The Hateful Eight

Action Jun 20, 2019

Quentin Tarantino ရဲ့အဆိုရဆိုလျှင် Western ရုပ်ရှင်တွေရိုက်ကူးတဲ့ Director တစ်ယောက်လို့အမည်ခံထိုက်ဖို့ဆိုရင် အနည်းဆုံး Western ရုပ်ရှင် 3 ကား ရိုက်ကူးရပါမည်။ သူ့ရဲ့အဆိုကို သူကိုယ်တိုင် ဖြည့်ဆည်းဖို့အတွက် ဒုတိယ Western ရုပ်ရှင်ကို သူရိုက်ကူးခဲ့ပါတယ်။ ကြည့်ရတာ သူဟာ ထို Western 3 ကားကို ဇာတ်လမ်းအရ အစဉ်လိုက်ရိုက်ကူးနေပုံရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ပထမ Western ဇာတ်ကားဖြစ်တဲ့ Django Unchained ဟာ 1858 ခုနှစ် America ပြည်တွင်းစစ် မဖြစ်ခင်အချိန်လောက်မှာ ဇာတ်အိမ်တည်ထားပြီး ယခု The Hateful Eight ကိုတော့ ပြည်တွင်းစစ်ကြီးလောင်မြိုက်ပြီး နှစ်အတန်ကြာဖြစ်တဲ့ 1875 ခုနှစ်ခန့်လောက်မှာ ဇာတ်လမ်းကို တည်ထားတယ်။

The Hateful Eight ရဲ့ဇာတ်အဖွင့်ဟာ အလွန်တရာ ကြီးမားလှတယ်။ ရိုက်ချက်တွေ နဲ့ဇာတ်လမ်းကို ဆိုလိုခြင်းမဟုတ်။ တင်ပြပုံ ကြီးမားခြင်းကို ဆိုလိုခြင်းပါ။ ဇာတ်စစဖွင့်ခြင်းမှာ ပရိသတ်နဲ့အရင်ဆုံးစတင်ထိတွေ့ခဲ့တာ Ennio Morricone ရဲ့Overture ကြီး။ ထို ဇာတ်ဝင်ဂီတ Score ကြီးကို နားထောင်နေရင်းနဲ့တင် ကြက်သီးများထလောက်တဲ့အထိ ပရိသတ်ရဲ့အာရုံကို စွဲဆောင်ခဲ့တယ်။ နောက်ထပ် ပရိသတ်ကို တွေ့ထိစေတဲ့ ဒုတိယအနုပညာကတော့ Robert Richardson ရဲ့အနီးကနေ အဝေးကို မြင်ကွင်းကျဉ်းကနေ ပရိသတ်ကို မြင်ကွင်းကျယ်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်ဆောင်သွားတဲ့ Cinematography ပဲ။ နှင်းတွေပြည့်နေတဲ့ လှပတဲ့ မြင်ကွင်းကျယ်ကြီးကို တင်ပြထားပုံက အလွန်ကို အသက်ရှုများစေလှပါတယ်။ ဒီအချိန်မှာ ပရိသတ်ကို တတိယအနေနဲ့ထိတွေ့လာတာကတော့ ထိုနှုင်းမှုန်တွေကြားထဲမှာ တဖြည်းဖြည်းလိမ့်လာတဲ့ မြင်းလှည်းငယ်လေး တစ်ခု …


