The Jungle Book (2016)

The Jungle Book (2016)

Lessons Learned

Disney ရဲ့ယခုနှစ်ထွက်ရှိတဲ့ ဇာတ်ကားတွေကို ကျွန်တော် အလေးထားပြီး ကြည့်မိခဲ့တယ်။ ဟိုတလောတုန်းကလည်း Zootopia ဇာတ်ကားအကြောင်းနဲ့ပတ်သက်ပြီး သင်ယူခဲ့ရတဲ့ သင်ခန်းစာလေးတွေအကြောင်းကို ရေးသားခဲ့ဖူးပါပြီ။ ယခုလည်း ထိုနည်း၎င်းပဲ Jungle Book (2016) ဇာတ်ကားနဲ့ပတ်သက်ပြီး စိတ်ကူးထဲကို ဝင်ရောက်လာတဲ့ အတွေးစလေးတွေနဲ့ပတ်သက်ပြီး သင်ခန်းစာလေးတွေကို ရေးလိုက်ပါတယ်။

ပထမဆုံး သတိထားမိတာတစ်ခုက Unconditional Love ပဲ။ အဓိကဇာတ်ကောင် Mowgli ကို မွေးစားခဲ့ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ဝံပုလွေမ Raksha ရဲ့Mowgli အပေါ်မှာ ထားတဲ့ မိခင်စိတ်ပဲ။ မိခင်တိုင်းရဲ့မေတ္တာဟာ အလွန်တရာကြီးမားလှတယ်ဆိုတာ လူသားတိုင်းသိကြပါတယ်။ အထူးတလည်ကြီး ကျွန်တော်ရေးပြနေစရာမလိုဘူးထင်ပါတယ်။ မိခင်တိုင်းရဲ့မေတ္တာဆိုပေမဲ့ ဒီဇာတ်ကားထဲက မိခင်ဟာ သာမာန်မိခင်မဟုတ်ဘူး။ မွေးစားမိခင်။ မွေးစားတယ်ဆိုတာတောင် သူတို့တွေ့လို့ခေါ်ယူမွေးစားခဲ့တာမဟုတ်ဘူး။ ကျားသစ်နက်ကြီး Bagheera က သူတို့ကို ပေးခဲ့လို့မွေးစားခဲ့တာ။ နောက်တစ်ချက်က သူတို့နဲ့မျိုးတူသတ္တဝါမဟုတ်တဲ့ နောင်တစ်ချိန်မှာ အန္တရာယ်ကြီးမားတယ်လို့ယူဆရတဲ့ လူသားမျိုးနွယ်တစ်ယောက်ကို မွေးစားခဲ့တာ။ ဒါပေမဲ့ မေတ္တာမပျက်ခဲ့ပါ။ သူမရဲ့သားသမီးရင်းခြာတစ်ယောက်ကဲ့သို့စိတ်မှာ မှတ်ထင်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ Mowgli တစ်ယောက် တောထဲကနေ ထွက်ခွာရတော့မယ်ဆိုတဲ့ အချိန်မှာ သူမတို့သားအမိနှစ်ယောက်ရဲ့နှုတ်ဆက်ခန်းဟာ ကျွန်တော့်အတွက် ကျွန်တော့်ရဲ့မေမေကို အလွန်သတိရမိစေတဲ့အထိပါ။ ဒီနေရာမှာ ကျွန်တေ်ာတို့ သိပြီးသားအသိတစ်ခုကို သတိပေးလိုက်တာတစ်ခုက မိခင်မေတ္တာရဲ့ကြီးမားပုံကိုပဲ။


