Nights of Cabiria (Le notti di Cabiria) (1957)
Nights of Cabiria ဇာတ်ကားကို အီတာလျံ Director ကြီး Federico Fellini က သူ့နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ La Dolce Vita တို့8½ တို့မတိုင်ခင်က ရိုက်ကူးခဲ့တာ။ ပြောရမယ်ဆိုရင် La Dolce Vita မရိုက်ခင် ၃ နှစ်အလိုခန့်က။ ဒါပေမဲ့ ရုပ်ရှင်လောကမှာ ငယ်စဉ်ကတည်းက ဇာတ်ညွှန်းဆရာဘဝနဲ့အမြစ်တွယ်နေခဲ့တဲ့ Fellini အတွက်တော့ သူ့ဘဝရဲ့အအောင်မြင်ဆုံးဆိုတဲ့ ဇာတ်ကားတွေ မရိုက်ကူးခင်ကတည်းက အခုလို Nights of Cabiria လို ဇာတ်ကားမျိုးတွေနဲ့အကောင်းဆုံးဇာတ်ကားတွေ ဖန်တီးနေပြီးနှင့်နေပြီ။
.
အမှန်က အခုဇာတ်ကားဖြစ်လာအောင် ကြိုးပမ်းခဲ့တာ လွယ်ကူခဲ့တာတော့ မဟုတ်ဘူး။ ထုတ်လုပ်သူအချို့ကို ဒီဇာတ်လမ်းလေး သူပြပေမဲ့ ထိုစဉ်က ဘယ်သူမှ စိတ်ဝင်စားဟန်မပြခဲ့ဘူး။ ဒါပေမဲ့ Dino De Laurentiis ဆိုတဲ့ ထုတ်လုပ်သူတစ်ယောက်က Fellini ကို ဇာတ်ကား ၅ ကားနဲ့စာချုပ်ချုပ်ချင်တယ်လို့လာချဉ်းကပ်တော့မှပဲ အခု ဇာတ်ကားလေးကို ဖန်တီးနိုင်ခဲ့တော့တယ်။ ထိုထုတ်လုပ်သူက ပြောရမယ်ဆိုရင် ထိုခေတ်က အီတာလီနိုင်ငံရဲ့ရုပ်ရှင်အကျော်အမော်အများစုနဲ့လက်တွဲအလုပ်လုပ်ဖူးတဲ့တစ်ယောက်။ Giuseppe တို့Rossellini တို့Vittorio De Sica တို့ရုပ်ရှင်တွေလည်း သူထုတ်ပေးခဲ့ဖူးတယ်။ Budget ကြောင့်လား အနုပညာအရ ရွေးချယ်ခြင်းကြောင့်လားတော့ မသိဘူး။ သူ့ဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ ခေါင်းဆောင်မင်းသမီးနေရာမှာ သူ့ရဲ့ဇနီး Giulietta Masina ကို ရွေးချယ်ခဲ့တယ်။ ဘာကြောင့်ပဲရွေးချယ် ရွေးချယ်၊ သူ့ရဲ့ရွေးချယ်မှုက မှန်ကန်ခဲ့တာတော့ အသေအချာပဲ။ မင်းသမီး Giulietta Masina လည်း ဒီဇာတ်ကားနဲ့ပဲ Cannes ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးနိုင်ခဲ့တယ်။
ဇာတ်လမ်းကတော့ ဇာတ်ကားနာမည်အတိုင်းပဲလို့ပြောရမလားပဲ။ အဓိကဇာတ်ကောင် Cabiria ဟာ ညရဲ့အမှောင်ထုမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်ဆိုတော့ သူကျင်လည်ခဲ့ရတဲ့ ညတွေအကြောင်းပေါ့။ Cabiria က ရောမမြို့ရဲ့ညလမ်းမတွေပေါ်က အပျော်အမျိုးသမီးတစ်ယောက်။
.