ဒီဇာတ်ကားရဲ့ပထမ တစ်ဝက်ခန့်က ဇာတ်သွားခြင်း အလွန် နှေးကွေးလွန်းသည်။ ပရိသတ်ရဲ့စိတ်ရှည်ခြင်းကို စမ်းသပ်နေဟန်ပင် ထင်ရသည်။
ပြင်းထန်သော မုန်တိုင်းတစ်ခုက စတင်တိုက်ခတ်တော့မဲ့နမိတ်ပြနေသည်။
ထိုမြင်းလှည်းက တစ်နေရာ အရောက်တွင် ရပ်တန့်သွားတယ်။ လမ်းမအလယ်မှာ လူမည်းတစ်ယောက် ပိတ်ရပ်နေလို့ပဲ။ အမှန်တော့ ထိုလူမည်းက bounty hunter Major Marquis Warren ဆိုသောသူဖြစ်ပြီး ဒုစရိုက်သမား 3 ယောက်ရဲ့အလောင်းကို Red Rock ဆိုတဲ့ မြို့ကလေးကို ပို့ဆောင်ဖို့အခက်အခဲရှိနေသောကြောင့် ထိုမြင်းလှည်းနဲ့ခရီးကြုံလိုက်ဖို့တောင်းဆိုရန် ပိတ်ရပ်နေခြင်းပင်။ (ဒီနေရာမှာ ထိုသူကို လူမည်းလို့ခေါ်ဝေါ်ထားတာ အကြောင်းအရင်းရှိပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါမှ ဘာကြောင့်ဆိုတာ နားလည်မည်ဖြစ်တာနဲ့ Spoiler ကို ရှောင်တာကြောင့် ဘာကြောင့်လို့ကျွန်တော် မပြောလိုပါ။) ထိုအခါ ကျွန်တော်တို့မြင်းလှည်းလေးထဲမှာ ဘယ်သူတွေပါလဲဆိုတာ သိရပြီလေ။ ထိုမြင်းလှည်းကလေးထဲတွင် John Ruth ဆိုသော 'The Hangman'’တစ်ယောက်က Daisy Domergue ဝရမ်းပြေး အမျိုးသမီး လူဆိုးတစ်ယောက်ကို အရှင်ဖမ်းလာပြီး ထို Red Rock ဆိုတဲ့ မြို့ကလေးကိုပဲ သေဒဏ်ပေးရန် ခေါ်ဆောင်လာခြင်းဖြစ်သည်။ ခရီးကလည်း ကြုံနေတယ်ဆိုပေမဲ့ သူဖမ်းဆီးလာတဲ့ လူကို ခိုးယူပြေးမှာလည်း စိုးရိမ်နေပေမဲ့ John Ruth တစ်ယောက် Marquis Warren ကို လှည်းပေါ်ကို တင်ခေါ်လာခဲ့တယ်။ ခရီးအစမှာတော့ စကားလုံးတွေနည်းပါးခဲ့ပေမဲ့ လမ်းတစ်လျှောက်မှာ Marquis Warren  ဆိုသူ လူမည်းကြီး ကိုင်ဆောင်လာတဲ့ သမ္မတ Abraham Lincoln ရဲ့စာနဲ့ပတ်သက်ပြီး သူတို့ခင်မင်သွားကြတယ်။ လမ်းရဲ့နောက်ထပ်တစ်နေရာတွင်တော့ Red Rock မြို့ရဲ့ရဲအသစ်လို့သူ့ကိုယ်သူ ပြောနေတဲ့ စစ်သားဟောင်း Chris Mannix နဲ့တွေ့ပြီး ပြင်းထန်လာတဲ့ မုန်တိုင်းကြားမှာ ထိုသူကလည်း လမ်းကြုံလိုက်ရန် တောင်းဆိုသောကြောင့် စိတ်မချရသောလည်း လှည်းပေါ်တင်ခေါ်လာခဲ့လေသည်။ ဒီနေရာတွင် Quentin Tarantino သည် ဇာတ်အစဖွင့်အခန်းတုန်းကလို ပြင်ပမြင်ကွင်းကျယ်ကြီးကို Focus မလုပ်တော့ပဲ မြင်းလှည်းအတွင်းက လူ 4 ယောက်ရဲ့ဆက်ဆံရေးကိုပဲ အထူးပြသသွားသည်။

မုန်တိုင်းက ပြင်းထန်သထက် ပိုမိုပြင်းထန်လာပေတော့သည်။ ညဘက်လည်း ရောက်လာပြီဖြစ်သောကြောင့် ခရီးရဲ့တစ်နေရာတွင် ခရီးသွားတွေနားနေရန် ဖွင့်ထားသော တည်းခိုဆောင်တဲအိမ်လေးတစ်ခုကို တွေ့သောအခါ ထိုညအတွက် သူတို့ဝင်နားရပြီလေ။