ဒုတိယတစ်ချက် ကျွန်တော်တို့ကို မသိမသာလေး ပြောပြသွားတဲ့အချက်တစ်ခုက Traditions ဆိုတာပဲ။ အထူးသဖြင့် မိဘဖြစ်သူတွေ မိမိရဲ့ရင်သွေးတွေကို ပြုစုပျိုးထောင်တဲ့အခါ အလွန်တရာ အရေးပါတဲ့အချက်တစ်ခုပါ။ ခေတ်ကာလပြောင်းလဲလာတော့ ထိုအချက်က တစ်ချို့လူတွေအတွက် အရေးပါတဲ့အရာတော့ ဖြစ်မလာခဲ့တော့တာကြာပေါ့။ ဇာတ်လမ်းရဲ့တစ်နေရာမှာ Mowgli ကို ကျားသစ်နက်ကြီး Bagheera က ဆင်တွေကို တွေ့တဲ့အခါ ဦးညွတ်အလေးအနက်ပေးရမယ်ဆိုပြီး သင်ပေးတယ်။ ဒါဟာ တောတွင်းရဲ့အစဉ်အလာတစ်ခုလို့သူက သင်ပြတယ်။ Old and Powerful ဖြစ်သူတွေကို အလေးပေးတဲ့အနေနဲ့ဦးညွတ်ခြင်းပဲလို့ရှင်းပြတယ်။ တစ်ကယ်တော့ သူရှင်းပြတဲ့အရာက အစဉ်အလာဆိုတာ ဘဝရဲ့အခြေအမြစ်လို့သတ်မှတ်လို့ရတယ်။ ကောင်းမွန်တဲ့ အလေ့အထလေးတွေကို မိဘဖြစ်သူတွေက သားသမီးတွေကို သူတို့ကြီးပြင်းလာတဲ့ အခါလောကရဲ့ဇာတ်ခုံပေါ်မှာ ကျင်လည်စွာကပြနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်ပဲ။ ဓလေ့ဆိုတာ မေ့ပျောက်ဖို့နဲ့အလွယ်တကူ ဖျောက်ပစ်လို့ရနိုင်တယ်အရာတစ်ခု မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဓလေ့ဆိုတဲ့အရာတွေကပဲ လူသားတွေကို ပေါင်းစည်းပေးတဲ့အရာတစ်ခုပဲဖြစ်တယ်လို့ကျွန်တော်မြင်မိတယ်။ Harmony ဖြစ်တဲ့ လောကကြီးဖြစ်ဖို့ဆိုရင် မျိုးရိုးစဉ်ဆက်အလိုက် လေးစားမှုလေးတွေ ထားတတ်ရမယ်ဆိုတာ ငယ်ရွယ်တဲ့ လူငယ်တွေသိထားသင့်တယ်လို့ယူဆမိတယ်။ သူတို့တောထဲမှာတောင် တိရိစ္ဆာန်တွေ တစ်ကောင်နဲ့တစ်ကောင် အလေးမထားရင် ငြိမ်းချမ်းရေးဆိုတာ ပျောက်ကွယ်နေပါလိမ့်မယ်။


တစ်ချို့ကလေးတွေအတွက် အရေးပါတဲ့အချက်တစ်ခုက ကွဲပြားခြားနားခြင်းကို အားမငယ်မိစေဖို့ပဲ။ တစ်ချို့ကလေးတွေဟာ ထူးထူးခြားခြား အကြောင်းအရာတစ်ခုခုကြောင့် သာမာန်ကလေးတွေနဲ့ကွဲပြားနေတတ်ကြပါတယ်။ ဒီနေရာမှာ ထိုကလေးအများစု ဖြစ်တတ်ကြတဲ့ စိတ်က အားငယ်ခြင်းပဲ။ မိမိကိုယ်ကို အားငယ်တတ်ကြတယ်။ ဒါပေမဲ့ Jungle Book ရုပ်ရှင်လေးရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Mowgli ဟာ သိကြတဲ့အတိုင်း သူကြီးပြင်းတဲ့ နေရာမှာ သူဟာ တမူကွဲပြားနေတဲ့ဇာတ်ကောင်လေးဖြစ်နေပေမဲ့ ဘယ်တော့မှ အားမငယ်ခဲ့ပေ။ ကွဲပြားခြင်းဟာ ပိုမိုကောင်းမွန်ခြင်းလို့သူ လက်ခံခဲ့တယ်။ မိမိကိုယ်ကို မိမိလက်ခံခြင်းဟာ မည်မျှအရေးပါသလဲဆိုရင် နောက်ဆုံးခန်းမှာ Mowgli ဟာ ရန်သူတော်ကျားကြီး Shere Khan ကို တိုက်ခိုက်ဖို့ထလိုက်တဲ့အခါ သူ့ကိုယ်သူ ဝံပုလွေတစ်ကောင်လို တိုက်ခိုက်မယ်လို့ကြွေးကြော်လိုက်တော့ ဆရာဖြစ်သူ Bagheera က မင်း ဝံပုလွေတစ်ကောင်လို မတိုက်ခိုက်ရဘူး။ လူသားတစ်ယောက်လို တိုက်ခိုက်ရမယ်လို့ပြောလိုက်ခြင်းဟာ မိမိရဲ့ဖြစ်တည်မှု မိမိရဲ့စွမ်းရည်နဲ့မိမိကိုယ်မိမိ လက်ခံနိုင်ဖို့ဆိုတာကို ပြသလိုက်တာပဲ။


