HEROES (Part II)

Gandhi

သူ့ရဲ့နာမည်အရင်းက Mohandas Karamchand Gandhi ဖြစ်ပြီး 2 October 1869 နေ့တွင် Porbandar လို့အမည်ရတဲ့ ကမ်းရိုးတန်းမြိ ု့လေးတစ်ခုတွင် မွေးဖွားခဲ့တယ်။ သူဟာ နောက်ပိုင်းတွင် အမြော်အမြင် နှလုံးရည်ပြည့်ဝသူ လူတစ်ယောက်အဖြစ် ယနေ့တိုင် ကမ္ဘာ့ပေါ်က လူအများစုရဲ့အသိအမှတ်ပြုခြင်းကို ခံနေရဆဲပင်။ သူဟာ India ရဲ့ သူရဲကောင်းတစ်ဦးဖြစ်ခဲ့တယ်လို့ဆိုတာထက် လူတန်းစားတစ်ရပ်ရဲ့သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့တယ်လို့ဆိုပါက ပိုမှန်ကန်ပါလိမ့်မယ်။

သူဟာ မေတ္တာတရားဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သူ။ လူသားခြင်း စာနာထောက်ထားခြင်းတွေ၊ မေတ္တာတွေ စေတနာတွေ ဂရုဏာတွေ မုဒိတာ အစရှိတဲ့ တရားတွေကို လက်ကိုင်ကျင့်သုံးခဲ့သူတစ်ယောက်ဖြစ်သည့်အပြင် ကျန်တစ်ခြားသူများကိုပါ ထိုမေတ္တာဓာတ်တွေကို ဝေမျှပေးခဲ့သည်။ သာမာန်လူသားတွေရဲ့ခွင့်လွှတ် အနင့်နာခံခြင်းတွေ အစရှိတဲ့ ဒဏ်တွေရဲ့စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့သူတစ်ယောက်ပါ။ ကြမ်းတမ်းလှတဲ့ သူ့ဘဝဟာ မုန်တိုင်းတစ်ခုလို့တင်စားရမယ်ဆိုရင် သူ လူတွေအပေါ်မှာ ထားရှိတဲ့ မေတ္တာဓာတ်နဲ့စေတနာတွေဟာ မုန်တုန်းကြီးကို အံ့တုနေတဲ့ ဖယောင်းတိုင်ငယ်လေး သဏ္ဍာန်နဲ့တူလှပေတယ်။ သေးငယ်ပင် သေးငယ်သော်ငြားလည်း အံတုနိုင်ခဲ့တယ်။

သူဟာ သူပိုင်ဆိုင်တဲ့ စွမ်းအင်တွေ ဘဝတွေကို တစ်ခြားလူသားတွေရဲ့အကျိုးအတွက် အသုံးပြုခဲ့တယ်။ သူ အသက်အရွယ်ကြီးရင့်လာတဲ့ အချိန်တစ်ခုလောက်တုန်းက အနောက်နိုင်ငံသား Journalist တစ်ယောက်က သူ့ကို “နှစ်ပေါင်း ၅၀ ကျော်ခန့်တစ်နေ့ကို နာရီပေါင်း ၁၅ နာရီကျော် အလုပ်လုပ်နေတာ မပင်ပန်းဘူးလား။ ခဏတစ်ဖြုတ်အနားယူချင် စိတ်ကလေးတွေများ မရှိဘူးလား” လို့သူ့ကို မေးတော့ သူက ရယ်ပြီး သူဟာအမြဲတမ်းအနားယူနေတာတဲ့။ တစ်ကယ့်တော့ သူဆိုလိုချင်တဲ့သဘောတရားက သူဟာ သူလုပ်ကိုင်နေတာတွေကို တာဝန်လို့မယူဆခဲ့လို့ပဲ။ နှစ်ပေါင်း ၅၀ ကျော်ခန့်India က လူဆင်းရဲသားတွေအတွက်ရော အဖိနှိပ်ခံလူတန်းစားတွေအတွက်ရော လွတ်လပ်ရေးအတွက်ရော ဘာသာရေးတွေအတွက်ပါ သူ လုပ်ဆောင်ခဲ့တာတွေဟာ သူ့အတွက် တာဝန်တွေမဟုတ်ပေဘူး။ သူ့စိတ်ထဲမှာ တာဝန်လို့ကို မမြင်ခဲ့တာ။ ဒီအချက်ဟာအလွန်ကို လေးစားဖို့ကောင်းတဲ့အချက်တစ်ခုပါ။

ထို့အပြင်သူဟာ အရှုံးပေးခဲ့တဲ့သူတစ်ယောက်လည်း မဟုတ်ပေဘူးဗျ။ 'Full effort is full victory.” ဆိုတာ သူပြောခဲ့တဲ့စကား။ အမြဲဆိုသလို အားကြိုးမာန်တက်ဖြစ်နေရမယ်လို့သူကျင့်သုံးခဲ့တယ်။ အကောင်းဆုံး ဆိုတာကို အမြဲတမ်းဆောင်ရွက်ခဲ့တဲ့သူ။ လဲကျရင် ပြန်ထ၊ ပြန်ချီတက်၊ မပြေးနိုင်ရင် လမ်းလျှောက်၊ လမ်းမလျှောက်နိုင်တော့ရင် တွားသွား၊ဒါဟာ သူ့ရဲ့ကျင့်ဝတ်ပဲ။

လူတိုင်းကြားဖူးတဲ့ ဇာတ်လမ်းတစ်ခုရှိတယ်။ သူ ရထားတစ်စင်းပေါ်တက်တော့ သူ့ဖိနပ်တစ်ဖက် ကျကျန်ခဲ့တယ်။ အဲ့ဒီ့တော့ သူ့မှာကျန်ရှိနေတဲ့ နောက်ထပ်ဖိနပ်တစ်ဖက်ကိုပါ သူချွတ်ပြီး ရထားပေါ်ကနေ ပစ်ချခဲ့တယ်။ ဒီအဖြစ်အပျက်ကို မြင်တဲ့ ခရီးသည်တစ်ယောက်က ဘာရည်ရွယ်ချက်လဲလို့မေးတော့ သူပြန်ဖြေခဲ့တာက ကျကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်ကို ကောက်ရတဲ့ လူဆင်းရဲတစ်ယောက်အတွက် ဖိနပ်တစ်ဖက်ဟာ ဘာအသုံးဝင်မှာလဲ။ အဲ့ဒါကြောင့် ကျန်တစ်ဖက်ကိုပါ သူပစ်ချခဲ့တာတဲ့။ ထိုဖိနပ်ကို ကောက်ရတဲ့သူဟာ နှစ်ဖက်စလုံးရရှိအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်တဲ့။ မတရားတဲ့ လောကကြီးရဲ့ချိန်ခွင်ရှာကို ညှိပေးခဲ့တဲ့ တရားတဲ့သူတစ်ယောက်လို့ကျွန်တော်ပြောရင် စာဖတ်သူ ငြင်းဆန်မလား။ ကူညီခြင်းဆိုတဲ့အရာကို ဖြစ်မြောက်အောင် ဆောင်ရွက်ခြင်းပဲ။

