P A S S E N G E R
ရုပ်ရှင်တစ်ကားကို ကြည့်နေစဉ်အတွင်းမှာ နောက်ဆက်တွဲဖြစ်ရပ်တွေကို သင်ခန့်မှန်းနိုင်နေပြီဆိုရင် အဆိုပါဇာတ်ကားဟာ သင့်အတွက် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါ့မလား။ ပရိသတ်အများစု အတွက်ကတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ အံ့သြတာကို လိုချင်ကြတယ်။ သူတို့ကို တစ်ယောက်ယောက်က အံ့သြစရာလုပ်ရင်ပဲ ကျေနပ်ကြတယ်။ ဒါကြောင့်လည်း Surprise Birthday Parties တွေက ပိုပျော်ဖို့ကောင်းတာပေါ့။ ကျွန်တော်တို့ဇာတ်ကားတစ်ကားအကြောင်း ပြောကြရအောင်။ မနှစ်က နှစ်ကုန်ပိုင်းလောက်က ထွက်သွားတဲ့ Passengers ဆိုတဲ့ ဇာတ်ကားပါ။ အခုလောက်ဆိုရင် လူတိုင်းနီးပါး ကြည့်ပြီးကြပြီလို့ကျွန်တော်ယေဘုယျကောက်ချက်ချလိုက်မယ်။
.
ခင်ဗျားတို့ထိုဇာတ်ကားကို ဘယ်လိုမြင်သလဲ။ ကောင်းတယ်လို့မြင်လား။ မကောင်းဘူးလို့မြင်ကြသလား။ ကျွန်တော်အနေနဲ့Personal အမြင်ကို ပြောရမယ်ဆိုရင် ယေဘုယျအနေနဲ့ကတော့ ကျွန်တော်မကြိုက်ခဲ့ဘူး။ Director Morten Tyldum ဆိုတာ Reputations ကောင်းခဲ့တဲ့ Director တစ်ယောက်ပါ။ Headhunters တို့The Imitation Game တို့ကို အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့တဲ့ Director တစ်ယောက်ဟာ ထိုဇာတ်ကားတွေထက် ပိုမိုလွယ်ကူလွန်းတဲ့ ယခု Passengers မှာ မအောင်မြင်ခဲ့သလဲ။ အမှန်ဆို သရုပ်ဆောင်တွေအနေနဲ့Chris Pratt တို့Jennifer Lawrence တို့ Michael Sheen တို့ Lawrence Fishburne တို့ Andy García တို့လို နာမည်ရ သရုပ်ဆောင်တွေ ပါခဲ့တာတောင် ဘာကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ရသလဲ။ ကောင်းသင့်သလောက် မကောင်းခဲ့ရသလဲ။
.
ကျွန်တော် ထိုဇာတ်ကားကို ကြည့်ခဲ့တုန်းက အဖြေကို ရှာမရခဲ့ဘူး။ ဘာကြောင့်ကောင်းသင့်သလောက် မကောင်းခဲ့သလဲပေ့ါ။ ဘာတွေ လိုအပ်ခဲ့သလဲပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ရက်ကျော်လောက်က online က video essay လေးတစ်ခု ကြည့်လိုက်ရတယ်။ Passengers ဇာတ်ကားကို ဘယ်လို ကောင်းမွန်အောင် ပြင်လို့ရခဲ့သလဲဆိုတာကိုပေါ့။ ထို video ကို ကြည့်ပြီးတဲ့အချိန်မှာ ထိုလူကိုလည်း ချီးမွမ်းခဲ့ပြီး ကျွန်တော်တို့စာဖတ်သူတွေကိုပါ share ပေးသင့်တယ်လို့ကျွန်တော် ယခု Post ကို ရေးလိုက်ပါတယ်။ Original YouTube Video link ကိုပါ ကျွန်တော် Reference မှာ ထည့်ပေးထားပါတယ်။
