Sully

Sully

အဖြစ်အပျက်တွေက ဖြစ်ခဲ့ပြီးပြီ။ မြန်ဆန်လွန်းတယ်လို့တောင် ဆိုထိုက်တယ်။ တဒင်္ဂအောင်မြင်မှုဆိုတာလည်း သူ့နောက်ကနေ လိုက်လာခဲ့နေပြီ။ သူ့ဆုံးဖြတ်ချက်က မှားလား မှန်လား။ သူကိုယ်တိုင် ဒွိဟတွေ ဝေနေခဲ့ပြီ။ ဒါပေမဲ့ သူ့ကိုယ်သူတော့ သူယုံကြည်တယ်။ ယုံကြည်ချင်စရာလည်း ကောင်းမှာပေါ့။ အဖြစ်အပျက်က သက်သေထူခဲ့ပြီလေ။ ဒါပေမဲ့ မရဏသေမင်းဆီကို ခေါ်ဆောင်သွားစေတဲ့ အဖြစ်အပျက်တွေကို သူကျော်လွှားနိုင်ခဲ့ပေမဲ့ ထိုအိပ်မက်ဆိုးတွေကတော့ ယနေ့တိုင် သူ့ကိုခြောက်လှန့်နေဆဲ။ အကယ်၍ သူရဲ့ဆုံးဖြတ်ချက်သာ မှားယွင်းခဲ့ပါက …


သူ့ရဲ့နာမည်က Chesley Sullenberger ။ ချစ်တဲ့ခင်တဲ့ သိတဲ့သူတိုင်းကတော့ သူ့ကို အလွယ်တကူ Sully လို့ပဲ ခေါ်ကြတယ်။ အဲ့ဒီ့တော့ ကျွန်တော်လည်း သူ့ကို Sully လို့ခေါ်ပါရစေ။ ငယ်စဉ်တောင်ကျေး လူငယ်ဘဝကတည်းက လေကြောင်းကို စိတ်ဝင်စားခဲ့ပြီး လေယာဉ် Pilot အဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ခဲ့သည်မှာ ယနေ့2009 အထိဆိုလျှင် အနှစ် 30 ခန့်ရှိပြီဖြစ်ပေမဲ့ အသက် 16 နှစ်သားကတည်းက လေယာဉ်မောင်းသင်တန်းကို တက်ခဲ့သူဖြစ်သည်မို့သူ့ရဲ့လေယာဉ်မောင်း သက်တမ်းမှာ အနှစ် 40 ကျော်ခဲ့ပြီ။

ဒီနေရာမှာ ထိုနေ့က အဖြစ်အပျက်တွေကို ပြန်စဉ်းစားလိုက်ကြရအောင်။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်လို့ပြောလို့ရတယ်။ 2009 ခုနှစ် January လ 15 ရက်နေ့..