ကျွန်တော်သူ့ကို နှစ်သက်ရတဲ့ နောက်ထပ်တစ်ချက်က ပေးကမ်းစွန့်ကြဲခြင်းဆိုတာ အလွန်တရာ ရခဲတဲ့ အခွင့်အရေးတစ်ခုတဲ့။ ကျွန်တော်မြန်မာနိုင်ငံနဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့အတွက် အလျှူခံတွေမြင်ရင် ကျွန်တော်ပျော်တယ်။ တစ်ခြားနိုင်ငံတွေမှာ အလျှူခံတွေဟာ ကျွန်တော်တို့မြန်မာနိုင်ငံတွေလောက် မများပြားဘူးလေ။ ဒါဟာ ကျွန်တော့်အတွက် တစ်ပါးသူကိုကူညီဖို့အခွင့်အရေးတစ်ခုပဲလေ။ ဒါကြောင့် ကျွန်တော်ဟာ အလျှုခံတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို Ghandi ပြောသလို ကျေးဇူးတင်တယ်။ ဒါဟာ ကိုယ်တွေအတွက် ကောင်းကျိုးတစ်ခုကို ဆောင်ရွက်ဖို့အခွင့်အရေးတစ်ခုပဲ။

ခု နောက်ပိုင်းနိုင်ငံရေးနယ်ပယ်မှာ လူတွေဟာ Non-Violence ဆိုတဲ့စကားကို အတော်အတန်အသင့် အသုံးပြုလာတာကို တွေ့ရပါတယ်။ ရန်သူကို ချစ်ခြင်းဆိုတဲ့ စကားလေးဟာ Ghandi စပြောခဲ့တာပဲ။ ဒါကြောင့် သူဟာ “An eye for an eye, make the whole world bline.” လို့ပြောခဲ့တာပေ့ါ။ India ရဲ့ လွတ်မြောက်ခြင်းအတွက် ငြိမ်းချမ်းရေးကို အားကိုးခဲ့သော တော်လှန်ရေးခေါင်းဆောင်ဖြစ်သူသည် Birla House ဥယျဉ်တော်တွင် 30 January 1948 ရက်နေ့ညနေစောင်းတွင် ဘာသာရေး သေနတ်သမားတစ်ယောက်ရဲ့အနီးကပ်ပစ်သတ်မှုကြောင့် သေဆုံးခဲ့ရတယ်။

Ghandi အကြောင်းရုပ်ရှင်ဇာတ်ကားကြီးကို 1982 ခုနှစ်တွင် Richard Attenborough က ရိုက်ကူးခဲ့ပြီး Ghandi အဖြစ် Ben Kingsley က သရုပ်ဆောင်ခဲ့ကာ ဇာတ်ကားဆုရော၊ Director ဆုရော၊ သရုပ်ဆောင်မင်းသားဆုပါ အပါအဝင် Oscars ဆုပေါင်း 8 ဆုတိတိ ရရှိခဲ့တယ်။ ဒါဟာ သူရဲကောင်းကို ဂုဏ်ပြုခြင်းပဲ။ ဘယ်သူတွေ ဘယ်လိုပဲပြောပြော Ghandi ဟာ ယနေ့ခေတ်လူတွေရဲ့ နှလုံးသားမှာ ကျန်ရစ်နေတုန်းပဲလေ။


Frodo Baggins (The Lord of the Rings)

သူကတော့ သူရဲကောင်းမဟုတ်ဘူးဆိုပေမဲ့ သူတော်ကောင်းလို့ပြောရင်ပိုမှန်ကန်လိမ့်မယ်။ သူဟာ Lord of the Rings ဇာတ်လမ်းတစ်ခုလုံးရဲ့အဓိက ဇာတ်ကောင်ပဲ။ သူသာလျှင် ထိုလက်စွပ်ကို ဖျက်ဆီးနိုင်သောသူ။ သူဟာ the Chosen One ပါပဲ။ သူ့ရဲ့လက်ရုံးရည်တွေ ပညာဉာဏ်တွေကြောင့် ထိုကဲ့သို့အများမလုပ်နိုင်သော လုပ်ရပ်ကို သူလုပ်နိုင်တာမဟုတ်။ သူ့ရဲ့အကျင့်တရား သူ့ရဲ့ကောင်းမွန်မြတ်တဲ့စိတ်ဓာတ်ကြောင့်ပဲ။

ထိုလက်စွပ်ကို ဦးလေးဖြစ်သူ Bilbo ဆီကရတော့ သူ့နောက်ကို မကောင်းဆိုးဝါးတွေ လိုက်လာနေပြီ။ သူကိုင်မှ ထိုလက်စွပ်မှာရေးထားတဲ့ စာတန်းတွေပေါ်လာတယ်။ ဒီနေရာမှာတင် Gandalf သည် Frodo တစ်ယောက်သာလျှင် ဒီလက်စွပ်ကို ဖျက်ဆီးနိုင်သူဆိုတာ ယုံကြည်လိုက်တယ်။ သူယုံကြည်တာမမှားခဲ့ပါဘူး။ Fellowship of the Ring ဇာတ်ကားမှာ သူရဲကောင်းတွေ အကုန်ဝိုင်းထိုင်ပြီး ထိုလက်စွပ်ကို ဖျက်ဆီးဖို့တိုင်ပင်ကြတယ်။ Mordor နယ်ပယ်က Mount Doom ဆိုတဲ့ တောင်ပေါ်ကနေ ပစ်ချခြင်းဟာပဲ ဒီလက်စွပ်ကို ဖျက်ဆီးခြင်းဆိုတာ သူတို့လက်ခံခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်သူက ဒီလက်စွပ်ကို ကိုင်ဆောင်လာမှာလဲဆိုတာ မေးခွန်းထုတ်ကြပြီ။ ထိုလက်စွပ်အစွမ်းကို လူတိုင်းသိကြမှာပါ။ Gollum တစ်ယောက် ထိုလက်စွပ်ရ ဲ့ အစွမ်းကြောင့် ဘယ်လိုဘဝပျက်ခဲ့ရသလဲဆိုတာ သိကြမှာပေါ့။ သူတော်ကောင်းစိတ်မြင့်မြတ်တဲ့စိတ် ကောင်းမွန်တဲ့စိတ်ဓာတ်ကို မပိုင်ဆိုင်တဲ့သူတစ်ယောက်အတွက်တော့ ထိုလက်စွပ်ရဲ့အနားကို ရောက်တာနဲ့ထိုလက်စွပ်ရဲ့ပိုင်စည်းမှုကို ခံရကာ ထိုလက်စွပ်ရဲ့အောက်မှာ ဘဝကို အရှုံးပေးသွားကြမှာပဲ။ ဒီတော့ ထိုသူရဲကောင်းတွေဟာ ဘယ်သူမှ ထိုလက်စွပ်ကို ဒီခရီးရှည်ကြီးတစ်လျှောက်လုံး မကိုင်ဆောင်သွားရဲကြဘူး။ ဒီတော့ Frodo က နားလည်လိုက်တယ်။ သူ့ရဲ့ဖူးစာကံကြမ္မာဟာ ဒီလက်စွပ်ကို ဖျက်ဆီးဖို့ပဲဆိုတာ။ သူတစ်ယောက်သာလျှင် ထိုအလုပ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပေလိမ့်မည်ဆိုတာကို သူသိလိုက်တော့တယ်။ ဒီတော့ ရဲဝင့်စွာနဲ့ဒီလက်စွပ်ကို သူယူဆောင်လာမယ်လို့ပြောလိုက်တော့တယ်။ အင်း .သူလည်း သူရဲကောင်းတစ်ယောက်ပဲ။

