ဇာတ်လမ်းအကျဉ်း (Synopsis)

အမှန်တော့ ဒီအိမ်ထောင်ရေးဟာ သာယာတဲ့အိမ်ထောင်ရေးတစ်ခုတော့ မဟုတ်ဘူး။ မိမိလုပ်ကိုင်ရာနယ်ပယ်မှာ အသီးသီးအောင်မြင်ခြင်းတွေကြောင့်လည်း ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက် ဝေးကွာလွန်းတယ်လို့ခံစားနေရတာ ကြာပြီ။ အမျိုးသားဖြစ်သူကတော့ သိပ်အရေးလုပ်ဟန်မတူ၊ သူ့စီးပွားရေးလုပ်ငန်းတွေအတွက်ပဲ အာရုံစိုက်နေသလို တစ်ခြားအပြင်မှာလည်း ပျော်စရာတွေ့ထားတာကိုး။ ဒါပေမဲ့ အမျိုးသမီးလုပ်သူကတော့ မိန်းမဆိုတဲ့အတိုင်း အေးစက်စပြုလာတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပြန်လည်နွေးထွေးအောင် ဆောင်ရွက်ဖို့အခွင့်သာတိုင်း ကြိုးစားပါတယ်။ ဒါပေမဲ့ အမျိုးသားရဲ့ရှောင်လွှဲမှုတွေကပဲ သူမကို ကြိုဆိုနေခဲ့တယ်။
.

ခု ရက်ပိုင်း သူမစိတ်တွေ နောက်ကျိနေတယ်။ အရင်လို သွက်လက်လန်းဆန်းတယ်ဆိုတာ သူမမျက်နှာမှာ မတွေ့ရတာတောင်ကြာလှပေါ့။ သူမရဲ့အလုပ်ဖြစ်တဲ့ အနုပညာပြပွဲတွေမှာလည်း စိတ်သိပ်မပါတော့။ ဒါတွေဟာ ခင်ပွန်းဖြစ်သူကို စွဲလန်းတဲ့စိတ်ကြောင့်မဟုတ်ဘူး။ အတိတ်က ခင်ပွန်းဟောင်းကို ပြန်လည်တမ်းတနေတဲ့ စိတ်ကြောင့်ပဲ။ တမ်းတတယ်ဆိုတာကလည်း သူမစိတ်ထဲမှာ မကြာမကြာ ဝင်ဝင်လာတတ်တဲ့ သတိရခြင်းမျိုးကို ပြောတာ။ ထို့နောက်တော့ တစ်ရက်တွင် ထိုခင်ပွန်းဟောင်းဖြစ်သူထံမှ သူမအတွက်ဆိုပြီး ရေးထားတဲ့ စာမူတစ်ခု (ထုတ်ဝေခြင်းမပြုရသေးသော ဝတ္ထု) ရောက်ရှိလာတော့ သူမရဲ့စိတ်တွေ ပိုရောက်ရက်ခက်ကုန်တော့တာပဲ။
.

ထိုဝတ္ထုစာအုပ်နာမည်က “Nocturnal Animals” တဲ့။ သူမပြန်သတိရမိသွားတယ်။ ဒီနာမည်ဟာ ထိုခင်ပွန်းဟောင်း သူမကို ခေါ်လေ့ရှိတဲ့နာမည်တစ်ခုဆိုတာပဲ။ ပထမဆုံး စာမျက်နှာကို လှန်လိုက်တော့ “For Susan” တဲ့။ Susan ဆိုတာ သူမနာမည်လေ။ ထို့နောက် သူမထိုစာအုပ်ကို စဖတ်ရင်း အတိတ်က ဖြစ်ရပ်တွေကို မြင်ယောင်လာပါတော့တယ် …

