Roma

Roma

Roma က ရုပ်ရှင်ဇာတ်ကားဆိုတာထက် ပိုခဲ့တယ်။ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဆိုတာ ဇာတ်လမ်းနဲ့ချည်းပဲ မသက်ဆိုင်ဘူး။ ထိုဇာတ်လမ်းကို ဘယ်လိုတင်ပြသလဲဆိုတာရယ်၊ သူတို့တင်ပြချက်ကို ပရိသတ်က ဘယ်လိုယူခဲ့သလဲဆိုတာ တွေအပေါ် အများကြီးမူတည်ပြီး ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ ကောင်းတယ်၊ မကောင်းဘူးလို့သတ်မှတ်ကြတယ်။ Cold War မှာ Paweł Pawlikowski က ကျွန်တော်တို့ပရိသတ်တွေကို သူ့မိဘနှစ်ယောက်ရဲ့ဘဝတွေကို ပြန်ခေါ်သွားတဲ့အချိန်မှာ Alfonso Cuarón ကတော့ Roma နဲ့ကျွန်တော်တို့ပရိသတ်တွေကို သူ့ရဲ့ကလေးဘဝဆီကို ခေါ်ဆောင်သွားခဲ့တယ်။ သူ့ငယ်စဉ်က ကိုယ်ပိုင်ဘဝနဲ့သက်ဆိုင်တဲ့ဇာတ်လမ်းတစ်ခုကို Roma နဲ့ကမ္ဘာကို ချပြလိုက်တယ်။ ကျွန်တော်စောစောက ပြောခဲ့သလို ဒီဇာတ်ကားဟာ ရုပ်ရှင်ဆိုတာထက်ပိုတယ်လို့ခံစားခဲ့ရတာက ဇာတ်ကောင်စရိုက်တိုးတက်ခြင်းတွေအပေါ်မူတည်ပြီး ဂန္တဝင်မဆန်တဲ့ သာမာန်ဇာတ်လမ်းလေးတစ်ခုကို ဂန္တဝင်ဆန်ဆန်ဖတ်လိုက်ရတဲ့ စာအုပ်တစ်အုပ်လို ခံစားခဲ့ရလို့။
.

Roma ကို စဖွင့်တဲ့ ဇာတ်ဝင်ခန်းက အရမ်းရှင်းတယ်။ ဒါပေမဲ့ အဓိပ္ပာယ်တွေကတော့ အပြည့်ရှိနေတယ်။ ထိုဇာတ်ဝင်ခန်းလေးကို မျက်စိမမှတ်ပဲ စိုက်ကြည့်နေခဲ့ကတည်းက ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာမျိုးဖြစ်မယ်ဆိုတာ ကျွန်တော်တို့တွေ ကိုယ်စီအတွေးတွေထဲမှာ မေးခွန်းတွေထုတ်နေကြပြီ။ ကျောက်ပြားတွေခင်းထားတဲ့ ကြမ်းခင်းတစ်ခုကို အနီးကပ်ရိုက်ပြထားတယ်။ ထိုကျောက်ပြားကြမ်းခင်းတွေအပေါ် ရေတွေစီးကျသွားတာ ကျွန်တော်တို့မြင်ရတယ်။ ကြားရတဲ့ နောက်ခံအသံတွေအရ တစ်ယောက်ယောက်က ရေလောင်းပြီး ကြမ်းခင်းဆေးနေတာ ဖြစ်မယ်။ ကောင်းကင်ကြီးကို ကြမ်းခင်းပေါ်က ရေတွေပေါ်မှာ ပြန်ထင်ဟပ်ပြီး ကျွန်တော်တို့မြင်နေရတယ်။ ထို့နောက်တော့ ကောင်းကင်မှာ လေယာဉ်တစ်စင်းပျံသွားတာကို ကြွေပြားတွေပေါ်က ရေတွေကနေတစ်ဆင့် ကျွန်တော်တို့ဆက်မြင်ရတယ်။ ကြမ်းခင်းကို ဆေးနေတဲ့သူကတော့ ဆပ်ပြာရေတွေ ဆေးချပြီး ဆက်ဆေးနေတုန်းပဲ။
.

