Manila in the Claws of Light (1975)

Manila in the Claws of Light (1975)

Manila in the Claws of Light ကို 1978 ခုနှစ်တုန်းက Cannes ရုပ်ရှင်ပွဲတော်မှာပြတော့ ဝေဖန်ရေးဆရာတွေက ဘာပြောခဲ့သလဲဆိုတော့ “Dirty Movie” တဲ့။ ဇာတ်ကောင်တွေရဲ့ဘဝညစ်တေးမှုတွေ၊ ပတ်ဝန်းကျင်က စိတ်ဓာတ်ညစ်ညမ်းမှုတွေကို အကောင်းဆုံးသရုပ်ဖော်နိုင်ခဲ့လို့သုံးခဲ့တဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဇာတ်ကောင်တွေဟာ အလုပ်လက်မဲ့တွေ၊ ဒုစရိုက်သမားတွေ၊ ရာဇဝတ်သားတွေ၊ အိမ်ခြေယာမဲ့တွေ၊ လိင်အလုပ်သမားတွေ အစရှိသည်ဖြင့် ထိုခေတ်က Philippines နိုင်ငံရဲ့အခြေခံအကျဆုံး လူသားတွေရဲ့ဘဝတွေကို ဖော်ပြထားနိုင်ခဲ့တယ်။


ဇာတ်လမ်းအကျဉ်း

ဒီဆောက်လုပ်ရေး Site ကို Júlio ရောက်လာတော့ သူကအလုပ်လက်မဲ့လေးတစ်ယောက်။ သူ့မှာ စားစရာလည်း မရှိတော့သလို ပိုက်ဆံကလည်း ကုန်နေပြီ။ အလုပ်လက်မဲ့ဖြစ်နေတော့ ကြုံရာကျပန်းအလုပ်တစ်ခုကို အပူတပြင်း ရှာဖွေနေရတယ်။ ဒီမှာတင် ဆောက်လုပ်ရေးဆိုဒ်တစ်ခုကိုတွေ့တော့ အလုပ်သွားတောင်းတယ်။ ကံကောင်းချင်တော့ ကျောက်သယ်တဲ့နေရာမှာ လူလိုအပ်နေတဲ့အတွက် အလုပ်ရခဲ့တယ်။ ကံဆိုးချင်တော့ သူထင်ထားတဲ့လစာလောက်တောင် မရဘူး။ ဘာပဲဖြစ်ဖြစ်ဆိုပြီး သူဝင်လုပ်ခဲ့တယ်။ ဒီလိုနဲ့ထိုဆောက်လုပ်ရေးဆိုဒ်ထဲမှာ အဖော်ကောင်းတွေနဲ့တွေ့ပြီး ခင်မင်ခဲ့တယ်။
.