ဇာတ်လမ်းကို အရင်ပြောကြရအောင်။ မကြည့်ရသေးတဲ့ သူတွေ Spoilers ရှောင်ချင်တယ်ဆိုရင်တော့ ဆက်မဖတ်ဖို့သတိပေးပါရစေ။ ဒါပေမဲ့ သိပ်အထူးခြားကြီး Spoil စရာတော့ မရှိပါဘူး။ ဇာတ်လမ်းက အရမ်းရှင်းတယ်။ အနာဂတ်ခေတ်တစ်ခုမှာ လူသားတွေဟာ တစ်ခြား ဂြိုလ်တွေမှာ သွားရောက်နေထိုင်နိင်ကြပြီ။ ဒါပေမဲ့ ထိုဂြိုလ်တွေကို သွားရောက်နေထိုင်ဖို့ခရီးသွားချိန်တွေကတော့ သိတဲ့အတိုင်း နှစ်ပေါင်း ရာချီတယ်။ Homestead II ဆိုတဲ့ ဂြိုလ်ကို သွားရောက်ဖို့ဆိုရင် နှစ်ပေါင်း 120 ကြာတယ်။ ဒီတော့ ပြောင်းရွေ့မဲ့ ခရီးသည်တွေက ထိုခရီးသွားချိန် နှစ် 120 ကို Hibernation နဲ့သွားကြရတယ်။ ဒီမှာ Jim ဆိုတဲ့ ယောကျ်ားတစ်ယောက်က system malfunction ဖြစ်ပြီး ရုတ်တရက် Hibernation က နိုးလာတယ်။ ကြည့်လိုက်တော့ ခရီးရဲ့ပန်းတိုင်ရောက်ဖို့နောက်ထပ် နှစ်ပေါင်း 90 လောက် လိုသေးတယ်။ Hibernation မှာလည်း ပြန်အိပ်လို့မရတော့ဘူး။ ဒီအတိုင်းဆို သူသွားချင်တဲ့ ခရီးကိုမရောက်ပဲ တစ်ဘဝလုံး တစ်ယောက်တည်း အထီးကျန်စွာနဲ့သေတဲ့အထိ ဒီအတိုင်း အဆိုပါ အာကာသယာဉ်ကြီးထဲမှာ နေသွားရတော့မယ်။ ရက်တွေ၊ နှစ်တွေကြာလာတော့ စိတ်ဓာတ်တွေက ကျပြီး အဖော်ပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ထိုခရီးသည်တွေထဲက သူစိတ်ဝင်စားတဲ့ Aurora ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို သွားနိုးလိုက်တော့တယ်။
.
ဘုမသိ၊ ဘမသိနဲ့Aurora ကလည်း နိုးလာတော့ Jim က သူ့လိုပဲ System malfunction ဖြစ်တာဆိုပြီး လိမ်လိုက်တယ်။ ဒီလိုနဲ့အချိန်တွေကြာလာတော့ သူတို့နှစ်ယောက် ချစ်သွားကြရော။ ယာဉ်ပျံကြီးတစ်ခုလုံးမှာ အရက် bar က စက်ရုပ်ကလွဲရင် အသက်ရှိနေတဲ့ လူသားဆိုလို့သူတို့နှစ်ယောက်ပဲ ရှိတာကိုး။ တစ်ခြား ခရီးသည်ပေါင်း 5000 လောက်က အခုထိ Hibernation ထဲမှာ အိပ်ပျော်နေကြတုန်း။ ဒီလိုနဲ့ပျော်ရွှင်တဲ့ ရက်တွေကုန်လွန်လာပြီး Aurora က သူမ hibernation က နိုးထခြင်းဖြစ်ရပ်မှန်ကို သိသွားတဲ့အချိန်မှာ Jim ကို မုန်းတီးသွားတယ်။
.
System Malfunction ဖြစ်တာတွေက များလာတော့ ယာဉ်ရဲ့Deck Officer ပါနိုးလာရော။ ဒါပေမဲ့ သူကလည်း ထို Pod Malfunction ကြောင့် ခန္ဓာက အချိန်အကြာကြီးနေခွင့်မရပဲ သေဆုံးသွားတယ်။ ထို System malfunctions တွေက ယာဉ်တစ်ခုလုံးနီးပါး ဖြစ်လာတော့ သူတို့အချိန်မှီ မပြင်ရင် ယာဉ်တစ်ခုလုံုးမှာ လိုက်ပါလာတဲ့ ခရီးသည်တွေအကုန် သေဆုံးကုန်တော့မှာ။ ဒီတော့ Jim က အသက်စတေးတဲ့ လုပ်ရပ်တွေကို လုပ်ပြီး ကယ်တင်နိုင်ခဲ့တယ်။ ဒီတော့ နောက်ဆုံးမှာ Aurora လည်း Jim ကို ခွင့်လွှတ်ပြီး သူတို့နှစ်ယောက် သေတဲ့အထိ ထိုယာဉ်ပျံကြီးပေါ်မှာ ဘဝတစ်ခု ထူထောင်သွားကြတော့တယ်။
.
