Midnight Cowboy (1969)

Midnight Cowboy (1969)

ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ဖို့ လိုအပ်တဲ့ အပိုင်းတွေ အများကြီးရှိတဲ့ထဲကမှ Acting အပိုင်းဟာ ထင်သာမြင်သာအရှိဆုံးအပိုင်းလို့ ဆိုလို့ရမယ်။ ခုမှရုပ်ရှင်စကြည့်တယ်ဆိုတဲ့သူတွေအဖို့တောင် တကယ်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုဖြစ်ရင် သတိမထားမိဖို့ခက်လှတယ်။ တစ်ခါတစ်လေကျတော့လဲ သရုပ်ဆောင်ကောင်းမွန်မှုမှာ နှစ်လိုစွာ စီးမျောသဘောကျနေမိရင်း ရုပ်ရှင်ရဲ့ အခြားသော ညံ့ဖျင်းတဲ့အပိုင်းများကို သတိမမူမိတဲ့အထိဖြစ်တတ်တယ်။ ပြောချင်တာက သရုပ်ဆောင်များရဲ့ ထင်သာမြင်သာရှိမှုနဲ့ ဆွဲဆောင်နိုင်မှုကိုပါ။
Midnight Cowboy ဟာ သရုပ်ဆောင်အပိုင်းတစ်ခုပဲ ချွန်ထွက်နေတဲ့ကားမျိုးတော့မဟုတ်ဘူး။ ရုပ်ရှင်ကားကောင်းလို့ သတ်မှတ်လိုက်တိုင်း ပါရှိရမယ့် ကောင်းခြင်းတွေ အားလုံး အနည်းနဲ့အများ ပြည့်စုံတဲ့ကားပါ။ တကယ်တော့လဲ သရုပ်ဆောင်ကောင်းမှုဆိုတာဟာ ဇာတ်ညွှန်း၊ ဒါရိုက်တာ နဲ့ ကင်မရာရဲ့ပံ့ပိုးမှု၊ editing ရဲ့ပံ့ပိုးမှုတွေ လိုအပ်တာပဲမို့ အဲ့တစ်ခုထဲခွဲပြောနေလို့ မသင့်လှပါဘူး။ ဒါပေမယ့် Midnight Cowboy မှာတော့ Acting အပိုင်းကို အထူးပြုပြောဖို့ လိုသွားပါပြီ။
The passion of Joan of Arc ကစလို့ , There will be blood ထဲက Daniel Day Lewis, No country for old men ထဲက Javier Bardem, Mulholland Dr. ထဲက Naomi Watts စသဖြင့် ရုပ်ရှင်သမိုင်းတစ်လျှောက် ပြောက်မြောက်ထူးချွန်လှတဲ့ သရုပ်ဆောင်မှုတွေဟာ စာရင်းပြုစုရရင် အရှည်ကြီးကိုထွက်လာပါလိမ့်မယ်။ Midnight Cowboy ထဲက Jon Voight နဲ့ Dustin Hoffman တို့ဟာ ချန်လှပ်ထားလို့မရတဲ့ acting duo ပဲဖြစ်ပါတယ်။
Jon Voight ရဲ့ character က Joe Buck ဆိုသူ Texas ကောင်းဘွိုင်။ ဇာတ်ကားကို သူနဲ့စတင်ဖွင့်လှစ်ပြီး လက်ရှိအလုပ်ကနေထွက်ကာ New York မြို့ပြသို့ စွန့်စားသွားရောက်တော့မယ့် လူငယ်တစ်ယောက်အဖြစ် မိတ်ဆက်ပေးခဲ့တယ်။ ဇာတ်ကားအစ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်အတွင်းမှာပဲ မှန်အကြည်လို