“Jackie was a queen without a crown, who lost both her throne and her husband."

ဒီစကားကိုပြောခဲ့သူကတော့ ယခုရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ Director Pablo Larraín ကိုယ်တိုင်ပါ။ American သမ္မတကြီး John F. Kennedy လုပ်ကြံခံရမှုကို ယနေ့ တိုင် Media တွေ Entertainment features တွေ အမျိုးမျိုးကနေ တွေ့ မြင်ခဲ့ပြီးပြီ။ ဒါပေမဲ့ ထိုနေ့ က ထိုကားပေါ်မှာ လိုက်ပါလာရင်း မိမိခင်ပွန်းဖြစ်သူဟာ မိမိလက်ပေါ်မှာတင် ခေါင်းပွင့်ထွက်ကာ သေဆုံးသွားတာကို မြင်တွေ့ လိုက်ရတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းကိုပုံဖော်ခဲ့တာကြတော့ အလွန်ရှားပါးခဲ့တယ်။ သူမရဲ့ ဘဝဟာ ထိုနေ့ မှ စပြီးပြောင်းလဲသွားခဲ့တယ်။ ထိုခေတ်က ကမ္ဘာ့ ရဲ့ စာမျက်နှာတွေအပေါ်မှာ ခေါင်းစီးအနေနဲ့ အမြဲလိုလို ပါဝင်လေ့ရှိခဲ့တဲ့ သူမဟာ နောက် 3 ရက်အကြာမှာတော့ ကမ္ဘာကြီးရဲ့ စာမျက်နှာတွေပေါ်မှာ ပျောက်ကွယ်သွားတော့တယ်။
.

သူမကို July 28, 1929 နေ့ မှာမွေးဖွားခဲ့တယ်။ နာမည်အရင်းကတော့ Jacqueline Lee Bouvier ဖြစ်ပြီး 1951 ခုနှစ်တွင် George Washington University မှ Bachelor of Arts degree in French literature ဆိုတဲ့ဘွဲ့ ရရှိခဲ့တယ်။ John F. Kennedy ဆိုတဲ့ Congressman လေးတစ်ယောက်နဲ့ 1952 ခုနှစ်မှာ တွေ့ ဆုံခဲ့ပြီး September 12, 1953 မှာ သူတို့ နှစ်ဦး ပျော်ရွှင်စွာ လက်ထပ်ခဲ့ကြတယ်။ ဘယ်သူသိမှာလဲ။ နောက် 10 နှစ်ကြာရင် သူ့ ခင်ပွန်းဖြစ်သူ လုပ်ကြံခံရမယ်ဆိုတာ။ ဒီလိုနဲ့  John F. Kennedy တစ်ယောက် January 20, 1961 မှာ American President တစ်ယောက် ဖြစ်လာတော့ Jackie လည်း First Lady ဖြစ်လာခဲ့တာပေါ့။ First Lady တစ်ယောက်အနေနဲ့ သူမဟာ အိမ်ဖြူတော်ရဲ့ အတွင်းခန်းတွေကို ပြန်လည်ပြုပြင်ရေးတွေ လုပ်ကိုင်ခဲ့တယ်။ သူမရဲ့ သမိုင်းမှာ အထင်ကရဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေပါ။ သူမပြန်လည် မွမ်းမံခဲ့တဲ့ အိမ်ဖြူတော်အတွင်းကို Television အစီအစဉ်တစ်ခုအတွက်တောင် ပြသခဲ့ပါသေးတယ်။ ထိုအတွက်ကြောင့် သူမဟာ 1962 မှာ Emmy ဆုကိုတာင် ရရှိခဲ့သေးတယ်။ ဒီိလိုနဲ့  1963 ရဲ့ ဆောင်းဦးရာသီနေ့ လည်ခင်းတစ်ခုတွင် ကားပေါ်တွင် သူမရဲ့ ဘေးမှာအတူတူစီးလာတဲ့ ခင်ပွန်းဖြစ်သူ John F. Kennedy သေနတ်ဒဏ်ရာတွေနဲ့ ခေါင်းပွင့်ကာ သေဆုံးသွားခဲ့တယ်။ ထိုနေ့ ကတော့ ရက်စွဲနဲ့ အတိအကျပြောရရင် 1963 ခုနှစ် November လ 22 ရက်နေ့ ။


