The Life of Oharu

The Life of Oharu

The Life of Oharu ကို Director ကြီး Kenji Mizoguchi ရိုက်ကူးခဲ့တုန်းက သူ့အသက် 54 နှစ်ရှိနေပြီ။ ရုပ်ရှင်နယ်ပယ်မှာ ကျင်လည်ခဲ့တာလည်း ဆယ်စုနှစ်သုံးစုနီးပါး ရှိနေခဲ့ပြီ။ ဒါပေမဲ့ Japanese လူ့အဖွဲ့အစည်းတွေထဲမှာ ရှင်သန်နေရတဲ့ အမျိုးသမီးတွေရဲ့ဘဝကို 1952 ခုနှစ်မှာ သူဖန်တီးခဲ့တယ်။ သူထိုရုပ်ရှင်ဖန်တီးခဲ့တဲ့ ခေတ်ကာလတစ်ခုကို အခြေပြုထားခဲ့တဲ့ ဇာတ်လမ်းတော့ မဟုတ်ဘူး။ 17 ရာစုဝန်းကျင်က အမျိုးသမီးတစ်ယောက်ရဲ့ဘဝကို သူရင်နာဖွယ် တင်ပြခဲ့တယ်။ ထိုအမျိုးသမီးရဲ့နာမည်ကတော့ Oharu

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာကြီး Roger Elbert ရဲ့ ပထမဆုံး Comment ကတော့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝနဲ့ပတ်သက်ပြီး သူကြည့်ဖူးသမျှထဲမှာ ဝမ်းနည်းဖို့အကောင်းဆုံး ရုပ်ရှင်ကားတစ်ကားပါတဲ့။ ကျွန်တော်တို့ Oharu ကို စတွေ့တော့ သူမ အသက်အရွယ်က အနည်းငယ်ရနေပြီ။ နေစရာမရှိတော့လို့ဘုရားကျောင်းတစ်ခုမှာ ခိုကပ်စားသောက်နေရတဲ့ ပြည့်တန်ဆာ အဖွားအိုတစ်ယောက်ပေါ့။ သူမမျက်နှာကို ယပ်တောင်လေးနဲ့ကွယ်ပြီး ဖြေးဖြေးလျှောက်သွားနေတယ်။


Oharu ရဲ့ဘဝဇာတ်ကြောင်း

တစ်မနက်မှာ မီးပူစာလှုံနေတုန်း တစ်ခြားငယ်ရွယ်တဲ့ ပြည့်တန်ဆာအငယ်လေးတွေက သူမကို မေးလိုက်တယ်။ Oharu က ငယ်စဉ်က ဘုရင့်နန်းတော်မြတ်ကြီးမှာတောင် အမှုထမ်းခဲ့ဖူးတယ်။ ဘယ်လို ကံအကျိုးပေးတရားတွေကြောင့် အခုလိုဘုရားကျောင်းအိုကြီးတစ်ခုမှာ ခိုကပ်နေရတဲ့အထိ ဖြစ်လာရတာလဲ တဲ့။ Oharu က သူမရဲ့အတိတ်က အဖြစ်အပျက်တွေကို မမေးနဲ့လို့သူတို့ကို ပြန်ဖြေခဲ့ပေမဲ့ သူမမှတ်ဉာဏ်တွေထဲမှာတော့ သူမရဲ့ခါးသီးတဲ့ အတိတ်တွေကို ဘယ်မေ့နိုင်ပါ့မလဲ။ သူမရဲ့ဘဝအလှည့်အပြောင်းတွေဟာ အရမ်းများပြားလွန်းခဲ့တယ်။