Júlio တစ်ယောက် Manila မြို့ပေါ်တက်လာခဲ့တာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းကိစ္စတစ်ခုကြောင့်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက သူတို့နေတဲ့ တံငါကျွန်းလေး (Marinduque) ကို မိန်းမကြီးတစ်ယောက် ရောက်လာတယ်။ Júlio ကတော့ ထိုမိန်းမကြီးကို ဝက်တစ်ကောင်လို ဝနေတဲ့ ဝဝတုတ်တုတ်မိန်းမကြီးလို့ခေါ်တယ်။ တစ်ကယ်တော့ အဲ့လောက်ထိ ဝနေတာမဟုတ်ဘူး။ သူမုန်းတီးလွန်းလို့ဝက်လိုဝတဲ့ မိန်းမကြီးလို့ခေါ်ခဲ့တာ။ ထိုမိန်းမကြီးက ထိုကျွန်းလေးပေါ်က မိန်းမလှလေး ၃ ယောက်ကို Manila မြို့ပေါ်မှာ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတယ်။ မြို့ပေါ်မှာ အလုပ်တွေကလည်းကောင်း၊ လခတွေကလည်းကောင်း၊ ဒါ့အပြင် ကျောင်းပါထားပေးမယ်ဆိုတဲ့ မက်လုံးတွေပေးတော့ ထိုအခွင့်ကောင်းကြီးကို မိန်းမလှလေးတွေရဲ့မိဘတွေက ဘယ်လက်လွှတ်ခံတော့မလဲ။ ထိုမိန်းမလှလေး ၃ ယောက်ထဲမှာ Júlio ရဲ့ချစ်သူ Ligaya လည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်။ Ligaya က သူတို့ရွာလေးထဲမှာ အချောဆုံးမိန်းကလေးတစ်ယောက်။ ဒီလိုနဲ့ ထိုမိန်းမလှလေး ၃ ယောက်ကို ထိုမိန်းမဝကြီးက Manila ကိုခေါ်သွားတော့တယ်။ ပထမ ၃ လလောက်မှာ စာအဆက်အသွယ်ရပေမဲ့ နောက်တော့ Ligaya တစ်ယောက် Manila မြို့ကြီးပေါ်မှာ ပျောက်သွားတယ်လို့ပဲ သတင်းကြားရတော့တယ်။ ကိုယ့်ချစ်သူဆီက အဆက်အသွယ်မရတော့ Júlio တစ်ယောက် ချစ်သူကိုရှာပုံတော်ဖွင့်ဖို့စုထားတဲ့ငွေလေးပိုက်ပြီး မြို့ကိုတက်လာခဲ့တော့တယ်။
.

တစ်ရက်မှာတော့ Manila မြို့ပေါ်က တရုတ်တန်းနားက အိမ်တစ်အိမ်နားမှာ ထိုမိန်းမဝကြီးကို သူတွေ့လိုက်တယ်။ ဒီလိုနဲ့ Júlio က ထိုအိမ်ကို သူအားတိုင်း သွားသွားစောင့်ကြည့်မိလာတယ်။ မြို့ပေါ်ရောက်လာတာ တစ်နှစ်ကျော်လာပြီ။ ပါလာတဲ့ ငွေကလည်း ကုန်လို့တွေ့ရာအလုပ်တွေကိုလည်း လိုက်လုပ်ရတော့တယ်။ ဒါပေမဲ့ အခုထိတော့ Ligaya ရဲ့အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ မျှော်လင့်ချက်က နည်းလာရာကနေ ပျောက်ကွယ်လာတော့တယ်။ ဒီအချိန်မှာတင် သူအခုလုပ်နေတဲ့ ဆောက်လုပ်ရေးဆိုဒ်က လူလျော့တဲ့စာရင်းမှာ သူပါသွားပြန်တော့ အလုပ်လက်မဲ့ ထပ်ဖြစ်သွားပြန်တော့တယ်။ ဒီလိုနဲ့Manila မြို့ပေါ်က နီယွန်မီးတွေကြားထဲ သူ့ဘဝပျောက်ဆုံးလာတော့တယ်။