ဒိုးယိုပေါက်မြင်နိုင်မယ့် စိတ်နေစိတ်ထား၊ မညှာမတာပြောရရင် တုံးအတဲ့ဉာဏ်ရည်ရှိသူ၊ တစ်ချိန်တည်းမှာ မိမိကိုယ်ကို ယုံကြည်မှုမြင့်သူတစ်ဦးဆိုတာကို ပရိသတ်အားသိရှိစေခဲ့ပါတယ်။ ဒီ character မိတ်ဆက်အတွက် ဇာတ်ကွက်များများသုံးစရာမလိုခဲ့ဘူး၊ narration တွေမလိုဘူး၊ Jon Voight ရဲ့ acting alone နဲ့ကို ထင်သာစေခဲ့တယ်။ ဇာတ်လမ်းအစနဲ့တင် Jon Voight ရဲ့ acting ကတော်တော်ကြွေစရာကောင်းနေခဲ့ပြီ။ ဒီ character မှာ ရည်မှန်းချက် အကြီးကြီးတစ်ခုရှိတယ်။ New York ရောက်ရင် ငွေကြေးကြွယ်ဝပြီးအထီးကျန်နေတဲ့ မိန်းမကြီး/လတ် များထံ လိင်ပိုင်းဆိုင်ရာအရ ဖြေဖျော်မှုပေးဖို့။ အခကြေးငွေတော့ယူရမှာပေါ့။ အဲ့အတွက်လိုအပ်တဲ့ ယောကျာ်းပီသခန့်ညားမှု၊ ပျိုမြစ်ငယ်ရွယ်မှု၊ စွမ်းဆောင်နိုင်မှုတွေ သူ့မှာရှိတယ်လို့ သူအပြည့်အဝယုံကြည်ထားပါတယ်။ New York အသွားခရီးမှာ သူ့စိတ်ကူးထဲပေါ်လာတဲ့ flashbacks များနဲ့ Joe Buck ရဲ့အတိတ်အကြောင်းကို နည်းနည်းသိခွင့်ရခဲ့တယ်။ သူဟာ အဘွားဖြစ်သူရဲ့အုပ်ထိန်းမှုအောက်မှာပဲကြီးပြင်းလာရသူဖြစ်တယ်။ သူ့အဘွားကိုပြထားပုံဟာ ပုံမှန်တော့မဟုတ်ဘူးဆိုတာ သိသာနေတယ်။ သူ့အဘွားဟာ သူ့အပေါ်မှာ မြေးတစ်ယောက်အပြင် တခြားဘယ်လိုများသဘောထားသေးသလဲ မသိဘူး။ နောက်ပြီး သူ့ရဲ့ရည်းစားဟောင်းဖြစ်ခဲ့ဖူးပုံရတဲ့ ကောင်မလေးတစ်ယောက်နဲ့အိပ်ရာပေါ်က အခန်းတွေ သူ့ခေါင်းထဲပြန်ပေါ်လာတယ်။
New York ဟာ Joe ကို လှိုက်လှဲစွာကြိုဆိုခြင်းမရှိခဲ့ဘူး။ သူစိတ်ကူးထားတဲ့ womanizer ဘဝဟာ ထင်ထားသလောက်မလွယ်ကူဘူး။ ညှို့အားပြင်းတဲ့ပုရိသအဖြစ် သူတွေးထင်ထားတဲ့ cowboy စတိုင်ဟာ New York မြို့ကြီးသူတွေအတွက်တော့ လှောင်ပြုံးချင်စရာပဲဖြစ်လို့နေတယ်။ ဒီလိုနဲ့ သူပါလာတဲ့ပိုက်ဆံတွေတဖြည်းဖြည်းလျော့လာနေပေမယ့် သူ့ကိုမုန့်ဖိုးပေးမယ့် မမကိုရှာမတွေ့သေးဘူး။ ကံကောင်းပြီးရတဲ့ သားကောင်မမတစ်ယောက်ကျတော့လဲ သူကတောင် ပိုက်ဆံပြန်ပေးလိုက်ရသေးတယ်။ ဒီလိုနဲ့ တစ်ရက်မှာ Rizzo နဲ့သူဆုံတယ်။
