The Disaster Artist
မနှစ်က La La Land ရဲ့ဆန့်ကျင်ဘက် ဇာတ်ကားတစ်ကား ဒီနှစ်ထွက်ခဲ့တယ်။ နာမည်ကတော့ The Disaster Artist ။
.
လူတိုင်းနီးပါးကတော့ အနုပညာဓာတ်ခံလေးတွေ ကိုယ်စီရှိတတ်ကြတာချည်းပဲလေ။ ဒါကြောင့်လည်း စာဖတ်တဲ့သူတို့၊ တောင်ခြစ် မြောက်ခြစ် လျှောက်ခြစ်နေတဲ့သူတို့၊ အားတိုင်း သီချင်းနားထောင်တတ်တဲ့သူတို့၊ ရုပ်ရှင်ကြည့်တဲ့သူတို့ နဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့မြင်နေရတာပဲ မဟုတ်လား။ ခင်ဗျားလည်း ထိုအထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ ကိုယ်က အနုပညာလေးဓာတ်ခံရှိတယ်ဆိုပြီး အနုပညာတစ်ခု ကောက်ထလုပ်လိုက်မယ်တဲ့။ ဘာဆက်ဖြစ်မယ်ထင်သလဲ။
.
Tommy Wiseau က Hollywood က ထုတ်လုပ်သူ Judd Apatow ကို စားသောက်ဆိုင်တစ်ခုမှာ တွေ့တော့ အလိုက်ကန်းဆိုးမသိ ထသွားနုှတ်ဆက်တယ်။ ပြီးတော့ သူဘယ်လိုတော်ကြောင်း၊ တတ်ကြောင်း၊ ဘယ်လိုဖြစ်ချင်ကြောင်းတွေ သွားပြောတယ်။ ဟိုက အမျိုးသမီးတစ်ယောက်နဲ့ညစာ စားနေတာကို သူက အလိုက်ကန်းဆိုးမသိပဲ သူဖြစ်ချင်တာတွေကိုပဲ သွားပြောနေတယ်။ ဒီတော့ သည်းခံလို့မရတော့တဲ့အဆုံး Judd Apatow ပြန်ပြောလိုက်တဲ့ စကားတစ်ခွန်းက
“Just because you want it, doesn’t mean it’s going to happen. It’s one in a million, even with Brando’s talent” တဲ့။
အမှန်ဆုံးနဲ့နာကျည်းဖို့အကောင်းဆုံး စကားတစ်ခွန်း။ လောကကြီးမှာ လိုချင်တဲ့အရာတိုင်း ဖြစ်လာတာ မဟုတ်ဘူး။ အထူးသဖြင့် အနူပညာဝန်းကျင်မှာ ပိုခက်ခဲတယ်ဆိုတာပဲ။
Tommy Wiseau ဆိုတာက ဘယ်အချိန်ကတည်းက အနုပညာလောကမှာ ကျင်လည်နေခဲ့သလဲတော့ မသိဘူး။ သူ့ကို သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တဲ့ Greg Sestero က စတွေ့တော့ 1998 ခုနှစ်လောက်မှာ၊ သရုပ်ဆောင်သင်တန်းတစ်ခုမှာ။ ရဲရင့်တဲ့ ပြချက်တွေကို အထင်ကြီးသွားတဲ့ Greg Sestero တစ်ယောက်အတွက်တော့ Tommy လို လူထူးလူဆန်းတစ်ယောက်ကို အထင်ကြီးမိသွားတယ်။ Tommy က အမဲရောင်ဝတ်ဆုံကို ဝတ်ထားပြီး၊ အသက်ကတော့ အနည်းငယ်ကြီးရင့်ပုံပေါက်နေပြီ။ ထူးခြားတာက သူ့ရဲ့ဆံပင်၊ ဆံပင်ကအရှည်ထားတယ်။ မစီးထားဘူး။ ဖါးလျားချထားတယ်။ ပြီးတော့ စကားပြောတဲ့အခါ သုံးတဲ့ လေယူလေသိမ်း။ ဘယ်အရပ်မှာ ကြီးခဲ့သလဲ ဘယ်ကလာသလဲမေးရင် New Orleans လို့ပဲဖြေတယ်။ လူတွေကသိတာပေါ့။ သူ့အသံက America မှာ ကြီးပြင်းခဲ့တဲ့ လူတစ်ယောက်ရဲ့အသံမဟုတ်မှန်း။ ဒါပေမဲ့ ဘယ်သူကမှ ထပ်ပြီး စိတ်ဝင်တစား မမေးတော့ပဲ ထားလိုက်တော့တယ်။ နောက်တော့ အသက်မေးရင်လည်း Greg နဲ့အသက်အတူတူပဲ လို့ပြန်ပြောတတ်တယ်။ အဲ့ဒီ့တုန်းက Greg အသက်က 19 နှစ်ပဲရှိနေသေးတာ။
.
