LOVE, SIMON

LOVE, SIMON

Everyone deserves a great love story.

Call Me by Your Name ဇာတ်ကားမှာ အမှတ်ရမိတဲ့ ဇာတ်ဝင်ခန်းကို ပြောပါဆိုရင် ဖခင်ဖြစ်သူ Mr. Perlman က သားဖြစ်သူ Elio ကို လိင်တူတစ်ယောက်ကို စိတ်ဝင်စားခြင်းဆိုတာ လောကရဲ့အမှားတစ်ခုမဟုတ်ကြောင်း ရှင်းပြခဲ့တဲ့ ဇာတ်ဝင်ခန်းဆိုရင် ယခု Love, Simon မှာ အနှစ်သက်ဆုံး ဇာတ်ဝင်ခန်းကတော့ မိခင်ဖြစ်သူ Emily က သူ မရဲ့သားဟာ ဘာပဲဖြစ်နေဖြစ်နေ သူမရဲ့သားပဲဆက်လက် ဖြစ်နေအုံးမယ်ဆိုတဲ့ အားပေး စကားပြောတဲ့ ဇာတ်ဝင်ခန်းလေးပဲ။

Simon - ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းကို စဖွင့်တဲ့ Monologue အရ Simon ဆိုတဲ့ နောက်ဆုံးနှစ်အထက်တန်းကျောင်းသားလေးတစ်ယောက်မှာ သာယာအေးချမ်းတဲ့ မိသားစုလေးတစ်စု ရှိတယ်။ အေးအတူပူအမျှဆက်လက်ရှိနေမယ်ဆိုတဲ့ ခင်ဖို့ကောင်းတဲ့ သူငယ်ချင်း ၃ ယောက်လည်း ရှိတယ်။ ဘဝဟာ သာမာန်ပဲ။ ဒုက္ခတွေမရှိဘူး။ ပူပင်စရာတွေမရှိဘူး။ လူဖြူဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်အဖို့ရှိသင့်ရှိထိုက်တဲ့ သာမာန် ဘဝတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ သူ့မှာ သူ့အတွက်အလွန်တရာ ကြီးမားလွန်းတဲ့ လျှိူ့ဝှက်ချက်ကြီးတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ထိုလျှို့ဝှက်ချက်ကြီးကိုလည်း သူက တစ်ခြားသူတွေကို မသိစေချင်ဘူး။ ဖုံးကွယ်ဟန်ဆောင်ပြီး နေခဲ့တာလည်း အတော်ကြာခဲ့ပြီ။ ထိုလျှို့ဝှက်ချက်က ဘာလဲဆိုတော့ Simon ဟာ Gay တစ်ယောက် ဖြစ်နေတယ်ဆိုတာပဲ။

တစ်ရက်မှာ Simon တို့ အထက်တန်းကျောင်းကပဲ အမည်အရင်း မဖော်ပြထားတဲ့ ကျောင်းသားတစ်ယောက်က သူ Gay တစ်ယောက်ဖြစ်တယ်ဆိုတာကို Ferris Wheel ပုံလေးတစ်ပုံနဲ့ ကျောင်း blog တစ်ခု ကနေ ဖွင့်ပြောခဲ့တယ်။ ဒါပေမဲ့ သူဘယ်သူလည်း ဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ဘူး။ ထိုအကြောင်းအရာလေးဟာ တစ်ခြားသူတွေအတွက် ဘာမှ မဟုတ်လောက်ဘူး ဆိုပေမဲ့ Simon အတွက်တော့ ကြီးမားတဲ့ ခွန်အားတစ်ခု (ဒါမှမဟုတ်) အဖော်တစ်ခု ဖြစ်လာခဲ့တယ်။ ထိုအမည်မဖော်ပြထားတဲ့ ကျောင်းသားလေးက သူ့ကိုယ်သူ Blue လို့အမည်ဝှက်နဲ့ပေးထားခဲ့သလို Simon ကလည်း Jacques ဆိုတဲ့ နာမည်ဝှက်တစ်ခုနဲ့Blue ကို ဆက်သွယ်ပြီး mails ပို့ပြီး စတင်ဆက်သွယ်လိုက်တယ်။ ဒါက သူ့အတွက် မျိုသိပ်ထားတဲ့ အရာတစ်ခုကို ဖွင့်ချလိုက်သလို ဘဝတူလူသားနှစ်ယောက်ရဲ့ခံစားချက်တွေကို လဲလှယ်လိုက်ခြင်းလည်း ဖြစ်တယ်။ Simon ဆန္ဒတွေ ပြည့်ဝခဲ့တယ်။ Blue ကလည်း Simon ကို စာပြန်ရေးခဲ့တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြင်မှာ မည်သူမှန်း မသိကြပဲ စာတွေ အပြန်အလှန်ရေးဖြစ်ပြီး တစ်ယောက် ခံစားချက်ကို တစ်ယောက် ဖွင့်ဟခဲ့ကြတယ်။ Simon ကတော့ Blue ဆိုတာ သူတို့ကျောင်းက ဘယ်သူဖြစ်မလဲဆိုတာ အရမ်း စိတ်ဝင်စားခဲ့တယ်။
.

