The Age of Innocence [1993]

The Age of Innocence [1993]

*Spoilers များ ပါဝင်သည်။


Martin Scorsese လို့ပြောလိုက်တာနဲ့ရုပ်ရှင်ချစ်သူတွေရဲ့အတွေးတွေထဲ စဝင်လာတာက Gangsters ရုပ်ရှင်တွေ၊ Violence တွေအသားပေးရိုက်တဲ့ Director ကြီးဆိုတဲ့ အပေါ်ယံအတွေးပဲ။ ဒါကြောင့်လည်း Martin Scorsese ရဲ့ Career ကိုသုံးသပ်ကြည့်မယ်ဆိုရင် Historical dramas ရုပ်ရှင်ဇာတ်ကားတွေဟာ အောင်မြင်မှုအလွန်နည်းပါးခဲ့တယ်လို့ပြောနိုင်တယ်။ ခပ်ဝေးဝေး မကြည့်နဲ့။ 2016 တုန်းကထွက်ခဲ့တဲ့ Silence ကို ကြည့်ရင်တောင် သိနိုင်တယ်။ Silence (2016) က သူ့အရှေ့က အောင်မြင်ခဲ့တဲ့ The Departed (2016) တို့၊ Wolf of Wall Street (2013) တို့လောက်ထိ ပရိသတ်ရဲ့အရေးပေးမှု မခံခဲ့ရဘူး။ Gangs of New York ဆိုလည်း ထုံးစံအတိုင်းပဲ။ ခပ်ဝေးဝေးလှမ်းကြည့်မယ်ဆိုရင် The Last Temptation of Christ (1988) တို့လည်း ထိုနည်း၎င်းပဲ။ ထိုနှစ်တွေကြားထဲမှာ Scorsese ရဲ့Historical Period Drama ဆန်ဆန်တစ်ကား 1993 ခုနှစ်လောက်မှာ ထွက်ခဲ့တယ်။ Goodfellas (1990) လိုဇာတ်ကားမျိုးကြည့်ချင်ခဲ့ကြတဲ့ ထိုတုန်းက ပရိသတ်တွေရဲ့ကြားထဲမှာလည်း မေ့ပျောက်ဖွယ် ဇာတ်ကားလေးတစ်ကားအဖြစ်နဲ့ပဲ ကျန်ရစ်ခဲ့တယ်။ ထိုဇာတ်ကားလေး အမည်ကတော့ The Age of Innocence တဲ့။ ဒါပေမဲ့ ဟာ Director Luchino Visconti ရဲ့The Leopard (1963) တို့Stanley Kubrick ရဲ့Barry Lyndon (1975) တို့လိုဇာတ်ကားမျိုး သူ့တစ်သက်မှာ ရိုက်ချင်ခဲ့တယ်ဆိုတာ တစ်ချို့ရုပ်ရှင်ချစ်သူတွေကတော့ သိကြပါလိမ့်မယ်။ ယခု The Age of Innocence မှာ Scorsese တစ်ယောက် သူတစ်သက်မှာ ဖန်တီးချင်ခဲ့တဲ့ အနုပညာတစ်ခုကို အသေးစိပ်နဲ့လေးလေးနက်နက် ဖန်တီးနိင်ခဲ့တာကို တွေ့ခဲ့ရတယ်။ ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားတော့ ဖြစ်ချင်မှ ဖြစ်ခဲ့မယ်။ ဒါပေမဲ့ သူ့တစ်သက်မှာတော့ သူအားအရဆုံး ဇာတ်ကားတစ်ကား ဖြစ်ခဲ့မယ်လို့တော့ ကျွန်တော်ယုံကြည်မိတယ်။

The Age of Innocence ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းကို 1870s ကျော်နှစ်များရဲ့New York မြို့ပေါ်က လူကုံထံအသိုင်းအဝိုင်းအဖွဲ့အစည်းတွေကြားထဲက လူ ၃ ယောက်အပေါ်မှာ တည်ခင်းပြသထားတယ်။
တောက်ပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်ရှေ့နေတစ်ဦးဖြစ်သူ Newland Archer သည် သူတို့လူကုံထံအသိုင်းအဝိုင်းထဲက မိန်းမလှလေးတစ်ဦးဖြစ်တဲ့ May Welland နဲ့မကြာခင်မှာ လက်ထပ်တော့မှာ ဖြစ်တယ်။ Newland ဟာ အောင်မြင်တဲ့လူငယ်တစ်ဦးဖြစ်သလို May ကလည်း လှပတဲ့အပြုံးတွေနဲ့နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမလှလေးတစ်ဦး ဖြစ်တယ်။ သူတို့နှစ်ဦးကို ထိုအသိုင်းအဝိုင်းထဲမှာ လက်မခံတဲ့သူ တစ်ယောက်မှ မရှိခဲ့ကြဘူး။ May ရဲ့အစ်မတစ်ဝမ်းကွဲတော်စပ်သူ Countess Ellen Olenska ဆိုသော ပိုလန်နယ်စားကတော်တစ်ယောက် အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့် New York မြို့ကို ပြန်ရောက်ရှိလာတယ်။ ကောလဟာလတွေနဲ့ပတ်ဝန်းကျင်မှာတော့ Ellen ကို မကောင်းတဲ့အမျိုးသမီးတစ်ယောက်လို မြင်ကြ၊ ပြောကြ၊ မသိမသာဆက်ဆံကြတယ်။ ထိုအသိုင်းအဝိုင်းထဲမှာ Ellen ဘက်က ရပ်တည်ပေးတဲ့သူဆိုလို့Newland တစ်ယောက်ပဲ ရှိခဲ့တယ်။ ဒီလိုနဲ့Newland ဟာ သူနဲ့May တို့နှစ်ယောက်ရဲ့လက်ထပ်ပွဲကို သတ်မှတ်ထားတဲ့ အချိန်ထက် ပိုစောလုပ်ဖို့ May ကို တိုက်တွန်းတော့တယ်။ May ကလည်း ရိပ်မိခဲ့ဟန်နဲ့တူတယ်။ Newland တစ်ယောက် သူ့စိတ်ကို သူ မသေချာတော့လို့မင်္ဂလာပွဲကို ရှေ့တိုးနေတာလားလို့မေးခဲ့တဲ့အခါ …

ဇာတ်ကား ရိုက်ကူးတင်ပြဟန်များ

ဇာတ်လမ်းထဲမှာ Newland ဟာ မိန်းမတစ်ယောက်ကို ချစ်ခဲ့ပြီး တစ်ခြားမိန်းမတစ်ယောက်ကို လက်ထပ်ခဲ့ရတယ်။ ဖန်တီးဖြစ်ပျက်လာတဲ့ အကြောင်းပြချက်ကတော့ သူ့အတွက် လုပ်သင့်တာကို လုပ်ခဲ့ခြင်းကြောင့်ပဲ။ ပိုပြီး အတိအကျပြောရမယ်ဆိုရင်တော့ ထိုခေတ်အခါက ထိုအသိုင်းအဝိုင်းတွေကြားထဲက လူသားတွေရဲ့အတွေးအခေါ် လက်ခံမှုတွေကြောင့်ပဲ။ ဇာတ်ကားတစ်ကားလုံးကို ဇာတ်ကြောင်းပြောခြင်းဆိုတဲ့ Narration နဲ့ပြသသွားပြီး ထို Narrations တွေရဲ့အဆိုအရ Newland ဟာ သူ့ကမ္ဘာမှာ သူပိတ်မိနေတဲ့ ယောကျ်ားတစ်ယောက် ဖြစ်ခဲ့တယ်လို့ဆိုနိုင်တယ်။ သူပိတ်မိနေခဲ့တဲ့ ထိုကမ္ဘာက လူသားတွေဟာ ဟန်ဆောင်မှုတွေနဲ့အပေါ်ယံတန်ဆာတွေနဲ့ပြောဆို ဆက်ဆံကြတယ်။ တစ်ကယ် စစ်မှန်တဲ့အကြောင်းအရာတွေကို ဘယ်တော့မှ မပြောကြဘူး၊ ဘယ်တော့မှလည်း မလုပ်ကြသလို ဘယ်တော့မှလည်း စိတ်ကူးထဲတောင် ထည့်မတွေးခဲ့ကြဘူး။


ယခုဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Director Martin Scorsese က သူထိုဝတ္ထုကို ဖတ်ခဲ့စဉ်က သူ့အတွေးတွေထဲမှာ စွဲကပ်ကျန်ရစ်နေခဲ့တဲ့ အရာတစ်ခုက လူသားတွေရဲ့ယဉ်ကျေးပြူဌာတဲ့ အမူအကျင့်တွေနောက်မှာ ကွယ်ဝှက်ထားတဲ့ ယုတ်မာရက်စက်မှုတွေပဲတဲ့။ ထိုအသိုင်းအဝိုင်းထဲက လူသားတွေဟာ သူတို့ရဲ့ကြမ်းကြုတ်မှုတွေကို ချိုမြိန်တဲ့စကားလုံးလေးတွေနဲ့ဖုံးကွယ်ထားကြတယ်။

ကျွန်တော်တို့တွေ ယခုဇာတ်ကားရဲ့မူရင်းဝတ္ထုကို ဆက်လက်လေ့လာကြည့်ကြရအောင်။ မူရင်းဝတ္ထုကတော့ စာရေးဆရာမကြီး Edith Wharton ရေးသားခဲ့တဲ့ The Age of Innocence ဆိုတဲ့စာအုပ်ပါ။ ယခုစာအုပ်ကို 1920 ပြည့်နှစ်ကထုတ်ဝေခဲ့ပြီး ထိုစာအုပ်နဲ့ပဲ ပူလစ်ဇာဆုကို ရရှိခဲ့တယ်။ သူမရဲ့အအောင်မြင်ဆုံးစာအုပ်လို့လဲ ပြောလို့ရတယ်။ မူရင်းစာအုပ်ကိုတော့ ကျွန်တော်မဖတ်ဖူးပေမဲ့ တစ်ချို့ဝေဖန်ရေးဆရာတွေရဲ့အဆိုအရဆိုရင် စာအုပ်ရဲ့ဇာတ်လမ်းအသွားဟာ ရုပ်ရှင်လောက် အချစ်ရေးဘက်ကို စောင်းမပြထားပဲ ထိုခေတ်က လူကုံထံအသိုင်းအဝိုင်းတွေရဲ့အမူအကျင့်တွေ၊ ယိုယွင်းပျက်စီးနေတဲ့ အတွေးအခေါ်တွေကို လှောင်ပြောင်ဟန်ဖော်ပြထားတဲ့ Hard-edged Satire တစ်အုပ်လို့သိခဲ့ရတယ်။ အမှန်တော့ သူမစာအုပ်ထဲက အသိုင်းအဝိုင်းတွေဟာ 1870s ကျော်ခန့်ကဆိုတော့ သူမရေးသားထုတ်ဝေခဲ့တဲ့ 1920 မှာတော့ အလွန်နည်းပါးသွားလှပြီလို့တော့ ထင်မိတယ်။ အမှန်တော့ စာပေသုံးသပ်သူတစ်ချို့ရဲ့အဆိုရဆိုရင် Edith Wharton ဟာ သူမငယ်စဉ်က ကျင်လည်ကြီးပြင်းခဲ့တဲ့ အသိုင်းအဝိုင်းတွေကို အခြေခံရေးဖွဲ့ထားတာလို့ဆိုကြတယ်။

Edith Wharton


ဇာတ်ညွှန်းရေးသားနေဆဲအချိန်တုန်းက Director Martin Scorsese နဲ့ပူးတွဲဇာတ်ညွှန်းရေးဆရာ Jay Cocks တို့ဟာ စာရေးဆရာမကြီး Edith Wharton ရဲ့ဆွေမျိုးတော်စပ်သူတစ်ယောက်ကို သွားတွေ့ခဲ့ပြီး Edith Wharton ရဲ့ငယ်စဉ်က ရှေးရိုးစွဲအယူတွေကို ဆန့်ကျင်တော်လှန်တတ်ခဲ့တဲ့ အကြောင်းအရာတွေကို မေးမြန်းခဲ့တယ်။ Edith Wharton ဟာလည်း သူမငယ်စဉ်က ကြီးပြင်းခဲ့တဲ့ ထိုအသိုင်းအဝိုင်းကြီးထဲကနေ ရုန်းထွက်ခဲ့ပြီး ဥရောပမှာ သွားရောက်နေထိုင်ခဲ့တယ်။ ယခု The Age of Innocence စာအုပ်ကို ထုတ်တော့ သူမအသက်ဟာ 58 နှစ်ဖြစ်နေခဲ့ပြီ။ စာအုပ်ဟာ ဂုဏ်တွေ၊ အသိုင်းအဝိုင်းတွေကြောင့် Newland နဲ့Ellen တို့ရဲ့ရွေးချယ်ခွင့်မရှိခဲ့တဲ့ ဘဝနှစ်ခုကို ထင်ဟပ်ပြသသွားနိုင်ခဲ့တယ်။

မိမိအမြင်နှင့် ခံစား သုံးသပ်ချက်များ

Newland တစ်ယောက် May ကို သတ်မှတ်ထားတဲ့ ရက်ထက် စောပြီး မင်္ဂလာပွဲကျင်းပဖို့တောင်းဆိုခဲ့တဲ့အပေါ် May ရဲ့အမြင်ဟာ မသိမသာလေး မှန်ကန်နေခဲ့တယ်။ Newland တစ်ယောက် ထိုအချိန်ကတည်းက Ellen အပေါ်ရှိနေတဲ့ သူ့တပ်မက်စိတ်ရဲ့အန္တရယ်အတိမ်အနက်ကို သူသိနေခဲ့လို့ပဲ။ Newland ရဲ့Ellen အပေါ်ရှိတဲ့ တပ်မက်စိတ်ဟာ ရုပ်ခန္ဓာအလှတရားတွင်သာမက Ellen ရဲ့လောကကြီးအပေါ် ရှုမြင်တဲ့ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အရသာတွေကို အဓိက စိတ်ဝင်စားတပ်မက်ပြီး ခုံမင်လာတဲ့ အချစ်မျိုးပဲ။ ဥရောပမှာ သူမနေထိုင်ခဲ့စဉ်က သူမပေါင်းသင်းခဲ့တဲ့ မိတ်ဆွေတွေဟာ အနုပညာသမားတွေ၊ စာရေးဆရာတွေ။ Newland အတွက်ကတော့ ဒီ New York မှာ သူအဖော်ပြုစရာဆိုလို့မရေမတွက်နိုင်တဲ့ ခပ်ထူထူစာအုပ်ကြီးတွေ အဆုံးအစမရှိ စီရီထားတဲ့ စာကြည့်တိုက်တွေပဲ ရှိလိမ့်မယ်။ Newland ဟာ သူ့ရဲ့အတွင်းစိတ်ထဲက အတွေးအခေါ်တွေ၊ အယူအဆတွေကို ဖွင့်မပြောရဲတဲ့၊ ဖွင့်မပြောနိုင်တဲ့ နေရာတစ်ခုမှာ ပိတ်မိနေခဲ့တယ်။ သူ့ရဲ့အနုပညာဆန်တဲ့ စိတ်တွေ၊ အတွေးအခေါ်တွေကို မျှဝေခံစားပေးမဲ့သူဆိုလို့သူ့အနားမှာ တစ်ယောက်မှ မရှိခဲ့ဘူး။ ဒီလိုအချိန်မျိုးမှာ ရဲရင့်တဲ့ အတွေးအခေါ်တွေ ပိုင်ဆိုင်ထားတဲ့ Ellen ကို သူအထင်ကြီးခဲ့တယ်။ လေးလည်း လေးစားခဲ့တယ်။ သူ့ခံစားချက်တွေ၊ အတွေးအခေါ်တွေဟာ Ellen ရဲ့အတွေးအခေါ်တွေနဲ့ထပ်တူညီခဲ့ရင်းနဲ့ သူ့ရဲ့ခံစားချက်အစစ်မှန်ကို သိလာတော့တယ်။