ယခုရုပ်ရှင်ကို ထိုအဖြစ်အပျက်ဆိုးကြီးဖြစ်ခဲ့ပြီး နောက်ဆက်တွဲ 3 ရက်နဲ့  ထိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Jackie ကို Journalist တစ်ယောက်က Interview ခဲ့တဲ့ အဖြစ်အပျက်တွေကိုပဲ ရိုက်ပြသွားတယ်။
.

သူမရဲ့ ပါးပြင်ပေါ်တွေနဲ့  ဆံပင်တွေမှာ သွေးတွေစွန်းထင်းနေတယ်။ အဆိုးဆုံးကတော့ ထိုနေ့ မနက်က ခင်ပွန်းဖြစ်သူကိုယ်တိုင်ရွေးချယ်ပေးခဲ့တဲ့ ပန်းဆီရောင် အင်္ကျီလေးနဲ့ ဦးထုပ်လေးမှာပါ သွေးတွေ။ ကျည်ဆံကြောင့် ခေါင်းပွင့်ထွက်သွားတဲ့ ခင်ပွန်းဖြစ်သူရဲ့ ဦးခေါင်းခွံ အပိုင်းအစလေးကို ထယူဖို့ သူမကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ ယခုတော့ ခင်ပွန်းဖြစ်သူရဲ့ အလောင်းဟာ သူမပေါင်ပေါ်မှာ လဲလျောင်းပြီး လိုက်ပါလာတယ်။ ကားကတော့ ဆက်၍မောင်းနှင်နေတုန်းပဲ။ လက်တွေ့ ဖြစ်ရပ်တွင် ကားရှေ့ ခန်းမှာ ထိုင်နေခဲ့တဲ့ လင်မယားနှစ်ယောက် ကြားခဲ့တဲ့ Jackie ပြောခဲ့တဲ့စကားတွေက

"They have killed my husband," and "I have his brains in my hand."

ဖြစ်ပြီး သူမကိုယ်တိုင် မှတ်မိခဲ့တဲ့ စကားတွေကတော့

'Jack, Jack, can you hear me? I love you, Jack.' တဲ့။

ထိုသွေးတွေနဲ့ ပဲ ဒုတိယသမ္မတ Lyndon B. Johnson ကျိမ်းကျိန်ပွဲကို ချက်ချင်းတက်ရောက်ခဲ့တယ်။ သူမမှာ ဆေးကြောဖို့ အချိန်တောင် မရှိခဲ့သေး။ ထိုဖြစ်ရပ်ဆိုးကြီးရဲ့  နောက်ဆက်တွဲအနေနဲ့  သူမဖြစ်ချင်ခဲ့တာ တစ်ခုပဲရှိတယ်။ ဘာလဲဆိုတော့ သူမခင်ပွန်းဖြစ်သူရဲ့ အသုဘကို တခမ်းတနား ကျင်းပချင်တာပဲ။ ဒါကို အတိုက်အခံလုပ်ခဲ့တဲ့သူတွေလည်း ရှိတယ်။ အကြံပေးအရာရှိတွေအကုန်လုံးက ယခုအသုဘကိစ္စကို တတ်နိုင်သမျှ ပေါ်ပေါ်ထင်ထင်မလုပ်ရန် တားမြစ်ခဲ့ကြတယ်။ သမ္မတတစ်ဦးရဲ့ ဇနီးဖြစ်သူသည် ခင်ပွန်းဖြစ်သူ သမ္မတရုတ်တရက်သေဆုံးသွားသောအခါ ကြုံတွေ့ ရတဲ့ ဖြစ်ရပ်တွေ၊ ပူပူနွေးနွေး မုဆိုးမတစ်ယောက်အနေနဲ့ မြိုသိပ်ထားရတဲ့ ခံစားချက်တွေ အစရှိတာတွေကို ဒီဇာတ်ကားက ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်နိုင်ခဲ့တယ်။ ခင်ပွန်းဖြစ်သူရဲ့ အလောင်းကို မြေချဖို့ နေရာရှာရတဲ့အခန်းဆို မျက်ရည်တောင်ဝဲမိတယ်။ အသက်အရွယ်အားဖြင့် ငယ်ရွယ်လွန်းတဲ့ ရင်သွေးနှစ်ယောက်ကို သူတို့ ဖခင်ဖြစ်သူရဲ့ ဖြစ်ရပ်ဆိုးကြီးကို နားလည်အောင်ရှင်းပြရမှာလဲ။ ထို့ အပြင် First Lady မဟုတ်တော့တဲ့အတွက် အိမ်ဖြူတော်ပေါ်ကနေတောင် ဆင်းပေးရတယ်လေ။