ထိုတဲအိမ်လေးထဲတွင် သူတို့ရဲ့ရှေ့တွင် ရောက်ရှိနေသော တစ်ခြား ခရီးသွား ပုဂ္ဂိုလ် 3 ဦးရှိပြီး ထိုအိမ်ရဲ့အကူ Mexican တစ်ယောက်ရှိနေလေသည်။ ထို Mexican က ထိုအိမ်ပိုင်ရှင်သည် သူမရဲ့မိခင်အိမ်ကို အလည်အပတ်သွားနေသောကြောင့် သူ့ကို ဦးစီးရန် ထားခဲ့လေသည်ဟု ဆိုသည်။ တစ်ခြား ခရီးသည် 3 ဦးက Oswaldo Mobray ဆိုသော hangman တစ်ယောက်ရယ် မိခင်အိမ်ကို အလည်အပတ်လာသော စကားနည်းတဲ့ cowboy တစ်ဦးဖြစ်တဲ့ Joe Gag ရယ် နဲ့ထိုင်ခုံမှာပဲ ထိုင်နေပြီး အသက်မဲ့နေတဲ့ စစ်တုရင်တစ်ပွဲကို တိတ်ဆိတ်ငြိမ်သက်စွာ ကစားနေတဲ့ Sanford Smithers ဆိုသော ပြည်တွင်းစစ်က စစ်ဗိုလ်ဟောင်းကြီး တစ်ဦးပဲဖြစ်ပါတယ်။

မီးလင်းဖိုက တစ်ဖြည်းဖြည်းချင်း လောင်မြိုက်လာတဲ့ မီးစလိုပဲ သူတို့8 ယောက်ရဲ့စကားဝိုင်းတွေဟာလည်း တစ်ဖြည်းဖြည်းနဲ့ပြင်းထန်လာသောအခါ ….


ဒီဇာတ်ကားမှာ အကောင်းဆုံး သရုပ်ဆောင်မှုပေးသွားတဲ့ လူ 3 ယောက်က Marquis Warren ဖြစ်တဲ့ Samuel L. Jackson ရယ်၊ John Ruth အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kurt Russell နဲ့လူဆိုးဝရမ်းပြေးအမျိုးသမီး Daisy Domergue အဖြစ် ဘဝတစ်သက်တာမှာ အကောင်းဆုံုး သရုပ်ဆောင်သွားနိင်ခဲ့တဲ့ Jennifer Jason Leigh တို့ပဲ။ အကယ်လို့ဇာတ်လမ်းရဲ့ပထမတစ်ဝက်ကို Kurt Russell က တွန်းပို့သွားနိုင်ခဲ့တယ်ဆိုရင် ဒုတိယတစ်ဝက်ကိုတော့ Samuel L. Jackson အပြည့်အဝ ပိုင်ဆိုင်တယ်။ Samuel L. Jackson ရဲ့ကြည်ဖူးသမျှရုပ်ရှင်တွေထဲတွင် ဒီဇာတ်ကောင်ဟာ သူ့ဘဝမှာ အကောင်းဆုံး ဇာတ်ကောင်လို့မြင်တယ်။ အကောင်းဆုံးဆိုတာထက် မိုက်တယ်လို့စာသံပေသံမကျတဲ့ ဗန်းစကားကို အသုံးပြုမှ ပိုမိုမှန်ကန်လိမ့်မယ်ထင်တယ်။ လူဖြူတွေကို သူရဲ့နှိပ်ကွပ်ချက်တွေက ထင်မထားလောက်အောင် ထိရောက် အောင်မြင်တယ်။