ဒါပေမဲ့ တစ်ရက်မှာတော့ သူ့တို့အပြန်အလှန်ပြောထားတဲ့ mails တွေကို Simon တို့အတန်းထဲက Martin ဆိုတဲ့ ကောင်လေးက မြင်သွားခဲ့ပြီး Simon ဟာ Gay တစ်ယောက်ဖြစ်နေတယ်ဆိုတာ သိသွားခဲ့တဲ့ အချိန်မှာ …

Simon - ဇာတ်ကားအပေါ် သုံးသပ်ချက်နဲ့အမြင်

Director Greg Berlanti ဆိုတာ Life As We Know It ဆိုတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ ပဲ Feature Film အရင်က ရိုက်ဖူးတဲ့ သူပါ။ ထိုဇာတ်ကားထဲက သရုပ်ဆောင် Josh Duhamel ကို ယခု Love, Simon ထဲမှာ Simon ရဲ့ဖခင်ဖြစ်သူနေရာမှာ ပြန်လည် ထည့်သွင်းထားပါသေးတယ်။ အမှန်အတိုင်း ကျွန်တော်ပြောရမယ်ဆိုရင် Love, Simon မှာ ကျွန်တော် အနှစ်သက်ဆုံးက ဇာတ်ညွှန်းပါပဲ။ Directing ပိုင်းထက် ဇာတ်ညွှန်းပိုင်းက ဒီဇာတ်ကားမှာ အတော်လေး သာနေခဲ့တယ်။ ဒါပေမဲ့ Directing ပိုင်းကို မကောင်းဘူးလို့ကျွန်တော်ပြောနေတာတော့ မဟုတ်ဘူး။ Director က Comedy ကိုတော့ အတော်လေး ပိုင်နိူင်ခဲ့တယ်။ သူ ဖော်ပြခဲ့တဲ့ Comedic ခန်းတွေကလည်း ပရိသတ်ကို အသံထွက်ပြီး ရယ်မောတာမျိုး မဟုတ်ပဲ စိတ်ကူးထဲမှာပဲ ပေါ်လွင်သွားပြီး မိမိဘာသာ ပြုံးမိသွားတဲ့ ဇာတ်ဝင်ခန်းမျိုးတွေ။ Directing ပိုင်းမှာ ထူးထူးခြားခြား ကောင်းမွန်တဲ့ အချက်တစ်ခုကတော့ သရုပ်ဆောင်တွေကို သဘာဝအကျဆုံး လမ်းညွှန်နိုင်ခဲ့မှုတွေပဲ။ Romance Comedy ဖြစ်ပေမဲ့ သရုပ်ဆောင်တွေတစ်ယောက်မှ အပိုလုပ်ရပ်တွေ မလုပ်ခဲ့ပဲ လက်တွေ့နဲ့ဆက်စပ်လို့ရတဲ့ ဖြစ်ရပ်လေးတွေနဲ့ပဲ ဖော်ပြခဲ့တယ်။
.

ဇာတ်လမ်းဟာ Teenage Romance Comedy ဇာတ်ကားတစ်ကားအနေနဲ့cliché ဆန်တဲ့ အကြောင်းအရာတစ်ချို့ပါဝင်ပေမဲ့ ဇာတ်ဝင်ခန်းတစ်ခန်းခြင်းစီဟာ ထို cliché တွေကနေ ဖောက်ထွက်ခဲ့တယ်။

