သူတို့ နှစ်ယောက်ရဲ့ ကံကြာမ္မာဆိုးက ထိုနေ့ က စခဲ့တာလို့ ဆိုလို့ ရတယ်။

သေဆုံးနေတဲ့ ရင်သွေးငယ်ရဲ့ အသက်မရှိတဲ့ ခန္ဓာကိုယ်လေးကို သူတို့ ဇနီးမောင်နှံ နှစ်ယောက် တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေကြတယ်။
ရင်ထဲက အပူမီးတွေက သူတို့ နှစ်ဦးရဲ့ မျက်ဝန်းတွေမှာ ထင်ဟပ်နေတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲဆိုတဲ့ ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့ သူတို့ နှစ်ဦး အမှန်တရားကို လက်မခံချင်ပဲ လက်ခံရတာပေါ့။
ထိုနေ့ က သူတို့ ရဲ့ ရိုးသားမှုတွေ တိတ်ဆိတ်စွာ ပျောက်ဆုံးလာစေမည့် နေ့ တစ်နေ့ ။

Scotland ရဲ့ တောင်ပေါ်ဒေသတစ်ခုဖြစ်တာကြောင့် မြူနှင်းမှုန်တွေ ဝေဆိုင်း  နေတယ်။
ဒါပေမဲ့ထို မနက်ခင်းမှာပဲ ပြည်တွင်းစစ်ရဲ့ အကျည်းတန်သောပုံရိပ်တွေကြောင့် ချမ်းအေးလွန်းတဲ့ မနက်ခင်းတစ်ခုရဲ့ နှင်းမှုန်များသည် စစ်သည်တော်တွေရဲ့ ဓားသွားများမှ သွေးစက်တွေနှင့် ရောနှောကာ ဖြူစင်သော အဖြူရောင်များမှ သွေးစွန်းသော အနီရောင်များအဖြစ် အရောင်ပြောင်းကုန်ကြလေတော့သည်။

ထိုစစ်ပွဲတွင် သူ ဦးစီးသော King Duncan ရဲ့ ဘုရင့်တပ်သားများဘက်မှ     အနိုင်ရရှိခဲ့သော်လည်း ကျဆုံးခဲ့ကြသော လူငယ်တပ်သားများရဲ့ အရေအတွက်ကား မနည်းလှပေ။ ကံဆိုးခြင်းလား ကံကောင်းခြင်းလားတော့ မသဲကွဲ။ ထိုနေ့ မှာပင် သူ့ ကို ဘုရင် ဖြစ်မယ်လို့ နမိတ်ဖတ်ခဲ့သည်။ သူတင်ပဲလား။ မဟုတ်ပါ။ သူ့ ရဲ့ သူငယ်ချင်းဖြစ်သူ တိုက်ပွဲဝင်ဖော်ဝင်ဖက် Banquo ကိုလည်း ဘုရင်များရဲ့ ဖခင်ဖြစ်မည်ဟု နမိတ်ဖတ်ခံခဲ့ရသည်။

သြော် … နမိတ်တွေ … နမိတ်တွေ … လူသားတွေကို အမှောင်ကမ္ဘာထဲကို ခေါ်ဆောင်သွားကြတဲ့ နမိတ်တွေ..
ထိုထိုသော နမိတ်တွေကြောင့် လူကောင်းတစ်ချို့ လူဆိုးဖြစ်ခဲ့ရတယ်။ လူတစ်ချို့ အသက်တွေ ပေးဆပ်ခဲ့ရတယ်။
ထိုတိုက်ပွဲကြီးရဲ့ နိဂုံးမှ အိမ်ပြန်လာခဲ့ကြသော သူတို့ သူငယ်ချင်း နှစ်ဦးတို့ ရဲ့ ဘဝသည် ထိုအိမ်အပြန်လမ်းမှာတင် ပြောင်းလဲခဲ့ကြသည်။

လောဘကြီးသော မိန်းမ
အလိုအင်ဆန္ဒ အာသီသ ပြင်းပြသော မိန်းမ
အကောက်ကြံသော မိန်းမ
ယုတ်မာသော မိန်းမ
မကြံကောင်း မစည်ရာ မကြံစည်ဝံ့သော အရာကို ကြံစည်၍ မိမိရဲ့ ခင်ပွန်းဖြစ်သူကို ဒုစရိုက်သမားတစ်ယောက်ဖြစ်အောင် တိုက်တွန်းသော မိန်းမ
သူ့ ရဲ့ ခင်ပွန်းကို နမိတ်ပုံထဲကလို ဘုရင်ဖြစ်အောင် မကောင်းသော အကြံတွေကို ကြံစည်ပြီလေ။

