အမုန်းဘယ်က စသလဲဆိုရင် အချစ်ကစနိုင်သလို အချစ်ကနေလည်း အမုန်းကို ကူးပြောင်းသွားနိုင်ပါတယ်။ ထို့အတူပဲ ပျော်ရွှင်ခြင်းမှသည် ဝမ်းနည်းခြင်းဖြစ်ရပ်များကို ပြောင်းလဲပစ်စေနိုင်သလို ဝမ်းနည်းခြင်းတွေမှသည်လည်း ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါတွေက ကျွန်တော်တို့ လူသားတွေရဲ့ စိတ်ကလေးအတွင်းမှာ ဖြစ်တည်ပြောင်းလဲဖြစ်ပျက်နေတဲ့ စိတ်ခံစားမှူကလေးတွေပါပဲ။ ထိုစိတ်ခံစားမှုလေးတွေကို အခြေခံပြီး ရုပ်ရှင်ရိုက်နိုင်ကြမယ်လို့ ဘယ်သူက တွေးထင်ခဲ့ဖူးကြမှာလဲ? ရိုက်နိုင်ကြတယ်ပဲထားအုံး။ ပရိသတ်ကို ဘယ်လို စွဲဆောင်နိုင်မလဲ?

ဒါပေမဲ့ Pixar ဆိုတာ Toy Story (1995) မှစ၍ အောင်မြင်မှုကို ထိန်းသိမ်းလာနိုင်ခဲ့တာ ဆိုတော့ မကြည့်ခင်ကတည်းက ယုံကြည်မှူ အပြည့်အဝရှိခဲ့ပါတယ်။

ဇာတ်လမ်းကို11 နှစ်အရွယ် Riley ဆိုသော မိန်းကလေးတစ်ယောက်ရဲ့ ပြင်ပ ဘဝနဲ့ သူမရဲ့ စိတ်ထဲမှာ ရှိတဲ့ ခံစားချက်ကလေးတွေကို ဇာတ်အိမ်တည်ထားပါတယ်။ သူမ လူ့ဘဝကို စတင်ရောက်ရှိလာတော့ သူမနဲ့ အတူ သူမရဲ့ စိတ်ကလေးထဲမှာ Joy ဆိုသော ခံစားချက်လေး စတင်ဖြစ်ပေါ်လာတယ်။ ငယ်ငယ်တုန်းက ပျော်ခဲ့တာတွေ ချစ်သော ဖေဖေ မေမေ ဆိုသော မိသားစုနဲ့ အတူ   ကြည်နူးခဲ့တာတွေ အချစ်ဆုံး သူငယ်ချင်းတွေရှိခဲ့တာတွေ Hockey ရိုက်သော ဝါသနာတွေ ထိုထိုသော အရာတွေအကုန်လုံးသည် သူမရဲ့ ဖခင်ဖြစ်သူ အလုပ်အကိုင်ကြောင့် Minnesota မှသည် San Francisco သို့ သူတို့မိသားစု အိမ်     ပြောင်းသွားကြတဲ့အခါ အရင်က Riley သည် စိတ်အတွင်းရှိ ခံစားချက်တွေ    ပြောင်းလဲလာလေတော့သည်။

