RICK and MORTY

RICK and MORTY

Rick ရယ် Morty ရယ် သူတို့ စကားတွေရယ် (Spoilers*)

Rick ဆီက ဒီစကားကြားရလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး။ logical ကျတဲ့ scientist ကြီးတစ်ယောက်အနေနဲ့

Sometimes science is more art than science, Morty. A lot of people don’t get that.
- Rick Sanchez

လို့ ပြောလိုက်တော့ ကိုယ်တွေ Rick ကြီးကို ပိုကြိုက်သွားတယ်။ ဒီစကားကို ကိုယ်ပြောနေခဲ့တာ ကြာပြီ။ အရာရာတိုင်းကို အနူပညာနဲ့ ဖွဲ့စည်းထားတယ်လို့ ကိုယ်ကတော့ မြင်တယ်။ အနုပညာဆိုတာ ရိုရှင်းတယ်။ သူ့အဓိပ္ပာယ်ကို ကိုယ်တွေကတော့ ဖန်တီးမှုနဲ့ ခံစားမှု အချိုးကျကျ ရောစပ်ထားခြင်းက အနုပညာလို့ပဲ မှတ်ယူတယ်။

အနုပညာနဲ့ ပတ်သက်ပြီးလည်း မှတ်မိသလောက် အဲ့တစ်ခါပဲ ပြောခဲ့ဖူးတယ်။ တစ်ကယ်တော့ Rick က Nihilism မှ Nihilist စစ်စစ်တစ်ယောက်။ ဒါပေမဲ့ သူက သူများ Nihilists တွေလို အဆိုးမြင်တာတို့၊ depressive ဖြစ်တာမျိုးမဟုတ်ဘူး။ တစ်ချို့ကတော့ Rick ကို depressive character လို့ ပြောကြတယ်။ episode တိုင်းနီးပါးမှာ သူရဲ့ nihilism အတွေးအမြင်တွေကိို ထည့်ထည့်ပြောတယ်။ သူက မှားတယ်၊ မှန်တယ်ဆိုတဲ့ ခံယူချက်တွေ၊ အမြင်တွေကို လက်ကိုင်မထားဘူး။ ဖြစ်နိုင်တာနဲ့ (ပြောရမယ်ဆိုရင် သူ့အတွက် မဖြစ်နိုင်ဘူးဆိုတာလည်း မရှိလောက်ပါဘူး) ဖြစ်သင့်တာလောက်ပဲ လုပ်တဲ့လူမျိုး။

ကျွန်တော်တို့ Rick က infinite universes တွေထဲက Earth Rick C-137 ဆိုတဲ့ Rick။ ပြောပုံအရဆိုရင် Ricks တွေထဲမှာ “The Rickest Rick” ဆိုပဲ။ ဥပမာဗျာ အချစ်ရယ်၊ အိမ်ထောင်ရေးရယ် ဘဝရယ်ကို အကုန်ပေါင်းပြီး သူပြောခဲ့တဲ့စကားတွေထဲက နာမည်ကြီးတဲ့စကားတစ်ခွန်းက

“Listen, Morty. I hate to break it up to you, but what people call love is just a chemical reaction that compels animals to breed. It hits hard, Morty and then it slowly fades; leaving you stranded in a failing marriage. I did it, your parents are gonna do it. Break the cycle, Morty. Rise above. Focus on science.”
- Rick Sanchez

ဒါကိုကြည့်တာနဲ့တင် Rick က အဆိုးမြင်ပြီး depressive ဖြစ်တဲ့ nihilist တစ်ယောက်မဟုတ်ပဲ ဖြစ်နိုင်ခြေရှိတဲ့ အမှန်တရားကိုပဲ ပြောတတ်တဲ့ လူတစ်ယောက်ဆိုတာ ကျွန်တော်တို့ သိခဲ့ရပြီ။ သူ ခုနက စကားကို သူ့မြေးဖြစ်တဲ့ Morty ကိုပြောပြခဲ့တာ။ ဒီမှာတင် ကျွန်တော် Morty အကြောင်းပြောဖို့ အချိန်တန်လောက်ပြီ ထင်တယ်။

