Massive Spoilers*

ဟိုးရှေးရှေးတုန်းက အလှမ်းကျယ်ဝန်းလှတဲ့ စကြာဝဋာထုကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ မကောင်းမှုနဲ့ ကောင်းမှုဆိုတဲ့ ဆန့် ကျင်ဘက်အဓိပ္ပာယ် နှစ်ခုတို့ ရဲ့ ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ပွဲတွေပေါ့။

.

ကျယ်ပြန့် တဲ့ ဇာတ်လမ်းကြီးတွေကို ကြည့်ရှုရမဲ့အစား သေးငယ်တဲ့ အဖွဲ့ တစ်ခုရဲ့ နာမည်မကျော်ကြားခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို တင်ပြထားခြင်းဆိုတဲ့ အကြောင်းရင်းရယ် Classic Star Wars ရဲ့ မူလနောက်ခံတွေကို ပြန်လည် အသက်ဝင်ခံစားခြင်းတွေရယ် ကျွန်တော်တို့ တွေ လုံးဝမကြားဖူးသေးတဲ့ ဇာတ်ကောင်တွေကို အလယ်မှာ ထားတာရယ်နဲ့  အမှောင်မိုက်ဆုံးသော ဇာတ်လမ်းတစ်ခုဖြစ်ပြီး စစ်ပွဲနောက်ခံ Star Wars ဇာတ်လမ်းတစ်ခုဆိုတော့ Star Wars ဇာတ်ကားတွေထဲမှာ ကျွန်တော်အကြိုက်ဆုံး Star Wars ဇာတ်ကားတစ်ကားဖြစ်လာနိုင်တယ်လို့ ကျွန်တော် မကြည့်ခင်ကတည်းက ကြိုခံစားမိနေတယ်လို့ လွန်ခဲ့တဲ့ လအနည်းငယ်ခန့် က ကျွန်တော်တစ်ခါ ပြောဖူးခဲ့တယ်။


ဇာတ်လမ်းအကျဉ်း

အမှန်တော့ ဒါဟာအိပ်မက်တွေပဲ။ အိပ်မက်ဆိုတာထက် မျှော်လင့်ချက်တွေလို အမည်တပ်ရင် ပိုသင့်တော်လိမ့်မယ်။

ဒီလောကကြီးမှာ Jedi တွေမရှိတော့တာကြာခဲ့ပြီ။ Force တို့ ဘာတို့ ဆိုတဲ့ စကားလုံးတွေကိုတောင် သုံးတဲ့သူတွေ အလွန်ရှားသွားတဲ့ ကာလတစ်ခု။ သူတို့ အဆိုအရဆိုရင် သတ္တလောကကြီးကို အမှောင်ထုကြီး ကြီးစိုးထားချိန်ပေါ့။ နာမည်ကြီးတိုက်ပွဲတစ်ခုဖြစ်တဲ့ Clone Wars နောက်ပိုင်းမှာ Galactic Republic ကို အစားထိုးဖို့ Darth Sidious ဦးဆောင်တဲ့ Galactic Republic Empire ဟာ အဆုံးအစမရှိတဲ့ စကြာဝဋာနယ်နမိတ်ထဲမှာ တစ်စနဲ့ တစ်စ ပိုမိုအင်အားကြီးထွားလာခဲ့တယ်။ သူတို့ ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အသွင်ကိုဖော်ဆောင်နေတဲ့ အလံတော်တွေဟာ စကြာဝဋာတစ်ခွင်မှာ နေရာအနှံ့ လွှင့်ထူနေကြပြီ။ ဒီအချိန်မှာ သူတို့ တပ်မတော်အပိုင်း Imperial Military က စစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ တစ်ခုသည် အလွန်အင်မတန်ကြီးမားလှသော လူသတ်လက်နက်ကြီးတစ်ခုကို လျှို့ ဝှက်စွာတည်ဆောက်နေကြတယ်။ အကယ်၍ ထိုလက်နက်ဆိုးကြီးသာ အောင်မြင်စွာ ပြီးဆုံးပြီး Functions အပြည့်နဲ့ အသုံးပြုနိုင်ပြီဆိုပါက စကြာဝဋာထဲဝယ် သူတို့ ကိုဆန့် ကျင်သော သူတွေအဖို့ တော့ သေလမ်းခင်းရတော့မှာ အမှန်ပဲ။
.

ထို Galactic Empire ကို ဆန့် ကျင်ကာ ကြိုးစားတိုက်ထုတ်နေတဲ့ (သူတို့ အခေါ် ပုန်ကန်သူ - Rebellions) တပ်ဖွဲ့ တွေအတွက်ကတော့ ထိုလက်နက်ဆန်းသည် အလွန်တရာအင်အားကြီးမားလွန်းတယ်လို့ ပဲ သတင်းရရှိခဲ့တယ်။ ဒီလက်နက်ဟာ မည်ကဲ့သို့ နည်း၊ မည်မျှ အစွမ်းထက်သနည်း၊ မည်ကဲ့သို့ ချေမှုန်းရမည်ကို သူတို့ မသိခဲ့ကြ။ ဒါကြောင့်လည်း အဆိုပါ လက်နက်ကို တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Galen Erso ရဲ့ သမီးဖြစ်သူ Jyn Erso ကို မတွေ့ တွေ့ အောင် သူတို့ ရှာကြတော့တယ်။
.