မင်းသမီး Natalie Portman က Jackie အဖြစ် ယခုဇာတ်ကားတွင် သရုပ်ဆောင်ခဲ့တယ်။ ဇာတ်ကောင်နဲ့ သရုပ်ဆောင်ကို ရုပ်ရည်အားဖြင့် ကြည့်ရင် သိပ်တော့ တူတာမဟုတ်ပါဘူး။ Natalie Portman က Director Darren Aronofsky ရိုက်ကူးခဲ့တဲ့ Black Swan ဇာတ်ကားနဲ့ Oscar ဆုရရှိခဲ့ပြီး 2012 ခုနှစ်လောက်က Darren Aronofsky က သူမကို Jackie ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ စိတ်ပါလားလို့ မေးခဲ့ဖူးတယ်။ ဇာတ်ညွှန်းကို သူမကနှစ်သက်ပေမဲ့ သူမသရုပ်ဆောင်ဖို့ မဆောင်ဖို့ ဆိုတာကို ထိုဇာတ်ကားရိုက်ကူးမဲ့ Director ဘယ်သူလည်းဆိုတာအပေါ်မှာပဲ မူတည်တယ်လို့ ပြောခဲ့တယ်။ ဒီလိုနဲ့ နောက် 4 နှစ်ကြာတဲ့အခါ Pablo Larraín ကို Director အဖြစ် သူတို့ ရွေးချယ်ခဲ့ကြပြီး Natalie Portman ကလည်း သရုပ်ဆောင်ဖို့ သဘောတူခဲ့တယ်။
.

ဒီမှာတင် ပြဿနာက ဘာဖြစ်လဲဆိုတော့ ရိုက်ကူးရေးစတင်ဖို့ အချိန်က တစ်လသာသာပဲ ကျန်တော့တာပဲ။ ဒီတော့ Natalie Portman အတွက် ဇာတ်ကောင်စရိုက်ပြင်ဆင်ချိန်ကာလ တစ်လပဲ ရတော့တာပေါ့။ ဒီတော့ သူမစတင်ပြင်ဆင်တာကတော့ ဇာတ်ကောင်ရဲ့ စကားပြောဟန်နဲ့ အသံနေအသံထားပဲ။ ဒီ့အတွက် Natalie က Jacqueline ပြောခဲ့တဲ့ Videos တွေအကုန်လုံးနီးပါးကို ရှာကြည့်ခဲ့ပြီး အသွင်တူအောင် ပြောဆို လေ့ကျင့်ခဲ့ရတယ်။ ဒါကြောင့် dialect coach ဆိုတဲ့ စကားပြောသင်တန်းဆရာကို ဌားပြီးလေ့ကျင့်ခဲ့တယ်။ အဓိက သူတို့ လေ့ကျင်ခဲ့တာ Jacqueline ရဲ့  1962 White House tour ဆိုတဲ့ Television အစီအစဉ်တစ်ခုကိုပဲ။ ထို Television အစီအစဉ်အကြောင်းအရာကိုတော့ ရုပ်ရှင်ထဲမှာလည်း ပြသခဲ့တယ်။ သရုပ်ဆောင်ချိန်မှာရော ကျန်အချိန်တွေမှာပါ သူမကိုယ်တိုင်လည်း ထိုဇာတ်ကောင်အပေါ်ကို စိတ်နှစ်ပြီး နေထိုင်ခဲ့တယ်လို့ Interview တစ်ခုမှာဆိုခဲ့ရတယ်။
.