Morty က ကျွန်တော်တို့ ရဲ့ fav character မဟုတ်ပေမဲ့ ကျွန်တော်တို့ ပရိသတ်နဲ့ အမြဲအတူရှိနေတဲ့ ဇာတ်ကောင်တစ်ယောက်။ သူက ၁၄ နှစ်ပဲရှိသေးတဲ့အတွက် ကျွန်တော်တို့ ငယ်ငယ်တုန်းကလို ပင်ကိုအကောင်းစိတ်လေးက ရှိတုန်းပဲ။ ပြောရမယ်ဆိုရင် Morty ရဲ့ သာမာန်ဆယ်ကျော်သက် ကလေးတစ်ယောက် မြင်တဲ့အတိုင်း အရာရာတိုင်းနီးပါးကို အကောင်းမြင်တတ်တဲ့ ဇာတ်ကောင်စရိုက်က Rick ဇာတ်ကောင်ကို သဘာဝအားဖြင့် ဆန်ကျင်တဲ့ မတူညီတဲ့ ဇာတ်ကောင်ပုံစံမျိုး ဖန်တီးထားခြင်းပဲ။

ခုနက Love is a chemical reaction ဘာညာဆိုပြီး ပြောခဲ့တဲ့ စကားက “Rick Potion” ဆိုတဲ့ S1: E6 အပိုင်းမှာ။ Science is more art than science ဆိုတဲ့ စကားလည်း အဲ့ episode မှာပဲ ပြောခဲ့တာ။ အဲ့ episode က ဇာတ်လမ်းမှာ ကြီးမားတဲ့ ပြောင်းလဲခြင်းလို့ ပြောလို့ရတယ်။ အာ့ကြောင့်လည်း အဲ့ဒီ့ episode က အကြိုက်ဆုံး episodes တွေထဲက တစ်ခုပဲ။ ကျောင်းက crush ဖြစ်တဲ့ Jessica ဆိုတဲ့ကောင်မလေး ပြန်ကြိုက်အောင်ဆိုပြီး Morty က Rick ကို chemical အရည်တစ်မျိုး အတင်း တီထွင်ခိုင်းလိုက်တယ်။ နားညီးမခံနိုင်တဲ့ အဖိုး Rick ကလည်း သူ့မြေးထွင်ခိုင်းတဲ့ ဆေးရည် ဖော်ပေးလိုက်တယ်။ အဲ့မှာတင် ပြဿနာတွေ တက်ပြီး တစ်ကမ္ဘာလုံး Cronenbergs ကမ္ဘာလို့ တင်စားလောက်တဲ့အထိ ဖြစ်သွားတယ်။ (Director David Cronenberg က body horror ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တာကိုး) ဆက်နေထိုင်လို့ မရတော့တဲ့ ဒီကမ္ဘာကနေ Rick တစ်ယောက် Morty ကိုခေါ်ပြီး တစ်ခြား Reality တစ်ခုထဲက သေဆုံးသွားတဲ့ Rick နဲ့ Morty ရဲ့ အလောင်းတွေကို ကိုယ်စီမြေမြှပ်ပြီး သေသွားတဲ့ Rick နဲ့ Morty နေရာမှာ သူတို့ ဝင်နေလိုက်ကြတယ်။ ကိုယ်တွေ အတွက်က လုံးဝကြီးကို shocking moment ကြီး။ Emotionally လည်း တော်တော်ခံစားလိုက်ရတယ်။

ဒီနေရာမှာ ဆက်ပြောချင်တာတစ်ခုက ဒီ series က ကျွန်တော်တို့ လူသားတွေရဲ့ တည်ရှိနေခြင်းဟာ စကြာဝဠာကြီးရဲ့ ဖြစ်တည်မှုနဲ့ ယှဉ်လိုက်ရင် မြူမှုံလေးတစ်ခုလောက်တောင် အရေးမပါပုံကို တင်ပြထားပုံပဲ။ Series ရဲ့ ဇာတ်လမ်းတစ်နေရာမှာ Morty ရဲ့ အစ်မဖြစ်တဲ့ Summer က စိတ်ဆိုးပြီး အိမ်ပေါ်ကနေ ဆင်းဖို့ အဝတ်တွေထည့်နေတယ်။ ဒီအချိန်မှာ Morty က အခန်းထဲဝင်လာပြီး ခြံထဲက နင်လှမ်းမြင်ရတဲ့ ဟိုရှေ့နားမှာ ငါ့အလောင်းကို ငါမြှပ်ထားတယ်ဆိုပြီး သူတို့ရဲ့ အကြောင်းမှန်ကို ပြောပြလိုက်တယ်။ သူတို့ရဲ့ မူလကမ္ဘာကြီးက ပျက်စီးသွားခဲ့ပြီ။ ဒီကမ္ဘာကတော့ မပျက်စီးသေးဘူး။ ဒါပေမဲ့ ဒီကမ္ဘာက မူရင်း Rick နဲ့ Morty ကတော့ သေသွားကြပြီ။ ဒါပေမဲ့ ငါတို့ကတော့ ဒီကမ္ဘာကိုရောက်လာပြီး အသက်ဆက်ရှင်နေကြတယ် ဆိုပြီး ဒီ series ရဲ့ လူပြောအများဆုံးနဲ့ နာမည်အကြီးဆုံး quote တစ်ခုကို Morty ပြောဖြစ်ခဲ့တယ်။

