RELIC

Horror Sep 19, 2020

ကံအကောင်းအကြောင်းမလှစွာ ခံစားသိတတ်တဲ့ လူဖြစ်လာတဲ့အခါ မလွဲမသွေ တွေ့ကြုံလာရမယ့် ဒုက္ခတစ်ခုက ကိုယ် ချစ်မြတ်နိုးတဲ့ သူများကို မကောင်းဆိုးဝါးတစ်ကောင်က တတိတိ ဝါးမျိုစားသောက်နေတာကို လက်ပိုက်မှိုင်တွေကြည့်နေရခြင်းပဲ။ ကူကယ်ဖို့ရာ မတတ်နိုင်တဲ့အပြင် ကိုယ်ကိုယ်တိုင်ကလည်း တစ်ချိန်ချိန်မှာ အဲဒီမကောင်းဆိုးဝါးရဲ့သားကောင်ဖြစ်လာမှာသိနေတဲ့အခါ ခံစားရမှုဟာ အင်မတန်ကြောက်စရာပါ။

ကျွန်တော်တို့ဆီကို The Babadook ယူဆောင်လာပေးခဲ့တဲ့ Australia ကနေ The babadook လိုပဲ အမျိုးသမီးဒါရိုက်တာရိုက်ကူးတဲ့ horror ဇာတ်ကားတစ်ကားဒီနှစ်ထဲထွက်ရှိလာခဲ့တယ်။ ဒါရိုက်တာ Natalie Erica James ရဲ့ ပွဲဦးထွက်လက်ရာ Relic ဟာ အဘွား၊ အမေ၊ သမီး/မြေး မျိုးဆက်သုံးဆက်၊ဇာတ်ကောင်သုံးယောက်နဲ့ ဇာတ်လမ်းတည်ထားခြင်းဖြစ်ပါတယ်။ တစ်ဦးတည်းနေထိုင်နေတဲ့ အဘွားဖြစ်သူ ပျောက်ဆုံးသွားတာကနေ ဇာတ်လမ်းစတယ်။ အိမ်နီးချင်းတစ်ဦးက ဖုန်းဆက်အကြောင်းကြားပေးလို့သာ အမေဖြစ်သူက သိရပြီး သမီးကိုပါခေါ်ကာ အဘွားအိမ်ဆီလာခဲ့ကြတယ်။ အိမ်အတွင်း ပစ္စည်းအထားအသိုတွေယိုယွင်းနေတာကလွဲပြီး ဘာသဲလွန်စမှမတွေ့ရဘဲ အဘွားဟာလည်း တကယ်ပျောက်ဆုံးနေတာမှန်းသိရတယ်။ အဘွားဟာ ဇရာရင့်သူတို့ထုံးစံ ဟိုမေ့ဒီမေ့ မေ့တတ်တယ်လို့ အမေကပြောတယ်။ အသိတရားမေ့လျော့ပြီးများ လျှောက်သွားနေသလား။ ရဲတွေတိုင်ပြီး ရှာပုံတော်ဖွင့်သော်လည်း ရှာမရတဲ့အဘွားဟာ သူပြန်ပေါ်လာချင်တော့လည်း တစ်မနက်ခင်းမှာ ဗြုန်းစားကြီး ပေါ်လာတော့တယ်။ ရင်ဘတ်မှာ အညိုအမည်းရာလေးတစ်ခုကလွဲပြီး မူမမှန်တာဘာမှမရှိခဲ့။ ဒါပေမယ့် နောက်ပိုင်းရက်များမှာပဲ ပျောက်သွားပြီးပြန်ပေါ်လာခဲ့တဲ့ အဘွားဟာ အရင်ကအဘွားမဟုတ်တော့ဘူးဆိုတာ သိလာရတော့တယ်။ အဘွားကို မကောင်းဆိုးဝါးတစ်ကောင်က ဝင်ရောက်ပူးကပ်စားသောက်နေခဲ့ပြီ။

(သည်မှနောက်ပိုင်းသည် ဇာတ်ကားကြည့်ရှုပြီးမှဖတ်ရန်ပိုမိုသင့်လျော်ပါသည်။)