ထို့အပြင် ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဖတ်ခဲ့မိတဲ့ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ HR တွေကို ရည်ရွယ်ပြီးရေးထားတဲ့ ဆောင်းပါးလေးတစ်ခုဖတ်ရတယ်။ ထိုဆောင်းပါးထဲက အကြောင်းအရာတွေကို ပြန်ပြောရမယ်ဆိုရင် ပထမဆုံးအရာက Promoting Diversity တဲ့။ လုပ်ငန်းခွင်တစ်ခုမှာ လူမျိုးပေါင်းစုံ အရောင်အသွေးမျိုးစုံ ရှိနိုင်တယ်လေ။ ထိုလူမျိုးစုံအတွက် ကွဲပြားခြားနားခြင်းတွေကို လက်ခံနိုင်ဖို့ပဲ။ တောထဲက တိရိစ္ဆာန်တွေပဲ ဖြစ်ဖြစ် ပြင်ပလောကက လူသားတွေပဲဖြစ်ဖြစ် မိမိတို့ရဲ့ကိုယ်ပိုင် Roles နဲ့Responsibilities ရှိကြတယ်လေ။ ထို့အတူပဲ လုပ်ငန်းခွင်ပိုင်းနဲ့ပြောရမယ်ဆိုရင် Company တစ်ခုတည်းမှာ ဆိုပေမဲ့ ကွဲပြားခြားနားတဲ့ အလုပ်တွေကို ကိုယ်စီ အသီးသီး လုပ်ကိုင်နေကြရတာပဲလေ။ ထို့ကြောင့် ဘယ်တာဝန်ကိုပဲ လုပ်ဆောင်လုပ်ဆောင်ရ အလုပ်သမားတိုင်းရဲ့အလုပ်တိုင်းဟာ Company အတွက် အရေးပါတယ်ဆိုတာ လုပ်ငန်းခွင်က အလုပ်သမားတိုင်း သိထားသင့်ပါတယ်။ ဒီအချက်ဟာ လုပ်ငန်းခွင်တွင်မကပဲ ပြင်ပ လူ့လောကမှာပါ အရေးပါတဲ့အချက်တစ်ခုပါ။ အဘယ်ကြောင့်ဆိုသော် လူသားတိုင်းဟာ လောကကြီးအတွက် တစ်နေရာရာကနေ ဖြည့်ဆည်းပေးသွားကြပြီး လောကကြီးထဲကနေ ထွက်သွားခဲ့ကြတာလေ။