သူမနှင့်အတူ လူသားအားလုံးရဲ့ စိတ်ထဲတွင် ခံစားချက် 5 မျိုးဖြစ်သော Joy, Sadness, Fear, Anger နဲ့ Disgust တို့ဖြင့် ဖွဲ့ စည်းထားသည်ဟု ရုပ်ရှင်ထဲတွင် တင်ပြထားသည်။ ထို 5 မျိုးသော ခံစားချက်များသည် လူသားများရဲ့ စိတ်အတွင်းရှိ ပင်မ ဗဟိုဌာနတွင် နေထိုင်ရင်း သက်ဆိုင်ရာ ခံစားချက်များ သက်ဆိုင်ရာ မှတ်ဥာဏ်များနှင့် သက်ဆိုင်ရာ အပြုအမူတွေကို ထိန်းချုပ်ကြသည်။ Joy က ထို 5 ယောက်ရဲ့ အနက် ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သလို Riley ရဲ့ ပျော်ရွှင်ခြင်းဆိုသော ခံစားချက်ကို ဖြစ်ပေါ်လာအောင် စွမ်းဆောင်ရတဲ့သူလည်း ဖြစ်တယ်။ Sadness ကတော့ နာမည်ကြားရုံနဲ့ သိကြတဲ့အတိုင်း လူတိုင်းမလိုချင်ကြတဲ့ အရာတစ်ခု။ နောက်တစ်ယောက် ဖြစ်တဲ့ င်္Fear ဆိုတာကတော့ Riley ကို အန္တရယ်တွေမှ တစ်ဆင့် ကင်းဝေးစေတဲ့ စိုးရိမ် ပူပန် ကြောက်တတ်တဲ့ စိတ်ကလေးပေါ့။ Anger ဆိုတာကတော့ Riley စိတ်ရဲ့ အဓိကကြတဲ့အရာတစ်ခု။ တရားမမျှတတာတွေကို ရင်ဆိုင်လာရတဲ့အခါပဲဖြစ်ဖြစ် စိတ်အလိုမကျတဲ့ အခါပဲဖြစ်ဖြစ် ဖြစ်ပေါ်လာတတ်တဲ့ ခံစားမှူတစ်ခု။ နောက်ဆုံး တစ်ယောက်ဖြစ်တဲ့ Disgust ကတော့ Riley အနေနဲ့ သူမနဲ့ ပတ်ဝန်းကျင်ပဲဖြစ်ဖြစ် အစားအစာပဲဖြစ်ဖြစ် အဆင်မပြေတဲ့အခါ ထိုအရာတွေနဲ့ ဝေးကွာစေအောင် ပြုမူဆောင်ရွက်ပေးတဲ့ ခံစားချက်ပဲ။ သူတို့ 5 ဦးစလုံးမှာ သက်ဆိုင်တဲ့ အလုပ်ကိုယ်စီရဲ့ ရည်ရွယ်ချက်ကို နားလည်ကြပေမဲ့ မည်သူမှ Sadness ရဲ့ အလုပ်ကို နားမလည်နိုင်ကြပါဘူး။ Sadness ဆိုသော ခံစားချက် ဘာကြောင့် တည်ရှိနေရတာလဲ? ဒါကို Sadness ကိုယ်တိုင်ပင် နားမလည်ခဲ့။

အကယ်၍ စာဖတ်သူသည် Pixar မှ ထုတ်သော Animation ရုပ်ရှင်ကားတွေကြည့်ပြီး လူကြီးတစ်ယောက်ဖြစ်တာတောင် ရုပ်ရှင်ရုံထဲမှာပဲဖြစ်ဖြစ် မိမိအိမ်မှာပဲဖြစ်ဖြစ် ငိုခဲ့ရတာကို ရှက်နေပါသလား? အဲ့ဒါဆိုရင်တော့ ဒီရုပ်ရှင်ကို မကြည့်ကြပါနဲ့ လို့  အသိပေးပါရစေ။ Up ရဲ့ ပထမဆုံး 10 minutes စာနဲ့ နောက်ဆုံးခန်းလေးကို ကြည့်ပြီး ငိုခဲ့ရတဲ့သူတွေ Toy Story 3 ကြည့်ပြီး ငိုခဲ့ရတဲ့သူတွေ Brave ကြည့်ပြီး ငိုခဲ့ရသူတွေ ရှိကြမှာပါ။ ထို ရုပ်ရှင်တွေကို ကြည့်ပြီး ငိုခဲ့ရတဲ့သူတွေဆိုရင်တော့ ရုပ်ရှင်ရုံထဲ မဝင်ခင် အပြင်မှာ ကတည်းက Tissues လေးတွေ ယူသွားကြပါလို့ ပြောလိုက်မယ်နော်။ ဘာကြောင့်လဲဆိုတာ ကြည့်တဲ့အခါ သိလာလိမ့်မယ်။ ကျွန်တော်တောင် မယူသွားမိခဲ့တာ နောင်တရမိသား။