1970 ပြည့်နှစ်။ ထိုနှစ်က ကမ္ဘာ့ဖလားပွဲက သူတို့Mexico နိုင်ငံမှာကျင်းပခဲ့တာ။ ဇာတ်ကားစတင်ထားတဲ့အချိန်ကလည်း ထို ကမ္ဘာ့ဖလားပွဲကြီးကျင်းပပြီးကာစ ပူပူနွေးနွေးအချိန်မှာ။ နောက်တော့ ကျွန်တော်တို့တွေ သိလာရတယ်။ ဇာတ်ကားရဲ့နာမည် Roma က Italy နိုင်ငံက ရောမမြို့အကြောင်းကိုပြောထားတာမဟုတ်ဘူး။ Mexico city ထဲမှာရှိတဲ့ Colonia Roma လို့ခေါ်တဲ့မြို့နယ်လေးတစ်ခု ကိုပြောထားတယ်ဆိုတာ။ ယခုဇာတ်ကားကားဟာ အခြေခံအားဖြင့် အမျိုးသမီးနှစ်ယောက်ရဲ့ဘဝကို သရုပ်ဖော်ထားခဲ့တာပါ။ တစ်ယောက်ကတော့ သာမာန်အဆင့်လောက်ရှိတဲ့ မိသားစုတစ်စုရဲ့အိမ်တစ်အိမ်မှာ အိမ်ဖော်လုပ်ကိုင်နေတဲ့ Mexican အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ သူမ အလုပ်လုပ်ကိုင်နေထိုင်နေတဲ့ ထိုအိမ်ကြီးရဲ့အိမ်ရှင်မ အမျိုးသမီး။ အိမ်ရှင်မ အမျိုးသမီးနာမည်ကတော့ Sofia ဖြစ်ပြီး အိမ်ဖော်အမျိုးသမီးလေးရဲ့နာမည်ကတော Cloe ပါ။ စောစောက ဇာတ်ကားကိုစဖွင့်တဲ့ ကြမ်းခင်းကို ရေနဲ့ဆေးနေတဲ့ တစ်ယောက်က Cleo ပေါ့။ Cleo က အိမ်ဖော်ဆိုပေမဲ့ တစ်ခါတစ်လေကျရင် သူ့ကိုယ်သူ ဒီအိမ်ရဲ့မိသားစုဝင်တစ်ယောက်လိုတောင် ခံစားတတ်တယ်။ ဒါကြောင့်လည်း ပိုသစ္စာရှိပြီး အလုပ်ကိုပိုကြိုးစားပြီး စေတနာနဲ့လုပ်ကိုင်ဆောင်ရွက်တယ်။ ကလေးတွေကလည်း သူ့ကိုချစ်ကြသလို သူကလည်း ကလေးတွေအကုန်လုံးကို ချစ်တယ်။ ဒါပေမဲ့ ထိုအိမ်က မိသားစုရဲ့အတွင်းရေးပြဿနာတွေတော့ သူဝင်မပါအောင် အလိုက်တသိနဲ့နေထိုင်တယ်။
.

ထိုအိမ်ကြီးရဲ့အိမ်ဦးနတ်လို့ပြောလို့ရတဲ့ ခင်ပွန်းသည်ယောက်ျားက ဆရာဝန်တစ်ယောက်။ သူမောင်းတဲ့ကားက Ford Galaxie ။ ကားက ကြီးမားပြီး အိမ်ထဲကကားရပ်သိမ်းတဲ့ ထိုနေရာလေးက အရမ်းကျဉ်းတယ်။ ဒါကြောင့် ထိုလူက ညဘက်အိမ်ပြန်လာတိုင်း သူ့ကားကို ဘေးကနံရံတွေနဲ့မတိုက်မိအောင် ဂရုစိုက်မောင်းဝင်ပြီး ပြန်လာလေ့ရှိတယ်။ သူတို့လင်မယားနှစ်ယောက်က အိမ်ထောင်ရေးအဆင်မပြေကြတော့တာ ကြာပြီ။ တစ်ရက်တော့ လေ့လာရေးခရီးထွက်ဖို့ဆိုပြီး သူထွက်သွားခဲ့တယ်။ သူ့မိန်းမကတော့ နောက်ဆုံးအနေနဲ့လားတော့ မသိဘူး။ ခင်ပွန်းသည်ကို မသွားခင်ငိုပြီး ဖတ်ထားခဲ့တယ်။ ကလေး 4 ယောက်ကတော့ သူတို့အဖေ သူတို့ဆီကိုနောက် ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူးဆိုတာ မသိနေခဲ့ကြဘူး။
.

