth Vader အကြောင်းကို ကျွန်တော် Villains album မှာရေးသားခဲ့ဖူးပေမဲ့ သူ့ရဲ့သားဖြစ်သူ Luke Skywalker ကိုတော့ ကျွန်တော် Heroes album ထဲမှာ ထည့်ရပေလိမ့်မည်။ Luke သည် ဖခင်မည်သူ မိခင်မည်သူဆိုသည်ကို မသိပဲ ဦးလေးဖြစ်သူလင်မယားနဲ့ငယ်ဘဝကို ကြီးပြင်းခဲ့ရသူတစ်ဦး။ R2D2 ကိုဝယ်ယူခဲ့ခြင်းကြောင့် Obi-wan Kenobi နဲ့တွေ့ဆုံခဲ့ကာ Star Wars universe တွင် စကြာဝဋာတိုက်တစ်ခုလုံးကို ကယ်တင်နိုင်ခဲ့သူ သူရဲကောင်းတစ်ယောက် ဖြစ်လာလေတော့သည်။

သူသည် Dark side ကို ဝင်ရောက်ဖို့ကြီးမားသောဖြစ်ရပ်ကြီးတွေ ဆွယ်ခြင်းတွေနဲ့ကြုံတွေ့ခဲ့ရသည်။ သို့သော် သူသည် သူ့ရဲ့ဖခင်ဖြစ်သူလို စိတ်ဓာတ်ခွန်အား အားနည်းသူတစ်ယောက်မဖြစ်ခဲ့။ သူ့ရဲ့ခဖင်ဖြစ်သူ ရဲ့ဆုံးဖြတ်ချက်အမှားတွေကို သူဆင်ခြင်ခဲ့တယ်။ ဒါကြောင့် ဖခင်ဖြစ်သူ Darth Vader က သူ့ကို dark side ကိုဝင်ရောက်ဖို့ကြိုးပမ်းချက်တွေ အဆွယ်တရားတွေကို သူအောင်မြင်စွာ ရှောင်ကျဉ်နိုင်ခဲ့တယ်။ ဒါကြောင့်လည်း နောက်ဆုံးတွင် Emperor Palpatine က သူ့ကို dark side ထဲမဝင်ရင် သတ်မယ်ဆိုတဲ့အတိုင်း သူသေဖို့ကို ရွေးချယ်ပေးခဲ့သည်အထိ စိတ်ဓာတ်ခွန်အားပြင်းထန်သူတစ်ယောက် ဖြစ်ခဲ့သည်။ သူ့ဆုံးဖြတ်ချက်ကို သူယုံကြည်တယ်။ သူရွေးချယ်တဲ့လမ်းကို သူအောင်မြင်အောင် လျှောက်နိုင်ခဲ့တယ်။ ဖခင်ဖြစ်သူ Darth Vader ရဲ့ဘဝကတော့ သနားဖွယ်ကောင်းခဲ့ပေမဲ့ သူကတော့ နောက်ဆုံးတွင် အောင်နိုင်သူအဖြစ် အောင်ပွဲခံနိုင်ခဲ့တယ်။ တစ်ကယ်တော့ လက်ရုံးရည်တွင် သူသည် Darth Vader ကို မည်သို့မှ ယှဉ်နိုင်သူတစ်ယောက် မဟုတ်။ ထို့အပြင်သူသည် Darth Vader လိုလည်း The chosen one လို့ဗျာဒိတ်ပေးခံရသူတစ်ယောက်လည်း မဟုတ်ခဲ့။ သို့သော် သူဘာကြောင့် အောင်နိုင်ခဲ့သလဲဆိုတော့ သူ့ဆုံးဖြတ်ချက်မှန်ကန်မှုတွေနဲ့သူ့ရဲ့ပင်ကိုဗီဇ စိတ်ဓာတ်ကောင်းလေး ပိုင်ဆိုင်ထားလို့ပဲ။

သူဟာ Yoda ရဲ့သင်ကြားမှုတွေကို လိုက်နာခြင်းတွေကြောင့်လည်း လူတော်လူကောင်းတစ်ယောက် ဖြစ်တယ်လို့ဆိုနိုင်ပါသေးတယ်။ သူဟာ ကျွန်တော့်အဖို့Star Wars ဇာတ်ကောင်တွေထဲတွင် အားအကျဆုံးဇာတ်ကောင် မဟုတ်ခဲ့ပေမဲ့ အလေးစားဆုံး ဇာတ်ကောင်အဖြစ်နဲ့တော့ ကျန်ရစ်နေခဲ့ပါတယ်။

~WH~

WH
WH
11 min read