ဒီဇာတ်ကားကို စတင်ဖြစ်တည်လာပုံကို ပြောရမယ်ဆိုရင် ဒီ Animation ရဲ့ Director ဖြစ်တဲ့ Pete Doctor အရင် ရိုက်ကူးခဲ့တဲ့ Up ကပဲ စရမယ်လို့ ထင်ပါတယ်။ ထို Up (2009) ဇာတ်ကားထဲတွင် Young Ellie အဖြစ် အသံသွင်းပေးခဲ့တာ Pete ရဲ့ သမီးအရင်းဖြစ်သူ Ellie တစ်ယောက် အသက် 11 နှစ်လောက်အရွယ် ရောက်ရှိလာတဲ့အခါ ပြောင်းလဲလာတဲ့ လူတစ်ယောက် ဖြစ်လာတာကို ဖခင်တစ်ယောက်အနေနဲ့ သတိပြုမိတဲ့ Pete က သူရဲ့ သမီးဖြစ်သူရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ? ဘာတွေကြောင့် ပြောင်းလဲလာရသလဲဆိုတာကို လေ့လာရင်းနဲ့ မှ ယခုဒီဇာတ်ကားကို ရေးဖြစ်ခဲ့တာပါ။ Pete ကိုယ်တိုင်လည်း ဒီဇာတ်ကား ဖြစ်မြောက်ဖို့ အတွက် Psychologists တွေ  Neurologists တွေ နဲ့ ကိုယ်တိုင်တွေ့ပြီး လေ့လာခဲ့ရပါတယ်။ ပြောချင်တာကတော့ ပေါ့ပေါ့တန်တန် ရိုက်ကူးထားတဲ့ ကလေးကြိုက် ဇာတ်ကားတစ်ကား မဟုတ်ဘူးလို့ ဆိုလိုချင်တာပါ။

ဒီဇာတ်ကားလေးကို အထူးနှစ်သက်မိတဲ့ အကြောင်းအရာလေးကတော့ Idea လေးဆန်းသစ်နေပြီး ထို Idea အသစ်ကို ပရိသတ်ကို ချပြတဲ့အခါ ပိုင်နိုင်ကျွမ်းကျင်မှုဆိုတဲ့ Smart ဖြစ်တဲ့ ဇာတ်လမ်း Smart ဖြစ်တဲ့ တင်ဆက်မှူပဲဖြစ်ပါတယ်။ In Time တို့ဘာတို့ရုပ်ရှင်တွေဆို Idea အရမ်းကောင်းပြီး တင်ပြနိုင်မှူ မနိုင်တော့တာမျိုး မရှိပဲ ပရိသတ်ကို မည်ကဲ့သို စွဲဆောင်ရမယ်ဆိုတာကို ဒီဇာတ်ကားရိုက်ကူးသူတို့ နားလည်ခဲ့တယ်။ ထိုနားလည်မှုကိုလည်း ကောင်းစွာ အသုံးချနိုင်ခဲ့တယ်။ နောက်ပြီး ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ စိတ်တွေထဲမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ဖန်တီးပြသထားတဲ့ "Long Term Memory", "Imagination Land", "Imaginary Boyfriend Generator", "Swear Words Library", Dream Productions", "Abstract Thought"  နဲ့  "Train of Thought" ဆိုတဲ့ အရာလေးတွေကို ထူးခြားစွာ ဖန်တီးထားနိုင်မှုတွေပဲ။

