Clarice Starling (Silence of the Lambs)

Hannible ဟာ အကောင်းဆုံး Villain တစ်ယောက်ဆိုရင် သူရင်ဆိုင်တွေ့ ခဲ့ရတဲ့ Clarice Starling ဟာလည်း အကောင်းဆုံး Hero တစ်ယောက်ဖြစ်နေပြန်တယ်။ Clarice ဟာ ဇာတ်လမ်းအစပိုင်းတွင် FBI က သင်တန်းသူတစ်ယောက်ပဲရှိပါသေးတယ်။ ဒါပေမဲ့ သူမရဲ့ ပထမဆုံး အလုပ်ကတော့ Buffalo Bill ဆိုတဲ့ လူသတ်သမားတစ်ယောက်ကို ခြေရာခံလိုက်ဖို့ Hannibal Lecter ဆိုတဲ့ အကျဉ်းချခံထားရသော သူသတ်သမားတစ်ဖြစ် လူသားစား စိတ်ရောဂါဆရာဝန်ဟောင်းကြီးတစ်ယောက်ကို မေးမြန်းခြင်းများပြုလုပ်ပြီး အကူအညီရယူခြင်းပဲ။
သူမဟာ သင်တန်းကျောင်းတွင် စာတော်သူ၊ တည်ဆိတ်ငြိမ်သက်သူ၊ အလုပ်ကြိုးစားသူ မိန်းမငယ်တစ်ယောက်ဖြစ်ပြီး သူမလိုချင်သောအရာကို ရယူဖို့ အတွက် အန္တရာယ်များပြားသော လမ်းတွေကိုလည်း သတ္တိရှိရှိနဲ့ သွားတတ်သော မိန်းမတစ်ယောက်ဖြစ်သည်။ Silence of the Lambs ဇာတ်ကားတစ်လျှောက်လုံးတွင် သူမရဲ့ ဇာတ်ကောင်နဲ့ ကွဲပြားတဲ့ စရိုက်ပေါင်းများစွာကို ကျွန်တော်တို့ တွေ့ ခဲ့ကြရတယ်။ ဇာတ်လမ်းအစပိုင်းတွင် သူမကို မာကြောသော သူတစ်ယောက် ဆုံးဖြတ်ချက်ခိုင်မာသူတစ်ယောက် အသွင်ပြသခဲ့ပေမဲ့ ဇာတ်လမ်းတစ်နေရာတွင် သူမငယ်စဉ်က ဖခင်ဖြစ်သူ သေဆုံးခြင်းကို ပြန်လည်သတိရတဲ့အခန်းမှာတော့ သူမရဲ့ ပျော့ပြောင်းတဲ့ ဇာတ်ကောင်တစ်ပိုင်းကိုလည်း ကျွန်တော်တို့ မြင်တွေ့ ရပြန်တယ်။ ဒါပေမဲ့ ဇာတ်လမ်းကြာမြင့်ချိန်ကြာလာလေ သူမရဲ့ ရင့်ကျက်မှုတွေဟာလည်း ပိုမိုမြင့်မားလာလေ ဖြစ်လာပါတယ်။

Hannible က သူမကို ကစားနေခဲ့တယ်ဆိုတာ သူမရိပ်မိပေမဲ့ သူမထိုသူကို ယုံကြည်ခဲ့တယ်။ ထိုယုံကြည်ချက်အတိုင်းလည်း လူသတ်သမားနောက်ကို ခြေရာခံကာလိုက်နိုင်ခဲ့တယ်။ မိန်းမဆန်ခြင်းဆိုတာထက် ထက်မြတ်သူပီပီ ဆုံးဖြတ်ချက်ခိုင်မာကာ ဇွဲရှိသော တော်သော အမျိုးသမီးဖြစ်တာကြောင့် သူမသည်လည်း ကျွန်တော့်ရဲ့ အနှစ်သက်ဆုံး သူရဲကောင်းများစာရင်းတွင် အကျုံးဝင်ပေသည်။


Nameless (Hero)

ကျွန်တော်ရေးသားတဲ့ သူရဲကောင်းများထဲတွင် ရုပ်ရှင်ဇာတ်ကားနာမည်ကိုက သူရဲကောင်းလို့ တင်စားထားတဲ့ ဇာတ်ကောင်အကြောင်းကို အခုပြောချင်ပါတယ်။ သူရဲကောင်းဆိုတဲ့ ဝေါဟာရ ရဲ့ အဓိပ္ပာယ်ကို ကျွန်တော်ရှေ့ မှာ မျိုးစုံဖွင့်ဆိုခဲ့ပြီးပါပြီ။ တစ်ချို့ သူရဲကောင်းတွေက ထူးဆန်းတယ်။ တိုက်ခိုက်ရေးနဲ့ အနိုင်မယူခဲ့ကြဘူး။ အသက်ကို စတေးပြီး သြဝါဒနဲ့ သူတို့ ရဲ့ Mission ကို အောင်မြင်အောင် ကြိုးပမ်းခဲ့ကြတယ်။ တရုတ်ပြည် Qin မင်းဆက်ကြီးစိုးတဲ့အချိန်မှာ ဇာတ်အိမ်ကိုတည်ထားတယ်။ ထိုဘုရင်ရဲ့ ရက်စက်ခြင်းတွေ ကြောင့် တော်လှန်ချင်သူတွေလည်း ရှိနေကြတယ်။ ဒါပေမဲ့ ထိုဘုရင်ဟာ သြဇာအာဏာအလွန်ကြီးမားတဲ့ ဘုရင်တစ်ပါးလည်းဖြစ်တယ်။ စစ်မက်ရေးရာမှာပဲ အလွန်အာရုံစိုက်မှုတွေကြောင့် စစ်ကိုမုန်းတဲ့ လူတော်တစ်ချို့ ရဲ့ မနှစ်သက်ခြင်းကိုလည်း ခံရသူတစ်ယောက်ပေါ့။ ဒီတော့ သူ့ ကို လုပ်ကြံဖို့ အနယ်နယ်အရပ်ရပ်က သူရဲကောင်းတွေက ကြံစည်နေကြတယ်။ အရင်တုန်းကလည်း Long Sky တို့  Flying Snow တို့ နဲ့  Broken Sword တို့  နန်းတော်ထဲထိ ဝင်ရောက် သတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေကို ရင်ဆိုင်လွတ်မြောက်ခဲ့ပြီးပြီ။ ဒါပေမဲ့ အခု အမည်မဖော်လိုသူ သူရဲကောင်းတစ်ဦးက ထိုလုပ်ကြံရေးသမားတွေကို သတ်ဖြတ်ခဲ့တယ်ဟု ပြောကာ ထိုလုပ်ကြံရေးသမားတွေ ကိုင်ဆောင်တဲ့ လက်နတ်တွေကို ဘုရင်ဆီကို ယူလာပြတယ်။ ထို့ နောက်တော့ ဘုရင်ရဲ့ အဝေးတစ်နေရာမှာ နေကာ ထိုသူတွေရဲ့ အသက်ဇီဝိန်ကို ခြွေခဲ့ပုံတွေကို ဘုရင်ကို လျှောက်တင်တယ်။ သူ့ ရဲ့ ဇာတ်လမ်းတွေဟာ အဆုံးနားရောက်လာလေလေ ဘုရင်အနားကို ဖူးမြော်ခွင့်ကို ပိုမိုနီးကပ်လာတဲ့အခွင့်အရေး ရရှိလာလေလေပါပဲ။ ဇာတ်လမ်း ဆုံးခါနီးချိန်မှာ ဘုရင်နဲ့ အနီးဆုံးနေရာနားမှာ သူရောက်ရှိနေပါပြီ။

တစ်ကယ်တော့ သူသည်လည်း ထိုလုပ်ကြံရေးသမားအဖွဲ့ ထဲက ပူးပေါင်းခဲ့သူတစ်ယောက်ပါ။ ဘုရင့်အနားကို နီးကပ်တဲ့နေရာရောက်ရှိအောင် ရောက်မှ သတ်ဖြတ်နိုင်ဖို့ အတွက် ဟိုလူတွေနဲ့ ပူးပေါင်းပြီး ကြံစည်ခဲ့တာပဲ။ သူ့ အစွမ်းက သူ့ နားက 10 paces အကွာအဝေးမှာ ရှိတဲ့ မည်သည့်ပစ်မှတ်ကို မဆို အောင်မြင်စွာ ချေမှုန်းနိုင်တာပဲ။ ဇာတ်လမ်းပြီးတဲ့အခါ သူဟာ ဘုရင့်ရဲ့ 10 paces အကွာအဝေးထဲမှာ ရောက်ရှိနေပြီ။ သူဘုရင်ကို သတ်ဖို့ အခွင့်အရေး ရခဲ့တယ်။ သူကြိုးပမ်းခဲ့ပေမဲ့ သူမသတ်ခဲ့တော့ဘူး။ တစ်ကယ်တော့ သူနန်းတော်ထဲကို စဝင်ကတည်းက ဘုရင်ကို သတ်ဖို့ စိတ်မရှိခဲ့။ ထိုဘုရင်ရဲ့ စိတ်ကိုပဲပြောင်းလဲစေချင်ခဲ့တဲ့ ဆန္ဒပဲရှိခဲ့တယ်။ သူတို့ နားလည်ခဲ့တယ်။ တရုတ်ပြည်ကြီးကို ကယ်တင်နိုင်မဲ့ ပုဂ္ဂိုလ်ဟာ သူတို့ မဟုတ်ဘူး။ ဒီ Qin ဘုရင်ကြီးပဲ ဆိုတာ သူတို့ သိခဲ့တယ်။ ဒီဘုရင်တစ်ပါးကပဲ အစိပ်စိပ်အမွှာမွှာပြိုကွဲနေတဲ့ တရုတ်ပြည်ကြီးကို စုစည်းနိုင်လိမ့်မယ်။ ထို့ အတွက်ကြောင့် သူ ဘုရင့်ရဲ့ အသိစိတ်ကို ဖွင့်ပေးခဲ့တယ်။ သူတို့ အားလုံးရဲ့ အသက်ကိုတော့ စတေးခဲ့ကြရတာပေါ့။ သူတို့ ဟာ သူရဲကောင်းအစစ်တွေပါပဲ။

သူတို့ ရဲ့ ရည်ရွယ်ချက်က “For our Land.”