နောက်တစ်ချက်က လုပ်ငန်းခွင်အတွင် အနိုင်ကျင့်ခြင်းဆိုတာကို ရှင်းပြထားတယ်။ စစ်တမ်းတွေ ကောက်ချက်အရ အလုပ်သမား 3 ယောက်မှာ အနည်းဆုံး 1 ယောက်လောက်က သူတို့ရဲ့အလုပ်မှာ မပျော်ရွှင်ကြဘူးတဲ့။ အဓိကအကြောင်းအရင်းကတော့ လုပ်ငန်းခွင်အတွင်း ရာထူးကြီးသူက ရာထူးငယ်သူကို Seniors တွေက Juniors တွေကို အစရှိသည်ဖြင့် အနိုင်ကျင့်ဆက်ဆံကြခြင်းဆိုတာပဲ။ ဒီနေရာမှာ ကျားကြီး Shere Khan ကို ဥပမာထားပြီး ပြောထားတာပဲ။ နေရာတိုင်းမှာ ဘုရင်ဖြစ်ချင်တဲ့ သတ္တဝါကတော့ ရှိစမြဲပဲလေ။ ဒါပေမဲ့ ခွန်အားကို အသုံးပြုပြီး ကြီးနိုင်ငယ်ညှင်းဆက်ဆံသွားတဲ့ ကျားကြီးရဲ့နိဂုံးဟာ ဘာဖြစ်သွားသလဲ? မည်သည့် တိရိစ္ဆာန်မှ သူ့ဘက်မပါတော့ပဲ သူ့ရဲ့နိဂုံးဟာလည်း မလှပစွာနဲ့သိမ်းသွားခဲ့ရတယ်။ ဒါကို ဥပမာ ထားပြီးကြည့်မယ်ဆိုရင် ရာထူးကြီးသူပဲဖြစ်စေ ခေါင်းဆောင် သူဌေးပဲဖြစ်စေ ထိုကဲ့သို့ပဲ ကြီးနိူင်ငယ်ညှင်း ဆက်ဆံမှုတွေ ရှိနေမယ်ဆိုရင် ထို Company ရဲ့Productivity တွေလည်း ကျဆင်းလာနိုင်သလို ဆန္ဒမပါတော့တဲ့ နောက်လိုက်တွေနဲ့အတူ ပျက်ယွင်းမှူကိုပဲ ဦးတည်သွားနိူင်ပါတယ်။ ထိုအရာက လုပ်ငန်းခွင်သာမက မိသားစုအရေးနဲ့ပါသက်ဆိုင်နေပါတယ်။ အိမ်ထောင်ဦးစီးလုပ်သူ ယောင်္ကျားသည် ဇနီး နှင့် သားသမီးတွေကို အနိုင်ကျင့်စွာ ဆက်ဆံနေပါက ခေါင်းဆောင်းကောင်းတစ်ယောက်ဖြစ်မလာတဲ့ အတွက် ထိုမိသားစုလည်း ပြိုကွဲပျက်စီးနိုင်ပါတယ်။

နောက်တစ်ချက်က Mentoring။ အလွန်အရေးပါတဲ့ အချက်တစ်ခုပဲ။ ခေါင်းဆောင်ပိုင်းကို ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ သင်ကြားမှုပိုင်းဆိုင်ရာကို ပြောပြထားခြင်းပါ။ ဇာတ်ကားထဲမှာ ကျားသစ်နက်ကြီး Bagheera ဟာ Mowgli အတွက်တော့ အလွန်ကို တန်ဖိုးကြီးမားတဲ့ ဆရာတစ်ဆူပဲဖြစ်တယ်။ အကယ်၍ Bagheera သာ မရှိခဲ့လျှင် Mowgli တစ်ယောက် တောတွင်းထဲတွင် ယခုကဲ့သို့ကျင်လည်နိုင်မည် မဟုတ်ပေ။ ဇာတ်ကားအစမှာကတည်းက Bagheera သည် Mowgli ကို တောတွင်း နေထိုင်နည်းတွေကို နေ့စဉ်သင်ကြားပေးနေတာကို တွေ့ခဲ့ရတယ်။ ဆရာကောင်းတစ်ဆူဆိုတာ ဘယ်အရာနဲ့မှ လဲလှယ်ဖို့မဖြစ်နိုင်တဲ့အရာပါ။ ထိုကဲ့သို့ပင် လုပ်ငန်းခွင်ကို စဝင်တဲ့ လူငယ်လေးတွေအတွက် သူတို့ကို နည်းစနစ်တကျသင်ပြပေးမဲ့ ဆရာတစ်ယောက် ထိုအလုပ်မှာ ရှိနေခြင်းဟာ အလွန်အရေးပါလှပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ အလုပ်အတွင်း စိတ်ဖိစီးမှုများကို လျော့ချခြင်းပဲ။ ထို့အကြောင်းအရာကိုတော့ ကျွန်တော့်အချစ်ဆုံးဇာတ်ကောင်ဖြစ်တဲ့ ဝက်ဝံကြီး Baloo ကို ဥပမာထားပြီး ပြောသွားတယ်။ ဇာတ်ကားတစ်ကားလုံးမှာ Stress မရှိဆုံး ဇာတ်ကောင်မှာ Baloo ပဲလေ။ သူ့ကိုကြည့်ပြီး ပရိသတ်တွေတောင် ရင်ထဲမှာရှိတဲ့ အပူမီးတွေ ငြိမ်းစေတယ်။ ထို့ကြောင့် လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး ဒီနေရာမှာ ကျွန်တော်တို့စတင်သိထားရမဲ့အချက်တစ်ခုက အပြစ်ကင်းစွာ ကောင်းမွန်ခြင်းဆိုတဲ့ Perfection ဆိုတာအမြဲတမ်းရနိုင်တာမဟုတ်ဘူးဆိုတာပဲ။ ထို့အတွက် End result ဖြစ်တဲ့ Perfection တို့ Imperfection တို့ကိုကြည့်နေမဲ့အစား Progress ဆိုတဲ့ တိုးတက်လာမှုကို ကြည့်ပြီး ကျေနပ်ဖို့ပါပဲ။ မိမိရဲ့တိုးတက်လာမှုကို မိမိလက်ခံနိုင်ဖို့ပဲ။ ရည်ရွယ်ချက်တွေ ကြီးကြီးမားမားထားပြီး မျှော်မှန်းသိလို ဖြစ်မလာတော့ နောက်ဆုံးမိမိပဲ စိတ်ထိခိုက်နာကျင်ခံစားကြရပါတယ်။ ထို့အပြင် Workplace stress ကို ရှောင်ရှားဖို့အတွက် ဆေးတစ်ခွက်က Relaxing ဆိုတဲ့ သင့်တင့်လိုအပ်တဲ့ အနားယူခြင်းဆိုတာပဲ။ ထိုဆေးဟာ အလုပ်သမားတိုင်း သောက်သုံးသင့်ပါတယ်။ မဟုတ်ရင်တော့ Workplace Performance ဆိုတဲ့ မိမိရဲ့စွမ်းဆောင်ရည်ကိုပါ ထိခိုက်နိုင်တယ်ဆိုတာ အလုပ်လုပ်နေတဲ့သူတိုင်း သိကြပါလိမ့်မယ်။