Joy က ဒီဇာတ်ကားရဲ့ ပင်မ ဇာတ်ကောင်ဖြစ်ပေမဲ့ Sadness ကတော့ ဒီဇာာတ်ကားရဲ့ မရှိမဖြစ်လိုအပ်တဲ့ အဓိကဇာတ်ကောင်ပါပဲ။ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလိုပါပဲ။ ဒီဇာတ်ကားကြည့်ပြီးနောက်မှာတော့ ဝမ်းနည်းမှူရဲ့ အရေးပါလာပုံကို ကျွန်တော် နားလည်လာခဲ့ပါတယ်။ ဝမ်းနည်းမှူလို့ ကျွန်တော်တို့ လူသားတွေပြောလိုက်မယ်ဆိုရင် မကောင်းမှူတစ်ခု မလိုအပ်တဲ့အရာတစ်ခု မလိုချင်တဲ့ခံစားချက်တစ်ခုလို့ သတ်မှတ်ကြတယ်။ ဒါကလည်း ရှင်းပါတယ်။ လောကမှာ မည်သူမှ ဝမ်းမနည်းနေချင်ကြဘူးလေ။ ဒါဆို ကျွန်တော်တို့ လူသားတွေ အမြဲတမ်း ဝမ်းနည်းနေကြတာလား? မဟုတ်ပါဘူး။ တစ်ခါတစ်ရံ လူ့ဘဝရဲ့ လောကဓံတရားတွေ မလိုလားအပ်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့ အချိန်ကာလ အခိုက်အတံတွေမှာပဲ ဝမ်းနည်းမှုဆိုတာ ဖြစ်ပေါ်လာတာပါ။ တစ်ကယ်တော့ မျက်ရည်ဆိုတာ လူသားတွေအတွက် အားဆေးပါ။ ကျွန်တော်တို့ တွေ ဘဝမှာ ဝမ်းနည်းစရာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ငိုကြွေးကြမယ်။ ဒါပေမဲ့ မျက်ရည်တိတ်သွားချိန်မှာတော့ ဘဝကို ပြန်ပြီး အရှုံမပေးဖို့ အားအင်တွေ ပြန်ပြည့်ဝ လာပြန်ပါတယ်။ တစ်ကယ်တော့ မျက်ရည်တွေဟာ ကျွန်တော်တို့ တွေကို ဘဝကို အရှုံးမပေးဖို့ အားအင်တွေပါ။

အကယ်၍ Toy Story Trilogy သည် ကလေးဘဝကို နှုတ်ဆက်ခဲ့ရခြင်းတွေနဲ့ ကျွန်တော်တို့ ငယ်ငယ်က အတူတကွ ဆော့ကစားခဲ့ဖူးတဲ့ အရုပ်ကလေးတွေရဲ့ အကြောင်းတွေကို တင်ပြထားတာဆိုရင် ...

Finding Nemo သည် မိဘတို့ ရဲ့ သားသမီးတွေအပေါ် လက်လွှတ်လိုက်ရတဲ့ အခါဖြစ်ပေါ်လာတဲ့ ခံစားချက်တွေ သားသမီးဇောနဲ့ ပူပန်တတ်တဲ့ မိဘတွေရဲ့ သဘောကို တင်ပြထားတာဆိုရင် ...

A Bug's Life သည် လူစွမ်းကောင်းဆိုတာ ဘာလဲ တာဝန်ယူ သိတတ်နားလည်မှု ဆိုတာတွေကို တင်ပြထားတာဆိုရင်....

Monsters Inc. ဇာတ်ကားတွေမှာ ရိုးသားမှုတွေ အရှုံးမပေးမှုတွေ အနစ်နာခံမှုတွေ စတေးမှူတွေကို တင်ပြထားတာဆိုရင် ...

Cars ဇာတ်ကားတွေမှာ ပြိုင်ပွဲရဲ့ အနိုင်အရှုံးဆိုတာထက် ဘဝရဲ့ အနိုင်အရှုံး မည်သည့်အရာက ပို၍ အရေးပါသလဲဆိုတာကို တင်ပြထားတာဆိုရင် ....

The Incredibles  တွင် လူစွမ်းကောင်းတွေပဲဖြစ်ဖြစ် သာမန်လူတွေပဲဖြစ်ဖြစ် မိသားစုဟာ မိသားစုပါပဲ။ မည်သည့်အရာနဲ့ မှ မလဲနိုင်သောအရာဖြစ်တဲ့ တန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကို တင်ပြထားတာဆိုရင်.....