ဒီလိုနဲ့အနုပညာရူးသွပ်သူခြင်းအတူ သူတို့နှစ်ယောက် မိတ်ဆွေတွေ ဖြစ်လာကြတယ်။ ဒီလိုနဲ့နောက်ဆုံး သရုပ်ဆောင်အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ကြတော့မယ်ဆိုပြီး Tommy ပိုင်ထားတဲ့ apartment လေးတစ်ခုရှိတဲ့ LA ကို တက်လာကြတော့တယ်။ Greg ကတော့ မျက်နှာကြီးကို ပြုံးဖြီးလို့။ သူ့မှာ အောင်မြင်တော့မဲ့ နိမိတ်တွေလို့တောင် ယူဆနေတာ။
LA ရောက်တော့ အစပိုင်းမှာ Greg က အနည်းငယ်အောင်မြင်လာတယ်လို့တော့ ပြောလို့ရတယ်။ Agents တွေဘာတွေနဲ့တောင် စာချုပ်တွေ ဘာတွေ စချုပ်နေပြီ။ ဒါပေမဲ့ Tommy ကတော့ အခုထိ Hollywood ရဲ့နေရာမျိုးစုံက ငြင်းပယ်ခံနေရတုန်းပဲ။ ဒီနေရာမှာ Tommy ရဲ့မနာလိုတဲ့ စိတ်ကလေးကို ကျွန်တော်တို့စမြင်ရပြီ။ ဒါပေမဲ့လည်း ကြာလာတော့ သူတို့နှစ်ယောက်စလုံး ဟိုယောင်ယောင် ဒီယောင်ယောင်တွေ ဖြစ်လာကြတယ်။ အိမ်မက်တွေလည်း ပျက်ပျယ်စ ပြုလာပြီ။ ဒီတော့ Greg က ရင်ဖွင့်တယ်။ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ရဖို့သူကိုယ်တိုင်ပဲ ရုပ်ရှင်ရိုက်လိုက်ချင်တော့တယ်တဲ့။ ဒီစကားကို Tommy က အတည်ယူသွားတယ်။ ဒီလိုနဲ့၃ နှစ်လောက်ကြာသွားတယ်။
.