Jyn Erso ကို သူတို့ ရှာတွေ့ တော့ Empire လက်အောက်မှ အကျဉ်းကျခံနေရပြီး ထောင်ရွေ့ ပြောင်းတဲ့အချိန်မှာပဲ။ Jyn ဟာ ငယ်စဉ်ကပဲ မိဘနှစ်ပါးနဲ့ ကွဲကွာခဲ့ရတယ်။ ဖခင်ဖြစ်သူဟာ သူကိုယ်တိုင်မနှစ်မြို့ တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေရသည့်အတွက် Empire အောက်မှ ပြေးထွက်ခဲ့ပြီး Lah'mu ဆိုတဲ့ အလွန်တရာအေးချမ်းလှတဲ့ Outer Rim အရံဂြိုလ်ငယ်လေးတစ်စင်းမှာ မိသာစုနဲ့ အတူနေထိုင်ခဲ့ပေမဲ့ Imperial Military က သူ့ ကိုပြန်လည်ရှာဖွေတွေ့ ရှိခဲ့ပြီး ပြန်လည်ခေါ်ဆောင်သွားခြင်းကြောင့် ထိုအချိန်မှစ၍ မိမိဖခင်ကို မတွေ့ ခဲ့ရတော့ပေ။ စစ်ပြန်ကြီး Saw Gerrera ရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းခဲ့ပေမဲ့ မိမိခြေထောက်ပေါ်ရပ်တည်လာနိုင်တဲ့အခါ ပုန်ကန်သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာရင်း ဒီလောကကြီးထဲမှာ ကျင်လည်ကျက်စားနေခဲ့တာ အခုချိန်ထိပေါ့။
.

ဒီလိုနဲ့ သူမအဖေကို ရှာဖွေခြင်းဆိုတဲ့ ခေါင်းစဉ်တစ်ခုရဲ့ အောက်မှာ သူမနှင့် Cassian Ando ဆိုတဲ့ Rebel Alliance Intelligence officer တစ်ယောက်တို့ အာကသခရီးစဉ်တစ်ခုကို ထွက်လာကြတော့တယ် …

ဇာတ်ကားအား ဝေဖန်ခြင်း

ကျွန်တော်တို့ ငယ်စဉ်က ဘဝတွေမှာ Star Wars တွေနဲ့ ကြီးပြင်းခဲ့ရတာမဟုတ်ဘူး။ Prequels တွေတော့ ရှိခဲ့ပေမဲ့ ငယ်သေးတော့ ဘာမှန်းသိခဲ့ရတာလည်း မဟုတ်။ ထိုအချိန်က Star Wars ဆိုတာ ဘယ်ကစလည်း၊ ဘာတွေလုပ်နေကြတာလည်း ဆိုတာတောင် သိခဲ့တာမဟုတ်ဘူး။ အရွယ်ရောက်မှ Star Wars fan တစ်ယောက်ဖြစ်လာခဲ့တယ်။ ထိုအချိန်ထိ Star Wars Universe တွေဟာ ခုလို ဆက်လက်ရှင်သန်လာခဲ့မယ်လို့ ထင်တောင်မထင်ခဲ့ဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ မျိုးဆက်သစ်တွေအတွက် The Force Awakens က Star Wars နဲ့ စတင်မိတ်ဆက်ပေးလာခဲ့တော့တယ်။
.

ကျွန်တော်ယခု စာတွင် Rogue One နဲ့ The Force Awakens ကိုမကြာမကြာ ယှဉ်တွဲပြီးပြောဆိုပါလိမ့်မယ်။ The Force Awakens ဟာ အလွန်ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်သလို ရှိရင်းစွဲပရိသတ်တွေသာမက ပရိသတ်အသစ်တွေကိုပါ ထပ်မံတိုးပွားစေခဲ့တဲ့ Star Wars ရုပ်ရှင်တစ်ခု။ ဒါပေမဲ့ ထိုအထဲက ဇာတ်ကောင်တွေကို ကျွန်တော်စိတ်မဝင်စားခဲ့ဘူး။ Rey ကတော့လွဲရင်ပေါ့။ သူဟာ Darth  ရဲ့ Reincarnation ပဲဖြစ်ဖြစ်၊ Obi-Wan Kanobi ရဲ့ မြေးပဲဖြစ်ဖြစ်၊ Luke Skywalker ရဲ့ သမီးပဲဖြစ်ဖြစ် သိချင်မိတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူမကလွဲရင် တစ်ခြားဇာတ်ကောင်တွေဟာ မှေးမှိန်လွန်းတယ်။ (Kylo Ren ကတော့ခြွင်းချက်)။ ယခု Rogue One မှာတော့ ဇာတ်ကောင်တွေဟာ တစ်ယောက်တည်းကိုပဲ ဇောင်းမပေးထားဘူး။ Jyn ကိုဇောင်းပေးထားတယ်လို့ ခင်ဗျားက ငြင်းချင်ရင် ငြင်းလိမ့်မယ်။ မှန်ပါတယ်။ ဒါပေမဲ့ ကျန်ဇာတ်ကောင်တွေကို Third Act မှာ ရာနှုန်းပြည့်တစ်သားတည်း ကျသွားခဲ့တယ်။ သူတို့ ရဲ့ ပေါင်းစည်းမှု ညီညာမှု စည်းလုံးမှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။

.

ဇာတ်ကားဟာ သိကြတဲ့အတိုင်း ပထမအပိုင်းလောက်မှာ အရမ်းနှေးတယ်လို့ ခံစားရတယ်။ မလိုအပ်တာတွေကိုလည်း ပြနေသယောင်ခံစားရတယ်။ တစ်ကယ်တော့ ဒါဟာ နောက်ဆုံးပိုင်း Third Act အတွက် ပြင်ဆင်နေတယ်ဆိုတာ သိလာရတယ်။ ဇာတ်ညွှန်းကိုပြောရမယ်ဆိုရင် ကောင်းလား၊ မကောင်းဘူးလားဆိုတာ ဝေခွဲရအရမ်းခက်တယ်။ တစ်ချို့ အခန်းတွေဟာ အဆက်အစပ် သိပ်မရှိလှဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ဇာတ်ညွှန်းကိုပြန်လည်ရေးသားခဲ့ကြပြီး တစ်ချို့ အခန်းတွေကို ပြန်လည် ရိုက်ကူးခဲ့တာကိုး။ ဒီတော့ တည်းဖြတ်သူက Versions 2 ခုစလုံးကို လိုအပ်သလို ယူသုံးခဲ့ပုံရတယ်။ သေချာတာကတော့ ဇာတ်လမ်းအပြောင်းအလဲတွေ အများကြီးလုပ်ခဲ့တယ်ဆိုတာပဲ။ ဝေးဝေးမကြည့်နဲ့ ။ သူတို့ ပြသခဲ့တဲ့ Trailers တွေနဲ့ ယှဉ်ကြည့်ရင်တောင် တစ်ကယ့်ဇာတ်ကားထဲတွင် မပါဝင်လာခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးပဲ။ Trailers တွေထဲမှာ Saw Gerrera က

“What will you do when they catch you? What will you do if they break you? If you continue to fight, what will you become?”