Rizzo လို့တော့ သူ့ကို သူ့ကိုယ်သူကလွဲပြီးဘယ်သူမှမခေါ်ကြဘူး။ ကြွက်တစ်ကောင်လို ခိုးစား၊ နှိုက်စား၊ လိမ်စားတတ်တဲ့စရိုက်နဲ့လိုက်ဖက်လှတဲ့ အမည်ပြောင် Ratso လို့ပဲ ခေါ်ကြတယ်။ Ratso အဖြစ် Dustin Hoffman ကသရုပ်ဆောင်တယ်။ ခြေတစ်ဖက်ဆာနေတဲ့ အီတလီ-အမေရိကန်ကပြား၊ ရှူနာရှိုက်ကုန်း၊ လူလည်ဂျပု ကာရိုက်တာက Dustin Hoffman နဲ့ ဘယ်လိုလိုက်မှန်းမသိလိုက်ဖက်နေတယ်။ Joe နဲ့ Ratso ဆုံတဲ့အချိန်ကစလို့ ကွဲပြားစွာပြောင်မြောက်နေတဲ့ သရုပ်ဆောင်မှုနှစ်ခုကို တစ်ဝကြီး ကြည့်ကြရတော့တာပဲ။ သူတို့နှစ်ယောက် စတွေ့တွေ့ပြီးချင်း လမ်းအတူလျှောက်လာရင်း လမ်းဖြတ်ကူးကြတဲ့အခါ ကားတစ်စီးကတိုက်မလိုဖြစ်သွားတယ်။ အဲ့မှာ Ratso က ကားဘောနတ်ကိုပုတ်ပြီး "I'm walking here!" လို့အော်လိုက်ပုံဟာ အသက်ပါလွန်းလို့ ပရိသတ်တွေတအား သဘောကျခဲ့ကြပြီး အတော်နာမည်ကြီးခဲ့တဲ့ movie quote ဖြစ်ခဲ့ပါတယ်။
သူတို့ဆုံကြတဲ့အချိန်က Joe တစ်ယောက် ငွေကြေးပြတ်လပ်လုနီးပြီး desparate ဖြစ်နေတဲ့အချိန်။ Ratso က Joe ရဲ့ ရည်မှန်းချက်ကိုသိရတော့ အဲ့ဘက်အပိုင်းမှာကျွမ်းကျင်တဲ့ မန်နေဂျာတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်ဆိုပြီး Joe ဆီကပိုက်ဆံညာယူလိုက်တယ်။ ဘူးလေးရာဖရုံဆင့်တဲ့ Joe ခမျာ နောက်ဆုံးကြံရာမရတော့ homosexual ကောင်လေးတစ်ယောက်နဲ့တောင် အပေးအယူ လုပ်မိတဲ့အထိပဲ။ အဲ့ကောင်လေးဆီကလဲ သူပိုက်ဆံမရပြန်ပါဘူး။ Ratso နဲ့ဒုတိယအကြိမ်ပြန်ဆုံတဲ့အခါကျတော့ Joe ဟာ ဒေါသတွေပေါက်ကွဲတော့မလို့ပဲ။ ဒါပေမယ့် Ratso ကတောင်းတောင်းပန်ပန်နဲ့ သူနဲ့အတူလိုက်နေဖို့ကမ်းလှမ်းတယ်။ သူနေတာက စွန့်ပစ်တိုက်ကြီးတစ်လုံးထဲမှာ။ မြူနီစီပယ် ရဲ့ဖြိုချမယ့်စာရင်းထဲအချိန်မရွေးရောက်လာနိုင်တဲ့ တိုက်ကြီးဆိုပေမယ့် Joe ရော၊ Ratso ရောအတွက်တော့ လမ်းပေါ်မှာအိပ်ရမှာထက်စာရင် အပုံကြီးသာမယ့် နတ်နန်းကြီးပဲ။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ အတူတူ ငတ်ဖော်၊ အိပ်ဖော်၊ အတိုအစလေးတွေခိုးဝှက်ဖော် ဖြစ်မှန်းမသိဖြစ်လာကြတယ်။ တစ်ချိန်ချိန်မှာ Joe ကအောင်မြင်တဲ့ယောကျာ်းပိုင်းလုံးတစ်ယောက်ဖြစ်လာခဲ့ရင် Ratso ကသူ့မန်နေဂျာပေါ့။ လေထဲတိုက်အိမ်ဆောက်တယ်ပဲဆိုဆို။