ရုပ်ရှင်ဇာတ်ကားထဲတွင် Natalie Portman ကို ကျွန်တော်တို့ ပရိသတ်တွေစမြင်ရတော့ Interview လုပ်မဲ့ Journalist ကို တံခါးစဖွင့်လိုက်တဲ့ ဇာတ်ဝင်ခန်းပဲ။ သူမကို စတွေ့ လိုက်ပြီး သူမစကားပြောသံကို ကြားလိုက်ရတဲ့အချိန်မှာတင် ကျွန်တော် သူမကို မချီးကျူးပဲ မနေနိုင်တော့ပေ။ ဒီလိုနဲ့ ဇာတ်လမ်းတစ်လျှောက်မှာ ကျွန်တော်မျောလာလေလေ Natalie Portman ကို ကြည့်နေရတယ်လို့ ကို မမြင်မိတော့ပဲ တစ်ကယ့် Jacqueline အစစ်ကို ကြည့်နေရသလိုမျိုး မသိစိတ်က ထင်ယောင်ထင်မှားဖြစ်လာတယ်။ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ ကြီပြင်းခဲ့တဲ့သူတွေအဖို့ တော့ အပြင်က Jacqueline ကိုဘယ်မြင်ခဲ့ဖူးပ့ါမလဲ။ ဒါပေမဲ့ဗျာ။ ကျွန်တော့်လို Natalie Portman ဇာတ်ကားတိုင်းနီးပါးကို ကြည့်ခဲ့ဖူးတဲ့ လူအတွက် Natalie Portman ဟာ Natalie Portman မဟုတ်တော့ပဲ တစ်ခြားတစ်ယောက် ဖြစ်နေခဲ့သလို ခံစားခဲ့ရတယ်။ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းဆိုပေမဲ့ တင်ပြသူတွေက ဝမ်းနည်းစရာကောင်းအောင် ပရိသတ်မျက်ရည်တွေကို ခြူတဲ့ဇာတ်ဝင်ခန်းတွေ မထည့်ထားခဲ့ဘူး။ ဒါပေမဲ့ Natalie ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Jacqueline တစ်ယောက် ငိုတဲ့ဇာတ်ဝင်ခန်းတွေမှာ ကျွန်တော်ကိုယ်တိုင် မျက်ရည်ဝဲမိတယ်။ ဘာကြောင့်မှန်းကို မသိခဲ့ဘူး။ ထင်တာတစ်ခုကတော့ သရုပ်ဆောင်အင်အားအရမ်းပြင်း လို့ ပဲလို့ ယူဆလိုက်မိတယ်။ သူမတစ်သက်တာမှာ အကောင်းဆုံးပါ။ သူမ Oscar ရခဲ့တဲ့ Black Swan ဇာတ်ကားထဲက သရုပ်ဆောင်ချက်ထက်တောင် ကျွန်တော်ကတော့ ပိုသဘောကျမိတယ်။ ပိုပြီးတော့လည်း ရှုပ်ထွေးတဲ့ ဇာတ်ကောင်စရိုက်မျိုး။ ဒါကြောင့်လည်း ဒီနှစ် Oscar ဆုပေးပွဲအတွက် မင်းသမီးဆု လျာထားခံရတာပေါ့။ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်ကတော့ ထိုဆုအတွက် Natalie Portman တစ်ယောက်ကိုပဲ ရစေချင်မိတယ်ဗျာ။


