Shoplifters

Shoplifters

ပြီးခဲ့တဲ့ May လလယ်လောက်က ပြင်သစ်နိုင်ငံ Cannes မြို့မှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့ 71st နှစ်မြောက် Cannes ရုပ်ရှင်ပွဲတော်ကျင်းပခဲ့တယ်။ ထိုရုပ်ရှင်ပွဲတော်မှာ အကြီးမားဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ဂျပန်နိုင်ငံက ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်တဲ့ Shoplifters ဆိုတဲ့ဇာတ်ကားတစ်ကားက ဆွတ်ခူးသွားတယ်။ ဒီမှာတင် ကမ္ဘာအနှံ့က ရုပ်ရှင်ချစ်သူတိုင်းက ထိုဇာတ်ကားကို အာရုံစိုက်လာကြတယ်။ ဒါနဲ့ဒီဇာတ်ကားကို လူတိုင်းသိသွားကြပြီး အခုလည်း အကယ်ဒမီပေးပွဲအတွက် နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်စာရင်းမှာ လျာထားခံနေရတဲ့အထိ အောင်မြင်မှုတွေဟာ မရပ်တန့်နိုင်ပဲ ဖြစ်နေတုန်းပဲ။ ဇာတ်ကားအစမှာ လူကြီးတစ်ယောက်နဲ့ကောင်လေးတစ် ယောက်ကို ကုန်စုံဆိုင်တစ်ဆိုင်ထဲမှာ ကျွန်တော်တို့တွေ့ကြရတယ်။ သူတို့နှစ်ယောက်က အချင်းချင်းတော့ စကားမပြောကြဘူး။ ဒါပေမဲ့ မျက်လုံးတွေနဲ့အချက်ပြကြပြီး အချိတ်အဆက်နဲ့ပြကြတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်အတွက်တော့ ပထမဆုံးအကြိမ်မဖြစ်နိုင်ဘူး။ လုပ်နေကြ အလုပ်တစ်ခုကို လုပ်နေကြသလိုပဲ။ အမှားအယွင်းကို မတွေ့ရဘူး။ သူတို့ကိုယ်သူတို့လည်း ယုံကြည်ကြပုံပဲ။ ကုန်စုံဆိုင်ရဲ့ပစ္စည်းတန်းတွေကြားမှာ ဖြေးဖြေးချင်းသွားလာနေကြတဲ့ သူတို့နှစ်ယောက်ကို ကြည့်ရင်း နောက်တော့ ကျွန်တော်တို့သိလာကြတယ်။ သူတို့က ထိုဆိုင်က ပစ္စည်းတွေကို ခိုးယူနေကြတာပဲ။ ဒါပေမဲ့ ကြည့်နေစဉ်အတွင်းမှာပဲ ဘာကိုရိပ်မိသွားသလဲဆိုတော့ သူတို့အခုလို ခိုးယူနေကြတာဟာ သူတို့အသက်ဆက်ရှင်ဖို့မလုပ်မနေ လုပ်နေရတဲ့အရာတစ်ခုပဲ ဆိုတာ။ ဒီလိုနဲ့သူတို့အိမ်အပြန်လမ်းမှာ အိမ်ရှေ့တစ်ခုမှာ ထွက်ရပ်နေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဒီကလေးမလေးကို သူတို့အရင်ကလည်း မကြာခဏဒီနားမှာ တွေ့ဖူးကြပုံပဲ။ ဒါကြောင့်လည်း သူတို့နှစ်ယောက်က အသိတွေအလား ထိုကလေးမလေးကို ကြည့်နေကြတယ်။ ထိုညက အေးစက်လွန်းတယ်။ ဒီလိုအေးစက်လွန်းတဲ့ညတစ်ညမှာ ဒီကလေးမလေးက ဘာကြောင့် အိမ်ရှေ့မှာ ထွက်ရပ်နေရတာလဲ။ ဒါနဲ့သူတို့နှစ်ယောက်ထဲက အရွယ်ရောက်တဲ့ လူကြီးဖြစ်သူက ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချလိုက်တယ်။ ပြီးတော့ ထိုကလေးမလေးကို သူတို့နဲ့အတူခေါ်ဆောင်သွားကြတယ်။
.