ခရီးလမ်းတစ်လျှောက်မှာ Frodo ဟာ လက်စွပ်ရဲ့အစွမ်းတွေကို အလူးအလဲခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ သူအရှုံးမပေးခဲ့ဘူး။ သူ့စိတ်ကို သူပြန်တည်ငြိမ်အောင် ကြိုးစားပြီး သူတာဝန်ကို သူကျေပွန်အောင် လုပ်ဖို့ပဲ အာသီသပြင်းပြခဲ့တယ်။ သူ့နေရာမှာ တစ်ခြားသူတစ်ယောက်သာ ဖြစ်ပါက ထိုလက်စွပ်ကို အရှူံးပေးသွားကြပြီး ဘဝပျက်သွားကြမှာ သေချာပါတယ်။ ဒါကြောင့် Aragorn တောင် ထိုလက်စွပ်ကို မကိုင်ခဲ့ဘူး။ လက်စွပ်ကို တောင်ထိပ်ရောက်တဲ့အခါ ဖျက်ဆီးခါနီးမှာ သူစိတ်ဓာတ်တွေ ပြောင်းလဲခဲပေသော်ငြားလည်း သူနောက်ဆုံးတော့ သူ့ရဲ့ကောင်းမွန်တဲ့စိတ်ဓာတ်ဟာ လက်စွပ်ကို အနိုင်ရယူနိုင်ခဲ့ပြီး ထိုလက်စွပ်ကို ဖျက်ဆီးနိုင်ခဲ့တယ်။ ဒါကြောင့်သူဟာလည်း သူရဲကောင်းတစ်ယောက်အဖြစ် ခေါ်ထိုက်ပါပေတယ်။


Hawkeye (The Last of the Mohicans)

သူဟာ ကွဲပြားတဲ့ ကမ္ဘာနှစ်ခုကြားက ထူးဆန်း၍ စိတ်ဝင်စားဖို့ကောင်းတဲ့သူတစ်ယောက်။ သူ့ရဲ့ ဦးဆောင်ခြင်းဆိုတဲ့ အင်အားဟာ အလွယ်တကူ ကူးဆက်နိုင်စေတယ်။ သူဟာ လူဖြူတွေနဲ့Indian လူနီတွေရဲ့ကြားက တံတားငယ်လေးတစ်စင်းပဲ။ သူကိုယ်တိုင်ကလည်း အဖြူနဲ့Indians မျိုးနွယ်ဆက်ထားတဲ့ သူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာကိုး။ သူ့ရဲ့သူငယ်ချင်းတွေဟာ Mohicans တွေနဲ့Uncas တွေဖြစ်ပြီး သူဟာ သူငယ်ချင်းတွေအပေါ်မှာ သစ္စာရှိသောသူတစ်ယောက်လည်း ဖြစ်တယ်။

Spanish လူမျိုး Christopher Columbus သည် 1492 ခုနှစ်တွင် America တိုက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် နောက်ပိုင်းခေတ်များတွင် ဥရောပနိုင်ငံကြီးအချို့ရဲ့America တိုက်ကို သူပိုင်ကိုယ်ပိုင် နယ်မြေလုသော America နိုင်ငံလွတ်လပ်ရေးမရခင် နှစ်တစ်ရာအလို ခန့်1757 ခုနှစ်ကဖြစ်သည်။ ထို ဥရောပနိုုင်ငံများသည် နယ်မြေလုရင်း အချင်းချင်း တိုက်ပွဲဆင်နွဲသော ကာလဖြစ်သကဲ့သို့ဒေသခံ Red Indian လူမျိုးအချို့သည်လည်း သူတို့နယ်မြေကျူးကျော်လာသော ဥရောပတိုက်သားများကို ပြန်လည်တိုက်ခိုက်နေသော ရှုပ်ထွေးလှသည့် စစ်ပွဲကာလပင်ဖြစ်သည်။

French and Indian War ဟုခေါ်သော စစ်ပွဲဖြစ်ပွားနေသော 1757 ခုနှစ်တွင် Red Indians လူမျိုးပေါင်းများစွာထဲမှ Mohican ဟူခေါ်သော လူမျိုးတစ်ဦး Chingachgook နှင့်သူရဲ့သားအရင်းဖြစ်သူ Uncas နှင့် မွေးစားသားဖြစ်သူ လူဖြူ Nathaniel Hawkeye တို့သည် Colonel Edmund Munro ဦးစီးသော British စစ်တပ်အတွက်ပါဝင်တိုက်ခိုက်ပေးရန် တိုက်တွန်းခြင်းခံရသည်။ ထိုအချိန်တွင် New York ပြည်နယ်အတွင်းရှိ Fort William Henry ဟုခေါ်သော British ခံတပ်ရှိ Colonel Edmund ဧ။်သမီးနှစ်ဦးဖြစ်သူ Cora နှင့် Alice တို့ကို သူမတို့ရှိရာ Albany အရပ်မှ သူမတို့ဖခင်ရှိရာ အရပ်သို့ပို့ဆောင်ပေးရန် ယခုမှ အသစ်ရောက်ရှိလာသော Major Duncan Heyward နှင့် Huron လူမျိုး Magua ဆိုသူလမ်းပြတို့နှစ်ဦးကိုတာဝန်ပေးခြင်းခံရသည်။ Fort William Hnery သို့သွားရာလမ်းခုလပ်တွင် Magua သည်သစ္စာ ဖောက်ကာ သူ့ဧ။်လူ့အချို့နှင့် Britsih စစ်သားများ၊ Ducan, Cora နှင့် Alice တို့လူစု ကို ခြုံခိုတိုက်ခိုက်ရာ British စစ်တပ်တစ်တပ်လုံးကျဆုံးကာ တောထဲတွင် အမဲလိုက်နေသော Hawkeye တို့သားအဖတစ်သိုက်လာရောက်ကယ်ဆယ် သဖြင့် Ducam, Cora နှင့် Alice တို့3 ယောက် Magua တို့လူစုလက်မှ သီသီလေးလွတ်မြောက်ခဲ့ရသည်။

ထိုမှ စတင်ကာ Hawkeye တို့ရဲ့စွန့်စားခန်း ခရီးကြမ်းကြီးစတင်လေတော့သည်။ သူ့လုပ်ရပ်ဟာများပြားလှသော လူတစ်စုကြီးအတွက် မဟုတ်ခဲ့ပေမဲ့ ကျွန်တော့်အတွက်တော့ သူသည်လည်း သူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်သူတစ်ယောက်လို့မြင်မိခဲ့တယ်။


Ellen Ripley (Alien)