သရုပ်ဆောင်ပိုင်းကို ဆက်ပြောမယ်ဆိုရင် Natalie Portman သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်ဟာ ဇာတ်လမ်းရဲ့ အဓိကကျတဲ့နေရာမှာ ရောက်နေတဲ့အတွက် သူမသရုပ်ဆောင်မှုတွေ ပေါ်လွင်ခဲ့တာလို့ဆိုနိုင်တယ်။ ဒါပေမဲ့ သူမတစ်ယောက်တည်းကိုပဲ ချီးကျူးနေလို့ မရဘူး။ နောက်ထပ် ချီးကျူးစရာ သရုပ်ဆောင် 4 ယောက်ရှိသေးတယ်။ Journalist အဖြစ် Billy Crudup က သရုပ်ဆောင်ခဲ့တယ်။ (အမှန်က ဇာတ်ကားထဲတွင် ထိုဇာတ်ကောင်ကို Journalist လို့ ပဲ စာတန်းထိုးသွားပေမဲ့ အမှန်က LIFE Magazine ရဲ့  Theodore H. White ကို အခြေခံထားတာပါ။) ပြီးတော့ သမ္မတကြီး John F. Kennedy ရဲ့ ညီဖြစ်သူ Robert F. Kennedy (သမိုင်းတွင် Robert F. Kennedy လည်း နောက် 5 နှစ်အကြာမှာ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ပါတယ်။) နေရာမှာတော့ Peter Sarsgaard က သရုပ်ဆောင်ခဲ့တယ်။ Billy Crudup တို့  Peter Sarsgaard တို့ ဆိုတာ ပရိသတ်တွေ သိပ်မသိကြဘူး။ ရုပ်ရှင်အများစုမှာ ဇာတ်ပို့ ၊ ဒါမှမဟုတ် ဗီလန်တွေနေရာကနေ အမြဲလိုလို သရုပ်ဆောင်ရလေ့ရှိတဲ့ နှစ်ယောက်ပေါ့။ ကျွန်တော်ကတော့ သူတို့ နှစ်ယောက်ကို အရမ်းကြိုက်တယ်။ ဒီဇာတ်ကားထဲမှာ သူတို့ နှစ်ယောက်စလုံးကောင်းကြတယ်။ ဟိုတလောက ကွယ်လွန်သွားတဲ့ မင်းသားကြီး John Hurt ကတော့ ဘုန်းတော်ကြီးတစ်ပါးအဖြစ် သရုပ်ဆောင်ခဲ့ပြီး ယနေ့ ခေတ် Hollywood မှာ ရှားပါးလွန်းတဲ့မင်းသမီးမျိုးလို့ ဆိုထို်က်တဲ့ Greta Gerwig ကတော့ Nancy Tuckerman ဆိုတဲ့ ထိုအချိန်က အိမ်ဖြူတော် Secretary အဖြစ်သရုပ်ဆောင်ခဲ့ကြတယ်။ သူတို့ တွေရဲ့ သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေရဲ့ ခံစားချက်တွေကို ပိုပြီးဝမ်းနည်းစေမိသလို့ ပိုပြီးလည်း နာကျင်စေပြန်တယ်။