သူက မိန်းမပျက်တစ်ယောက်ဆိုပေမဲ့ သူမရဲ့လောကကြီးအပေါ်ခံယူချက်က မိန်းမပျက်တစ်ယောက်ထက်တော့ ပိုတယ်။ သူမက တစ်ခြားလုပ်ဖော်ကိုင်ဖက် အမျိုးသမီးတွေနဲ့မတူဘူး။ သူမမှာ ထိုအမျိုးသမီးတွေထက် ထူးခြားချက်တွေရှိတယ်။ ထူးခြားတယ်ဆိုတာ ပိုသာတာ၊ ပိုကောင်းတာမျိုးကို ပြောတာမျိုးတော့ မဟုတ်ဘူး။ လူခန္ဓာကိုယ်အရွယ်အစားအရဆိုရင်လည်း သူမက စီးပွားရှာဖက်တစ်ခြားအမျိုးသမီးတွေထက် ပိုသေးတယ်။ ပိုညှက်တယ်။ ပြီးတော့ တစ်ချို့ညမွှေးပန်းအမျိုးသမီးတွေလိုလည်း မလှဘူး။ စွဲဆောင်မှုမရှိဘူး။ ဒါပေမဲ့ သူမရဲ့တစ်ခြားထူးခြားချက်က မလှပေမဲ့ လူတကာရဲ့စိတ်ဝင်စားမှုကိုတော့ သူမကံကောင်းစွာနဲ့ရတယ်။ လူတွေရဲ့စိတ်ဝင်စားမှုကို ရနိုင်တဲ့ အရည်အချင်းကလည်း သူမက တမင်လုပ်ယူတာမျိုးမဟုတ်ဘူး။ သူမရဲ့နဂိုဖြစ်တဲ့ မွေးရာပါအရည်အချင်းတစ်ခုမျိုး။ ဒါကြောင့်လည်း နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီးတစ်ယောက်က သူမလိုလမ်းဘေးက မိန်းမပျက်တစ်ယောက်နဲ့တစ်ညတာ အချိန်ကုန်ခဲ့ဖူးတယ်လို့သူမကပြောပြရင်တောင် ဘယ်သူက ယုံကြည်မှာလဲ။
.
လူတစ်ချို့ရဲ့စိတ်ဝင်စားခြင်းခံရတယ်ဆိုတာကလည်း ဒါရိုက်တာပုံဖော်ထားတဲ့ ဇာတ်ကောင်စရိုက်ကြောင့် ဖြစ်မယ်ထင်တယ်။ သူမဇာတ်ကောင်ကို ပျော့ညံ့တဲ့မိန်းမသားတစ်ယောက်အသွင်တော့ ဖန်တီးထားတာ မဟုတ်ဘူး။ အခြေအနေတွေကို အခက်အခဲတွေကို အရှုံးမပေးပဲ ကျော်လွှားနိုင်တဲ့ ဇာတ်ကောင်စရိုက်မျိုး။ တစ်ခါတစ်လေ ကုန်တင်ကားတွေပေါ်လည်း ဖောက်သည်က ခေါ်လို့တက်လိုက်ရတယ်။ ရဲတွေလာရှင်ရင်လည်း ခြုံတွေကြားထဲမှာ တစ်ခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ပုန်းကြရတယ်။ တစ်ခါတစ်လေကြရင်တော့လည်း လမ်းမပေါ်မှာ တစ်ခြားစီးပွားရှာဖက်တွေနဲ့ရန်ဖြစ်ပြီး နပန်းလုံးရင်လုံးတတ်တဲ့ အမျိုးသမီးမျိုး။ ဒါပေမဲ့ ထိုအခြေအနေတွေကို ကျော်လွှားနိုင်ခဲ့တာကလည်း ဒီဇာတ်ကောင်စရိုက်ရဲ့ မသိစိတ်ထဲမှာ လောကကြီးကို အကောင်းမြင်တတ်တဲ့ စိတ်ကြောင့်။ ဘဝမှာ ဘယ်လောက်ပဲ ကံဆိုးတဲ့အကြောင်းအရာတို့၊ အခက်အခဲတို့ကြုံတွေ့ရပါစေ၊ တစ်ချိန်ချိန်မှာတော့ ကံကောင်းမယ်၊ အခက်အခဲတွေဟာ ထာဝရမဟုတ်ဘူးဆိုတဲ့ အကောင်းမြင်တဲ့စိတ်လေး ကိန်းအောင်းနေခဲ့လို့ပဲ။ အချစ်စစ်ဆိုတာလည်း တစ်ကယ်ရှိတယ်ဆိုတာ သူမက ယုံကြည်ခဲ့တာကိုး။