Oharu ဟာ ငယ်စဉ်က နန်းတော်မှာ မိဖုရားတစ်ပါးရဲ့ကိုယ်လုပ်တော် အပျိုတော်တစ်ယောက်အနေနဲ့အမှုထမ်းခဲ့တယ်။ ဒါပေမဲ့ အဆင့်အတန်းနိမ့်ပါးတဲ့ လူငယ်လေးတစ်ယောက်နဲ့လူငယ်ပီပီ အချစ်ကို ပဓာနထားပြီး မေတ္တာမျှခဲ့ကြတယ်။ သူမဘဝရဲ့ဆိုးရွားတဲ့ ကံတရားတွေက ဒီအချိန်မှာ စတင်ခဲ့တယ်လို့ပြောလို့ရတယ်။ စစ်မှန်ပြီး ဖြူစင်ခဲ့တဲ့ လူငယ်နှစ်ယောက်ရဲ့အချစ်ကို အဆင့်အတန်းမတူညီခြင်းဆိုတဲ့ ထိုခေတ်အခါ Japanese တွေလက်ခံထားတဲ့ အတွေးအခေါ်တွေ၊ လက်ခံကျင့်သုံးကြတဲ့ တားမြစ်ချက်တွေ၊ စည်းမျဉ်းတွေက ခွဲခွာခဲ့ကြတယ်။ ချစ်သူကောင်လေးကို သေဒဏ်ပေးခဲ့ပြီး Oharu တို့ကို အပြစ်ဒဏ်ပေးတဲ့အနေနဲ့တစ်မိသားစုလုံးကို နယ်နှင်ဒဏ်ပေးခဲ့ပြီး နန်းတော်ထဲက မောင်းထုတ်ခဲ့တယ်။ ထိုဖြစ်ရပ်ကြောင့် Oharu ဟာ အထင်ကရပုဂ္ဂိုလ်တွေရဲ့ဇနီးမယားမဖြစ်နိုင်ခဲ့တော့ဘူး။ ဒါပေမဲ့ ဇနပုဒ်တောရွာလေးတစ်ခုမှာ မထင်မရှားနဲ့နေထိုင်နေရတဲ့ Oharu အတွက် ကံကောင်းမဲ့ အကြောင်းတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ နယ်စားခေါင်းဆောင်ကြီးတစ်ယောက်ရဲ့မိဖုရားငယ်တစ်ပါး ဖြစ်ဖို့ကံတရားပါလာခဲ့တယ်။ ကိုယ်ဝန်မဆောင်နိုင်တဲ့ မိဖုရားကြီးကြောင့် Oharu ရဲ့တာဝန်ကတော့ ထိုနယ်စားခေါင်းဆောင်ကြီးအတွက် အရိုက်အရာဆက်ခံမဲ့ မျိုးဆက်လေး မွေးဖွားပေးဖို့ပဲ။ သားတော်လေးတစ်ပါး မွေးဖွားပြီးတဲ့နောက်မှာတော့ ခေါင်းဆောင်ကြီးရဲ့ကျန်းမားရေးအတွက်ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုနဲ့Oharu ကို ပြန်လွှတ်လိုက်တော့တယ်။

အကြွေးတွေနဲ့ပတ်လည်ဝိုင်းနေတဲ့ Oharu ရဲ့ဖခင်ဟာ အိမ်ပြန်ရောက်လာတဲ့ Oharu ကို ဖခင်မပီသစွာ စိတ်ပျက်လက်ပျက်နဲ့ပျော်တော်ဆက်အိမ်ကို ရောင်းစားလိုက်တယ်။ ထိုပျော်တော်ဆက်အိမ်ကနေ သူဌေးတစ်ယောက်အိမ်မှာ အလုပ်အကျွေးသမလေးတစ်ယောက်အဖြစ်အနေနဲ့ထပ်မံ ရောင်းစားခံရတော့ သူမကုသိုလ်ကံလေးတက်လာပြီလို့သူမ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့လည်း သူမရဲ့ဆိုးရွားတဲ့ကံတရားဟာ ဘယ်တော့မှ အဆုံးမသတ်ခဲ့ဘူး။ ပျော်တော်ဆက်အိမ်ကို လာရောက်ပျော်ပါးဖူးတဲ့သူတစ်ယောက်က သူမကို မှတ်မိပြီး သူမအရှက်ကို ခွဲခဲ့တယ်။ ဒီလိုနဲ့ထိုအိမ်ကနေ ဆင်းလာခဲ့ရတော့တယ်။ သူမရဲ့ကံတရားက ဒီမှာတင် ရပ်တန့်မနေခဲ့ဘူး။ သူမကို မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ခဲ့တဲ့ အလုပ်ကြိုစားတဲ့ ယောကျ်ားတစ်ယောက်ကို သူမ ရရှိခဲ့တယ်။ ဒါပေမဲ့လည်း သူမရဲ့ဆိုးရွားတဲ့ ကံတရားဟာ သူမကို ဒီ့ထက်ဆိုးရွားတဲ့ နေရာတစ်ခုကို ပို့ပစ်ဖို့အကြောင်းတွေက ဖန်လာပြန်တော့တယ်။