သက်ရှိထင်ရှားရှိခဲ့ဖူးသော လူသားတွေအကြောင်းကို ရိုက်ကူးတဲ့ Biographical ရုပ်ရှင်တွေဟာ ထိုသီးသန့် ဇာတ်ကောင်တွေရဲ့ ပုံရိပ်ကို အကောင်းအမြင်တွေဘက်ကပဲ တင်ပြလေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ယခု Jackie ဇာတ်ကားမှာ သတိထားမိမှာကတော့ အဆိုပါဇာတ်ကောင်ရဲ့ ဝမ်းနည်းတဲ့ သွင်ပြင်တွေအပြင် လူတွေမသိနိုင်တဲ့ မမြင်နိုင်တဲ့ အဆိုးဘက်ကို အနည်းငယ်တိမ်းစောင်းတတ်တဲ့ သဘောသဘာဝကိုလည်း ရဲရင့်ပွင့်လင်းစွာ တင်ပြထားတာပဲ။ ဥပမာ journalist Theodore H. White နဲ့ Interview လုပ်နေတဲ့ ဇာတ်ဝင်ခန်းတွေမှာပဲ။ သူမဟာ လူသားပီပီ ချို့ ယွင်းချက်တွေရှိတယ်။ ဒေါသတွေရှိတယ်။ တစ်ခြားတစ်ဘက်သားကို ဖိအားပေး၊ တွန်းအားပေးမှုတွေလည်း ရှိတယ်။ ဇာတ်ဝင်ခန်းတစ်ခုတွင် သူမဝမ်းနည်းနေရာကနေ ချက်ချင်း Interviewer ကို “Don’t think for a second I’m going to let you publish that.” ဆိုပြီး ထပြောလိုက်တယ်။ ဒါဟာ သူမ public မှာ ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးကို ခွာချလိုက်ပြီး သူမရဲ့ သရုပ်မှန်ကို ဖော်ပြလိုက်တာပဲ။
ဒီဇာတ်ကားရဲ့ တင်ပြပုံက ထူးဆန်းတယ်။ Jacqueline ဇာတ်ကောင်ကို ဗဟိုပြုတယ်ဆိုတဲ့အတိုင်း ထိုဇာတ်ကောင်ဟာ ဇာတ်ဝင်ခန်းတိုင်းလိုလိုမှာ ပါဝင်နေတယ်။ ဇာတ်လမ်းကို တင်ပြပုံကတော့ ဖြစ်ရပ်မှန်အများစုကိုတင်ပြလေ့ရှိတတ်တဲ့ Non-linear story timeline နဲ့ တင်ပြတယ်။ ဒါပေမဲ့ထူးဆန်းတာက Biographical ရုပ်ရှင်ဆိုပေမဲ့ ထိတ်လန့် စရာ ကောင်းနေတာပဲ။ Horror ဆန်ဆန်မျိုး ရိုက်ကူးထားတာ မဟုတ်ပေမဲ့ သူတို့ အသုံးပြုခဲ့တဲ့ ဇာတ်ဝင်တီးလုံးတွေ၊ ဇာတ်ကောင်ရဲ့ ခံစားချက်တွေ၊ Camera movement တွေနဲ့ စကားပြောတွေဟာ ပရိသတ်ကို ခြောက်ခြားစေမိတာတော့ အမှန်ပဲ။