လို့ ပြောခဲ့တော့ ကျွန်တော်တို့ တွေ အစကထင်ခဲ့တာ Rogue One တစ်ဖွဲ့ လုံးနောက်ဆုံးမှာ အဖမ်းခံရကာ အကြောင်းအရာတစ်ခုခုကြောင့် Dark Side ထဲကို ဝင်သွားကြမယ် ဆိုတာပဲ။ The Force Awakens ထဲက Art book ထဲမှာ ဆွဲသားထားတဲ့ Knights of Ren ပုံစံတွေက ယခု Rogue One အဖွဲ့ သားတွေနဲ့ ဆင်တူယိုးမှားသဏ္ဍာန်ဖြစ်နေတာကြောင့် သူတို့ ကို နောက်ဆုံးမှာ Knights of Ren တွေဘာတွေဖြစ်မယ်လို့ တောင် ကျွန်တော်အပါအဝင် internet မှာ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တွေ အကုန်မှားခဲ့ကြတယ်။
.

တည်းဖြတ်တဲ့အပိုင်းကို ပြောရမယ်ဆိုရင် လက်ရာမသေမသပ်နိုင်လွန်းတယ်။ ဥပမာ ပင်လယ်ကမ်းစပ်မှာ ထိုင်နေကြတုန်း Cassian Ando တစ်ယောက် မျက်လုံးမှိတ်သွားတာနဲ့ မျက်လုံးဖွင့်သွားတာကို မှားပြီး တည်းဖြတ်ခဲ့ကြတယ်။ ဘာဖြစ်လဲဆိုတော့ ပရိသတ်အနေနဲ့ ခံစားရတဲ့အချိန်မှာ ခံစားသင့်သလောက် မခံစားရတော့တာပဲ။ နောက်ထပ်လည်း ဇာတ်ဝင်ခန်းအချို့ ရှိသေးတယ်။ ထားပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒုတိယအကြိမ်ကြည့်ပြီးမှပဲ သေချာဝေဖန်နိုင်လိ့မ်မယ်။
.

ဟုတ်ပြီ။ CGI နဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဘယ်လိုမြင်ကြသလဲ။ Digital Tarkin နဲ့ Digital Leia တို့ နဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ငြင်းခုန်သံတွေအရမ်းဆူညံစွာ ကြားရတယ်။ ကျွန်တော့်အမြင်ကတော့ ကောင်းတယ်။ ကျွန်တော်လက်ခံလို့ ရတယ်။ ဥပမာ Fast and Furious ထဲက Digital Paul Walker ထက် အစများစွာသာတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ ခက်တာတစ်ခုက Tarkin ဇာတ်ကောင်ကို လိုအပ်တာထက် ပိုမိုများပြားစွာ အသုံးပြုထားပြီး လိုအပ်တဲ့ ဇာတ်ဝင်ခန်းထက် ပိုမိုပါဝင်နေတာတစ်ခုပဲ။ Tarkin ကို စမြင်တော့ trailer ထဲကအတိုင်း မှန်ရဲ့ အရိပ်မှာစမြင်ရတာပဲ။ ထိုအခန်းဆိုရင် ကျွန်တော်ကြည့်နေရင်းနဲ့ အားရလာတာ။ သူတို့ ရဲ့ တင်ပြပုံကိုလည်း ချီးကျူးမိတယ်။ ဒါပေမဲ့ Tarkin ကို မကြာမကြာ Digital ဟန်နဲ့ တွေ့ မြင်လာရတော့ စိတ်ထဲမှာ သိပ်အားမရလာတော့တာ တစ်ခုပဲ။ နောက်ဆုံးပိုင်း Digital Princess Leia ကိုတော့ တစ်ဖျတ်ပဲတွေ့ လိုက်ရတာလို့ လားတော့မသိ။ အလွန်အားရမိတယ်။ ထိုင်ခုံကနေတောင် ထရပ်ချင်မိသွားတယ်။ တစ်ခြား CGI တွေကတော့ တစ်ကယ့်ကို အသက်ရှုမှားလောက်ပါပေတယ်။ ဥပမာ Death Star ကိုစမ်းသပ်တဲ့အခန်းတွေမှာ သုံးထားတဲ့ ဇာတ်ဝင်ခန်းတွေ အရမ်းလှပလွန်းတယ်။ ဂြိုလ်တွေပျက်စီးသွားတာကို ပြသသွားတာ Force Awakens ထက် အဆများစွာသာတယ်။
.

ဒီဇတ်ကားရဲ့ နောက်ဆုံးပိုင်း The Third Act ဟာ ဒီနှစ်ကြည့်ပြီးသမျှဇာတ်ကားတွေထဲမှာ အကောင်းဆုံးပဲ။ အရာအားလုံး စိတ်တိုင်းကျပဲ။ တင်ပြပုံရော၊ ဇာတ်သိမ်းရော ကျွန်တော်ဖြစ်စေချင်တဲ့အတိုင်း အကုန်လုံးပဲ။ ပြီးတော့ မနှစ်က Force Awakens အရမ်းကောင်းတယ်ဆိုပေမဲ့ ထိုဇာတ်ကားရဲ့ Third Act က ကျွန်တော်တို့ ကို ပရိသတ်တစ်ယောက်က ဘေးကနေကြည့်နေစေခဲ့တယ်ဆိုတာထက် မပိုခဲ့ဘူး။ ဒါပေမဲ့ယခုနှစ် Rogue One မှာတော့ မိမိကိုယ်တိုင် ထိုတိုက်ပွဲတွေကြားထဲမှာ Death Troopers တွေကို တိုက်ခိုက်နေရတယ်လို့ တောင် ခံစားမိခဲ့ရတယ်။