Tommy ၃ နှစ်လောက်အချိန်ကုန်ခံပြီး ရေးထားတဲ့ ဇာတ်ညွှန်းတစ်ခု Greg ဆီကို ယူလာပြတယ်။ စားသောက်ဆိုင်လေးတစ်ခုမှာပဲ Greg တစ်ထိုင်ထဲ ဇာတ်ညွှန်းကို ဖတ်လိုက်တယ်။ ရွဲ့ပြောတာလား၊ အတည်ပြောတာလားတော့ မသိ၊ ထိုဇတ်ညွှန်းကို သူကြိုက်တယ်ဆိုပြီး Tommy ကို ပြောတယ်။ ဒီတော့ Tommy က ထိုဇာတ်ကားကို သူကိုယ်တိုင် ထုတ်လုပ်၊ ရိုက်ကူးပြီး သူကိုယ်တိုင် အဓိကဇာတ်ကောင်နေရာမှာ သရုပ်ဆောင်မယ်လို့ပြောတယ်။ ပြီးတော့ Greg ကိုလည်း နောက်ထပ် အဓိကဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရမယ်ဆိုပြီး ပြောတော့ မအောင်မြင်သေးတဲ့ Greg အဖို့တော့ ပျော်လိုုက်တဲ့ ဖြစ်ခြင်းပေါ့။ ဒီလိုနဲ့Hollywood မှာ သမိုင်းတွင်လာတော့မဲ့ The Room ဆိုတဲ့ ဇာတ်ကားကြီး တစ်ကားထွက်ပေါ်လာတော့တယ်။ (Room နဲ့တော့ မမှားပါစေနဲ့။ ဒါက သတိပေးစကားချပ်။)
ဒီနေရာမှာ မပြောမဖြစ်ပြောရတော့မှာက သူတို့ရိုက်ကူးခဲ့တဲ့ The Room ဆိုတဲ့ဇာတ်ကားပဲ။ ကျွန်တော်အစက ရှိမှန်းတောင် မသိခဲ့ဘူး။ ဒါပေမဲ့ သူတို့America မှာတော့ ရုပ်ရှင်ပရိသတ်တွေ ကြားထဲမှာ အတော်လေး ဂယက်ရိုက်ခဲ့ပြီး လူသိများခဲ့တယ်တဲ့။ ကောင်းလို့လားဆိုတော့ မဟုတ်ဘူး။ အရမ်းကို ဆိုးရွားလွန်းလို့။ ဇာတ်ညွှန်းက စုတ်ပြတ်သတ်၊ သရုပ်ဆောင်တာကလည်း ညံ့ဖျင်း၊ ဇာတ်လမ်းတစ်ခုလုံးကလည်း အဓိပ္ပာယ်မရှိလောက်အောင် ဆိုးရွားလွန်းလို့တဲ့။ ပြီးတော့ ပိုဆိုးတာက ဒီလိုဇာတ်ကားလေးကို ဒေါ်လာ ၆ သန်းကုန်ကျခဲ့တယ် ဆိုတာကြောင့်ပဲ။ ပရိသတ်တွေဟာ ထိုဇာတ်ကား အရမ်းဆိုးရွားလို့ခဏခဏပြန်ကြည့်ကြပြီး ရယ်ကြတာမျိုး။ ဒီလိုနဲ့သူတို့နိုင်ငံက midnight screenings တွေအနေနဲ့မကြာခဏပြပြီး cultural တစ်ခုဖြစ်လာတယ်။ လူတွေဟာ ပျော်ဖို့သပ်သပ်၊ သွား ဟားဖို့သပ်သပ် လာလာကြည့်ကြတယ်။ အမှန်က ဇာတ်လမ်းက ဟား စရာ ဇာတ်လမ်းမဟုတ်ဘူး။ လူတစ်ယောက်က သူရဲ့ရည်းစားနဲ့သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတို့ဖောက်ပြန်နေတာကို သိသွားပြီး မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ ဝမ်းနည်းဖွယ် Tragic Drama လေး။ ဒါပေမဲ့ အရမ်းညံ့ဖျင်းလွန်းတော့ Tragic Drama လေးဟာ Comedy ကြီးလုံးလုံးကို လူတွေကြားမှာ ဖြစ်သွားရော။ ဒီအကြောင်းကို သေချာပြန်တွေးကြည့်မိလိုက်တော့ ကိုယ်တိုင်လည်း ရယ်ချင်လာတယ်။ လောကကြီးက ထူးဆန်းတယ်ဆိုတာ ဒါပဲ။ ဒီတော့ မေးခွန်းက ယခုကဲ့သို့ညံ့ဖျင်းလွန်းတဲ့ ရုပ်ရှင်တစ်ခုဟာ ဘယ်လိုမျိုး ဖြစ်တည်လာခဲ့သလဲ။ ဒီမေးခွန်းကို ယခု the Disaster Artist ဆိုတဲ့ ရုပ်ရှင်က အစကနေ အဆုံးထိ ဖြေရှင်းသွားခဲ့တယ်။
.