ဇာတ်ကားတစ်ကားလုံးရဲ့ဇာတ်ဝင်ခန်းတိုင်းမှာ Cabiria ဇာတ်ကောင်ပါတယ်။ ဒီတော့ သူမဇာတ်ကောင်စရိုက်ကို ကျွန်တော်တို့ပရိသတ်တွေနဲ့ရင်းနှီးပြီး သူမဇာတ်ကောင်စရိုက်ကို နားလည်ဖို့လွယ်ကူလာတယ်။ သူမက သူမဘဝမှာ မ ပျော်တဲ့ အမျိုးသမီးတစ်ယောက်တော့ မဟုတ်ဘူး။ ရောမမြို့ရဲ့ညအမှောင်ထုမှာ အလုပ်လုပ်ကိုင်နေရတဲ့ မိန်းမသားတစ်ယောက်ဖြစ်ပေမဲ့ သူမရတဲ့ပိုက်ဆံလေးနဲ့အိမ်လေးတစ်လုံးဝယ်ထားနိုင်တာကိုတော့ သူမဂုဏ်ယူတယ်။ သူမအိမ်လေးက သေးတာတော့ တော်တော်သေးတယ်။ ပြီးတော့ စက်မှုဇုံတွေရဲ့စွန့်ပစ်မြေပေါ်မှာ ကျူးကျော်ရပ်ကွက်လိုမျိုးနေရာလေးမှာ ရှိတဲ့အိမ်လေး။ ဒါပေမဲ့ ဒီဘဝလေးမှာ တစ်ခါတစ်လေတော့ သူမကျေနပ်တယ်။ ဒါကြောင့်လည်း သူမ မှာကိုယ်ပိုင်အိမ်လေးတစ်လုံးရှိတာကို သူမဂုဏ်ယူစွာနဲ့အမြဲပြောဖြစ်တယ်။ ဒါပေမဲ့ သူမမှာလည်း သူမထုတ်ဖော်ဖွင့်မပြောတဲ့ ဘဝအပေါ်မကျေနပ်ချက်လေးတွေလည်း ရှိတာပေါ့။ ဥပမာ ဇာတ်ကားရဲ့ပထမဇာတ်ဝင်ခန်းမှာတင် သူမဘဝရဲ့စိတ်ပျက်ဖွယ်တွေကို ကျွန်တော်တို့စ တွေ့ခဲ့ရတယ်။ သူမအပေါ် တစ်ကယ်ချစ်တယ်လို့သူမ ထင်ထားတဲ့ လူတစ်ယောက်နဲ့ချောင်းလေးဘေးမှာ သူမလမ်းလျှောက်နေတယ်။ ရုတ်တရက် ထိုလူက သူမလွယ်ထားတဲ့ ပိုက်ဆံတွေပါတဲ့ ပိုက်ဆံအိတ်ကို လုယူပြီး သူမကိုချောင်းထဲ တွန်းချခဲ့တယ်။ သူမ ရေမကူးတတ်ဘူးဆိုတာကိုတော့ ထိုလူသိချင်မှ သိမယ်။ ဒါပေမဲ့ ထိုလူကို သူမ ထပ်မတွေ့ခဲ့ရသလို ဇာတ်ကားတစ်လျှောက် ကျွန်တော်တို့လည်း ထိုလူကို ထပ်မတွေ့ရတော့ဘူး။ ဇာတ်ကားက ထိုစဉ်ကနေစပြီး သူမဘဝမှာ ကံဆိုးခြင်းဖြစ်ရပ်တွေနဲ့ကြုံတွေ့ ခဲ့ရပုံတွေကို တင်ပြခဲ့တယ်။ ဒါပေမဲ့ သူမက ဘဝကို လုံးလုံးလျားလျားကြီးတော့ ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ ဇာတ်ကားက ဇာတ်လမ်းဇာတ်ကွက်ဆိုတဲ့ အရာအပါ်ကို အဓိကထားမပြပဲနဲ့Cabiria ဇာတ်ကောင်စရိုက်ကို ပြသနေရင်း သူမကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေအသီးသီးရဲ့အကြောင်းအရာတွေကို အဓိကထားပြသသွားတယ်။ ထိုအဖြစ်အပျက်အသီးသီးမှာတင် ကျွန်တော်တို့တွေ Cabiria နဲ့ပိုရင်းနှီးလာတယ်။
.