အရာအားလုံးဟာ ပြောင်းလဲခဲ့ပြီ။ Cleo တစ်ယောက် မိန်းမသဘာဝရာသီလာချိန်ကို ကျော်သွားတာ ၃ လရှိပြီ။ boyfriend ဖြစ်တဲ့သူကို ပြောပြတော့လည်း ထိုလူရဲ့တုန့်ပြန်ချက်က ယောကျ်ားမဆန်ခဲ့ဘူး။ ယောကျ်ားမဆန်ဘူးဆိုတာထက် လူမဆန်ခဲ့ဘူးလို့တောင် ကျွန်တော်တို့စွပ်စွဲလို့ရတယ်။ ရုပ်ရှင်သွားကြည့်ရာက သိလာ၊ ကြိုက်လာခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့လမ်းခွဲကလည်း ရုပ်ရှင်ရုံထဲမှာပဲ။ ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်နေရင်း ချက်ချင်းဆိုသလို အိမ်သာ သွားအုံးမယ်ဆိုပြီး ထထွက်သွားခဲ့တာ ရုပ်ရှင်ရုံလေးထဲကပဲ ထွက်သွားခဲ့တာ မဟုတ်ဘူး။ သူမဘဝတစ်ခုလုံးထဲကထွက်ခွာသွားခဲ့တာ။ ရုံထဲမှာပြနေတဲ့ ဇာတ်ကားကပြီးဆုံးသွားပြီ။ လာကြည့်တဲ့တစ်ခြားသူတွေလည်း အသီးသီးပြန်သွားကြပြီ။ Cleo ကတော့ ပြန်မလာတော့တဲ့ ရည်းစားကို တစ်ယောက်တည်း အမှောင်ထဲမှာ ထိုင်စောင့်နေခဲ့တယ်။ ဒီဇာတ်ဝင်ခန်းက ကျွန်တော်တို့ရင်တွေကို ခွဲခဲ့တဲ့ဇာတ်ဝင်ခန်းတွေထဲက ပထမဆုံး စခွဲတဲ့ဇာတ်ဝင်ခန်းပဲ။ တုန့်ပြန်မှုမရှိတော့တဲ့သူ၊ ပြန်မလာတော့တဲ့ ချစ်သူကို တမ်းတနေဖို့လည်း မထိုက်တန်တဲ့အဆုံး ဒီကလေးကို သူမ မွေးဖွားဖို့ဆုံးဖြတ်လိုက်တယ်။ သူမရဲ့ဆုံးဖြတ်ချက်နဲ့အတူ အိမ်ရှင်သူဌေးမကို သူမဖွင့်ပြောရတယ်။ ဒီဇာတ်ဝင်ခန်းက သာမာန်ရုပ်ရှင်ဇာတ်ကားအများစု သွားခဲ့တဲ့ ဇာတ်လမ်းကိုသွေဖွယ်ခဲ့တယ်။ ကျွန်တော်တို့ပရိသတ်တွေက Cleo ကို ကြည့်ရင်းသနားနေကြတယ်။ ဒါပေမဲ့ Cleo က သူမရဲ့ အိမ်ရှင်သူဌေးမကို အဖြစ်မှန်တွေ ပြောပြတဲ့အခါ အိမ်ရှင်အမျိုးသမီးရဲ့တုန့်ပြန်ချက်က အံ့သြစရာတောင် ပိုကောင်းနေပြီး ကျွန်တော်တို့သနားတဲ့စိတ်တွေက အိမ်ရှင်အမျိုးသမီးဆီကို ပြောင်းသွားတယ်။ အိမ်ရှင်အမျိုးသမီးမှာလည်း သူမရဲ့အပူနဲ့သူမ။ ဒါပေမဲ့ အိမ်ဖော်တစ်ယောက်က အခုလိုဖြစ်လာပြီး ရင်ဖွင့်တော့ မိန်းမသားချင်းကိုယ်ချင်းစာပြီး နားလည်ခဲ့တယ်။ တစ်စက်မှ မဆူခဲ့ဘူး။ တစ်ချက်မှလည်း မျက်နှာမပျက်သွားဘူး။ ဒီကလေးကို သူတို့အတူမွေးကြဖို့အားပေးစကားပြောခဲ့ပြီး လိုအပ်တာတွေ အကုန်ကူညီမယ်လို့ပြောခဲ့တယ်။ မိသားစုဆိုတာ ဒါပဲ။
.