စောစောက ပြောခဲ့သလိုပဲ ကျွန်တော် ဒီဇာတ်ကားမှာ အနှစ်သက်ဆုံးကတော့ ဇာတ်ညွှန်းပဲ။ Gay မဟုတ်တဲ့ ပရိသတ်တွေတောင် Gay တစ်ယောက်ရဲ့ဘဝကို နားလည်နိုင်ပြီး ထပ်တူခံစားနိုင်လောက်တဲ့အထိ ရေးသားနိုင်ခဲ့တဲ့ ဇာတ်ညွှန်း။ ဇာတ်ကားတစ်ခုလုံးက Simon ရဲ့အမြင် perspectives တွေကပဲ ပြသွားခဲ့တယ်။ ဒါပေမဲ့ Simon ဇာတ်ကောင်ဟာ ပရိသတ်ရဲ့သနားမှုတွေ၊ မျက်ရည်တွေကို မတောင်းဆိုခဲ့ဘူး။ ဒါဟာ သာမာန်ဇာတ်ကားတွေထဲကနေ မသိမသာလေး ခွဲထွက်နိုင်ခဲ့တဲ့ ဇာတ်ညွှန်းရေးသားမှုတစ်ခု။ ဇာတ်ညွှန်းတစ်ခုလုံးက ပရိသတ်ကို Simon ရဲ့ဘဝကို နားလည်နိုင်အောင်ပဲ ရေးသားခဲ့တာ။ ဒီအချက်က ဒီဇာတ်ကားတစ်ကားလုံးမှာ ကျွန်တော်အနှစ်သက်ဆုံး အချက်။ အလွန်အမင်း Dramatized လုပ်ထားတဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း တမင်ရှောင်ကျဉ်ခဲ့တယ်။ ဇာတ်လမ်းက climax ရောက်ဖို့ အချိန်အနည်းငယ်ယူတယ်။ ပထမ Acts ၂ ခုစလုံးဟာ Simon ရဲ့အိမ်က မိသားစုတွေနဲ့ပြောတဲ့ conversations တွေ၊ ကျောင်းက သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပြောတဲ့ conversations တွေ။ ဒါတွေနဲ့ပဲ ပြသခဲ့တယ်။ ဒါပေမဲ့ ပျင်းရိဖို့တစ်ချက်ကလေးမှ မကောင်းခဲ့ဘူး။ ထို conversations တွေကို နားထောင်ရလေ ကျွန်တော်တို့ပရိသတ်တွေက ဇာတ်ကောင်စရိုက်တွေကို ပိုနားလည်လာလေ ဖြစ်လာတယ်။

အကယ်၍ ပရိသတ်တစ်ချို့ဟာ Simon ဖြစ်ရပ်တွေနဲ့အလားတူမျိုး ဘဝမှာ ရှိခဲ့မယ်ဆိုရင် အတိအကျ ပိုမိုခံစားနိုင်မယ်လို့ကျွန်တော် ယုံကြည်တယ်။ Gay တစ်ယောက် ဖြစ်နေတာမျိုး မဟုတ်ရင်တောင် ယနေ့ခေတ်လူငယ်အများစုမှာ online relationship တစ်ခုကတော့ အနည်းဆုံး ရှိခဲ့ကြပါလိမ့်မယ်။ ယခု ဇာတ်ကားမှာ ရေးသားခဲ့တဲ့ ဇာတ်ညွှန်းကလည်း ထို အရာတွေကို ပရိသတ်နဲ့ဆက်စပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့တွေ online relationship တစ်ခု ရှိနေခဲ့တဲ့ အချိန်မှာ တစ်ဖက်ကလူရဲ့ပြန်ပြောလာမဲ့ messages လေးတွေကို အရူးအမူးတစ်ယောက်လို မျှော်လင့်နေခဲ့တာတွေ၊ message မရောက်သေးရင် connection ကပဲ မကောင်းလို့လား၊ တစ်ခုခုများ ဖြစ်နေပြီလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့စိတ်ပူပန်မှုတွေ၊ တစ်ဖက်လူက ဘာပြန်ပြောမလဲဆိုတဲ့ စကားတွေကို စောင့်စားနေခဲ့မှုတွေ၊ message လာပြီဆိုရင် ချက်ချင်းဖတ်နိုင်ဖို့အထိ ဖုန်းကို အိမ်သာထဲတို့၊ ရေချိုးခန်းတို့အထိ ယူသွားပုံတွေအထိ ဖော်ပြထားခဲ့တာတွေဟာ ယနေ့ခေတ်လူငယ်တွေရဲ့ပြင်ပဘဝတွေနဲ့ အများဆုံး သက်ဆိုင်နိုင်ခဲ့တယ်။

ကျွန်တော်မမျှော်လင့်ထားခဲ့လို့လားတော့ မသိဘူး။ သရုပ်ဆောင်ပိုင်းကို အလွန်အားရခဲ့တယ်။ အထူးသဖြင့် Simon နေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသား Nick Robinson ။ အေးချမ်းတဲ့ တည်ငြိမ်တဲ့ လူငယ်တစ်ယောက်၊ ဒါပေမဲ့ လူငယ်ပီပီ သဘာဝအရ ပျော်ပျော်လည်း နေတတ်တဲ့သူ၊ ဒါပေမဲ့ မိမိရဲ့လျှို့ဝှက်ချက်ကိုလည်း ဖွင့်မပြောရတဲ့သူ တစ်ယောက်အဖြစ် အပိုအလိုုမရှိ တည်ငြိမ်စွာ သရုပ်ဆောင်သွားနိုင်ခဲ့တယ်။