ထိုနေ့ ညက ဘုရင်ဖြစ်သူ King Duncan သူတို့ ရွာကို တိုင်းခန်းလှည့်လည်သည်။ သောက်စားမူးယစ်ပျော်ပါးပြီး စိုးရိမ်ခြင်းကင်းမဲ့စွာဖြင့် ထိုဘုရင်ဖြစ်သူ အိပ်စက်လေပြီ။ ထိုအချိန်သည် သူတို့ အတွက် အကြံအစည်ကို အကောင်အထည်ဖော်ရန် အကောင်းဆုံးအချိန်။

အမှောင်ထုက ညကို ကြီးစိုးထားသည်။ ကောင်းကင်မှ မိုးရေတွေက သည်းမဲစွာရွာချ၍ သူတို့ လင်မယားနှစ်ယောက်ရဲ့ အကုသိုလ်လုပ်ရပ်ကို အောင်မြင်အောင် ကူညီတွန်းပို့ ပေးနေသယောင်။ အမှောင်ဆုံးသော ထိုညရဲ့ မိုးရေစက်တွေကြားမှာ ဓားတစ်ချောင်းကို ကိုင်ကာ ဘုရင်အိပ်စက်နေသော တဲတော်ထဲသို့ သူ ဆိုသော Macbeth ဝင်ရောက်သွားလေတော့သည်။

Director Justin Kurzel ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားပါ။ Australian ရုပ်ရှင် ဖြစ်ရပ်မှန် Snowtown ဆိုတဲ့ ဇာတ်ကားနဲ့ အောင်မြင်လာခဲ့ပြီး ယခုအခါ William Shakespeare ရဲ့ အအောင်မြင်ခဲ့ဆုံးပြဇာတ်များထဲမှ ဇာတ်လမ်းတစ်ခုဖြစ်တဲ့ The Tragedy of Macbeth ကို ရုပ်ရှင်အဖြစ် အသက်သွင်းလိုက်သည်။ ယနေ့ ခေတ်ရဲ့ အနုပညာပါရမီအမြင့်မားဆုံး သရုပ်ဆောင်နှစ်ယောက် ဖြစ်တဲ့ Michael Fassbender နဲ့  Marion Cotillard တို့ က Macbeth နဲ့  Lady Macbeth တို့ အဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်ရံများအဖြစ် Paddy Considine, Sean Harris, Jack Reynor, Elizabeth Debicki နဲ့  David Thewlis တို့ ပါဝင်ထားပါတယ်။

Technical ပိုင်းဆိုင်ရာတွေ များများစားစား မသုံးထားပဲ လူအင်အားကိုပင် သိသာစွာ လျော့သုံးထားသည်ကို မြင်တွေ့ ခြင်းအားဖြင့် Limited Budget ဖြစ်တဲ့ ယခုရုပ်ရှင်သည် 20 Million Budget ခန့် သာ အသုံးပြုထားပေမဲ့ ထို  Limited Budget ကို အကာအကွယ်ပြုပေးခဲ့တာက ....
လွမ်းဆွတ်ဖွယ် ကြီးမားကျယ်ပြန့် လှတဲ့ Landscape Shots တွေနဲ့ ....
ဇာတ်ဝင်ခန်းတွေကို အသက်ဝင်လာအောင် စွမ်းဆောင်ပေးနေတဲ့ ပရိသတ်ရဲ့ စိတ်ကို ထိတ်လန့် ခြင်းတွေ မသိမသာ ဆောင်ကျဉ်းလာတဲ့ ခပ်ပြင်းပြင်း နောက်ခံ Scores ကြီးတွေရယ် ....
ပြောင်မြောက်လှတဲ့ ဇာတ်ညွှန်းရဲ့ မြင့်မားလွန်းတဲ့ ပြဇာတ်ဆန်ဆန် စကားလုံးအသုံးအနှုန်း အပြောအဆိုတွေရယ် .....
သရုပ်ဆောင်တွေရဲ့ Powerful ဖြစ်လွန်းတဲ့ Strong Performances တွေ အကုန်လုံး စုပေါင်းထားတဲ့ ဆန်းသစ်တဲ့ အနူပညာ တင်ပြချက်တွေပဲ။

ဒီဇာတ်ကားကို Cannes ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တော့ ဇာတ်ကားရဲ့ အဆုံးမှာ 10 Minutes ကျော်ခန့်  ကြည့်ရှုသူ ပရိသတ်တွေအကုန် မတ်တပ်ထရပ်ပြီး  လက်ခုပ်တီးအားပေးခဲ့ကြတယ်။

“What done cannot be undone.”