Roma က Cold War နဲ့Shopliters နှစ်ကားပေါင်းစပ်ထားသလိုပဲ။ Alfonso Cuarón က ဒီဇာတ်ကားကို film format နဲ့မရိုက်ခဲ့ပဲ digital format နဲ့ရိုက်ကူးပြီး တစ်ကားလုံးကို ရိုးရှင်းတဲ့ အဖြူအမဲနဲ့ ပဲ ရိုက်ကူးတင်ဆက်ထားတယ်။ အခုလို အဖြူ အမဲနဲ့ရိုက်ကူးထားတာကြောင့်လည်း ရုပ်ရှင်ဖန်တီးသူတွေအတွက် ကောင်းတဲ့အချက်က နောက်ခံအဆောက်အဦးတွေ၊ ပုံရိပ်တွေကို Digital နည်းပညာတွေနဲ့ ပြန်လည်ပြောင်းလဲတင်ဆက်ဖို့လွယ်ကူတာပဲ။ ဒီဇာတ်ကားမှာ နောက်ထပ်ထူးခြားချက်တစ်ခုက Director Alfonso Cuarón က ဒီဇာတ်ကားအတွက် ဒါရိုက်တာတာဝန်ပဲ ယူခဲ့တာမဟုတ်ဘူး။ Cinematographer တစ်ယောက်အဖြစ်နဲ့လည်း တာဝန်အပိုတစ်ခု ယူခဲ့သေးတယ်။ ဒါရိုက်တာကိုယ်တိုင်က ကင်မရာကိုင်ပြီး လိုသလိုရိုက်ကူးခဲ့တာဆိုတော့ အရာအားလုံးက အသေးစိပ်ဆန်လွန်းတယ်။ Alfonso Cuarón ရဲ့cinematographer က ဇာတ်ကောင်တွေကို close-ups ဖြစ်တဲ့ အနီးကပ်ရိုက်ပြထားတာတွေ တမင်ရှောင်ကျဉ်ထားပုံရတယ်။ ဇာတ်ကောင်တွေကို frames တွေထဲမှာ ခပ်လှမ်းလှမ်းတစ်နေရာရာမှာ တည်ထားစေတဲ့အတွက် ဇာတ်ကောင်တွေရဲ့ အနောက်ကပုံရိပ်တွေကိုပါ အသက်ဝင်စေတယ်။ ဒါကြောင့်လည်း ဇာတ်ဝင်ခန်းတိုင်းမှာ ဇာတ်ကောင်တွေသာမက ဇာတ်ကောင်တွေဘေးကအရာတွေကပါ အသေးစိပ်ဆန်ပြီး အသက်ဝင်လာတယ်လို့ကြည့်နေရင်း ခံစားခဲ့ရတာ။ သူက ကင်မရာရွေ့လျားမှုတွေတွေ သိပ်မသုံးခဲ့ဘူး။ ဒါပေမဲ့ အိမ်အတွင်းက ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ကင်မရာကို 360 ဒီဂရီလှည့်ပြီး ပြနေတဲ့ဇာတ်ဝင်ခန်းကိုတော့ မလေးစားပဲ မနေနိုင်ခဲ့ဘူး။ ပြီးတော့ ဇာတ်ဝင်ခန်းတိုင်း ဇာတ်ဝင်ခန်းတိုင်းကို ရိုက်ကူးရေးမစခင်ကတည်းက သေသေချာချာ ပြင်ဆင်ထားခဲ့မယ်ဆိုတာ ပိတ်ကားပေါ်မှာ ကျွန်တော်တို့မြင်ရတယ်။ ဒါကြောင့်လည်း scene တိုင်း scene တိုင်းက ပြောမပြတတ်လောက်အောင်ကို လှပပြီး အလွန်အမင်းအနုပညာဆန်လွန်းတယ်။
.