2013 တုန်းက The Disaster Artist: My Life Inside The Room, the Greatest Bad Movie Ever Made ဆိုတဲ့ စာအုပ်တစ်အုပ်ထွက်လာတယ်။ ထို The Room ဇာတ်ကားဖြစ်လာခဲ့ပုံနဲ့ရိုက်ကူးရေးတုန်းက ဖြစ်ပျက်ခဲ့တဲ့ အလွဲတွေ၊ တိုက်ခိုက်မှုတွေ၊ အငြင်းပွားမှုတွေ၊ ဝမ်းနည်းဖွယ်ရာတွေကို ပြည့်စုံစွာ တင်ပြထားတဲ့ စာအုပ်။ ရေးခဲ့တဲ့ စာရေးဆရာကတော့ ထိုဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသား Greg Sestero ကိုယ်တိုင်ပါပဲ။ Tom Bissell ဆိုတဲ့လူတစ်ယောက်နဲ့ပေါင်းရေးပြီး ထုတ်ခဲ့တာ။ ယခု The Disaster Artist ဇာတ်ကားက ထိုစာအုပ်ကို မှီငြမ်းပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်။ James Franco ကပဲ ကိုယ်တိုင် Director လုပ်ပြီး Tommy နေရာမှာ သရုပ်ဆောင်ခဲ့တယ်။ Greg ဇာတ်ကောင်ကိုတော့ သူ့ညီဖြစ်သူ Dave Franco ကို သရုပ်ဆောင်စေခဲ့တယ်။ ကျန်တဲ့ သရုပ်ဆောင်တွေကတော့ ထုံးစံအတိုင်း သူတို့အဖွဲ့ထဲက လူတွေအကုန်လုံးနီးပါးပြန်ပါတယ်။ Seth Rogan, Alison Brie, Zac Efron တို့တွေလေ။ တစ်ခြားလူတွေကတော့ Jacki Weaver, Josh Hutcherson, Ari Graynor နဲ့တစ်ခြား ဧည့်သည်သရုပ်ဆောင်တွေ အများကြီးပါတယ်။
.
The Room ဇာတ်ကားအကြောင်းကို The Disaster Artist က ပြန်ရိုက်ထားတယ်ဆိုပေမဲ့ အရာအားလုံးက ဆန့်ကျင်ဘက်တွေ။ The Room ရဲ့မှားခဲ့တဲ့အမှားတွေအကုန်လုံးကို The Disaster Artist က ပြန်မှန်ခဲ့တယ်လို့ဆိုရမယ်။ Tommy Wiseau က The Room ကို ကိုယ်တိုင် ရိုက်ကူး သရုပ်ဆောင်ခဲ့သလို James Franco ကလည်း The Disaster Artist ကို ကိုယ်တိုင် ရိုက်ကူးသရုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ directions ကတော့ ကွာတာပေါ့။ The Room က Tragic Drama ဘက်ကိုယိမ်းခဲ့ပေမဲ့ The Disaster Artist ကတော့ Comedic Biographical Drama အဖြစ်တင်ပြခဲ့တယ်။ James Franco ဆိုတာ ကျွန်တော်ငယ်ငယ်တုန်းက Spider-man ဇာတ်ကားတွေထဲမှာပဲ စသိခဲ့ပြီး နောက်ပိုင်းမှာ အပ်ကြောင်းထပ်လာတဲ့ ဟာသတွေကိုပဲ ဖန်တီးနေတဲ့ သူတစ်ယောက်လို့မြင်ခဲ့မိတယ်။ သူ့မှာ မပေါ်သေးတဲ့ အနုပညာတွေ ရှိနေတယ်ဆိုတာကိုတော့ ရိပ်မိတယ်။ အထူးသဖြင့် ရုပ်ရှင်ကျောင်းတွေကို သူပြန်တက်ပြီး ဘွဲ့တွေဘာတွေ ပြန်ယူတယ်ကြားတော့ အထင်ကြီးမိတယ်။ နောက်တော့ အခု The Disaster Artist ကြည့်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့လုပ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းကို အစအဆုံးမြင်လာရတော့တယ်။
.