ဇာတ်လမ်းက ဒါပဲ။ ဒီမှာတင် ပြဿနာကို ခန့်မှန်းနိုင်သွားပြီ။ ဒီရုပ်ရှင်ရဲ့ပြဿနာက ခန့်မှန်းရ အလွန်လွယ်ကူလွန်းတာပဲ။ ဇတ်လမ်းကို ခွဲကြည့်မယ်ဆိုရင် အဓိက အပိုင်းက 5 ပိုင်းပါတယ်လို့ကောက်ချက်ချလို့ရတယ်။ ပထမပိုင်းက Jim နိုးလာပြီး သူတစ်ယောက်တည်း ဒုက္ခရောက်နေတာတွေကို ပြတယ်။ ဒုတိယပိုင်းက ထိုအထီးကျန်မှုတွေကို ပယ်ဖျောက်ဖို့ဆိုပြီး Aurora ကို Jim နိုးပြီး သူတို့နှစ်ယောက်ရဲ့ချစ်သွားကြတဲ့အကြောင်းကို ပြတယ်။ တတိယပိုင်းကတော့ Aurora က အဖြစ်မှန်ကို သိပြီး Jim ကို စိတ်အရမ်းနာသွားတယ်။ စတုထ္ထပိုင်းက ယာဉ်ကြီး Malfunction ဖြစ်လာတာတွေကို Jim က အသက်စွန့်ပြီး ကယ်တင်ဖို့ပြုလုပ်တာတွေကို ပြတယ်။ နောက်ဆုံး ပဉ္စမပိုင်းကတော့ Aurora က Jim ကို ခွင့်လွှတ်ပေးလိုက်ပြီး သူတို့အသက်ထက်ဆုံး နေထိုင်သွားကြတယ်။ အဆိုပါ အပိုင်း 5 ပိုင်းမှာ စိတ်ဝင်စားဖို့အကောင်းဆုံး ဖြစ်ခဲ့တဲ့ အပိုင်းတွေက ဒုတိယပိုင်းဖြစ်တဲ့ Jim က Aurora ကို နိုးလိုက်တဲ့ အပိုင်းရယ် တတိယပိုင်းဖြစ်တဲ့ Aurora က သူမနိုးထခြင်းရဲ့ဖြစ်ရပ်မှန်ကို သိသွားတဲ့ အပိုင်း နှစ်ပိုင်းပဲ။ ထို ဇာတ်ဝင်ခန်းတွေဟာ Dramatic ဆန်ပြီး ပရိသတ်ကို စိတ်မောပန်းခြင်းတွေ ဖြစ်စေခဲ့တယ်။ ဒါပေမဲ့ ထိုအရာတွေ အကုန်လုံးဖြစ်မယ်ဆိုတာ ပရိသတ်တွေ ကြည့်နေစဉ်အတွင်း ခန့်မှန်းလို့ရပြီးသား။
ယခုလို ဇာတ်လမ်းကို ခန့်မှန်းရလွယ်ကူသွားခြင်းအပြစ်ရဲ့တရားခံက ဘယ်သူတွေလည်း။ ဇာတ်ညွှန်းရေးဆရာတွေကြောင့်ပါ။ ဇာတ်တစ်ခုလုံးမှာ Jim ဟာ အဓိက ဇာတ်ကောင်တစ်ယောက်ပဲ။ ပရိသတ်တွေဟာ ဇာတ်လမ်းစကတည်းက သူရဲ့အမြင်ကနေပဲ မြင်ခဲ့ရတယ်။ ဇာတ်လမ်းစစချင်း မိနစ် 30 လောက်ဟာ သူတစ်ယောက်တည်းနဲ့ပဲ ကျွန်တော်တို့ပရိသတ်တွေ အဖော်ပြုနေခဲ့ရတယ်။ ဒီတော့ ဇာတ်လမ်းရဲ့အဆုံးဟာ နှစ်မျိုးပဲ ဖြစ်နိုင်တော့တယ်။ ဘာလို့လဲဆိုတော့ Jim ဟာ ဘယ်လို ဇာတ်ကောင်လဲဆိုတာကို အစကတည်းက ပရိသတ်တွေက သိသွားလို့ပဲ။ ဒီတော့ Jim ရဲ့ဇာတ်ကောင်ကို သိမ်းဖို့ဟာ နည်းလမ်း နှစ်ခုပဲ ရှိတယ်။ တစ်နည်းက နောက်ဆုံးမှာ Jim သေသွားမယ်။ နောက်တစ်နည်းက Aurora က သူ့ကို ခွင့်လွှတ်မယ်။ ဇာတ်ကားက ဒုတိယဇာတ်သိမ်းကို အသုံးပြုသွားတယ်။ ဒါဟာ သူ့ဇာတ်ကောင်ကို ဇာတ်လမ်းအဆုံးမှာ ဘာမှ လုပ်လို့မရတော့တာပဲ။ အဆုံးသတ်မှာ သူ့ဇာတ်ကောင်ကို လူဆိုး လုပ်လို့ရသလား။ မရတော့ဘူး။ ဘာလို့လဲဆိုတော့ အစကတည်းက သူ့ဇာတ်ကောင်ကို ပရိသတ်တွေက သိခဲ့လို့ပဲ။ ဒီအတွက်ကြောင့် ဒီဇာတ်ကားဟာ ရိုးရှင်းလွန်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်သွားရတယ်။
.