ကျွန်တော်တို့ယောကျ်ားလေးတွေဟာ ကိုယ်တစ်ကယ် စိတ်ထဲမှာ အထင်ကြီးပြီး ပိုပြီးနီးစပ်မှု ရှိတယ်လို့ခံစားရတဲ့ အမျိုးသမီးတွေကို မထင်ထားလောက်တဲ့ အချစ်မျိုးတွေနဲ့ချစ်တတ်ကြတာ သဘာဝပဲလေ။
.
ဒီ့အတွက် Newland တစ်ယောက် Ellen အပေါ် မေတ္တာစိတ်တွေ ကြီးစိုးလာခဲ့ခြင်းဟာ အပြစ်တစ်ခုလို့မဆိုရက်နိုင်တော့ပါ။
Countess Ellen ရဲ့ခင်ပွန်းဖြစ်သူ ပိုလန်နယ်စားမှာ စိတ်ဝင်စားတာဆိုလို့အရာနှစ်ခုပဲ ရှိခဲ့တယ်လို့ကျွန်တော်တို့ရုပ်ရှင်ရဲ့တစ်နေရာမှာ သိခဲ့ရတယ်။ ဘာတွေလည်း ဆိုတော့ မိန်းမတွေနဲ့တရုတ်ပြည်ကြီးအကြောင်းပဲတဲ့။ ဒီတော့ မိန်းမပွေတဲ့ အမျိုးသားတစ်ယောက်ကို လက်ထပ်ထားတဲ့ Ellen ဟာ သူမရဲ့အိမ်ထောင်ရေးကို အဆုံးသတ်ဖို့အတွက် ဥရောပမှာ New York ကို ပြန်လာခဲ့ခြင်းပဲ ဖြစ်တယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူက ကွာရှင်းရေးကို ငြင်းဆိုနေဆဲပဲ။ ထို့အပြင်ထိုအသိုင်းအဝိုင်းကြီးတစ်ခုမှာ အိမ်ထောင်ကွဲအမျိုးသမီးတစ်ယောက် ဖြစ်လာတော့မယ်ဆိုရင် နဂိုကတည်းကမှ လူကုံထံတွေရဲ့အတင်းပြောခံနေရတဲ့ Ellen ဟာ အသိုင်းအဝိုင်းရဲ့ပြင်ပကို ရောက်ရှိသွားတော့မဲ့ အခြေအနေတစ်ရပ်ဆိုလည်း မမှားဘူး။ သူမမှာ ရွေးချယ်စရာလမ်းဟာ ၂ လမ်းပဲ ရှိခဲ့တယ်။ ခင်ပွန်းဖြစ်သူ အပါအဝင် မိတ်ဆွေအသိုင်းအဝိုင်းကြီးတစ်ခုလုံးကို စွန့်ခွာထွက်ပြေးသွားမလား၊ ဒါမှမဟုတ် နောက်ဆုံးမှာ ခင်ပွန်းဖြစ်သူဆီကို ပြန်လည် သွားရမလားဆိုတာပဲ။

Ellen ဟာ အရာရာကို ကြောက်ရွံ့တတ်တဲ့အမျိုးသမီးတော့ မဟုတ်ဘူး။ သူမဟာ ဘဝမှာ အရှုံးပေးလိုက်ရတဲ့ အမျိုးသမီးဆိုတာထက် ပိုခဲ့တယ်။ သူမဟာ သူမရဲ့အထက်တန်းလွှာ လူကုံထံအသိုင်းအဝိုင်းက လူသားတွေရဲ့အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို နားမလည်နိုင်ခဲ့ဘူး။ သူမရဲ့အိမ်ထောင်ရေးကွာရှင်းခွင့်တောင်းဆိုချက်အပေါ် သူမ ဆွေမျိုးတွေရဲ့ကန့်ကွက်ချက်တွေအပေါ်လည်း သူမစိတ်မကောင်း ဖြစ်ခဲ့မိတယ်။ ထိုအသိုင်းအဝိုင်းက လူတိုင်းသိတယ်။ သူမရဲ့ခင်ပွန်းဟာ သူမအပေါ်မည်ကဲ့သို့ဆိုးရွားစွာ ဆက်ဆံခဲ့သလဲဆိုတာ။ ဒါပေမဲ့ လူတိုင်းက ထိုအရာကို မသိချင်ယောင်ဆောင်ထားပြီး သူမအပေါ်ပဲ ဖိအားတွေ ပေးခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ မိန်းမသားတစ်ယောက် ဖြစ်နေခဲ့လို့ပဲ။ လူကုံထံတွေဟာ အိမ်ထောင်ရေးပြဿနာတွေမှာ အမြဲတမ်းလိုလို မိန်းမသားတွေကိုပဲ အပြစ်ပုံချတတ်ကြတာ သဘာဝတစ်ခုလို ဖြစ်နေခဲ့ပြီ။ ထိုအခြင်းအရာကို Newland က Ellen ကို ဘယ်လိုရှင်းပြခဲ့သလဲဆိုတော့ "Our legislation favors divorce, but our customs don't." ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ပဲ။


Ellen ကလည်း Newland အပေါ်မှာ တူညီတဲ့အကြောင်းအရာတွေကြောင့် Newland ကိုလည်း တပ်မက်တဲ့စိတ်ဖြစ်ခဲ့တယ်။ အတ္တဆန်တဲ့ ထိုလူ့အဖွဲ့အစည်းတွေ၊ ရှေးရိုးဆန်တဲ့ အတွေးအခေါ်တွေနဲ့ကျင်လည်နေကြတဲ့ ထိုလူ့အဖွဲ့အစည်း၊ ငွေတွေ၊ ဂုဏ်တွေ၊ ဟန်ဆောင်မှုတွေကိုသာ အလေးထားတတ်တဲ့ ထိုအသိုင်းအဝိုင်းကြီးထဲမှာ Newland တစ်ယောက်ကိုသာ သူမ ချစ်မြတ်နိုးနိုင်မယ်ဆိုတာ သူမ သိခဲ့တယ်။ သူမတို့နှစ်ယောက်ရဲ့စကားဝိုင်းတွေကနေ သူမတို့နှစ်ယောက်ရဲ့ထပ်တူညီတဲ့ အတွေးအခေါ်တွေကို ပရိသတ်က လှမ်းမြင်နိုင်ခဲ့တယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာ New York မြို့ပေါ်က လမ်းမသစ်တွေအပေါ် မျက်စိလည်နိုင်တဲ့ Ellen က New Yok မြို့ဟာ သွားလာလည်ပတ်ရန် လွယ်ကူပါတယ်။ လမ်းမတိုင်းမှာ နာမည်တွေ၊ နံပါတ်တွေ သိသာထင်ရှားစွာ ကပ်ထားတယ်မဟုတ်လားလို့Newland ကို ပြောလိုက်တော့ Newland က


“Everything is labeled, but everybody is not.”