ဇာတ်ညွှန်းကပဲ ချောမွတ်တာလား၊ ရိုက်ကူးရေးကပဲ အရမ်းကောင်းခဲ့တာလား၊ တည်းဖြတ်တာကပဲ ချောမွတ်တာလားတော့ မသိဘူး။ တင်ပြထားတာ အရမ်းသွက်တယ်။ ဇာတ်ဝင်ခန်းအကူးအပြောင်းတွေဟာ နောက်လာမဲ့ ဇာတ်ဝင်ခန်းတွေအတွက် အရမ်း Supportive ဖြစ်တယ်လို့ဆိုလို့ရတယ်။ James Franco ဟာ ရုပ်ရှင်လောကမှာ ကျင်လည်လာတာ ကြာမြင့်ခဲ့လို့လားတော့ မသိဘူး။ ရုပ်ရှင် set တစ်ခုမှာ ဖြစ်ပွားနိုင်တဲ့ ပဋိပက္ခတွေ၊ အမျက်ဒေါသတွေတွေကို ပေါ်လွင်အောင်လည်း ပြသနိုင်ခဲ့တယ်။ အထူးသဖြင့် အကြိုက်ဆုံးကတော့ ဇာတ်ကောင်ကို ပေါ်လွင်အောင် တင်ပြနိုင်ခြင်းပဲ။
Tommy ဟာထူးခြားတယ်။ ရူးသွပ်တယ်။ တစ်ကိုယ်ကောင်းဆန်တယ်။ လိမ်ညာတတ်တယ်။ အိပ်မက်ရှင်တစ်ယောက်ကနေ အာဏာရှင်တစ်ယောက်အဖြစ် သရုပ်ဖော်ထားခဲ့တယ်။
ကျွန်တော်တို့ချစ်တဲ့ ရုပ်ရှင်အနုပညာအကြောင်းကို ပြောကြရအောင်။
ရုပ်ရှင် … ကျွန်တော်တို့အကုန်လုံး ချစ်ကြတယ်။ ဒါပေမဲ့ ချစ်စရာကောင်းသလို ကြောက်ဖို့လည်း ကောင်းတယ်။ Greg ကို Tommy က LA ကို ခေါ်သွားခဲ့တဲ့ လမ်းတစ်နေရာရောက်တော့ သူတို့ကားရပ်လိုက်တယ်။ အဲ့ဒီ့နေရာက မင်းသား Jams Dean accident ဖြစ်ပြီး သေဆုံးသွားခဲ့တဲ့နေရာ။ သူတို့ရဲ့အားမာန်တွေ တက်ခဲ့တဲ့နေရာလို့ပြောလို့လည်းရတယ်။ သူတို့နှစ်ယောက်စသိခဲ့တုန်းကလည်း A Streetcar Named Desire ဇာတ်ကို ဇာတ်ခုံပေါ်မှာ သင်ကြားနေတဲ့ သင်တန်းတစ်ခုမှာ။ သူတို့နှစ်ယောက်စလုံးကလည်း James Dean ကို ကြိုက်မှကြိုက်။ ဒီတော့ ထို James Dean သေဆုံးခဲ့တဲ့ လမ်းမကြီးရဲ့ဘေးမှာ သူတို့ယခုလို ဟစ်ကြွေးခဲ့ကြတယ်။
“We’ll be famous, we’ll show them!”
သူတို့မအောင်မြင်ခဲ့ကြပေမဲ့ သူတို့ကျော်ကြားခဲ့ကြပါတယ်။
.