Nobody exists on purpose.
Nobody belongs anywhere.
Everybody’s going to die.
Come watch TV.
- Morty Smith

ဒီနေရာဟာ Morty အနေနဲ့ လူသားတွေရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး အမှန်တရား နားလည်လက်ခံသွားတဲ့ အချိန်ပဲ။

သက်ရှိတွေရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး နောက်တွေ့ရတာကတော့ တစ်မနက် မနက်စာစားနေတုန်း Rick ထွင်ထားတဲ့ စက်ရုပ်လေးတစ်ခုက Rick ကို ထောပတ်လေး လာပေးပြီးတော့ “What is my purpose” လို့မေးလိုက်တော့ Rick က အမှန်အတိုင်း ရှင်းရှင်းလေးပဲ ဖြေလိုက်တယ်။ “You pass butter.” သနားစရာကောင်းတဲ့ စက်ရုပ်လေးက မျက်နှာလေးမဲ့သွားပြီး သူ့ဖြစ်တည်မှုရဲ့ အရေးမပါခြင်း ကိုသိသွားလို့ ဘုရားရေလို့ တ လိုက်တော့ Rick က စားလက်စ မနက်စာကို ဆက်စားရင်း “Welcome to the club, pal” လို့ ပြောလိုက်တယ်။ ဒီစက်ရုပ်လေးရဲ့ ဖြစ်တည်ခြင်း ရည်ရွယ်ချက်က ထောပတ်လှမ်းပေးဖို့ သပ်သပ်ပဲ။ ကျွန်တော်တို့ လူသားတွေကတော့ ဒီအရေးမပါတဲ့ မျိုးဆက်ဆိုတဲ့ နောင်လူသားတွေကို ဆက်လက်မွေးထုတ်နေဖို့ သပ်သပ်ပဲ။

ဒီ show က existence နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ မကြာခဏ ပါဝင်လေ့ရှိတယ်။ Season 1 က Meeseeks လေးတွေပါတဲ့ episode ကို မှတ်မိကြမှာပေါ့။ ပြန်တွေးကြည့်တော့ Meeseeks လေးတွေလည်း သူတို့ ဖြစ်တည်မှုကို တော်တော်မုန်းတီးကြတယ်။ သူတို့ဘဝရဲ့ purpose က သူတို့ကို စေခိုင်းတဲ့ လူတစ်ယောက်ရဲ့ စေခိုင်းတဲ့ ဆန္ဒပြီးမြောက်သွားဖို့ပဲ။ ထိုစေခိုင်းတဲ့လူရဲ့ ဆန္ဒဖြစ်မြောက်သွားပြီဆိုတာနဲ့ Meeseeks လေးတွေက ပျောက်ကွယ်သွားတော့တယ်။ ဒီမှာတင် Jerry ရဲ့ ဆန္ဒက မပြည့်မြောက်သေးတော့ Jerry ရဲ့ သနားဖို့ကောင်းတဲ့ Meeseeks လေးက သူတို့ရဲ့ existence နဲ့ ပတ်သက်ပြီး ဘာပြောခဲ့လဲဆိုတော့

Meeseeks are not born into this world fumbling for meaning, Jerry! We are created for a singular purpose which we will go to any lengths to fulfil.
Existence is pain to a Meeseeks, Jerry, and we will do anything to alleviate that pain.
- Meeseeks