ဇာတ်လမ်းအားဝေဖန်ခြင်း

ရုပ်ရှင်တစ်ကားဆိုတာ ကြည့်နေရင်းနဲ့ဆက်လက်တွေးတောခြင်းတွေ ဖြစ်စေရင် ဇာတ်ကားကောင်းတစ်ကားလို့အလွယ်တကူ ကောက်ချက်ချလို့ရပါတယ်။ ထို့နောက် ဇာတ်ကားပြီးဆုံးသွားသည့်တိုင် နေ့ရက်များစွာ ဆက်လက်တွေးတောနေပါက သေချာပါတယ်။ ထိုဇာတ်ကားဟာ သင့်ရဲ့အကြိုက်ဆုံးဇာတ်ကားတွေထဲကို ရောက်ရှိသွားပြီဆိုတာပဲ။ ဒီဇာတ်ကားဟာ လူတိုင်းအတွက် မဟုတ်နိုင်ဘူး။ လူတစ်ချို့လောက်ပဲ နှစ်သက်နိုင်မယ်လို့ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ထိုလူတစ်ချို့ဆိုတဲ့ အရေအတွက်ထဲမှာတော့ ကျွန်တော်ပါတာပေါ့။ ဒါကလည်း ကိုယ့် Personal နဲ့ကိုယ် နှစ်သက်မိတာပါ။
.

အမျိုးသမီးအများစုဟာ တစ်ချိန်တစ်ခါမှာတော့ စိတ်ကူးယဉ်ဆန်တတ်ကြတယ်။ ဒါပေမဲ့ သူတို့ကိုယ် သူတို့ရင့်ကျက်တယ်တို့လူကြီးဆန်လာပြီတို့ခံစားလာရပြီဆိုရင် ထိုစိတ်ကူးတွေထဲကနေ ရုန်းထွက်ကြတယ်။ ထိုရုန်းထွက်မှုဟာ မိမိခြေထောက်ပေါ် မိမိရပ်တည်ခြင်းမျိုးတော့ မဟုတ်။ ပို၍သာတဲ့၊ ပို၍ ကောင်းမွန်တဲ့ အရာတွေဆီကို တန်းတန်းမတ်မတ်ကြီး ဝင်ရောက်ပျောက်ကွယ် သွားတော့တာမျိုး။ သူတို့က ပြောလိမ့်မယ်။ ရှင်ဟာ အသုံးမကျဘူးတို့၊ ပျော့ညံ့တယ်တို့၊ ကလေးဆန်တယ်တို့၊ မရင့်ကျက်ဘူးတို့၊ သိပ်ပြီး ခံစားနေတတ်တဲ့သူတို့(emotional)၊ အရာရာကို ဆတ်ဆတ်ထိမခံတဲ့သူတို့(sensitive) အစရှိတဲ့ နာမည်ပေါင်းစုံတွေကို သူတို့ပေးကြလိမ့်မယ်။ ဒီဇာတ်ကားထဲက Susan ဆိုတဲ့ အမျိုးသမီးဟာ ထိုဇာတ်ကောင်ပဲ။
.

Nocturnal Animals မှာ ဇာတ်ကောင်တွေကို အသီးသီးရေးဖွဲ့ထားပုံတွေဟာ အပြင်လောကရဲ့လူသားတွေစရိုက်တွေနဲ့အလွန်နီးစပ်တယ်။ နီးစပ်တယ်ဆိုတာထက် တစ်ထပ်တည်းကျတယ်လို့တောင် ပြောနိုင်တယ်။ ဇာတ်လမ်းက 3 ပိုင်းပါတယ်။ ဒါပေမဲ့ ထို 3 ပိုင်းစလုံးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။ တစ်ခုက အတိတ်ဖြစ်ပြီး နောက်တစ်ခုက လက်ရှိအချိန်ဖြစ်တယ်။ ဒါပေမဲ့ ထို ကာလ နှစ်ခုကို ဆက်စပ်ပေးစေတာက Metaphor သဘောမျိုး ပြသထားတဲ့ ဝတ္ထုစာအုပ်ထဲက ဇာတ်လမ်းဖြစ်တယ်။ သူတို့တင်ပြသွားပုံက ထို ဇာတ်လမ်း 3 ခုကို တစ်ပြေးညီ Parallel သဘောမျိုး တင်ဆက်သွားခြင်းပဲ။ ခင်ပွန်းဟောင်းဖြစ်သူ ရေးသားပို့ပေးကာ သူမ ဖတ်နေတဲ့ စာအုပ်ထဲက ဇာတ်လမ်းဟာ သူတို့အရင်က ဘဝလေးကို ထင်ဟပ်စေတဲ့ သဘောမျိုးနဲ့ရေးဖွဲ့ခဲ့တာပဲ။