ဇာတ်ကောင်တွေအကြောင်း ပြောကြရအောင်ဗျာ။ ဇာတ်ကောင်တွေကို မိတ်ဆက်တဲ့အပိုင်းမှာ အားနည်းတယ်လို့ လူအများက ဆိုကြတယ်။ ကျွန်တော်ထောက်ခံတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ ပြဿနာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ စောစောကပြောခဲ့သလိုပဲ Third Act မှာ ကျွန်တော်ကိုယ်တိုင် သူတို့ နဲ့ တစ်သားတည်းကျသွားတယ်။ ပရိသတ်နဲ့ မရင်းနှီးသေးတဲ့ ဇာတ်ကောင်အသစ်တွေကို ဇာတ်ကားအမျိုးမျိုးက ပုံစံအမျိုးမျိုးနဲ့ မိတ်ဆက်ပေးလေ့ရှိတယ်။ အညံ့ဆုံးမိတ်ဆက်ခြင်းက Suicide Squad သုံးတဲ့နည်းလမ်း၊ File တစ်ခုခြင်းစီဖွင့်ဖတ်ပြီး တစ်ယောက်ခြင်းစီဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောဆိုပြီး အလွယ်တကူမိတ်ဆက်ခြင်းလေ။ Guardians of the Galaxy က သုံးသွားတဲ့နည်းလမ်းက အလုပ်ဖြစ်တယ်လို့ ဆိုရမယ်။ ဇာတ်ကောင်တွေကို ဇာတ်လမ်းပေါ်မှာ တင်ထားတယ်။ ဇာတ်လမ်းသွားရာတစ်လျှောက်မှာ ဇာတ်ကောင်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခြင်းမျိုးကို အသုံးပြုတယ်။ ယခု Rogue One ကိုဘယ်လို မိတ်ဆက်သလဲဆိုတော့ တစ်ချိန်တည်းမှာ ဇာတ်လမ်းအများကြီးဖြစ်နေမယ်။ ထိုဇာတ်လမ်းတွေထဲမှာ ကိုယ်ပိုင်ဇာတ်ကောင်တွေပါလာတယ်။ ထိုဇာတ်လမ်းအများကြီးတွေကနေ စုပေါင်းပြီး ဇာတ်လမ်းတစ်ခုတည်းဖြစ်သွားတဲ့အခါ ဇာတ်ကောင်တွေလည်း ပေါင်းမိသွားကြတယ်။ Smart ဖြစ်တဲ့ ဇာတ်ညွှန်းပဲ။

လူသားဇာတ်ကောင်တွေထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးက Orson Krennic ဆိုတဲ့ Empire ရဲ့ တော်ဝင်တပ်မတော်မှ Advanced Weapons Research Division ရဲ့ အုပ်ချုပ်သူ Director ကြီးပဲ။ သရုပ်ဆောင်တဲ့ မင်းသား Ben Mendelsohn ကိုအားပေးတာကြောင့်လည်း ပါမှာပါ။ ဒါပေမဲ့ သူ့ ဇာတ်ကောင်ဟာ Empire အတွက် အထောက်အကူအများကြီးဖြစ်ခဲ့တယ်။ Death Star ကြီးတစ်ခုလုံးအောင်မြင်စွာ တည်ဆောက်နိုင်ခဲ့တာ သူ့ ကြောင့်ပဲ။ ဒါပေမဲ့ ဝမ်းနည်းဖို့ ကောင်းစွာပဲ မိမိလုပ်ရပ်အတွက် ထိုက်တန်တဲ့နာမည်မတပ်ခံရတဲ့အပြင် ကျားကြောက်လို့ ရှင်ကြီးကိုးပါမှ ရှင်ကြီးက ကျားထက်ဆိုးနေတာကို ကြုံတွေ့ ခဲ့ရတယ်။ သူဟာ သူ့ လုပ်ရပ်အတွက်တော့ နာမည်လိုချင်တာပေါ့။ ဒါဟာလည်း မဆန်းပါဘူး။ ဘာထူးဆန်းတာလဲဆိုတော့ သူ့ ရဲ့ သစ္စာစောင့်သိမှုပဲ။ တစ်ကယ်ပါ။ နောက်ဆုံးချိန်ထိ သစ္စာစောင့်သိခဲ့တယ်။

Troopers တွေထဲမှာ အကြိုက်ဆုံး Troopers တွေကတော့ အခု ဇာတ်ကားဖြစ်တဲ့ Rogue One ထဲမှာ စတင်မိတ်ဆက်သွားတဲ့ Death Troopers တွေပဲ။ ဒီကောင်တွေက အရင်က ကိုယ်တွေ Troopers တွေအပေါ်မြင်ခဲ့တဲ့ စိတ်တွေအထင်သေးခဲ့တာတွေ အကုန်လုံးကို ပျောက်အောင်လုပ်သွားခဲ့တယ်။ သတိထားမိကြလားတော့ မသိဘူး။ Rogue One ထဲမှာ Shoretroopers တွေလည်း ပါခဲ့သေးတယ်။ ဒါပေမဲ့ Death Troopers တွေပဲ ကိုယ့်အမြင်ကို စွဲဆောင်သွားတာ။သူတို့ က Stromtroopers တွေဆိုပေမဲ့ Galatic Empire ရဲ့ အထူးတပ်သားတွေပါ။ Tarkin Initiative ရဲ့ ခေါင်းဆောင်ပိုင်းတွေကို တစ်ခါတစ်ရံ စောင့်ရှောက်ရတဲ့ တပ်သားတွေအဖြစ် တာဝန်ပေးခံရပြီး သူတို့ အများစု တာဝန်ထမ်းဆောင်ရတာကတော့ Orson Krennic အောက်မှာပဲ။ Krennic ကိုတော့ သိကြတဲ့အတိုင်း Advanced Weapons Research Division ရဲ့ ဦးဆောင်သူဆိုတော့ Death Troopers တွေကလည်း အဆိုပါ Division အတွက်ပဲ ဦးစားပေးတာဝန်ထမ်းဆောင်ရတယ်လို့ ဆိုနိုင်တယ်။
.