သူတို့သုံးယောက် အိမ်ပြန်ရောက်ကြတော့ ကျွန်တော်တို့ပရိသတ်တွေကို ထိုမိသားစုတစ်စုလုံးနဲ့ဇာတ်ကားက မိတ်ဆက်ပေးလိုက်တယ်။ စောစောက ကျွန်တော်တို့စတွေ့ခဲ့တဲ့သူနာမည်က Osamu ။ သူက ဆောက်လုပ်ရေးတစ်ခုမှာ အလုပ်ကြမ်းသမားအဖြစ် လုပ်ကိုင်နေတဲ့သူ။ ပြီးတော့ ဆိုင်တွေမှာ သူခိုးယူလို့ပါလာတဲ့ ပစ္စည်းတစ်ချို့ကိုလည်း သူ့အလုပ်က တစ်ခြားအလုပ်သမားတွေကို ပြန်လည်ရောင်းတဲ့သူ။ သူ့မိန်းမ ဖြစ်တဲ့အမျိုးသမီးနာမည်ကတော့ Nobuyo ။ သူမကတော့ Hotel တစ်ခုရဲ့အဝတ်အထည်တွေ လျှော်တဲ့နေရာမှာ လုပ်တယ်။ ပြီးတော့ သူမလျှော်ဖွတ်တဲ့ အဝတ်တွေထဲက ပစ္စည်းတွေကိုလည်း လစ်ရင်လစ်သလို ခိုးယူပြီး အိမ်ကို ပြန်ယူလာတတ်တယ်။ နောက်ထပ် ကျွန်တော်တို့တွေ့ရတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ကတော့ Aki ဖြစ်ပြီး သူမကတော့ ထိုမြို့က မကောင်းတဲ့ နေရာတစ်ခုဖြစ်တဲ့ Peep show လိုနေရာမျိုးတစ်ခုမှာ အလုပ်လုပ်ပြီး သူမလည်း ဒီလူတွေအတွက် တတ်နိုင်တဲ့ဘက်က ထောက်ပံ့နေတဲ့ အမျိုးသမီးလေးတစ်ယောက်။ Osamu နဲ့အတူ ပထမဇာတ်ဝင်ခန်းမှာ ကျွန်တော်တို့တွေ့ခဲ့ရတဲ့ ကောင်လေးနာမည်ကတော့ Shota ဖြစ်ပြီး သူ့ကိုလည်း Osamu တို့က တစ်နေရာက ခေါ်ယူမွေးစားခဲ့တာ။ သူလည်း အခုတော့ Osamu တို့နဲ့ အတူ ဆိုင်တွေမှာ ခိုးယူအလစ်သုတ်တတ်နေပြီ။ နောက်ဆုံးတစ်ယောက်ကတော့ သူတို့အားလုံးနေထိုင်နေကြတဲ့ ထိုအိမ်ကြီးကို ပို်င်ဆိုင်တဲ့ Hatsue ဆိုတဲ့ အဖွားအိုတစ်ယောက်။ ထိုအဖွားအိုကတော့ သေဆုံးသွားပြီဖြစ်တဲ့ သူမခင်ပွန်းရဲ့အစိုးရထောက်ပံကြေးကို ယူပြီး ထိုအုပ်စုတစ်စုလုံးကို တတ်နိူ်င်တဲ့ဘက်က ထောက်ပံ့ကျွေးမွေးနေတဲ့ အဖွားအိုကြီးတစ်ယောက်။ အခုတော့ သူတို့အားလုံးအတွက် ကျွေးမွေးစရာ ပါးစပ်ပေါက်လေးတစ်ပေါက်က တိုးလာပြီ။ အမှန်တော့ ထိုကလေးမလေးကို ပြန်ပို့ဖို့အစက သူတို့ကြိုးပမ်းခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ပြန်သွားပို့တုန်းက ထိုကလေးမလေးတို့အိမ်မှာ ဆူညံ့တဲ့ရန်ဖြစ်တဲ့အသံတွေကြောင့် သူတို့ထိုကလေးမလေးကို ပြန်ခေါ်လာကြပြီး ခိုးမွေးစားဖို့သူတို့ဆုံးဖြတ်ခဲ့ကြတယ်။ မှန်လား။ မှားလား။ စာဖတ်သူတို့ဘယ်လိုထင်ကြသလဲ။ မေတ္တာတရား ငတ်မွတ်နေတဲ့ ကလေးကို မေတ္တာတရားတွေခေါင်းပါးတဲ့ နေရာကနေ သူတို့ကယ်ထုတ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒါဟာလည်း ခိုးယူခြင်းတစ်မျိုးဖြစ်နေပြန်တယ်။
.