ဒါဟာ သူတို့ရဲ့ ဖြည်တည်မှု ပြီးဆုံးပျောက်ကွယ်သွားဖို့ အတွက် သူတို့ဘဝရဲ့ တစ်ခုတည်းသော purpose ကို သူတို့ မဖြစ် ဖြစ်အောင် သူတို့ဆောင်ရွက်ကြတယ်။ Existence is pain ဆိုတဲ့ စကားက မှန်ကန်လွန်းတဲ့ အပြင် ကြောက်စရာလည်း ကောင်းလွန်းနေတယ်။

Jerry ဆိုတာ ဘယ်သူလည်းဆိုတော့ Morty ရဲ့ အဖေပဲ။ သူက အိမ်ထောင်ဦးစီးဆိုပေမဲ့ weakest အဖြစ်ဆုံး ဇာတ်ကောင်လို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း Jerry က ကျွန်တော့်ရဲ့ Rick နဲ့ Morty ပြီးရင် အကြိုက်ဆုံး character ပဲ။ Jerry က အရမ်းရိုးရှင်းတယ်။ အိမ်ထောင်ဦးစီးဆိုတော့လည်း တစ်ခါတစ်လေတော့ မရှိတဲ့ power ပြချင်ပေမဲ့ သူ့ကို ဘယ်သူကမှ မလေးစားဘူး။ အထင်မကြီးဘူး။ အဆိုးဆုံးက ယောက္ခမဖြစ်တဲ့ Rick က Jerry ကို အထင်သေးဆုံးနဲ့ insult အလုပ်ဆုံးပဲ။

Jerry က တစ်ခြား main characters တွေလောက် မထက်မြက်တာ မှန်ပေမဲ့ ဒီ show က ဇာတ်ကောင်တွေထဲမှာ စိတ်ထားအကောင်းဆုံးဇာတ်ကောင်ပဲ။ ကျွန်တော် Jerry ကို ပြောနေရတာ အကြောင်းရှိတယ်။ Jerry နဲ့ ကျွန်တော်တို့ Rick ရဲ့ ဆက်ဆံရေးက အဆင်မပြေဘူးဆိုပေမဲ့ ဇာတ်လမ်းရဲ့ တစ်နေရာမှာ Jerry နဲ့ Rick J19-Zeta7 ဆိုတဲ့ တစ်ခြား Reality တစ်ခုက Rick နဲ့ မိတ်တွေတွေ ဖြစ်သွားကြတယ်။ ဒီ Rick J19-Zeta7 က Ricks တွေထဲမှာ အညံံ့ဆုံးလို့ တစ်ခြား Ricks တွေက သတ်မှတ်ပြီး အမြဲလှောင်တတ်ကြတယ်။ ဒီမှာတင် သူတို့ ဘဝတူနှစ်ယောက် တွေ့ကြပြီး ခင်မင်သွားကြတယ်။ အဲ့ဒီ့အချိန်မှာ Jerry က သူရဲ့ အမြတ်တနိုးသိမ်းထားတဲ့ ပစ္စည်းလေးကို ပြတယ်။ ဘာပစ္စည်းလေးလည်းဆိုတော့ George Washington ပုံနေရာမှာ R2D2 ပုံနဲ့ လုပ်ထားတဲ့ ဒင်္ဂါးပြားလေးတွေပဲ။ တစ်ခြားလူတွေက ဒီပစ္စည်းလေးကို Jerry အမြတ်တနိုးထားတာကို လှောင်ရယ်ကြတယ်ပြောတော့ Rick J19-Zeta7 က ဒီစကားလေးကို ပြောလိုက်တယ်။ ဒီ show ရဲ့ ကျွန်တော် အကြိုက်ဆုံး quotes တွေထဲက quote တစ်ခုပဲ။

I’m not going to tell you that these will increase in value, or even hold their current value. The truth is, you bought them because you like them. They have value to you. That’s what matters.
- Rick Sanchez (Rick J19-Zeta7)

လူသားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားတဲ့ အရာခြင်း မတူညီကြဘူး။ ဒါပေမဲ့ ကိုယ်နှစ်သက်တဲ့ အရာဟာ ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်အတွက် တန်ဖိုးရှိနေတာပဲ ဆိုတာကို ပြောသွားခဲ့တယ်။