ဒီဘဲတွေကို အဓိက သတိထားမိတဲ့အရာကတော့ သူတို့ ဝတ်ဆင်ထားတဲ့ Armour အရောင်နဲ့ ကိုင်ဆောင်ထားတဲ့ Weapon ပဲ။ တစ်ကိုယ်လုံးအပြည့် အမည်းရောင်ကို ဝတ်ဆင်ထားကာ SE-14r light repeating blaster ဆိုတဲ့ လက်နတ်နဲ့ C-25 fragmentation grenades ဆိုတဲ့လက်ပစ်ဗုံးတွေပဲ။ (ဒီ Weapons တွကြောင့်လည်း ရန်သူ Rebels တွေသေခဲ့ရတာ မနည်းဘူး။) ဒါပေမဲ့ ဒီကောင်တွေကို Krennic နဲ့ အတူ New Hope မှာ ရပ်သိမ်းသွားခဲ့တာကြောင့်  ကျွန်တော်တို့ ဆက်မတွေ့ ခဲ့ကြရတော့တာပဲ။ နှစ်ပေါင်း 30 ကြာမြင့်ပြီး Force Awakens က First Order troopers မှာတော့ ဆင်တူရိုးမှား Design ပုံစံကို မြင်တွေ့ ခဲ့ရပေမဲ့ Rogue One ထဲက Death Troopers တွေကတော့ တစ်ကယ့် သေမင်းစေတမန်တွေ ဖြစ်ခဲ့တယ်။

နောက်ထပ် နှစ်သက်မိတဲ့ ဇာတ်ကောင်တစ်ယောက်က လူသားတော့မဟုတ်ဘူး။ K-2SO ဆိုတဲ့ စက်ရုပ်။ Star Wars ရုပ်ရှင်တွေမှာ စက်ရုပ်တွေဟာ အရေးပါတဲ့အခန်းကဏ္ဍတွေက ပါဝင်လေ့ရှိတတ်ကြပါတယ်။ ဥပမာ R2-D2 တို့ C3PO တို့ ပေါ့။ မနှစ်က Force Awakens ထဲမှာပါတဲ့ BB-8 လည်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တယ်။ ယခုဇာတ်ကားမှာပါတဲ့ K-2SO ကတော့ အဆိုပါ စက်ရုပ်တွေနဲ့ မတူဘူး။ ဒီကောင်ကြီးက အရင်က Imperial Enforcer Droid။ ဒါပေမဲ့ သူ့ memory ကို Cassian Andor က wipe out လုပ်ပြီး reprogram လုပ်ထားတော့ ခုဆို Rebels တွေရဲ့ ဘက်တော်သား Droid ဖြစ်နေပြီ။ အရင် Star Wars တွေထဲက နာမည်ကြီး Droids တွေဖြစ်တဲ့ R2D2 လို နေရာတကာ မပါဘူး။ C3PO လိုလဲ စကားမများဘူး။ BB8 လိုလည်း cute ဖြစ်အောင်မနေဘူး။ ဒီကောင်က နည်းနည်း sarcastic ဆန်တယ်။ လုပ်စရာ ရှိတာကိုတော့ ပြတ်ပြတ်သားသားလုပ်တယ်။ တာဝန်ကို အဆုံးထိ ကျေပွန်အောင် ဆောင်ရွက်ခဲ့တယ်။

ဇာတ်လမ်းအပေါ်ခံစားချက်

ဒီဇာတ်ကားမှာ လူအများစု သတိထားမိတဲ့ theme လေးကတော့ Hope ဆိုတဲ့ မျှော်လင့်ခြင်းရောင်ခြည်တန်းလေးပဲ။ မင်းသမီး Felicity Jones ရဲ့ ဇာတ်ကောင် Jyn Erso တစ်ယောက် Saw Gerrera (Forest Whitaker) နဲ့ ပြန်တွေ့ တဲ့အခါ သူမရဲ့ ယခုလုပ်ဆောင်ရပ်ကို မည်မျှ Passion ရှိတယ်ဆိုတာ “This is our chance to make a real difference.” ဆိုတဲ့စကားနဲ့ သက်သေပြခဲ့တယ်။
.

Rebellions တွေဆိုတာ Empire နဲ့ ယှဉ်ကြည့်မယ်ဆိုရင် အစစအရာရာ အားနည်းပါတယ်။ လူအင်အားရော၊ အသုံးပြုတဲ့စွမ်းအင်အရင်းအမြစ်တွေရောပါပဲ။ သွားရောက် ယှဉ်ပြိုင်တိုက်ခိုက်ပြီး အနိုင်ယူဖို့ ဆိုတာ မည်ကဲ့သို့ မှ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ ဒါပေမဲ့ ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ အင်အားကြီးမားတဲ့ မိစ္ဆာကြီးတွေကို အင်အားနည်းပါးတဲ့ သူရဲကောင်းတွေ ဘာကြောင့်အနိုင်ယူခဲ့နိုင်ကြသလဲ။ Hope ဆိုတဲ့ မျှော်လင့်ချက်ပဲ။ မျှော်လင့်ချက်မရှိရင် လိုချင်တဲ့စိတ်မရှိဘူး။ လိုချင်တဲ့စိတ်မရှိရင် ခွန်အားမရှိဘူး။ ခွန်အားမရှိရင် အောင်မြင်မှုလည်း မရှိနိုင်ပါဘူး။ ဒါကြောင့်လည်း အမျိုးသမီးတစ်ယောက်က

“If Empire has this kind of power, what chance do we have?”