မာကြောတယ်။ ခံနိုင်ရည်အပြည့်အဝရှိတယ်။ ယောကျ်ားသားများနှင့်တန်းတူ ရင်ဘောင်တန်းကာ သတ္တိပြည့်ဝတယ်။ ပြီးတော့ သူမဟာအသက်ရှင်ကျန်ရစ်သူ။ သူမဟာ သာမာန်ဘဝပုံစံမျိုးနဲ့ပဲ အသက်ရှင်ချင်ပေမဲ့ အခြေအနေတစ်ခုကို ဆိုးဝါးစွာ ကြုံတွေ့ရတဲ့အခါ သူမဟာ သူရဲကောင်းဆိုတဲ့ နာမည်ကို ခံထိုက်သူတစ်ယောက် ဖြစ်လာတော့တယ်။ သူမကို စတင်မိတ်ဆက်တော့ သူမဟာ Nostromo ဆိုတဲ့ အာကာသယာဉ်ကြီးရဲ့Warrant Officer/Lieutenant (First Class) တစ်ယောက်အဖြစ်နဲ့ပေါ့။ သူမဇာတ်ကောင်ကို ကျွန်တော်တို့စတင်လေ့လာကြည့်မယ်ဆိုရင် ပထမဆုံး Alien ဇာတ်ကားအစပိုင်းလောက်တွင် ပရိသတ်ရဲ့အကြင်နာကို သိပ်ပြီးရလိ့မ်မဲ့ ဇာတ်ကောင်တော့မဟုတ်ဘူး။ သူမဟာ လူ့သားတစ်ယောက် အသက်ထက် ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာချင်သောသူတစ်ယောက်လေ။ ဒါကလည်း အကြောင်းရှိပါတယ်။ မကျွမ်းကျင်တဲ့ နယ်နမိတ်တစ်ခုက အပြန်လာမှာ ရောဂါတစ်ခု (သို့မဟုတ်) ပိုးမွှားတစ်မျိုးယူဆောင်နိုင်လေ့ ရှိတတ်သည့်အတိုင်း quarantine regulations တွေကို လိုက်နာဖို့သူမ ညွှန်ကြားခဲ့ပေမဲ့ အများနဲ့တစ်ယောက်ဆိုတဲ့အတိုင်း သူမစကားကို သူမရဲ့အဖွဲ့သားတွေ မလိုက်နာခဲ့။ နောက်ဆုံးမှာတော့ သူမ မှန်ကန်ခဲ့တယ်ဆိုတာ ထိုယာဉ်ပေါ်က လူတိုင်း လက်ခံလာရတော့တဲ့ အဖြစ်အပျက်တွေ ဖြစ်လာခဲ့တော့မှ သူမရဲ့သူရဲကောင်းလုပ်ရပ်တွေ စတင်လာပေတေ့ာတယ်။

သူမဟာ ပထမအကြိမ်မှာ တစ်ယောက်တည်းသော အသက်ရှင်ကျန်ရစ်ဖြစ်ခဲ့ကာ ထိုဂြိုလ် LV-426 ကို သူမဘဝတွင် နောက်ထပ်တစ်ကြိမ်ဘယ်တော့မှ ထပ်မသွားတော့ဘူးလို့ဆုံးဖြတ်ချက်ချခဲ့ပေမဲ့ မလွှဲရှောင်သာတဲ့ အခြေအနေတွေကြောင့် သူမဟာထိုဂြိုလ်ကို နောက်ထပ်တစ်ကြိမ် ထပ်မံသွားခဲ့ရပါတော့တယ်။ သူမနဲ့ထို Aliens တွေရဲ့ရေစက်က မသေးဘူးလို့ဆိုရမယ်။ ဇာတ်ကားပေါင်း 4 ကားတိတိ ထွက်ခဲ့တယ်။ တတိယဇာတ်ကားတွင် ပြီးဆုံးသွားခဲ့ပေမဲ့ စတုတ္ထမြောက်ဇာတ်ကားတွင်တော့ သူမသေဆုံးသွားပြီး နောင်နှစ်ပေါင်း မြောက်မြားစွာတွင် အခြေခံထားကာ သူမဇာတ်ကောင်ကို Clone လုပ်လိုက်ကြတာ ထို Aliens တွေနဲ့နောက်ဆုံးအကြိမ် ထပ်တွေ့ခဲ့ရပြန်သေးတယ်။

သူမဟာ ရုပ်ရှင်သမိုင်းတွင် Strong အဖြစ်ဆုံးဇာတ်ကောင်လို့ယူဆမိတယ်။ ကိုယ်ကာယအရဆိုရင်တော့ Sarah Corners ဟာ ပိုမိုသန်မာတယ်ဆိုတာ မှန်ပေမဲ့ Decision Makings တွေနဲ့စိတ်ဓာတ်ပိုင်းတွေမှာတော့ ကျွန်တော့်အမြင်မှာ Ellen Ripley ဟာ ပိုမိုသာပါတယ်။ သူမရဲ့ဇာတ်ကောင်ဟာ မူရင်းစိတ်အရ ကြောက်ရွံ့ခြင်းတွေ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပေမဲ့ အဆုံးမှာတော့ အမြဲတမ်း အောင်နိုင်သူတစ်ယောက်ပါ။ ဘာကြောင့်လဲဆိုရင် သူမအလုပ်ကို သူမအကောင်းဆုံး လုပ်ကိုင်နိုင်လို့ပဲ။ သူမရဲ့ဇာတ်ကောင်ကို သူတို့သရုပ်ဖော်ပုံကို ကျွန်တော်သဘောကျတာတစ်ခုက သူမဟာ အမြော်အမြင်ရှိသူပီပီ အန္တရယ်တွေကို ကြိုတင်မြင်ခဲ့တယ်။ တားမြစ်ခဲ့တယ်။ သို့သော် သူမဟာ လက်အောက်ငယ်သားတွေရဲ့စကားတွေ အကြံဉာဏ်တွေ တောင်းဆိုချက်တွေကိုလည်း လေးစားနားထောင်သူတစ်ယောက်။ သူမအာဏာကို သုံး၍ အန္တရယ်က ကင်းဝေးအောင် လုပ်ဆောင်နိုင်ပေမဲ့ သူမထိုကဲ့သို့မလုပ်။ ဒါပေမဲ့ အန္တရာယ်ကို သူတို့အားလုံး ကြုံကြတဲ့အခါ သူမကိုယ်တိုင် စတေးပြီး စွန့်စားလုပ်ဆောင်ဖွယ်ရှိပါက သူမကိုယ်တိုင်ပင် လုပ်ဆောင်သည်။ ဒါဟာ ပထမဆုံးဇာတ်ကားထဲက သူမရဲ့စရိုက်။ ဒါပေမဲ့ ပြောင်းလဲလာတဲ့ အခြေအနေတွေ အတွေ့အကြုံတွေဟာ သူမကို ပြောင်းလဲစေခဲ့တယ်။ ဒါကြောင့် နောက်ပိုင်းဇာတ်ကားတွေမှာ သူမကို ကြမ်းတမ်းသော ခက်ထန်သော သူရဲကောင်း အမျိုးသမီးတစ်ယောက်အဖြစ် ကျွန်တော်တို့တွေ့မြင်ခဲ့ကြရတော့တာပေါ့။

ခပ်ဆန်းဆန်း အသွင်လှပသော အဝတ်အစားတွေ သူမကိုယ်ပေါ်တွင် မခြုံလွှမ်းထား။ သူမသည် တစ်ခြားသူတစ်ဦး အထူးသဖြင့် ဇာတ်လိုက်မင်းသားတွေရဲ့ဘေးက Sidekick တစ်ယောက်မဟုတ်။ ဦးဆောင်သူ အမျိုးသမီး။ စိန်ခေါ်မှုတွေကို လက်ခံသူ။ မိန်းမပီပီ မိတ်ကပ်တွေမျက်နှာပေါ်မှာ ရှိနေသည့်အစား သူမမျက်နှာပေါ်တွင် သွေးတွေ ချွေးတွေနဲ့အတူ ရက်စက်သူ၊ ကြမ်းတမ်းသူ။ ဒေါသကြီးသူ၊ ဆုံးဖြတ်ချက် ခိုင်မာသူ၊ ပြီးတော့ တစ်ပါးသူတွေကို အမြဲလိုလို ကယ်တင်ခဲ့သူ အမျိုးသမီး သူရဲကောင်းပင်။