နောက်ထပ်သဘောအရမ်းကျခဲ့တဲ့အရာတစ်ခုက ဇာတ်ကားရဲ့နောက်ခံပုံရိပ်တွေနဲ့settings တွေ။ တစ်ချို့ဇာတ်ဝင်ခန်းတွေက မြို့ထဲက ဇာတ်ဝင်ခန်းတွေပါတယ်။ Mexico city တစ်ခုလုံးကို 1970s ကျော်နှစ်တွေဘက်ကို ရောက်ရှိသွားသလား ခံစားရလောက်အောင်ကို ပြသထားတာ။ တစ်ခြားရုပ်ရှင်တွေကို မြို့ရဲ့တစ်ပိုင်းတစ်စလောက်ပဲ scene အတိုလေးတွေနဲ့လှည့်ပတ်ပြတာမျိုးမဟုတ်ဘူး။ တစ်မြို့လုံးနီးပါးကို long shot အရှည်ကြီးနဲ့ပြသထားတာ။ ပြီးတော့ ဒီဇာတ်ကားမှာ သူတို့Mexico နိုင်ငံရဲ့သမိုင်းမှာ အကျည်းတန်ခဲ့တဲ့ ဖြစ်ရပ်ဆိုးတွေထဲက တစ်ခုဖြစ်တဲ့ Corpus Christi massacre လို့အမည်တွင်ခဲ့တဲ့ ကျောင်းသားတွေနဲ့စစ်တပ်ကြားဖြစ်ပွားခဲ့တဲ့ ဆန္ဒပြအထိကရုန်းကြီးကို သရုပ်ဖော်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါတယ်။ ထိုဖြစ်ရပ်က 1971 ခုနှစ် June လ 10 ရက်နေ့ကဖြစ်ခဲ့ပြီး လူပေါင်းအယောက် 120 ကျော်သေဆုံးခဲ့တယ်။ ထိုဇာတ်ဝင်ခန်းကို တင်ဆက်ပြသထားတဲ့ ဇာတ်ဝင်ခန်းကလည်း တစ်ကယ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်နေရတယ်လို့ထင်မှတ်ရလောက်အောင် အသေးစိပ်ပြသခဲ့တယ်။ ဒါတွေဟာ ရုပ်ရှင်နဲ့ပက်သက်ပြီး ဒါရိုက်တာတစ်ယောက်ရဲ့အနုပညာနဲ့ဖန်တီးခြင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုပဲ။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Alfonso Cuarón ဟာ အသေးစိပ်ဆန်တဲ့သူတစ်ယောက်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ပြောရအောင် သူ့ဖန်တီးတဲ့အနုပညာကို တန်ဖိုးထားတယ်ဆိုတာ သိသာလွန်းတယ်။
.

Alfonso Cuarón က ယခုဇာတ်ကားကို ဇာတ်လမ်းရဲ့ဖြစ်စဉ်တွေအတိုင်း ရုပ်ရှင်ကိုလည်း ရိုက်ကူးခဲ့တာ။ ပြီးတော့ ဇာတ်ညွှန်းအပြည့်အစုံကိုလည်း သရုပ်ဆောင်တွေကို မပေးထားခဲ့ဘူး။ များသောအားဖြင့် ရိုက်ကူးတဲ့နေ့မှ ထိုနေ့အတွက် ဇာတ်ညွှန်းသီးသန့်ကိုပဲ သရုပ်ဆောင်တွေက ရကြတာ။ ဒါကြောင့် သရုပ်ဆောင်တွေကလည်း ဇာတ်လမ်းအပြည့်အစုံကို ရိုက်ကူးနေစဉ် မသိခဲ့ကြဘူး။ ဒါကြောင့်လည်း သရုပ်ဆောင်တွေကို ကြည့်ရတာ တစ်ကယ်အပြင်မှာ ဖြစ်နေကြတဲ့ဟန်ပေါ်လွင်နေခဲ့တာ။ Alfonso Cuarón ကတော့ ဒီဇာတ်ကားဟာ အရင်ကနာမည်ကျော်ရုပ်ရှင်ဖန်တီးရှင်တွေရဲ့လွှမ်းမိုးမှုတွေ ကင်းတဲ့ သူရဲ့ပထမဆုံးကားလို့ကြော်ငြာထားခဲ့တယ်။ ဒါပေမဲ့ တစ်ချို့ကတော့ အခုလို သရုပ်ဆောင်တွေကို ဇာတ်ညွှန်းအပြည့်အစုံမပေးတာတို့၊ ရိုက်ကူးရေးကိုလည်း ဇာတ်လမ်းရဲ့ဖြစ်စဉ်အတိုင်း ရိုက်ကူးခြင်းတို့ဆိုတာ နာမည်ကျော် Director ကြီးတွေဖြစ်တဲ့ Luis Buñuel တို့ Federico Fellini တို့Ken Loach တို့ရဲ့လွှမ်းမိုးမှုတွေရှိနေသေးတယ်လိုု့စွပ်စွဲကြတယ်။
.