ထိုနေ့က သူပုံမှန်အတိုင်း airport ကို သူလာတယ်။ လေယာဉ်ကွင်းထဲက သူဝယ်နေကျ မုန့်ဆိုင်မှာ မုန့်တောင်ဝယ်ခဲ့သေးတယ်။ ဒီလို နဲ့သူလေယာဉ် ရှေ့ခန်း (cockpit) ကိုဝင်တော့ First Officer ဖြစ်သူ Jeffrey Skiles က သူ့ကိုစတင်နှုတ်ဆက်တယ်။ သူ ထိုနေ့ကမောင်းနှင်ရမဲ့ လေယာဉ်က US Airways Flight 1549 ဖြစ်ပြီး ခရီးစဉ်ကတော့ New York ရှိ LaGuardia Airport ကနေ North Carolina ရှိ Charlotte Douglas International Airport ကိုပဲ။ လေယာဉ်ဟာ ကောင်းကင်ကို စတက်ပြီး 3 မိနစ်လောက် ခန့်မှာပဲ ရုတ်တရက် လေယာဉ်တည့်တည့်ဆီကို ပျံသန်းလာတဲ့ ဌက်အုပ်ကြီးတစ်အုပ်နဲ့ပက်ပင်းတိုးပါလေရော။ ရလာဒ်ကတော့ အမြင့်ပေပေါင်း 2800 သာသာ ခန့်သာ ရှိနေသေးတဲ့ သူတို့လေယာဉ် Engines တွေထဲကို ဝင်သွားတဲ့ ဌက်တွေကြောင့် လေယာဉ် Engines 2 လုံးစလုံး ပျက်ဆီးသွားတော့တယ်။ ဒီအချိန်ဟာ အရေးကြီးဆုံး အချိန်တစ်ခု ဖြစ်လာပြီ။ Captain Sully ဘာလုပ်မလဲ။ Base ကို အကြောင်းကြားတော့ သူ သိလိုက်ရတာ အနီးဆုံး လေယာဉ်ကွင်းက Teterboro Airport ကို ပြန်ဆင်းဖို့ပဲ။ ဒီအချိန်မှာ သူစဉ်းစားရတာ တစ်ခုက အင်ဂျင် 2 လုံးစလုံး ပျက်ဆီး၍ သုံးလို့မရတော့တဲ့ လေယာဉ်ကြီးတစ်စီးသည် အဆိုပါ လေယာဉ်ကွင်းကို ဘေးရန်ကင်းကင်းနဲ့ပြန်လည် ဆင်းသက်နိုင်ပါ့မလားဆိုတာပဲ။ ဒီတော့ သူ Risk တစ်ခု ယူလိုက်ရပြီ။ ဆုံးဖြတ်ချက်က အရမ်းမြန်ဆန်လွန်းတယ်။ သူ အပါအဝင် Crews နဲ့ခရီးသည်တွေ စုစုပေါင်း အယောက် 155 ယောက်ရဲ့အသက်ကို သူ့ရဲ့ဆုံးဖြတ်ချက်နဲ့အလောင်းအစား လုပ်လိုက်ပြီ။ ဘာလဲဆိုတော့ သူတို့လေယာဉ်ယခု ရောက်ရှိနေတဲ့ အောက် Hudson မြစ်ပေါ်မှာ အရေးပေါ် ဆင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ။ Hudson မြစ်ရေတွေကို လေယာဉ်ပြေးလမ်းတွေအဖြစ် အသုံးပြုလိုက်တာပဲ။

သူ လေယာဉ်ကို Hudson မြစ်ပေါ်မှာ လူတစ်ယောက်မှ အသေအပျောက်မရှိပဲ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ (ကယ်ဆယ်ရေးအဖွဲ့တွေ လျှင်မြန်စွာ အချိန်မှီ ရောက်လာပေလို့ပေါ့။ မဟုတ်ရင် လက်တွေ့မှာ အေးခဲနေတဲ့ Hudson မြစ်ရေတွေကြောင့် လူတွေ အေးပြီး သေတော့ သေနိုင်ပါတယ်။)

ဒီနေရာမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်ဝင်ခန်းလာပါတော့တယ်။ သူ ဘယ်လို ပြန်လည်ကာကွယ်ခဲ့သလဲဆိုတဲ့ အခန်းလေးပါပဲ။ ဒါဟာ Mechanical Error လို့ဆိုထိုက်ပေမဲ့ Decision time တွေ Human Error တွေကို သူတို့က မေ့ဟန်ဆောင်ချင်ခဲ့ကြတာကိုး။ ခုတော့ Sully နဲ့သူ့ရဲ့First Officer Jeffrey Skiles တို့2 ယောက် သူတို့ကိုယ် သူတို့ဘယ်လို ခုခံကာကွယ်ခဲ့ကြသလဲဆိုတာကို တော့ စာဖတ်သူတို့ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါတော့ …