Kick Ass

ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေ လူတွေရဲ့ပါးစပ်ဖျားတွေမှာ အမြဲလိုလို ပါတတ်ပေမဲ့ တစ်ကယ့်လက်တွေ့ဘဝတွင်တော့ ဘာလို့မရှိရတာလဲ။ လူတစ်ယောက်ဟာ ဦးဆောင်ပြီးဘာလို့စ မလုပ်တာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေဟာ စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာကြတော့ မိမိရ ဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းချင်ကြတာလား။ Kick Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက် တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာ လက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလည်း ဆိုတာကို မေးခွန်းထုတ်လာခဲ့ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူ့မှ ထိုကဲ့သို့သော လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ အဲ့ဒီ့မှာ စပြီးတော့ Kick Ass ရဲ့စိတ်ဓာတ်ကို စကြိုက်တော့တာပဲ။

ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလည်း သာမာန်လူငယ်တစ်ယောက်ပါပဲ။ Spiderman လို ပင့်ကူအကိုက်ခံရလို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ လူ့လောကရဲ့မတရားခြင်းတွေရဲ့အကိုက်ခံရလို့ပဲ။ ကြီးနိုင်ငယ်ညှင်းတွေ နေရာတိုင်းမှာ ရှိတယ်။ မြို့ထဲက လမ်းကြားတွေမှာ ဒုစရိုက်သမားတွေဟာ ရိုးအတဲ့ လူတစ်ချို့ဆီက ပိုက်ဆံတွေ မတရားတောင်းမယ်။ သတ်ဖြတ်ခြင်းတွေ ရှိမယ်။ အမျိုးသမီးငယ်တွေကို လှောင်ပြောင်ခြင်းမှသည် ကိုယ်ထိလက်ရောက်စော်ကားခြင်းတွေ ရှိမယ်။ ဒါတွေကို ရဲတွေဆိုတဲ့ ပြည်သူ့လုပ်သားတွေဟာ အကုန်လုံးကို မသုတ်သင်နိုင်ကြဘူး။ တစ်ချို့ကို လျစ်လျှူရှုထားတတ်ကြတယ်။ ဒါဆို ထိုအားနည်းတဲ့သူတွေကို ဘယ်သူတွေက ကယ်တင်မှာလဲ။ ဒါဟာ တစ်ကယ်ကို အရေးကြီးတဲ့ မေးခွန်းတစ်ခုနော်။ စာဖတ်သူကိုယ်တိုင်လည်း ပြန်ဖြေကြည့်။ စာဖတ်သူဟာ ထို မတရားမှုတွေကို တိုက်ခိုက်တဲ့ သူတစ်ယောက် မဖြစ်ချင်ဘူး။ ဖြစ်ချင်တာပေါ့။ ဟုတ်တယ်မဟုတ်လား။ ထို့ကဲ့သို့ပဲ Kick Ass ဆိုတဲ့ လူတစ်ယောက် မြို့ထဲကို မသိမသာ ရောက်ရှိလာတော့တယ်။ ဝတ်စုံကို online ကဝယ်တယ်။ လက်နတ်ဆိုတော့ တုတ်လေး 2 ချောင်းကို ကျောမှာ သယ်ပြီး ညဘက်ဆို လမ်းမတွေပေါ်မှာ လျှောက်သွားပြီး ကူညီရမဲ့ သူတွေကို တွေ့လျှင် ကြောင်ကို လိုက်ရှာပေးရတာက အစ လုပ်ပေးတဲ့ သူမျိုး။ မတရားမှုတွေနဲ့ပြည့်ကျပ်နေတဲ့ လောကကြီးကို မိမိတတ်စွမ်းသလောက် ကယ်တင် ကူညီချင်တဲ့ စိတ်ပေါ့။


Man with no Name

ထိုခေတ်ကတော့ "Dollars Trilogy" ဆိုပြီးနာမည်ကြီးခဲ့တဲ့ A Fistful of Dollars (1964), For a Few Dollars More (1965) နဲ့ The Good, the Bad and the Ugly (1966) ဇာတ်ကား 3 ကားထဲက နာမည်မဖော်ပြခဲ့တဲ့ သူရဲကောင်းဇာတ်ကောင်တစ်ယောက်ပါ။ အညိုရောင် ဦးထုပ်ကို ဝတ်ဆင်ကာ အစိမ်းရင့်ရောင် Poncho ကို ကိုယ်ပေါ်တွင် ပတ်ထားလျက် သံ Boot ဖိနပ်ကို စီးထားကာ စီးကရက်တိုကို အမြဲခဲလေ့ရှိတဲ့ သူ့သဏ္ဍာန်ဟာ ရုပ်ရှင်ချစ်သူတွေရဲ့မျက်စိထဲမှာ ဘယ်တော့မှ ပျောက်ကွယ်မည် မထင်ပေ။ သူဟာ စကားသိပ်ပြောလေ့မရှိ၊ သူ့အတွေးတွေကိုလည်း မှန်းရခက်တယ်။ သူ့မျက်နှာတွင် ခံစားချက်ကို ဘယ်တော့မှ မဖော်ပြခဲ့။ သူပါဝင်ခဲ့သော ထိုဇာတ်ကား 3 ကားစလုံးတွင် သူ့နာမည်ကို မဖော်ပြခဲ့တဲ့အတွက် သူ့ကို the man with no name လို့ပဲ ခေါ်ကြတယ်။ နာမည်မဖော်ပြခဲ့ဘူးဆိုပေမဲ့ ပထမဆုံးကား A Fistful of Dollars တွင် သူ့ကို လူတစ်ယောက်က Joe လို့ခေါ်တာ ကြားခဲ့ရသလို For a Few Dollars More တွင်တော့ Manco လို့ခေါ်တာကိုလည်း ကြားခဲ့ရတယ်။ Manco ဆိုတာက Spanish လို လက်တစ်ဖက်လို့အမည်ရတယ်။ ဘာလို့အဲ့လိုခေါ်သလဲဆိုရင် သူဟာ အရာအားလုံးကို လက်တစ်ဖက်တည်းနဲ့ပဲ အသုံးပြုပြီး ဆောင်ရွက်လေ့ရှိလို့တဲ့။ သေနတ်ပစ်ရင်တော့ လက်နှစ်ဖက်စလုံးကို သူအသုံးပြုပါတယ်။ နောက်ဆုံးဇာတ်ကားတွင်တော့ သူ့ကို ရိုးရှင်းစွာ The Good လို့ပဲ အမည်တပ်ခဲ့တယ်။