Simon - ဇာတ်ကောင်များနဲ့ မိမိခံစားချက်

ဒီဇာတ်ကားမှာ နောက်ထပ် ထူးခြားချက်တစ်ခုက ဇာတ်ကောင်တွေကို တည်ထားတဲ့ ပုံစံ။ လူငယ်အချစ်ကားအများစုမှာ ပရိသတ်ဟာ ထိုစုံတွဲတစ်တွဲကိုပဲ အာရုံထားပြီး ကြည့်ခဲ့ကြလိ့မ်မယ်။ ထိုအဓိကဇာတ်ကောင်တွေရဲ့ဘေးက ဇာတ်ကောင်တွေကိုတော့ ဘယ်သူမှ အာရုံသိပ်မထားခဲ့ကြဘူး။ ဒါဟာ သာမာန်လူငယ်အချစ်ကားတွေရဲ့ချို့ယွင်းချက်တစ်ခု။ Love, Simon မှာတော့ Simon က အဓိကဇာတ်ကောင် တစ်ယောက် ဖြစ်ခဲ့ပေမဲ့ သူ့အနားက တစ်ခြား ဇာတ်ကောင်တစ်ချို့ကိုလည်း ပရိသတ်တွေ မြင်အောင် ပြသနိုင်ခဲ့တယ်။

Josh Duhamel သရုပ်ဆောင်ထားတဲ့ ဖခင်ဖြစ်တဲ့ Jack Spier ဟာ သူ့မိသားစုကို သူချစ်တဲ့သူ။ သူ့သားဖြစ်တဲ့ Simon အပေါ်မှာ ဖခင်တစ်ယောက် ဖြစ်တဲ့အတိုင်း ယောကျ်ားတော့ ပီသစေချင်ခဲ့တယ်။ ဒါကြောင့်လည်း အခန်းတံခါးကို မခေါက်ပဲ ဝင်လိုက်တဲ့အချိန်မှာ masturbation လုပ်နေလားဆိုပြီး တမင်အားပေးတဲ့အနေနဲ့နောက်ပြောင်ပြောဆိုခဲ့တယ်။ သူ့ရဲ့သားဖြစ်သူ Simon က Gay တစ်ယောက်ဖြစ်တယ်လို့ဝန်ခံလိုက်တဲ့အချိန် စစချင်းမှာတော့ စိတ်ဓာတ်ကျသွားတဲ့ ပုံကို မသိမသာ မြင်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူလက်ခံပေးခဲ့တယ်။ 4 နှစ်လုံးလုံး သူ့သား ဘာဖြစ်နေခဲ့တယ်ဆိုတာကို မသိခဲ့တဲ့အတွက်လည်း သူ ဝမ်းနည်းပြီး သူ့သားကို တောင်းပန်ခဲ့တယ်။ ဖခင်တစ်ယောက်အနေနဲ့သိသင့်ခဲ့တယ်။ အားပေးသင့်ခဲ့တယ်။ သားဖြစ်သူနဲ့အတူ ဘဝကို ဖြတ်သန်းသင့်ခဲ့တယ်ဆိုပြီး သူူယူကြုံးမရဖြစ်ခဲ့တယ်။
.

သူတို့အနောက်နိုင်ငံက မိဘကောင်းတွေဟာ တစ်ကယ်တော့ သနားဖို့ကောင်းတယ်။ သားသမီးတွေ ဘာပဲဖြစ်ဖြစ် သူတို့လက်ခံပေးကြရတယ်။ သူတို့သားသမီးတွေရဲ့ဘဝတွေကို သူတို့မပိုင်ဆိုင်ဘူးဆိုတာ သူတို့သိကြတယ်။ သူတို့ဟာ မကောင်းတဲ့ မိဘ၊ တာဝန်မကျေတဲ့ မိဘလို့လည်း အပြောခံရမှာ ကြောက်ရွံ့တတ်ကြတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာ Simon က party တစ်ခုကနေ မူးပြီး ပြန်လာတော့ သူတို့မိဘနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စကားပြောတဲ့ အခန်းမှာ သိသာတယ်။ သူတို့သား အခန်းထဲဝင်သွားတော့ သူတို့ကိုယ်သူတို့ပြန်မေးကြတယ်။ Simon က အရွယ်မတိုင်ခင်လေးမှာ အရက်သောက်ပြီး party က ပြန်လာတယ်။ ဒါပေမဲ့ စည်းကမ်းရှိစွာနဲ့သောက်ပြီး ကားမမောင်းလာခဲ့ဘူး။ ပြီးတော့ အချိန်ကလည်း အလွန်နောက်မကျသေးပါဘူး။ တော်သေးတာပေါ့၊ ဒါဆို ငါတို့ဟာ ဆိုးတဲ့ မိဘ မဟုတ်သေးဘူးဆိုပြီး ပြောတဲ့ ဇာတ်ဝင်ခန်းလေးဟာ သူတို့အနောက်နိုင်ငံက မိဘကောင်းတစ်ချို့ရဲ့ပုံရိပ်တစ်ခုလို့ကျွန်တော်မြင်တယ်။