လို့ မေးခွန်းထုတ်ခဲ့တော့ Jyn Erso ပြန်ဖြေခဲ့တဲ့ အဖြေလေးက

“We have hope. Rebellions are built on hope!”

ဆိုတာပဲ။ ထိုမျှော်လင့်ချက်လေးတစ်ခုကပဲ နောက်ဆုံးအချိန်ထိ သူတို့ ကို ခွန်အားတွေ ပေးခဲ့တယ်။ သူတို့ မှာ အိပ်မက်တွေ ရှိခဲ့တယ်။ အမှောင်ထုကနေ နိုးထဖို့ ။ နောင်လာနောင်သားတွေအတွက် လင်းလက်တဲ့အနာဂတ်လေးတစ်ခု တည်ဆောက်ကြဖို ကိုယ်ကျိုးတွေစွန့် ပြီး မိမိအသက်တွေကိုစွန့် ပြီး Saw Gerera တစ်ယောက် ယခုကဲ့သို့ အော်ခဲ့ကြတယ်။

“Save the Rebellion! Save the dream!” တဲ့။

လူတွေသတိမထားမိတဲ့ theme လေးကတော့ Trust ဆိုတဲ့ ယုံကြည်ခြင်း ပဲ။ မင်းသား Diego Luna သရုပ်ဆောင်ထားတဲ့ Cassian Andor ဇာတ်ကောင်နဲ့ မင်းသား Mads Mikkelsen သရုပ်ဆောင်ထားတဲ့ Galen Erso ဇာတ်ကောင်ကိုတွေးကြည့်တဲ့အခါ ကွဲပြားတဲ့အချက်ကို စမြင်ရတယ်။ Galen က Empire အတွက် အလုပ် လုပ်ပေးနေရသော်လည်း စိတ်ပါခြင်းမရှိ၊ အတင်းအဓမ္မခိုင်းဆိုခံရခြင်းကြောင့် လုပ်ပေးနေရသူ။ ဒါကြောင့်လည်း လူတီထွင်ဆောက်လုပ်ခဲ့တဲ့ Death Star မှာ ချို့ ယွင်းချက်ကို သူကိုယ်တိုင် ထည့်ထားစေခဲ့တယ်။ ထို့ အပြင်ထိုချို့ ယွင်းချက်ကိုလည်း Rebellions တွေကို အကြောင်းကြားဖို့ ကြိုးစားခဲ့တယ်။ လူဆိုးတွေထဲက လူကောင်းတစ်ယောက်ပေါ့။ ဒါဆိုရင် Cassian ကရော။ Cassian က Rebels တွေထဲမှာ ရာထူးကြီးတဲ့သူတွေထဲက တစ်ယောက်။ ကျွန်တော် သူ့ ကို လူဆိုးလို့ ပြောနေတာ မဟုတ်ဘူး။ သူတို့ Rebels တွေအချင်းချင်းမှာတောင် တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်နိုင်ခြင်းကို Cassian ကို စစတွေ့ ခြင်းအခန်းမှာ သိခဲ့ရတယ်။ သူ သတင်းရတာနဲ့ ထိုသူကို သူသတ်ပစ်ခဲ့တယ်။ ထိုအချက်က Rebels တိုင်းဟာလည်း သူတော်ကောင်းတွေချည်းမဟုတ်ဘူးဆိုတာကို ပြောချင်တာပဲ။ ဒါဟာ လုပ်သင့်တဲ့အချိန်မှာ လုပ်သင့်တာကို လုပ်ရတာပဲ။ နောက်ထပ်အချက်တစ်ခုက Cassian ရဲ့ မူလရည်ရွယ်ချက်က Galen ကိုတွေ့ တာနဲ့ သတ်ပစ်ဖို့ ပဲ။ ဒါပေမဲ့သူတို့ က Jyn ကို ညာပြောခဲ့ကြတယ်။ လှည့်စားခဲ့ကြတယ်။ ဒါဟာ လူကောင်းတွေလည်း တစ်ခါတစ်ရံ ရက်စက်တဲ့လုပ်ရပ်တွေကို လုပ်နေရတယ်ဆိုတာ မြင်ခဲ့ရတယ်။

ယုံကြည်ခြင်းဆိုတာနဲ့ ပတ်သက်ပြီး နောက်တစ်ချက်က .. မှတ်မိကြလားတော့မသိဘူး။ Jyn က သေနတ်တစ်လက် ကောက်ကိုင်တဲ့အခါ Cassian က တားမြစ်တော့
“Trust goes both ways.”
ဆိုပြီးပြောတယ်။ မိမိကိုယ် ယုံကြည်စေချင်ရင် တစ်ခြားတစ်ဘက်သားကိုလည်း ယုံကြည်ရမယ်ဆိုတဲ့အချက်ပဲ။

မင်းသား Donnie Yen သရုပ်ဆောင်ထားတဲ့ Chirrut Îmwe ဇာတ်ကောင်ဟာ မျက်မမြင် စစ်သည်တော် ဘုန်းတော်ကြီးတစ်ပါး။ သူဟာ ကွယ်ပျောက်သွားပြီဖြစ်တဲ့ Force ဆိုတဲ့အရာကို ယုံကြည်သက်ဝင်နေတုန်းပဲ။ သက်ရှိတိုင်းဟာ Force နဲ့ ဆက်နွယ်နေကြတယ်လို့  ယုံကြည်တယ်။ ဒါကြောင့်လည်း သူမကြာခဏရေရွတ်တဲ့ ဘုရားစာက

“I'm one with the Force, and the Force is with me.”