Manila in the Claws of Light ကို နိုင်ငံတကာက ဝေဖန်ရေးဆရာတွေက Philippines အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားလို့အခုထိသတ်မှတ်နေတုန်းပဲ။ သူတို့ဝေဖန်ရေးဆရာတွေ နှိုင်းယှဉ်သလို ယခုဇာတ်ကားဟာ Philippines ရဲ့”Mean Streets” ပဲ။ ကျွန်တော်အနေနဲ့ဆိုရင် Martin Scorsese ရဲ့Mean Streets ဇာတ်ကားထက်တောင် ပိုသဘောကျသေးတယ်။ Mean Streets က 1970 ကျော်ကာလက New York မြို့ရဲ့အမှာင်လောကတွေကို ပြသခဲ့ပြီး ယခု Manila in the Claws of Light ကတော့ 1970 ကျော်ကာလက Manila မြို့ရဲ့ဆင်းရဲတွင်းကို ဖော်ပြနိုင်ခဲ့တယ်။ ယခုဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Director ကြီး Lino Brocka ကိုယ်တိုင်လည်း ထိုအချိန်က နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့တဲ့ သူတစ်ယောက်ကိုယ်တိုင် ဖြစ်နေသေးတယ်။ ထိုအချိန်ကာလတုန်းက President Ferdinand Marcos အုပ်စိုးခဲ့တဲ့ အာဏာရှင်အစိုးရလက်အောက်မှာ သူ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တယ်။ (စကားချပ်၊ သမ္မတကြီး Ferdinand Marcos ဟာ 1972 ခုနှစ်တုန်းက Philippine မှာ Martial Law ကို ထုတ်ပြန်ခဲ့တဲ့ အာဏာရှင်တစ်ယောက်ပါ။) Director ကြီး Lino Brocka ဟာ ဒီဇာတ်ကားမရိုက်ကူးခင်တုန်းကတော့ ထိုအချိန်က mainstream movies အများစုကိုပဲ ရိုက်ကူးလေ့ရှိခဲ့တယ်။ သူက ထိုဇာတ်ကားတွေကို ဘယ်လိုခေါ်သလဲဆိုတော့ “soaps” တဲ့။ ဒါပေမဲ့ ယခု “Manila in the Claws of Light” ဇာတ်ကားရိုက်ကူးပြီးနောက်ပိုင်းမှ သူ့ဟာနိုင်ငံတကာရဲ့အသိအမှတ်ပြုခြင်းတွေကို ရခဲ့တယ်။ နောက်ပိုင်းမှာလည်း Philippines ရဲ့ဇာတ်ကားကောင်းအများစုကို ရိုက်ကူးခဲ့ပြီး 1991 မှာ Car accident ဖြစ်ပြီး သေဆုံးသွားခဲ့တယ်။ သူသေဆုံးတော့ သူ့အသက်က 52 ပဲရှိသေးတယ်။


Manila in the Claws of Light အပေါ် မိမိအမြင်နှင့် ခံစားချက်

ယခုဇာတ်ကားဟာ လူတန်းစားအလွှာပေါင်းစုံကို မဖော်ပြခဲ့ပေမဲ့ ဆင်းရဲသားလူတန်းစားတွေကိုတော့ နာကျည်းကြေကွဲဖွယ်ကောင်းအောင် တင်ပြခဲ့တယ်။ Julio တစ်ယောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတုန်းက အဖော်တစ်ယောက်က သူ့ကို ဘာပြောခဲ့သလဲဆိုတော့ Manila မြို့ကြီးဟာ နေချင်စရာမကောင်းတဲ့ မြို့ကြီးတော့ မဟုတ်ဘူး။ ပိုက်ဆံသာရှိရင် နေပျော်စရာမြို့ကြီးတစ်မြို့လို့ပြောခဲ့တယ်။ ထိုဇာတ်ကောင်က ထိုစကားကို ပြောခဲ့တဲ့ ဇာတ်ဝင်ခန်းမှာ ကျွန်တော်ဘာကို ပြန်တွေးမိခဲ့သလဲဆိုတော့ ကျွန်တော်တို့ရန်ကုန်မြိ ု့ကြီးအကြောင်းပဲ။
.

မြို့ပြရဲ့ယဉ်ကျေးမှုတွေဟာ ငတ်မွတ်ခြင်းနဲ့အကျင့်ပျက်ခြစားခြင်းတို့ရဲ့ချိတ်ဆက်ခြင်းတွေနဲ့အတူ လူသားရဲ့ခံနိုင်ရည်တွေကို စမ်းသပ်လေ့ရှိတတ်ကြတယ်။ ဒီလိုပဲ Julio ရဲ့စာရိတ္တကိုလည်း Manila မြို့ကစမ်းသပ်ခဲ့တယ်။
.