Atticus Finch (To Kill a Mockingbird)

Atticus Finch ဆိုတာ နာမည်ကျော်စာအုပ်၊ ရုပ်ရှင်ဖြစ်တဲ့ To Kill a Mockingbird ထဲက သူရဲကောင်းတစ်ယောက်ပေါ့။ 1960 ခုနှစ်က ထွက်ခဲ့တဲ့ ထိုစာအုပ်ကို ရေးသားခဲ့သူက Harper Lee ဖြစ်ပြီး အောင်မြင်လွန်းခဲ့တာကြောင့် 1962 ခုနှစ်တွင် မင်းသားကြီး Gregory Peck နှင့်ပြန်လည် ရိုက်ကူးခဲ့ကြသည်။ သူ့ ရဲ့ ကိုယ်ကျင့်တရားဟာ သူ့ ကိုသူရဲကောင်းအဖြစ် မှတ်ယူစေမိတယ်။ ကိုယ်ကျင့်တရားဆိုတဲ့ အရာကို ကိုယ်စားပြုတဲ့သူ။ သူဟာ Alabama ပြည်နယ်ရဲ့ မြို့ လေးတစ်မြို့ မှာနေထိုင်သူဖြစ်ပြီး ရှေ့ နေအဖြစ် လုပ်ကိုင်သည်။ သူ့ တွင် သားနှစ်ယောက်ရှိသည်။ သူဟာ တရားမျှတခြင်းကို အလေးထားသူတစ်ယောက်။ လူအသွင်သဏ္ဍာန် မတူတာနဲ့ ခွဲခြားစွာ ဆက်ဆံခြင်းကို လက်မခံခဲ့။ ထိုခေတ်က လူဖြူ လူမည်းဆိုပြီး ခွဲခြားခြင်းတွေရှိနေသေးခဲ့သည့် ခေတ်တစ်ခုပေါ့။ ဒါကြောင့် လူသားတိုင်းသည် လူသားပင်ဖြစ်သည်ဟု မှန်ကန်စွာ မှတ်ယူသူ။ အသားအရောင်ကွဲပြားသွားတာနဲ့ မတူညီစွာ ဆက်ဆံခြင်းဆိုတာ ဖြစ်မှ မဖြစ်သင့်တဲ့ ကိစ္စပဲလေ။ ထို့ အပြင် သူဟာ သူ့ ရဲ့ သားတွေကို တူညီစွာလည်း ဆက်ဆံတယ်။ သူဟာ အဖေဆိုပြီး လေးစားစွာ ဆက်ဆံရမယ်လို့ မဆိုခဲ့။ ဒါကြောင့် သူသားတွေကို သူ့ ကို သူ့ နာမည်ပဲ ခေါ်စေတယ်။ အဖေလို့ မခေါ်စေခဲ့ဘူး။

တစ်ရက်မှာ လူမည်းလေးတစ်ယောက်ဟာ လူဖြူမတစ်ယောက်ကို မုဒိန်းကျင့်တဲ့ဆိုတဲ့အမှုနဲ့  အဖမ်းခံရပါလေရော။ ဒီတော့ ဒီအမှုမှာ သူဟာ ထိုလူကလေးဘက်ကလိုက်ပြီး အမှုလိုက်ပေးခဲ့တယ်။ မှားလား မှန်လားဆိုတာကို ရှေ့ နေပီပီ စဉ်းစားခွင့်မရ။ သို့ ပေမဲ့ သူဆုံးဖြတ်ချက်နဲ့  သူ့ တာဝန်ကိုသူယုံကြည်ခဲ့တယ်။ သူဒီအမှုတွင် ရှုံးမယ်ဆိုတာ အမှုမစတင်ခင်ကတည်းက သူသိခဲ့တယ်။ ဒါပေမဲ့ သူအကောင်းဆုံးကြိုးစားခဲ့တယ်။ သူရှေ့ နေအဖြစ် လုပ်ကိုင်ခဲ့သည်မှာ အလုပ်တစ်ခုလို့ သူမမှတ်ယူခဲ့။ ထို့ အစား လောကအတွက် တရားဥပဒေဘက်က ရပ်တည်ဖို့ အခွင့်အရေးတစ်ခုလို့ သူမြင်ပြီး ဆောင်ရွက်ခဲ့တယ်။

သူပြောခဲ့တဲ့ စကားလေးတွေထဲက ကျွန်တော်နှစ်သက်ခဲ့တဲ့ စကားလေးတွေကို ကျွန်တော်ဒီမှာဖော်ပြပါရစေ။

“You never really understand a person until you consider things from his point of view … until you climb into his skin and walk around in it.”

“You just hold your head high and keep those fists down. No matter what anybody says to you, don’t you let ‘em get your goat. Try fighting with your head for a change.”

“I wanted you to see what real courage is, instead of getting the idea that courage is a man with a gun in his hand. It’s when you know you’re licked before you begin but you begin anyway and you see it through no matter what. You rarely win, but sometimes you do.”

Indiana Jones

Indiana Jones ဟာ ဘာကြောင့် လူကြိုက်အများဆုံး Hero ဖြစ်ရတာလဲ။ သူရဲကောင်းတစ်ယောက်မှာ လိုအပ်တဲ့ အရာလေးတွေရှိတယ်။ ဘာတွေလဲဆိုတော့ သတ္တိရယ် သစ္စာရယ် ဥာဏ်ပညာရယ်ပဲ။ ဒါတွေ အကုန်သူ့ မှာ ရှိလား။ ကျွန်တော်တို့ သူ့ ကိုအမှတ်ရစေမဲ့ အရာတွေကတော့ သူကိုင်ဆောင်တဲ့ ကျာပွတ်ရယ် သူအမြဲဝတ်လေ့ရှိတဲ့ ဦးထုပ်ရယ်ပဲ။ Indiana Jones ဟာ James Bond လို စမတ်ကျကျမဝတ်ဆင်လေ့မရှိဘူး။ ဖြစ်သလိုဝတ်ကာ ဖြစ်ကလက်ဆန်းနေထိုင်တတ်တယ်။ အင်းပေါ့။ ဒီလိုနေမှာပေါ့။ သူက တောတွေတောင်တွေထဲတွင် သွားလာနေရသူကိုး။ ဒါပေမဲ့ ကြံ့ကြံ့ခိုင်နိုင်တယ်ဆိုတဲ့ အရည်အချင်းမှာတော့ သူက တစ်ခြားသူတွေထက် ပိုသာတယ်လို့ ကျွန်တော်ထင်တယ်။ တစ်ခုပဲ။ သူကမြွေကြောက်တတ်သလို ဖခင်နဲ့ ဆက်ဆံရေးကိုလည်း သူကကြောက်တဲ့သူပေါ့။ သူစရိုက်က တစ်မျိုး။ ဂုဏ်တွေ မာန်တွေကိုသူ အလေးမထား၊ ဂရုမစိုက်။ သူ့ ရဲ့ ဦးတည်ချက်တွေလည်း မဟုတ်ဘူး။ သူလုပ်ချင်ရာ သူလုပ်တတ်တဲ့သူမျိုး။ လူကြားထဲမှာမို့ ဓားသမားကို ဂုဏ်ရှိသူပီပီ ဓားနဲ့ ပဲတိုက်ခိုက်မယ်လို့ မစဉ်းစား။ သူ့ မှာပါတဲ့ လက်နတ်ဖြစ်တဲ့ သေနတ်နဲ့ ပဲ လူအများရှေ့ မှာ သူပစ်သတ် အနိုင်ယူတတ်တဲ့သူမျိုးပေါ့။ ထို့ အပြင်သူဟာ တစ်ခါတစ်ရံတွင် ဟာသဓာတ်ခံရှိသူပီပီ ပျော်ပျော်နေတတ်တဲ့ ဓာတ်ခံလည်းရှိပြန်သေးတယ်။ သူဟာ ရဲရင့်တဲ့လူတစ်ယောက် ဆိုတာကိုတော့ လူတိုင်းလက်ခံကြမယ်ထင်ပါတယ်။ ရဲရင့်လို့ လည်း ဘာမှမရှိဘူးလို့ ထင်ရတဲ့ The Last Crusade ထဲမှာ ချောက်ထဲကို လမ်းလျှောက်ဖို့ သူခြေလှမ်းစတင် လှမ်းရဲတာပေါ့။ ထိုဇာတ်ကားထဲမှာပဲ သူ့ အရှေ့ မှာ ခွက်အမှားကို ယူသောက်မိလို့ သေဆုံးသွားရတဲ့ လူဆိုးရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး သူဆင်ခြင်ကာ holy grail ခွက်အစစ်ကို ရွေးနိုင်ခဲ့တယ်။ ဒါဟာ သူ့ ရဲ့ သတ္တိရော ဥာဏ်ပညာပါ ပြည့်စုံတဲ့အချက်ကို ဖော်ပြခဲ့တာပဲ။

ရှေးဟောင်းသုတေသီပီပီ ရှေးဟောင်းအမွေအနှစ်နဲ့ သက်ဆိုင်သောအရာမှန်သမျှ ကာကွယ်စောင့်ရှောက် ခြင်းဆိုတဲ့ တာဝန်ကို အပြည့်ယူထားသလားထင်မှတ်ရအောင် စွန့် စားခန်းတွေ ထွက်ခဲ့တဲ့သူပေါ့။ သူဟာ တောထဲတွေ၊ ဟိုးရှေးဟောင်းအဆောက်အဦးကြီးတွေထဲမှာ လူသေတွေနဲ့ ရော လောဘသမားတွေနဲ့ ရော သူတွေ့ ကြုံရင်ဆိုင်တဲ့ သူဆိုတော့ မလေးစားပဲ မနေနိုင်ဘူးဗျာ။ ထို့ အပြင် သူက တက္ကသိုလ်မှာ သမိုင်းဘာသာရပ်ကို သင်တဲ့ Professor တစ်ယောက်လေ။ ကျွန်တော်တို့ တွေဟာ James Bond ကို အားကျပေမဲ့ ကျွန်တော်တို့ ချစ်တဲ့ သူရဲကောင်းကတော့ Indiana Jones ပါပဲခင်ဗျား။


Hector (Troy)

Troyဇာတ်ကားကြည့်ဖူးကြမှာပေါ့။ တစ်ခြားသူတွေတော့ မသိဘူး။ ကျွန်တော့်အတွက်တော့ ထိုဇာတ်ကားထဲက ဇာတ်ကောင်တာ ရင်ထဲမှာ ကျန်ရစ်နေခဲ့တယ်။ သူ့ နာမည်က Hector တဲ့။ သူက Troy မြို့ ကြီးရဲ့ အိမ်ရှေ့ စံမင်းသား။ ဘုရင်အရိုက်အရာကို ဆက်ခံမဲ့ သားကြီး။ Sparta ဘုရင်နဲ့ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးတဲ့ ခရီးစဉ်မှာ ညီဖြစ်သူ Paris က Sparta ဘုရင်ကြီး Menelaus ရဲ့ အလွန်တရာ ချောမောလှပလွန်းတဲ့ မိဖုရားဖြစ်သူ Helen ကို လှေပေါ်တင် ခိုးပြေးလာခဲ့တော့ သူတားမြစ်ခဲ့တယ်။ ဒါဟာ အခုမှ ငြိမ်းချမ်းရေးချုပ်ဆိုတဲ့ နှစ်နိုင်ငံကြားမှာ စစ်မက်တစ်ခု ဖြစ်ပွားလာနိုင်တယ်ဆိုတာ သူကြိုသိပြီးသား။ အကယ်၍ စစ်ပွဲကြီးဖြစ်လာပါကလည်း Sparta ရဲ့ ဘုရင်ဖြစ်သူဟာ အစ်ကိုဖြစ်သူ Mycenae ကိုအုပ်ချုပ်သော Greece ဘုရင် Agamemnon ရဲ့ တပ်ဖွဲ့ တွေကိုပါ ခေါ်ဆောင်လာမည်ဖြစ်သောကြောင့် Troy စစ်ရှံးမည်ကို ကြိုတင်ရိပ်မိခဲ့တယ်။ ဒါပေမဲ့ မိသားစုသမားပီပီ ညီဖြစ်သူရဲ့ ပြင်းပြလွန်းတဲ့ ဆန္ဒကို လိုက်လျောခဲ့ကာ မင်းသမီး Helen ကို Troy ကိုခေါ်လာကြတော့တယ်။