လို့ပြန်ပြောပြီး Ellen ကို မသိမသာ သတိပေးတဲ့စကားလေးတစ်ခွန်းပြောခဲ့တယ်။ ထိုလူကုံထံအသိုင်းအဝိုင်းတွေ သူတို့ဘာသာ မသိတဲ့ သူတို့ရဲ့စိတ်ဓာတ်တွေကို Newland က သိနေခဲ့တယ်။ ဒါပေမဲ့ Newland ဟာ ထိုအသိုင်းအဝိုင်းတွေနဲ့ရှေးဆန်တဲ့အတွေးအခေါ်တွေထဲက ရုန်းထွက်ချင်ပေမဲ့ ရုန်းမထွက်နိုင်ပဲ ပိတ်မိနေတဲ့ အမျိုးသားတစ်ယောက်လေ။ သူ့ရဲ့မျှော်လင့်ချက်ထွက်ပေါက်ကလေးဟာ Ellen ပဲဆိုတာ သူသိခဲ့တယ်။ ဒါပေမဲ့ သူ့မှာ လုံလောက်တဲ့ သတ္တိတွေ ရှိခဲ့သလားဆိုတော့ မရှိခဲ့ပြန်ဘူး။ သူကိုယ်တိုင်ဟာလည်း ထိုအသိုင်းအဝိုင်းထဲမှာပဲ ကြီးပြင်းခဲ့ပြီး ထိုအသိုင်းအဝိုင်းကို စွန့်ခွာရဲလောက်တဲ့ သတ္တိမရှိခဲ့ဘူး။ ထိုအရာဟာ သူကိုယ်တိုင်မသိခဲ့ပေမဲ့ သူ့ရဲ့မသိစိတ်ထဲမှာ ကနဦးကတည်းက ကိန်းအောင်းနေခဲ့တယ်။ အပြင်ဘက်မှာလည်း ယှဉ်ကြည့်ခဲ့မယ်ဆိုရင် Ellen ဟာ Newland ထက်ပိုတော်ပြီး ပိုသတ္တိရှိတဲ့ အမျိုးသမီးတစ်ယောက်လို့ဆိုရင် လုံးဝမမှားဘူး။ Ellen ဟာ အမှန်တရားကို သိသလို အမှန်တရားကို ပြောရဲတယ်။ ဒါပေမဲ့ သူမလည်းပဲ မိုက်ရူးရဲဆန်စွာ တစ်ဖက်သပ်ထွက်ပြီး ထိုသူတွေရဲ့အယူအဆတွေကို ကန့်ကွက်တဲ့ အပြုအမူမျိုး မလုပ်ခဲ့ဘူး။ သူမလည်း လိုက်လျောညီထွေစွာနေထိုင်ဆက်ဆံခဲ့တယ်။


ဒီလိုနဲ့သနားစရာကောင်းတဲ့ Newland တစ်ယောက် ဆန့်ကျင်ဘက်နှစ်ခုကြားမှာ ရွေးချယ်ရခက်ခဲလာတော့တယ်။ သူဟာ သူ့လက်ရှိဘဝကလေးထဲမှာ ငြိမ်းချမ်းရေးကို ရှာတွေ့ကောင်းရှာတွေ့နေမယ်။ ဒါပေမဲ့တစ်ခါတစ်လေတော့လည်း Ellen ကို ကြည့်ပြီး စွန့်စားရတဲ့ လွတ်လပ်တဲ့ အနုပညာဆန်တဲ့ဘဝကလေးတစ်ခုဆီကို ရုန်းထွက်ဖို့စိတ်ကူးယဉ်နေမိတယ်။ ထိုကဲ့သို့ရုန်းထွက်ခြင်းဟာ သူ့အတွက်တော့ သူ့ဘဝတစ်ခုလုံးတစ်ခုလုံးအတွက် စွန့်စားမှုကြီးတစ်ရပ်လို့လည်း ခံယူထားသေးတာကိုး။ သူတစ်ခါတစ်ရံအသုံးပြုတဲ့ “the rest of the world” ဆိုတာ တစ်ခြားအဆင့်တန်းနိမ့်လူတန်းစားတွေကို ရည်ရွယ်တာမဟုတ်သလို သူတောင့်တ အထင်ကြီးနေတဲ့ အနုပညာသမားတွေကိုလည်း ရည်ရွယ်ခဲ့တာမဟုတ်ဘူး။ သူ့ကိုယ်ပိုင်ဘဝနဲ့ဆန့်ကျင်စွာရှိနေခဲ့တဲ့ Ellen တစ်ယောက်တည်းကိုပဲ ရည်ရွယ်ပြီးသုံးနှုန်းခဲ့တာ။ သူဟာ ထို “the rest of the world” လေးထဲကို ဝင်ရောက်ချင်ပေမဲ့ သူ့ကိုယ်ပိုင်ကမ္ဘာလေးမှာ သူပိတ်မိနေခဲ့ပြီ။ သူ့ကိုယ်ပိုင်ကမ္ဘာလေးကတော့ May ကို ဆိုလိုခြင်းပဲဖြစ်တယ်။ May ကို သူချစ်သလားဆိုတော့ သူချစ်တယ်။ May ဟာ ငယ်ရွယ်တယ်။ လှပတယ်။ ရိုးသားတယ်။ အပြစ်ကင်းတယ်။ သူမဟာ မိဘဆွေမျိုးတွေရဲ့ဆုံးမစကားတွေအောက်မှာ မလွန်ဆန်ရဲ၊ လွန်ဆန်ဖို့အသိလည်း မရှိခဲ့တဲ့ ဗိုင်းကောင်းကျောက်ဖိလေးတစ်ယောက်။ ဒါပေမဲ့ သူလိုချင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက် ပုံစံတော့ မဟုတ်ခဲ့ဘူး။ ဝမ်းနည်းဖို့ကောင်းတာတစ်ခုက ဘယ်တော့မှလည်း ဟုတ်လာခဲ့မှာ မဟုတ်ခဲ့ဘူး။ May ဟာ အရာရာကို သိလိုစိတ်၊ စူးစမ်းလိုစိတ်တွေ လုံးဝကင်းမဲ့ခဲ့တဲ့ အမျိုးသမီးလေးတစ်ယောက်။ ဒါကြောင့်လည်း Newland ဟာ သူတို့နှစ်ယောက် အိမ်ထောင်ကျပြီး မင်္ဂလာဦး Honeymoon မှာတင် May အပေါ် ဝင်လာခဲ့တဲ့အတွေးတစ်ခုက

သူမမှာ လွတ်မြောက်ဖို့၊ အရာရာကို သိနားလည်ဖို့အခွင့်အရေးတွေ ရှိတယ်ဆိုတာကိုတောင် မသိခဲ့တဲ့ အမျိုးတစ်ယောက်ကို ထိုုအရာတွေ ရှင်းပြ၊ ပြောပြဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုလို့သတ်မှတ်ခဲ့ပြီး သူလိုချင်ခဲ့တဲ့ soul mate ဆိုတဲ့ ဝိဉာဏ်ဖက်ဟာ May မဟုတ်ဘူးဆိုတာ လက်ခံခဲ့တယ်။ ထိုအယူအဆနဲ့ပဲ သူ့ဘဝတစ်ခုလုံးကို သူဖြတ်သန်းခဲ့တယ်။ သူ့ဘဝဟာ လိုချင်တဲ့အရာတစ်ခုကို ဘယ်တော့မှ မရခဲ့တော့တဲ့ ယောကျ်ားတစ်ဦး အဖြစ်ဘဝတစ်ခုလုံးကို ရပ်တည်သွားခဲ့တယ်။ ဒါပေမဲ့ သူ့တစ်ခါတုန်းက စိတ်ကူးယဉ်ခဲ့ဖူးတယ်။ Ellen ရဲ့လက်ကလေးတွေဟာ သူ့ကို ဖက်ထားတဲ့ စိတ်ကူးလေ။ ထိုစိတ်ကူးလေးကို သူတစ်သက်လုံးယဉ်နေခဲ့မိလိမ့်မယ်။