ဒီဇာတ်လမ်းမှာ တိရိစ္ဆာန်တွေအချင်းချင်းထားတဲ့ ဥပဒေ တစ်ခုရှိတယ်။ နွေကာလရဲ့အချိန်တွေမှာ တောတွင်းမှာ ရေအိုင်ကြီးထဲက ရေကို အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ သောက်သုံးနိုင်ခြင်းဆိုတဲ့ သဘောတူညီမှု တစ်ခုပဲ။ သဘောကျမိတဲ့ ပြကွက်တစ်ခုက ထိုကဲ့သို့သော် အချိန်မျိုးမှာ မိကျောင်းတစ်ကောင်ရဲ့ပါးစပ်ဝမှာ ဌက်ကလေးတစ်ကောင် လာရောက်နားခိုနေတာတောင် ထိုမိကျောင်းက ဌက်ကလေးကို မစားသောက်ခဲ့ပါဘူး။ ကျားကြီး Shere Khan ဟာ Mowgli ကို ရန်မူတဲ့ စကားဆိုလာတော့ မိခင်ဖြစ်သူ ဝံပုလွေမရဲ့ဒီအချိန်ကာလဟာ ငြိမ်းချမ်းရေးကာလဆိုတဲ့ သတိပေးစကားကို ကျားကြီး Shere Khan ကိုယ်တိုင် လေးစားပြီး ရန်မမူပဲ ထွက်ခွာသွားခဲ့ပါတယ်။ ထို့အပြင် ထို နွေ ငြိမ်းချမ်းရေး ကာလ တစ်လျှောက်လုံးမှာလည်း ကျားကြီး Shere Khan ဟာ  Mowgli လေးကို လာရောက် ရန်မပြုခဲ့ပါဘူး။ ဒါကို ကြည့်ချင်းအားဖြင့် သဘောတူညီချက်တွေ လိုက်နာရမဲ့ ဥပဒေတွေကို အလေးထားရမယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ကျွန်တော်တို့ပြင်ပလောကက လူသားတွေလည်း စည်းကမ်းကျင့်ဝတ်တွေ သဘောတူညီချက်တွေ ဥပဒေတွေကို လိုက်နာတတ်တဲ့ မွန်မြတ်တဲ့ အကျင့်ကောင်းလေးတွေကို ပိုင်ဆိုင်ထားခဲ့ကြမယ်ဆိုရင် ဒီကမ္ဘာလောကကြီးဟာ ငြိမ်းချမ်းတဲ့ လောကကြီး တစ်ခုဖြစ်ခဲ့တာ ကြာခဲ့ပြီပေါ့လေ။