အနုပညာမှာ အရှက်တရား ရှိသလား။ အကြောက်တရား ရှိသလား။ မိမိလုပ်ချင်တာကို လုပ်ကိုင်တာကရော အနုပညာလား။ ဇာတ်ဝင်ခန်းတစ်ခုမှာ Tommy က Greg ကို လူတွေစားသောက်နေကြတဲ့ စားသောက်ဆိုင်တစ်ခုမှာ Shakespeare ပြဇာတ်တစ်ခုကို အော်ကြီးဟစ်ကျယ် လေ့ကျင့်ခိုင်းတယ်။ Greg က ရှက်တယ်။ ဘေးမှာ လူတွေက အေးဆေးစားသောက်နေကြတယ်။ ရုတ်တရက် သူတို့က စာအုပ်တွေကိုင်ပြီး ဇာတ်ထဲကလို ထအော်နေတာဟာ မသင့်တော်လှဘူးလို့မြင်တယ်။ ဒါပေမဲ့ Tommy ကတော့ အဲ့ဒီ့လို မမြင်ဘူး။ အနုပညာသမားအစစ်ဆိုတာ ဘာပဲဖြစ်ဖြစ် ယခုလို မိမိအနုပညာကို တင်ပြနိုင်ရမယ် ဆိုပြီး Greg ကို သင်ပြတယ်။ တစ်ကယ့်ကို ကြည့်ရတာ မသင့်တော်လွန်းတဲ့ ဇာတ်ဝင်ခန်းကြီး။ ဒါပေမဲ့ ဒီဇာတ်ဝင်ခန်းကို ကြည့်ပြီး ပရိသတ်တိုင်းဟာ အနုပညာရဲ့အဓိပ္ပာယ်ကို ပြန်လည် စမ်းစစ်ကြည့်ကြမယ်လို့တော့ ကျွန်တော်တွေးမိလိုက်တယ်။ Tommy များမှန်နေသလားဆိုပြီး။
.
“Hollywood reject us, we do it on our own”
ဆိုပြီး သူတို့ကြွေးကြော်ပြီး The Room ကို ရိုက်ခဲ့ကြတယ်။ Tommy ဟာ Tennessee Williams ကို အတော်လေးရူးသွပ်ခဲ့ပုံရတယ်။ ဒါကြောင့်လည်း Tennessee Williams အမြဲပုံဖော်လေ့ရှိတဲ့ လူသားတွေရဲ့စရိုက်တွေ၊ အမူအကျင့်တွေ၊ ချစ်ခြင်းတွေနဲ့သစ္စာဖောက်ခြင်းတွေကို သူ့ဇာတ်လမ်းဖြစ်တဲ့ The Room မှာ အကုန်ထည့်ထားခဲ့တာ။ ပြီးတော့ Rebel Without a Cause ဇာတ်ကားထဲက James Dean သရုပ်ဆောင်ချက်တွေကိုလည်း သဘောကျလွန်းလို့ဖြစ်မယ်။ The Room ရဲ့အထင်ကရ အရယ်ရဆုံး စာသားတွေဖြစ်တဲ့ “You are tearing me apart, Lisa” တို့ဘာတို့ကို ထည့်သုံးခဲ့တာ။
.
Tommy ဟာ တစ်ခါတစ်ရံလိမ်ညာတတ်တယ်လို့ကျွန်တော် အပေါ်မှာ သုံးခဲ့တယ်။ သူက လိမ်ညာတယ်ဆိုတာထက် အမှားကို အမှားလို့ဝန်မခံတတ်တဲ့ အကျင့်မျိုး၊ ပြီးတော့ မနာလိုစိတ်ကလေးကလည်း ကိန်းအောင်းနေတတ်သေးတယ်။ သူဝတ်တဲ့ အဝတ်အစားစတိုင်တွေနဲ့ထားတဲ့ဆံပင်ပုံစံတွေရယ် ပြေဆိုပြုမူတဲ့ ဟန်ပန်တွေက အတော်လေး သာမာန်မဟုတ်တာကြောင့် ထုတ်လုပ်သူတွေက သူ့ကို လူဆိုး၊ လူကြမ်းနေရာမှာ သူရုပ်ဆောင်ခိုင်းတော့ သူကနာကျည်းလိုက်သေးတယ်။ ပြီးတော့ Greg က girlfriend ရပြီး girlfriend နဲ့အဆင်ပြေနေတာကိုလည်း သူကမကျေနပ်ပဲ မနာလို ဖြစ်လိုက်သေးတယ်။ ဒါပေမဲ့ သူမနာလိုတာက girlfriend ဖြစ်တဲ့ Amber ကို။ ဒီနေရာမှာ သူ့စရိုက်အမှန်ကို မသဲကွဲဘူး။ သူဟာ Greg ကို သူငယ်ချင်းတစ်ယောက်လို ခင်မင်တာလား။ မသိစိတ်ကပဲ တွယ်ငြိနေတာလား ဆိုတာပဲ။ James Franco ကလည်း သေချာအောင် မပြသွားခဲ့ဘူး။ ယခုလို သေချာအောင် မပြသွားတာက ပိုသင့်တော်တယ်လို့ထင်တယ်။
.