အမှန်တော့ ဒီဇာတ်ကားတွင် လူကောင်းမရှိ။ ဇာတ်လိုက်မရှိ။ ပြောရမယ်ဆိုရင် ဇာတ်ကောင်တိုင်းဟာ လူဆိုးလူပေလူတေ တွေချည်းပဲ။ လူဖြူလူမည်းခွဲခြားတဲ့ ရှေးဆန်တဲ့ အဖိုးကြီးတွေကို တွေ့ရသလို သာယာနားတဲ့ လူလည်ကောင်တွေကို ရွံရွှာစက်ဆုတ်စွာ တွေ့မြင်ပြန်သေးတယ်။ ထို့အပြင် အမြဲလိုလို ဒေါသကြီးတတ်ပြီး မိမိ ဆုတော်ငွေရဖို့ဖမ်းလာတဲ့ လူကို တစ်ခြားလူက လုယူမှာတွေနဲ့ထိုဝရမ်းပြေးဘက်က လူတွေပြန်လည်တိုက်ခိုက်ယူနေမှာတွေကို မောဟစိတ်နဲ့စိုးရိမ်နေတဲ့ လောဘသားကောင်တစ်ယောက်ကိုလည်း အထင်သေးစွာ တွေ့မြင်ရပြီး တစ်ယောက်တည်းသော အမျိုးသမီးဇာတ်ကောင်က အလွန်ထူးခြားတယ်။ ထူးခြားတယ်ဆိုတာက သူ့ရဲ့စရိုက်ကိုပြောတာ။ ယောင်္ကျားရင့်မာကြီး တစ်ယောက်က မကြာခဏ လက်သီးနဲ့ထိုးနေတာတောင် နည်းနည်းမှ မမှုပြန်ထပြီး ထွက်နေတဲ့ သွေးတွေကို မဲ့ပြုံးပြုံးပြီး သုတ်တတ်တဲ့ မိန်းမ။ စိတ်ဓာတ်ကတော့ မာပုံရတယ်။ ဒါကြောင့်လည်း ဒီဇာတ်လမ်းမှာ အဆိုးဆုံး လူဆိုးဟာ သူပဲဖြစ်မယ်။ တစ်ခန်းမှာ သူမသရုပ်ဆောင်တာကို နှစ်သက်မိတာက သူမကို ဖမ်းဆီးလာတဲ့ Bounty Hunter ကြီးက သူမရဲ့မျက်နှာကို လက်သီးပြင်းပြင်းတစ်ချက်နဲ့ထိုးလိုက်လို့မိန်းမသားပီပီ မျက်ရည်ဝဲသွားပေမဲ့ အံကိုပြန်ကြိတ်ပြီး မျက်နှာကို ခပ်တင်းတင်းပြန်ထားလိုက်တဲ့ မထေ့မဲ့မြင်ပုံစံကို Jennifer Jason Leigh အကောင်းဆုံး အပီပြင်ဆုံး သရုပ်ဆောင်နိင်သွားခဲ့လို့ဒီနှစ်အတွက် Oscar မှာ Best Supporting Actress ဆု လျာထားခံရတာ မှန်ကန်တယ်လို့တစ်ချက်လောက်ပြောချင်တယ်။

Quentin Tarantino ရဲ့ထူးခြားတဲ့ အချက်တစ်ခုက ဇာတ်ကြောင်းပြောပုံပဲ။ ဇာတ်လမ်းကို သူ စတင်ချင်တဲ့နေရာက စတယ်။ သူရဲ့ဇာတ်လမ်းတွေဟာလည်း အလွန်ရှုပ်ထွေးနေတာမရှိဘူး။ ဒါပေမဲ့ ဇာတ်လမ်းရဲ့အဆုံးမှာတော့ ဇာတ်လမ်းတစ်ပုဒ်ပြီးပြည့်စုံအောင် တင်ပြနိုင်တယ်။ ပြောရမယ်ဆိုရင် ရိုးရှင်းတဲ့ ဇာတ်အိမ်တွေကို ရှုပ်ထွေးတဲ့ ဇာတ်ကောင်တွေနဲ့အစီအစဉ်လိုက်မရှိတဲ့ ဇာတ်ကြောင်းတွေပြောပြီး လေးလံတဲ့ စကားလုံးတွေနဲ့အမြဲဖွဲ့စည်းတည်ဆောက်ထားတာဟာ Quentin Tarantino ရဲ့ ဓလေ့လိုတောင် ဖြစ်နေပြီ။ ယခု ဇာတ်ကားမှာလည်း ထိုနည်း၎င်းပဲ။ ဇာတ်လမ်းက ရိုးရှင်းလှပေမဲ့ ဇာတ်ကောင်တွေဟာ ရှုပ်ထွေးလွန်းတယ်။ ထို့ကြောင့်လည်း သူ့ရဲ့ဇာတ်ကောင်တွေဟာ အမြဲလိုလို စိတ်ဝင်စားဖို့ကောင်းနေခဲ့တာပေ့ါ။ ထို့ကြောင့် သူဟာ တော်တဲ့ Director တစ်ယောက်ဖြစ်ရုံသာမက တော်တဲ့ဇာတ်ညွှန်းရေးဆရာတစ်ယောက်လို့လည်း အမည်ခေါ်ထိုက်ပါပေတယ်။