ခွဲခွါခါနီး မျက်ရည်တွေစို့နေတဲ့ Jerry တစ်ယောက်တော့ Rick J19-Zeta7 ကို ဖက်ပြီး “I found mine.” ဆိုပြီး သူ့ရဲ့ Rick ကို ရှာတွေ့ခဲ့ပြီလို တွင်တွင်ပြောနေတော့တယ်။ ဖြစ်နိုင်ရင် Jerry လ်ိုပဲ နောက် seasons တွေမှာ Rick J19-Zeta7 ကို ကျွန်တော် ဆက်တွေ့ချင်သေးတယ်။

Rick တွေက ဘယ်လောက်များလဲတော့ မသိဘူး။ ကျွန်တော်တို့ Rick ကြီးက တစ်နေရာမှာတော့ အဆက်ဟောင်း Unity နဲ့ ပြန်တွေ့ဖြစ်တယ်။ Unity က နာမ်ဝတ္တု ပဲရှိတဲ့ ဒြပ်မဲ့ ဖြစ်တည်မှုတစ်ခု (Hivemind) လို့ ပြောလို့တယ်။ (ကျွန်တော့် နားလည်မှု မှားယွင်းနိုင်ပါတယ်။) ဒါပေမဲ့ Unity က သက်ရှိတွေရဲ့ စိတ်ဝတ္ထုတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားမျိုးရှိတယ်။ ဒါကြောင့်လည်း planet တစ်ခုရဲ့ သက်ရှိလူသားတွေရဲ့ စိတ်ကို သူထိန်းချုပ်ထားပြီး သူရှင်သန်နေထိုင်တယ်။ သူ့ရည်ရွယ်ချက်ကလည်း သက်ရှိအချင်းချင်း unification ဖြစ်အောင်ဆိုတာကြောင့် သူ့ကို Unity လို့ ခေါ်တာ ဖြစ်နိုင်တယ်။ Unity အကြောင်း ပြတဲ့ episode က S2: E3 (Auto Erotic Assimilation) ဆိုတဲ့ episode မှာ individualism နဲ့ Unification အကြောင်းကို ပြသသွားတယ်။ ဘယ်အရာ ကောင်းတယ်၊ ဘယ်အရာက ဆိုးတယ်တော့ ကျွန်တော် မပြောတော့ဘူး။

Unification ကြောင့် လူဆိုးတွေက လူကောင်းဖြစ်လာသလို၊ လူညံ့တွေကလည်း လူတော်တွေ ဖြစ်လာတယ်။ ဥပမာ မိမိကိုယ်ကို သေကြောင်းကြံစည်တော့မဲ့ ဘိန်းစွဲနေတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကြောင့် အခုတော့ အဏ္ဏဝါ biologist တစ်ယောက် ဖြစ်လာခဲ့ရတယ်လို့ Unity က သူရဲ့ ကောင်းချက်ကိုပြောတော့ Morty က Unity ကို ဘာပြောခဲ့လည်းဆိုတော့

Unity, I don’t think my sister’s trying to say that life would be perfect without you. I think she’s just saying that life would be, you know, life.
- Morty Smith

အမှန်က ဒီ conversation က Morty ရဲ့ အစ်မဖြစ်တဲ့ Summer နဲ့ Unity ရဲ့ ဆွေးနွေးမှုကို Morty က ကြားထဲက ဝင်ရှင်းပြပေးတာ။ ဒါပေမဲ့ နောက်တော့ Unity ရဲ့ ထိန်းချုပ်မှုအောက်က လွတ်ပြီး သတိပြန်ဝင်လာတဲ့ လူတွေက individual တွေပြန်ဖြစ်လာတယ် ဆိုတော့ ထုံးစံအတိုင်း လူမျိုးရေးခွဲခြားမှုတွေ ပြန်စဖြစ်ကြတော့တယ်။ လူမျိုးရေးခွဲခြားမှုတွေအပြင် လူမျိုးရေးစစ်ပွဲတွေပါ ဖြစ်လာကြတော့ အားမရတဲ့ Summer က နင်တို့တွေ အကုန်လုံး အတူတူတွေပဲ။ ဘာလို့ အချင်းချင်း တိုက်ခိုက်နေကြတာလဲလို့ အော်လိုက်တော့ လက်ပိုက်ပြီး ရပ်ကြည့်နေတဲ့ Morty က ပြုံးစစနဲ့ Summer ကို အခုလိုမေးလိုက်တယ်။