Director ကြီး Federico Fellini ရော၊ မင်းသမီး Giulietta Masina ရော သူတို့နှစ်ယောက်စလုံးက ဒီ Cabiria ဇာတ်ကောင်ဟာ Charlie Chaplin ရဲ့Little Tramp ဇာတ်ကောင်ကို အခြေခံထားတာလို့ပြောခဲ့ကြတယ်။ ကျွန်တော်လည်း ဇာတ်ကားကြည့်နေရင်းနဲ့သူမ ဇာတ်ကောင်အပေါ် အသွင်ဖန်တီးထားတာက Little Tramp နဲ့ဆင်တူတယ်လို့ထင်ခဲ့တာ။ နောက်မှ အခု review ရေးရင်း research လုပ်တော့မှ Fellini နဲ့Masina တို့က ဒီဇာတ်ကောင်ကို Little Tramp အပေါ် အခြေခံထားတယ်ဆိုတာ သိခဲ့ရတာ။ Cabiria ဇာတ်ကောင်ရဲ့မျက်နှာပေး အမူအရာတွေ၊ လမ်းလျှောက်ပုံတွေ၊ စကားပြောဆိုဟန်တွေ၊ အပြုအမူတွေ၊ ထီးကောက်တစ်ချောင်းနဲ့လမ်းလျှောက်တာတွေ၊ နောက်တော့ ဘဝမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်အခြေအနေတွေကအစ ဆင်တူခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့အချစ်တော်ကြီး Little Tramp က ဇာတ်လမ်းတွေရဲ့အဆုံးသတ်မှာတော့ happy endings တွေပေးခဲ့ပေမဲ့ ဒီဇာတ်ကားထဲက Cabiria ကတော့ ရောမမြို့ရဲ့လမ်းမတွေပေါ်မှာ အသက်ဆက်ရှင်ဖို့မနည်းကြိုးစားနေရတုန်းပဲ။
.
Director ကြီး Federico Fellini ရဲ့လက်ရာတွေနဲ့မစိမ်းတဲ့ ပရိသတ်တွေကတော့ ယခုဇာတ်ကားက သူရဲ့အနုပညာဖန်တီးဟန် ပြောင်းလဲခြင်း နှစ်ခုရဲ့ကြားမှာ ရှိနေခဲ့တဲ့ ဇာတ်ကားဆိုတာ သိကြပါလိမ့်မယ်။ Fellini က ယခုဇာတ်ကားမတိုင်ခင်က ထိုခေတ်ရဲ့တစ်ခြား Italian ရုပ်ရှင်အနုပညာရှင်ကြီးတွေလိုပဲ Italian Neorealism ဆန်တဲ့ ဇာတ်ကားတွေ ရိုက်ကူးခဲ့တယ်။ စစ်ကြီးပြီးတော့ Italy နိုင်ငံရဲ့ရုပ်ရှင်အနုပညာနယ်ပယ်မှာ Neorealism သရုပ်ဖော်ချက်တွေ အတော်လေး ခေတ်စားခဲ့တယ်။ ဥပမာပေးရရင် Director ကြီး Vittorio De Sica ရဲ့ကမ္ဘာကျော် Bicycle Thieves (1948) ပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း ပွင့်ပွင့်လင်းလင်းပြောရရင် Neorealism ဆန်တဲ့ ရုပ်ရှင်ကားတွေကို ပိုသဘောကျတယ်။ လူသားတွေရဲ့နေ့စဉ်ဒုက္ခတွေ၊ ဆင်းရဲသားတွေရဲ့နေ့စဉ်ဘဝတွေ၊ အလုပ်ကြမ်းသမား (တနေ့လုပ်စာ တနေ့စားကြရတဲ့ အခြေခံလူတန်းစားတွေရဲ့ခက်ခဲပင်ပန်းဆင်းရဲတဲ့ ဘဝတွေကို မီးမောင်းထိုးပြတဲ့ ဇာတ်ကားတွေ) ဒါပေမဲ့ Fellini က အရင်က Neorealism ဆန်တဲ့ ဇာတ်ကားတွေရိုက်ကူးခဲ့ပေမဲ့ ယခု Nights of Cabiria ဇာတ်ကားအပြီးနောက်ပိုင်း ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာတော့ ကျွန်တော်တို့တွေ Neorealism တွေကို မတွေ့ကြရတော့ပဲ extravagant sensory လို့ပြောရမဲ့ အထက်တန်းလွှာတွေရဲ့ဘဝတွေကို ပုံဖော်ထားတဲ့တင်ပြဟန်တွေဘက်ကို ယိမ်းသွားတာကို တွေ့ခဲ့ကြရတယ်။ ထင်ရှားတဲ့ ဥပမာဆိုရင် အခုဇာတ်ကားအပြီး နောက် ၃ နှစ်အကြာမှာ ထွက်ခဲ့တဲ့ သူ့ရဲ့ La Dolce Vita (1960) ဇာတ်ကားပဲ။ ကျွန်တော်ကတော့ La Dolce Vita ကြည့်ပြီးမှ အခု Nights of Cabiria ဇာတ်ကားကို ကြည့်ဖြစ်ခဲ့တာ။ La Dolce Vita ထဲက တစ်ချို့ဇာတ်ဝင်ခန်းတွေက ယခုဇာတ်ကားထဲက တစ်ချို့ဇာတ်ဝင်ခန်းတွေနဲ့ဆင်တူနေတာကိုလည်း တွေ့ခဲ့ရတယ်။ ဥပမာ ဘုရားကျောင်းသွားတဲ့ ဇာတ်ဝင်ခန်းတို့၊ အထက်တန်းလွှာတွေထဲက Party ဇာတ်ဝင်ခန်းတို့တွေ။
.
Fellini က ကဗျာတို့၊ ဂီတသမားလို့ဖတ်ဖူးတယ်။ ဖတ်ဖူးတာ သူ ရုပ်ရှင်ရိုက်ကူးနေစဉ်မှာ သရုပ်ဆောင်တွေရဲ့စကားပြော Dialogue တွေကို အသံမဖမ်းဘူး။ ပြီးတော့မှ Studio ထဲမှာ စကားပြောအသံတွေ ပြန်ထည့်တာ။ ထိုခေတ်က Italian directors အများစုလည်း အခုလို စကားပြောတွေကို နောက်မှ ပြန်ထည့်ကြတယ်။ ဒါပေမဲ့ Fellini က ဘာပိုထူးခြားသွားသလဲဆိုတော့ သူက ရိုက်ကူးရေးအများစုမှာ စကားပြောအသံတွေ ဖမ်းမဲ့အစား တေးဂီတအသံတွေ တီးခတ်ပေးတယ်တဲ့။ သရုပ်ဆောင်တွေက တေးဂီတအသံတွေနဲ့သရုပ်ဆောင်ခဲ့ကြတာ။ အခု အခွေတွေနဲ့ကျွန်တော်တို့တွေ ကြည့်နေကြရတဲ့ ဒီရုပ်ရှင် version အတွက် subtitle ကို Director ကြီး Pier Paolo Pasolini က ပိုကောင်းတဲ့ dialogue တွေဖြစ်အောင် ကူညီထည့်သွင်းပေးခဲ့တာ။