Nobuyo နဲ့Osamu တို့နှစ်ယောက်ကတော့ သူတို့ရဲ့လုပ်ရပ်တွေကို ဘာနဲ့အကာအကွယ်လုပ်ကြသလဲဆိုတော့ ပိုက်ဆံတောင်းယူဖို့ရည်ရွယ်ချက်မရှိတဲ့အတွက် ဒီလုပ်ရပ်ဟာ လူသားတစ်ယောက်ကို ခိုးယူပြန်ပေးဆွဲခြင်းမမည်ဘူးလို့ကိုယ့်ဘာသာ ဆင်ခြေပေးကြတယ်။ Osamu က ခိုးယူခြင်းနဲ့ပတ်သက်ပြီးတော့ Shota ကိုလည်း ဘယ်လိုသင်ကြားပေးသလဲဆိုတော့ ဈေးဆိုင်တွေထဲက ပစ္စည်းတွေဆိုတာ ဘယ်သူမှမပိုင်သေးတဲ့ပစ္စည်းတွေဖြစ်တာကြောင့် ခိုးယူခွင့်ရှိတယ်။ ခိုးယူတယ်လို့လည်း အထမမြောက်ဘူးလို့သင်ကြားပေးတယ်။ ပြီးတော့ သူတို့ပစ္စည်းအနည်းငယ်ခိုးယူမှတွေကြောင့်လည်း ထိုဆိုင်ပိုင်ရှင်တွေဟာ စီးပွားမပျက်သွားဘူးဆိုပြီး သင်ကြားပေးတယ်။ ယခုဇာတ်ကားတစ်ကားလုံးဟာ အခုလိုမျိုး မသေမချာမကွဲပြားတဲ့ အချက်တွေနဲ့ပြည့်နေတယ်။ အထူးသဖြင့် ဒီဇာတ်ကားရဲ့နာမည်ကျော် quotes တစ်ခုဖြစ်တဲ့ “Does giving birth to someone automatically make you a mother?” မေးခွန်းမျိုးကို အဓိကထား မေးသွားတယ်။ မိသားစုဆိုတာဘာလဲ။ သွေးတော်သားစပ်တယ်ဆိုတာနဲ့မိသားစုဆိုတာ ဖြစ်သွားကြတာလား။ သွေးမတော်သားမစပ်ပေမဲ့ ကိုယ့်ကိုကျွေးမွေးပြုစုစောင့်ရှောက်ပြီး ကိုယ်နဲ့နေပူပူ မိုးရွာရွာ အေးအတူပူအမျှ ဒုက္ခတွေရော၊ သုခတွေပါ ဝေမျှပေးတဲ့ လူသားတွေက မိသားစုဆိုတဲ့ ဝေါဟာရနဲ့ပိုထိုက်တန်နေသလား။ စာဖတ်သူရော ဘယ်လိုမြင်ပါသလဲ။ သင့်ရဲ့အမြင်ကို အခု comment box မှာ သင်ရေးသွားနိုင်ပါတယ်။
.