The Age of Innocence အပေါ် မိမိရဲ့ခံစားချက်များ

The Age of Innocence ဇာတ်ကားဟာ Director Martin Scorsese ရဲ့ရိုက်ခဲ့သမျှဇာတ်ကားတွေထဲမှာ Personally အားဖြင့် ကျွန်တော့်ရဲ့အကြိုက်ဆုံးဇာတ်ကားတစ်ကား ဖြစ်ခဲ့တယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ဇာတ်ကောင်တွေအားဖြင့်လည်း တပ်မက်စိတ်တွေနဲ့ခံစားချက်တွေအပြင်းထန်ဆုံး ဖော်ကြူးထားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ကျွန်တော်မြင်တယ်။ ဒီဇာတ်ကားမှာ ရိုင်းပြတဲ့ အပြုအမူတွေမပါဝင်ဘူး။ ဆဲရေးတိုင်းထွာခြင်းတွေ မရှိဘူး။ ကြမ်းတမ်းတဲ့ လိင်ဆက်ဆံတဲ့ ဇာတ်ဝင်ခန်းတွေလည်း ထည့်မသွင်းထားဘူး။ အရာရာတိုင်းဟာ အေးချမ်းငြိမ်းချမ်းနေတယ်။ ဒါပေမဲ့ ဇာတ်ကောင် 2 ဦးဖြစ်တဲ့ Newland နဲ့Ellen တို့ရဲ့အတွင်းစိတ်တွေမှာတော့ တပ်မက်စိတ်တွေ၊ မဖြစ်နိုင်တဲ့အချစ်စိတ်တွေနဲ့လောင်မြိုက်စွာ ပူလောင်နေကြတယ်။ ဇာတ်လမ်းရဲ့တစ်နေရာမှာတော့ Newland က Wife နဲ့Mistress ဆိုတဲ့စကားလုံးတွေမရှိတဲ့ ကမ္ဘာတစ်ခုကို ရှာတွေ့ချင်တယ်လို့Ellen ကို ရင်နာစွာနဲ့ပြောခဲ့တယ်။ Newland ရဲ့ထိုအဆိုကို Ellen က ကန့်ကွက်ခဲ့ပြီး မဖြစ်နိုင်တဲ့အရာတစ်ခုကို မက်မောတမ်းတနေတဲ့ Newland ကိုတောင် ဆူခဲ့သေးတယ်။ တစ်ချို့ဝေဖန်ရေးဆရာတွေ အပြောနဲ့ဆိုရင် Director Martin Scorsese ရဲ့Taxi Driver ဇာတ်ကားထက်တောင် ယခု The Age of Innocence ဟာ ပိုမိုရက်စက်ပြင်းထန်ခဲ့တယ်လို့ကျွန်တော်လည်း ပြောချင်တယ်။ ဒီဇာတ်ကားမှာ ဓားတွေ၊ တုတ်တွေ၊ သေနတ်ကျည်ဆံတွေ၊ သွေးတွေ မပါဝင်ပေမဲ့ မဖြစ်နိုင်တဲ့အရာတစ်ခုကို တစ်ဘဝတစ်ခုလုံးတောင်းတမက်မောပြီး ဆန္ဒကိုချိုးနှိမ်ခဲ့ရတဲ့ လူသားတစ်ယောက်ရဲ့နာကျည်းဖွယ် စိတ်ခံစားချက်ကို တင်ပြထားခဲ့ခြင်းကြောင့်ပင်။
.
သူတို့ချစ်သူနှစ်ဦးရဲ့အချစ်ဟာ တိတ်တခိုးတွေ ဖြစ်နေခဲ့တဲ့အတွက် သူတို့နှစ်ယောက်ပဲ အတူူတူရှိနေခွင့်ရခဲ့တဲ့ အချိန်ကာလတိုလေးတွေကို သူတို့အရမ်းတန်ဖိုးထားခဲ့ကြတယ်။ သူတို့နှစ်ဦးအတူတကွရှိခဲ့တဲ့ အချိန်ကလေးတွေမှာ သူတို့ရဲ့တစ်ဦးအပေါ်တစ်ဦးတပ်မက်စိတ်ကလေးတွေကို Martin Scorsese တင်ပြချက်လေးတွေက ရင်ဖိုမက်မောဖွယ်အတိလေးတွေ။ Newland က Ellen ရဲ့ဂါဝန်ခေါက်ချိုးရာလေးတွေကို သိမ်မွေ့စွာနဲ့ကိုင်တွယ်နေခဲ့ပုံလေးတွေ၊ Ellen ရဲ့ဖိနပ်ထိလေးကို သူ့ရဲ့နှုတ်ခမ်းပြားလေးတွေနဲ့ထိတွေ့နမ်းရှိုက်ခြင်းတွေ၊ ပြီးတော့ Ellen အမြဲကိုင်ဆောင်လေ့ရှိတဲ့ ထီးကလေးရဲ့အနံ့ကလေးတွေကို ရှုရှိုက်ခြင်းတွေ အစရှိတဲ့ သရုပ်ဖော်ပုံလေးတွေနဲ့ရိုးရှင်စွာ စွဲဆောင်သွားနိုင်ခဲ့တယ်။ Newland ဟာ Ellen အပေါ် အထင်ကြီးတဲ့စိတ်နဲ့ရော လေးစားတဲ့စိတ်နဲ့ပါ သူနဲ့အလိုက်ဖက်ဆုံး၊ နီးစပ်မှုအရှိဆုံး အမျိုးသမီးတစ်ယောက် အဖြစ် ချစ်မြတ်နိုးခဲ့တယ်။ ကျွန်တော်အရမ်းခံစားခဲ့ရတဲ့ ဇာတ်ဝင်ခန်းလေးက သူတို့နှစ်ဦးအတူရှိနေခဲ့တဲ့ မြင်းလှည်းလေးအထဲက ဇာတ်ဝင်ခန်းပဲ။ သူတို့နှစ်ယောက်ရဲ့ဒီအချိန်တိုကာလကလေးဟာ အလွန်တန်ဖိုး ရှိတယ်ဆိုတာ သူတို့သိတယ်။ ရထားဘူတာကနေ အိမ်ကို ပြန်ဖို့သွားကြိုလာတဲ့ ခရီးတိုလေးပေါ်မှာ သူတို့အချစ်တွေကို လွှတ်ချခဲ့ကြတယ်။ Ellen ရဲ့လက်အိတ်ကလေးတွေမှာ ကြယ်စေ့ကလေးတွေရှိပေမဲ့ Newland တစ်ယောက် ချွတ်နိုင်ခဲ့ပြီး Ellen ရဲ့လက်ကလေးကို ကိုင်ပြီး သူ့ပါးလေးပေါ်မှာ ပွတ်ပေးနေတဲ့ ဇာတ်ဝင်ခန်းလေး။ ဒါပေမဲ့ လမ်းမီးအိမ်တစ်ခုရဲ့အလင်းရောင်လေးဟာ သူတို့မြင်းလှည်းလေးရဲ့မှန်ပြတင်းပေါက်မှာ အရောင်လာဟပ်တော့ Newland တစ်ယောက် ဘယ်နေရာမှာ ဆင်းကျန်နေရစ်ခဲ့ရတော့မလဲဆိုတာ အချက်ပြနေခဲ့သလိုပဲ။ ဒီလိုနဲ့Newland ဟာ ထိုမြင်းလှည်းကလေးပေါ်ကနေ ဆင်းကျန်ရစ်ခဲ့တယ်။ ဝမ်းနည်းနေခဲ့တဲ့ Ellen ကတော့ “Oh, my dear — where is that country?” လို့ပဲ စိတ်မကောင်းစွာ ပြောပြီး မြင်းလှည်းကလေးနဲ့ဆက်ပါသွားခဲ့တယ်။ ထိုမြင်းလှည်းကလေးပေါ်မှာ သူတို့နှစ်ယောက်ရဲ့ချစ်ရည်နံ့လေးတွေ သင်းပျံ့နေခဲ့မှာပါလို့ကျွန်တော်ဆုတောင်းလိုက်မိတယ်။
.