အမှန်တော့ Tommy ဟာ တစ်ကယ်လည်း Villain ဆန်ခဲ့တယ်။ သူ့ရိုက်ကွင်းရဲ့နောက်ကွယ်မှာ Camera သမားတစ်ယောက် ခိုးထားခဲ့တယ်။ ရုပ်ရှင် Set က crews တွေက သူ့နောက်ကွယ်မှာ သူ့အမှားတွေ၊ အူကြောင်ကြောင်နိုင်ပုံတွေကို ပြောတာတွေကို လိုက်ခိုးရိုက်ထားတယ်။ ဒါတွေဟာ လုံးဝ မလုပ်သင့်တဲ့အရာတွေ၊ တဖြည်းဖြည်းနဲ့ရိုက်ကွင်းကိုလည်း လာရင် အမြဲနောက်ကျတယ်။ နောက်ဆုံး ရေတောင်အလကား မထားပေးတာမျိုးတွေဖြစ်လာပြီး တစ်ဖွဲ့လုံးနဲ့တစ်ယောက် ဖြစ်လာတယ်။ သူက ရွဲ့ပြီး အကုန်လုံးကို ယုတ်မာနေတာ။ ဒါကြောင့် အိမ်မက်ရှင်တစ်ယောက်ကနေ အာဏာရှင်တစ်ယောက် ဖြစ်လာတယ်လို့ကျွန်တော် ပြောတာပေါ့။ ပြီးတော့ နာမည်ကြီး Directors တွေရဲ့နာမည်နဲ့တပ်ပြီး သူ့လုပ်ရပ်တွေဟာ မှန်ကန်တယ်လို့လည်း ကလေးဆန်ဆန် ပြန်ပြောတယ်။ Stanley Kubrick က သူ့လက်အောက်ငယ်သား ရုပ်ရှင်သမားတွေအပေါ် ဘယ်လို ဆက်ဆံတာတွေ၊ The Birds ဇာတ်ကားတုန်းကလည်း Hitchcock က သရုပ်ဆောင်တွေဆီကို ဌက်အစစ်တွေနဲ့လှမ်းပစ်ခဲ့ကြောင်း ပြောပြီး Director ဆိုတာ သရုပ်ဆောင်တွေ အပေါ်ဘယ်လို အနိုင်စီးရမယ်ဆိုတဲ့ စကားမျိုးတွေ ပြောသွားခဲ့တယ်။ ဒီမှာတင် သူ့ရဲ့ဖုံးကွယ်ထားတဲ့ စိတ်တွေပေါ်လွင်လာတယ်။ သူဟာ သာမာန်အားဖြင့်တော့ လူကောင်းတစ်ယောက်ပုံစံနဲ့နေထိုင်နိုင်တယ်။ ဒါပေမဲ့ သူ့ဘဝမှာ အရမ်းခင်တဲ့ မိသားစုတို့၊ မိတ်ဆွေတို့ရှိခဲ့ပုံလည်း မရဘူး။ ဘယ်သူမှလည်း သူ့ကိုခင်မင်မှာမှ မဟုတ်တာ။ ထူးထူးခြားခြား ခင်မင်ခဲ့တဲ့ Greg ကို သူအရေးပေးပြီး ဆက်ဆံခဲ့တယ်။ ဒါပေမဲ့ ကြာလာတော့လည်း Greg ကို မနာလိုတဲ့ သူ့ကိုယ်ပိုင်စိတ်က ပေါ်ထွက်လာတယ်။
.
