Swallow

Swallow

ရုပ်ရှင်တွေကပေးတဲ့ ရသတွေ ထဲမှာ စိတ်လှုပ်ရှားခြင်းတို့၊ ပျော်ရွှင်ကြည်နူးခြင်းတို့၊ ကြောက်ရွံ့ထိတ်လန့်ခြင်းတို့၊ ဝမ်းနည်းကြေကွဲခြင်းတို့ အစရှိတဲ့ ခံစားချက်တွေ ကျွန်တော်တို့ ခံစားဖူးတယ်။ ဒါပေမဲ့ ဒီ Swallow ရုပ်ရှင်ကို ကြည့်နေရင်း ခံစားရတဲ့ အရာကတစ်မျိုးဗျ။ physically အထိပေးနိုင်တဲ့ ရုပ်ရှင်မျိုး။ physically အထိ ခံစားစေတဲ့ ရုပ်ရှင်ဆိုတာထက် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေအထိ ခံစားရစေတာမျိုး။ ဒီရုပ်ရှင်ကြည့်နေရင်းနဲ့ လည်ချောင်းထဲမှာ အစူးစူးသွားတာမျိုးတို့၊ အပ်နဲ့ စူးပြီး တစ်နေတာမျိုးတို့တွေ ခံစားခဲ့ရတယ်။ ငါးအရိုးစူးဖူးကြတယ် မဟုတ်လား။ အဲ့အတိုင်းပဲ။ ဒီရုပ်ရှင်ကြည့်နေရင်းနဲ့ ဘာမှမစားပဲနဲ့ ငါးအရိုးစူးတာမျိုးလို့ ခံစားလာရတာ။ ရုပ်ရှင်ကြည့်နေရင်းနဲ့လည်း မကြာခဏ ရေသွားသောက်ခဲ့ရတယ်။ .

ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာကြွယ်ဝတဲ့ ခင်ပွန်းတစ်ယောက်ကို အိမ်ထောင်ပြုမိသွားခဲ့တဲ့ Hunter လို့ အမည်ရတဲ့ သာမာန်မိန်းကလေးတစ်ယောက်ရဲ့ နေ့စဉ်ဘဝနဲ့ သူမရဲ့စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာရခြင်းအကြောင်းကို တင်ပြထားတယ်။ ခင်ပွန်းက မနက်ဆိုအလုပ်သွားရင် သူတစ်ယောက်ပဲ အိမ်ကြီးထဲမှာ ကျန်ရစ်ခဲ့တယ်။ တစ်နေ့တစ်နေ့လည်း ဘာမှတော့ ထွေထွေထူးထူးလုပ်စရာ မရှိဘူး။ ပန်းပင်လေးတွေ သွားစိုက်လိုက်၊ ရေကူးကန်ကို သန့်ရှင်းရေးလုပ်လိုက်၊ phone က games လေးတွေကို ထိုင်ကစားလိုက်၊ ခင်ပွန်းပြန်ရောက်ခါနီးဆို ဟင်းလေးတွေ ချက်ထားလိုက်နဲ့ အချိန်တွေ ဖြတ်သန်းရတယ်။ .

ဇာတ်လမ်းတင်ပြပုံအရဆိုရင် ဒီအမျ်ိုးသမီး ဇာတ်ကောင်မှာ ဘဝရည်မှန်းချက်တို့၊ ဖြစ်ချင်တဲ့အရာတို့၊ ဝါသနာတို့ ရှိဟန်တော့ မတွေ့ရဘူး။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ရေကူးကန်ဘေးနားမှာ ပန်းလေးတွေစိုက်ချင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဒါကလည်း ရည်မှန်းချက်ဆိုပြီး ကြီးကြီးမားမားထဲ သွားထည့်လို့မရဘူး။ သူမရဲ့ လက်ရှိစိတ်ဆန္ဒ အလျှောက် ဖြစ်ချင်တဲ့ အရာကိုပြောပြနေတာ။ ဒီမှာတင် ကျွန်တော်တို့ သူမရဲ့ ဘဝကို စမြင်လာရပြီ။ သူမရဲ့ဘဝမှာ သူမကိုယ်တိုင် ချယ်လှယ်လို့ရတာတို့၊ စိတ်ကြိုက်လုပ်လို့ရတဲ့ အရာတို့ ဘာတို့ဆိုတာ ဘာတစ်ခုမှ ရှိမနေဘူး။ သူမခင်ပွန်းရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ သူမရှိနေရတယ်။ သူမရဲ့ အောက်မှာဆိုလို့ သူမကိုင်ပြီး ကစားနေတဲ့ လက်ကိုင်ဖုန်းတို့၊ တစ်ခါတစ်ရံပေါင်းသင်နေတုန်း ထိမိကိုင်မိခဲ့တဲ့ ပန်းပင်အချို့လာက်ပဲရှိတယ်။ ဒါပေမဲ့ လူသားဆိုတာလည်း သူအားရကျေနပ်မှု ဖြစ်စေတဲ့အရာတစ်ခုခုကို မသိစိတ်က အမြဲရှာဖွေနေတတ်တာပဲလေ။.