Simon ရဲ့သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ၃ ယောက်မှာ Abby ရဲ့ဘဝကို ဇာတ်ဝင်ခန်းတစ်ခုမှာ ဖွင့်ပြောခဲ့သလို Leah ရဲ့ဖွင့်မပြောဖြစ်ခဲ့တဲ့ ခံစားချက်ကလေးတွေကိုလည်း ပရိသတ်မြင်အောင် ပြသနိုင်ခဲ့တယ်။ 13 Reasons Why ဆိုတဲ့ series နဲ့နာမည်ရလာတဲ့ လူငယ်မင်းသမီး Katherine Langford သရုပ်ဆောင်ထားတဲ့ Leah ဆိုတဲ့ ဇာတ်ကောင်ဟာ ဇာတ်လမ်းတစ်ခုလုံးမှာ အရာအားလုံး ဆုံးရှုံးခဲ့ရတဲ့သူ၊ အရာအားလုံးရဲ့ပြင်ပကနေ ရပ်ကြည့်နေခဲ့ရတဲ့ ပရိသတ်တစ်ယောက် အဖြစ်နဲ့ပြသခဲ့တယ်။ ဒါကြောင့်လည်း ဇာတ်ဝင်ခန်းတစ်ခုမှာ သူမဘဝကို သူမမြင်တဲ့ ခံစားချက်ကလေးကို ပြောပြခဲ့တယ်။ ဘာမှ အထူးအဆန်းကြီး မဟုတ်ပေမဲ့ ကျွန်တော့်အတွက်တော့ ထိုဇာတ်ကောင်ကို သရုပ်ဖော်ထားတာ ထူးခြားလွန်းတယ်လို့ခံစားရတယ်။ ထိုဇာတ်ကောင်ဟာ သူမဘဝကို သူမသိတယ်။ သူမသိသလိုလည်း ပရိသတ်တွေ သိအောင် Director က ပြသနိုင်ခဲ့တယ်။ ဇာတ်လမ်းသိမ်းသွားတဲ့အထိ သူမဟာ ထိုအရာအားလုံးရဲ့ အပြင်မှာပဲ ရှိနေခဲ့သလိုပဲ။ ထိုလူတွေအားလုံးနဲ့ အရမ်းနီးကပ်ခဲ့ပေမဲ့ သူမကို စည်းဝိုင်းပြင်ပကနေပဲ ကျွန်တော်တို့ မြင်ခဲ့ရတယ်။ ဒီဇာတ်ကားတစ်ကားလုံးရဲ့Absolute tragedy ဟာ Leah ဇာတ်ကောင်လို့ကျွန်တော်ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။
.

ကျွန်တော်နောက်ထပ် သတိထားမိတဲ့ ဇာတ်ကောင်ကတော့ Simon ရဲ့လျှို့ဝှက်ချက်ကို သိသွားပြီး Simon ကို blackmailing လုပ်တဲ့ ကျောင်းသားလေး Martin ဇာတ်ကောင်ပဲ။ ဒီဇာတ်လမ်းတစ်ခုလုံးကို သယ်ဆောင်သွားနိုင်ခဲ့တာ ထိုဇာတ်ကောင်ကြောင့်ပဲ။ သူ Simon ကို Blackmailing လုပ်ရတာကလည်း သူက Simon ရဲ့သူငယ်ချင်း Abby ကို စိတ်ဝင်စားနေခဲ့လိုပဲ။ ဒါကြောင့်လည်း Abby နဲ့ သူ ကို ရင်းနှီးအောင် လုပ်ပေးရင် Simon ရဲ့လျှို့ဝှက်ချက်တွေကို သူမဖော်ထုတ်ဘူးဆိုပြီး Simon ရဲ့အကူအညီတွေကို တောင်းဆိုခဲ့တယ်။ ထိုအချက်တွေကြောင့် Simon ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကိုလည်း ကျွန်တော်တို့မြင်ခဲ့ရတယ်။ Simon ဟာ လူကောင်းတစ်ယောက်လည်း မဟုတ်ဘူးဆိုတာ ကျွန်တော်တို့သိလာခဲ့ရတယ်။ သူ့လျှို့ဝှက်ချက်တွေနဲ့သူချစ်တဲ့ Blue အတွက်ဆိုရင် သူ့အနားက လူတွေကိုလည်း စတေးရရင် သူစတေးရဲခဲ့တယ်။ ဒါကလည်း ကျွန်တော် ဒီဇာတ်ကားကို နှစ်ခြိုက်မိတဲ့ နောက်ထပ် အချက်တစ်ခု။