Air Force One လေယာဉ်ကြီးဟာ သမ္မတကြီးရဲ့ အလောင်းနဲ့ အတူပြေးလမ်းပေါ်မှာ မကြာမှီဆင်းသက်တော့မယ်။ တစ်ယောက်ကနေ Jacqueline ကို အင်္ကျီနဲ့ မျက်နှာတွေပေါ်မှာ ပေကျံနေတဲ့ သွေးတွေကို သုတ်ဖို့ လှမ်းပြောလိုက်တယ်။ ဒါပေမဲ့ သူမက ငြင်းဆန်လိုက်တယ်။ ပြီးတော့ နာကျည်းချက်တွေအပြည့်နဲ့  ဆက်ပြောလိုက်တာက “သူတို့ ဘာလုပ်ခဲ့သလဲဆိုတာ သူတို့ မြင်ပါစေ” တဲ့။ Jacqueline ဟာ နာမည်ကြီးချင်ခဲ့တဲ့ လူတစ်ယောက်တော့ မဟုတ်ခဲ့ဘူး။ နိုင်ငံရေးသမားတစ်ယောက်ကို လက်ထပ်ခဲ့တဲ့အတွက် ကံကောင်းပြီး သမ္မတကတော် ဖြစ်ခဲ့တယ်။ သူမကတော်ဖြစ်ခဲ့စဉ်ကာလတစ်လျှောက်လုံးမှာလည်း သူမခင်ပွန်းကို အထောက်အပံ့ပေးတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ခဲ့တယ်။ ကိုယ်တိုင်ကလည်း အထက်တန်းလွှာက လာခဲ့သူတစ်ဦးဖြစ်ပေမဲ့ သာမာန်ဘဝမှာပဲ ပျော်နေခဲ့ရမဲ့ မိန်းမသားတစ်ဦးဟာ သမိုင်းရဲ့ သွေးစက်တွေကြောင့် အလွမ်းဇာတ်တွေ ဖြစ်လာခဲ့ရတယ်။ ဒါကြောင့်မို့ လို သူမပြောခဲ့တာ “I never wanted fame. I just became a Kennedy.” တဲ့။
.

လူ့ ဘဝဆိုတာ ဘာပါလဲ။ မွေးဖွားခြင်းကနေ သေဆုံးခြင်းရဲ့ ကြားမှာ လူသားတွေဟာ လူ့ ဘဝရဲ့ အဓိပ္ပာယ်ကို မသိကြပဲ အဖြစ်အပျက်တွေနဲ့  ရှင်သန်လာရတယ်။ ဒါကို ယခုရုပ်ရှင်က ဘယ်လိုသရုပ်ဖော်ခဲ့လဲဆိုတော့ လူသားတွေဟာ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ လူ့ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေဖို့ အချိန်ရောက်လာကြတယ်။ ဒါပေမဲ့ ထိုမေးခွန်းအတွက် တိကျတဲ့ အဖြေမရှိဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာ ထိုလူသားဟာ ရွေးချယ်ခြင်း နှစ်ခုနဲ့ ကြုံတွေ့ ရတော့တယ်။ တစ်ခုက ဘဝကိုအရှုံးပေးပြီး မိမိကိုယ်ကို အဆုံးစီရင်ခြင်းနဲ့ နောက်တစ်ခုကတော့ ထိုအဖြေမရှိတဲ့ အဖြေကိုပဲ လက်ခံလိုက်ရတော့တာပဲ။ ဒါဟာ ဇာတ်ဝင်ခန်းတစ်ခုမှာ တရားဟောဆရာတစ်ပါးက Jacqueline ရဲ့ ပူဆွေးခြင်းကို ဖြေသိမ့်ပေးခဲ့တဲ့ စကားတစ်ချို့ ပါပဲ။
.

သူမရဲ့ အပြုံးတွေဟာ ဟန်ဆောင်နေသယောင်ပင်။ ဒါမှမဟုတ် သူမကိုယ်တိုင် မပြုံးတတ်ခဲ့ခြင်းပင်လားမသိ။ အိမ်ဖြူတော်ပေါ်ကနေ ကလေးနှစ်ယောက်ရဲ့ လက်ကိုဆွဲပြီး ဆင်းသွားတဲ့ မုဆိုးမ Jacqueline ကို ကားထဲမဝင်ခင် Nancy Tuckerman က ပြုံးဖို့ သတိပေးခဲ့တယ်။ သူမ သတိပေးခဲ့တဲ့ပုံက ရှင်းပါတယ်။ မေ့စေ့နားလေးမှာ လက်ကလေးနဲ့ အပြုံးပုံစံလေး လုပ်ပြခဲ့တယ်။ သူမတစ်ကယ်ရော ပြုံးတတ်ခဲ့ရဲ့ လား။
.

IMDb’s Rating: 7.1/ 10
Rotten Tomatoes’ Rating: 89%

~WH~