သူမအတွက်တော့ ထိုအကျင့်ကပဲ သူမကို စတင်တွေ့ရှိခဲ့တာလား၊ သူမကပဲ ထိုအကျင့်ကိုစတင်တွေ့ရှိခဲ့တာလားတော့ မသိဘူး။ သူမကိုယ်ဝန်စရှိပြီဆိုတဲ့အချိန်ကစပြီး သူမပြောင်းလဲလာတော့တယ်။ ထိုပြောင်းလဲမှုဟာ သာမာန်မဟုတ်တဲ့ အကျင့်တစ်ခု သူမရရှိသွားခြင်းပဲ။ ထိုအကျင့်ဟာ နောင်တစ်ချိန် သူမဘဝအတွက်ပါ ကြီးမားတဲ့ အနှောက်အယှက်တွေ ပေးလာတော့မယ်ဆိုတဲ့ နိမိတ်တွေကို ကျွန်တော်တို့ စတင်မြင်လာရပါတော့တယ်။ ထိုအကျင့်က ဘာအကျင့်လဲဆိုတော့ သံထည်ပစ္စည်းအသေးအမွှားလေးတို့၊ ဖန်ဂေါ်လီလုံးတို့၊ အပ်တို့ကို ခံတွင်းထဲကနေ ဗိုက်ထဲကို မျိုချတတ်တဲ့ အကျင့်ပဲ။ ထိုအရာဝတ္ထုပစ္စည်းတွေကို လျှာခါးတွင်းထဲမှာတော့ အရသာကို ခံစားပြီး ဝါးစားလို့ မရတဲ့အတွက် မျိုချတဲ့ အကျင့်တစ်ခု။ (ထိုရောဂါကို Pica လို့ အနောက်တိုင်းက ခေါ်ကြတယ်။).ဇာတ်ကားက Body Horror လို့လည်း ပြောလို့ရပေမဲ့ body horror guru ကြီး David Cronenberg ရဲ့ body horror မျိုးတော့မဟုတ်ဘူး။ Cronenberg ရဲ့ body horror နဲ့ လုံးဝဆန့်ကျင်ဘက်။ အမှန်တော့ Body horror ဆိုတာထက် horror of the body ဆိုရင်ပိုမှန်လိ့မ်မယ်။ သူမခန္ဓာကိုယ်ရဲ့ ဖောက်ပြန်လာတဲ့ သွေးသားကြောင့် ဖြစ်လာရတဲ့ ခြောက်ခြားမှုတွေပဲ။.

ကြည့်နေရင်းနဲ့ ဒီဇာတ်ကားကို pregnancy themed movies တွေထဲတောင် ထည့်ချင်လာမိတယ်။ ဥပမာ Rosemary’s Baby တို့လိုမျိုးပေါ့။ ဇာတ်ကောင်ရဲ့ ပြောင်းလဲလာတဲ့ အရာကို ကြည့်ပြီး ကောက်ချက်ချမိတာတွေက ကျွန်တော်တို့ မြန်မာတွေပြောသလို ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ မိခင်အများစုဖြစ်တတ်တဲ့ ချဉ်ခြင်းတတ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောလို့ရတယ်။ ဇာတ်လမ်းထဲမှာ သူမကိုယ်ဝန်စလွယ်တဲ့အချိန်ကစပြီး သူမအခုလို ပြောင်းလဲလာခဲ့တာကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်ဝန်လွယ်ထားရခြင်းကြောင့်ပဲ သပ်သပ်တော့ မဟုတ်ခဲ့ဘူး။.