"Where's everyone?" တဲ့........ကြောက်ရွံ့တုန်လှုပ်နေတဲ့ မျက်ဝန်းအစုံနဲ့ အဘွားကရေရွတ်တယ်။ အရင်က သူ့ဘေးနားရှိနေခဲ့တဲ့ သူချစ်ရတဲ့ မျက်နှာတွေ၊ အငွေ့အသက်တွေ ဘယ်ရောက်ကုန်တာလဲ၊ ဘယ်ပျောက်ကုန်တာလဲတဲ့။ ဒီနေရာမတိုင်ခင်အထိ သာမန် horror ကားတစ်ကားလို သဘောထားကြည့်နေမိတဲ့ ကျွန်တော့်ကို တပ်လှန့်လိုက်တဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ အဘွားဇာတ်ကောင်ဟာ ဒီကားကအထူးပြုချင်တဲ့ ဇာတ်ကောင်ဆိုတာသိသာပါတယ်။ အဘွားဟာ သက်ကြီးသူတွေကို ဖိစီးလေ့ရှိတဲ့ dementia မေ့ပျောက်တတ်တဲ့ လက္ခဏာတွေ ဖိစီးနေသူဆိုတာကို သူပျောက်ဆုံးတာကနေစပြီး ကျွန်တော်တို့ကို အသိပေးထားပြီးဖြစ်ပါတယ်။ Robyn Nevin က ဒီအဘွားဇာတ်ရုပ်ကို သရုပ်ဆောင်ရာမှာ horror ဇာတ်ကားဆိုတာနဲ့ညီအောင် ကြောက်စရာအသွင်ကို ပြောင်​မြောက်လှစွာ ပုံဖော်ထားပါ တယ်။ အထူးသဖြင့် အဘွားရဲ့ ခံစားချက်မဲ့တဲ့ ဗလာမျက်ဝန်းတွေက ကြောက်စရာလည်းဖြစ်သလို၊ သနားစရာလည်းဖြစ်လို့နေတယ်။ Relic ရဲ့ ကြောက်စရာအကောင်းဆုံးအခိုက်အတန့်တွေက အဘွားရဲ့သရုပ်ဆောင်မှုတွေကနေလာပြီး၊ အဲဒါကို ပံ့ပိုးပေးထားတာကတော့ atmosphere ပါ။ Cinematographers များနဲ့ Set decorators များက အဘွားရဲ့ အိုမင်းရင့်ရော်မှု၊ ယိုယွင်းပျက်စီးမှုတွေကို အိမ်ရဲ့ဖွဲ့စည်းပုံနဲ့ ယှဥ်တွဲဖော်ပြခဲ့ချင်ပုံပါပဲ။ ဆွေးမြည့်နေတဲ့ အိမ်နံရံတွေ၊ ရေမလုံတဲ့ပိုက်တွေက အဘွားရဲ့ ကိုယ်ကာယယိုယွင်းလာမှုကို​ ပြချင်သလား၊ ပစ္စည်းများနဲ့ပြည့်သိပ်နေတဲ့ စိတ်ကျဥ်းကျပ်စရာ အခန်းအနေအထားတွေက အဘွားရဲ့စိတ်အခြေအနေကိုပြချင်သလား တွေးစရာပါ။ ဒီလိုပတ်ဝန်းကျင်အနေအထားနဲ့၊ sound designers တွေအစွမ်းပြထားတဲ့ နာမည်တပ်ရခက်တဲ့ ဘာသံညာသံ များနဲ့ ၊ အဘွားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကြောက်စရာဖြစ်သွားတော့တာပဲ။

အဘွားရဲ့သမီး (အမေ) ကိုကျတော့ အလုပ်ဇွဲကြီးသူတစ်ယောက်အဖြစ်ပုံဖော်ထားတယ်။ အဘွားကိုလူပျောက်တိုင်တော့ အဆက်အသွယ်မလုပ်ဖြစ်တာ ဘယ်လောက်ကြာပြီလဲလို့ ရဲကမေးတဲ့အခါ အပြစ်ရှိသလို မလုံမလဲဖြစ်သွားတဲ့အခိုက်အတန့် မျိုး အမေဆီမှာတွေ့လိုက်ရတယ်။ သူ့မိခင်ဖြစ်သူကို တစ်ယောက်တည်း အကြာ​ကြီး ပစ်ထားခဲ့မိတာလေ။ နောက်ပိုင်းမှာ အဘွားကိုသွားထားဖို့ လူအိုရုံစုံစမ်းရတော့ သူ့စိတ်မှာ ပိုပြီးအပြစ်ဖြစ်သွားပါလိမ့်မယ်။