အခုတော့ သူမဟာ အေးစက်နေတဲ့ အာရုဏ်တက်မနက်ခင်းတွေမှာ တုန်တုန်ယင်ယင်နဲ့လျှောက်သွားနေရတဲ့ ဘယ်သူမှ မလိုချင်တော့တဲ့ ပြည့်တန်ဆာအိုကြီးတစ်ယောက် ဖြစ်နေပြီလေ။

Oharu ရဲ့ဘဝကို ပြန်သုံးသပ်ကြည့်ရမယ်ဆိုရင် ပုရိသတွေကြီးစိုးတဲ့ ရိုးရာဓလေ့ဆိုးကြီးရဲ့အောက်မှာ ပျက်စီးခဲ့ရတယ်။ ဒီဇာတ်ကားတင်ပြခဲ့တဲ့ Oharu ဆိုတဲ့အမျိုးသမီးဇာတ်ကောင်ဟာ ပြင်ပမှာ ခံစား၊ ပျက်စီးခဲ့ရတဲ့ အမျိုးသမီးဘဝပေါင်းများစွာတွေထဲက သေးငယ်တဲ့ လူသားဥပမာတစ်ယောက်ပါ။ Kenji Mizoguchi ဆိုတဲ့ Director ကြီးဟာ အမျိုးသမီးတွေအပေါ် သနားပြီး နားလည်ခဲ့ဟန်တူတယ်။ ဒါကြောင့်လည်း သူဖန်တီးခဲ့တဲ့ ရုပ်ရှင်အနုပညာ အများစုမှာ အမျိုးသမီးတွေရဲ့နာကျည်းစရာဘဝတွေကို ကျွန်တော်တို့တွေ့ခဲ့ရတာပေါ့။ သူတင်မကပါဘူး။ ထိုခေတ်က Japan ရဲ့ရုပ်ရှင်အနုပညာနယ်ပယ်မှာ သူ့နည်းတူ အောင်မြင်ကျော်ကြားတဲ့ Director ကြီး Yasujirō Ozu လည်း အမျိုးသမီးတွေရဲ့ တားမြစ်ခံထားရတဲ့ ဘဝတွေကို မကြာခဏတင်ပြလေ့ရှိတတ်တယ်။ Kenji Mizoguchi ဟာ သူ့ရဲ့ နောက်ဆုံးရိုက်ကူးခဲ့တဲ့ Street of Shame (1956) ဇာတ်ကားမှာလည်း ပြည့်တန်ဆာတွေအကြောင်းကို တင်ပြခဲ့တယ်။ သူကိုယ်တိုင်လည်း ထိုဆောင်ကြာမြိုင်တွေကို သွားရောက်လည်ပတ်ခဲ့ပြီး ထိုအမျိုးသမီးတွေရဲ့ဘဝကို ပိုမိုနားလည်အောင် ကြိုးစားခဲ့တယ်။ သူ့ရဲ့ကိုယ်ပိုင်ဘဝမှာ ကျွန်တော်သိသလောက်ဆိုရင် သူ့ရဲ့အစ်မဖြစ်သူ Suzo ကို ဖခင်အရင်းဖြစ်သူက Geisha မယ်တစ်ယောက်အဖြစ် Geisha အိမ်တစ်အိမ်ကို ရောင်းချခဲ့တယ်တဲ့။ ယခု ဇာတ်ကားထဲမှာလည်း ဖခင်ဖြစ်သူ ကိုယ်တိုင်က ငွေမျက်နှာ တစ်ခုတည်းကြည့်ပြီး အတ္တလောဘတွေနဲ့ Oharu ကို ပျော်တော်ဆက်အိမ်တစ်အိမ်ကို ရောင်းချခဲ့တယ်လေ။