ကြိုတင်ခန့် မှန်းထားခဲ့သည့်အတိုင်း Greece တပ်တွေက သူတို့ Troy တိုင်းပြည်ငယ်ကို လာရောက်သိမ်းရန် ချီတက်လာခဲ့တော့ သူဟာ အိမ်ရှေ့ စံပီပီ ရှေ့ ကနေမားမားမတ်မတ်ရပ်တည်ကာ တိုက်ခိုက်ခဲ့တယ်။ Iliad ရဲ့ အဆိုအရတော့ Hector ကထိုစစ်ပွဲကို ငြင်းဆိုခဲ့တယ်တဲ့။
အမျိုးသမီး တစ်ယောက်ကို လုသော စစ်ပွဲဖြစ်သောကြောင့် ထိုကာယကံရှင် ယောက်ျားနှစ်ယောက်ကို စီးချင်းထိုးစေပြီး အနိုင်ရသူသည် ထိုမင်းသမီးကို ပြန်လည်ရယူခြင်းနဲ့ စစ်ပွဲကို ပြီးဆုံးစေခဲ့ဖို့ စီစဉ်ခဲ့ပေမဲ့ ညီဖြစ်သူရှံးနိမ့် ကာ အစ်ကိုဖြစ်သူ Hector ထံကို အကူအညီတောင်းခံရန် ပြေးလာတဲ့ ညီ Paris ကို မမြင်ရက်လို့ Hector တစ်ယောက် Menelaus ကို သတ်ပစ်ပါလေရော။ ဒါဟာလည်း သူ့ အမှားလို့ ဆိုလို့ ရပေမဲ့ သူဟာ ညီဖြစ်သူကို အလွန်ချစ်တဲ့အစ်ကိုတစ်ယောက် မဟုတ်ပေလား။

တိုက်ပွဲတစ်ခုမှာ တစ်ဖက်ရန်သူတပ်က နာမည်ကြီးနေသော စစ်မဟာဗိုလ်မှုးကြီး Achilles ကို သူသတ်နိုင်ခဲ့တယ်လို့ ထင်ခဲ့ပေမဲ့ မျက်နှာဖုံးကို ဆွဲချွတ်ခဲ့သောအခါ Achilles မဟုတ်ပဲ Achilles ရဲ့ ညီဝမ်းကွဲတော်စပ်သူ Patroclus ဖြစ်နေသောအခါ သူတုန်လှုပ်ခဲ့ရလေပြီ။ နောက်တစ်နေ့ မှာပဲ Achilles ရဲ့ ဂလဲ့စားချေတဲ့ အစီအစဉ် စတင်ပါတော့တယ်။ Troy နန်းတော်ရှေ့ ကိုလာပြီး Hector နဲ့ စီးချင်းထိုးရန် တောင်းဆိုသောအခါ Hector တစ်ယောက် သူရဲကောင်းပီပီ လက်ခံခဲ့တယ်။ ထို့ အတူပင် ထိုစီးချင်းထိုးပွဲမှာ Hector တစ်ယောက် Achilles ရဲ့ ဓားချက်နဲ့ သူရဲကောင်းပီပီ သေဆုံးသွားခဲ့ရတယ်။ ကံကောင်းတာလားတော့ မသိ။ သူဟာ သူ့ တိုင်းပြည် Troy ပြည်ကြီး ကျဆုံးခန်းကို မမြင်သွားရပေ။

သူဟာ သူရဲကောင်းတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တယ်။ ငြိမ်းချမ်းတဲ့ Troy မြို့ ကြီးရဲ့ အိမ်ရှေ့ စံဖြစ်လာပြီး တိုင်းပြည်တစ်ခုလုံးက ချစ်ခင်လေးစားကြည်ညိုသော မင်းသားတစ်ပါးပေါ့။ စစ်မက်ဘက်မှာပါ တော်လွန်းသူတစ်ယောက် မဟုတ်။ နိုင်ငံရေးအမြင်ပါရှိတဲ့ ခေါင်းဆောင်ကောင်းဖြစ်ထိုက်ခဲ့သူတစ်ယောက်။ အနာဂတ်တွေ ရှိပါလျက်နဲ့ အနာဂတ်တွေ ပျောက်ဆုံးခဲ့ရးသူ။ မိသားစုကို ချစ်သောစိတ်ကြောင့် သူဆန္ဒကို ချိုးနှိမ်လျက် မိသားစုရဲ့ ဆန္ဒတွေကို လိုက်လျောသူ။ တိုင်းပြည်ကို ချစ်သောသူတစ်ယောက်ဖြစ်သောကြောင့် မှားမှားမှန်မှန် သူ့ တိုင်းပြည်ဘက်က ရပ်တည်ကာ တိုက်ပွဲဝင်ခဲ့သူ။ တရားမျှတခြင်းကို ကျင့်သုံးသူတစ်ယောက် ဖြစ်သောကြောင့် Achilles နှင့် တရားမျှတစွာ တိုက်ပွဲဝင်ခဲ့သူ။ သူ့ ဘဝဟာ ဝမ်းနည်းဖို့ ကောင်းစွာ အဆုံးသတ်ခဲ့ရပေမဲ့ လူကောင်းတစ်ယောက်ဖြစ်ကာ မိသားစု မိမိအမျိုးနွယ်ကို ချစ်တဲ့စိတ်ကြောင့် ကျွန်တော့်အတွက် Hector သည် သူရဲကောင်းစစ်စစ်ပင်ဖြစ်ပေတော့သည်။


Captain America

Marvel က Superheroes တွေထဲမှာ Spiderman ပြီးရင် ကျွန်တော်အကြိုက်ဆုံး သူရဲကောင်းတစ်ယောက်ကတော့ Captain America ပါပဲ။ ကျွန်တော် Civil War တုန်းက ရေးခဲ့တဲ့ Essay လေးထဲက စာသားတွေကိုပဲ ပြန်လည် အသုံးပြုပါရစေဗျာ။

Captain America သည် ငယ်စဉ်ကတည်းက Rules တွေ Regulations တွေနဲ့ စည်းစနစ်တကျ နေတတ်တဲ့သူ။ အမိန့် ဆိုတာ အမြဲလိုက်နာရမယ်။ စည်းကမ်းဆိုတာ အမြဲထိန်းသိမ်းရမယ်ဆိုတဲ့ စစ်သားပီပီ စိတ်ဓာတ်နဲ့ ဘဝကို ခံယူထားတဲ့ ဇာတ်ကောင်။ Civil War ရုပ်ရှင်တွင် Characters Transition ဖြစ်သွားတဲ့ နေရာတစ်ခုဖြစ်လာတယ်။ One Dimensional characters တွေကနေ ပြောင်းလဲလာတဲ့အခါ 3 Dimensional characters တွေအဖြစ်နဲ့ ပြောင်းလဲကုန်သွားကြရော။ Captain America ရဲ့ အတွင်းစိတ်သည် သူယခင်က ခံယူထားခဲ့တဲ့ ခံယူချက်တွေကို ဖြည်းဖြည်းချင်း ပြောင်းလဲလာစေခဲ့တယ်။ အမှန်တော့ သူကိုယ်တိုင် ကောင်းတယ် ဆိုးတယ်ဆိုတာကို မှန်ကန်စွာ ဝေဖန်နိုင်ပုံမရ။ သူ့ ရဲ့ မျက်နှာတွေမှာ ဝေခွဲမရတဲ့ အတွေးတွေ မျဉ်းပြိုင်တွေအလား တည်ရှိနေခဲ့တယ်။ ဒါပေမဲ့ တစ်ခုခုကို နောက်ဆုံး ဆုံးဖြတ်ချက်ရတော့မဲ့ အချိန်မှာ သူတွေဝေနေခဲ့ပေမဲ့ ဆုံးဖြတ်ချက်တစ်ခုကိုတော့ သူ ချနိုင်ခဲ့တယ်။ ထို Sokovia Accords ကို သူဆန့် ကျင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အထင် သူသည် အမြဲလူကောင်းတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူ့ ကိုယ်သူလည်း မကောင်းတဲ့ သူတစ်ယောက်လို့ ဘယ်တုန်းကမှ မြင်ခဲ့မည်မဟုတ်ပေ။ သူ့ ရဲ့ မိတ်ဆွေ အပေါင်းအဖော်တွေ အကုန်လုံးကိုလည်း လူကောင်းတွေလို့ သူသတ်မှတ်ခဲ့တယ်။ ထို့ အတွက်ကြောင့် သူ့ ရဲ့ အတွေးစတွေ ခံယူချက်တွေကို ကျွန်တော်တို့ ပရိသတ်တွေကို နားလည်လာမိစေတယ်။ ဘာလဲဆိုတော့ “ငါတို့ တွေ လူသားတွေကို ကယ်တင်နေကြတာပဲ။ ငါတို့ တွေ ကောင်းတာတွေပဲ လုပ်ဆောင်နေကြတာပဲ။ ဘာကြောင့် ကောင်းတာတွေကို လုပ်ဆောင်နေတဲ့ ငါတို့ တွေက ကန့် သတ်ချက်တွေ ရှိနေရမှာလဲ” ဆိုတဲ့ မေးခွန်းတွေ သူ့ ရဲ့ ခေါင်းထဲမှာ ရှိနေခဲ့လိမ့်မယ်။ ထို့ အတွက်ကြောင့် သူ သည် Sokovia Accords ကို ဆန့် ကျင်ခဲ့တယ်။