ကျွန်တော်တို့လူသားတွေ အကုန်လုံးက အချစ်ကို ကိုးကွယ်ကြပါတယ်။ မလိမ်ချင်စမ်းပါနဲ့။ တစ်ခါတစ်လေ မဖြစ်နိုင်မှန်းသိတဲ့ အချစ်တွေရှိတယ်။ ဒါပေမဲ့ အချစ်ဆိုတာ မှော်ဆန်တဲ့ အရာတစ်ခုလို့သတ်မှတ်ထားကြပြန်တော့လည်း မျှော်လင့်ချက်ကလေးတွေနဲ့ အချစ်ကို ပြန်ယုံကြည်မိကြပြန်တယ်။ ဒီလိုနဲ့အချစ်ရဲ့လှည့်စားခြင်းကို သိသိကြီးနဲ့အမြဲခံခဲ့ကြရတာပဲ။

ကျွန်တော်တို့ဘယ်လောက်ထိ အချစ်ကို ယုံကြည်ကြသလဲဆိုရင် ဒီဇာတ်ကားမှာ Martin ကို Abby က လုံးဝ လက်ခံမယ် မဟုတ်ဘူးဆိုတာ သိရက်နဲ့Martin ဇာတ်ကောင်အတွက် ကျွန်တော်တို့တွေ မျှော်လင့်ခဲ့ကြတယ်။ ထိုညမှာ ကျောင်း football ပွဲတစ်ခုမှာ နိုင်ငံတော် သီချင်းဆိုနေတဲ့အချိန် ကျောင်းသားတစ်ယောက် ကွင်းထဲကို ပြေးဆင်းလာပြီး နိင်ငံတော်သီချင်းဆိုနေတဲ့ မိုက်ကို လုယူပြီး အရေးကြီးတဲ့ စကားတစ်ခွန်းပြောစရာ ရှိတယ်ဆိုပြီး ကြော်ငြာလိုက်တယ်။ ထိုကျောင်းသားက Abby ကို ရင်ခုန်နေတဲ့ Martin ဖြစ်နေတယ်။ လူတွေအကုန်လုံးက ဘာများလည်းဆိုပြီး တိတ်ဆိတ်ကုန်သွားကြတယ်။ ဒီလိုနဲ့တစ်ကျောင်းလုံးရဲ့အရှေ့မှာ Martin တစ်ယောက် Abby အပေါ်ထားတဲ့ သူ့မေတ္တာတွေ ဖွင့်ဟသွားပြီး Abby လက်ခံမလားလို့တောင်းဆိုခဲ့တယ်။ Abby တစ်ယောက် ပရိသတ်တွေကြားကနေ ထိုင်ခုံပေါ်ကနေ ဆင်းလာတယ်။ လူတွေအကုန်လုံးကလည်း စိတ်ဝင်စားနေကြပြီ။ အကုန်လုံးက သိတယ်။ Abby ဆိုတာ Martin အတွက် Way out of his league တစ်ယောက်ပဲ။ Abby က ကျောင်းမှာ နာမည်ကြီးပြီး ယောကျ်ားလေးတိုင်း စိတ်ကူးယဉ်လောက်တဲ့ မိန်းကလေး။ Martin ဆိုတာက လူတိုင်းအတွက် ငချဉ်ကောင်သာသာတစ်ယောက်။ ဒါပေမဲ့ ထိုအချိန်တဒင်္ဂလေးအတွင်းမှာ ကျွန်တော်တို့လို အပြင်က ပရိသတ်အပါအဝင် ဇာတ်ကားထဲက ထိုလူတွေအကုန် စိတ်ဝင်စားကုန်တော့တယ်။ အချစ်ဟာ တစ်ကယ်ပဲ မှော်ဆန်သလား။ အချစ်ဟာ မဖြစ်နိုင်တဲ့အရာတွေကို ကျော်လွှားနိုင်မှာလားဆိုတဲ့ မေးခွန်းတွေနဲ့ပေါ့။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့လူသားတိုင်းဟာ အချစ်ကို ယုံကြည်ချင်ကြတာကိုး။ ဒါပေမဲ့ အချစ်ဟာ အမှန်တရားဘက်မှာပဲ ရပ်တည်နေခဲ့တယ်။ အချစ်ဟာ မှော်မဆန်ခဲ့ဘူး။ ဒီလိုနဲ့Abby ဟာ လူတွေအကုန်လုံးရှေ့မှာ Martin ကို ငြင်းဆန်ခဲ့တယ်။