Cleo ဇာတ်ကောင်က ဒါရိုက်တာ Alfonso Cuarón ရဲ့ တစ်ကယ့်အပြင် ငယ်ဘဝက Nanny ဖြစ်တဲ့ Liboria “Libo” Rodriguez ဆိုတဲ့ အမျိုးသမီးကို အခြေခံထားတာပါ။ ထိုအမျိုးသမီးကြီးက အခု အသက် 74 နှစ်ရှိနေပြီလို့သိရတယ်။ ယခုဇာတ်ကားမှာ အိမ်အကူ Cleo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကတော့ ကျွန်တော်တို့တွေတစ်ယောက်မှ မမြင်ခဲ့ဖူးသေးတဲ့ Yalitza Aparicio ဆိုတဲ့အမျိုးသမီးပဲ။ သူမဟာ ဒီဇာတ်ကားမှာပဲ ပထမဆုံးသရုပ်ဆောင်ဖူးတာ။ အရင်က သရုပ်ဆောင်တဲ့ အတွေ့အကြုံတစ်ခုမှ မရှိခဲ့ဘူး။ ဒါပေမဲ့ သူမရဲ့သရုပ်ဆောင်ချက်တွေက ဝါရင့်နေတဲ့မင်းသမီးကြီး Meryl Streep ထက်တောင် ပိုတော်တယ်လို့ကျွန်တော်ရဲရဲကြီး ပြောရဲတယ်။ ဇာတ်ကားတစ်ကားလုံးမှာ သူမရဲ့စကားပြောခန်းတွေနည်းတယ်။ လှုပ်ရှားရတဲ့ဇာတ်ဝင်ခန်းတွေလည်း ရှားပါးတယ်။ ဒါပေမဲ့တစ်ကားလုံးကို သူမရဲ့အကြည့်နဲ့မျက်လုံးလေး တစ်စုံနဲ့ပဲ သူမ သရုပ်ဆောင်သွားခဲ့တယ်။ ဝမ်းနည်းရင်လည်း သူမမျက်လုံးတွေထဲမှာ အထင်းသားပေါ်လွင်နေတယ်။ ပျော်ရွှင်နေရင်လည်း သူမရဲ့မျက်လုံးတွေက အရည်တွေတောက်ပနေတယ်။ သရုပ်ဆောင်နေတယ်နဲ့ကို လုံးဝမတူခဲ့ဘူး။ ဒါပေမဲ့သူမက အရင်က အိမ်အကူအလုပ်ကို လုပ်ကိုင်ခဲ့ဖူးတယ်လို့interviews တွေမှာ မကြာခဏဖြေကြားခဲ့တယ်။ သူမရဲ့ပြင်ပဘဝက အတွေ့အကြုံတွေကိုလည်း ဒီဇာတ်ကားရိုက်တော့ ပြန်အသုံးပြုနိုင်ခဲ့တယ်လို့သူမက ဆိုခဲ့တယ်။ ဒါကြောင့်လည်း ဒီနှစ်အကယ်ဒမီပေးပွဲမှာ သူမကို အကောင်းဆုံးဇာတ်ဆောင်မင်းသမီးဆု လျာထားခဲ့ကြတာပေါ့။ ကျွန်တော်သာ အကယ်ဒမီ voting အဖွဲ့ကဆိုရင် သူမကိုပဲ vote လုပ်ပေးမှာ။ ဒီဇာတ်ကားမှာ သူမတစ်ယောက်တည်း အကယ်ဒမီလျာထားခံခဲ့ရတာတော့ မဟုတ်ဘူး။ အိမ်ရှင်အမျိုးသမီးဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Marina de Tavira လည်း ဇာတ်ပို့မင်းသမီးဆုနဲ့လျာထားခံနေရပါတယ်။ ပြီးတော့ Roma တစ်ကားလုံးကလည်း ဇာတ်ကားဆုရော၊ ဒါရိုက်တာဆုရော၊ လှုပ်ရှားမှုဓာတ်ပုံဆုရော၊ ဇာတ်ညွှန်းဆုတို့၊ နိုင်ငံခြားဘာသာစကားပြောဆုတို့၊ အသံပိုင်းဆိုင်ရာဆုတွေနဲ့တစ်ခြားဆုတွေအပါအဝင် စုစုပေါင်း 10 ဆုတိတိလျာထားခံနေရပြီး 2018 နှစ်အတွင်း အကယ်ဒမီအများဆုံးလျာထားခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။
.