ဇာတ်ကား info နှင့် ဝေဖန်ရေးအကျဉ်း

2016 Venice International Film Festival ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားဟာ Grand Jury Prize ဆိုတဲ့ ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Director ကတော့ A Single Man ဇာတ်ကားနဲ့စတင်ရိုက်ကူးခဲ့တဲ့ နာမည်ကြီး Fashion Designer Tom Ford ပဲဖြစ်ပါတယ်။ သူက A Single Man ဇာတ်ကားရိုက်ကူးပြီး နောက်ထပ် 7 နှစ်လောက် မည်သည့်ဇာတ်ကားမှ ရိုက်ကူးခဲ့ခြင်းမရှိပဲ ယခု 2016 မှ ယခု Nocturnal Animals ဇာတ်ကားကို ပြန်လည် ရိုက်ကူးခဲ့ခြင်းပဲ ဖြစ်တယ်။ ဇာတ်လမ်းကတော့ စာရေးဆရာကြီး Austin Wright ရေးသားကာ 1993 ခုနှစ်က ထုတ်ဝေခဲ့တဲ့ “Tony and Susan” ဆိုတဲ့ ဝတ္ထုကို ပြန်လည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
.

ဒီဇာတ်ကားမှာ ပရိသတ်တိုင်း အလွယ်တကူ သတိထားမိမဲ့အချက်တွေက ဇာတ်ညွှန်းရယ်၊ လှုပ်ရှားမှုဓာတ်ပုံပိုင်းရယ်၊ တည်းဖြတ်မှုအပိုင်းရယ်၊ သရုပ်ဆောင်ပိုင်းတွေရယ်ပဲ။ Tom Ford ဟာ Fashion Designer ဆိုတဲ့အတိုင်း သူရိုက်ကူးတဲ့ ဇာတ်ကားတွေရဲ့ဇာတ်ဝင်ခန်းတစ်ခန်းချင်းစီကို အသေးစိပ် ပုံဖော်ခဲ့ပုံရတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ဝင်ခန်းတွေမှာတောင် နူးညံ့လွန်းတယ်လို့ခံစားရတယ်။ နုးညံ့တယ်ဆိုတာ ရိုက်ချက်တွေကို ပြောတာမဟုတ်ဘူး။ တင်ဆက်ပုံဟာ ကဗျာဆန်တယ်လို့ပြောချင်တာမျိုး။ ဒါကြောင့်မို့Cinematography ဟာ ဒီနှစ်ရဲ့အကောင်းဆုံး Cinematography ဇာတ်ကားတွေမှာ တစ်ကားပါဝင်တာပေါ့။ တည်းဖြတ်မှုအပိုင်းကို ကျွန်တော်သဘောအကျဆုံး ဖြစ်တာကတော့ ရှင်းပါတယ်။ ဇာတ်လမ်း 3 ခုကို လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ ဇာတ်ဝင်ခန်းကို သင့်တင့်စွာ ထည့်ခြင်းမျိုးတွေရယ်၊ ဖြတ်သင့်တဲ့ အချိန်မှာ ဖြတ်ပစ်တာမျိုးတွေပေါ့။
.

သရုပ်ဆောင်တဲ့အပိုင်းကို ပရိသတ်တွေ သတိထားမိမယ်ဆိုတာကတော့ ထည့်သွင်းထားတဲ့ သရုပ်ဆောင်တွေရဲ့အရည်အချင်းတွေနဲ့အရေအတွက်တွေကြောင့်ပဲ။ ကျွန်တော်ဆို သွားမကြည့်ခင်က အခုလောက်ထိ နာမည်ကြီး သရုပ်ဆောင်တွေပါမယ်ဆိုတာ မသိခဲ့ဘူး။ စာတန်းထိုးတာကို လိုက်ဖတ်နေရင်းနဲ့မှ အံ့သြခဲ့ရတာ။ မင်းသမီး Amy Adams နဲ့မင်းသား Jake Gyllenhaal တို့ဟာ ယခုလက်ရှိ လူလတ်ပိုင်း သရုပ်ဆောင်တွေထဲမှာ အကောင်းတကာ့အကောင်းဆုံးစာရင်းဝင်တွေ ဖြစ်နေတယ်ဆိုတာ မည်ကဲ့သို့မှ ငြင်းလို့မရနိုင်ပါ။
.