ဇာတ်ကားထဲတွင် Lady Macbeth အသုံးများခဲ့သော စကားတစ်ခွန်း။ မှန်တာတော့မှန်တယ်။ ဒါပေမဲ့ နားထောင်သူကို အတွေး ၂ မျိုးပေးစေတယ်။

၁။ သင်သည်အတိတ်တွင် အပြစ်များကို ကျူးလွန်ခဲ့သည်။ ထိုအပြစ်တွေကို နောင်တရ၍ ငိုမကြွေးသင့်တော့။ အတိတ်သည် ပြန်လည်ပြုပြင်၍ မရတော့ပေ။ ကျန်ရှိနေသော နောင်လာမဲ့ အနာဂတ်ကိုသာ အကောင်းဆုံးဖြစ်အောင် လူကောင်းဖြစ်အောင် ကြိုစားနေတော့ ဆိုတဲ့ အဓိပ္ပာယ်နဲ့ အတွေး တစ်ခု။

၂။ သင်သည် အတိတ်တွင် အပြစ်များကို ကျူးလွန်ခဲ့သည်။ ထိုအပြစ်တွေကို နောင်တရ၍ ငိုမကြွေးနေသင့်ပေ။ ပြန်ပြင်၍ မရေသော အတိတ်တွေကို ပြန်လည်တွေးတော့နေမည့် အစား လုပ်လက်စ ဒုစရိုက်အမှုကို ပြီးဆုံးအောင်မြင်သည်အထိ ဆက်လုပ်၍ လုပ်ဆောင်သွားရန် တိုက်တွန်းခြင်း။ ငါ့မြင်းင့ါစိုင်း စစ်ကိုင်းရောက်ရောက်။ လုပ်လက်စနဲ့ မထူးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့    အတွေးတစ်ခု။

Lady Macbeth ပြောခဲ့တာကတော့ ဒုတိယ အဓိပ္ပာယ်နဲ့ ပါ။
အဓိက မေးခွန်းထုတ်ခဲ့တာက သင့်ရဲ့ အကုသိုလ် ဒုစရိုက်မှုတစ်ခုကို ဆက်လက် ကာကွယ်ဖို့ နောက်ထပ် ဒုစရိုက်မှုတွေ ထပ်မံ၍ ဆက်လက် လုပ်ဆောင်နေမှာလား? လုပ်ဆောင်မယ်ဆိုရင်တောင် သင့်ရဲ့ စိတ်က ပြတ်သားရဲ့ လား? ပြတ်သားတယ်ဆိုရင်တောင် သင့်ရဲ့ အကုသိုလ်စိတ်ရဲ့ နှောင့်ယှက်မှု ဒဏ်ကို မည်မျှကာလကြာရှည်စွာ သင်ခံနိုင်ရည်ရှိမှာသလဲ ဆိုတာပဲ။

နမိတ်သည် အစွဲဖြစ်လာသည်။ ထိုအစွဲမှသည် လောဘအဖြစ်သို့ ပြောင်းလဲပစ်ကာ သူတို့ ရဲ့ ရိုးသားခြင်း အပြစ်ကင်းစင်ခြင်း အစရှိသည်တို့ ကို ဖျက်ဆီးပစ်ခဲ့သည်။ အကုသိုလ်တစ်ခုကို ကျူးလွန်စေခဲ့သည်။ ထို့ အပြင် အကုသိုလ်ဆိုသည့်အတိုင်း တစ်ခုတည်းနှင့် အမြဲတမ်းရပ်တန့် မနေ။ အကုသိုလ်သည် အစွဲအလန်းတစ်ခုပမာ နောက်ထပ် ပြစ်မှုများကို ကျူးလွန်စေရန် အားပေးသည်။ သို့ နှင့် လူကောင်းများသည် လူဆိုးများဖြစ်လာကြရပေတော့သည်။

ဝမ်းနည်းမှုတွေကနေ ရူးသွပ်မှုတွေ ဖြစ်စေတော့သည်။

“Life's but a walking shadow. Honor. Love. Friends. But in there's death. Curses.”

IMDb Rating: 7.5/10
Rotten Tomatoes Rating: 79% (Currently)

~WH~

P.S “The Tragedy of Macbeth” ပြဇာတ်ကို William Shakespeare က 1599 နဲ့ 1606 ခုနှစ်တွေကြားမှာ ရေးသားခဲ့တယ်လို့ သိရပါတယ်။