Oh, Summer. First race war, huh?
- Morty Smith

ဒီ episode က တော်တော်လေး ထိရောက်ပြီး သူရဲ့ ဇာတ်ညွှန်းကို ကျွန်တော် သဘောကျမိတယ်။ ဇာတ်လမ်းရေးသူတို့က သူတို့ပြောချင်တဲ့ အကြောင်းအရာလေးကို ဒီ မိနစ် ၂၀ လေးနဲ့ ထိထိမိမိတင်ပြနိုင်ခဲ့တယ်။ ကျွန်တော်တို့ ကမ္ဘာပေါ်က Race wars တွေလည်း ဘာထူးလို့လဲ။ လူသားတွေ အကုန် အတူတူပဲကို ကျွန်တော်တို့တွေ ခွဲခြားနေခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ individualism တွေကို တန်ဖိုးထားဖို့ ကျွန်တော်တို့ မေ့နေခဲ့ကြတယ်။

ဒီ show က အချိန်ကြာလာတာနဲ့အမျှ protagonists နှစ်ယောက်နဲ့လည်း ပိုရင်းနှီးလာသလို ထို Rick နဲ့ Morty ရဲ့ ဇာတ်ကောင်တွေရဲ့ မျှော်လင့်မထားတဲ့ အကြောင်းကိုလည်း ပိုသိလာရတယ်။ Rick ကလည်း တကိုယ်ကောင်းသမားလို့ ဆိုပေမဲ့ သူ့သမီးဖြစ်တဲ့ Beth အတွက် Froopyland လေး တည်ဆောက်ခဲ့တာလေးတွေ၊ Morty က အမြဲတမ်းနီးပါး ကိုယ်ချင်းစာပြီး သူရဲကောင်းလုပ်ချင်ပေမဲ့ Reality တစ်ခုရဲ့ Morty ကတော့ Evil Morty ဖြစ်နေတာတွေကိုပါ တွေ့ခဲ့ရတယ်။ Evil Morty က original Morty လည်း ဖြစ်နိုင်တယ်။

အမှန်တော့ Rick က Morty ကို ကယ်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ Rick က စောစောက ပြောသလို တစ်ခါတစ်လေ တစ်ကိုယ်ကောင်းသမားဆန်တော့ Vindicators တွေပါတဲ့ S3: E4 ရဲ့ တစ်နေရာမှာ Rick က သူပြောတာ မှန်လာတဲ့အတွက် ငါပြောခဲ့တာ မှန်တယ်ဆိုတာ မင်းအတွက် လက်ခံဖို့ အရမ်းခက်ခဲနေလား လို့ Morty ကိုမေးလိုက်တော့ Morty က ဟုတ်တယ်လို့ ပြောပြီး ဘာဆက်ပြောခဲ့လည်း ဆိုတော့

Yeah it is, you know why, Rick? Because when you are an a**hole, it doesn’t matter how right you are, nobody wants to give you the satisfaction.
- Morty Smith

ဒီစကားက ကျွန်တော် အကြိုက်ဆုံးစကားတွေထဲက တစ်ခု။ ဒီစကားလည်း ကြားပြီးရော ဘာမှဆက်မတွေးနိုင်တော့လောက်အောင် ငိုင်သွားတာ။ ဘဝမှာ ကိုယ်ဘာတွေ မှားယွင်းခဲ့တယ်။ ကိုယ့်ဘေးကလူတွေ ဘာလို့ ကိုယ့်ဆီကနေ ဝေးရာကို ထွက်ခွါသွားကြလည်းဆိုတာ အခုတော့ Morty ကြောင့် ကျွန်တော် နားလည်ခဲ့ပြီ။

ကိုယ့်ဘေးက ထွက်ခွါသွားတဲ့လူတို့၊ ကိုယ်မပိုင်ဆိုင်တော့တဲ့အရာတို့၊ ကိုယ်ဆုံးရှုံးသွားတဲ့အခြေအနေတို့ အစရှိတဲ့အရာတွေကို လူတွေက မိုက်မိုက်မဲမဲနဲ့ ချက်ချင်း လက်မခံနိုင်ပဲ ဖြစ်တတ်ကြတယ်။ ဒါက ဓမ္မတာပါပဲ။