ဆိုတာပဲ။ သူဟာ ဘာကြောင့် မရှိတော့တဲ့၊ မကြားရတာကြာမြင့်နေပြီဖြစ်တဲ့ Force ကို ယခုတိုင်ဘာကြောင့် ယုံကြည်နေတာလဲဆိုတာကိုတော့ အချက်ကို မတင်ပြသွားခဲ့ဘူး။ ကျွန်တော်တို့ တွေ ဘာသာတရားတွေကို သက်ဝင်ယုံကြည်သလိုမျိုးပေါ့။ ဘာသားတရားတွေဆိုတာ မှားရင်မှားမယ်၊ မှန်ရင်မှန်မယ်။ ဒါပေမဲ့ ကောင်းမွန်စွာအသုံးချတတ်မယ် ဆိုရင်တော့ လူသားတွေကို စိတ်ဓာတ်ခွန်အားပေးစေတဲ့ ဆေးတစ်ခွက်ပဲ။ Chirrut တစ်ယောက် ဘယ်လောက်ထိ Force ကို ယုံကြည်သလဲဆိုရင်

“I fear nothing. All is as the Force wills it.”

ဆိုတဲ့အထိ သူ့ ရဲ့  ကံကြမ္မာကို Force ကိုဝကွက်အပ်ထားတဲ့လူစားမျိုး။ သူက Force ကိုပဲ ယုံကြည်တာမဟုတ်၊ သူ့ ရဲ့ မိတ်ဆွေကြီး Baze Malbus ကိုလည်း ယုံကြည်တဲ့သူ၊ သူ့ မှာ ကံကောင်းတယ်။ ကံဆိုးတယ် ဆိုတာ သူမလိုဘူးတဲ့ ဘာကြောင့်လဲဆိုတော့ သူ့ ကိုအမြဲကာကွယ်ပေးမဲ့ Baze ရှိနေလို့ ပဲလေ။ Force ရဲ့ ဆန္ဒအတိုင်း သူဖြစ်မယ်ဆိုတဲ့အရာက သူ့ ရဲ့ အကြောက်တရားတွေကို ပပျောက်စေခဲ့တယ်။ ဒါကြောင့်လည်း နောက်ဆုံးအချိန်မှာ မည်သူမှ မလုပ်ဆောင်ရဲသော လုပ်ရပ်တစ်ခုကို အသက်ပေးပြီး လုပ်ဆောင်သွားခဲ့တယ်။ ဒါဟာ ယုံကြည်ခြင်းရဲ့ အောင်မြင်မှုပဲ။
.

ယုံကြည်မှုနဲ့ ပတ်သက်ပြီး Rogue One သရုပ်ဖော်သွားခဲ့တဲ့ နောက်တစ်ချက်က Cassian က သူ့ လူတွေကို အားတက်အောင်ပြောခဲ့တဲ့ စကားတစ်ခွန်းက

“Make ten men feel like a hundred.”

ပဲ။ ဟုတ်တယ်။ သူတို့ သွားရောက်ရင်ဆိုင်ရတဲ့ ရန်သူဟာ သူတို့ ရဲ့ အရည်အတွက်နဲ့ ယှဉ်ရင် အလွန်တရာ များပြားလွန်းပြီး အလွန်တရာကြီးမားလွန်းတာကိုး။ ဒါကြောင့်လည်း ထိုစကားဟာ Cassian အနေနဲ့ သူ့ ရဲ့ စစ်သည်တော်တွေအပေါ်မည်မျှ ယုံကြည်မှုထားရှိသလဲဆိုတာ ပေါ်လွင်ခဲ့တယ်။ သူတို့ တိုက်ပွဲခရီးစဉ်ထွက်ခွာခါနီးမှာ Jyn က မေးလိုက်တယ်။ “Are you with me?” တဲ့။ Cassian ပြန်ဖြေခဲ့တာကတော့ “All the way” ဆိုတဲ့ ယုံကြည်မှု စကားလေးတစ်ခွန်းပါပဲ။
.
ကျွန်တော်နှစ်သက်မိတဲ့ ဇာတ်ဝင်ခန်းတစ်ခုက Scarif ဆိုတဲ့ရန်သူဂြိုလ်ကို သူတို့ ယာဉ်မဆင်းသက်ခင် ရန်သူဘက်က Call Sign တောင်းတဲ့အခါ Pilot ဖြစ်သူ Bodhi (Riz Ahmed) အစက ကြောက်ကြောက်ရွံ့ ရွံ့ နဲ့ ဘာဖြေရမှန်းပဲ ပါးစပ်ထဲတွေ့ ရာ ဖြေလိုက်တဲ့အဖြေက “Rogue. Rogue One.” ဆိုတာပဲ။ ဒါပေမဲ့ “This is Rogue One.” လို့ သူနောက်တစ်ကြိမ် ပြန်ဖြေလိုက်တဲ့အချိန်မှာ သူတို့ အဖွဲ့ သားတွေ လုပ်ဆောင်တော့မဲ့ လုပ်ရပ်ကို ယုံကြည်တဲ့ အသံပါနေခဲ့တယ်။ ကျွန်တော်ကတော့ အဲ့ဒီ့အခန်းလေးကို အရမ်းကြိုက်ခဲ့တယ်။


နိဂုံးချုပ်အနေနဲ့ ပြောရရင် ယခုဇာတ်ကားဟာ Star Wars ဇာတ်ကားလို့ သာ နာမည်တပ်ထားတယ်။ Lightsabers တွေကိုင်တာ တစ်ယောက်ပဲ ပါဝင်ခဲ့တယ်။ Jedi တွေမပါခဲ့ဘူး။ Force တွေကိုအသုံးပြုတဲ့သူ တစ်ယောက်ပဲ ပါဝင်ခဲ့တယ်။ ထို Force ဆိုတဲ့စကားလုံးကိုတောင် မှတ်မိသလောက်ဆိုရင် Jyn Erso ရဲ့ မိခင်ဖြစ်သူရယ် Jyn Erso ရယ် Chirrut Îmwe တို့ ၃ ယောက်လောက်ပဲ ပြောခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်အပါအဝင် Star Wars ပရိသတ်အများစုဟာ “This is the best Star Wars movie since Empire Strikes Back.” လို့ ပြောဆိုနေကြတာလဲ။ ရှင်းရှင်းလေးပါ။ Star Wars ရဲ့ အရသာကို ပြန်လည်ရရှိခဲ့လို့ ။ မိမိရှေ့ က ပိတ်ကားပေါ်က ပြသနေတဲ့ ဇာတ်ကားဟာ Star Wars ဇာတ်ကားအစစ်ပါလားဆိုတဲ့ ခံစားချက်လေး ပြန်လည်ရရှိခဲ့လို့ ပဲ။
.