ဒီလိုနဲ့ကျွန်တော်တို့တွေ ယုံကြည်ထားတဲ့ အချစ်ဟာ ကျွန်တော်တို့ကို နောက်ထပ်တစ်ကြိမ် ပြန်သစ္စာဖောက်လိုက်ပြန်တယ်။

Simon - ဇာတ်ကားအပေါ် မိမိအမြင်

ကျွန်တော် ဘာကြောင့် ဒီဇာတ်ကားကို ရေးရသလဲဆိုတော့ ဒီဇာတ်ကားလေးဟာ သေးငယ်ပေမဲ့ အထဲမှာ ပါဝင်တဲ့အရာတွေက မနည်းဘူး။ ပြီးတော့ တင်ပြထားပုံကလေးကလည်း စွဲဆောင်မှု ရှိတယ်။ ဇာတ်လမ်းအရ ပြောရမယ်ဆိုရင် သာမာန်ပါပဲ။ လူငယ်သဘာဝ Crushes တွေပါမယ်။ လျှို့ဝှက်ချက်တွေပါမယ်။ Simon ရဲ့အချစ်နဲ့ဆိုင်တဲ့ခံစားချက်တွေပါမယ်။ Simon က Gay တစ်ယောက် ဖြစ်ရမှာကို ကြောက်ရွံ့နေခဲ့တာ မဟုတ်ဘူး။ သူဟာ Gay ဖြစ်တယ်လို့ဖွင့်ပြောလိုက်မဲ့အချိန်မှာ သူ့ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားမဲ့ ဖြစ်ရပ်တွေကို သူကြောက်ရွံ့နေခဲ့တာ။ အမှန်တော့ အရွယ်ရောက်လူကြီးတွေ၊ အထူးသဖြင့် မိဘတွေအနေနဲ့လူငယ်တွေရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်အောင်၊ ဖွင့်ပြောရဲအောင် သင်ကြားပေးသင့်တယ်။ လူငယ်တွေ လိုအပ်တဲ့ ခံစားချက်ကမ္ဘာကြီးကို ရှင်းလင်းမြင်သာအောင် သင်ကြားပေးရမှာက အရွယ်ရောက် မိဘတွေအပေါ် အများကြီးမူတည်တယ်။ Gay တစ်ယောက် ဖြစ်တယ်ဆိုတာ သဘာဝကို လွန်ဆန်တယ်လို့ဆိုနိုင်ပေမဲ့ ယခုလိုဖြစ်လာတာလည်း သဘာဝရဲ့တွန်းဆိုမှုတွေကြောင့်လို့ဆိုလို့ရတဲ့အတွက် ယနေ့ခေတ် လူ့ဘောင်ဝန်းကျင်မှာ စတင်လက်ခံစ ပြုလာပြီ ဖြစ်တယ်။ Gay တစ်ယောက် ဖြစ်တယ်ဆိုတာ သူ့ရွေးချယ်ခြင်းနဲ့ပဲ သက်ဆိုင်တယ်။ လူသားတွေဟာ သူတို့ဘဝကို သူတို့ပဲ ပိုင်ဆိုင်တယ်။ ဒါကြောင့်လည်း သူတို့ဘဝကို သူတို့ရွေးချယ်ကြတယ်။
.

ယနေ့ခေတ်မှာ LGBT ဇာတ်ကားတွေဟာ မနည်းတော့ပါဘူး။ Carol, Moonlight, Brokeback Mountain, The Kids are All Right, A Single Man, Blue is the Warmest Colour, Weekend နဲ့နောက်ဆုံး Call Me by Your Name ဆိုတဲ့ ဇာတ်ကားတွေနဲ့ပိတ်ကားပြင်ပေါ်မှာ ထွက်ပေါ်လာခဲ့တာ မနည်းတော့ပါဘူး။ ဒါပေမဲ့ တစ်ချို့ဇာတ်ကားအများစုဟာ ပြင်းထန်တဲ့ လိင်ပြကွက်တွေကို သွင်သွင်ကြီး သုံးလေ့ရှိကြတယ်။ ဒါပေမဲ့ ယခု Love, Simon ကတော့ ထိုအချက်တွေကို ရှောင်ကျဉ်ခဲ့တယ်။ Sex ကိုလည်း ရှောင်ကျဉ်ခဲ့သလို Nudes တွေလည်း မပါဝင်ခဲ့ဘူး။ ဒါကြောင့်လည်း ယခုလို PG-13 rating နဲ့Teenage Gay ရုပ်ရှင်ဇာတ်ကားတစ်ကား ထွက်ပေါ်လာပြီး လူသားတိုင်း အရွယ်မရွေးကြည့်ရှုနိုင်တာဟာ အလွန်သင့်တော်ပြီး ပိုမိုကောင်းမွန်တဲ့အရာတစ်ခုလို့ကျွန်တော်မြင်တယ်။
.