ဆက်စဉ်းစားကြရအောင်။ အကယ်၍ ဇာတ်လမ်းကို Jim နေရာကနေ စမပြပဲ Aurora နေရာကနေ စပြမယ်ဆိုရင်ရော။ စဉ်းစားကြည့်ကြမယ်နော်။ ဇာတ်လမ်းအစမှာ Aurora ဟာ သူမရဲ့Hibernation pod ကနေ ရုတ်တရက် နိုးလာတယ်။ ပြန်အိပ်လို့လည်း မရတော့သလို ခရီးပန်းတိုင် ရောက်ဖို့နောက်ထပ်လည်း နှစ်ပေါင်း 90 ကျော် ကျန်သေးတယ်။ ဒီအချိန်မှာ သူမထက် စောပြီး နိုးနေတဲ့ Jim ဆိုတဲ့ ယောကျ်ားတစ်ယောက်ကို သူမတွေ့လိုက်မယ်။ ထို Jim ဆိုတဲ့ သူက သူလည်း ထိုကဲ့သို့ပဲ System Malfunction ကြောင့် နိုးလာတာလို့ပြောမယ်။ ဒီလိုနဲ့သူမတို့နှစ်ယောက် ချစ်ချင်ချစ်မယ်။ မချစ်ချင် မချစ်ဘူး။ ဒါက အရေးမကြီးဘူး။ ဒီမှာတင် ရုပ်ရှင်ရဲ့Second Act နဲ့Third Act ကို ဇာတ်ကောင်စရိုက် အလှည့်အပြောင်းလုပ်ပြီး ဇာတ်ညွှန်းရေးဆရာက ကြိုက်သလို ကစားလို့ရသွားပြီ။ ဒီမှာတင် ပရိသတ်ဟာ သူမနဲ့အတူ ဖြစ်ရပ်မှန်ကို သိချင်သွားကြလိမ့်မယ်။ သူမဘာကြောင့် နိုးလာတာလဲ။ Jim ဆိုတဲ့သူကရော လူကောင်းလား။ လူဆိုးလား။ ဖြစ်ရပ်မှန်က ဘာလဲ။ ဒီလို သိလိုစိတ်တွေ ဖြစ်လာပြီဆိုရင် ကျိန်းသေတယ်။ ပျင်းစရာ ကောင်းမှာ မဟုတ်တော့ဘူး။ ဒီတော့ ဇာတ်ညွှန်းရေးဆရာတွေက Jim ဇာတ်ကောင်ကို အဆုံးမှာ လူဆိုးဇာတ်ကောင်အဖြစ် ပြောင်းလဲလို့ရတယ်။ The Shinning ထဲကလိုပေ့ါ။ The Shinning မှာ အစကတည်းက Jack Torrance ရဲ့ဇာတ်ကောင်စရိုက်အမှန်ကို ပရိသတ်တွေ မသိခဲ့ကြလို့အဆုံးမှာ villain အဖြစ် ကောင်းမွန်စွာ ပြန်အသုံးချလို့ရခဲ့တာ။ ကြားရသလောက်ဆိုရင် အစတုန်းက သူတို့လည်း Jim ကို Villain ဇာတ်ကောင်အဖြစ် ထားပြီး ရိုက်ကြမလို့တဲ့။ နောက်မှ Audience friendly ဖြစ်တဲ့ ဇာတ်ကောင်တွေနဲ့ဇာတ်သိမ်းတွေကို ရွေးခဲ့ကြတာ။ ဒါဟာ သူတို့ရဲ့မဟာ အမှားပဲ။