Clint Eastwood ဟာ ခုနောက်ပိုင်းနှစ်တွေမှာ တစ်နှစ်ကို တစ်ကားနှုန်းနဲ့မှန်မှန်ရိုက်ကူးလေ့ရှိလာတာကို တွေ့ရပါတယ်။ သူတင်မကပါဘူး။ Woody Allan လည်း ထိုနည်း၎င်းပါပဲ။ ထို့အတွက်ကြောင့် ကျွန်တော့်အတွက် သူတို့အပေါ်မှာရှိတဲ့ စိတ်ဝင်စားမှုတွေကို လျော့နည်းလာစေမိတာတော့ အမှန်ပါပဲ။ ဒါကြောင့်လည်း ယခု Sully ကို ကြည့်ဖို့ကို ကျွန်တော်တွန့်ဆုတ်နေခဲ့တယ်။ သို့သော် Director ကြီး Clint Eastwood နဲ့မင်းသားကြီး Tom Hanks ဆိုမှတော့ ကျွန်တော်မကြည့်ဖြစ်ရင် ကျွန်တော်မှားမှာပေ့ါဆိုပြီး ကျွန်တော် ဒီဇာတ်ကားကိုကြည့်ဖို့ဆုံးဖြတ်ချက်ချခဲ့မိတာပါ။ ပြောရမယ်ဆိုရင် ကျွန်တော့်ဆုံဖြတ်ချက်မမှားဘူးပေ့ါ။

တည်ငြိမ်ပြီး စိတ်ဝင်စားမှုနည်းပါးလွန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်က ပရိသတ်ရဲ့အာရုံကို ပြသချိန် မိနစ် 90 ခန့်လေးအတွင်း အပြည့်အဝ ယူသွားနိုင်ခဲ့တယ်။ အဓိကကတော့ Clint Eastwood ရဲ့ တင်ဆက်ပုံကြောင့်လို့ကျွန်တော်ထင်တယ်။ ဒီဇာတ်လမ်းကို ပုံသေ Linear ဇာတ်ကြောင်းပြောခြင်းနဲ့တင်ဆက်ပါက ယခုကဲ့သို့စိတ်ဝင်စားစရာ ကောင်းနိင်လိမ့်မည် မထင်ပါ။ အဘယ်ကြောင့်ဆိုသော် မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ နာမည်ကျော်ဖြစ်ရပ်မှန်တစ်ခုဖြစ်တာကြောင့် ပရိသတ်သည် ဘာပြီးရင် ဘာလာမယ်ဆိုတာကို အတပ်ပြောဆိုနိုင်လို့ပဲ။ ဒါကို Clint က သိတယ်။ အဲ့ဒီ့တော့ ယခုနောက်ပိုင်း သူအသုံးများလာတဲ့ Technique ကို သူပြန်သုံးတယ်။ American Sniper ထဲက တင်ပြမှုသလိုမျိုးပေါ့။ အဓိကဇာတ်ကောင်ရဲ့Flashbacks တွေကို ပိုသုံးပြီး သူခံစားနေရတဲ့ Psychology ကို ပရိသတ်နဲ့ရင်းနှီးစေလိုက်တယ်။ ဒီတော့ Sully တစ်ယောက် အိပ်မက်ဆိုးတွေကနေ လန့်နိုးလာချိန်မှာ ပရိသတ်ဟာလည်း ထိုနည်းတူစွာပဲ မောဟိုက်လာတယ်။ ရုပ်ရှင်ရဲ့အစဟာ ဇာတ်လမ်းရဲ့Climax အနားဖြစ်တဲ့ တစ်ဝက်လောက်မှာ စတင်ပြီးမှ ပရိသတ်ကို အဖြစ်အပျက်တွေကို သက်ဆိုင်တဲ့ အခန်းတိုင်းမှာ သက်ဆိုင်သလို ပြန်ရှင်းပြသွားတယ်။ ဒီအချက်ကို ကျွန်တော်အကြိုက်ဆုံးပဲ။