Tommy တစ်ယောက် The Room ကို Premiere နဲ့စပြတဲ့ ဇာတ်ဝင်ခန်းဟာ တစ်ကားလုံးမှာ အကောင်းဆုံးဇာတ်ဝင်ခန်း။ အရာအားလုံးဟာ ပြောင်းပြန်တွေ ဖြစ်ကုန်တော့တယ်။ မထင်မှတ်ထားတဲ့ အရာတွေ အကုန်လုံးဖြစ်ပျက်သွားတော့တယ်။ လာကြည့်တဲ့ ပရိသတ်ဟာ ထူးခြားတဲ့ အနုပညာတစ်ခုကို မြင်တွေ့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ Tommy ကလည်း သူ့ရဲ့ဖန်တီးထားတဲ့ အနုပညာကို ကမ္ဘာကို ချပြရတော့မယ်၊ သူအောင်မြင်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ။ နောက်ဆုံးတော့ ထိုရုပ်ရှင်ရုံထဲမှာ ရှိတဲ့ လူတိုင်းရဲ့မျှော်လင့်ချက်တွေဟာ အကုန်လုံး ပြောင်းပြန်တွေ ဖြစ်သွားကြတော့တယ်။ ထူးခြားတဲ့ အနုပညာအစား ညံ့ဖျင်းလွန်းအားကြီးလို့မအောင့်နိုင်တော့ပဲ ရယ်ကုန်ကြတဲ့ ပရိသတ်တွေ၊ ထိုပရိသတ်ကိုကြည့်လိုက်၊ မိမိဖန်တီးထားတဲ့ အနုပညာကို ပိတ်ကားပေါ်မှာကြည့်လိုက်နဲ့ရှက်လည်း ရှက် ဝမ်းလည်း ဝမ်းနည်းသွားရတဲ့ Tommy ကို ကျွန်တော်တို့ပြန်ကြည့်ပြီး ပြန်ဝမ်းနည်းခဲ့ရတယ်။ ဟုတ်တယ်။ အနုပညာဟာ လူတိုင်းအတွက် မဟုတ်ခဲ့ဘူး။
တစ်ခါတစ်ရံမှာ အနုပညာဟာ နာကျင်စရာကောင်းတယ်။ လူတွေက သင်နဲ့သင့်ရဲ့အနုပညာကို ကြည့်ပြီး ဟားတိုက်ကြမယ်။ ဒီခံစားချက်ဟာ နာကျင်စရာ အကောင်းဆုံးခံစားချက်တစ်ခု။ ဒါပေမဲ့ အနုပညာဟာ အမြဲတမ်း ချစ်ဖို့ကောင်းနေအုံးမှာပါ။ ဇာတ်ဝင်ခန်းတစ်ခုမှာ Luvvie Carolynn (Jacki Weaver) က အသက်အကြီးဆုံး အဖွားအိုတစ်ယောက်ဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ပူလွန်းလို့သတိမေ့သွားဖူးတယ်။ နောက်တော့ ကျန်တဲ့ သရုပ်ဆောင်အဖွဲ့သားတွေက သူမကို မေးတယ်။ ဘာလို့အခုထိ ရုပ်ရှင်လာရိုက်နေတုန်းပဲလည်းတဲ့။ သူ့အနေနဲ့ဆို အသက်ကလည်း ကြီးပြီ။ ပြီးတော့ အောင်မြင်တဲ့ သရုပ်ဆောင်လည်း မဟုတ်ဘူး။ အိမ်မှာဆို မိသားစုနဲ့အဆင်ပြေပြေ ပြီးပြည့်စုံတဲ့ အဖွားအိုတစ်ယောက်။ ဒါတောင် ရိုက်ကွင်းကိုလာပြီး ဘာလို့သရုပ်ဆောင်တာလည်းလို့မေးတော့
“The worst day on a movie set, is better than the best day anywhere else.”
လို့ပြန်ဖြေခဲ့တယ်။
အနုပညာသမားတွေ အတွက်ကတော့ အောင်မြင်တယ်၊ ကျရှုံးတယ်ဆိုတာထက် အနုပညာကို အမြဲ ဆက်လုပ်နေရခြင်းဟာ နာကျင်စရာတွေထဲက စိတ်ကျေနပ်မှုတစ်ခုပဲ လို့ကျွန်တော် ပြောလိုက်ပါရစေ။
.
IMDb’s Rating: 8.1/ 10
Rotten Tomatoes Rating: 92%
~WH~