Spartacus

မှန်ကန်သော၊ အားနည်းသော လူအများစုအတွက် ရပ်တည်သောသူသည် သူရဲကောင်းဟု အလွယ်တကူသတ်မှတ်မယ်ဆိုရင် Spartacus ဟာလည်း တစ်ယောက်ပေါ့။ သူဟာလည်း သမိုင်းတွင် တစ်ကယ်ရှိခဲ့သော အလွန်တရာ တော်သော ပုဂ္ဂိုလ်တစ်ယောက်ပေပဲလေ။ သူ့ကို 111 BC ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူဟာ Thracian တစ်ယောက်ဖြစ်ပေမဲ့ အစောပိုင်းလောက်တွင် ရောမ စစ်သားတွေနဲ့အတူတာဝန်ထမ်းဆောင်ဖူးတယ်လို့သိရတယ်။ ဒါပေမဲ့ သူ့ကို ဖမ်းပြီး အကျဉ်းသားဖြစ်ကာ Galdiator အဖြစ် ရောင်းချခံခဲ့ရတယ်။

မတရား ဖိနှိပ်ခြင်းတွေ လူချင်းမစာမနာရက်စက်ခြင်းတွေ အစရှိတဲ့ ယုတ်မာခြင်းတွေကို သည်းမခံနိုင်တော့တဲ့နောက်ဆုံး သူဟာအခြား အစေခံတွေနဲ့အတူ 73 BC မှာ ထွက်ပြေးခဲ့တယ်။ လိုက်လံဖမ်းဆီးခဲ့တဲ့ ရောမတပ်သားတွေကို အောင်မြင်စွာ နှိမ်နင်းခြင်းနဲ့အတူ သူတို့ဟာ တစ်ဖြည်းဖြည်းနဲ့အောင်မြင်လာသလို သူတို့လို ကျွန်စစ်သည်တော်အင်အားတွေ များပြားလာခဲ့တယ်။ 2 နှစ်အတွင်း ကျွန်စစ်သည်တော်တွေနဲ့ရောမစစ်သည်တော်တွေရဲ့တိုက်ပွဲကြီး 3 ခုဖြစ်ပွားပြီး နောက်ဆုံးတိုက်ပွဲတွင် Spartacus သေဆုံးခဲ့တယ်လို့သမိုင်းတွင် မှတ်တမ်းတင်ခဲ့တယ်။ ဒါပေမဲ့ များပြားလွန်းတဲ့ အလောင်းတွေကြောင့် Spatacus ရဲ့အလောင်းကိုတော့ ယနေ့တိုင် ရှာမတွေ့ခဲ့ကြပါ။

သူသေဆုံးခဲ့ပေမဲ့ သူ့ရဲ့လုပ်ရပ်တွေဟာ ထိုအချိန်က Roman Empire အတွက် သတိပေးမှုကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့တယ်။ ထို့အတူပဲ Spartacus ဟာ ယနေ့အတိုင် အမှန်တရားအတွက် တိုက်ပွဲဝင်သူတိုင်းရဲ့သင်္ကေတတစ်ခုအဖြစ် ရှင်သန်ခဲ့တယ်။ ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာတစ်ခုကတော့ ယနေ့ခေတ်ရဲ့နိုင်ငံရေးသမားတွေရဲ့ခုတုံးအဖြစ် အသုံးချခြင်း ခံနေရတာကိုပဲ။ နိုင်ငံရေးသမားတွေဟာ သူတို့ကိုယ်သူတို့ခေတ်သစ် Spartacus လိုလို ပြောဟန်တွေ နားထောင်ရတာ ပျင်းရိဖို့ကောင်းတဲ့ ပြက်လုံးတစ်ခုကို ခဏခဏနားထောင်ရသလို နားထဲတွင် ခါးသီးလွန်းလှပါတယ်။ အဆိုးဆုံးကတော့ Communism တွေ Socailism တွေဟာ Spartacus ကို သူတို့လမ်းစဉ်ရဲ့ဥပမာအဖြစ် တပ်ပြီး မဲဆွယ်ကြတာကိုပဲ။

1960 ခုနှစ်ကထွက်ရှိခဲ့တဲ့ Director ကြီး Stanley Kubrick ရိုက်ကူးထားသော ဇာတ်ကားထဲတွင် စစ်ပွဲတွင် ရှုံးနိမ်ပြီး ကျန်ရစ်အဖမ်းခံရသော ကျွန်စစ်သားတွေကို ရောမစစ်သားတွေက Spatacus က ဘယ်သူလဲလို့မေးတဲ့ဇာတ်ဝင်ခန်းဟာ အလွန်ကို ကြက်သီးထဖွယ်ကောင်းအောင် သူရဲကောင်းဝါဒကို ဖော်ညွှန်းထားတယ်။ ဒီနေရာတွင် လူတိုင်းသည် Spartacus ဖြစ်သွားကြသည်။ လူတိုင်းဟာ ကိုယ်စီအသီးသီး ထကြပြီး “I am Spartacus.” လို့ကြွေးကြော်ကြလေတော့သည်။ ဒါဟာ Spartacus အစစ်ကို ဖုံးပေးချင်တဲ့ စိတ်ကြောင့်လည်း ဖြစ်သလို သမိုင်းတွင် သူရဲကောင်းဝါဒဟာ သင်္ကေတတစ်ခုအဖြစ် ရပ်တည်ကျန်ရစ်နေတော့မည်ဆိုတာကိုပြလိုက်သော နမိတ်ပင်ဖြစ်ပေတော့သည်။


Valkyrie

ဖန်တီးမှု အောင်မြင်မှ သူရဲကောင်းလို့တံဆိပ် အတပ်မခံသင့်ပါ။ အောင်မြင်သည် ဖြစ်စေ ကျရှုံးသည်ဖြစ်စေ အမှန်တရားဘက်က ရပ်တည်ကာ ကိုယ်ကျိုးစွန့်လုပ်ရပ်ကို လုပ်တဲ့သူတိုင်းသည် သူရဲကောင်းဟု ခေါ်ဆိုထိုက်ပေသည်။ 20 July 1944 တွင် Nazi Germany ခေါင်းဆောင်ကြီး Adolf Hitler ကြီးရဲ့ဝံပုလွေ စခန်းလို့အမည်ရတဲ့ လျှို့ဝှက်ဌာနချုပ်တစ်ခုတွင် ဗုံးဖောက်ခွဲပြီး ခေါင်းဆောင်ကြီးကို လုပ်ကြံမှု တစ်ခုဖြစ်ပွားခဲ့သည်။ ထိုအစီအစဉ်ကို ဦးဆောင်ခဲ့သူက Claus von Stauffenberg ဆိုသူ Colonel အဆင့်ရှိသူ German ဗိုလ်ကြီးတစ်ဦးပဲ။ သူက Tunisia မှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ ညာဘက်လက်ရော ဘယ်ဘက်လက်က လက်သန်းနဲ့လက်သကြွယ်တို့အပြင် ဘယ်ဘက်မျက်လုံးတို့ကိုပါ ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးရှုံးခဲ့ရတယ်။