ယခု Love, Simon ဆိုတဲ့ ရုပ်ရှင်ဟာ Gays လူပျိုပေါက်အရွယ်တွေကို အဓိကပစ်မှတ်ထားတဲ့ ဇာတ်ကားတစ်ကားတော့ မဟုတ်ဘူး။ ဒါပေမဲ့ ယခုဇာတ်ကားဟာ ရုပ်ရှင်သမိုင်းရဲ့Teenage romance comedy ဇာတ်ကားအမျိုးအစားတွေထဲမှာ Gay ဇာတ်ကောင်ကို အဓိကဇာတ်ဆောင်အဖြစ် ပထမဆုံး သရုပ်ဖော်နိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားအဖြစ်နဲ့တော့ သမိုင်းမှာ ကျန်ရစ်နေလိမ့်မယ်။ ယခု ဇာတ်ကားဟာ Simon vs. the Homo Sapiens Agenda ဆိုတဲ့ စာအုပ်ကိုု ပြန်လည် ရိုက်ကူးထားတာ ဖြစ်တယ်။ ထိုစာရေးဆရာမ Becky Albertalli အပြောအဆိုရင် ထိုစာအုပ်ကို သူမစတင်ရေးသားခဲ့တာဟာ The Perks of Being a Wallflower ဆိုတဲ့ စာအုပ်ရဲ့လွှမ်းမိုးမှုတွေကြောင့်တဲ့။ ဒါကြောင့်လည်း ကျွန်တော်ယခု Love, Simon ဇာတ်ကားမှာ ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ် ဘဝအနိမ့်တွေ အမြင့်တွေကို ကျွန်တော်တို့မြင်ခဲ့ရခြင်းပဲ ဖြစ်တယ်။ Simon ရဲ့သူ့ကိုယ်ပိုင်ဖိအားတွေကို ကျွန်တော်တို့မြင်နိုင်တယ်။ သူ့ဘဝရဲ့ရွေးချယ်ခြင်း အစိပ်အပိုင်းတွေ။ သူ ယခုအတိုင်းပဲ ပုန်းကွယ်ပြီးနေမလား။ အမှန်တရားကို ဖွင့်ပြောပြီး ဘဝကို လွတ်မြောက်အောင် ဆက်လက်နေထိုင်မလားဆိုတဲ့ ဖိအားတွေကို ကျွန်တော်တို့လှမ်းမြင်နိုင်ခဲ့တယ်။ ဒါကြောင့်လည်း Blue ဟာ သူ့ဘဝရဲ့မျှော်လင့်ချက်နဲ့ပျော်ရွှင်မှု ဖြစ်လာခဲ့တာ မဆန်းပါဘူး။
.

Jennifer Garner သရုပ်ဆောင်ထားတဲ့ အမေဖြစ်သူ Emily Spier က သားဖြစ်သူ Simon, Gay တစ်ယောက်အဖြစ် ဖွင့်ဟဝန်ခံခြင်းအပေါ်မှာ သူလက်ခံနိုင်ကြောင်းပြောခဲ့တယ်။ သူမရဲ့သားဟာ အမြဲတမ်း သူမရဲ့သားဖြစ်နေအုံးမှာပဲ။ Simon ဟာ straight ပဲဖြစ်ဖြစ် gay ပဲဖြစ်ဖြစ် Simon ဟာ Simon အဖြစ်နဲ့ရှိနေအုံးမယ်လို့ပြောခဲ့တယ်။ Gay နဲ့Straight ဟာ ဘာမှ မကွာခြားဘူးဆိုတာကို ပြောပြသွားခဲ့ခြင်းပဲ။ ဒါပေမဲ့ တစ်ချို့အရာတွေကိုတော့ Simon ဟာ ဘဝမှာ ကိုယ့်ဘာသာ ဖြတ်သန်းရမယ်လို့တော့ သတိပေးခဲ့တယ်။ ဒါဟာ လူသားတစ်ယောက်အနေနဲ့မိမိရွေးချယ်မှုအပေါ် မိမိတာဝန်ယူရခြင်းပဲ ဖြစ်တယ်။
.

IMDb’s Rating: 7.9/ 10
Rotten Tomatoes’ Rating: 92%
.

Love, WH

WH
WH
6 min read