အခုလိုသွေးသားတောင်းဆိုမှုကြောင့်လည်း ဖြစ်နိုင်သလို အဓိကအကြောင်းအရာကတော့ ကျွန်တော်စောစောက ပြောခဲ့သလို ဘဝမှာ မိမိရဲ့ အရေးမပါမှုကို သိပြီး ခံစားနေရတဲ့ လူသားတွေရဲ့ မိမိရဲ့ အရေးပါမှုတို့၊ မိမိကိုယ်တိုင် control လုပ်နိူင်တဲ့ အရာတို့ကို ရှာဖွေတတ်တဲ့ စိတ်ဝေဒနာကြောင့်လည်း ဖြစ်နိုင်တယ်။ သူတို့က မိမိကိုယ်ကို မိမိမပိုင်ဘူးလို့ ခံစားနေရတဲ့ သူတွေ။ အဓိကဇာတ်ကောင်က သူမျိုချခဲ့တဲ့ ပစ္စည်းကို အိမ်သာခွက်ထဲကနေ ပြန်ယူ၊ ရေနဲ့ သေချာဆေးပြီး တယုတယပြန်သိမ်းထားလိုက်တဲ့ ဇာတ်ဝင်ခန်းနဲ့တင် ဇာတ်ကောင်ရဲ့ အားရကျေနပ်မှုကို အထင်းသားတွေ့မြင်ခဲ့ရတယ်။ .

ဇာတ်လမ်းရဲ့ တစ်နေရာမှာ ဇာတ်ကောင်အသစ်တစ်ယောက်နဲ့ ပရိသတ်ကို မိတ်ဆက်ပေးတယ်။ ကျွန်တော်တို့ လူသားတွေက ကိုယ်တွေရဲ့ အတွင်းစိတ်ထဲမှာတော့ ဘုရားသခင်တွေချည်းပဲ။ ကိုယ့်ကိုကိုယ်လည်း အစွမ်းအစတွေ ရှိနေတယ်လို့ ယုံကြည်တတ်ကြတယ်။ ဒါဟာ ကိုယ့်စိတ်က ကိုယ့်ကိုလှည့်စားခြင်းပဲ။ ဖြစ်ချင်တော့ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကိုနှိမ်ပြီး ဆက်ဆံတတ်ကြရင် ကိုယ့်ရဲ့ အရေးအရာပါမှု၊ ကိုယ့်ရဲ့ အာဏာတွေ၊ အစွမ်းတွေကို ပြချင်လာကြတယ်။ ဒီမှာတင် ကျွန်တော်တို့တွေ အခွင့်အရေးလေးရလိုက်တာနဲ့ အမှားတွေကို လုပ်မိလာကြတော့တယ်။ တစ်ချို့က ကိုယ့်ပတ်ဝန်းကျင်ကို အပြစ်ပြောချင်ကြတယ်။ ကျွန်တော်ကတော့ ထိုအရာတွေဟာ ကျွန်တော်တို့ အတွင်းစိတ်က ကျွန်တော်တို့ကိုလှည့်စားမှုတွေကြောင့်လို့ပဲလို့ မြင်မိတယ်။ .ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းအချို့မှာ အမှားတစ်ချို့ကို ကျွန်တော်တွေ့ခဲ့ရပေမဲ့ တင်ပြတဲ့ဇာတ်လမ်းအကြောင်းအရာရဲ့ ထူးဆန်းမှုတွေကြောင့်နဲ့ မင်းသမီး Haley Bennett ရဲ့အစွမ်းတွေကြောင့် ထိုအမှားတွေကို လျစ်လျှူရှုပေးခဲ့တယ်။ Haley Bennett က တစ်ချို့ မင်းသမီးတွေလို နာမည်ကျော်ဆိုတဲ့ လမ်းကြောင်းပေါ်ကို မနည်းတက်နေရတဲ့ မင်းသမီးတစ်ယောက်။ အမှန်တော့ Haley Bennett က ဒီ့ထက်ပိုအောင်မြင်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ သူမကို စသတိထားမိတာက The Equalizer (2014) ကားထဲမှာ။ အရင်က Music & Lyrics (2007) တို့ The Hole (2009) တို့မှာ ပါဖူးပေမဲ့ သူမကို သတိမထားမိခဲ့ဘူး။ နောက်ပိုင်းမှာတော့ သူမကို ဇာတ်ပို့အရံအနေနဲ့ ဇာတ်ကားတစ်ချို့မှာတော့ မကြာမကြာတွေ့ရတတ်ပါတယ်။ အခုဇာတ်ကားကတော့ သူမရဲ့ လုပ်ပိုင်ခွင့်တွေ အများဆုံးရရှိခဲ့တဲ့ ဇာတ်ကားလို့ ပြောလို့ရသလို ရခဲ့တဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း အကောင်းဆုံး အသုံးပြုသွားနိုင်ခဲ့တယ်။ သူမအတွက် နောက်ထပ်လည်း အခုလိုဇာတ်လမ်းကောင်းတွေမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ထပ်မြင်ချင်သေးတယ်။ .