မင်းသမီး Kinuyo Tanaka

Oharu ဇာတ်ကောင်ကို အသက်သွင်းခဲ့ခြင်းအပေါ် ချီးကျူးစရာကောင်းတဲ့ နောက်တစ်ယောက်ကတော့ ထိုဇာတ်ကောင်ကို သရုပ်ဖော်ခဲ့တဲ့ မင်းသမီး Kinuyo Tanaka ပါ။ ထိုမင်းသမီး Tanaka က အဆိုပါ Director ကြီး Mizoguchi ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေထဲမှာ 14 ကားတိတိ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်ယောက်။ ဒါကြောင့်ပြောရမယ်ဆိုရင် Tanaka ရဲ့အောင်မြင်မှုတွေမှာ Mizoguchi ရဲ့ကျေးဇူးတွေပါဝင်တယ်ဆိုတာ ငြင်းလို့မရဘူး။ မင်းသမီး Tanaka ရဲ့Career နုစဉ်တုန်းက မအောင်မြင်တဲ့ roles တွေကနေ အခုလို ခက်ခဲပြီး အောင်မြင်တဲ့ roles တွေရရှိလာအောင် Director ကြီး Mizoguchi ပဲ ကူညီပုံဖော်ပေးခဲ့တာ။ The Life of Oharu ဇာတ်ကားဟာ ထိုခေတ်က Japanese ရုပ်ရှင်နယ်ပယ်မှာ အောင်မြင်မှုမှေးမှိန်စပြုနေတဲ့ Director Mizoguchi နဲ့မင်းသမီး Tanaka တို့အတွက် ပြန်လည်နာမည်ရပြီး အောင်မြင်လာစေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပါ။
.
Oharu ဇာတ်ကောင်အတွက်လည်း မင်းသမီး Tanaka က အစွမ်းကုန်ကြိုးပမ်းသရုပ်ဆောင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားမရိုက်ကူးခင်တုန်းက သူမ America ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်တစ်ခုကြောင့် သူမတို့Japan နိုင်ငံမှာ အပြစ်ပြောခံနေရတဲ့ ကာလတစ်ခုလေ။ 1949 ခုနှစ်တုန်းက Short Documentary တစ်ခုအတွက် Art Ambassador တစ်ယောက်အနေနဲ့သူမ US ကို သွားရောက်ခဲ့ရတယ်။ ဒါပေမဲ့ ထိုခရီးစဉ်အတွင်းမှာ သူမကို အနောက်တိုင်းဝတ်စုံတွေဝတ်ဆင်ပြီး နာမည်ကျော် ပုဂ္ဂိုလ်တွေ၊ လူကုံထံ လူချမ်းသာတွေနဲ့အတူ ဓာတ်ပုံတွေမှာ တွေ့ခဲ့ရလို့ဆိုပြီး Japan နိုင်ငံက ပရိသတ်တွေ၊ Media တွေက အပြစ်ပြောခဲ့ကြတယ်။ ထိုကာလက Japan နိုင်ငံအနေနဲ့ဒုတိယကမ္ဘာစစ်ကြီးပြီးကာစမှာ စစ်ရှုံးနိုင်ငံဖြစ်လို့မဟာမိတ်တပ်တွေရဲ့လက်အောက်မှာပဲ ရှိနေခဲ့သေးတဲ့ အချိန်ကာလ ဖြစ်တာကြောင့် သူမအနေနဲ့အခုလို အပြစ်ပြောဆိုခြင်းခံခဲ့ရတယ်။ ထိုအတွက်ကြောင့်လည်း သူမရဲ့နာမည်ကို ပြန်လည် အဖတ်ဆယ်ဖို့ဒီဇာတ်ကားမှာ သူမ အစွမ်းကုန်ကြိုးပမ်းခဲ့ရတယ်။ American အမျိုးသမီးတွေရဲ့လွတ်လပ်ခြင်းကို နားလည်ခဲ့တဲ့ အရှေ့တိုင်းအမျိုးသမီးတစ်ယောက်အနေနဲ့သူမနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့အခါ နောက်ပိုင်းမှာ သူမကိုယ်တိုင် Director လုပ်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း 6 ကားတိတိ ရိုက်ကူးခဲ့တယ်။