Newland ဟာ ပျင်းရိဖို့ကောင်းပြီး ဟန်ဆောင်တတ်တဲ့ အထက်တန်းစားလူတန်းစားတွေထဲမှာ ရှင်သန်နေရတဲ့ သူ့ဘဝရဲ့အဖြစ်မှန်ကို Ellen ရဲ့အတွေးအခေါ်တွေမှတစ်ဆင့် နားလည်လာခဲ့ရတာ။ Ellen ဟာ အထက်တန်းစားလူတွေရဲ့ကြားထဲက အတင်းပြောစရာ စကားရပ်တစ်ခုဖြစ်နေခဲ့ပေမဲ့ အမျိုးသမီးတစ်ယောက်ရဲ့လွတ်လပ်စွာတွေးတောနိုင်ခွင့်ဆိုတဲ့ ခေတ်ရှေ့ပြေးအယူအဆတွေနဲ့နေထိုင်ခဲ့သူတစ်ယောက်။ Ellen ဟာ ခေတ်သစ်တစ်ခုရဲ့မီးပြတိုက်တစ်ခု။ ဒီ့အတွက် Newland က Ellen ကိုချစ်မြတ်နိုးပြီး Ellen နဲ့အတူ ဝေးရာကို ထွက်ခွာသွားပြီး အတူတူနေထိုင်ချင်ခဲ့တယ်။ ဒါပေမဲ့ ပိုဆိုးရွားစေခဲ့တာကတော့ သူဆန္ဒအတိုင်း လုပ်မဲ့အစား သူက May နဲ့အမြန်လက်ထပ်လိုက်ခဲ့မိတယ်။ ဒီလိုနဲ့May ကိုလက်ထပ်ပြီး Ellen နဲ့နာကျင်စွာဆက်လက်ချစ်နေခဲ့တယ်။ ဒီလိုနဲ့ရာစုနှစ်တစ်ခုရဲ့လေးပုံတစ်ပုံစာခန့်သူဟာ သူ့ဘဝကို နာကျင်စွာနဲ့ဆက်လက်နေထိုင်ခဲ့တယ်။ ယောကျ်ားတစ်ယောက်ရဲ့ဘဝကို အရှုံးပေးခဲ့ရတဲ့ မဟာအရှုံးကြီးတစ်ခုပဲလေ။ သူ့လုပ်ရပ်ဟာ မှားချင်မှ မှားမယ်။ ဒါပေမဲ့ သူရှုံးနိမ့်ခဲ့ရတယ်။
.
ဒီဇာတ်ကားထဲမှာ ကျွန်တော်ချစ်မြတ်နိုးခဲ့တဲ့ အရာလေးတွေ တစ်ချို့ရှိတယ်။ ဥပမာ Ellen နဲ့Newland တို့ရဲ့စကားဝိုင်းတွေ၊ ဥရောပက နာမည်ကျော်ပန်းချီဆရာကြီးတွေအကြောင်းပြောတဲ့ စကားဝိုင်းတွေကိုလည်း သဘောကျတယ်။ Newland က Ellen ကို ပို့ပေးခဲ့တဲ့ နှင်းဆီဝါလေးတွေကိုလည်း သဘောကျတယ်။ နှင်းဆီဝါတွေ ကုန်သွားလို့မပို့ခဲ့ရပေမဲ့ ဆိုင်မှာ နှင်းဆီဝါတွေ ပြန်တင်လာတော့ ထပ်ပို့ဖို့ဆက်စိတ်မကူးတော့တဲ့ Newland ရဲ့အတွေးကို ပြသခဲ့တဲ့ ဇာတ်လမ်းအသွားလေးကိုလည်း သဘောကျတယ်။ လမ်းမပေါ်မှာ လေပြင်းတစ်ချက်တိုက်ခတ်လိုက်လို့ဦးထုပ်ကလေးတွေကို လက်နဲ့ဖိထားကြတဲ့ လမ်းသွားတဲ့သူတွေကို အနှေးပြကွက်ကလေးနဲ့ပြသထားတဲ့ ဇာတ်ဝင်ခန်းလေးကိုလည်း သဘောကျတယ်။ ဒါပေမဲ့ တစ်ခြားဝေဖန်ရေးဆရာတွေလိုပဲ ကျွန်တော်အရမ်းသဘောကျမိခဲ့တဲ့ ဇာတ်ဝင်ခန်းလေး ၂ ခန်းရှိခဲ့တယ်။ ကိုယ်တိုင်လည်း ဘဝမှာ ထိုကဲ့သို့လုပ်လေ့လုပ်ထရှိတတ်လို့လည်း ဖြစ်လိ့မ်မယ်။
.
ပထမတစ်ခန်းကတော့ Newland က May ကိုလက်ထပ်ပြီး သူတို့ရဲ့အလွန်ရင်းနှီးတဲ့ မိတ်ဆွေအဖွားအိုတစ်ယောက်ဆီ အလည်လာတဲ့ ဇာတ်ဝင်ခန်းပဲ။ Ellen လည်း ထိုအိမ်မှာ ရှိနေတယ်။ အခု ပင်လယ်ဘေးက တံတားလေးနားမှာလို့ထိုအဖွားအိုကပြောတော့ Newland က Ellen ကို သွားခေါ်မယ်ဆိုပြီး ချက်ချင်းထထွက်သွားတယ်။ သူ့စိတ်ထဲမှာ Ellen ကို တွေ့ချင်စိတ်ဟာ ဇနီးရှေ့မှာတောင် ဟန်မဆောင်နိုင်ခဲ့ဘူး။ ဟုတ်တယ်လေ။ သူ Ellen ကို မတွေ့ရတာ ကြာခဲ့ပြီ။ သူတံတားလေးနားရောက်သွားတော့ လှေဆိပ်က မီးပြတိုက်လေးမှာ Ellen တစ်ယောက် ရေပြင်ကို ငေးမောကြည့်နေတာကို သူခပ်ဝေးဝေးကနေ တွေ့ခဲ့ရတယ်။ Ellen က သူ့ကို လှည့်မကြည့်ခဲ့ဘူး။ သူလာတယ်ဆိုတာတောင် သိချင်မှ သိလိမ့်မယ်။ ဒါပေမဲ့ ရုတ်တရက်ဆိုသလို Newland တစ်ယောက် စိတ်ထဲမှာ ဘာတွေးမိလိုက်လဲဆိုတော့ အခုလာနေတဲ့ ရွက်လှေကလေး မီးပြတိုက်ကို မကျော်သွားခင် Ellen သူ့ကိုလှည့်ကြည့်လိုက်ရင် သွားခေါ်မယ်။ အကယ်၍ Ellen က လှည့်မကြည့်ခဲ့ဘူးဆိုရင်တော့ သူနောက်လှည့်ပြန်မယ်ဆိုပြီး သူတို့နှစ်ယောက်ရဲ့ကံကြမ္မာနဲ့စိတ်ချင်းဆက်နွယ်မှုကို အလောင်းအစားလုပ်ခဲ့တယ်။ ပင်လယ်ရေပြင်ဟာ နေရောင်ခြည်တွေရဲ့အောက်မှာ တလှပ်လှပ်နဲ့တောက်ပနေတယ်။ ထိုအတိုင်းပဲ Newland ရဲ့မျှော်လင့်ချက်လေးတွေဟာလည်း ပင်လယ်ရေပြင်တွေကို တောက်ပနေခဲ့တယ်။ သူ့ရင်တွေခုန်နေခဲ့မိမှာ အမှန်ပဲ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ရင်တွေခုန်နေခဲ့တယ်။ လှပတဲ့အပြုံးလေးနဲ့ပြန်လှည့်ကြည့်မဲ့ Ellen ရဲ့မျက်နှာလေးကို Newland ကဲ့သို့ကျွန်တော်ကိုယ်တိုင်လည်း စောင့်မျှော်နေခဲ့တယ်။ ဒါပေမဲ့ ဝမ်းနည်းစွာနဲ့ပဲ Ellen လှည့်မကြည့်ခဲ့ဘူး။ တစ်ကယ်တော့ Ellen လည်း သိနေခဲ့တယ်။ ခပ်လှမ်းလှမ်းက အနောက်တစ်နေရာမှာ သူမ အရမ်းတွေ့ချင်ခဲ့တဲ့ Newland တစ်ယောက် သူမကို ရပ်ကြည့်နေခဲ့တယ်ဆိုတာ။ ဒါပေမဲ့လည်း သူမ ပြန်လှည့်မကြည့်ခဲ့တော့ဘူး။
.
ဒုတိယဇာတ်ဝင်ခန်းလေးကတော့ ဒီဇာတ်ကားတစ်ခုလုံးကို သိမ်းပေးခဲ့တဲ့ နောက်ဆုံးဇာတ်ဝင်ခန်းပဲ။