Director ကြီး Lino Brocka ဟာ ယခုဇာတ်ကားထဲမှာ Julio ရဲ့ရှာပုံတော်ကို ပြသနေရင်းနဲ့ Manila မြို့ရဲ့ညစ်ညမ်းမှုတွေကို ပြသခဲ့တယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်သမားတွေရဲ့ချွေးနဲစာတွေထဲက ခေါင်းပုံဖြတ်လေ့ရှိတဲ့ နှစ်ဖက်စား Site Supervisors တွေ၊ လူအသက် မျက်စိရှေ့မှာတင် ထွက်သွားခဲ့တာတောင် ဂရုမစိုက်ပဲ လောဘနောက်ကို ဆက်လိုက်ခဲ့ကြတဲ့သူတွေ၊ မိမိရဲ့ရွေးချယ်မှုနဲ့ပဲဖြစ်ဖြစ် အတင်းအဓ္ဓမ ခိုင်းစေခံရလို့ပဲဖြစ်စေ ညဌက်လေးတွေရဲ့ဘဝကို ရောက်ရှိသွားကြတဲ့ လူငယ်ယောကျ်ားလေး၊ မိန်းကလေးတွေ၊ ရာဇဝတ်သားတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေရမဲ့အစား သာမာန်ရာဇဝတ်သားတွေထက် ပိုမိုအကျင့်ပျက်နေတဲ့ မြို့ပြရဲ့ဥပဒေဘက်တော်သားရဲသားကြီးတွေ၊ အစရှိတဲ့လူတွေကို ကြေကွဲစွာ တွေ့ခဲ့ရတယ်။
.

ဒါပေမဲ့ လူ့ဘောင်ဆိုတာ ညစ်တေးတဲ့သူတွေနဲ့ပဲ တည်ဆောက်ထားတဲ့ လောကမှ မဟုတ်တာ။ မှောင်လွန်းတဲ့ မြို့ပြရဲ့ညတွေမှာ ကျွန်တော်တို့အလင်းရောင်လေးတွေကိုလည်း ခပ်မှိန်မှိန်လေး တွေ့ခဲ့ရသေးတယ်။ Julio တစ်ယောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို စဝင်ချင်းနေ့မှာပဲ အစာမစားရတာ ကြာနေပြီဖြစ်တဲ့အတွက် လဲကျသွားခဲ့တယ်။ ထိုအခါ (နောင်တစ်ချိန် ရင်းနှီးတဲ့မိတ်ဆွေဖြစ်လာမဲ့) နောက်လူငယ်အလုပ်သမားတစ်ယောက်က သူ့ထမင်းထုပ်ကို ပေးကျွေးခဲ့တယ်။ Julio နေစရာမရှိတော့ ထိုလုပ်ငန်းခွင်မှာပဲ အိပ်လို့ရအောင် သူစီစဉ်ပေးခဲ့တယ်။ ထိုကဲ့သို့ပဲ ဇာတ်လမ်းတစ်လျှောက်မှာ Julio ကို တတ်အားသမျှနဲ့ကူညီပေးခဲ့တဲ့သူတွေကိုလည်း ကျွန်တော်တို့ရံဖန်ရံခါ တွေ့ရတတ်တယ်။ သူတို့ဆင်းရဲသားတွေမှာလည်း တောက်ပတဲ့အိပ်မက်လေးတွေတော့ ရှိခဲ့ကြတယ်။ တစ်ချို့က ဆောက်လုပ်ရေးအလုပ်မှာ လုပ်နေရင်းနဲ့အဆိုတော်ဖြစ်ဖို့စိတ်ကူးကြတယ်။ တစ်ချို့ကတော့ ဆောက်လုပ်ရေးအလုပ်မှာ အလုပ်ကြမ်းလုပ်နေရင်းနဲ့ညကျောင်းတက်ပြီး သူတို့အနာဂတ်ကို တတ်နိုင်တဲ့နည်းနဲ့တည်ဆောက်ကြတယ်။ ဒါတွေဟာ မဖြစ်နိုင်တဲ့ အိပ်မက်တွေလို့ပြောကြပေမဲ့ ဒီမဖြစ်နိုင်တဲ့ လောကအတွက် အကောင်းမြင်ဝါဒတွေပဲ။
.