ဒုတိယ ကမ္ဘာစစ်မှာ Hitler ရဲ့လုပ်ရပ်တွေဟာ လူမဆန်စွာ ရက်စက်ဆိုးရွားခဲ့တယ်။ လူတစ်ယောက်တည်း သေခြင်းမဟုတ်။ နိုင်ငံတစ်နိုင်ငံတည်း ဒုက္ခရောက်ခဲ့တာမဟုတ်။ လူမျိုးနွယ်စုတွေ အကုန်နီးပါး တစ်ကမ္ဘာလုံးနီးပါး ဒုက္ခတောထဲမှာ နေထိုင်ခဲ့ရတဲ့ အမှောင်ခေတ်ကြီးတစ်ခုကို ဖန်တီးခဲ့တဲ့သူ။ ထိုသူကို သတ်ဖြတ်ချင်နေကြသူတွေထဲတွင် တစ်ခြားနိုုင်ငံမှ ပုဂ္ဂိုလ်များသာမက သူ့လက်အောက်ခံတပ်သားအချို့လည်း ရှိတာပေါ့။ ထိုသူများသည် အမှန်ကို မြင်သူတွေ။ ခေါင်းဆောင်က ဆိုးတဲ့သူဖြစ်နေပေမဲ့ ထိုလုပ်ရပ်တွေကို လက်မခံခဲ့သောသူတွေပါ။ ဒါကြောင့်လည်း Hitler ကို လုပ်ကြံဖို့သူ့ရဲ့ကိုယ်ပိုင်စီးတဲ့ လေယာဉ်မှာ ဗုံးခွဲဖို့တွေကို ကြိုးပမ်းခဲ့ပေမဲ့ Hitler ဟာ ကံကောင်းတယ်ပဲ ဆိုရမလားပဲ။ ဗုံးဟာ မပေါက်ကွဲခဲ့ဘူး။ ဒီလိုနဲ့အကြံတူတဲ့ လူတွေ စုလာကြတော့တယ်။ ဒါပေမဲ့ Berlin မြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာတော့ သူတို့ဟာ Operation Valkyrie ကို စတင်ဖို့စိတ်ကူးတွေ ရလာကြတယ်။

သူတို့ရဲ့ကြံစည်မှုဟာ အလွန်ကို ပီရိသေသပ်တယ်လို့ပြောလို့ရတယ်။ ဒီလောက်ထိ ခေါင်းဆောင်ကြီးရဲ့သစ္စာတော်ခံတွေ များပြားတဲ့နေရာ အချိန်မှာ သူတို့အကြံစည်ကို မည်သူမှ မရိပ်မိခဲ့ကြဘူး။ သူတို့ဟာ ခေါင်းဆောင်ကြီးကို လုပ်ကြံပြီးတာနဲ့အာဏာကိုပါ တက်သိမ်းဖို့အစီအစဉ် ကျကျနန ဆွဲခဲ့ကြတယ်။ နိုင်ငံတော် အရေးပေါ်အခြေအနေတစ်ခုမှာ စစ်တပ်ရဲ့လက်ထဲကို ယာယီအာဏာ လွှဲပြောင်းခြင်းတွေပါ ပါဝင်တယ်။ ထိုအာဏာလွှဲပြောင်းခြင်းဆိုတာကို Hitler ကိုယ်တိုင်လက်မှတ်ရေးထိုးရမဲ့ စာရွက်စာတမ်းသက်သေရှိမှ လုပ်နိုင်မှာမို့ Stauffenberg တစ်ယောက် ထိုစာပေါ်တွင် Hitler ကို လက်မှတ်ထိုးခိုင်းစေတယ်။ Hitler က Stauffenberg ကိုယုံကြည်တာကြောင့် စာရွက်ထဲတွင် ဘာတွေရေးထားတယ်ဆိုတာကိုတောင် မဖတ်ကြည့်တော့ပဲ လက်မှတ်ရေးထိုးပေးခဲ့လိုက်တယ်။ ထိုဇာတ်ဝင်ခန်းဟာ အလွန်ကို သည်းထိပ်ရင်ဖို နိုင်ခဲ့တယ်။

သူတို့အစီအစဉ်အောင်မြင်တယ်လို့ပဲ ဆိုရမလားတော့မသိ။ 20 July 1944 တွင် ဝံပုလွေစခန်းမှာ Hitler ဦးဆောင်တဲ့ အတွင်းအစည်းအဝေးတစ်ခုကျင်းပနေစဉ် ကြီးမားတဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တော့တယ်။ ထိုအချိန်က ဗုံးအိတ်ကို Stauffenberg က Hitler နဲ့နီးနိုင်သမျှ အနီးဆုံးတွင် ထားခဲ့ပေမဲ့ လူတစ်ယောက်က ထိုအိတ်ကို နေရာရွေ့ခဲ့ခြင်းကြောင့် ထိုပေါက်ကွဲမှုတွင် Hitler တစ်ယောက် မသေခဲ့ပေ။ ဒါကို မသိခဲ့တဲ့ Stauffenberg တို့အဖွဲ့ကတော့ Hitler သေပြီအထင်နဲ့အာဏာကို အမြန်ဆုံး တက်သိမ်းခဲ့ကြပြီး ကမ္ဘာ့သမိုင်းကို ကောင်းမွန်တဲ့လမ်းကြောင်းပေါ် ဆွဲတင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ Hitler တစ်ယောက် မသေဘူးဆိုသော သတင်းဟာ အတိပြုခဲ့နောက်မှာတော့ ထိုစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ သူတို့စစ်ဗိုလ်တွေ အကုန်လုံးကို အဖမ်းခံရပြီး အသတ်ခံကြရတော့တယ်။ ဒါဟာ သမိုင်းမှာ Germans တွေကိုယ်တိုင်က Adalf Hitler ကိုလုပ်ကြံခဲ့တဲ့ လူတွေသိတဲ့ ဖြစ်ရပ်ပေါင်း 15 ခုထဲက နောက်ဆုံးဖြစ်ရပ်ပါပဲ။

သူတို့စစ်ဆင်ရေးကြီး ရှူံးနိမ့်ခဲ့ကာ သူတို့အသတ်ခံခဲ့ကြရပေမဲ့ သူတို့ရဲ့တစ်ခြားသူတွေ မလုပ်ဆောင်ရဲသော လုပ်ရပ်ကို စွန့်စွန့်စားစားနဲ့သမိုင်းတစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ကြိုးစားခဲ့ကြတဲ့ သူရဲကောင်းတွေပေါ့။ သူတို့အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားနာမည်ကတော့ Valkyrie ဖြစ်ပြီး Stauffenberg နေရာတွင် Tom Cruise ပါဝင်ခဲ့ကာ Director ကတော့ Bryan Singer ပဲဖြစ်ပါတယ်။


Taxi Driver

Taxi Driver လို့ကျွန်တော်အလွယ်တကူ နာမည်တပ်ခဲ့ပေမဲ့ သူ့နာမည်အရင်းက Travis Bickle။ သူ့ကိုယခုလို လူကောင်း သူရဲကောင်းလို့ခေါ်ချင်ရင် ခေါ်လို့ရသလို အထီးကျန်နေတဲ့ ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရကာ သူရူးတစ်ယောက်ဖြစ်သွားတဲ့ Psychopath တစ်ယောက်ဆိုလည်း မမှားပြန်ပေဘူး။ သူရဲကောင်း အစစ်တော့ မဟုတ်ပေမဲ့ သူ့မှာ ရည်ရွယ်ချက် ရှိခဲ့တယ်။ ထိုရည်ရွယ်ချက်ကိုလည်း အဆုံးသတ်မှာ အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့တယ်။