Ratso ခေါ် Rizzo ရဲ့ငယ်ဘဝကကော။ သူ့ငယ်ဘဝကိုတော့ Ratso ရဲ့ပြန်ပြောင်းပြောပြချက်တွေကပဲသိရတယ်။ သူအဖေဟာ ဘူတာရုံမှာ ဖိနပ်သုတ်သမားလုပ်ခဲ့တယ်။ တစ်ရက် တစ်ရက် လူပေါင်းများစွာတို့ရဲ့ ရှူးဖိနပ်တွေကို တိုက်ချွတ်ပေးရင်း၊ ဖိနပ်သုတ်ဆေးအနံ့ကို ရှူရှိုက်ရင်း Ratso လိုပဲ ချောင်းတဟွတ်ဟွတ်နဲ့ နောက်ဆုံး လူမွေးသူမွေးတောင်မပြောင်ဘဲ သေသွားရရှာတာပဲ။ Ratso ဟာ ဖိနပ်သုတ်တဲ့အလုပ်ကို သူ့အဖေလောက်နီးနီး ကျွမ်းကျင်ပေမယ့် သူ့အဖေလို တစ်သက်လုံးကုန်းရုန်းလုပ်ပြီး အောက်ခြေလူတန်းစားအဖြစ်နဲ့ပဲအရိုးထုတ်သွားဖို့ စိတ်ကူးမရှိဘူးတဲ့။ Joe နဲ့ Ratso တူညီတဲ့အချက်ဆိုရင် အဲတာပဲဖြစ်လိမ့်မယ်။ သာမန်လူဆိုတဲ့ စကားဟာ သူတို့အတွက်ရွံမုန်းစရာ။ သာမန်အဖြစ်ကိုသူတို့မလိုလား။ ဒါ့ကြောင့် သာမန်လူတွေလို ရရာအလုပ်လုပ်ဖို့လဲ သူတို့ခေါင်းထဲမရှိ။ သာမန်ထက်နိမ့်ကျနေတဲ့ သူတို့ရဲ့လက်ရှိအခြေအနေမျိုးမှာတောင်မှပေါ့လေ။ ဒါပေမယ့် ခက်ထန်ကြမ်းတမ်းတဲ့ New York လူနေမှုဘဝနဲ့ ကံကြမ္မာက သူတို့နှစ်ယောက်ကို ဘယ်လောက်ကြာကြာ အိပ်မက်မက်ခွင့်ပေးထားမှာတဲ့လဲ.........။


Jon Voight ရော၊ Dusting Hoffman ရော main acting roles တွေကပါဝင်ခဲ့တယ်လို့ဆိုနိုင်ပေမယ့် screentime အရရော၊ ဇာတ်လမ်းတည်ဆောက်ပုံအရပါ Joe Buck ကာရိုက်တာက ပိုပြီး main ဖြစ်တယ်လို့ ထင်တာပဲ။ ဇာတ်ကားဆုံးသွားတဲ့အခါ ပြန်တွေးကြည့်ရင် Joe Buck ရဲ့စိတ်နေစိတ်ထား၊ သူ့ရဲ့အကျင့်စရိုက်တွေ ဘယ်ကမြစ်ဖျားခံလာသလဲဆိုတာ ရေးရေးလေးပေါ်နိုင်တယ်၊ နားလည်နိုင်တယ်။ Ratso ရဲ့စိတ်သဘောထားကျတော့ မှန်းဆကြည့်ရုံပဲတတ်နိုင်တယ်။ Ratso ရဲ့မျက်နှာမှာကိုက ခံစားချက်တစ်ခုခုကိုဖွက်ထားသလို ခံစားရတယ်။ ဘာမှန်းတော့ မပြောတတ်ဘူး။ Joe အကြောင်းက ပိုရှင်းလင်းတယ်လို့ပြောပေမယ့် တချို့အချက်တွေကျ နားလည်ရခက်ပြန်ရော။ Joe ရဲ့ ကာရိုက်တာက လျို့ဝှက်ချက်တွေရှိတယ်လို့ပြောတာမဟုတ်ဘူး။ Joe ကိုယ်တိုင်တောင် သိချင်မှသိမယ့်၊ နားလည်ချင်မှနားလည်မယ့် အရာတွေပါ။ ဥပမာ - Joe ရဲ့ sexuality! သူ့အဘွားဟာ ကလေးဘဝ Joe အပေါ်မှာ လိင်ပိုင်းဆိုင်ရာအရ တစ်နည်းနည်း အသုံးချခဲ့ဖူးသလား။ အဲ့အချက်က Joe ရဲ့ personality အပေါ်လွှမ်းမိုးမှုရှိခဲ့မလား။ နောက်ပြီး Joe ရဲ့ ပြန်ပြောင်းတွေးတောချက်တွေ၊ အိပ်မက်တွေထဲက မိန်းကလေးကကော Joe နဲ့ ဘယ်လိုဆက်ဆံရေးရှိခဲ့တာလဲ။ ဘာဖြစ်သွားခဲ့တာလဲ။ နောက်တစ်ချက်က homosexuality အပေါ်ထားရှိတဲ့ Joe ရဲ့သဘောထား။ ပထမတစ်ခါ Ratso ကလိမ်လည်ပြီး Joe ကို homo လိုလို၊ ဘာသာရေးအယူသီးသူလိုလို ဘိုးတော်တစ်ယောက်ဆီပို့လိုက်တုန်းကတစ်ခါ၊ နောက် homo ကောင်လေးတစ်ယောက်နဲ့ အပေးအယူလုပ်ပြီး ရုပ်ရှင်ရုံထဲမှာတစ်ခါ၊ အဆုံးနားမှာတစ်ခါ စသဖြင့် Joe နဲ့ homosexuality နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေရှိခဲ့တယ်။ အဲ့အကြိမ်တွေမှာ Joe ရဲ့တုန့်ပြန်မှုနဲ့ မျက်နှာမှာပေါ်လာတဲ့ခံစားမှုတွေအရ Joe ဟာ လိင်တူချစ်ကြည်မှုကို ရွံမုန်းသူလား၊ သို့မဟုတ် သူ့ရဲ့မသိစိတ်မှာရှိနှင့်ပြီးတဲ့ homosexuality စိတ်ကို သိစိတ်က ဘယ်လိုတုံ့ပြန်ရမှန်းမသိတာလား တွေးစရာပေါ်ပါတယ်။
ဒီကားမှာ ပုံမှန်ထက်ပိုကြမ်းတမ်းတဲ့ လိင်ပြကွက်တွေ၊ language တွေမပါပေမယ့် prostituition, homosexuality, (incest?) တို့ကို ညွှန်းဆိုနိုင်တဲ့ context ကြောင့် အဲ့ခေတ်အခါအတွက်တော့ ကြမ်းလွန်းနေမယ်ထင်ပါတယ်။ ဒါကြောင့်ပဲ X-rated အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ်။ အကျိုးဆက်အနေနဲ့ Oscar best picture ဆုရတဲ့ ပထမဆုံး X-rated ဇာတ်ကားဖြစ်ခဲ့တာပါပဲ။ နောက်ပိုင်းမှာတော့ R-rated အဖြစ် ပြန်လည်ပြင်ဆင်ပေးခဲ့ကြပါတယ်။ Best picture အပြင် Director နဲ့ ဇာတ်ညွှန်းတို့ပါ အော်စကာရခဲ့ကြပါတယ်။ Dustin Hoffman နဲ့ Jon Voight တို့က nomination အသီးသီးပါခဲ့ကြပါတယ်။
အထက်ကပြောခဲ့သလိုပဲ။ Midnight Cowboy ဟာ သရုပ်ဆောင်မှုအပိုင်းနဲ့ပတ်သက်ရင် စံပြုပြောလို့ရမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။ Dustin Hoffman နဲ့ Jon Voight တို့ကသူတို့တစ်သက်လုံး ဂုဏ်ယူသွားနိုင်မယ့် တစ်ဦးချင်းသရုပ်ဆောင်မှုမျိုးကို ပြသခဲ့သလို သူတို့နှစ်ယောက်ကြားက chemistry ဟာလည်း ပရိသတ်တွေအတွက် ဝမ်းနည်းတသဖြစ်စရာအဖြစ် ရင်ထဲကျန်ခဲ့မှာပါ။


~Miller~