ပြောခဲ့သလိုပဲ အဘွားဟာ မေ့လျော့တတ်နေခဲ့ပြီ၊ မှတ်ဉာဏ်တွေယိုယွင်းနေခဲ့ပြီ။ သက်ကြီးသူတွေဖြစ်လေ့ရှိတဲ့ Alzeimer's ရောဂါဖြစ်နေတာတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဘွားရဲ့ မူမမှန် အပြုအမူအခိုက်အတန့်တွေများစွာထဲကမှ ဇာတ်ကားတစ်နေရာမှာ အဘွားဟာ မိသားစုဓာတ်ပုံတွေကို ပါးစပ်ထဲထည့်ဝါးမျိုဖို့ကြိုးစားနေတယ် ။ ဓာတ်ပုံအယ်ဘမ်လိုက်ကြီးကိုလည်း မြေမြုပ်ထားဖို့ကြိုးစားတယ်။ ဒါဟာ သူ့ဆီကနေ လွင့်ပါးကွာကျနေပြီဖြစ်တဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့၊ ထပ်မလျော့ပါးသွားတော့ဖို့ သွေးရူးသွေးတမ်း ပြုမိခြင်းပဲလားမပြောတတ်ပါ။

ဇာတ်ကားရဲ့ third act က ကြောက်စရာအကောင်းဆုံးနဲ့ ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းဖြစ်ပါတယ်။ တစ်ကားလုံးတည်ဆောက်လာခဲ့တဲ့ သို့လော သို့လော အခြေအနေတွေ ပိုပြီး ရုပ်လုံးပေါ်လာတဲ့အခိုက်အတန့်လည်းဖြစ်ပါတယ်။ အဘွားဟာ အဘွားမဟုတ်တော့ပါဘူး။ သို့မဟုတ် ကျွန်တော်တို့မှတ်ဉာဏ်ထဲကအဘွားမဟုတ်တော့တာပါ။

ဇာတ်ကားအလယ်လောက်မှာ အဘွားက တစ်ဦးတည်းရေရွတ်နေတယ်..." သူတို့က ငါ့သမီးနဲ့မြေးအစစ်တွေမဟုတ်ဘူး...ဟန်ဆောင်နေကြတာ"။ ဇာတ်ကားအဆုံးပိုင်းရောက်တော့ကျ အမေနဲ့သမီးတို့က ကြောက်လန့်တကြားအပြန်အလှန်ပြောကြတယ်....." အဲဒါ အဘွားမဟုတ်တော့ဘူး" တဲ့။ ဒါတွေဟာ မကောင်းဆိုးဝါးရဲ့ လက်ချက်ပဲဖြစ်မှာပါ။ မကောင်းဆိုးဝါးဟာ ကိုယ့်ကိုမှတ်မိခြင်းမရှိဘဲ ပြူးကြည့်နေတဲ့ မျက်လုံးအစုံတွေကို ဖန်တီးတယ်၊ ကိုယ့်နာမည်ကို မှားခေါ်စေတယ်၊ စကားတစ်ခွန်းတည်းကို အထပ်ထပ်အခါခါပြောစေတယ်၊ အခုတင်ထမင်းစားထားပြီး ထမင်းမကျွေးရကောင်းလားလို့ မြည်တွန်တောက်တီးစေတယ်၊ ကိုယ့်ရဲ့အဘွားအရင်းက ကိုယ်မမှတ်မိတဲ့အဘွားဖြစ်နေပြီး ကိုယ်က သူတစ်ချက်တစ်ချက်မှ မှတ်မိတော့တဲ့မြေးဖြစ်လာရတယ်။

ဒီကားဟာ personal ဆန်တယ်လို့ ကျွန်တော်ခံစားမိတယ်။ ဒါရိုက်တာ သို့မဟုတ် ဇာတ်ညွှန်းရေးသူများဟာ မှတ်ဉာဏ်ချို့ယွင်းတဲ့ အဘိုးအဘွားပိုင်ဆိုင်ထားကြသူတွေလား၊ အမေအိုကို တစ်ဦးတည်း ပစ်ထားမိကြလို့ အပြစ်ရှိသလိုခံစား​နေရ သူတွေလား၊ အသက်ကြီးရင့်သူများနဲ့ အသက်ကြီးရင့်ခြင်းကို ကြောက်တတ်တဲ့ Gerontophobia ရှိသူတွေလား ကျွန်တော်မသိပါဘူး။ ဇာတ်သိမ်းခန်းကိုကြည့်အပြီး ဖန်တီးသူများဟာ ရင်ထဲက ကြောက်စရာမကောင်းဆိုးဝါးကို သတ္တိရှိရှိ ထိပ်တိုက်ရင်ဆိုင်လိုက်ကြပြီလို့ ခံစားမိလိုက်လို့ပါပဲ။

~Miller~

Great! You've successfully subscribed.
Great! Next, complete checkout for full access.
Welcome back! You've successfully signed in.
Success! Your account is fully activated, you now have access to all content.