ဒါ့အပြင် ဇာတ်လမ်းရဲ့တစ်နေရာမှာ Julio တစ်ယောက် အလုပ်လက်မဲ့ထပ်ဖြစ်ပြန်တော့ တစ်ချိန်ကသိခဲ့ဖူးတဲ့ အသိတစ်ယောက်က သူ့ကို ခေါ်ထားပေးပြီး အလုပ်ရှာပေးပြန်တယ်။ ဒီလိုပဲ ဆင်းရဲသားတွေဖြစ်ပေမဲ့ မိမိထက်ပိုနိမ့်ကျတဲ့ သူတွေကို စောင်မကြည့်ရှုပေးတတ်တဲ့ လူကောင်းတွေကိုလည်း ဇာတ်လမ်းမှာ ဖော်ပြထားခဲ့တယ်။ ဒီလူတွေဟာ ကျွန်တော်စောစောက ပြောခဲ့သလို မှောင်မိုက်လွန်းတဲ့ မြို့ပြညတွေရဲ့ခပ်မှိန်မှိန်အလင်းရောင်လေးတွေ အဖြစ် သရုပ်ဖော်ထားတယ်လို့ကျွန်တော်ကတော့ ခံစားခဲ့ရတယ်။ ကျွန်တော် အနှစ်သက်ဆုံးကတော့ Ligaya အပေါ်ထားတဲ့ Julio ရဲ့မေတ္တာနဲ့သစ္စာပဲ။ ဒီအချစ်ဟာ သူနားလည်ထားတာထက် သူ့ကို နာကျင်စေခဲ့တယ်။ သူ Manila မြို့ကြီးပေါ်မှာ အချိန်ပိုကြာလာလေလေ၊ အရာအားလုံးဟာ သူ့အတွက် ပိုမိုခက်ခဲလာလေလေပဲ။ Ligaya ရှာဖွေတဲ့ အလုပ်လည်းအပါအဝင်ပေါ့။ ဒါပေမဲ့ သူမျှော်လင့်ချက်တစ်ချက်မှ မပျက်ပြယ်ခဲ့ဘူး။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့သူ့ဘဝအတွက် ခက်ခဲလွန်းတဲ့ ရွေးချယ်မှုတွေ ကြုံ့တွေ့လာခဲ့ရတယ်။ နောက်ဆုံး သူ့အချစ်အတွက် သူ့ခန္ဓာကိုယ်တောင် ရင်းရလောက်တဲ့အထိ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ သူကျရှုံးလာခဲ့ရတယ်။ ဒီမြို့ပြရဲ့လောကကြီးထဲမှာ သူတစ်ယောက်တည်း ဒီတိုက်ပွဲကို အဆုံးထိတိုင် တိုက်ခိုက်နိုင်ပါတော့မလားဆိုတာ ပရိသတ်တိုင်းရဲ့ရင်ထဲက မေးခွန်းဖြစ်လာတော့တယ်။
.

ဒီဇာတ်ကားရဲ့နောက်ထပ်ထူးခြားချက်တစ်ခုက အတိတ်ကို ပြန်ပြောင်းပြတဲ့ scenes တွေတင်ပြပုံပဲ။ ရုပ်ပုံလေးတွေပဲ တစ်ချက်တစ်ချက် ပြသွားခဲ့တယ်။ ဇာတ်လမ်းကို အတိအကျသိရအောင် ရှည်လျားစွာ မပြသွားခဲ့ဘူး။ အရမ်းတိုတောင်းလွန်းတယ်။ Dramatic scenes တွေကို အခုလိုတည်းဖြတ်ပြီး ပြတာ ထူးဆန်းလွန်းတယ်လို့တော့ မြင်မိတယ်။
.