စိတ်ဝင်စားဖို့ ကောင်းတဲ့တစ်ချက်က ဘာအတွက်ကြောင့် သူ့ ဘက်က နောက်လိုက်တွေ ရှိနေခဲ့လဲဆိုတာပဲ။ ဘာလို့ လဲဆိုတော့ Captain America တစ်ဖြစ်လည်း Steve Rogers ဆိုတဲ့သူက ခေါင်းဆောင်ကောင်းတစ်ယောက်လို့ ပြောလို့ ရတယ်။ သူသည် သူ့ ရဲ့ မိတ်ဆွေတွေ နောက်လိုက်တွေ လက်တွဲဖော်တွေကို နားလည်စာနာပေးတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်။ သူဟာ သူ့ ရဲ့ အနားမှာ ရှိတဲ့ မိတ်ဆွေ တစ်ချို့ လေးစား အားကျ နှစ်သက် သဘောကျစေတဲ့ Inspirational Leader တစ်ယောက်လို့ တောင် ပြောလို့ ရပါတယ်။ ဒီနေရာမှာ ဘာနဲ့ သွားတူလဲဆိုတော့ X-Men Universe ရဲ့ Magneto နဲ့ သွားဆင်တယ်။ Steve ဟာ အမြဲတမ်း လူကောင်း လူတော်တစ်ယောက်ဖြစ်ခဲ့သူ။ အထက်က သဘောကျနိုင်တဲ့ ဆိုတဲ့သူမျိုး။ ဒါပေမဲ့ အချိန်တန်တော့ သူပြောင်းလဲခဲ့တယ်။ သူဝရမ်းပြေးဖြစ်ခဲ့ရတယ်။ သူ့ ကို မှားတယ်လို့ သူ့ ရဲ့ အခင်မင်ဆုံး မိတ်ဆွေ တစ်ချို့ ကတောင် ထင်မြင်ခြင်းကို ခံခဲ့ရတယ်။ သူဟာ အမိန့် နာခံတတ်တဲ့ စစ်သားတစ်ယောက်ကနေ ပုန်ကန်သူတစ်ယောက် အဖြစ်သို့ ရောက်ရှိသွားပါတော့တယ်။ အမြဲတမ်း အကောင်းမြင်တတ်တဲ့ သူတစ်ယောက် လောကရဲ့ ခါးသီးတဲ့ အမှန်တရားတွေကို သိမြင်သွားခဲ့တဲ့ သူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့တာပေါ့။

Captain America Comic နဲ့ ပတ်သက်ပြီး ကျွန်တော်သိတဲ့ အချက်တစ်ချို့ ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် အနည်းငယ် ရေးသားဖော်ပြခွင့်ပြုပါ။

Captain America ဇာတ်ကောင်နဲ့ ပတ်သက်ပြီး Americans လူမျိုးတွေ စတင်မကျေမနပ်ဖြစ်ခဲ့ကြတာက 1990 က ထွက်ရှိခဲ့တဲ့ Captain America နဲ Daredevil တို့ ပါဝင်ထားတဲ့ Comic တစ်ခုပါ။ ဇာတ်လမ်းက သူတို့ နှစ်ဦးပေါင်းပြီး မြို့ ငယ်လေးတစ်ခုက တီထွင်သူတစ်ဦးကို FBI တို့ အစိုးရအဖွဲ့ အစည်းတို့ ရန်က ကာကွယ်ပေးတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ နိုင်ငံရေး အရှုပ်အထွေးလို့ ဆိုနိုင်တာတစ်ခုက ထိုကာတွန်းရေးဆွဲခဲ့သူဟာ Liberal စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Ann Nocenti ဖြစ်ခဲ့တာကြောင့်ပါ။ ထိုအချိန်က သမ္မတဖြစ်ခဲ့တဲ့ George H.W. Bush နဲ့ ဟိုး Vietnam ခေတ်က Ronald Regan လို သမ္မတမျိုးတွေရဲ့ လုပ်ရပ်တွေကို အားမပေးခဲ့တာကြောင့် ထို Comic မှာ Captain America က “How can they expect me to wear the flag of a country that does such things.” ဆိုတဲ့ စကားလုံးတွေ ထည့်ခဲ့ပြီး နိုင်ငံရေးကို သရော်ခဲ့ပါတယ်။ ထို့ ကြောင့် Daredevil ဇာတ်ကောင်ကို ပြန်ဖြုတ်ရတဲ့ အဆင့်ထိ ဖြစ်ခဲ့ပြီး မကျေနပ်တဲ့ ပရိသတ်တစ်ဦးက Comic editor ဆီကို “Get the commie off the book” လို့ စာရေးပြီး တောင် ပို့ ခဲ့ပါတယ်။

Captain America ဇာတ်ကောင်နဲ့ America နိုင်ငံရေးဟာ အမြဲလိုလို ဆက်စပ်ပတ်သက်ယှက်နွယ်နေခဲ့တယ်။ ဥပမာ ပြောရရင် America Cabinet ရဲ့ လက်ဝဲယိမ်းအဖွဲ့ အစည်းက Captain America ဇာတ်ကောင်ကို America ရဲ့ လမ်းမတွေပေါ်မှာ တက်ပြီး George W. Bush လို သမ္မတမျိုးတို့ ကို ကန့် ကွက်တဲ့ မိန့် ခွန်းတွေ ပြောစေချင်ပြီး လက်ယာယိမ်းအဖွဲ့ တွေကတော့ Captain America ကို အရှေ့ အလယ်ပိုင်းရဲ့ စစ်မျက်နှာပြင်တွေကို သွားရောက်ပြီး အကြိမ်းဖက်သမားတွေကို တိုက်ခိုက်စေချင်ကြတယ်။ ဒါဟာ 2007 တုန်းက စာရေးဆရာ Ed Brubaker ပြောပြခဲ့တဲ့ နိုင်ငံရေး ဥပမာတစ်ခုပါ။ ဒါဟာ ခုမှ ဖြစ်ပျက်နေတာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ 75 နှစ်လောက်က ထိုဇာတ်ကောင် မွေးဖွားကတည်းက ဖြစ်ပျက်နေတဲ့ ငြင်းဆိုတဲ့ စကားရည်လုပွဲတွေ ဖြစ်ခဲ့တာပါ။

Captain America ဇာတ်ကောင်ကို 1940 ရဲ့ December လမှာ စတင်ဖန်တီးခဲ့ကြတာပါ။ ထိုဇာတ်ကောင်ဟာ အလွန်ကို ရိုးစင်းတဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ တစ်ခြား MARVEL ရဲ့ နာမည်ကြီး ဇာတ်ကောင်တွေဖြစ်တဲ့ Wolverine လို အစွမ်းကို အမြဲအသုံးပြုတဲ့ ဇာတ်ကောင်လည်း မဟုတ်သလို Spiderman လို မိန်းမကိစ္စတွေ ငွေကြေးပြသာနာတွေ ရင်ဆိုင်လေ့ရှိတဲ့ ဇာတ်ကောင်လည်း မဟုတ်သလို Daredevil လို နာကျည်းစိတ်တွေနဲ့ ဂလဲ့စားချေလေ့ ရှိတဲ့ ဇာတ်ကောင်လည်း မဟုတ်သလို Hulk လို အထီးကျန်ဆန်တဲ့ ဇာတ်ကောင်လည်း မဟုတ်ပါဘူး။ Captain America သည် လူဖြောင့် လူတော် လူကောင်း ပဲဖြစ်သည်။ သူ့ ရဲ့ ဇာတ်ကောင် ဖွဲ့ စည်းထားပုံသည် ရိုးဆင်းပြီး တစ်သမတ်တည်းကျသည်။ Americans တွေရဲ့ hero လို့ အကုန်လုံးက သတ်မှတ်ကြတဲ့ ဒီဇာတ်ကောင်ကို ထိုခေတ်က Americas လူမျိုးတွေ ဖန်တီးရေးသားခဲ့တာ မဟုတ်ခဲ့ပေ။ New York မြို့ က Jew လူမျိုး နှစ်ယောက်ပဲဖြစ်ပါတယ်။

ထိုခေတ်က Marvel Comics လို မခေါ်သေးဘူးထင်တယ်။ Timely Publications တဲ့။ ထို Timely Publications ရဲ့ ထိုအချိန်က သူဌေးဖြစ်ခဲ့တဲ့ Martin Goodman ဆိုတဲ့လူဟာ ရည်ရွယ်ချက် ကြီးတဲ့သူတစ်ယောက် ဖြစ်ခဲ့တယ်။ သူတို့ ရဲ့ နာမည်အကြီးဆုံး ဇာတ်ကောင်တွေဖြစ်တဲ့ Human Torch တို့ the Sub-Mariner တို့ ဟာ တစ်ခြား Company ရဲ့ လိုင်စင်အောက်မှာ ရှိနေတာကြောင့် သူ့  ကိုယ်ပိုင်ဇာတ်ကောင် တစ်ယောက်ကို ဖန်တီးချင်ခဲ့တယ်။ ဒါကြောင့် Freelance အနေနဲ့ ရေးဆွဲနေတဲ့ ကာတွန်းရေးဆရာတစ်ယောက် ဖြစ်တဲ့ Joe Simon နဲ့ လူငယ် ကာတွန်းရေးဆရာ Jacob Kurtzberg (Jack Kirby) ဆိုတဲ့ လူနှစ်ယောက်ကို ဇာတ်ကောင်သစ် တစ်ခု ဖန်တီးခိုင်းခဲ့တယ်။ သူတို့ နှစ်ယောက် ဖန်တီးခဲ့တဲ့ ဇာတ်ကောင် နာမည်က Steve Rogers တဲ့။ မိဘမဲ့ လက်လုပ်လက်စားအသိုင်းအဝိုင်းက ဖြစ်ပြီး Irish American တစ်ယောက်ဖြစ်ကာ အနုပညာကျောင်းကို တက်ရောက်နေတဲ့ လူငယ်ဇာတ်ကောင်လေးပေါ့။ စစ်ကြီးဖြစ်လာတော့ စစ်တပ်ထဲကို ဝင်ချင်ပေမဲ့ ခန္ဓာကိုယ်အရွယ်အစား အလွန်သေးငယ်လွန်းတာကြောင့် ဝင်ခွင့်မရပေမဲ့ “Super-solider” ဆိုတဲ့ program တစ်ခုမှာ volumteer ဝင်ရောက်ခဲ့ကာ အလွန်တရာ သန်မာထွားကြိုင်းပြီး အံ့သြဖွယ်ကောင်းတဲ့ အစွမ်းတွေကို ပိုင်ဆိုင်တဲ့ စစ်သားတစ်ယောက် ဖြစ်လာခဲ့တဲ့ ဇာတ်ကောင်ပေါ့။ ထိုဇာတ်ကောင်ကို သူတို့ နာမည်စပေးတော့ “Super American” တဲ့။ ဒါပေမဲ့ ထိုအချိန်က Comics လောကမှာ Super ဆိုတဲ့ နာမည်တွေ များနေတာကြောင့် Super ဆိုတာကို ဖြုတ်ပစ်လိုက်ပြီး “Captain America” လို့ နာမည်ပေးခဲ့ကြတယ်။