Hirokazu Kore-eda ဆိုတာ ယနေ့ဂျပန်နိုင်ငံရဲ့ရုပ်ရှင်လောကမှာ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ သူဟာ After Life တို့Nobody Knows တို့ Like Father, Like Son တို့After the Storm အစရှိတဲ့ဇာတ်ကားတွေနဲ့အောင်မြင်လာတဲ့ ဒါရိုက်တာတစ်ယောက်။ Hirokazu Kore-eda က ဒီဇာတ်ကားထဲမှာ ဒီလူသားတွေရဲ့နာကျင်မှုတွေကို ယူပြီး ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ပြထားခဲ့တယ်။ သူတို့တွေအားလုံးဟာ တစ်ယောက်မှ သွေးသားမတော်စပ်ကြဘူး။ တစ်ယောက်ရှာလို့ရတဲ့အရာကို အားလုံးအတွက် အားလုံးက သုံးကြတယ်။ သူတို့မှာ ကိုယ်ပိုင်ဆိုတာ မရှိဘူး။ ဘဝကြီးဟာ ကျဉ်းကျပ်ပေမဲ့ စိတ်ချမ်းသာစရာတွေနဲ့ပြည့်နှက်နေတယ်။ ဒီအမိုးအောက်လေးတစ်ခုမှာ သူတို့မေတ္တာတွေ ရှင်သန်ခဲ့ကြတယ်။ Hirokazu Kore-eda ကို ဝေဖန်ရေးဆရာတွေနဲ့ကမ္ဘာအနှံ့က ရုပ်ရှင်ချစ်သူတွေက ဂျပန်နိုင်ငံရဲ့နာမည်ကျော်ရုပ်ရှင်ဖန်တီးသူတွေဖြစ်ကြတဲ့ Yasujirō Ozu နဲ့Mikio Naruse နဲ့နှိုင်းပြီး 21st ရာစုရဲ့Ozu လို့တောင် ခေါ်ဆိုနေကြတယ်။ တစ်ချို့ဆို သူ့ကို နာမည်ကျော် Bicycle Thief ဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ အီတလီဒါရိုက်တာကြီး Vittorio De Sica နဲ့လည်း နှိုင်းရလောက်တဲ့အထိ ချီးမွမ်းကြပြန်တယ်။ Hirokazu Kore-eda ရဲ့နောက်ပိုင်းဇာတ်ကားအများစုမှာ မိသားစုဆိုတဲ့ ဝေါဟာရရဲ့အဓိပ္ပာယ်ကို နည်းလမ်းမျိုးစုံကနေ ဖော်ပြထားနေတယ်ဆိုတာ ကျွန်တော်တို့မြင်နိုင်တယ်။ ယခုဇာတ်ကားရဲ့နောက်ဆုံးပိုင်း ဇာတ်ဝင်ခန်းတွေဟာ 2018 အတွက် အကောင်းဆုံးဇာတ်ဝင်ခန်းတွေလို့တောင် ပြောရလောက်တဲ့အထိ ကောင်းမွန်လွန်းခဲ့တယ်။ Hirokazu Kore-eda ရေးဖွဲ့ရိုက်ကူးခဲ့တဲ့ ယခုဇာတ်လမ်းက စိတ်ကူးယဉ်ဆန်လွန်းတဲ့ဇာတ်လမ်းတော့ မဟုတ်ဘူး။ ဥပဒေဆိုတာ အမြဲရှိနေတယ်။ ထိုမိသားစုတစ်စုလုံးဟာ သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တစ်ခုက ဥပဒေကို ချိုးဖောက်နေခဲ့တဲ့အတွက် ထိုအပြစ်ဒဏ်ဟာ ကျော်သွားခဲ့မှာလည်း မဟုတ်သလို မမြင်ချင်ယောင် ဆောင်နေခဲ့မှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ပရိသတ်တွေဟာ မဖြစ်နိုင်တာတွေကို တန်းတကြတယ်။ ဥပဒေတွေက သူတို့ကို မမြင်ကြပဲ ပုံပြင်တွေရဲ့အဆုံးသတ်ကစကားလို တစ်သက်လုံးပျော်ရွှင်စွာ နေထိုင်သွားကြတယ် ဆိုတာကို ကျွန်တော်တို့တွေ မျှော်လင့်ခဲ့ကြတယ်။ မသိစိတ်ကရော၊ သိစိတ်ကပါ တောင်းတခဲ့ကြတယ်။ ဒါပေမဲ့ ဆုတောင်းပြည့်ခဲ့သလား မပြည့်ခဲ့သလားဆိုတာကိုတော့ ပရိသတ်တွေ နောက်တော့ ပရိသတ်တွေ သိလာကြရတယ်။
.

ဒါရိုက်တာက လူသားဆန်လွန်းတဲ့ လူသားတစ်ယောက်ဖြစ်မယ်။ ဒါကြောင့် ကြီးမားကျယ်ပြန့်တဲ့ လူ့ဘောင်အဖွဲ့အစည်းကြီးတစ်ခုထဲမှာ အနည်းငယ်ပဲရှိတဲ့လူတစ်စုရဲ့ပေါင်းစည်းခြင်းတွေနဲ့မိသားစုဆိုတဲ့ ခံစားချက်တွေက သူတို့ဘဝတွေရဲ့ဆင်းရဲခြင်းတွေ၊ ဒုက္ခတရားတွေကို ကျော်လွှားနိုင်သလဲဆိုတာ တင်ပြထားတယ်။ စာဖတ်သူ ဒီဇာတ်ကား ကြည့်နေရင်းနဲ့မျက်ရည်မဝဲပဲ မနေနိုင်ပါဘူး။ ဒီဇာတ်ကားကို ကြည့်ပြီး စာရေးဆရာကြီး John Steinbeck ရဲ့ Tortilla Flat နဲ့ပူပူနွေးနွေးဖတ်ထားတာဖြစ်တဲ့ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ) ရဲ့ခေါက်ထီးလေးမလုံ့တလုံ့ ဝတ္ထုတွေကို ကျွန်တော်သွားပြန်သတိရမိခဲ့တယ်။ သူတို့လူတစ်စုဟာ အကောင်းဆုံးတွေ လုပ်ချင်လုပ်ခဲ့ကြမယ်။ ဒါပေမဲ့ အဆိုးဆုံးတွေ ဖြစ်လာခဲ့တာကို သူတို့ရိပ်မိသွားကြတဲ့ အချိန်မှာတော့ နောက်ကျလွန်းနေခဲ့ပြီလေ။
.

RT: 99%

~WH~

WH
WH
3 min read