Hour of the Wolf

Hour of the Wolf

Ingmar Bergman ရဲ့ "Hour of the Wolf" ဟာ တသီးတသန့်ပရိသတ်ကိုရှာရမယ့် ပုဂ္ဂလိကဆန်တဲ့ ရုပ်ရှင်ပါပဲ။ ဆိုချင်တာက သာမန်ရုပ်ရှင်ကြည့်သူတွေ နှစ်သက်မယ့်ကားမျိုးမဟုတ်ဘူးလို့ ထင်မိတယ်။ (ကြည့်ရတာ) ခက်ခဲတဲ့ရုပ်ရှင်ဖြစ်ပြီး အားလုံးခြုံကြည့်ရင် အောင်မြင်တဲ့ရုပ်ရှင်လို့လည်းမဆိုနိုင်ဘူး။ "စနှိုးဝှိုက်နှင့် လူပုလေးခုနစ်ယောက်" မှာ ဒစ်စနေးက ကလေးတွေဆီက မယုံကြည်နိုင်စရာတွေကို ခဏပစ်ချထားဖို့ တောင်းဆိုခဲ့သလိုမျိုးပဲ Bergman ဟာလည်း ပရိသတ်တွေဆီက စိတ်ကူးကွန့်မြူးမှုကို လိုအပ်ပါတယ်။ သို့သော်လည်း ကျွန်တော် သတိထားမိတဲ့ လူကြီးပိုင်းပရိသတ်တွေကတော့ လုံလောက်တဲ့ အားထုတ်မှုကို မပြုနိုင်ခဲ့ကြသလိုပဲ။ သူတို့ဟာ မရယ်ရတာတွေမှာ ခိုးခိုးခစ်ခစ်လုပ်နေခဲ့ကြသလို အချင်းချင်း တီးတိုးတီးတိုး သဖန်းပိုးလုပ်ကြတာလည်းရှိတယ်။ သူတို့ကိုယ်ကို အရိုင်းအစိုင်းတွေလို့ ထင်မြင်နေစေတာပဲ။
Bergman ဟာဇာတ်ကားရဲ့ theme အတွက် ဂေါ့သစ်ယုံတမ်း ဒဏ္ဍာရီတွေရဲ့ စိတ်ကူးစိတ်သန်းကို ငှါးရမ်းသုံးစွဲခဲ့ပါတယ်။ သူ့ရဲ့ဇာတ်လိုက် (Max Von Sydow) ဟာ လူ့အဖွဲ့အစည်းကနေဖယ်ခွာခဲ့ပြီး ကျွန်းကလေးတစ်ကျွန်းပေါ်မှာ ကိုယ်ဝန်သည်မိန်းမ (Liv Ullmann) နဲ့အတူ လာရောက်နေထိုင်နေတဲ့ အနုပညာရှင်တစ်ဦးပါ။ ကျွန်းရဲ့အခြားတစ်ဖက်ခြမ်းမှာတော့ ရဲတိုက်ကြီးတစ်ခုမှာ သြဇာညောင်းသူဋ္ဌေးကြီးတစ်ယောက်နဲ့အတူ ကိုယ်ကျင့်တရားယိုယွင်းပျက်စီးနေတဲ့ သူ့မိတ်ဆွေတစ်စုတို့ရှိကြတယ်။ ညအခါတွေမှာဆိုရင်တော့ အနုပညာသမားကို အိပ်မရခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်းနဲ့ ဆန်းကြယ်တဲ့အိပ်မက်များက အမြဲဖိစီးခြောက်လှန့်နေတယ်။
(ဇာတ်ကားရဲ့) လှုပ်ရှားမှုအများအပြားဟာ သန်းခေါင်ယံ နဲ့ အရုဏ်တက်စပ်ကြားအတွင်းမှာ ဖြစ်ပွားပါတယ်။ စကော့ဖစ်ဇ်ဂျာရဲ က စိတ်ဝိညာဉ်ရဲ့ညအမှောင်ကာလလို့ တင်စားခေါ်ဆိုခဲ့တဲ့ အချိန်နာရီအပိုင်းအခြားပါပဲ။ Bergman ကတော့ ဒီအချိန်အပိုင်းအခြားကို "Hour of the Wolf" လို့ခြုံငုံခေါ်ဆိုပြီး အကျယ်အနေနဲ့က " ဒီအချိန်အပိုင်းအခြားဟာ လူအများစုသေကြတဲ့အချိန်၊ အိပ်စက်ခြင်းဟာ အနက်ရှိုင်းဆုံးဖြစ်နေတဲ့အချိန်၊ အိပ်မက်ဆိုးတွေဟာ တကယ်အမှန်နဲ့ ပိုနီးစပ်လာတဲ့အချိန်ပဲဖြစ်တယ်။ ဒီအချိန်ဟာ အိပ်မပျော်သူများအတွက် သူတို့ရဲ့အကြီးမားဆုံးအကြောက်တရားနဲ့ခြောက်လှန့်ခံရချိန်၊ တစ္ဆေဝိညာဉ်တွေနဲ့ နတ်ဆိုးတွေ ပိုမိုအားကောင်းလာတဲ့အချိန်လည်းဖြစ်တယ်။ နောက်ပြီး ဒီ "ဝံပုလွေတို့ရဲ့အချိန်" ဟာ ကလေးငယ်အများအပြား မွေးဖွားကြချိန်လည်း ဖြစ်ပြန်တယ်။" လို့ ရှင်းပြထားပါတယ်။
အနုပညာသမားဇာတ်လိုက်ဟာ တဖြည်းဖြည်း ခြင်း ရူးလာနေတယ်ဆိုတာ သိသာလာတယ်။ ညညတွေမှာ ထထထိုင်ပြီး ဖယောင်းတိုင်မီးကိုစူးစိုက်ကြည့်နေတတ်မယ်၊ ပြီးရင် သူ့မိန်းမကို သူ့ရဲ့ထူးဆန်းလှတဲ့အိပ်မက်တွေအကြောင်း (သို့မဟုတ် မှတ်ဉာဏ်အစိတ်အပိုင်းတွေလား?) ပြောပြမယ်။ Bergman က ဇာတ်လိုက်ရဲ့ မသိစိတ်ထဲအထိ ထိုးဖောက်ဝင်ရောက်ပြီး ကယောက်ကယက် အိပ်မက်ဆိုးတွေ၊ စိတ်ကူးထင်ယောင်မှုတွေကို ဆွဲထုတ်ပြခဲ့တာပါပဲ။ သူက ဒီ ထင်ယောင်မှားမှုပုံရိပ်တွေကို တကယ့်အဖြစ်အပျက်တွေကြားမှာ ရှေ့တစ်ကွက်၊ နောက်တစ်ကွက် ဖြတ်ညှပ်ပြသထားတာကြောင့် အိပ်မက်လို့ယူဆရမယ့်အရာတချို့ဟာလည်း တစ်ခါတစ်ရံမှာ တကယ့်ဖြစ်ရပ်လိုဖြစ်နေခဲ့တယ်။ ရုပ်ရှင်ရဲ့ အင်အားအကောင်းဆုံး ပုံရိပ်တစ်ခုဖြစ်တဲ့ "အသေကောင်နဲ့လိင်မှုပြုခြင်းကနေ လှောင်ရယ်စရာအကွက်တစ်ခုဖြစ်သွားတဲ့အခန်း" မှာ ဒီအချက်က သိသာတယ်။
အကွန့်အညွှန့်တွေမပါ ရိုးရှင်းလှပြီး ဓမ္မဓိဋ္ဌာန် ကျလုနီးနီး အခန်းစဉ်များကနေ နက်ရှိုင်းသောခံစားရမှုတွေကို တူးဆွပေးနိုင်တဲ့ Bergman ရဲ့ အရည်အသွေးကို ဒီရုပ်ရှင်မှာထိန်းသိမ်းပြထားတယ်။ တစ်ညမှာ အနုပညာသမားက သူငယ်ငယ်ကအကြောင်းတစ်ခု သူ့မိန်းမကိုပြောပြတယ်။ သူငယ်စဉ်က သူ့မိဘတွေဟာ သူ့ကို ဗီရိုကြီးတစ်ခုထဲအမှောင်ပိတ်ထားပြီး ဗီရိုထဲကလူသေးသေးလေးဟာ သူ့ခြေမတွေကို ကိုက်ဖြတ်စားပစ်လိုက်လိမ့်မယ်လို့လည်း ပြောတယ်။ ကောင်လေးဟာ ကြောက်လွန်းလို့ စင်တွေပေါ်၊ ဘူးတွေပေါ်တွယ်တက်ပြီး တံခါးဖွင့်ပေးဖို့ ငိုယိုတောင်းဆိုနေခဲ့ရတယ်။