အမှန်တော့ ထို ဇာတ်ကောင်ကို ဖန်တီးခဲ့ကြတဲ့ သူတို့ 3 ယောက်စလုံးဟာ America ကို ဝင်ရောက်လာကြတဲ့ ဒုတိယမျိုးစပ်တွေပါ။ အထူးသဖြင့် Simon နဲ့ Kirby တို့ နှစ်ဦးစလုံးဟာ Jew လူမျိုးဖြစ်နေခဲ့တာကြောင့် ထိုအချိန်က Hitler ရဲ့ လုပ်ရပ်တွေကို မုန်းတီးနေခဲ့ကြပါတယ်။ ဒါကြောင့်လည်း သူတို့ ဖန်တီးတဲ့ ဇာတ်ကောင်ကို Idealist ဖြစ်စေခဲ့ပြီး အားနည်းတဲ့လူတွေကို အကာအကွယ်ပေး ကူညီပြီး စစ်ကြီးထဲကို သွားတဲ့ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ ဇာတ်ကောင်အဖြစ်ရေးဖွဲ့ ခဲ့ကြတယ်။ US သည် 1941 December လ ပုလဲဆိပ်ကမ်းကို Japan တွေ ဗုံးမကြဲခင်ကအထိ ဒုတိယကမ္ဘာစစ်ကြီးထဲကို မဝင်ရောက်သေးခဲ့ပေ။ သို့ သော် 1940 ခုနှစ် Christmas မတိုင်ခင်လောက် စတင်ထုတ်ဝေခဲ့တဲ့ Captain America ပထမဆုံးစာအုပ်ထဲမှာ (မျက်နှာဖုံးမှာတော့ March, 1941 လို့ တပ်ထားပါတယ်။) Captain America တို့ သည် စစ်ကြီးထဲကို ဝင်ရောက်နေပြီး ဖြစ်တယ်လို့ ရေးသားထားခဲ့ကြပါတယ်။ ထို issue No.1 ရဲ့ မျက်နှာဖုံးမှာတင် Captain America က Hitler ကို ကိုယ်တိုင် လက်သီးနှင့် ထိုးနေတဲ့ ပုံပါ။ ထို Comic သည် Copies ပေါင်း ဆောင်ရေ တစ်သန်းထိ ပုံနှိပ်ရောင်းချခဲ့ရသောကြောင့် ထိုအချိန်က Time Magazine ထက်တောင် ပိုမို ရောင်းအား ကောင်းမွန်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် တစ်လျှောက်လုံးတွင် Captain America သည် Germans တွေ Japanese တွေကို တိုက်ခိုက်တဲ့ ဇာတ်လမ်းတွေမှာ ပါဝင်ခဲ့ပါတော့တယ်။

1953 ခုနှစ်လောက်မှာ ထိုဇာတ်ကောင်ကို စစ်အေးတိုက်ပွဲကာလ ဇာတ်ကောင်တစ်ယောက်အဖြစ် ပြန်လည် အသက်သွင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ထိုအချိန်က Soviets တွေရဲ့ တပ်နီတော်ကြီးတွေရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စိုးရိမ်စရာ အခြေအနေကို ရောက်ရှိနေခဲ့တဲ့ အချိန်လေ။ ဒါကြောင့် ထိုအချိန်က Captain America ကို Captain America, Commie smasher လို့ လည်း နာမည်တပ်ခဲ့ကြပြန်သေးတယ်။ ဒါပေမဲ့ Stan Lee ဆိုတဲ့ တစ်ချိန်က ထိုရုံးစာရေးတစ်ယောက်ဖြစ်ပြီး နောင်တွင် MARVEL ရဲ့ ဦးဆောင်သူဖြစ်လာခဲ့သူက 1964 ခုနှစ်မှာ Captain America ကို ထပ်မံ အသက်ပြန်သွင်းခဲ့ပြန်ပါတယ်။ သူက ရှေ့ ကဇာတ်လမ်းတွေကို ဂရုမစိုက်ခဲ့ပဲ Steve Rogers သည် 1945 ခုနှစ်မှာ North Atlantic မှာ သတိမေ့အေးခဲနေခဲ့ပြီး 1964 မှ ပြန်လည် ရှာဖွေတွေ့ ရှိကြတဲ့ ဇာတ်လမ်းကို ပြောင်းလဲ ရေးသား ထုတ်ဝေခဲ့တယ်။

ထို့ နောက်မှာ Cap ကို ကာတွန်းရေးဆရာ များစွာက ခေတ်အသီးသီးမှာ ထိုခေတ်ရဲ့ ပြရုပ်တစ်ခုအနေနဲ့ ရေးဆွဲခဲ့ကြတယ်။ ပဋိပက္ခတွေဖြစ်စေခဲ့တဲ့ တစ်ခုဆို Steve Englehart ဆိုတဲ့သူ ရေးဆွဲခဲ့တဲ့ Watergate အရေးအခင်းနဲ့ ပတ်သက်တဲ့ ဇာတ်အိမ်ကို ရေးဆွဲခဲ့တာပဲ။ ဇာတ်လမ်းထဲမှာ the Secret Empire ဆိုတဲ့ ကမ္ဘာဖျက်ဆီးမဲ့ အဖွဲ့ အစည်းကြီးတစ်ခုအကြောင်းကို Captain America ဇာတ်ကောင်နဲ့ ရေးဆွဲခဲ့ပြီး ဇာတ်သိမ်းမှာတော့ ထိုလူဆိုးအဖွဲ့ အစည်းကြီးရဲ့ ခေါင်းဆောင်သည် America အစိုးရခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး နောက်ဆုံးတွင် အိမ်ဖြူတော်တွင် မိမိကိုယ်မိမိ အဆုံးစီရင်ထားပုံနဲ့ အဆုံးသတ်ထားခဲ့တယ်။ ဒါဟာ အမှန်တော့ ထိုခေတ်က သမ္မတဖြစ်တဲ့ Richard Nixon ကို ရည်ရွယ်ပြီး ရေးဖွဲ့ ခဲ့တာ။ ထို့ ကြောင့်လည်း ထိုခေတ်က နိုင်ငံရေးသမားတွေက ထို Comic ကို မကျေနပ်ခဲ့ကြပေ။

1984 ခုနှစ်လောက်က Captain America အုပ် 300 ပြည့်နှစ် အထိမ်းအမှတ်အနေနဲ့ comic တစ်အုပ် ထွက်ရှိဖို့ အကြောင်းရှိခဲ့တယ်။ လက်ဝဲယိမ်း စာရေးဆရာတစ်ယောက် ဖြစ်ခဲ့တဲ့ J.M. DeMatteis က သူ့ မှာ ထိုဇာတ်လမ်းကို ရေးဆွဲဖို့ စိတ်ကူးရှိနေခဲ့တယ်။ ထိုစိတ်ကူးကဘာလဲဆိုတော့ Captain America သည် သူ့ ရဲ့ မဟာရန်သူတော်ကြီး Red Skull အပြီးအပိုင် သေဆုံးသွားသောအခါ သူရဲ့ ဒိုင်းကြီးကို စွန့် ပစ်ချခဲ့ပြီး Violence ကို အပြီးအပိုင်ဆန့် ကျင်တဲ့ ဇာတ်လမ်းရေးသားဖို့ စီစဉ်ခဲ့တယ်။ Sean Howe ရဲ့ Marvel Comics: The Untold Story ဆိုတဲ့ စာအုပ်မှာလည်း ထိုလက်ဝဲယိမ်းစာရေးဆရာ J.M. DeMatteis က Captain America ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လှုပ်ရှားသူတစ်ဦးအဖြစ် ပြောင်းလဲပစ်ပြီး Bucky ရဲ့ လုပ်ကြံခြင်းကို ခံရပြီး သေဆုံးသွားမဲ့ ဇာတ်လမ်းကို ရေးဖွဲ့ ခဲ့ပေမဲ့ MARVEL editor ဖြစ်ခဲ့တဲ့ Jim Shooter က ထိုဇာတ်လမ်းကို ပြန်ပြင်ရေးခိုင်းခဲ့ပြီး J.M. DeMatteis ကို အလုပ်မှ ထုတ်ပစ်စေခဲ့တယ်။
2006 ခုနှစ်လောက်မှာ Civil War ဆိုတဲ့ Comic ထွက်ရှိခဲ့တယ်။ စာရေးဆရာ Mark Miller ရေးသားခဲ့တဲ့ ထို Civil War ဇာတ်လမ်းတွင် Captain America သည် Iron Man ကိုယ်တိုင် သဘောတူညီခဲ့တဲ့ Superheroes Registration Act ကို ဆန့် ကျင်တဲ့ ပုန်ကန်သူတွေရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ဇာတ်လမ်းရဲ့ အဆုံးမှာ တရားရုံးရဲ့ လှေကားထစ်တွေမှာ Captain America တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး အသက်ဆုံးရှုံးခဲ့ရတယ်။ (Crossbones သတ်တာဆိုပေမဲ့ အမှန်တော့ Brainwash လုပ်ခံထားရတဲ့ Sharon Carter ကိုယ်တိုင် Captain America ကို ပစ်သတ်ခဲ့တာ။)
Captain America ဇာတ်ကောင်ကို ဖန်တီးခဲ့တဲ့ ကာတွန်းဆရာ Joe Simon တစ်ယောက်ကတော့ သူ့ အသက် 98 နှစ် 2011 ခုနှစ် Captain America: The First Avenger ရုပ်ရှင်ထွက်ပြီး မကြာခင်ပဲ ဆုံးပါးသွားခဲ့ပါပြီ။ သူမသေဆုံးခင် သူဖန်တီးခဲ့တဲ့ Steve Rogers တစ်ယောက်ရဲ့ သေဆုံးခဲ့ပုံကိုလည်း 2006 -2007 ခုနှစ်ရဲ့ Civil War Comic မှာ သူတွေ့ ခဲ့ရတယ်လေ။


The Bride (Kill Bill)

သူမ ကိုကျွန်တော်တို့ က အလွယ်တကူ သတို့ သမီးလို့ အသိများခဲ့ပေမဲ့ သူ့ နာမည်က Beatrix Michelle Kiddo။ သူမရဲ့ codename ကတော့ Black Mamba။ ဒီဇာတ်ကောင်က တစ်ခြားဇာတ်ကောင်တွေနဲ့ ကွဲထွက်ခဲ့တဲ့ ပထမတစ်ချက်က သူမရဲ့ ဇာတ်ကောင်ဟာ တစ်သားတည်းဖြစ်မနေခဲ့ဘူး။ လူသားတစ်ယောက်ပီပီ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ဆုံးဖြတ်ချက်တွေရှိတယ်။ အမျိုးသမီး သူရဲကောင်းအချို့ ကို ပရိသတ်တွေ မကြာခဏမြင်ဖူးကြမှာပါ။ ဒါပေမဲ့ အများစုဟာ Stongest အဖြစ်ဆုံးမဟုတ်ခဲ့ကြဘူး။ ရှုံးနိမ့်တဲ့အချိန်တွေမှာ ယောက်ျားဇာတ်ဆောင်တစ်ယောက်ဟာ အမြဲရောက်လာတတ်ပြီး ကယ်တင်ပေးခဲ့တာကို တွေ့ ဖူးကြမှာပါ။ ဒါပေမဲ့ The bride ကတော့ ထိုကဲ့သို့ မဟုတ်။ သူမလည်း ကျရှုံးခဲ့တဲ့အချိန်တွေ ရှိတယ်။ ဒါပေမဲ့ သူမကို ဘယ်သူမှ မကယ်တင်ပေးခဲ့ဘူး။ ကယ်တင်ရှင်တွေ ရောက်မလာခဲ့ဘူး။ သူမကို Budd တို့ က မြေအောက် အခေါင်းကြီးထဲမှာ အရှင်လတ်လတ် မြုပ်ခဲ့တော့လည်း သူမကိုယ်တိုင် အရှုံးမပေးခဲ့တဲ့ လုံ့ လဝီရိယနဲ့ ကြိုးစားပြီး ပြန်လည်ထွက်မြောက်ခဲ့တယ်။

