Kubo and the Two Strings
လူ့ဘဝဆိုတာ တိုတိုလေးပါ။
.
ကျွန်တော်တို့ဘေးက ကျွန်တော်တို့ချစ်တဲ့သူတွေ ကျွန်တော်တို့ကို အပြီးအပိုင် ထွက်ခွာသွားချိန်မှာ ကျွန်တော်တို့ငိုယိုပြီး ကျန်ခဲ့ကြတယ်။
ကျွန်တော်တို့အားလုံးတစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ သေဆုံးသွားကြလိမ့်မယ်။ ထိုအချိန်တွင်တော့ ကျန်ရစ်သူများသည်လည်း ထိုနည်း၎င်း ငိုယိုပြီးကျန်ရစ်နေခဲ့ကြပေအုံးမည်။
.
ဒါပေမဲ့ ကျွန်တော့်တို့တွေရဲ့ရင်ထဲ၊ နှလုံးသားထဲ၊ မှတ်ဉာဏ်တွေထဲ၊ အသိစိတ်တွေထဲမှာ အမှတ်တရတွေကျန်ရစ်နေသရွေ့မည်သူမှ တစ်ကယ်သေဆုံးသွားခြင်းမဟုတ်။ ထွက်ခွာသွားသူတို့နဲ့ပတ်သက်တဲ့ အမှတ်တရတွေကပဲ ကျွန်တော်တို့ကို အသက်ရှင်ခြင်းရဲ့အဓိပ္ပာယ်ကို နားလည်စေတယ်။ ထိုမှတ်ဉာဏ်တွေ၊ အမှတ်တရတွေဟာ ကျွန်တော်တို့ရဲ့နှလုံးသားရဲ့နက်ရှိုင်းတဲ့ တစ်နေရာမှာ တည်ရှိနေသရွေ့ တစ်ပါးသူက မည်ကဲ့သို့မှ ဖျောက်ဖျက်လို့မရ၊ ဖျက်ဆီးလို့မရတဲ့ ဘဝရဲ့အဖိုးထိုက်တန်ဆုံး ရတနာတွေပဲ။ ဒီအမှတ်တရတွေကပဲ တစ်ချို့သူတွေအတွက် သမိုင်းတွေ ဖြစ်လာခဲ့ကြတယ်။
.
သူတို့နဲ့ပတ်သက်တဲ့ အမှတ်တရတွေ ကျွန်တော်တို့ရင်ထဲမှာ ရှိနေသရွေ့သူတို့တစ်ကယ်ထွက်ခွာသွားခြင်းမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ကျွန်တော့်တို့ရဲ့ နှလုံးသားထဲမှာ ထာဝစဉ် ကျန်ရစ်နေခဲ့လို့ပဲ။
.
ဒါပေမဲ့ တစ်ချို့လူတွေရဲ့လုပ်ရပ်တွေ၊ ဖြစ်စဉ် အဖြစ်အပျက်တွေကတော့ အမှတ်တရဆိုးတွေအဖြစ် ကျန်ရစ်ခဲ့ကြတယ်။ ဒါပေမဲ့ ထိုအမှတ်တရဆိုးတွေကို မေ့ပျောက်ခြင်းဖြင့် ဆိုးသွမ်းတဲ့ လူသားတွေအပေါ် ခွင့်လွှတ်နိုင်ခဲ့ကြတာပေါ့။
.
ကျွန်တော်တို့လူသားတိုင်းဟာ ကိုယ်စီဇာတ်လမ်းတွေနဲ့ဘဝကို ဆက်နေကြတယ်။ ဒီတော့ မိမိရဲ့ကိုယ်ပိုင်ဇာတ်လမ်းကို ပျော်ရွှင်ဖွယ်ကောင်းတဲ့ Happy Ending နဲ့သိမ်းဖို့ရန်အတွက် အမှတ်တရဆိုးတွေကို မေ့ဖျောက်ပြီး အမှတ်တရကောင်းလေးတွေကို ရင်ထဲမှာ သိမ်းဆည်းလိုက်ကြပါစို့။
~WH~