တည်းဖြတ်ခြင်းဖြစ်တဲ့ editing ရဲ့ပညာသားပါပုံတွေကို ပြောရမယ်ဆိုရင် သူ့ရဲ့တည်းဖြတ်ပုံသေသပ်တယ်လို့ကျွန်တော်မြင်တယ်။ ဥပမာ ဇာတ်ဝင်ခန်းတစ်ခုဟာ ပြချင်တဲ့ခံစားချက်အတိုင်း frames per second ကို အတိုးအမြှင့် လုပ်သွားတာ သေချာဂရုစိုက် လေ့လာပါက မြင်တွေ့နိုင်တယ်။ တစ်ခန်းမှာ Sully ဟာ သူငယ်စဉ်က မောင်းနှင်ခဲ့ဖူးတဲ့ တိုက်လေယာဉ်တစ်စီးကို ညဘက်ကြီးငေးမောကြည့်နေတယ်။ ဒီအချိန်မှာ သူ့မျက်နှာပေါ်က ခံစားချက်တွေ တစ်ဖြည်းဖြည်းပေါ်လာတယ်။ ဒီ့နောက် ရုတ်တရက် ထိုငယ်စဉ်က အတိတ်က အဖြစ်အပျက်ကို ပြန်ဆွဲခေါ်သွားတယ်။ ဒီတော့ သူ့မျက်နှာကို ပြသတဲ့ second အချိန်လေးဟာ မတိုလွန်းသလို မရှည်လွန်းဘူး။

ဒီဇာတ်ကားရဲ့အဓိကဇာတ်ဝင်ခန်းဖြစ်တဲ့ လေယာဉ်ကြီး Hudson မြစ်ပေါ်ကို ဆင်းသက်တဲ့အခန်းဟာ ကြည့်ရှုသူတိုင်းအတွက် ရင်သပ်ရှုမောဖွယ် အတိပါပဲ။ ကျွန်တော်အပိုပြောတာ မဟုတ်ပါဘူး။ အမှန်တော့ ထိုအဖြစ်အပျက်လေးဟာ သမိုင်းမှာ 208 seconds လေးပဲကြာမြင့်ခဲ့တယ်။ ဒါပေမဲ့ Clint Eastwood က ထိုအခန်းလေးကို ပြသချိန်ဟာ အတိအကျနီးပါးဖြစ်ပေမဲ့ စိတ်မပျက်လိုက်ကြပါနဲ့။ ထိုဇာတ်ဝင်ခန်းကို entries မျိုးစုံ အမြင်မျိုးစုံနဲ့ဇာတ်ဝင်ခန်း အမြောက်အများနဲ့တင်ဆက်ခဲ့တာမို့အားရကျေနပ်စရာလည်း ကောင်းလွန်းပါတယ်။ ဒါပေမဲ့ Clint က ရည်ရွယ်ချက်မရှိပဲ ထိုအခန်းကို မကြာခဏတင်ဆက်ခဲ့တာတေ့ာ မဟုတ်။ အဖြစ်အပျက်တိုင်းမှာ အမြင်တွေ မျိုးစုံရှိတတ်ကြတာ သဘာဝပဲမို့ထိုအဖြစ်အပျက်ကို ပြန်လည်ပြောကြားတဲ့အခါ လူတိုင်းရဲ့အမြင်နဲ့အတွေ့အကြုံကို တင်ပြချင်တဲ့ ရည်ရွယ်ချက်သက်သက်ပါပဲ။