ဒီဇာတ်ကားမှာ မပြောမဖြစ်ပြောရမဲ့ အကြောင်းအရာတစ်ခုက အသုံးပြုခဲ့တဲ့ 70-millimetre film ပဲ။ တစ်ကားလုံးကို ထို Format နဲ့ပဲ ရိုက်ကူးတင်ဆက်သွားခဲ့တယ်။ ထို Format ကလည်း အမှန်အကန် Epics ဇာတ်ကားကြီးတွေအတွက် သုံးလို့ကောင်းမှကောင်း။ Ultra Panavision 70 lenses ကို cinematographer Robert Richardson က အသုံးပြုခဲ့တာကိုး။ ထို့အတွက်ကြောင့် မြင်ကွင်းက အလွန်ကျယ်လွန်းတယ်။ ထို   Ultra Panavision 70 lenses ဆိုတာ ကမ္ဘာကျော် Ben-Hur ဇာတ်ကားကြီးတို့ The Fall of the Roman Empire ဇာတ်ကားတို့တုန်းကလည်း အသုံးပြုခဲ့တဲ့ Format ပဲလေ။ ဒါပေမဲ့ ကြည့်နေရတဲ့ ရုပ်ရှင်ရုံရဲ့ပိတ်ကားက သေးနေရင်တော့ ထို 70-millimetre film format လည်း သိပ်တော့ အသုံးမဝင်လှပါဘူး။ ထို့ကြောင့် ပြောချင်တာက ဒီဇာတ်ကားကြည့်တော့မယ်ဆိုရင် ဒီရုပ်ရှင်ရဲ့အရသာကို အပြည့်အဝခံစားဖို့ကိုယ်ကြည့်မဲ့ ပိတ်ကား (သို့မဟုတ်) TV screen sizes တွေကို အရင်သုံးသပ်ပြီး သင့်တယ်လို့ထင်တယ်။ ထားပါ။ ပြောချင်တာက ထို Format က Outside Locations တွေအတွက် အလွန်အသုံးဝင်တဲ့ Format တစ်ခုဖြစ်ပေမဲ့ ယခုဇာတ်ကားတွင် အပြင်ရော အတွင်းမှာပါ အကောင်းဆုံး အသုံးတည့်ဆုံးဖြစ်အောင် ရိုက်ကူးတင်ပြနိုင်သွားတဲ့ cinematographer Robert Richardson တစ်ယောက်ကို အလွန်ချီးမွမ်းသင့်တယ်။ ဒီဇာတ်ကားရဲ့ပြသချိန်တစ်ဝက်ကျော်ကျော်ခန့်ဟာ လှည်းအတွင်းနဲ့တဲအိမ်အတွင်းတစ်ခုတည်းမှာပဲ အများဆုံးတင်ပြထားတာကြောင့် ထို Inside Locations တွေကို 70-millimetre နဲ့တင်ပြသွားတာ ကျွန်တော့်အတွက်တော့ ချီးမွမ်းလို့မဆုံးနိုင်ဘူးဗျာ။ တစ်ကယ်ပါ။