ယခု Roma ဇာတ်ကားကို သတိထားပြီးကြည့်ရင် နောက်ခံအသံတွေကို မသိမသာလေး ဦးစားပေးထားတယ်ဆိုတာ ကြားနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ခွေးဟောင်သံလေးတွေ ကျွန်တော်တို့ကြားရတယ်။ တစ်ခါတစ်လေတော့ ခပ်ဝေးဝေးက လမ်းမတွေပေါ်မှာ ချီတက်လာတဲ့ ဘင်ခရာတီးဝိုင်းသံလေးတွေလည်း ကြားရပြန်တယ်။ Alfonso Cuarón ဖန်တီးခဲ့တဲ့ Roma ဇာတ်ကားဟာ သရုပ်မှန်လည်းဆန်သလို အိပ်မက်လည်းဆန်တယ်။ ပြီးတော့ ကဗျာလည်းဆန်နေသေးပြန်တယ်။ ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ သရုပ်မှန်ဘက်ကို ဦးစားပေးပြီးတင်ပြထားရင် ကဗျာဆန်နိုင်ဖို့ဆိုတာ ခက်ခဲတဲ့အရာပါ။ ဒါပေမဲ့ တော်လွန်းတဲ့ ဒါရိုက်တာတွေပဲ ထိုဆန့်ကျင်ဘက်နှစ်ခုကို တစ်ပြိုင်နက်တည်းမှာ တင်ဆက်ဖန်တီးနိုင်တာ။ ဒီနှစ်ထဲမှာ အခုလို သရုပ်မှန်ပြီးကဗျာဆန်တဲ့နောက်တစ်ကားကတော့ ကျွန်တော်အပေါ်မှာ ရေးသားခဲ့တဲ့ If Beale Street Could Talk ဇာတ်ကားပါပဲ။ အခု Roma ဇာတ်ကားဟာ ရုပ်ရှင်တစ်ကားအနေနဲ့အရာအားလုံးအပြစ်ပြောစရာမရှိအောင် ကောင်းနေတာပဲမဟုတ်ဘူး။ ဇာတ်ကောင်တွေနဲ့အတူ ခံစားဝမ်းနည်းကြေကွဲရတဲ့ ဇာတ်ဝင်ခန်းတွေလည်း ရှိတယ်။ Cleo တစ်ယောက် ကလေးမီးဖွားတဲ့ဇတ်ဝင်ခန်းမှာဆို ကျွန်တော်ကြည့်နေရင်း အလိုလိုမောလာတယ်။ လူကလည်း တုန်ယင်လာတယ်။ ဘာကြောင့်မှန်းမသိဘူး။ မျက်လုံးကပါ ငိုချင်လာတယ်။ အခုလိုခံစားချက်တွေက Roma ဇာတ်ကားကို အသေအချာ ဂရုစိုက်ပြီး ကြည့်တဲ့ ပရိသတ်တွေကို Roma ဇာတ်ကားက ပြန်ပေးခဲ့တဲ့ ဆုရလာဒ်တွေပါ။
.