ဒီဇာတ်ကားမှာ ချီးမွမ်းအထိုက်ဆုံး ပုဂ္ဂိုလ်တစ်ဦးကတာ့ Mr. Hanks aka. ကျွန်တော်တို့ရဲ့မင်းသားကြီး Tom Hanks ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ထိုဇာတ်ကောင် Sully ဟာ အရေးပါဆုံးဖြစ်သလို Tom Hanks ကလည်း ဒီဇာတ်ကားမှာ အသက်ပဲဖြစ်တယ်။ သူ့ကို ပိတ်ကားပြင်ပေါ်မှာ ကျွန်တော်တို့စတင် တွေ့လိုက်တဲ့အချိန်ကစပြီး သူ့ကို သရုပ်ဆောင်တစ်ဦးလို့မမြင်တော့ပဲ တစ်ကယ့်အပြင် လက်တွေ့ဘဝက လူသားတစ်ယောက်ရဲ့အဖြစ်အပျက်တွေကို မျက်ဝါးထင်ထင် ကြည့်နေရသကဲ့သို့ပင် လေးစားအံ့သြဖွယ်ကောင်းလောက်အောင် ပီပြင်လွန်းခဲ့တယ်။ အမှန်တော့ Tom Hanks က သရုပ်ဆောင်နေခဲ့တာမှ မဟုတ်တာ။ သူဟာ စိတ်နှစ်ပြီး ထိုဇာတ်ကောင်ကဲ့သို့ပြုမူခဲ့တာပဲလေ။ Tom Hanks ကို ယခုလို Captain အနေနဲ့မြင်ရတော့ သူ့ရဲ့ Captain Phillips ကိုတောင် သတိရမိသေးတယ်။ ဆိုင်တော့မဆိုင်ပေမဲ့ ယှဉ်ကြည့်မယ်ဆိုရင် Captain Phillips ဇာတ်ကားမှာ Tom ဟာ ထိုဇာတ်ကောင် အတိုင်း လက်တွေ့ဘဝမှာ တွေ့ကြုံရတဲ့အဖြစ်အပျက်ကို ကြောက်အားလန့်အားနဲ့စိုးရိမ်စွာ သရုပ်ဆောင်ခဲ့ပြီး ယခု Sully ဇာတ်ကားတွင်တော့ အတွေ့အကြုံရင့်ကျက်နေတဲ့ Pilot တစ်ယောက်အနေနဲ့စိတ်ကို တည်ငြိမ်စွာ ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ဆန်ဆန်လုပ်လိုက်တဲ့ အနေအထားမျိုး သရုပ်ဆောင်စေခဲ့တယ်။ ကျွန်တော့် သူ့သရုပ်ဆောင်တာကို ဘယ်အခန်းမှာ အကြိုက်ဆုံးလဲဆိုရင် လေယာဉ်ဟာ ရေပေါ်မှာ ဆင်းသက်ပြီးနောက် ကယ်ဆယ်ရေးတွေ လာတဲ့အချိန်မှာ သူ့မျက်နှာဟာ လွန်စွာ တည်ငြိမ်အေးချမ်းလွန်းတယ်။ ဆုံးဖြတ်ချက်ခိုင်မာတယ်ဆိုတာထက် အဖြစ်အပျက်ကို မတုန်လှုပ်တယ်ဆိုတဲ့ သဘောမျိုးပေ့ါ။


ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အခါ ကျွန်တော်ဘာကို သွားမြင်မိသလဲဆိုတော့ ရေတစ်ဝက်ပါတဲ့ ဖန်ခွက် Theoretical Philosophy ပဲ။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပဲပါတဲ့အခါ အဆိုးမြင်တဲ့လူတစ်ချို့ကတော့ “ဟာကွာ.. ရေက တစ်ဝက်ပဲ ပါတယ်” လို့ငြီးတွားရေရွတ်ကြမည်ဖြစ်ပြီး အကောင်းမြင်တတ်တဲ့သူတွေကတော့ “ဟာ ရေက တစ်ဝက်တောင် ပါပါလား။” ဆိုပြီး ဖြည့်တွေးတတ်ကြပါလိမ့်မယ်။ ဒါဟာ သဘာဝပါ။ မည်ကဲ့သို့မှ ငြင်းဆန်၍ရမည်မထင်ပါ။ ဒီလိုပါပဲ။ ယခုဇာတ်ကားမှ အဖြစ်အပျက်တွင်ပါဝင်ခဲ့ကြတဲ့သူတွေလည်း အကောင်းမြင်တဲ့သူတွေနဲ့အဆိုးမြင်တဲ့သူတွေကို ကွဲကွဲပြားပြားကြီးတွေ့မြင်ခဲ့ရတယ်။ အကြောင်းအရင်းတစ်ခု (ရှေ့တွင်ပျံသန်းလာသော ဌက်များ) ကြောင့် လေယာဉ် Engines 2 လုံးစလုံးပျက်စီးခဲ့သည်။ ဒါဟာ အကြောင်းအရင်း။ ထို့ကြောင့် အရေးပေါ်အနေနဲ့မြစ်ပေါ်မှာ လေယာဉ်ကို ဆင်းလိုက်ရတယ်။ ဒါဟာအကျိုးဆက်တစ်ခု။ မှားယွင်းသည် မှန်ကန်သည်ကို ဝေဖန်ခွင့်ရှိသည်။ ရလာဒ်တစ်ခုကတော့ လေယာဉ်ပေါ်တွင်ပါဝင်လိုက်ပါစီးနင်းလာသော လူပေါင်း 155 ယောက်စလုံး အသက်ဘေးအန္တရာယ်မှ ကင်းဝေးခဲ့ကြသည်။ ဒီနေရာတွင် အဆိုးမြင်တဲ့သူတွေသည် လေယာဉ်ကို မြစ်ပေါ်ဆင်းတဲ့ဆိုတဲ့ အကျိူးဆက်ကို ကြည့်ကြတယ်။ (ဒါဟာ သမိုင်းမှာ ပထမဆုံးဖြစ်ရပ်။ မည်သူတစ်ဦးတစ်ယောက်ကမှ အတိတ်တွင်ယခုကဲ့သို့အရေးပေါ်ဆင်းသက်ခြင်း အတွေ့အကြုံမရှိခဲ့။)ဒါပေမဲ့ အကောင်းမြင်တဲ့သူတွေကတော့ ထိုလေယာဉ်ဘယ်မှာ ဆင်းဆင်းသူတို့အတွက် အရေးမကြီး။ ပါဝင်သော လူတိုင်း အသက်ရှင်ခဲ့သည်။ ဒါဟာ ကောင်းတဲ့အချက်ပဲ။ သင်ဆိုရင်ရော အကျိုးဆက်ကို ကြည့်ပြီးဝေဖန်မလား။ ရလာဒ်ကို ကြည့်ပြီး ချီးမွမ်းမလား။ အဆိုးမြင်တတ်တဲ့သူတွေဟာ မည်သည့်အရာကိုမဆို အဆိုးမြင်တဲ့အမြင်ကနေပဲ ကြည့်နေတတ်ကြတာ လူ့လောကရဲ့သဘာဝ မဟုတ်ပေပဲလား။

အဲ့ဒီ့တော့ ယခု Sully ကို အပြစ်တင်ဝေဖန်ကြတဲ့ NTSB (National Transportation Safety Board) ကို ကျွန်တော်တို့က လွယ်လွယ်လေးနဲ့လည်း အပြစ်ပြန်တင်လို့မရဘူးလို့ကျွန်တော်ထင်မိတယ်။ သူတို့စွပ်စွဲချက်ဟာ မှားယွင်းပေမဲ့ လုပ်ဆောင်ချက်ကတော့ မှန်ကန်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိုပါ လေယာဉ်မှုးဟာ မည်ကဲ့သို့အချက်ကြောင့်ယခုကဲ့သို့လုပ်ဆောင်ခဲ့သည်ဆိုတာကို အကြောင်းအရင်းမှန်ကို သိမှ ဖြစ်မှာလေ။ Psychology မူမမှန်တဲ့ ဖောက်ပြန်နေတဲ့ လေယာဉ်မှုးတစ်ယောက်ဟာ သူလုပ်ချင်သလို စွန့်စားချင်သလို စွန့်စားမှာပေါ။ ခပ်ဝေးဝေးမကြည့်ပါနဲ့။ ဟိုတလောက Germany ပျက်ကျသွားတဲ့ Germanwings Flight 9525 က သက်သေထူနေပြန်ပါတယ်။ မိမိကိုယ်ကို မိမိသတ်သေချင်နေတဲ့ လေယာဉ်မှုူတစ်ယောက်ဟာ သူ့ကိုယ်သူ သတ်သေဖို့သူမောင်းတဲ့ လေယာဉ်ကို ပြင်သစ်ပိုင်နက်အတွင်းက တောင်တန်းတွေတစ်နေရာမှာ ထိုးဆင်းပျက်ကျစေခဲ့တယ်။ အကြောင်းတရားသည် သူ့ရဲ့မူမမှန်စိတ်ဖြစ်ပြီး အကျိုးတရားကတော့ လေယာဉ်ဟာ ပျက်ကျခဲ့တယ်။ ရလာဒ်ကတော့ လေယာဉ်ပေါ်မှာလိုက်ပါစီးနင်းလာတဲ့ လူသားတိုင်း သေကြေပျက်စီးခဲ့ကြရတယ်။ အလွန်ဝမ်းနည်းဖို့ကောင်းပါတယ်။ အဆိုပါဖြစ်ရပ်မျိုးတွေ ဖြစ်ပျက်ခြင်းကို အာဏာပိုင်အသီးသီးက ဟန့်တားပြင်ဆင်နေကြပေမဲ့ မရေရာတဲ့ လူ့တွေရဲ့ စိတ်ကြောင့် အလားတူဖြစ်ရပ်တွေ ထပ်မဖြစ်ပါစေနဲ့လို့ဆုတောင်းလိုက်ပါတယ်။