ဒီဇာတ်ကားကို အခုနောက်ပိုင်းမှာ English title နဲ့ပြန်ပြတော့ “Manila in the Claws of Light” လို့အမည်တပ်ခဲ့ကြတယ်။ Review တစ်ခုမှာ ဖတ်ရတာက အရင်တုန်းကတော့ “Manila: In the Claws of Darkness” တို့”Manila in the Claws of Neon” တို့ဆိုတဲ့ နာမည်တွေနဲ့ပြသခဲ့ဖူးတယ်လို့သိရတယ်။ ဒါပေမဲ့ ဘာနာမည်နဲ့ပဲဖြစ်ဖြစ် ထိုရုပ်ရှင်နာမည်တိုင်းဟာ အဓိကဇာတ်ကောင်ရဲ့မသေချာတော့တဲ့ အနာဂတ်ကို ကြိုတင်နိမိတ်ဖတ်ပေးနေခဲ့သလိုပဲ။ ထိုခေတ်က Manila မြို့ပြရဲ့ညတွေဟာ နီယွန်မီးလုံးတွေရဲ့ကြားထဲမှာ လမ်းပျောက်သွားမဲ့ ဝင်္ကာပါကြီးတစ်ခုလို့တင်စားခဲ့ပုံပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ ဖော်ပြခဲ့တဲ့ Manila ဟာ ညအမှောင်ထုမှာပဲဖြစ်ဖြစ် နေ့အလင်းရောင်အောက်မှာပဲဖြစ်ဖြစ် အန္တာရယ်ဂြိုလ်ဆိုးဟာ ဆင်းရဲသားလူတန်းစားတွေအပေါ် အချိန်မရွေး ကျရောက်နိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတစ်ချို့က ဒီဇာတ်ကားကို ဘယ်လိုတင်စားကြသလဲဆိုတော့ ယခုဇာတ်ကားဟာ အရင်းရှင်စနစ်ဟာ အနာဂတ်ကို တည်ဆောက်နေရင်း ထိုအနာဂတ်ကြီးကို တစ်ကယ်တည်ဆောက်ပေးနေတဲ့ ဆင်းရဲသားအလုပ်သမားတွေဟာ သေတွင်းကို ကျဆင်းသေဆုံးနေကြတဲ့ ပုံပြင်တစ်ပုဒ်ပဲလို့ ဆိုကြတယ်။ ရုပ်ရှင်ဟာ သရုပ်မှန်ဝါဒကို နက်ရှိုင်းစွာ အသုံးပြုထားပြီး သာမာန် Filipino လူငယ်လေးတစ်ယောက်ရဲ့ဇာတ်ကြောင်းကို ပြောပြနေရုံသာမက ထိုအချိန်က Manila မြို့ပေါ်က လူတွေအားလုံးရဲ့ဘဝကိုပါ တစ်ဆက်တည်း ပြောပြနေခဲ့လို့ပဲ။ ဘာကြောင့်လဲဆိုတော့ Manila မြို့တော်ကြီးဟာ လူဆင်းရဲတွေ မွေးဖွားလိုက်ပြီး ထိုလူဆင်းရဲတွေကို လူချမ်းသာတွေ အသုံးချဖို့အတွက် အလဲအလှယ်လုပ်ခဲ့လို့ပဲ။
.

ကျွန်တော်စောစောက ပြောခဲ့သလိုပဲ Julio ဟာ သူ့ရဲ့ဘဝခရီးတစ်နေရာမှာ အမျိုးသားပြည့်တန်ဆာဘဝတစ်ခုကို ရောက်ရှိသွားခဲ့တယ်။ ဒီအမျိုးသားဆောင်ကြာမြိုင်လိုနေရာကို သရုပ်ဖော်ထားတဲ့ ဇာတ်ဝင်ခန်းဟာ အလွန်ချီးကျူးစရာကောင်းသလို ထိုဇာတ်ကောင်တွေရဲ့ဘဝကိုလည်း စာနာမိခဲ့တယ်။ တစ်ချို့တွေဟာ အမှန်တော့ လိင်တူချင်းချစ်ကြိုက်တတ်တဲ့ စိတ်ရှိသူတွေ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့လိုအပ်တဲ့ ငွေကြေးဟာ ထိုနေရာကနေ စီးကရက်ခဲပြီး ထိုင်စောင့်နေခဲ့တယ်။ ဆင်းရဲတဲ့ ဒုက္ခဆိုးကြီးရဲ့ဒဏ်ကို ကိုယ်တွေ့ကြုံခဲ့ရတဲ့သူတွေအတွက်တော့ ငွေကြေးခေါ်ဆောင်ရာ နောက်ကို မျက်စိမှိတ်ပြီး လိုက်ခဲ့ရတော့တယ်။ သူတို့တွေဟာ သူတို့စိတ်ကို သူတို့ဘာသာ လိမ်ညာခဲ့ကြတယ်။ သူတို့ခံစားချက်တွေကိုလည်း မြိုသိပ်ခဲ့ကြတယ်။ ဒီလိုနဲ့သူတို့ရဲ့ခံစားချက်တွေဟာ သူတို့ဘဝတွေနဲ့အတူ ထုံလာပါတော့တယ်။
.