Director ကြီး Kenji Mizoguchi

ကျွန်တော်ဒီနေရာမှာ ဒီဇာတ်ကားရဲ့Director ကြီး Kenji Mizoguchi အကြောင်း နည်းနည်းဆက်ပြောချင်ပါတယ်။ ကျွန်တော်အတွက်တော့ ယခု The Life of Oharu ဟာ သူရိုက်ကူူူးခဲ့တဲ့ ဇာတ်ကားတွေထဲက ပထမဆုံးကြည့်ဖူးတဲ့ဇာတ်ကားပါ။ Muzoguchi ကို 1898 ခုနှစ်မှာမွေးဖွားခဲ့ပြီး 1956 ခုနှစ်မှာ သေဆုံးခဲ့တယ်။ ဒီဘက်ခေတ်တွေမှာ သူ့ကို အကောင်းဆုံး Japanese directors စာရင်းထဲမှာ ရုပ်ရှင်သုတေသီတွေက အမြဲထည့်ခဲ့ကြတယ်။ Japanese directors တွေထဲက အကောင်းဆုံး 3 ယောက်ပေါ့။ ကျန်တဲ့ နှစ်ယောက်ကတော့ ရုပ်ရှင်ချစ်သူတွေတိုင်း သိကြတဲ့ Akira Kurosawa နဲ့ Yasujiro Ozu တို့နှစ်ယောက်ပဲ။ ဝေဖန်ရေးဆရာတွေက Kurosawa ကို အနောက်တိုင်းဆန်တယ်လို့သတ်မှတ်ကြပြီး Ozu ကိုတော့ “too Japanese” လို့ပြောကြတယ်။ သူတို့ပြောတာ တစ်ကယ်လည်း မှန်တယ်။ Ozu ရဲ့ဇာတ်ကားတွေဟာ ထိုခေတ်က Japanese society နဲ့နေ့စဉ်ဘဝတွေကို ပြဒါးမှန်တစ်ချပ်လို ပြသနိုင်ခဲ့ပြီး Kurosawa ကတော့ အနောက်တိုင်းဆန်တဲ့ ပြချက်တွေကို အသုံးပြုခဲ့တာ မသိမသာလေး တွေ့ခဲ့ရတယ်။ ဒါကြောင့်လည်း Kurosawa ရဲ့Rashomon (1950) ဇာတ်ကားဟာ နိုင်ငံတကာ အသိအမှတ်အပြုခံခဲ့ရတဲ့ ပထမဆုံး Japanese ဇာတ်ကားတစ်ကား ဖြစ်ခဲ့တာပေါ့။ (စာကြွင်း Rashomon ကိုလည်း ကျွန်တော် Review ရေးချင်ပေမဲ့ အခုထိ မရေးဖြစ်သေးတာကြောင့် တစ်နေ့နေ့တော့ ရေးနိုင်အောင် ကြိုးစားပါမယ်။) Kurosawa ရဲ့အောင်မြင်မှုတွေက နောက်ပိုင်းမှာ Seven Samurai (1954) Yojimbo (1961) Ran (1985) ဆိုတဲ့ ဇာတ်ကားတွေမှာ ပိုသိသာခဲ့တယ်။

Ozu ရဲ့အောင်မြင်မှုက ဘယ်က စတင်ခဲ့သလဲဆိုရင်တော့ ကျွန်တော်ဖတ်ရသလောက် အနောက်တိုင်းဝေဖန်ရေးဆရာ Donald Richie ဆိုတဲ့ လူတစ်ယောက်က သူ့ရဲ့ရုပ်ရှင်ဇာတ်ကားအချို့ကို ယူသွားပြီး Venice ရုပ်ရှင်ပွဲတော်တစ်ခုမှာ ပြသခဲ့ရာကနေ စတင်ပြီး အနောက်တိုင်းက သူ့ရဲ့ဇာတ်ကားတွေကို စတင်အသိအမှတ်ပြုလာပြီး Tokyo Story (1953) ဇာတ်ကားနဲ့အအောင်မြင်ဆုံး ဖြစ်လာခဲ့တယ်။ ဇာတ်ကားတွေမှာ နက်နဲတဲ့ အတွေးအခေါ်တွေ ထည့်ထားခဲ့ပေမဲ့ လူတိုင်းနီးပါးနားလည်အောင် ပြသနို်င်ခြင်းဟာ Ozu ရဲ့အရည်အသွေးတစ်ခုပဲ။ ရုပ်ရှင်ချစ်သူတွေဟာ Kurosawa နဲ့Ozu တို့နှစ်ယောက်ကြားမှာ နှစ်ခြမ်းကွဲနေတဲ့ အချိန်မှာ Mizoguchi ကတော့ သီးသန့်ခွဲထွက်နေခဲ့တယ်။ ဒါပေမဲ့ Mizoguchi က Ozu ထက်တော့ အနောက်တိုင်းမှာ စောပြီး အသိအမှတ်ပြုခြင်းခံခဲ့ရတယ်။ သူ့ရဲ့ “Ugetsu Monogatari" (1953) ဆိုတဲ့ ဇာတ်ကားဟာ သူ့ရဲ့အအောင်မြင်ဆုံး ဇာတ်ကားလို့ပြောရမယ်ဆိုရင်လည်း မမှားဘူး။ ဒါပေမဲ့ The Life of Oharu ကတော့ သူ့ရဲ့အကောင်းဆုံးဇာတ်ကားတစ်ကားဆိုတာကတော့ ရုပ်ရှင်ချစ်သူတိုင်း မငြင်းဆန်ခဲ့ကြဘူး။ သူ့ဘဝရဲ့ဖြစ်ရပ်အချို့ကိုလည်း ထင်ဟပ်စေခဲြ့ခင်းကြောင့်လည်း ဖြစ်မယ်ထင်တယ်။