ယခုဇာတ်ကားဟာ သူ့ဘဝရဲ့အရေးအပါဆုံးအမျိုးသမီးတွေကို ဂုဏ်ပြုထားတဲ့ ဇာတ်ကားလို့ Director Alfonso Cuarón က ပြောခဲ့တယ်။ တစ်ယောက်က သူ့အမေဖြစ်ပြီး ကျန်တစ်ယောက်ကတော့ သူ့ကိုထိန်းကျောင်းခဲ့တဲ့ ဒုတိယအမေလို့တောင် ခေါ်ဆိုထိုက်တဲ့ အိမ်ဖော် Nanny တစ်ယောက်။ ဇာတ်ဝင်ခန်းတစ်ခန်းမှာ ညဘက်ကြီး အရက်တွေမူးပြီးပြန်လာတဲ့ အိမ်ရှင်အမျိုးသမီးက Cleo ကိုတွေ့တော့ လောကမှာ အမှန်ကန်ဆုံးနဲ့အခါးသီးဆုံး စကားတစ်ခွန်းကို ပြောခဲ့တယ်။
.

“No matter what they tell you, we women are always alone.” တဲ့။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ယောကျ်ားတွေဟာ တစ်ကယ်ကို တစ်ကိုယ်ကောင်းဆန်တတ်ကြတဲ့ လူသားတွေပါ။ ယောကျ်ားတွေဖြစ်ပြီး ယောကျ်ားမဆန်စွာ ပြဿနာတွေကနေ ရှောင်ပြေးတတ်ကြတယ်။ ဒါကြောင့် ယောကျ်ားတွေက ကြောင်တွေနဲ့တူတယ်လို့ တစ်ချို့အမျိုးသမီးတွေက ပြောကြတာပေါ့။ အဆုံးသတ်မှာ ဒုက္ခတွေနဲ့ကျန်ရစ်ခဲ့ကြရတာကတော့ အမျိုးသမီးတွေပဲ ဖြစ်နေခဲ့တယ်။
.

ထို Cleo ဇာတ်ကောင်ကို သူ ဂုဏ်ပြုထားတဲ့ဇာတ်ဝင်ခန်းတွေထဲမှာ နောက်ဆုံးဇာတ်ဝင်ခန်းက အသက်အပါဆုံးနဲ့အရေးအကြီးဆုံး ဇာတ်ဝင်ခန်းဖြစ်ခဲ့တယ်။ အိမ်ရှင်အမျိုးသမီးဖြစ်သူက ကလေးတွေအားလုံးကို ခေါ်ပြီး ကမ်းခြေကို မိသားစုခရီးထွက်ကြတယ်။ Cleo ကိုလည်း ခေါ်ခဲ့တယ်။ အမှန်က ကလေးတွေ အဖေရဲ့ဖြစ်ရပ်မှန်ကိုလည်း ကလေးတွေကို အသိပေးဖို့နဲ့နာကျင်ဝမ်းနည်းနေတဲ့ Cleo ကိုလည်း စိတ်အပြောင်းအလဲလေးဖြစ်အောင် ခရီးတိုလေး ထွက်လာတယ်။ ကမ်းခြေမှာ ထိုကလေး ၂ ယောက်ရေနစ်တော့ ရေမကူးတတ်တဲ့ Cleo တစ်ယောက် ပင်လယ်ထဲဆင်းသွားပြီး သူ့အသက်ကိုစွန့်ပြီးကယ်တင်ခဲ့တယ်။ ထိုခရီးက အပြန်မှာ Cleo တစ်ယောက် အရာအားလုံးကို သိ နားလည်ခဲ့ပြီ။ ဒီမိသားစုဟာ သူမရဲ့မိသားစုပဲဆိုတာ။ ကားပြတင်းပေါက်ကနေ ငေးကြည့်နေတဲ့ သူမရဲ့မျက်လုံးတွေထဲမှာ သူမရဲ့ခံစားချက်တွေအကုန်လုံးကို ဘာစကားတစ်ခွန်းမှ ပြောစရာမလိုပဲ ကျွန်တော်တို့မြင်နိင်ခဲ့ပြီ။ နှစ်စဉ်နှစ်တိုင်းမှာ အခုလို ဇာတ်ကားကောင်းတွေ ထွက်ရှိလာခဲ့တာ ကျွန်တော်တို့ရုပ်ရှင်ပရိသတ်တွေ တစ်ကယ်ကို ကံကောင်းတယ်လို့ကျွန်တော် တစ်ကယ်ခံစားခဲ့ရတယ်။ တစ်ကယ်ပါ။ Roma က ရုပ်ရှင်ဇာတ်ကားတစ်ကားဆိုတာထက် ပိုခဲ့ပါတယ်။
.

RT: 95%

~WH~

WH
WH
5 min read