Season 3 အစလောက်မှာ Morty ရဲ့ မိဘတွေ ကွာရှင်းဖို့ အခြေအနေတွေဖြစ်လာတယ်။ ဖခင်ဖြစ်တဲ့ Jerry က အိမ်ပေါ်က ဆင်းသွားတယ်။ အရာရာတိုင်းဟာ အရင်ကလို မဟုတ်တော့ဘူး။ မိဘတွေ ကွဲကွာသွားကြတယ်ဆိုတာ အမှန်တော့ သားသမီးတွေအနေနဲ့ မသိစိတ်က ချက်ချင်း လက်ခံလို့ ရမှာ မဟုတ်ပါဘူး။ အဲ့ဒီ့တုန်းက Morty ရဲ့ စိတ်ထဲမှာလည်း လက်မခံနိုင်တာတို့၊ ဝမ်းနည်းတာတို့၊ ဒေါသထွက်တာတို့ အကုန်ရှိခဲ့လိမ့်မယ်။ ဒါကို သူတစ်ချိန်မှာ နားလည်သွားခဲ့တော့

Maybe the lessons we’ve learnt is that whether it’s our parents’ marriage, a glowing green rock, or an awesome giant arm, sooner or later, we got to let it go.
- Morty Smith

တစ်ချိန်ချိန်မှာတော့ အနှေးနဲ့ အမြန် အမှန်တရားကို ကျွန်တော်တို့ လက်ခံကြရမှာပေါ့။

လက်ခံဖို့ ခက်ခဲတယ်ဆိုတာ အမှန်တရားမှ မကဘူး။ မိမိလုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေရောပဲ။ အမှန်တော့ လူသားတွေက လုပ်ချင်တာကို လုပ်မယ်။ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲတွေက်ိုတော့ လက်မခံချင်ကြဘူး။ လက်ခံဖို့ သတ္တိတွေ လစ်ဟင်းတတ်ကြတယ်။ ဒီအကျိုးဆက်တွေကပဲ ကျွန်တော်တို့ ပြန်သင်ယူကြတယ်။ လုပ်ရပ်အမှားတွေရဲ့ ဆိုးကျိုးတွေကို ကျွန်တော်တို့ သင်ယူကြပြီး မှန်ကန်တဲ့လုပ်ရပ်တွေရဲ့ ကောင်းကျိုးတွေကို ကျွန်တော်တို့ ဆက်ခံစားကြတယ်။ ဒီ နောက်ဆက်တွဲ အကျိုးတွေကြောင့် ကျွန်တော်တို့ကို ကျွန်တော်တို့ ပိုသိလာရတယ်။

Season 4 ရဲ့ episode 8 (The Vat of Acid) မှာ Morty က Rick ကို စက်တစ်မျိုးတီထွင်ခိုင်းတယ်။ တစ်ခုခုလုပ်ပြီးလို့ မှားသွားရင် ကိုယ်ရပ်ခဲ့တဲ့ အချိန်ရဲ့အနောက်ကို ပြန်သွားပြီး အစကနေ ပြန်လုပ်လို့ရတဲ့ စက်မျိုး။ စောစောကတည်းက The vat of acid ကြောင့် Morty ကို ပညာပေးချင်နေတဲ့ Rick က ထွင်ပေးလိုက်တယ်။ သူလိုချင်တဲ့ စက် remote လေးကိုကိုင်ပြီး Morty တစ်ယောက် ပျော်ပျော်နဲ့ ထွက်သွားတော့တယ်။ အဲ့နောက်ပိုင်းပြတဲ့ ဇာတ်ဝင်ခန်းတွေက တော်တော်ကောင်းတယ်။ ကြိုက်လွန်းလို့ ကျွန်တော် ခဏခဏပြန်ကြည့်ဖြစ်တယ်။ နောက်တော့ နောင်တတွေနဲ့ Morty တစ်ယောက် ပြန်ရောက်လာတယ်။ သူရောက်ရောက်ချင်း ပြောဖြစ်တဲ့ စကားက

Living without consequences is great, but then I started wondering what am I living for, what am I building if I’m never looking ahead. Then it hits me. We are who we are because of consequences. You can’t live without consequences.
- Morty Smith