အမှန်အတိုင်းဝန်ခံရရင် ဒီဇာတ်ကားအကြောင်းမသိခင်ကအထိ ထိုစိတ်ဝေဒနာရှင်တွေရှိတယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး။ ဒီရုပ်ရှင်ကြည့်ပြီးမှ internet မှာ ထိုရောဂါအကြောင်းဖတ်မိတော့မှ ထိုလိုလူတွေ အပြင်မှာ တကယ်ရှိတယ်ဆိုတာ သိလာရတယ်။ တကယ်သိလိုက်ရတော့လည်း သိပ်တော့ထူးဆန်းတယ်လို့ မထင်ရတော့ပဲ ထိုအမူအကျင့်ကို လက်ခံနိုင်လာတယ်။ သွေးသားကြောင့်ဆိုရင်တော့ ဒါဟာ စိတ်ဝေဒနာလို့ အပြည့်အဝ မယူဆသင့်ဘူးလို့တော့ထင်တယ်။ ဆရာဝန်တွေကတော့ ခန္ဓာကိုယ်တွင်းက သတ္တုဓာတ်တွေ နည်းပါးပြီး မလုံလောက်ခြင်း၊ အထူးသဖြင့် သံဓာတ်မလုံလောက်ခြင်းတို့ကြောင့် (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေလို့ သတ်မှတ်ကြတယ််။ ကုသမှုတွေကလည်း symptoms နဲ့ ဖြစ်ပျက်တဲ့ အကြောင်းအရာတွေပေါ်မူတည်ပြီး ကွဲပြားကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့နယ်ပယ်နဲ့ အလှမ်းဝေးတာကြောင့် ဒီလောက်ပဲ ပြောနိုင်ပါတယ်။ .

ရုပ်ရှင်ဇာတ်ကားတစ်ကားကြည့်နေရင်းနဲ့ ကိုယ်ရောစိတ်ပါ မသက်မသာဖြစ်ရတာကို နှစ်သက်တဲ့သူတွေအတွက်တော့ Swallow ကိုသဘောကျမိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ချုပ်ခြယ်တဲ့ ခင်ပွန်းတို့၊ မိမိရဲ့ လွတ်မြောက်ရာကို ရှာဖွေနေတဲ့ ဇနီးအကြောင်းတို့ အကြောင်း တင်ပြထားတော့ ဒီနှစ်အစောပိုင်းက ထွက်ခဲ့တဲ့ The Invisible Man နဲ့ ကိုတောင် သတိရမိသွားတယ်။ The Invisible Man နဲ့ အခု Swallow ကွာခြားချက်က The Invisible Man က character ဘေးက atmosphere ကို ဗဟိုထား တင်ပြထားပြီး အခု Swallow ကတော့ character ရဲ့ အတွင်းကို ဗဟိုထားပြီး တင်ပြထားတာပဲ။ အခု Swallow ထဲက Hunter အတွက်တော့ သူမ မျိုချခဲ့တဲ့ အရာဝတ္ထုပစ္စည်းတိုင်းဟာ သူမဘဝမှာ လစ်ဟင်းနေတဲ့ လွတ်လပ်ခွင့်တွေပဲ။ ဒီပစ္စည်းတွေဟာ သူမရဲ့ ရွေးချယ်မှုတွေနဲ့ သူမရဲ့ လွတ်လပ်ခွင့်တွေဆိုတာ နောက်ဆုံးတော့ သူမနဲ့ အတူ ကျွန်တော်သိလိုက်ရတော့တယ်။ .

- Rotten Tomatoes: 88%

~WH~

WH
WH
3 min read