ဒီနှစ်ဆိုရင် Amy Adams တစ်ယောက် Arrival ဆိုတဲ့ ဇာတ်ကားနဲ့Oscar ဆုလျာထားခံရဖို့တောင် သေချာသလောက် ဖြစ်နေသည်အထိ ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူမ သရုပ်ဆောင်တာတွေမှာ အပိုမပါသလို လိုအပ်ချက်တွေလည်း မရှိခဲ့ဘူး။ သတိထားမိတဲ့ ဇာတ်ဝင်ခန်းတစ်ခုက ခင်ပွန်းဟောင်းဖြစ်တဲ့ Edward နဲ့အတိတ်တုန်းက ညစာစားခဲ့ဲတဲ့ ဇာတ်ဝင်ခန်းတစ်ခုပဲ။ ငယ်စဉ်က အိမ်နီးချင်း မိသားစု အသိတွေဆိုတဲ့အတိုင်း College ရောက်ကြတော့ မမျှော်လင့်ပဲ ပြန်လည်တွေ့ကြတော့ သူတို့နှစ်ယောက် ညစာသွားစားဖြစ်ကြတယ်။ စားနေရင်းနဲ့ Susan အမေအကြောင်းပြောရင်းနဲ့Susan ကို သူမ အမေနဲ့တူတယ်လို့Edward (Jake Gyllenhaal) က ပြောလိုက်မိတယ်။ သူမမှာလည်း သူမအမေလိုပဲ ဝမ်းနည်းနေတဲ့ မျက်ဝန်းတွေ ပိုင်ဆိုင်တယ်ဆိုပြီးပေါ့။ Susan က သူမ အမေဖြစ်သူကို နှစ်သက်သူမဟုတ်၊ ကိန်းကြီးကန်းကြီးတွေနဲ့နေထိုင်ပြီး လူမျိုးကြီးဝါဒဆန်တဲ့ အမျိုးသမီးကြီး တစ်ယောက်လို့သတ်မှတ်ထားတာကိုး။ အဲ့ဒီ့တော့ အမေဖြစ်သူနဲ့နည်းနည်းမှ မတူချင်ဘူး။ အမေနဲ့တူရတာကို မုန်းတီးတော့ လက်မခံချင်တော့ သူ့ကိုယ်သူ ထိုဝမ်းနည်းတဲ့အသွင်ပေါက်နေတဲ့ ချက်ချင်း မျက်လုံးတွေကို ပြန်ပြင်လိုက်တယ်။ ဒါပေမဲ့ ပြန်ပြင်လို့မရခဲ့တဲ့ဟန်ကို အချိန်တခဏတာလေးအတွင်းမှာ ပီပြင်အောင် သရုပ်ဆောင်ပြသွားနိုင်တာကို ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်လေးစားမိတယ်။
.