တစ်ကယ်ပါ။ ဇာတ်လမ်းရေးတဲ့သူတွေကတော့ ဘယ်လိုရည်ရွယ်ပြီး ရေးခဲ့လဲ မသိဘူး။ Morty ပြောခဲ့သလိုပဲ သူ့စကားက ကျွန်တော့်ကိုလည်း ထိသွားခဲ့တယ်။ ကျွန်တော်တို့တွေက လူညံ့တွေပီပီနောက်ဆက်တွဲအကျိုးဆက်တွေကို ရှောင်ပြီး ပြေးဖို့ကြိုးစားတတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ထွက်ပြေးလို့မှ မရတာ။ ကိုယ့်လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေ မပါပဲ ကျွန်တော်တို့တွေ ဆက်နေထိုင်လို့ မရဘူးလေ။ ဒီ show က ကျွန်တော်တို့ကို ရယ်မောစေရုံတင် မကဘူး။ အတွေးနက်တွေလည်း တွေးစေခဲ့တယ်။

Rick and Morty က အခုနောက်ပိုင်း series တွေထဲမှာ လက်တွေ့ပြင်ပဘဝထဲကနေ ထွက်ပြီး စိတ်ကူးယဉ်လို့ အကောင်းဆုံး series တစ်ခုလို့ ပြောလို့ရတယ်။ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ references တွေ cultures တွေလည်း မကြာခဏပါတော့ ရုပ်ရှင်ချစ်သူတွေ ပိုသဘောကျကြတာ မထူးဆန်းဘူး။ ဒီ show က comedy show တစ်ခုဆိုပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပရိသတ်နဲ့အတူ ရှင်သန်လာတယ်။ ဒီ show ကြည့်နေရင်း တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေ ရယ်နေပေမဲ့ ချက်ချင်းဆိုသလို မမျှော်လင့်ထားတဲ့ နက်နဲပြီး ထိခိုက်နာကျင် ခံစားစေတဲ့ ခံစားချက်တွေပါ ကျွန်တော်တို့ ရရှိခဲ့တယ်။

ဒီ show ရဲ့ creators တွေဖြစ်တဲ့ Justin Roiland နဲ့ Dan Harmon တို့ရဲ့ တင်ပြပုံကြောင့်လားတော့ မသိဘူး။ Rick က ကျွန်တော်တို့ရဲ့ fav character ဆိုပေမဲ့ ကျွန်တော်တို့က Rick ဘယ်တော့မှ ဖြစ်မလာပဲ အမြဲတမ်း Morty ပဲ ဖြစ်နေခဲ့တယ်။ ကျွန်တော်တို့က Morty လိုပဲ ကိုယ်တွေနားမလည်တဲ့ scientific terms တွေ၊ theories တွေကို Rick ရှင်းပြတာ နားမလည်လည်း နားထောင်ပြီး သူခေါ်ဆောင်ရာ inter-dimensional စွန့်စားခန်းတွေနောက်ကို လိုက်ပါသွားတော့တယ်။ တစ်ခါတစ်လေ Rick နဲ့ Morty ကြားက ကတောက်ကဆတွေကြားမှာလည်း ကျွန်တော်တို့တွေက Morty ဘက်ကနေပြီး Morty ကို အနိုင်ရစေချင်ခဲ့တယ်။ Rick က သူ့မာနရယ်၊ သူ့ကိုယ်သူအထင်ကြီးတဲ့စိတ်ကို ဖြေသိမ့်ဖို့ (ဒါမှမဟုတ်) သပ်သပ်အပျော်ရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တစ်ခါတစ်လေ သူရဲကောင်းကြီး တစ်ယောက်လို ကယ်တင်ရေးတွေ လုပ်တတ်တယ်။

တစ်ကယ်တော့ Rick က အသက်ရှင်ဖြစ်တည်ခြင်းရဲ့ အရေးမပါခြင်းကို လုံးလုံးနားလည်တယ်။ သူသွားခဲ့တဲ့ dimension တိုင်း၊ ဂြိုလ်တိုင်း၊ သူရောက်ရှိခဲ့တဲ့ အချိန်တိုင်းမှာ ဘယ်အရာမှ အရေးမပါဘူးဆိုတာ သူနားလည်ခဲ့တဲ့အတိုင်း သူ့သဘောအရှိ နေထိုင်ပြုမူခဲ့တယ်။ ဒါကြောင့်လည်း သူဟာ ယနေ့ခေတ် television shows တွေထဲမှာ အလွတ်လပ်ဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်မိတယ်။

When you know nothing matters, the universe is yours.
- Rick Sanchez

.
~WH~

WH
WH
8 min read