Jungle Book ရုပ်ရှင်ဟာ တွေးစရာအတွေးတွေ ပြည့်နေခဲ့တယ်။ ဖြည့်စွက်ပြောချင်တဲ့ အချက်တစ်ခုက Mowgli ရဲ့ ခရီးတစ်လျှောက်မှာ သူ့ကို ကူညီတဲ့ တိရိစ္ဆာန်တွေပဲ တွေ့ခဲ့ရတာ မဟုတ်ပါဘူး။ သူ့ကို ရန်ပြုတဲ့ တိရိစ္ဆာန်တွေရော လိမ်လည်လှည့်ဖြားပြီး စားသောက်ဖို့ကြံရွယ်ခဲ့ကြတဲ့ တိရိစ္ဆာန်တွေရောနဲ့ပါ သူကြုံတွေ့ခဲ့ရပါတယ်။ ဥပမာပြောရရင် မြွေမကြီး Kaa လိုမျိုးပေါ့။ ဒါကြောင့် ဘဝနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကတော့ လူတိုင်းကို အလွယ်တကူ မယုံကြည်ဖို့ပဲ။ ဒါပေမဲ့ သိထားရမဲ့ အကြောင်းတစ်ချက်ကတော့ လူတိုင်းကို အလွယ်တကူ မယုံကြည်သင့်ပေမဲ့ မိမိကို ယုံတဲ့လူတွေကိုတော့ တန်ဖိုးထားတတ်ဖို့ပဲ။


နောက်ဆုံးအချက်ကတော့ ကလေးတွေ အတွက်သာမက လူကြီးတွေအတွက်ပါ အလွန်အရေးပါတဲ့ တစ်ချက်ကို ကျွန်တော် မြင်ခဲ့မိတာက လူတိုင်းလူတိုင်း သတ္တာဝါတိုင်းကို ကူညီရန်ဆိုတဲ့ စိတ်ဓာတ်ပဲ။ ဒီဇာတ်ကားထဲမှာ Mowgli ဟာ သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ သူ့တွေ့ခဲ့တဲ့ သတ္တဝါတိုင်းကို ကူညီခဲ့တယ်။ ပတ်ဝန်းကျင်နဲ့လိုက်ဖက်မှု အရှိဆုံးဖြစ်အောင် သင့်တင့်စွာ နေထိုင်ခဲ့တာ မဟုတ်ဘူး။ သူ့ရဲ့ပင်ကိုစိတ်ဓာတ်ခံကိုက လိုလိုလားလားနဲ့သတ္တဝါတွေရဲ့အကျိုးကို ကြည့်ရှုပြီး ကူညီပေးခဲ့တာ။ ဥပမာပြောရမယ်ဆိုရင် ညအချိန်သူအိပ်နေချိန်မှာ ဆင်တွေရဲ့အော်သံကြားလို့သူသွားကြည့်ခဲ့ပြီး ချောက်ကမ်းပါးထဲကို ကျနေတဲ့ ဆင်ပေါက်လေးကို အပေါ်ကို ဆွဲတင်ဖို့သူကြိူးစားကူညီပေးခဲ့တယ်။ ဒါဟာ သူ့ရဲ့ပင်ကိုယ် စိတ်ဓာတ်သက်သက်ပဲ။ ယနေ့ခေတ်ရဲ့ရေပေါ်စီ နေ့စဉ်လူသားတွေလို အကျိူးလိုလို့ညောင်ရေလောင်းခဲ့တာ မဟုတ်ဘူး။ ဒါကြောင့်လည်း Mowgli ဟာ သတ္တဝါတိုင်းရဲ့ ချစ်ခင်ကြင်နာမှုကို ရရှိခဲ့တာပေ့ါ။ စဉ်းစားကြည့်လိုက်ရအောင်ဗျာ။ အကယ်၍ Mowgli သာ ထိုကဲ့သို့သော စိတ်ထားမြင့်မြတ်ကြင်နာသနားတတ် ကူညီတတ်တဲ့ ကလေးတစ်ယောက် မဟုတ်ခဲ့ပဲ ဆိုးသွမ်းပြီး တစ်ကိုယ်ကောင်းဆန်တတ်တဲ့ အကျင့်စရိုက်လေးကို မသိမသာပိုင်ဆိုင်တဲ့ ကလေးတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင် နောက်ဆုံးခန်း ရန်သူတော်ကျားကြီး Shere Khan နဲ့တိုက်ခိုက်တဲ့အခန်းမှာ သူ့ကိုတောထဲက တစ်ခြားတိရိစ္ဆာန်တွေ အကုန်လုံးက ဝိုင်းဝန်းပြီး ကူညီကြပါ့မလား? ကျွန်တော်တော့မထင်ဘူး။ မျိုးမတူတဲ့ ဒီကလေးလေး ဒီအရွယ်တောင် ရောက်လာမှာ မဟုတ်ပဲ တောထဲက တိရိစ္ဆာန်အကြီးတစ်ကောင်ကောင်ရဲ့အစာဖြစ်သွားခဲ့မိမှာပါ။ ထို အရာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့လူသားတွေရဲ့နေ့စဉ်ပြင်ပ ဘဝမှာ အကောင်းဆုံးနေထိုင်ရန် မြင့်မြတ်တဲ့ စိတ်ထားကို ပိုင်ဆိုင်ဖို့သတိရမိစေပါတယ်။ ကျွန်တော်တို့တွေ လမ်းသွားရင်းပဲ ဖြစ်စေ ဘယ်နေရာ ဘယ်အချိန် ဘယ်လိုအခြေအနေမျိုးမှာပင်ဖြစ်စေ မိမိကူညီနိုင်တဲ့အကူအညီကို အကူအညီလိုအပ်နေတဲ့ လူတွေ နေရာတွေ အရာတွေမှာ ပေးကမ်းကြရအောင်ဗျာ။ ခက်ခဲတဲ့ အရာတော့ မဟုတ်လှပါဘူး။ အကျင့်တစ်ခုလို လေ့ကျင့်ပေးရင်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အကျိုးတရားကိုတော့ မမျှော်မှန်းတတ်ပါစေနဲ့ပေါ့ဗျာ။


ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ခံစားချက်တစ်ခုကိုပြောရမယ်ဆိုရင် အသိညီမတစ်ယောက်ပြောခဲ့တဲ့ သူခံစားခဲ့ရတာလေးကို ကျွန်တော်နားလည်လိုက်တယ်။ ဇာတ်ကားရဲ့အဆုံးခန်းမရောက်ခင် နာကျည်းနေတဲ့ Mowgli လေးဟာ ကျားကြီး Shere Khan ကို ရင်ဆိုင်ဖို့လူတွေရဲ့ရွာထဲက မီးတုတ်တစ်ချောင်းကို ခိုးယူလာခဲ့ပြီး တောတွင်းကြီးကို ဖြတ်ပြီး ပြေးလာခဲ့ပါတယ်။ ဒါပေမဲ့သူမသိခဲ့တဲ့ အချက်တစ်ခုက ထိုမီးတုတ်ကနေ ကျလာတဲ့ မီးစလေးတွေဟာ မြက်ပင်တွေမှ တဆင့် သစ်ပင်ကြီးတွေကို လောင်ကျွမ်းကာ တောမီးကြီး အကြီးအကျယ်လောင်နေခဲ့တာပဲ။ သူဟာ တမင် ရည်ရွယ်ခဲ့တာ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူမလုပ်ခဲ့တဲ့ အရာတစ်ခုအတွက်နဲ့ပတ်ဝန်းကျင်မှ အထင်အမြင်လွဲခြင်းကို ခံစားလိုက်ရတဲ့အခါ ကျွန်တော်တို့ကိုယ်တိုင်လည်း Mowgli လေး နေရာမှ ဝင်ရောက်ခံစားခဲ့ရတယ်။ ထိုကဲ့သို့သော အဖြစ်အပျက်တွေဟာ ကျွန်တော်တို့ လူသားတွေရဲ့ဘဝမှာ မကြာခဏ ကြုံဖူး ကြပါတယ်။ ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ပတ်ဝန်းကျင်ရဲ့စွပ်စွဲခြင်းနဲ့မုန်းတီးခြင်းကိုခံလိုက်ရတဲ့ ခံစားချက်ဟာ အလွန်နာကျည်းပြင်းထန်စရာကောင်းပါတယ်။ ထို့ကြောင့် လူသားတိုင်းသည် အကြောင်းနှင့် အကျိုးကို သင့်တင့်မျှတစွာ ဝေဖန်ပိုင်းခြားနိုင်ပါစေလို့ပြောရင်း နိဂုံးချုပ်လိုက်ပါရစေ။

Ref: www.hrgrapevine.com; “HR lessons from The Jungle Book” Article, 15th April 2016.

~WH~

WH
WH
4 min read