Cabiria ဇာတ်ကောင်က ကျွန်တော်အပေါ်မှာ ရေးထားခဲ့သလို အချစ်စစ်ဆိုတာကို မသိစိတ်က ယုံကြည်နေခဲ့တဲ့အတွက် ထိုအချစ်စစ်ကို မသိစိတ်က တောင့်တခဲ့တယ်။ တောင့်တခဲ့သလို ရှာလည်းရှာဖွေခဲ့တယ်။ သူမက မကောင်းတဲ့အလုပ်နဲ့အသက်မွေးနေတာ မှန်ပေမဲ့ ကံတရားရဲ့ခွင့်လွှတ်ခြင်းကို ယုံကြည်ခဲ့တယ်။ ဇာတ်ကားရဲ့အလှည့်အပြောင်းတစ်ခုဖြစ်လာမဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ သူမကို မျက်လှည့်ဆရာကြီးတစ်ယောက်က အိပ်မွေ့ချပြီး လူလည်ခေါင်ရှေ့မှာ မေးတော့ သူမက မသိစိတ်ထဲက အမှန်တရားကို ဖွင့်ချခဲ့တယ်။ ဒါကြောင့်လည်း ထိုဇာတ်ဝင်ခန်းမှာ သူမရဲ့ချိုသာမှုတွေ၊ ငယ်စဉ်က ချိုမြိန်ခဲ့တဲ့အမှတ်တရတွေ၊ အချစ်စစ်ကို လိုချင်မှုတွေကို ဖွင့်ပြောခဲ့တယ်။ ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာတော့ လူသားတွေကပဲ ရက်စက်လွန်းတာလား၊ ကံကြမ္မာတွေကပဲ အညှိုးကြီးလွန်းတာလား၊ ဘဝကပဲ မတရားတာလားဆိုတာကို မေးခွန်းပြန်ထုတ်နေခဲ့မိတယ်။
.
လူတွေပြောတတ်တဲ့ အားပေးစကားတွေ ရှိတယ်လေ။ ကံဆိုးပြီးရင် ကံကောင်းမယ်တဲ့။ ကံကြမ္မာဆိုတာ အတုံ့အလှည့်တဲ့။ အခုကံဆိုးနေတာ ပြီးရင် ကံကောင်းလာဖို့တဲ့။ ဖြစ်သမျှအကြောင်း အကောင်းပဲတဲ့။ ဟုတ်လို့လား။ တစ်ကယ်ရော ဟုတ်ရဲ့လား။ ဒါတွေဟာ တစ်ကယ်တော့ ကံကြမ္မာရဲ့လှည့်စားခြင်းသပ်သပ်တွေပဲ။ ကံကြမ္မာက Cabiria ဇာတ်ကောင်ကို ဘဝမှာ ကံဆိုးခြင်းတွေ ပေးလိုက်တယ်။ နောက်တော့ အချိုသပ်တဲ့ဟန်နဲ့ကံကောင်းလာတော့မဲ့ အရိပ်အယောင်လေးပြလိုက်တယ်။ လောကကြီးနဲ့ ကံကြမ္မာကို အကောင်းမြင်တတ်တဲ့ Cabiria တစ်ယောက်ကတော့ ကံကောင်းလာပြီလို့ထင်ယောင်ထင်မှားတွေဖြစ်ပြီး ပျော်နေတာပေါ့။ ဒါပေမဲ့ ကံကြမ္မာက အရမ်းယုတ်မာလွန်းတယ်။ ကံကောင်းလာယောင် ဟန်ဆောင်ပေးပြီး ပိုဆိုးတဲ့အခြေအနေတစ်ရပ်ကို နောက်ဆုံးမှာတော့ တွန်းပို့လိုက်တော့တယ်။ ကျွန်တော်တို့လူသားတွေဟာ Cabiria လိုပဲ ပျော့ညံ့ကြတယ်။ ကံကြမ္မာရဲ့လှည့်စားခြင်းတွေကို အမှတ်မရှိပဲ ယုံတတ်ကြတယ်။ တစ်ကယ်တော့ ကံဆိုးပြီးရင် ကံမကောင်းလာဘူး။ ကံပဲ ပိုဆိုးလာခဲ့မယ်ဆိုတာ ကျွန်တော်တို့တွေ မရိပ်မိခဲ့ကြဘူးလေ။
.