သူ့ရဲ့စိတ်အခြေအနေအရ သူ့ရဲ့လုပ်ရပ်တွေဟာ ခန့်မှန်းရခက်ခဲသလို သူ့ရဲ့အတွင်းစိတ်ကို ကျွန်တော်တို့ပရိသတ်တွေ ဘယ်တော့မှ နားမလည်ခဲ့ကြဘူး။ အမှန်တေ့ာ နားလည်စရာလည်း မလိုဘူးလေ။ အစတုန်းကတော့ သူဟာ လူဘောင်မှာ အခြားသူတွေနဲ့ ဝင်ဆံ့ချင်ခဲ့ပြီး သာမာန်လူသားတစ်ယောက်အဖြစ် နေထိုင်ခဲ့ချင်ပေမဲ့ သူ့ရဲ့စိတ်ဟာ သာမာန်မဟုတ်တာကြောင့် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ခဲ့ပေ။ သူဟာ ရုပ်ရှင်အစမှာ အိပ်မပျော်တဲ့ ရောဂါကို ရရှိနေပြီး ဆေးတွေလည်း အလွန်အကျွံသောက်သုံးနေကာ သူ့ရဲ့မနက်ခင်းတွေကို အပြာကားပြသတဲ့ရုပ်ရှင်ရုံတွေမှာ အချိန်ဖြုန်းလေ့ရှိတယ်။ Betsy ရဲ့ငြင်းဆန်ခြင်းကို ခံရတဲ့နောက်ပိုင်းမှာတော့ သူ့ရဲ့စိတ်တွေဟာ ကြမ်းတမ်းလာပြီး မူမမှန်ခြင်းကို ကူးပြောင်းလာတော့တယ်။
သူဟာ သူရဲကောင်းမဟုတ်ပေမဲ့ သူရဲကောင်းတော့ ဖြစ်ချင်ခဲ့ဟန်တူတယ်။ ဒါကြောင့်လည်း သူရဲကောင်းဆန်တဲ့အပြုအမူတွေ စတင်လုပ်လာတော့တယ်။ ဒီနေရာမှာ သူဖွင့်ဆိုတဲ့ သူရဲကောင်း အဓိပ္ပာယ်က ကွဲလွဲခဲ့တယ်။ မိုက်ရူးရဲဆန်တယ်လို့လည်းပြောလို့ရနိုင်တယ်။ ဘာလဲဆိုတော့ သမ္မတလောင်း ဝင်ပြိုင်နေတဲ့ လူတစ်ယောက်ကို မိန့်ခွန်းခြွေနေစဉ် သေနတ်နဲ့ပစ်သတ်ပြီး သူ့ကိုယ်သူလည်း သတ်သေခြင်းဟာ သူရဲကောင်းလုပ်ရပ်လို့သူထင်ခဲ့တာကိုး။ ဒါပေမဲ့ သူ Iris ကို ကယ်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်လာတော့ သူ့ရဲ့ခံစားချက်တွေကို နိဂုံးချုပ်စေခဲ့ပြီး သူနဲ့ဘာမှ မသက်ဆိုင်သော Iris ကိုယ်တိုင်က ဒုက္ခတောထဲမှာဆိုပေမဲ့ သူ့ရဲ့အကူအညီကို မလိုချင်သော အကူအညီကို သူပေးဖို့ကြံစည်တော့တယ်။ ဟုတ်တယ်လေ။ ဒါဟာ သူ့ရဲ့တစ်ခုတည်းသော သူရဲကောင်းဆန်ခြင်းလုပ်ရပ်ပဲ။ အမှန်တော့ သူဟာ Iris ကို ကယ်တင်ချင်တယ်ဆိုတာထက် ကျွန်တော့်အမြင်မှာတော့ သူ့ရဲ့စိတ်စေရာကို ကယ်တင်ချင်တာ။ သူ့စိတ်ကို သူအရှူံးပေးခဲ့ပြီ။ သူ့စိတ်က သူရဲကောင်းဆန်ချင်နေတော့ စိတ်စေရာအတိုင်း သူလုပ်တော့တာပဲ။

သူ့အတိတ်ကို ဇာတ်ကားထဲတွင် ရောရာစွာမပြသခဲ့သောကြောင့် ကျွန်တော်တို့ပရိသတ်တွေအဖို့သူ့ကို နားလည်ဖို့ခဲယဉ်းပေသည်။ သိခဲ့ရသလောက်ကတော့ သူသည် Vietnam စစ်ပြန်ဖြစ်သည့်အတိုင်း စစ်ထဲတွင် စစ်ရဲ့ရက်စက်ခြင်းကို ခံခဲ့ရပုံပါပဲ။ အထီးကျန်ခြင်းဆိုတဲ့ ဝေဒနာကို ရရှိကာ ထိုစိတ်ကို ဖြေဖြောက်ဖို့ကြိုးစားရင် ရည်ရွယ်ချက်မရှိပဲ သူရဲကောင်းဖြစ်ချင်လာတော့တယ်။ ဒီမှာတင် သူ့စိတ်လိုရာ စိတ်စေရာအတိုင်း သူလိုက်လုပ်တော့တယ်။ သူဟာ Iris ကိုကယ်တင်ခဲ့ခြင်းမဟုတ်။ သူ့ကိုယ်သူ ကယ်တင်ခဲ့ခြင်းပင်။ သူရဲကောင်း လုပ်ရပ်ကို လုပ်ဆောင်ခဲ့သော သူရဲကောင်းမဟုတ်တဲ့ လူရူးတစ်ယောက်အဖြစ် ကျွန်တော် သတ်မှတ်လိုက်တော့ပေမဲ့ သူ့လုပ်ရပ်ဟာ အောင်မြင်ခဲ့တဲ့အတွက် ဒီ List လေးထဲတွင် ကျွန်တော် ထည့်သွင်းခဲ့သည်။


Sarah Conner (The Terminator)

ယောကျ်ားတွေ ကြီးစိုးသောကမ္ဘာတွင် သူရဲကောင်းအမျိုးသမီးတစ်ဦးပေါ်ထွက်ခဲ့သည်။ သူမသည် နောင်တွင် Skynet ကို တိုက်ခိုက်ခဲ့သော John Conner ရဲ့မိခင်ဖြစ်သူ Sarah Conner ပင်ဖြစ်သည်။ John ထက် သူ့ရ ဲ့မိခင် Sarah ကို ပို၍ မာကြောတယ်လို့ကျွန်တော်မြင်တယ်။ တစ်ကယ်တော့သူမသည် အများနည်းတူ သူရဲကောင်းဆိုတာကို ရွေးချယ်ခဲ့တာမဟုတ်ခဲ့ပေ။ သာမာန်ဘဝတစ်ခုမှာ နေထိုင်ရင်း မိမိကို သတ်မဲ့သူတစ်ယောက် လောကမှာ ပေါ်လာတော့ ထိုအသက်ဘေးရန်မှ ထွက်ပြေးရင်း သူရဲကောင်းတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာခဲ့ခြင်းပဲ။ ဒီလိုနဲ့သူမဟာ တော်လှန်ရေးသမား John Conner ကို မွေးဖွားပေးခဲ့တယ်။ John ကိုလည်း မာကြောတဲ့သူတစ်ယောက်ဖြစ်အောင် သူမ သင်ကြားပေးခဲ့တယ်။ John ရဲ့သွေးတွေမှာ သတ္တိတွေ စီးဆင်းနေခဲ့တယ်ဆိုရင် ဒါဟာ Sarah Conner ရဲ့သွေးတွေပဲဖြစ်ပါလိမ့်မယ်။

~WH~

WH
WH
9 min read