ဒါပေမဲ့ ကျွန်တော်စောစောကပြောခဲ့သည့်အတိုင်း သူမဟာ အလွန်ကိုပြီးပြည့်စုံတော်တဲ့ ဇာတ်ကောင်တော့မဟုတ်ဘူး။ Physical အရလည်း သူမမှာ ပျော့ညံ့ချက်တွေရှိတယ်။ Master Pai Mei ရဲ့ လက်အောက်မှာ သူမသင်ကြားခဲ့တဲ့ အချိန်တွေမှာ သူမဟာ Physically အရရော Mentally အရပါ အားနည်းခဲ့တယ်။ သူမ ငိုကြွေးခဲ့တယ်။ သူမဟာ ခံစားတတ်တယ်။ သူမရဲ့ တစ်ဦးတည်းသော သမီးလေးအကြောင်းကို တွေးတဲ့အခါ သူမမျက်ရည်ဝဲတတ်တယ်။ ဒါဟာ သူမဟာ လူသားစင်စစ်ဖြစ်တယ်ဆိုတာ ကိုပြတဲ့သဘောပဲ။

ထို့ အပြင်သူမသည် ရန်သူကို အထင်မသေးတတ်သူ။ သူမလိုပဲ Deadly Viper Assassination အဖွဲ့ ထဲက အဖွဲ့ ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Vernita Green နဲ့ တွေ့ ဆုံတဲ့အခန်းမှာ Vernita Green သည် မိခင်တစ်ယောက်ဖြစ်ကာ သာမာန်ဘဝနဲ့ ပဲ နေထိုင်နေပြီဟု ယူဆပြီး ပေါ့ပေါ့တန်တန် မဆက်ဆံခဲ့ပဲ သတိနှင့် ဆက်ဆံကာ ရန်သူကို အနိုင်ရနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်။ သူမ လက်စားချေစွာ သတ်ခဲ့တဲ့ သူတွေကိုလည်း သူမတရားမျှတခဲ့တယ်။ သူမဟာ တရားခြင်း မတရားခြင်းဆိုတာကို ခံစားတဲ့သူမို့ လက်စားချေတဲ့ အလုပ်ကို လုပ်ခဲ့တာပေါ့။ ဒါကြောင့်လည်း သူမ Vernita Green ကိုသတ်ခဲ့တော့ Vernita Green ရဲ့ သမီးလေးကို သူမတရားမျှတစွာ ပြန်ပြောခဲ့တာက တစ်ချိန်မှာ အမေအတွက် ပြန်ဂလဲ့စားချေချင်တယ်ဆိုရင် သူမစောင့်နေပ့ါမယ် ဆိုတာပဲ။

Strongest အဖြစ်ဆုံး အမျိုးသမီးဇာတ်ရုပ်မဟုတ်ခဲ့ပေမဲ့ ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲမှာတော့ အနှစ်သက်ဆုံး အမျိုးသမီးဇာတ်ကောင်ပဲ။


King Leonidas I (300)

သူ့ ကိုကျွန်တော်စသိတော့ ပုံပြင်စာအုပ်တစ်အုပ်မှာပေါ့။ ငယ်ငယ်က မောင်ဝေဟင် တို့ ဘာတို့ အစရှိတဲ့ နိုင်ငံရပ်ခြား ပုံပြင်တို့ အိပ်ယာဝင်ပုံပြင်တို့ စတဲ့ ပုံပြင်တိုလေးတွေ စုရေးထားတဲ့ စာအုပ်လေးတွေကို ကျွန်တော် စာအုပ်ဆိုင်မှာ ဌားဖတ်နေကြ။ Thermopylae တိုက်ပွဲဆိုတဲ့ ပုံပြင်တစ်ခုမှာ ကျွန်တော် သူ့ ကိုစသိခဲ့တယ်။ ကလေးဆိုတော့ ဖတ်ပြီးသွားတော့ စိတ်ထဲမှာ မကောင်းဖြစ်ခဲ့တယ်။ အဲ့ဒီ့အချိန်ကတည်းက ရုပ်ရှင်စိတ်ဝင်စားနေခဲ့တာဆိုတော့ ဒီဇာတ်လမ်းကို ရုပ်ရှင်ပြန်ရိုက်ရင်တောင် ကောင်းမယ်လို့ စိတ်ကူးခဲ့သေးတယ်။ ဒီလိုနဲ့ ပထမနှစ်ကျောင်းသားဖြစ်လာတော့ 300 ဇာတ်ကား ရန်ကုန်မှာ ရုံတင်ပါလေရော။ ထိုဇာတ်ကားကို မကြည့်ခင်အထိ King Leonidas နဲ့ Thermopylae တိုက်ပွဲအကြောင်း ရိုက်ကူးထားတယ်ဆိုတာ မသိခဲ့ဘူး။ ကြည့်ြ့ပီးမှပဲ ကိုယ်ငယ်ငယ်က နှစ်သက်ခဲ့တဲ့ ဇာတ်လမ်းကို ပြန်ရိုက်ထားကြမှန်း သိတော့တယ်။

King Leonidas ကို 540 BC မှာ ဖွားမြင်ခဲ့တယ်။ သူ့ ရဲ့ မျိုးရိုးဟာ လူတစ်ပိုင်း နတ်တစ်ပိုင်း နတ်ဘုရားကြီး Heracles ကနေဆင်းသက်လာခဲ့တယ်လို့ အယူအဆရှိတယ်။ 490 BC လောက်မှာသူဟာ Spartan တွေရဲ့ ဘုရင်ဖြစ်လာခဲ့တယ်။ ထိုအချိန်က အင်အားကြီးမားလာခဲ့ပြီး ကမ္ဘာကို တက်သိမ်းမယ်လို့ ကြုံးဝါးလိုက်တဲ့ Persian နိုင်ငံတော်ဟာ Greece ကို တက်သိမ်းဖို့ ချီတက်လာတော့တယ်။ Spartans လူမျိုးတွေရဲ့ တိုက်ရည်ခိုက်ရည်တွေကို သဘောကျတာကြောင့် Greece စစ်တပ်ကို ဦးဆောင်ဖို့  Leonidas ကို ခန့် အပ်ခဲ့တယ်။ ဒါပေမဲ့ Thermopylae ဒေသကို Persians စစ်တပ်တွေ ရောက်လာချိန်မှာတော့ Carneia လို့ အမည်ရတဲ့ ဘာသာရေးပွဲတော် ရှိတာကြောင့် Spartans စစ်သားအများစုဟာ တိုက်ပွဲကိုဝင်ဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဒီအချိန်မှာ Spartans လူမျိုးတွေရဲ့ ဂုဏ်ကို ဆယ်ဖို့ ဆိုတာရယ် ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အတိုင်း မိမိနိုင်ငံကို စိတ်ဓာတ်မကျဆင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  သူရနိုင်တဲ့ စစ်သားအယောက် 300 ကိုပဲခေါ်ဆောင်ကာ တိုက်ပွဲနယ်မြေကို ချီတက်သွားတော့တယ်။

အမှန်တော့ Greek စစ်တပ်မှာလည်း စုစုပေါင်းမှ အယောက်ပေါင်း 7000 ကျော်ခန့် ပဲရှိတယ်။ ထိုအယောက် 7000 ရင်ဆိုင်ရမှာက ပင်လယ်ပြင်ကနေ ချီတက်လာတဲ့ Persians တပ်သားပေါင်း 150,000 ကျော်ကိုပဲ။ တိုက်ပွဲ 7 ရက်မြောက်နေ့ တွင် Persians တပ်သားပေါင်း 20,000 ကျော် သေဆုံးခဲ့ပြီး Greek တပ်သားပေါင်း 2,000 ကျော် သေဆုံးခဲ့တယ်။ ဒါပေမဲ့ Greek ထဲက သစ္စာဖောက် သိုးကျောင်းသား တစ်ယောက်ဖြစ်တဲ့ Ephialtes ဆိုသူဟာ Persian ဘုရင် Xerxes ကို တောင်ကြားကသွားနိုင်ပြီး Greek တစ်တပ်လုံးကို ချေမှုန်းနိုင်တဲ့ လမ်းကို ပြသခဲ့တယ်။ ဒီမှာတင် Leonidas သည် သူတို့ အားလုံးသေဆုံးကြတော့မည်ကို ကြိုသိနေခဲ့သည့်အတွက် မဟာမိတ် Greek တပ်တွေကို ဆုတ်စေခဲ့ပြီး သူတို့ Spartans တပ်သား 300 နဲ့ Thespians တပ်သား 700 ပဲ ကျန်ရစ်နေခဲ့ကြကာ နောက်ဆုံးခံတပ်အဖြစ် Persians တပ်တွေနဲ့ ရင်ဆိုင်ခဲ့ကြတယ်။ King Leonidas နဲ့ သူ့ ရဲ့ စစ်သည်တော် 300 စလုံးသည် August 11th 480 B.C. တွင် Persians တပ်တွေနဲ့ ရင်ဆိုင်ခဲ့ကြရင်း သေဆုံးခဲ့ကြရတယ်။