ညတွင်းချင်း မီးလောင်သွားပြီး နောက်နေ့မနက်မှာ မီးလောင်မြေဖြစ်သွားတဲ့ နေရာကို သူတို့ကြည့်နေကြတယ်။ ဘဝတွေဟာ ခါးသီးတယ်ဆိုတာထက် ပိုဆိုးသွားခဲ့ပြီ။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေဟာ သူတို့ဘဝတွေကို ဘယ်လောက်ပဲ အနာခံပြီး ရုန်းကန်နေကြပါစေ၊ လောကကြီးကတော့ အပြုံးမပျက်ပဲ သူတို့ရဲ့နာကျင်မှုတွေကို ဆက်အလေးမထားခဲ့ဘူး။ အဆုံးသတ်မှာ သူ့ရွေးချယ်ခြင်းဟာ မိုက်မဲလွန်းတာ သူသိလိမ့်မယ်။ ဒါပေမဲ့ သူ့အတွက် တစ်ခြားရွေးချယ်စရာလမ်းမှ မရှိခဲ့တော့တာ။ သေခြင်းတရားဟာ သတိမပေးပဲ ရောက်လာတတ်တယ်ဆိုတာ သူသိခဲ့ပြီ။ တရားဥပဒေနဲ့အကျင့်ပျက်ခြစားခြင်းဆိုတဲ့ ဝေါဟာရနှစ်ခုရဲ့အဓိပ္ပာယ်ဟာ တစ်ခုတည်းဆိုတာ သူနားလည်ခဲ့ပြီ။ လူသားအချင်းချင်း စာနာထောက်ထားမှုတွေလည်း သူ့ရင်နဲ့ခံစားခဲ့ပြီးပြီ။ ဒီလိုနဲ့Julio ရဲ့ချစ်သူရှာပုံတော်ခရီးကြမ်းရှည်ကြီးဟာ ဘာမှမသိနားမလည်တဲ့ တံငါသည်လေးတစ်ယောက်ကနေ ကွယ်ပျောက်နေတဲ့ တရားဥပဒေကို ငတ်မွတ်တောင်းတနေတဲ့ သူရဲကောင်းတစ်ယောက် အဖြစ် နောက်ဆုံးမှာ ပြောင်းလဲပေးခဲ့တော့တယ်။
.

IMDb’s Rating: 7.9/ 10
Rotten Tomatoes’ Rating: 100%
.
~WH~
.
[ ယခုဇာတ်ကားသည် 1976 ခုနှစ်တုန်းက FAMAS (Filipino Academy of Movie Arts and Sciences Awards) ဆုပေးပွဲတွင် Best Picture, Best Director, Best Screenplay, Best Cinematography, Best Actor နှင့် Best Supporting Actor တို့အသီးသီးရရှိခဲ့ပြီး လူပြောများတဲ့ “1001 Movies You Must See Before You Die” စာအုပ်ထဲမှာ ပါဝင်ရွေးချယ်ခြင်းခံရတဲ့ တစ်ကားတည်းသော Philippines ရုပ်ရှင် ဖြစ်ပါတယ်။ ]

WH
WH
4 min read