Amy Adams ဟာ သရုပ်ဆောင်ကောင်းတစ်ယောက် ဆိုသည့်အတိုင်း ဒီဇာတ်ကားတွင် သူမထက် ပို၍သရုပ်ဆောင်ကောင်းခဲ့တဲ့ တစ်ယောက်ကို ပြောပါဆိုရင် မင်းသားဖြစ်တဲ့ Jake Gyllenhaal ပေါ့။ သူက ဒီဇာတ်ကားတွင် အပြင်ကဇာတ်ကောင်ဖြစ်တဲ့ Edward Sheffield အဖြစ်နဲ့ရော ဝတ္ထုထဲက ဇာတ်ကောင်ဖြစ်တဲ့ Tony Hastings အဖြစ်နဲ့ပါ သရုပ်ဆောင်ထားပါတယ်။ မိမိရဲ့မိသားစု တစ်ညတာအတွင်း ဒုက္ခရောက်သွားချိန်မှာ သာမာန်ယောင်္ကျားတစ်ယောက်အနေနဲ့စိုးရိမ်ပူပန်စိတ်က လွဲပြီး ဘာမှ မစွမ်းဆောင်နိုင်သောကြောင့် အားမလိုအားမရဖြစ်ခြင်းတွေအပြင် ဝမ်းနည်းခြင်းတွေကိုပါ ပေါ်လွင်အောင် Jake Gyllenhaal တစ်ယောက် သရုပ်ဆောင်ထားတယ်။ သူ့ကိုကြည့်ရတာ သရုပ်ဆောင်နေတယ်ဆိုတာထက် ကျွန်တော်တို့လို သာမာန်ယောင်္ကျားတွေအနေနဲ့မိမိကိုယ်ကို ပြန်ကြည့်နေရသလို ခံစားလာရအောင်ကို သရုပ်ဆောင်နိုင်ခဲ့တယ်။ ဒါကြောင့်လည်း Jake Gyllenhaal ဟာ လူလတ်ပိုင်းသရုပ်ဆောင်တွေထဲမှာ ကျွန်တော်အနှစ်သက်ဆုံးမင်းသားတွေထဲက တစ်ယောက်အပါအဝင်ပေါ့။ ဒီဇာတ်ကားထက် သူသရုပ်ဆောင်ပိုကောင်းခဲ့တဲ့ ဇာတ်ကားကိုကြည့်ချင်တယ်ဆိုရင်တော့ စကားမစပ် Nightcrawler ကို ညွှန်းလိုက်ပါရစေ။
.

မင်းသားကြီး Michael Shannon ကိုုသိကြတယ် မဟုတ်လား။ 21 ရာစုရဲ့ဆရာတစ်ပါးလို့ခေါ်ထိုက်တဲ့ မင်းသားကြီးလေ။ သူပါဝင်ထားတဲ့ဇာတ်ကောင်က ရှင်းတယ်။ အဆုတ်ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ရဲစုံထောက်ကြီးတစ်ယောက်ပေါ့။ သေမယ်ဆိုတာကျိန်းသေ သိနေတယ်။ သိပ်မကြာတော့ဘူးဆိုတာလည်း သိနေတယ်။ ဒါပေမဲ့ ဆေးလိပ်ကိုတော့ အသောက်မပြတ်ခဲ့ဘူး။ မသောက်လို့ဖြတ်ပစ်မယ်ဆိုလည်း ဒီရောဂါနဲ့သူသေတော့မှာပဲလေ။ ဘာအတွက်ကြောင့် မိမိဆန္ဒကို မလိုက်လျောရမှာလဲ။ ဒီတော့ သေခါနီးရဲတစ်ယောက်ဖြစ်ပြီး တရားဥပဒေတွေဘာတွေရဲ့ချို့ယွင်းချက်တွေကို မြင်ရပါများလာတော့ သူ မသေခင် တရားဥပဒေဆိုတဲ့အရာနဲ့ပတ်သက်ပြီး မှန်ကန်တဲ့လုပ်ရပ်တစ်ခုခုကို လုပ်သွားချင်တယ်။ ဒီမှာတင် သူ့ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ အဖြစ်အပျက်တွေဖြစ်လာပုံကို သရုပ်ဆောင်ပြသွားတာ ကောင်းလွန်းလို့ဒီနှစ်ရဲ့Critics' Choice Movie Awards ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ပို့မင်းသားအဖြစ် လျာထားခံနေရတာပေါ့။
.

ကျွန်တော်စောစောက ပြောထားတဲ့အတိုင်း သရုပ်ဆောင်တွေဟာ ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားမယ်ဆိုတာ ပါဝင်တဲ့ သရုပ်ဆောင်အရေအတွက်နဲ့ အရည်အချင်းတွေကြောင့်ပဲ။ စောစောက ပြောပြသွားတဲ့ သရုပ်ဆောင် 3 ယောက်အပြင် တစ်ခြားပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Arron Taylor-Johnson, Isla Fisher, Laura Linney, Armie Hammer, Andrea Riseborough, Jena Malone နဲ့ Michael Sheen တို့ဆိုတော့ ကျွန်တော် ဆက်ပြောစရာမလိုတော့ လောက်အောင်ကို ခင်ဗျားတို့သိပြီထင်တယ်။
.