ဒီစစ်ပွဲသည် အမှန်တော့သူနဲ့ တိုက်ရိုက်သက်ဆိုင်ခဲ့သော စစ်ပွဲမဟုတ်ခဲ့ပေမဲ့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်။ သူဟာ သူ့ နောက်လိုက်တပ်သားတွေနဲ့ လက်ရည်တစ်ပြင်တည်း အတူတူပါဝင်တိုက်ခိုက်ခဲ့တယ်။ သူတို့ သေမယ်ဆိုတဲ့ တိုက်ပွဲကြီးကို သိသိကြီးနဲ့ ကျန်နေရစ်ခဲ့ကြကာ တိုက်ပွဲဝင်ခဲ့တယ်။ တစ်ကယ်တော့ သူရဲကောင်းသည် ဘုရင် Leonidas တစ်ယောက်တည်း မဟုတ်ပေ။ သူနှင့် အတူကျန်ရစ်နေခဲ့ကြသော တပ်သား 300 လည်း သူရဲကောင်းတွေပင် မဟုတ်ပေလား။ မိမိသေမည်ဆိုတာကို သိရက်နဲ့ ရဲရင့်စွာ သတ္တိသွေးတွေပြည့်ကာ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းများအဖြစ် ယနေ့ တိုင် သမိုင်းတွင် ကျန်ရစ်ခဲ့လေတော့သည်။
ယနေ့ ခေတ် Thermopylae နယ်မြေရဲ့ ကွင်းပြင်ကျယ်တစ်ခု Leonidas ကျဆုံးသွားခဲ့တဲ့နေရာတွင် သူ့ ရဲ့ အမှတ်တရ ရုပ်တုတစ်ခုကို 1955 တွင် ထူခဲ့ကာ သူ့ ရဲ့ သူရဲကောင်းဆန်မှုကို အသိအမှတ်ပြုခဲ့ကြသည်။ ထိုရုပ်တုရဲ့ အောက်တွင်တော့ "ΜΟΛΩΝ ΛΑΒΕ" ဆိုတဲ့စာတန်းရေးထိုးထားသည်။ အဓိပ္ပာယ်ကတော့ “Come and take.” ဆိုတဲ့ စာတန်းပဲ။ စစ်ပွဲမစတင်ခင်က Persians တွေက သူတို့ ကို လက်နတ်ချဖို့ ဆိုတော့ Leonidas က ငါတို့ လက်နတ်တွေကို မင်းတို့ လာယူလေဆိုပြီး ပြန်လည်စိန်ခေါ်ခဲ့တဲ့ စာကားလေးတစ်ခွန်းပေါ့။


Full Metal Bitch (Edge of Tomorrow)

ကျွန်တော် ကျား/ မ ခွဲခြားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုပ်ရှင်တွေထဲက အမျိုးသမီးအများစုဟာ စကားအလွန်များမယ်။ ပျော့ညံ့မယ်။ အော်မယ်၊ ဟစ်မယ်။ annoying ဖြစ်မယ်။ အသုံးမကျတဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်ကြကာ အနားကလူတွေကို ဒုက္ခတွေယူဆောင်လာတတ်ကြတယ်။ ဒါပေမဲ့ Edge of Tomorrow ဇာတ်ကားထဲက Rita Rose Vrataski ဆိုသူ အမျိုးသမီးကတော့ စောစောက ပြောတဲ့ အမျိုးသမီးဇာတ်ကောင်စရိုက်တွေနဲ့ ပြောင်းပြန်။ သူမဟာ အမျိုးသမီးစစ်စစ်တစ်ယောက်ဖြစ်ပေမဲ့ အကူအညီလိုအပ်ခဲ့တဲ့ ဇာတ်ကောင်မဟုတ်ဘူး။ သူအကူအညီလိုအပ်တဲ့ဇာတ်ဝင်ခန်း မပါဘူး။ သူကိုယ်တိုင်က မင်းသားကိုတောင် ဦးဆောင်ခဲ့တာမျိုး။

Marvel ထဲက Black widow ကို ကျွန်တော့်စာရင်းထဲမှာ မရွေးခဲ့ပဲ ယခု Rita Rose Vrataski ကို ဘာကြောင့် ရွေးခဲ့ရသလဲဆိုတော့ အစွမ်းအစရှိတဲ့ အမျိုးသမီးတွေဖြစ်သော်ငြားလည်း သူမသည် Black widow လို “Hey guys.. hey guys” ဆိုပြီး အမြဲလိုလို ပြောမနေခဲ့။ ခပ်ဆန်းဆန်း အဝတ်အစားတွေတောင် မဝတ်ဘူး။ စစ်သမီးတစ်ယောက် ဖြစ်သည့်အတိုင်း စစ်ဝတ်စုံကိုပဲ ဝတ်ဆင်လေ့ရှိတယ်။ ဇာတ်ကားတစ်ခုလုံးတွင် သူမကို ပြုံးလျက်နှင့် ကျွန်တော်တို့ မမြင်တွေ့ ခဲ့ရပေ။ မပြုံးဘူးဆိုပေမဲ့ မဲ့လည်း မဲ့မနေခဲ့။ တည်ကြည်သော မျက်နှာ နဲ့ သူမရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေဟာ သူမရဲ့ အရောင်တောက်နေတဲ့ မျက်ဝန်းတစ်စုံမှာ အတိုင်းသားပေါ်လွင်နေခဲ့တယ်။ ကျွန်တော် သူမဇာတ်ကောင်ကို ဘယ်လောက်ထိ သဘောကျသလဲဆိုရင် တစ်နေ့ ကျွန်တော်အိမ်ထောင်ကျလို့  သမီးတစ်ယောက် ရခဲ့ရင် သူမလိုမျိုး ဖြစ်စေချင်မိတဲ့အထိတောင်ပါ။ သူမကိုယ်သူမ မိန်းမတစ်ယောက်လို့ ပုံဖော်ခြင်းထက် သူမဟာ စစ်သမီးတစ်ယောက်ဖြစ်နေခဲ့သည့်အတွက် စစ်သားတစ်ယောက်လိုပဲ နေထိုင် ကျင့်ကြံ့ခဲ့ပုံရတယ်။
Edge of Tomorrow ဇာတ်ကားဟာ ဘာကြောင့်ဇာတ်ကားကောင်းတစ်ကား ဖြစ်ခဲ့သလဲဆိုရင် ရာခိုင်နှုန်းအများစုက Emily Blunt ပုံဖော်ပေးခဲ့တဲ့ ထို Rita Rose Vrataski ဇာတ်ကောင်ကြောင့်ပါပဲ။ သူမကို သူတို့ စစ်တပ်ထဲမှာ ခေါ်ကြတာက Full Metal Bitch ဆိုတဲ့နာမည်ပဲ။ သူမဟာ ထိုနာမည်နဲ့ အလွန်လိုက်ဖက်လွန်းတယ်။ ယောက်ျားတစ်ယောက်ကို မြူဆွယ်ခြင်းတွေ ဆိုတာ သူမစိတ်မဝင်စားဘူး။ ဇာတ်ကားထဲမှာ သူမနဲ့ အနီးစပ်ဆုံး ယောက်ျားဇာတ်ကောင်နဲ့ တောင် သူမဟာ Romantic တွေ မခင်းဘူး။ သူမနဲ့ အလုပ်အတူတွဲလုပ်တဲ့ လူတစ်ယောက်လို့ ပဲ သူမမြင်တယ်။ သူမဟာ သူတို့ စစ်တပ်ထဲမှာ နာမည်ကြီးတဲ့ သူပဲလေ။ စစ်ပွဲတစ်ခုမှာ ဂြိုလ်သားပေါင်း 100 ကျော်ကို သူမတစ်ယောက်တည်းနဲ့ သတ်နိုင်ခဲ့ကာ အောင်ပွဲခံနိုင်ခဲ့လို့ သူမဟာ နာမည်ကျော်ခဲ့တယ်။ ဒါတွေဟာ သူမတော်လွန်းလို့ မဟုတ်ဘူး။ သူမဟာ ထိုတိုက်ပွဲကို အကြိမ်ရေ မည်မျှ တိုက်ခဲ့ပြီးပြီလည်း ဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ သူမကိုယ်တိုင်ပင် မှတ်မိချင်မှ မှတ်မိပေတော့မည်။ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ နေ့ တစ်နေ့ တည်းမှာ သူမအသက်ရှင်ခဲ့မှတော့ သူမဟာ ထို နေ့ အတွက် ဖြစ်မဲ့အရာတွေအကုန်လုံးကို ကြိုသိနိုင်ခဲ့တာ မဆန်းတော့ပေ။

သူမဇာတ်ကောင်သည် အရာအားလုံးကို သူမတူအောင်စွမ်းဆောင်နိုင်တဲ့ အရည်အချင်းမျိုး ရှိသူတစ်ယောက် မဟုတ်ခဲ့ပေမဲ့ သူမလုပ်နိုင်တဲ့အတိုင်းအတာထိ သူမလုပ်ခဲ့တယ်။ ထိုနောက်ဆုံးစစ်ပွဲတွင် လူသားတွေဟာ ဂြိုလ်သားတွေကို အနိုင်ရခဲ့ပါက Cage ရဲ့ လုပ်ရပ်တွေလည်း ပါသလို အဓိက စွမ်းဆောင်ရည်ကတော့ Full Metal Jacket လို့ သူတို့ နောက်ကွယ်မှာ ခေါ်ခဲ့ကြတဲ့ Rita Rose Vrataski ဆိုတဲ့ အမျိုးသမီး ကြောင့်ပါပဲ။


Batman

Batman ကို မသိတဲ့သူမရှိပါဘူး။ Comics တွေမှာလည်း နာမည်ကြီးသလို ရုပ်ရှင်တွေမှာလည်း အောင်မြင်မှုရတဲ့ ဇာတ်ကောင်တစ်ယောက်ကို ပြောပါဆိုရင် Batman မှလွဲပြီးတစ်ခြား ပြောရမဲ့သူ မရှိပါဘူး။ အပြင်မှာ အမှန်တစ်ကယ် ရှိသော သူရဲကောင်းများ ရှိသလို ယခု Batman ကဲ့သို့ စာပေရုပ်ရှင်တွေရဲ့ စိတ်ကူးယဉ် သူရဲကောင်းတွေလည်း ရှိတယ်။ သူရဲကောင်းလို့ နာမည်အတပ်ခံရတာဟာ သူတို့ ပိုင်ဆိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကြောင့်ပဲ။ Batman မှာ ရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့ တရားခြင်း၊ မတရားခြင်း အစရှိတဲ့ လောကမှာဖြစ်ပျက်နေတဲ့ ဓမ္မတာကို သိနိုင်ခြင်း၊ အမှန်တရားကို သိနိုင်တဲ့ ဥာဏ်ပညာပိုင်ဆိုင်ခြင်း၊ သတ္တိနှင့် ပြည့်စုံသလို တာဝန်ယူခြင်း အစရှိသည်တို့ ပဲဖြစ်ပါတယ်။