Original Star Wars နဲ့ ပတ်သက်လို့ အရေးပါတဲ့ အချက်တွေအကုန်လုံးနီးပါးကို လိုအပ်သလို ပြန်လည် Reference လုပ်ထားပြီး အသုံးပြုထားလို့ ပဲ။ ဒါတောင် အဓိကဇာတ်ကောင်ဖြစ်တဲ့ Jyn Erso ဆိုတာ စကြာဝဋာတိုက်ကြီးရဲ့ ကယ်တင်ရှင်ဖြစ်လာရမယ်လို့ ဗျာဒိတ်ခံရတဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ဘူး။ သူမဟာ ဘယ်သူဘယ်ဝါဖြစ်မယ်လို့ နမိတ်တွေ မရှိခဲ့ဘူး။ သူမဘဝဟာ လမ်းကြောင်းတစ်ခုပေါ်မှာ အလိုက်သင့်လျှောက်နေရင်းနဲ့ ရုတ်တရက် ကွဲပြားခြားနားတဲ့ ဘဝလမ်းကြောင်းပေါ်ကို ရောက်သွားရတဲ့ သူတစ်ယောက်။ မှတ်မိသလောက်ဆိုရင် ဇာတ်ညွှန်းဆရာတွေ စရေးတုန်းက ဒီဇာတ်ကောင်ကို မိန်းမတစ်ယောက် ဆိုတဲ့အသိကို ဖျောက်ခဲ့ကြပြီးရေးသားခဲ့တယ်တဲ့။ Alien ထဲက Ripley ဇာတ်ကောင်ဆိုရင်လည်း ဇာတ်ကားရိုက်ခါနီးမှ အမျိုးသားဇာတ်ကောင်မှ အမျိုးသမီးဇာတ်ကောင်ကို ပြောင်းလဲခဲ့ကြလို မျိုးပဲ။
.

References တွေအကြောင်းဆက်ပြောရမယ်ဆိုရင် 1977 ခုနှစ်ကထွက်ရှိခဲ့တဲ့ Star Wars ဇာတ်ကားမှာ အသုံးမပြုဖြစ်ခဲ့တဲ့ negatives တွေကို Director Gareth Edwards တစ်ယောက် ပြန်လည်ရှာဖွေတွေ့ ရှိခဲ့ကြပြီး သူထိုဇာတ်ဝင်ခန်းတွေကို Rogue One ထဲမှာပြန်ထည့်ခဲ့ပုံကို ကျွန်တော်တစ်ကယ်လေးစားမိတယ်။ သူ ကံကောင်းပြီးတွေ့ ရှိခဲ့တယ်လို့ ဆိုပေမဲ့ သူအသုံးပြုခဲ့တဲ့ စိတ်ကူးကိုတော့ ချီးကျူးမိတယ်။ နောက်ထပ်အများကြီးရှိသေးတယ်။ ဥပမာ Blue Milk တို့ ၊R2-D2 C3PO တို့ ၊ Kiber crystal တို့ အများကြီးပဲ။

ဒါတင်ပဲလား။ Star Wars ဇာတ်ကားအစစ်လို့ ခံစားခဲ့ရတဲ့ အဓိကအချက်တစ်ခုက Darth Vader ကြီးပါဝင်လာခဲ့ခြင်းပဲ။ အပိုမပြောဘူး။ အခိုးအငွေ့ တွေကြားထဲက ဝတ်စုံအပြည့်နဲ့ ဆင်းလာတဲ့ Darth Vader ကို အနောက်က နံရံတွေပေါ်မှာ ထင်နေတဲ့အရိပ်တွေကို မြင်နေရချိန်မှာ အလိုလိုကျောချမ်းမိလာတယ်။ ဒါဟာ ကျွန်တော်တို့ ဘဝမှာ Darth Vader ကို ပိတ်ကားပြင်ပေါ်မှာ ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် တွေ့ မြင်ခဲ့ရချိန်မှာ ခံစားခဲ့ရတဲ့ ခံစားချက်ပဲ။ ထိုခံစားချက်ကို ဘယ်တော့မှ မေ့ပျောက်တော့မှာမဟုတ်တော့ဘူး။ သူပြောခဲ့တယ်လေ။ ဒီ Death Star ရဲ့ plan ကိုရဖို့ လူအမြောက်အမြား အသက်စတေးခဲ့ရတယ်တဲ့။ ဟုတ်ခဲ့တယ်။ ပိတ်လှောင်နေတဲ့အမှောင်ထုထဲမှာ အနီရောင် lightsaber တစ်ချောင်းဘွားခနဲ ပေါ်လာတာကိုတွေ့ လိုက်ရတဲ့အချိန်မှာတင် ထိုလူတွေ ရဲ့ ကံကြမ္မာကို ကျွန်တော်တို့ ရက်စက်စွာ မြင်တွေ့ ရတော့မယ်ဆိုတာကြိုတင် သိနေလိုက်မိတော့တယ်။
.

သင်တို့ ဟာ နောင်တစ်ချိန်မှာ Rogue One ကိုမေ့ချင်မေ့သွားကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ ရဲ့ လုပ်ရပ်ကိုတော့ ဘယ်တော့မှ မမေ့လိုက်ကြပါနဲ့ ။
Admiral Raddus တစ်ယောက် ဝမ်းနည်းစွာနဲ့ ရွေရွတ်မိလိုက်တယ်။


“Rogue One, may the force be with you.”
.

- Rogue One နှင့် Death Star Plan အတွက် အသက်ပေးစတေးခဲ့ကြသော သူရဲကောင်းများ အားလုံးအတွက်

IMDb Rating: 8.2/10
Rotten Tomatoes Rating: 84%
My Rating: 4.5/5

~WH~