ဇာတ်လမ်းရဲ့အလှည့်အပြောင်းတစ်နေရာမှာ သူ့ရဲ့ဇနီးဖြစ်သူ May ကို ရဲရင့်စွာစွန့်ခွာပြီး Ellen နဲ့အတူတစ်နေရာကို ထွက်သွားပြီး ပေါင်းသင်းဖို့Newland ဆုံးဖြတ်ချက်ချခဲ့တယ်။ လူတွေရဲ့အပြောတွေ၊ ကဲ့ရဲ့ဝေဖန်သံတွေ၊ မိသားစုအသိုင်းအဝိုင်းတို့ရဲ့ပြစ်တင်ဝေဖန်ခြင်းတွေအားလုံးနဲ့နောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ အကြောင်းအရာတွေအကုန်လုံးကိုလည်း သူလက်ခံဖို့ပြင်ဆင်ခဲ့တယ်။ ထိုမျှလောက်ထိ Newland ဟာ Ellen ကိုချစ်မြတ်နိုးခဲ့တယ်။ Ellen အတွက်ဆိုရင် မည်သည့်အရာကိုဆိုမဆို စွန့်လွှတ်ဖို့အထိ သူ အရဲစွန့်နိုင်ခဲ့ပြီ။ ဒီလိုနဲ့ထိုလမ်းခွဲစကားကို ဇနီးဖြစ်သူ May ကို ပြောခါနီးတွင် May က သူတို့3 ယောက်စလုံးရဲ့နောက်ဆက်တွဲ ဘဝတွေအကုန်လုံုးပြောင်းလဲသွားမဲ့ စကားတစ်ခွန်း Newland ကို ပြောခဲ့လိုက်တော့တယ်။ ဒီစကားမျိုးကို သူကြားခဲ့ရလိမ့်မယ်လို့သူမထင်ထားခဲ့မိဘူး။ Newland ဟာ ဉာဏ်ရည်ပြည့်ဝတဲ့ သူတစ်ယောက်၊ နှလုံးရည်လည်း ပြည့်ဝတဲ့ ယောကျ်ားတစ်ယောက်၊ အမှားနဲ့အမှန်အစား ဖြစ်သင့်ခြင်းနဲ့မဖြစ်သင့်ခြင်းကို သူကောင်းစွာနားလည်ခဲ့တယ်။ သူသည် ယောကျ်ားကောင်း ယောကျ်ားမြတ်တစ်ယောက်အနေနဲ့ဘာဆက်လုပ်ရမလဲဆိုတာ သူသိခဲ့တယ်။ ဒီလိုနဲ့သူ့ဘဝရဲ့ကံကြမ္မာဟာ ချုပ်နှောင်ခြင်း ခံလိုက်ရတော့တယ်။ ဒီအကြောင်းအရာတစ်ခုတည်းနဲ့တင် Newland နဲ့Ellen တို့တစ်ဘဝစာ ဝေးခဲ့ကြရတော့တယ်။
.
အသက်အရွယ်ကြီးရင့်လာတဲ့ Newland တစ်ယောက် နောင်နှစ်ပေါင်း 25 နှစ်ကြာမြင့်တဲ့အခါ တစ်သက်သာ ဘယ်တော့မှ မတွေ့ဖြစ်တော့တဲ့ Ellen နဲ့တွေ့ဖို့အကြောင်းပြန်ဆုံလာတော့တယ်။ ယခုတော့ သူ့ဇနီးဖြစ်သူ May လည်း လူ့လောကကြီးထဲကနေ ထွက်ခွာသွားခဲ့ပြီ။ သူ့မှာလည်း သားသမီး 3 ယောက် ထွန်းကားခဲ့ပြီ။ အခုတောင် သားကြီးရဲ့မင်္ဂလာပွဲဟာ မကြာခင်မှာ ကျင်းပတော့မယ်။ သူ့ဘဝမှာ သစ္စာရှိတဲ့ခင်ပွန်းကောင်းတစ်ယောက်၊ ဝတ္တရားကျေပွန်တဲ့ ဖခင်ကောင်းတစ်ယောက်အဖြစ် နေထိုင်ခဲ့တယ်။ သားကြီးဖြစ်သူ မင်္ဂလာပွဲမကျင်းပခင်မှာ သားအဖနှစ်ယောက် ဥရောပကို ဝင်လည်ကြတယ်။ ကြည့်ရတာ သားကြီးက ဖခင်ဖြစ်သူ Newland ရဲ့ အတိတ်က လျှို့ဝှက်အချစ်ဇာတ်လမ်းတစ်ခုကို သိခဲ့ဟန်နဲ့တူတယ်။ ဖခင်ကို Ellen ဆီကို ခေါ်လာခဲ့တယ်။ အမှန်တော့ Newland နဲ့Ellen တို့ရဲ့တိတ်တခိုးအချစ်ဇာတ်လမ်းကို ဇနီးဖြစ်သူ May ကလည်း သိခဲ့တယ်။ May လည်း တစ်ဘဝလုံး မသိခဲ့ဟန် နာကျင်မှုတွေနဲ့ ဟန်ဆောင်ခဲ့တယ်။ ဒါကြောင့် သူမ မသေဆုံးခင်က သားကြီးဖြစ်သူကို ခေါ်ပြီး ပြောပြခဲ့တယ်။ အဖေဖြစ်တဲ့ Newland ဟာ တစ်ချိန်တစ်ခါတုန်းက မိသားစုအတွက်လို့ဆိုပြီး မေးခဲ့တုန်းက သူအလိုချင်ဆုံး အရာတစ်ခုကို သူ စွန့်လွှတ်ခဲ့ရတယ် လို့ပြောပြခဲ့တယ်။ တစ်ကယ်တော့ May ဘယ်တုန်းကမှ Newland ကို ထိုကဲ့သို့မမေးခဲ့ဘူး။ အဖြစ်မှန်စကားလေးတစ်ခွန်းပဲ ပြောခဲ့တာ။ May လည်း သိခဲ့မှာပေါ့။ သူမအနေနဲ့Newland ကို မေးစရာတောင် လိုခဲ့မယ် မဟုတ်ဘူးဆိုတာ။
.
ပါရီမြို့ပေါ်က ပန်းခြံလေးတစ်ခုဘေးက တိုက်တစ်တိုက်မှာ နေထိုင်နေတဲ့ Ellen ကလည်း အပေါ်ထပ်က သူမအခန်းထဲကနေ စောင့်နေခဲ့တယ်။ သားဖြစ်သူကို အရင်တက်သွားခိုင်းပြီး Newland ဟာ တိုက်ရှေ့က ခုံတန်းလေးဘေးမှာ ထိုင်ကျန်ရစ်နေခဲ့တယ်။ သူ နောက်မှလိုက်တက်လာခဲ့မယ်ဆိုပြီး။ သူအချိန်ကြာအောင် တွေဝေနေခဲ့တယ်။ သူ့တစ်သက်မှာ အချစ်ခဲ့ရဆုံး အမျိုးသမီးတစ်ယောက်ကို နောင်နှစ်ပေါင်း 25 နှစ်ကြာတဲ့အခါ သူလည်း ပြန်တွေ့ချင်ခဲ့တာပေါ့။ ဒါပေမဲ့ သူ့အတွေးတွေထဲမှာ ဘယ်အရာတွေက ကြီးစိုးနေခဲ့တာလဲ။ သူဟာ မြို့ထဲကထိုပန်းခြံလေးဘေးက ထိုင်ခုံလေးမှာ ထိုင်ပြီး Ellen ရဲ့အခန်းကို ငေးကြည့်နေတယ်။ ထိုအခန်းလေးရဲ့ပြတင်းပေါက်မှန်တံခါးလေး ပိတ်လိုက်တော့ နေရောင်နဲ့ပြတင်းတံခါးမှန်ထိုးသွားတော့ တစ်ချိန်က မီးပြတိုက်ဘေးနားမှာ ပင်လယ်ပြင်ကို ငေးမောကြည့်နေတဲ့ Ellen ကို သူပြန်မြင်ယောင်လာတယ်။ ဒီတစ်ခါတော့ သူ့အတွေးထဲမှာ နှစ်လိုဖွယ်ကောင်းတဲ့အပြုံးလေးနဲ့Ellen က သူ့ကို ပြန်လှမ်းကြည့်လိုက်ခဲ့တော့တယ်။
.
ဒီလိုနဲ့သူ ထိုထိုင်ခုံလေးကနေ ထပြီး ပြန်ထွက်ခွာသွားတော့တယ်။
Ellen ရဲ့တိုက်ပေါ်ကို သူတက်မသွားခဲ့တော့ဘူး။
သူနားလည်ခဲ့ပြီ။ သူ မရခဲ့တဲ့ အလိုချင်ဆုံးဘဝလေးတစ်ခုကို သူထပ်တွေ့ရဖို့ခံနိုင်ရည်အား သူ့မှာ ရှိချင်မှ ရှိတော့မှာလေ။