ဇာတ်ကားအဆုံးနားရောက်လာလေ ကျွန်တော်တို့ကိုယ်တိုင်လည်း ပျော်ရွှင်ခြင်းတွေကို ဘယ်လောက်တောင့်တနေသလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပြန်တွေ့လာရတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ပျော်ရွှင်ခြင်းတွေနဲ့ဝေးကွာလာရသလို Cabiria လည်း ပျော်ရွှင်ခြင်းတွေနဲ့ပိုဝေးလာတော့တယ်။ ဒီဇာတ်ကားရဲ့နောက်ဆုံးဇာတ်ဝင်ခန်းက ရုပ်ရှင်သမိုင်းမှာ နာမည်ကြီးတဲ့အခန်းပဲ။ Cabiria တစ်ယောက် လမ်းပေါ်မှာ မျက်ရည်တွေနဲ ့လမ်းလျှောက်နေတယ်။ ဒါပေမဲ့ လူသားတစ်ယောက်ရဲ့နောက်ဆုံးခွန်အားတွေကို သူမမျက်နှာပေါ်က မျက်ရည်တွေကြားထဲက အပြုံးလေးတစ်ခုမှာ ကျွန်တော်တို့တွေ့လိုက်ရတော့တယ်။ ဘဝက ကျွန်တော်တို့တွေကို မျက်ရည်တွေပေးမယ်။ ဒါပေမဲ့ ထိုမျက်ရည်တွေက ကျွန်တော်တို့လူသားတွေရဲ့ရှေ့ဆက်မဲ့ ခရီးတွေအတွက် ခွန်အားတွေပဲဆိုတာကိုတော့ ကျွန်တော်တို့ကို လှည့်စားခဲ့တဲ့ ကံကြမ္မာနဲ့ဘဝတွေကတော့ မသိခဲ့ကြရှာဘူး။ နောက်ဆုံးတော့ လူသားတွေဟာ ဘယ်တော့မှ အနိုင်မရလည်း ဆက်လက်တိုက်ပွဲနေကြအုံးမှာပဲ။
လွန်ခဲ့တဲ့ 27 နှစ်ခန့် 1992 ခုနှစ် Oscar ပေးပွဲတုန်းက Director ကြီး Federico Fellini တစ်ယောက် တစ်သက်တာ ဂုဏ်ပြုခြင်းဆိုတဲ့ Honorary Career Oscar ဆုကို ရရှိခဲ့တယ်။ ထိုဆုကို စင်ပေါ်မှာ သူတက်ယူပြီး မိန့်ခွန်းထဲမှာ သူဘာပြောခဲ့သလဲဆိုတော့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေအကုန်လုံးအထဲမှာ အခုအချိန်ထိ Cabiria ဇာတ်ကောင်ကို သူ စိုးရိမ်နေမိတုန်းပဲတဲ့။ တစ်ကယ့်ကို ရင်ထဲထိတဲ့ စကားလေးတစ်ခွန်းပါ။ Cabiria ရဲ့ရှေ့ဆက်တွဲ ဘဝကို ကျွန်တော်တို့လည်း မသိခဲ့သလို ဖန်တီးရှင် Fellini တစ်ယောက်လည်း မသိခဲ့ဘူး။ နောက်တော့ ထို Oscar ပေးပွဲရဲ့ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ သူ့ဇနီး Giulietta Masina (Cabiria ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး) ကို လှမ်းကြည့်ပြီး မငိုနဲ့လို့ပြောခဲ့တယ်။ ဒါပေမဲ့ Giulietta Masina ရဲ့မျက်နှာပေါ်မှာ မျက်ရည်တွေကြားထဲက အပြုံးကို လူတိုင်းမြင်ခဲ့ကြရတယ်။ ဒါပဲ။ ဒါ ကျွန်တော်တို့ရဲ့Cabiria ပဲ။
.
Rotten Tomatoes’ Rating: 97%
IMDb Rating: 8.1/ 10
~WH~