ကျွန်တော်အထက်မှာ ဇာတ်ကောင်တွေကို ထင်မြင်ယူဆချက်များကို ဖော်ပြခဲ့ပြီးပါပြီ။ အခု ပြောချင်တာက ဒီဇာတ်လမ်းကို သုံးသပ်တဲ့အခါ တွေ့ရှိခဲ့တဲ့ နောက်ကွယ်က Themes တွေကိုပဲ။ Quentin Tarantino ဟာ ယခု ဇာတ်ကားအပါအဝင် သူ့ရဲ့နောက်ဆုံး နှစ်ကားမှာ လူဖြူလူမည်းအရေးနဲ့ပတ်သတ်ပြီး မသိမသာလေး ဇောင်းတင်ပြသထားတယ်။ ဒီဇာတ်လမ်းမှာ ဇာတ်ကောင်တွေ အသီးသီးရဲ့ကွဲပြားခြားနားချက်တွေကို တွေ့မြင်စေတယ်။ ဥပမာ ယောင်္ကျားများနဲ့မိန်းမ၊ တောင်ပိုင်းသားတွေနဲ့မြောက်ပိုင်းသား ထို့နောက် စောစောက ပြောခဲ့တဲ့ လူဖြူတွေနဲ့လူမည်းတွေ ... သာမာန်ကြည့်ရင် ဒီဇာတ်ကားဟာ ကြမ်းတမ်းတဲ့ ပြချက်တွေနဲ့တင်ဆက်ထားတဲ့ သာမာန်ဇာတ်ကားတစ်ကားလို့ထင်ရပေမဲ့ ဇာတ်လမ်းရဲ့အနက်တစ်နေရာမှာ ယခုကဲ့သို့ကွဲပြားခြားနားခြင်းဆိုတဲ့ အရာတွေကို တင်ပြထားတာကို တွေ့မြင်ခဲ့ရတယ်။ ဒါဟာလည်း Quentin Tarantino ရဲ့သူများနဲ့မတူ ရှားပါးတဲ့ အစွမ်းတွေထဲက တစ်ခုပဲလေ။

ဒုတိယမြောက် Reservoir Dogs လို့တောင် သမုတ်လို့ရတဲ့ ယခု ဒီ The Hateful Eight ဇာတ်ကားကို လူတစ်ချို့က Quentin Tarantino ရဲ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားမဟုတ်ဘူးလို့သတ်မှတ်ခဲ့ကြပေမဲ့ ကျွန်တော့်အတွက်တော့ Quentin Tarantino ရဲ့အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားပါပဲ။ ပြသချိန် 187-minute တောင် ကြာပေမဲ့ တစ်မိနစ်လေးမှ ငြီးငွေ့စရာ ကောင်းတယ်လို့မထင်ရလောက်အောင်ကို ကျွန်တော်နှစ်သက်ခဲ့တယ်။ ထင်မှတ်မထားတဲ့ ဇာတ်အပြောင်းအလဲတွေ ဇာတ်ကောင် အပြောင်းအလဲတွေ မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေ ပရိသတ်တွေရော ပါဝင်တဲ့ ဇာတ်ကောင်အချို့မသိတဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ သွေးသံတရဲရဲနဲ့ပြင်းထန်ရက်စက်တဲ့ တင်ပြချက်နဲ့ဒီဇာတ်ကားကို တန်ဆာဆင်ထားခဲ့တယ်။ ကျွန်တော့်အမြင်ပြောရရင် ဒီဇာတ်ကားဟာ Quentin Tarantino ရိုက်ဖူးသမျှဇာတ်ကားတွေထဲမှာ သွေးအများဆုံး အသုံးပြုခဲ့တဲ့ ဇာတ်ကားဖြစ်မယ်။ Bloody Action တွေကိုမှ နှစ်သက်တဲ့ ပရိသတ်တွေအနေနဲ့ကတော့ လုံးဝကို လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့လည်း ပြောလိုက်ချင်ပါတယ်။

စန္ဒာရားတီးနေတဲ့ လူတစ်ယောက် …
အခြား လူတစ်ယောက်က နောက်လူတစ်ယောက်ကို သေနတ်ချိန်ရင်း ....
ပူလောင်နေတဲ့ ကော်ဖီအိုးလေး လှုပ်ရှားသွားတယ် …
ဒါတွေ အကုန်လုံးကို မြင်တဲ့ လူတစ်ယောက် …
တုံနှိဘာဝေ တိတ်ဆိတ်နေကြတဲ့ သူများ …

ကဲဗျာ …. Quentin Tarantino ရဲ့တတိယမြောက် Western ရုပ်ရှင်ကို စောင့်စားကြတာပေါ့ဗျာ ….

IMDb Rating: 9/10
Rotten Tomatoes Rating: 75%

~WH~

Tags