RUSH

RUSH

Ron Howard ရိုက်တယ်ဆိုကတည်းက ကောင်းမယ်လို့ထင်ပြီးသားပါ။ ဒါပေမယ့် ဒီလောက်ထိကောင်းမယ်လို့တော့ မမှန်းထားဘူး။ Gravity ပြီးရင်တော့ ၂၀၁၃ အတွက် အကြိုက်ဆုံးဇာတ်ကားပါပဲ။
၁၉၇၀ ပြည့်နှစ်ကျော်တွေက Formula 1 ကားမောင်းပြိုင်ပွဲမှာ အပြိုင်အဆိုင်ဖြစ်ခဲ့ကြတဲ့ James Hunt နဲ့ Niki Lauda တို့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ ဒီနေ့ထိလည်း သူတို့နှစ်ယောက်ဘယ်သူပိုကောင်းလည်းဆိုတာကို သူ့ပရိသတ် ကိုယ့်ပရိသတ် ငြင်းခုံနေကြဆဲပါ။ James Hunt ရဲ့စရိုက်ဟာ မိုက်ရူးရဲဆန်တယ်၊ အပျော်အပါးမက်တယ်၊ မြာပွေတယ်။ (သူ့ဘဝတစ်လျောက် မိန်းမ ၅၀၀၀ ကျော်နဲ့အတူနေဖူးတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။) Niki Lauda ကတော့ စေ့စပ်တယ်၊ ယုံကြည်မှုပြင်းတယ်၊ ပေါင်းသင်းဆက်ဆံရေးညံ့တယ်။ သူ့တို့နှစ်ယောက်စလုံးမှာ တူညီတာကတော့ ပြိုင်ပွဲတိုင်းမှာ နိုင်ချင်တာပါပဲ။ သူတို့ဟာ Formula 1 မရောက်ခင် Formula 3 မှာကတည်းက သူနိုင်ကိုယ်နိုင် ကြဲခဲ့ကြဖူးပြီး James Hunt က အရူးကွက်နဲ့ နိုင်ထားဖူးပါတယ်။ ဒီကားမှာ အဓိကဖော်ပြထားတဲ့ 1976 Formula 1 ယှဉ်ပြိုင်ချိန်မှာတော့ Niki Lauda က Ferrari ကိုကိုယ်စားပြုတဲ့ လက်ရှိချန်ပီယံပါ။ James Hunt က Mclaren ကိုကိုယ်စားပြုတဲ့ စိန်ခေါ်သူပါ။ ဒီပြိုင်ပွဲရှည်ကြီးအတွင်း အလှည့်အပြောင်းတွေ အများကြီးဖြစ်ပွားခဲ့ပြီး အဆုံးမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာ.......
James Hunt နဲ့ Niki Lauda တို့ရဲ့ရာဇဝင်ကို ကြိုသိမထားရင် ဇာတ်ကားဟာ ပိုစိတ်လှုပ်ရှားစရာ ကောင်းပါလိမ့်မယ်။ သိထားတယ်ဆိုရင်လည်း ဒါရိုက်တာ Ron Howard နဲ့ ဇာတ်ညွှန်းရေးဆရာ Peter Morgan တို့ရဲ့စေ့စပ်မှု ကိုအံ့ချီးရပါလိမ့်မယ်။ ဘာလို့ဆို Ron Howard ဟာ ဒီကားကို အသေးစိတ်ကအစ အဖြစ်မှန်နဲ့ အနီးစပ်ဆုံးတူအောင် အားထုတ်ထားခဲ့လို့ပါ။ သက်ရှိထင်ရှားရှိနေသေးတဲ့ အပြင်က Niki Lauda ကိုယ်တိုင် အချက်အလက်တွေမှန်လွန်းလို့ ဒီကားကို အပြည့်အဝအားပေးပါတယ်လို့ဆိုထားပါတယ်။ James Hunt ကိုလည်းဒီကားကြည့်စေချင်မိတယ်လို့ ပြိုင်ဘက်ဟောင်းကြီးကို တမ်းတလိုက်ပုံက လွမ်းစရာပါ။ (James Hunt ဟာ အသက် ၄၅ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ဆုံးပါးခဲ့ပါတယ်။)
James Hunt အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworth ဟာ ကျွန်တော်ကြည့်ဖူးသမျှသူ့ကားတွေထဲမှာတော့ အပြောင်မြောက်ဆုံး၊ ဇာတ်ကောင်နဲ့အလိုက်ဖက်ဆုံး သရုပ်ဆောင်သွားနိုင်ပါတယ်။ ဒုတိယဇာတ်ဆောင်လို့ဆိုရမယ့် Niki အဖြစ်သရုပ်ဆောင်တဲ့ ဂျာမန်မင်းသား Daniel Bruhl ကလည်းတချို့အခန်းတွေမှာ Chris Hemsworth ထက်တောင်ပေါ်လွင်အောင် လုပ်ပြနိုင်ခဲ့တာပါ။ ဒီကားကို ကြည့်မိတဲ့သူတိုင်းတော့ မကြိုက်ဘဲမနေပါဘူးလို့ ယုံကြည်ပါတယ်။

Miller