Batman အကြောင်းကို စပြောရမယ်ဆိုရင် သူ့ Timeline ကိုအခြေခံတဲ့ Year One (Comic) တို့ နဲ့ Batman Begins (Movie) တို့ နဲ့ ပဲစတင်ရမှာပဲ။ သူ့ ကို Superheroes စာရင်းထည့်မှာ အထည့်ခံရပေမဲ့ သူ့ မှာ Super လို့ ခေါ်ဆိုထိုက်တဲ့ အစွမ်းတစ်ခုမှ မရှိဘူး။ သူ့ ပိုင်ဆိုင်တာဆိုလို့ မတရားခြင်းကို တိုက်ဖျက်တဲ့ စိတ်ဓာတ်ကလေးပဲ ရှိတယ်။ ထိုစိတ်ဓာတ်ကပဲ သူ့ အတွက် အားအင်ဖြစ်စေခဲ့တယ်။ လူတွေသိကြတဲ့အတိုင်း သူဟာ ငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးကို ဒုစရိုက်သမားတစ်ယောက်ရဲ့ လက်ထဲမှာ ဆုံးရှုံးခဲ့ရတယ်။ မိဘနှစ်ပါးကို ဆုံးရှုံးတော့ ထိုအချိန်က သူ့ အသက်အရွယ်ဟာ အလွန်ငယ်သေးတာကြောင့် ထိုဒဏ်ကို ခံနိုင်ခဲ့မယ် မထင်ခဲ့ဘူး။ ဒါကြောင့်လည်း သူ့ ဘဝနှောင်းပိုင်း အရွယ်ရောက်ပြီး အချိန်တွေထိ ထိုဒဏ်ရာကို အလူးအလဲ ခံစားနေရတုန်းပဲ။ ဒါဟာ သူ့ ရဲ့ ပျော့ညံ့ချက်မဟုတ်ဘူး။ ဒုစရိုက်သမားတွေကို တိုက်ခိုက်စေတဲ့ စိတ်ဓာတ်ခွန်အားတစ်ခုပဲ။ အကယ်၍ သူသာ အရွယ်ရောက်တဲ့အထိ မိဘနှစ်ပါး မသေဆုံးပဲ သူဟာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားမယ်ဆိုရင် Bruce Wayne သည် ဘယ်သောအခါမှ Batman ဖြစ်လာမည် မဟုတ်ပေ။ သူ့ ရဲ့ ချမ်းသာတဲ့စည်းစိမ်တွေနဲ့ ပဲ စီးပွားရေးသမားတစ်ယောက် အဖြစ်နဲ့ ပဲ ဘဝဟာ ကုန်ဆုံးခဲ့မှာပါ။ ဒါကြောင့် Batman ရဲ့ အိပ်မက်ဆိုးတွေဟာ သူ့ ရဲ့ အားနည်းချက်တွေ မဟုတ်ဘူး။ စိတ်ဓာတ်ခွန်အားတွေပဲ။

Batman ဘာတွေလုပ်တယ်ဆိုတာထက် Bruce Wayne တစ်ယောက် Batman ဖြစ်လာခဲ့တာကို ကျွန်တော် ပိုမိုစိတ်ဝင်စားမိတယ်။ အကျင့်ပျက်သမားတွေနဲ့ ချစားပြီး ပျက်ဆီးနေတဲ့ သူ့ မြို့ ကလေးကို သူကယ်တင်ချင်ခဲ့တယ်။ မိဘနှစ်ပါးသေဆုံးခဲ့ခြင်းနဲ့ လည်း ဒုစရိုက်အမှုတွေကို ပပျောက်ချင်ခဲ့တယ်။ လမ်းမတွေပေါ်က ဒုစရိုက်သမားတွေရဲ့ လက်ချက်တွေနဲ့ သူ့ လို မိဘမဲ့ကလေးတွေ ဘယ်နှစ်ယောက်လောက် ရှိခဲ့ပြီလဲဆိုတဲ့ အသိတွေ ကိုယ်ချင်းစာတရားတွေနဲ့ သူ Batman အဖြစ် ရွေးချယ်ခဲ့တယ်။ တစ်ချို့ အရာတွေကို ဥပဒေဘောင်ထဲကနေပြီး ဆောင်ရွက်လို့ မရဘူးဆိုတာ သူ့ မိဘတွေကို သတ်ခဲ့တဲ့ ဒုစရိုက်သမားဟာ ဥပဒေက လွတ်မြောက်သွားတာကို ကြည့်ရင် သိနိုင်တယ်။ ဒါကြောင့်လည်း သူက ဥပဒေအတိုင်းဆောင်ရွက်ဖို့ ဥပဒေဘောင်ထဲက မနေခဲ့ဘူး။ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ဥပဒေပိုင်းတွေရဲ့ ချို့ ယွင်းချက်ကို သူသိခဲ့လို့ ပဲ။ သူဘာလို့ Bat ကို ရွေးချယ်ရသလဲဆိုရင်လည်း သူငယ်စဉ်က ကြောက်ရွံခဲ့တဲ့ သတ္တဝါဖြစ်တဲ့ Bat ကို သူ့ သင်္ကေတအဖြစ် ရွေးချယ်ခဲ့တာပဲ။ တစ်ခြား ရန်သူတွေကို မတိုက်ခိုက်ခင် မိမိရဲ့ ကြောက်ရွံ့ ခြင်းကို မိမိအရင်တိုက်ရမယ်ဆိုတာကြောင့်ပေါ့။

Batman မှာ ထူးခြားတဲ့အချက်တစ်ခုက သူဟာ အမှောင်ထုကို မိတ်ဆွေပြုတယ်။ သူ့ ဝတ်စုံအတွက်လည်း အမဲရောင်ကိုပဲ ရွေးတယ်။ Captain America တို့ Superman တို့ နဲ့ ကွာခြားချက်က သူဟာ လူကောင်းဆိုတဲ့ Status နဲ့ မနေဘူး။ လူတွေကို ကယ်တင်ခြင်းဟာ ကောင်းမွန်မြတ်တဲ့အလုပ်ဆိုပြီး သူတော်ကောင်းဝါဒကို မကျင့်သုံးဘူး။ Revenge က စတင်ခဲ့တဲ့ စိတ်ဓာတ်ခံရှိတာကြောင့် Justice ဆိုသောအရာကို သူပုံဖော်ဖို့ ပဲ သူစွမ်းဆောင်ခဲ့တယ်။ သူဟာ အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေ၊ လောဘတရားတွေ ဒုစရိုက်မှုတွေရဲ့ ကပ်ဆိုးတွေ ကြားမှာ ခပ်ရဲ့ ရဲ့ လေးရပ်တည်နေရတဲ့ Gotham မြို့ မှာနေထိုင်တဲ့သူတစ်ယောက်။ ထိုမြို့ ပေါ်က အပြစ်မဲ့ မြို့သူမြို့ သားတွေအတွက် သူဟာ မျှော်လင့်ချက်ရောင်ခြည်တန်းတစ်မျှင်လို့ ဆိုလို့ ရသလို သူဟာ ထိုမြို့ သားတွေ ဘေးကင်းရာ လုံခြုံရာ စိတ်အေးချမ်းသာရာကိုဖော်ဆောင်ပေးသော အားထားရာတစ်ယောက်ပဲဖြစ်တယ်။

တစ်ခါတစ်ရံတွင် သူသည် ဒုစရိုက်သမား လူဆိုးတစ်ယောက်အဖြစ်နဲ့ တောင် သူ့ ကယ်တင်ကာကွယ်ခဲ့တဲ့ မြို့ သားတွေရဲ့ အထင်မှားခြင်းကို ခံရပါသေးတယ်။ The Dark Knight ဇာတ်ကားရဲ့ နောက်ဆုံးခန်းတွင် Batman သည် မိမိကိုယ်မိမိ မြို့ သူမြို့ သားတွေရဲ့ အမုန်းကို ခံကာ အနစ်နာခံ၍ မြို့ သားတွေရဲ့ စိတ်ဓာတ်ကို ကယ်တင်ပေးခဲ့တယ်။

သူဟာ အမှန်တော့ Justice ရဲ့ ပြယုဂ်တစ်ခုပဲ။ သူဟာ ရာဇဝတ်မှုတွေကို တိုက်ခိုက်ခဲ့တာဟာ ထိုမြို့ သားတွေကို ကယ်တင်ခဲ့တာမျိုးပဲမဟုတ်ပဲ ထိုမြို့ သားတွေကိုလည်း သူ့ အတိုင်းလုပ်နိုင်အောင် ရှေ့ တောင်လမ်းပြ မီးရှုးတိုင်တစ်ဆောင်ပေါ့။ ဒါကြောင့် သူဟာ The Dark Knight Rises မှာပြောခဲ့တာက

“A hero can be anyone, even a man doing something as simple and reassuring as putting a coat around a little boy’s shoulder to let him know that the world hadn’t ended.”

လို့ Jim Gordon ရဲ့ မင်းဘယ်သူလဲလို့ နောက်ဆုံးချိန်မှာ ပြောခဲ့ပါလို့ အမေးကို ပြန်ဖြေကြားခဲ့တဲ့ အဖြေတစ်ခု။

သူဖြေခဲ့တာဟာ သူ့ ကိုငယ်ငယ်က မိဘနှစ်ပါး အသတ်ခံရတဲ့ နေ့ ကအားပေးခဲ့တဲ့ Jim Gordon ကိုလည်း သူရဲကောင်းတစ်ယောက်ပါလို့ ဆိုလိုချင်တဲ့ သဘောလည်း ဖြစ်သလို သူရဲကောင်းဝါဒရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ရှင်းပြသွားခဲ့တယ်။ လူတိုင်းသည် သူရဲကောင်းဖြစ်နိုင်သည်။ လူတိုင်းမှာ အခွင့်အရေးရှိသည်။ မိမိရဲ့ ရွေးချယ်မှုနဲ့ မိမိရဲ့ လုပ်ရပ်တွေကပဲ သူရဲကောင်းအဖြစ်သို့ ရောက်စေသည်။ ဒါကြောင့် Batman သည် Bruce Wayne မဟုတ်ဘူး။ Batman သည် သူရဲကောင်းဟု ဆိုပါက လူတိုင်းသည် သူရဲကောင်းဖြစ်နိုင်သည့်အတွက် လူတိုင်းသည်လည်း Batman ဖြစ်နိုင်ပေသည်။ Batman ဆိုသည်မှာ ဝတ်စုံအနက်ကို ဝတ်ဆင်ကာ မျက်နှာဖုံးတပ်၍ ဒုစရိုက်သမားတွေကို တိုက်ခိုက်တဲ့သူဖြစ်သောကြောင့် ထိုသို့ လုပ်ကိုင်သော လူတိုင်းသည် Batman ဖြစ်နိုင်ပေသည်။ Batman သည် သင်္ကေတ တစ်ခုသာဖြစ်သည်။ ဒါကြောင့် Batman: Year 100 ဆိုတဲ့ Comics မှာ Bruce Wayne မရှိတော့တဲ့ အနာဂတ်တစ်ခုမှာ လူတစ်ယောက်သည် Batman အဖြစ် ဒုစရိုက်သမားတွေကို ဆက်လက်တိုက်ခိုက်နေတဲ့ အကြောင်းကို ရေးသားတင်ပြခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင် Bruce Wayne ဆိုတဲ့သူ သေဆုံးခဲ့ပေတောင်မှ Batman မသေဆုံးခဲ့။ Batman ရဲ့ ဒဏ္ဍာရီသည် လောကတွင် မကောင်းတဲ့သူတွေ ရှိနေသေးသ၍ ထိုလူဆိုးလူမိုက်တွေကို တိုက်ထုတ်နေရတဲ့ သူရဲကောင်းတွေ ရှိနေအုံးမှာဖြစ်သည့်အတွက် ဘယ်တော့မှ ပျောက်ကွယ်လိမ့်မည် မဟုတ်တော့ပေ။

~WH~