နောက်တစ်ညကျတော့ အနုပညာသမားက ပင်လယ်ကမ်းခြေမှာ ငါးသွားမျှားတဲ့နေ့တစ်နေ့အကြောင်းပြောပြတယ်။ ကောင်ကလေးတစ်ယောက်က သူ့နားရောက်လာခဲ့တယ်။ သူဟာ ငါးမျှားတံကို အာသာငမ်းငမ်းဆွဲငင်နေတုန်း ကောင်လေးက သူ့နောက်လာရပ်ပြီး သူ့ကို ကမ်းစပ်အောက်ခြေကကျောက်ဆောင်များပေါ် တွန်းချတော့မလိုရှိခဲ့တယ်။ ခဏအကြာမှာတော့ ဒေါသအထွက် လျှပ်တစ်ပြက်မှာ သူကကောင်လေးကိုသတ်လိုက်မိတယ်။ ကျွန်တော်တို့ဟာ ဒီအခန်းကို အင်မတန်ပြတ်ပြတ်ထင်ထင်ရှိတဲ့ အဖြူအမည်းကာလာနဲ့ ရှုမြင်ကြရမှာဖြစ်တယ်။ မေးစရာရှိတာက အထက်ပါ အဖြစ်အပျက်နှစ်ခုစလုံးဟာ တကယ်ဖြစ်ပျက်ခဲ့သလား......သို့မဟုတ် အိပ်မက်ဆိုးတွေပဲလား။ Bergman ကတော့ ကျွန်တော်တို့ကို ပေးမသိခဲ့ပါဘူး။
ဇနီးဖြစ်သူဟာ သူမယောကျာ်းကို ကြောက်ရွံ့လာမိတယ်။ ရဲတိုက်ကြီးမှာ နေထိုင်ကြသူတွေကလည်း လင်မယားနှစ်ယောက်ရဲ့ဘဝထဲ အတင်းတိုးဝင်ဖို့ကြိုးစားလာကြတယ်။ တစ်ညမှာ သူဋ္ဌေးကြီးက ရန်လိုမှုတွေ၊ နာကျင်စေလိုမှုတွေ ထုံလွှမ်းတဲ့ ညစာစားပွဲတစ်ခုကျင်းပခဲ့တယ်။ အနုပညာသမားရဲ့ အတိတ်က မကောင်းမှုတစ်ခုအကြောင်း တစ်စွန်းတစ်စဖော်ပြတယ်။ ရဲတိုက်ကြီးကသူတွေဟာ အနုပညာသမားကိုအရှက်ခွဲမယ့် စက်ဆုပ်မနှစ်မြို့ဖွယ်၊ ရက်စက်တဲ့ လှောင်ပြောင်ချက်ကြီးတစ်ခုကို တဖြည်းဖြည်း ပြင်ဆင်လာခဲ့ကြတယ်။ Bergman ဟာ ဒီအခန်းစဉ်ကို သရုပ်လွန်ပုံစံမျိုး ကိုင်တွယ်ပြခဲ့တယ်။ ကျွန်တော်တို့ဟာ ဘယ်ဟာက အမှန်တကယ်ဖြစ်ပျက်နေတာလဲ၊ ဘယ်ဟာက စိတ်ကူးယဉ်လဲ သေချာမကွဲပြားနိုင်ခဲ့ကြဘူး။
ဒါပေမယ့် ကျွန်တော်တို့က ရုပ်ရှင်ရဲ့ပုံရိပ်တွေကို ကြောင်းကျိုးဆီလျော်မှုဆိုတဲ့ တံခါးမကြီးကိုဖြတ်ကျော်ခွင့်ပေးပြီး ကျွန်တော်တို့စိတ်ရဲ့အတွင်းပိုင်းတွေအထိ ဝင်ရောက်ခွင့်ပေးလိုက်မယ်ဆိုရင်၊ နောက်ပြီး Bergman ရဲ့ ခြောက်ခြားဖွယ်ဇာတ်လမ်းကို မေးခွန်းထုတ်နေမယ့်အစား အရှိအတိုင်းပဲလက်ခံလိုက်မယ်ဆိုရင်....."Hour of the Wolf" က ခမ်းနားကြီးကျယ်စွာ အလုပ်ဖြစ်မှာပါပဲ။ သို့သော်လည်း မျဉ်းပါးပါးလေးပေါ် လျှောက်နေတဲ့လက်ရာတစ်ခုဖြစ်လို့ ပရိသတ်တွေက မလိုစိတ်ကလေး မဆိုစလောက်ထည့်လိုက်တာနဲ့ကို melodrama တစ်ပုဒ်လို မြင်မိသွားလိမ့်မယ်။ ဟုတ်မှမဟုတ်တာပဲလေ။ ခင်ဗျားအနေနဲ့ ဒီကားကိုသွားကြည့်မယ်ဆိုရင်တော့ Bergman ရဲ့ကားလို့ နှလုံးသွင်းပြီးပဲ သွားကြည့်သင့်တယ်။
(Roger Ebert ၏ "Hour of the Wolf" ရုပ်ရှင် review ကို ဆီလျော်အောင် ကြိုးစားပြန်ဆိုထားခြင်းဖြစ်ပါသည်။)
~Miller~