The Age of Innocence အတွက် မိမိရဲ့နိဂုံး

သင့်ဘဝမှာ သင်အရမ်းချစ်တဲ့ အမျိုးသမီးတစ်ယောက်ကို သတိရလိုက်ပါ။ သူမဟာ သင့်ရဲ့လက်တစ်ကမ်းအကွာမှာတင် ရှိနေမယ်။ ဒါပေမဲ့ သင်ဘယ်တော့မှ မပိုင်ဆိုင်ရမဲ့ အမျိုးသမီးတစ်ယောက်။ သူမနဲ့သင့်မှာ အရာအားလုံးဟာ တိုက်ဆိုင်မှုတွေ၊ တူညီတဲ့ အတွေးအခေါ်တွေ၊ ဘဝအပေါ်တူညီတဲ့ လက်ခံချက်တွေ၊ တစ်ယောက်နဲ့တစ်ယောက် လေးစားအထင်ကြီးခြင်းတွေ ရှိနေခဲ့တယ်။ ဒါပေမဲ့ သင်တို့နှစ်ယောက်ကြားမှာ မမြင်နိုင်တဲ့ နံရံပါးလေးတစ်ချပ်က ကားဆီးနေခဲ့တယ်။ သင်တို့နှစ်ယောက်စလုံးလည်း ထိုနံရံလေးကို မတွန်းလှန်နိုင်ခဲ့ကြဘူး။ ဘဝမှာ ခံစားချက်တွေ တူညီတဲ့ လက်တွဲဖော်ရတယ်ဆိုတာ အရမ်းကို ရှားပါးလွန်းတဲ့ တစ်ဘဝစာ ကြည်နူးရတဲ့ အခွင့်အရေးတစ်ခု။ လူတိုင်း ထိုအခွင့်အရေးကို မရခဲ့နိုင်ကြဘူး။ သင်လည်း သူမနဲ့ဝေးကွာရမယ်ဆိုတာ သင်ကိုယ်တိုင်လည်း သိနေတယ်။ သူမကိုယ်တိုင်လည်း သိနေတယ်။ ဒီ့ထက်ဆိုးရွားပြီး ပြင်းထန်တဲ့ ခံစားချက်နှိပ်စက်ခြင်းမျိုး လောကမှာ ဘာများရှိနိုင်တော့မှာလည်း။ တစ်ယောက်နဲ့တစ်ယောက် ဆက်တွေ့လေ၊ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး မခွဲနိုင်လေ ဖြစ်လာကြမယ်။ သင့်ဝန်းကျင်က အရာအားလုံးကို သင်မေ့ပျောက်လာပြီး သင့်ခန္ဓာကိုယ်ရဲ့အစိပ်အပိုင်းအကုန်လုံးဟာ ထုံထိုင်းလာတဲ့အထိ သင်အချစ်ရဲ့အရသာကို ခံစားပြီး တစ်ချိန်တည်းမှာပဲ အချစ်ရဲ့အပြစ်ဒဏ်ကို ခံစားနေရလိမ့်မယ်။
.
ဇာတ်သိမ်းအဆုံးသတ်ကို ကြိုသိနေခဲ့ကြပေမဲ့ ဆက်ကနေကြရတဲ့ သူတွေရဲ့ဘဝဟာ ပိုသနားစရာကောင်းနေခဲ့တယ်။ ဒါပေမဲ့ ကနေတဲ့ ဘဝဆိုတဲ့ စင်ပေါ်မှာတင် ဇာတ်သိမ်းတစ်မျိုးပြောင်းသွားမလားဆိုတဲ့ မျှော်လင့်ချက်ကလေးတွေတော့ ရှိနေခဲ့ကြတာပေါ့။


You gave me my first glimpse of a real life.
Then you asked me to go on with the false one.
No one can endure that.


IMDb’s Rating: 7.2/ 10
Rotten Tomatoes Rating: 83%

~WH~

WH
WH
9 min read