Ratatouille တွင် လူသားပဲဖြစ်နေဖြစ်နေ တိရိစ္ဆာန်ပဲဖြစ်နေဖြစ်နေ မိမိ လုပ်ချင်သောအရာ ဝါသနာပါသောအရာတစ်ခုကို Passion အပြည့်နဲ့ ဆောင်ရွက်နိုင်အောင် ကြိုစားခြင်းသည် ဘဝရဲ့ အောင်မြင်မှု သော့တစ်ချောင်းပဲဖြစ်သည်ကို တင်ပြထားတယ်ဆိုရင် ...

WALL-E တွင် မိမိတို့ နေထိုင်နေကြသော ကမ္ဘာမြေကြီးရဲ့ အရေးပါမှူတွေနဲ့ အချစ်သည် အရာအားလုံးအတွက် အောင်မြင်နိုင်သော အရာဖြစ်၍ အရာအားလုံးတွင် လိုအပ်သည်ကို တင်ပြထားတယ်ဆိုရင်...

Up တွင် ဘဝမှာ ငယ်စဉ်က စိတ်ကူးတွေထက် အတူတကွအမြဲ လက်တွဲတည်ရှိနေခဲ့သော ချစ်သူနှစ်ဦးရဲ့ လောကဓံကို အရှုံးမပေးပဲ နောက်ဆုံးအချိန်အထိ အတူတွ ရှိနေခဲ့ကြ ချစ်နေခဲ့ကြခြင်းနှင့် ပရိသတ်ကို အချစ်ဆိုသော အရာကို တန်ဖိုးထားတတ်လာအောင် တင်ပြထားတယ်ဆိုရင် ...

Brave မှာ ဦးဆောင်မှုတွေ တာဝန်ယူမှုတွေ သံယောဇဉ်တွေ မိခင်တစ်ဦးနဲ့ သမီးတစ်ယောက်ကြားမှာ ရှိတဲ့ ဟန်ဆောင်မှူကင်းမဲ့တဲ့ ဖြူစင်တဲ့ အချစ်တွေကို တင်ပြထားတယ်ဆိုရင် ....

ယခု Inside Out သည် လူကြီးတွေအနေနဲ့ မိမိကလေးငယ်တွေရဲ့ စိတ်ကို နားလည်လာအောင် တင်ပြထားပေးပြီး လူသားတိုင်းရဲ့ စိတ်တွေထဲမှာ ဝမ်းနည်းခြင်းဆိုတဲ့ အရာနဲ့ ထိုခံစားချက်ရဲ့ ရည်ရွယ်ချက်ကို တင်ပြထားခြင်းပဲဖြစ်ပါတယ်။ ဒီကားကြည့်ပြီး ရယ်လည်း ရယ်ရသလို ငိုလည်း ငိုရပါတယ်။ ဒီဇာတ်ကားကြည့်ပြီးရင် စာဖတ်သူ မိမိကိုယ်ကို မိမိပြန်စမ်းစစ်ကြည့်နေပါလိမ့်မယ်။ ခု ငါ့စိတ်ထဲမှာ ဘာခံစားမှု ရှိနေသလဲပေါ့? ဘယ်ခံစားမှူက ခုလက်ရှိ ငါ့ရဲ့စိတ်ကို ထိန်းချုပ်နေသလဲပေါ့။ ခုစာဖတ်နေချိန်မှာရော သင့်စိတ်ကို ဘယ်ခံစားချက်က ထိန်းချုပ်နေသလဲ? ကျွန်တော်ကတော့ ဝမ်းနည်းမှူပါပဲ။

IMDb Rating: 8.7/10
Rotten Tomatoes Rating: 98%

~WH~

သြော်.. စကားမစပ် ဒီဇာတ်ကားစမပြခင် အရင်ပြတဲ့ Lava ဆိုတဲ့ Short Animation ဇာတ်ကားလေးလည်း အရမ်းကောင်းတယ်ဗျာ။