ကျွန်တော်တို့ပရိသတ်တွေဟာ တင်ပြသူတွေ တင်ပြတာကို ကြည့်ခွင့်ရကြတာပါ။ သူတို့ဟာ ကျွန်တော်တို့ကို အချစ်ဇာတ်လမ်းမျိုးနဲ့ပြတယ်ဆိုရင် ကျွန်တော်တို့ဟာ အချစ်ဇာတ်လမ်းပဲ ကြည့်ရပါလိမ့်မယ်။ Horror တို့Thriller တို့ဆန်ဆန် တင်ပြမယ်ဆိုရင်တော့ ကျွန်တော်တို့ပရိသတ်တွေဟာ Horror ဆန်သော ဇာတ်ကားမျိုးကို ကြည့်ရပါတယ်။ ဒီတော့ နောက်ဆုံးအနေနဲ့ယခု Passengers ဇာတ်ကားကို စောစောကပြောခဲ့သလို Aurora ရဲ့ အမြင်ဘက်ကနေသာ ပြသခဲ့မယ်ဆိုရင် ဇာတ်ကားအစကနေ အဆုံးထိ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုတွေကို ရယူသွားနိုင်မယ်ဆိုတာ သေချာတယ်။ ဒီတော့ အဆုံးသတ်မှာ ဇာတ်လမ်းကို ပြန်ဖြေမယ်ဆိုရင် သူဟာ လူဆိုးဆိုလည်း ပရိသတ်တွေလက်ခံနိုင်ပြီး ပိုကြည့်ကောင်းမယ်။ ထိုကဲ့သို့မဟုတ်ပဲ သူဘာကြောင့် Aurora ကို နိုးလိုက်ရသလဲဆိုတာကို ဇာတ်လမ်းအဆုံးမှ တင်ပြသွားမယ်ဆိုရင်လည်း ကျွန်တော်တို့ပရိသတ်တွေဟာ သူ့ဇာတ်ကောင်ကို သနားမိကြလိမ့်မယ်။
.
ဒါပေမဲ့ ကျွန်တော်အကြိုက်ဆုံး ဇာတ်သိမ်းဆိုရင်တော့ Jim ဟာ အဆုံးသတ်ဟာ တစ်နည်းနည်းနဲ့သေသွားရမယ်။ ဒီအချိန်မှာ ထိုယာဉ်ကြီးပေါ်မှာ နောက်ဆုံး Aurora တစ်ယောက်ပဲ ကျန်ခဲ့တော့မယ်။ ဒါဆိုရင် သူမဘာလုပ်မှာလဲ။ သူမကိုယ်တိုင်လည်း Jim ခံစားခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကို ကြုံတွေ့ပြီး တစ်ယောက်တည်း ကျန်ရစ်သွားပြီ။ ဒီမှာတင် ဇာတ်လမ်းကို သိမ်းပစ်မယ်။ သူမရဲ့ခြောက်ခြားဖွယ်ကောင်းတဲ့ ဖြစ်ရပ်ဆိုးကြီးနဲ့အတူ ဇာတ်လမ်းအဆုံးမှာ ပရိသတ်တွေဟာ မေးခွန်းတွေမေးနေစေရမယ်။ သူမကိုယ်တိုင်လည်း တစ်ခြားတစ်ယောက်ကို သွားနိုးတော့မလား။ ဒါမှမဟုတ် သူမကိုယ့်ကိုကိုယ် သတ်သေလိုက်မလား။ ဒါမှမဟုတ် သူမရဲ့နောက်ဆုံးအချိန်တွေကို ဘယ်လို ဖြတ်သန်းတော့မှာလဲ။
.
စာဖတ်သူတို့ရော ဘယ်လို မြင်ကြသလဲ။ Passengers ဇာတ်ကားကို ဘယ်လိုသိမ်းစေချင်သလဲ။
Ref: https://www.youtube.com/watch?v=Gksxu-yeWcU
~WH~