ဝမ်းနည်းဖို့ကောင်းတာတစ်ခုကတော့ ဒီဇာတ်ကားဟာ ဝေဖန်ရေးဆရာတွေနဲ့ပရိသတ်တွေကြားထဲမှာ ရေပန်းစားပြီး ထိုက်သင့်တဲ့ အောင်မြင်မှုရရှိသင့်ပေမဲ့ La La Land တို့ Moonlight တို့Manchester by the Sea အစရှိတဲ့ဇာတ်ကားတွေကြားထဲမှာ တိမ်မြုပ်ပျောက်ကွယ်ခဲ့ရတယ်။ ကျွန်တော်အခုလို ရေးလိုက်တဲ့ ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့မြန်မာရုပ်ရှင်ချစ်သူ အသိုင်းအဝိုင်းမှာ ဇာတ်ကားကောင်းတစ်ကားကို လက်မလွှတ်စေချင်တာကြောင့်ပါပဲ။


နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ Modernised ဆန်သော ဇာတ်အရှိန်ကို ဖြည်းညင်းစွာယူဆောင်လာသော အလွန်တရာထူးဆန်းလွန်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး ဇာတ်ကားတစ်ခုလုံးကို Saturated ဖြစ်လွန်းတဲ့အရောင်တွေနဲ့မွှန်းခြယ်ထားပြီး ဝမ်းနည်းစရာအသွင်ကို ယူဆောင်လာစေတဲ့ အလင်းရောင်တွေကို နောက်ခံထားရေးဖွဲ့ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလို့ပြောချင်မိတယ်။ ဇာတ်ကားတွင် ကြောက်မက်ဖွယ် ရက်စက်ကြမ်းကြုတ်တဲ့ ဇာတ်ဝင်ခန်းတွေ ပါရှိသလို မခံစားနိုင်လောက်တဲ့ အန္တရယ်တွေပါဝင်ကာ ချစ်ခြင်းတရား၊ မနာလိုဝန်တိုမှုတွေ၊ လူသားတွေရဲ့အကျင့်စာရိတ္တတွေနဲ့ လက်တွေ့လောကရဲ့ အကျဉ်းတန်အရုပ်ဆိုးတွေကို ထင်ဟပ်ပြသစေခဲ့တဲ့ ရုပ်ရှင်တစ်ကားလို့လည်း ဆိုထိုက်တယ်။ ဒီဇာတ်လမ်းရဲ့အဓိကပြသွားတဲ့ Theme ကတော့ ကျွန်တော်တို့ပရိသတ်တွေကို ဓားတွေ၊ တုတ်တွေ၊ ပုဆိန်တွေ အစရှိတဲ့ ရက်စက်တယ်ဆိုတဲ့ လက်နက်တွေကို မေ့သွားစေကာ စစ်မှန်သော ကြောက်မက်ဖွယ်ကောင်းခြင်းဟာ လူသားတွေရဲ့စိတ်တွေထဲမှာပဲ ဖြစ်ပျက်နေတယ်ဆိုတာကို သိစေချင်ခဲ့တာပဲ။ ထို့အပြင် ယခုဇာတ်ကားတွင် အနုပညာကို နောက်ခံထားကာ ရွေးချယ်မှုတွေနဲ့ဆုံးဖြတ်ချက်ချရန်တွေဝေခြင်းတွေ၊ အချစ်နဲ့အမုန်းတရား၊ ထို့မှတဆင့် ကြောက်ရွံ့ခြင်းနဲ့လက်စားချေခြင်း အစရှိသည်တို့ကို ယှဉ်တွဲပြသချက်တွေကို ကျွန်တော်တို့တွေ့မြင်ခဲ့ရတယ်။ ထိုအချက်တွေကပဲ ရုပ်ရှင်ရဲ့အသက်တွေ ဖြစ်ခဲ့တယ်။

IMDb Rating:8/10
Rotten Tomatoes Rating: 72%
.
~WH~


“When you love someone, you have to be careful with it. You might never get it again.”