ဒီဇာတ်ကားမှာ ကျွန်တော်နောက်ထပ် သတိထားမိတဲ့အချက်ကလေးတစ်ခုက လူသားတွေဟာ မိမိရဲ့အသက်ပင်မက တစ်ခြားသူတွေရဲ့အသက်တွေကိုပါ မည်မျှတန်ဖိုး ထားတတ်ကြသလဲဆိုတာပဲ။ ထို့အပြင် ဒီလူတွေအကုန်အသက်ရှင်ဖို့လေယာဉ်မှုးနှစ်ယောက်ရဲ့အားကြိုးမာန်တက် ကြိုးပမ်းပုံတွေ၊ မိမိရဲ့ခြေထောက်မှာ ဒဏ်ရာရရှိထားတာကိုမမူအားပဲ တစ်ခြားသူတွေရဲ့အသက်ကို ရှေ့တန်းတင် ကူညီကယ်ဆယ်ပေးနေတဲ့ လေယာဉ်မယ်တွေရော ထိုသတင်းကို ကြားကြားခြင်း ကူညီဖို့အပြေးအလွှားရောက်လာကြတဲ့ ဌာနပေါင်းစုံက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရောကို ကြည့်လိုက်ပါ။ အရမ်းလေးစားဖို့ကောင်းပါတယ်။ ဒီလို လူတွေက ဒီလိုလူသားတွေရဲ့အသက်တွေကို ကယ်တင်နေတဲ့အချိန်မှာ… စဉ်းစားကြည့်လိုက်ရအောင်.. ယနေ့ရန်ကုန်တွင် ရာဇဝတ်မှုတွေ များပြားသထက် များပြားလာတာ လူတွေအသိပါ။ ထို့အပြင် အနယ်နယ်အရပ်ရပ်တွင် သမီးရည်းစားတွေ ဘာတွေကြောင့်မှန်းမသိ ဓားထိုးမှုတွေ သတ်ဖြတ်မှုတွေ .. အို .. စုံလို့ပါပဲဗျာ။ ဒီအဆိုပါ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြတဲ့ ယောကျ်ားမိန်းမတွေသာ ကျွန်တော်စောစောက ပြောခဲ့တဲ့လူသားတွေလို လူသားတွေရဲ့အသက်ကို တန်ဖိုးထားတတ်ကြမယ်ဆိုရင်တော့ ဗျာ ….

"Everything is unprecedented until it happens for the first time."

IMDb Rating: 7.9/10
Rotten Tomatoes Rating: 82%

~WH~

WH
WH
4 min read