သူ Venice ရုပ်ရှင်ပွဲတော်မှာ ဆုတွေစတင်ရရှိခဲ့တာကတော့ 1952 မှာ ယခု The Life of Oharu နဲ့စတင်ခဲ့ပြီး 1953 မှာ Ugetsu နဲ့ဆက်လက်ရရှိခဲ့တယ်။ ဒါ့အပြင် 1954 မှာလည်း Sansho the Bailiff ဆိုတဲ့ ဇာတ်ကားနဲ့ဆက်လက် ရရှိခဲ့တော့ 3 နှစ်ဆက်တိုက် အဆိုပါရုပ်ရှင်ပွဲတော်မှာ ဆုတွေရရှိကာ အောင်မြင်ခဲ့တယ်။ Japan ရဲ့ ရှေးရိုးရာစာပေတွေကို အခြေခံပြီး ရုပ်ရှင်အနုပညာသစ်တစ်တွေ ဖန်တီးခဲ့ခြင်းအတွက် Mizoguchi ကို ထိုခေတ်က ဝေဖန်ရေးဆရာတွေက အပြစ်ပြောဝေဖန်ခဲ့ကြတယ်။ ဒါပေမဲ့ အနုပညာသမားတစ်ယောက်အနေနဲ့ရိုးရာမူဟန်ကိုလည်း မပျောက်ပျက်စေပဲ လွတ်လပ်တဲ့အနုပညာသစ်တစ်ခုကိုလည်း ဖန်တီးနိုင်တယ်ဆိုတာကို Mizoguchi က သက်သေပြသခဲ့တယ်။ Mizoguchi ဟာ သူ့အနုပညာသက်တမ်းမှာ တိုက်ခိုက်တဲ့တစ်ခြားအနုပညာသမားတွေလည်း အမြောက်အများရှိခဲ့တယ်။


The Life of Oharu ဇာတ်ကားအပေါ် သုံသပ်ချက်နှင့် အမြင်

ယခု The Life of Oharu ရုပ်ရှင်ဟာ 17 ရာစုလောက်က Saikaku ဆိုတဲ့ စာပေအနုပညာရှင်တစ်ယောက် ရေးသားခဲ့တဲ့ The Life of Amorous Woman ဆိုတဲ့ ရှေးစာအုပ်တစ်အုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ ထိုစာအုပ်ထဲမှာကတော့ အမည်မဖော်ပြထားတဲ့ ဇာတ်ဆောင်အမျိုးသမီးက သူမဘဝမှာ ဖြတ်သန်းခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ကျူးလွန်ခဲ့တဲ့ အကုသိုလ်တရားတွေကို ပြန်လည်ဖွင့်ဟဝန်ခံထားတဲ့ ဇာတ်ကြောင်းပြောခြင်းနဲ့တင်ပြထားတယ်။ ထိုစာအုပ် ထွက်ရှိခဲ့တဲ့ 17 ရာစုတုန်းက စာအုပ်ထဲပါဝင်ခဲ့တဲ့ ဟာသတွေ၊ လိင်အကြောင်းအရာတွေ၊ လူ့ဘောင်အဖွဲ့အစည်းကို သရော်ဟန်တွေကြောင့် လူပြောများခဲ့တယ်။ ဝေဖန်ခြင်းတွေလည်း ခံခဲ့ရတယ်။ ဒါပေမဲ့ Director ကြီး Mizoguchi နဲ့ဇာတ်ညွှန်းရေးဆရာ Yoshikata Yoda တို့က ရုပ်ရှင်အဖြစ် 20 ရာစုမှာ အသက်သွင်းခဲ့ကြတော့ ရိုးရာစာပေရဲ့အနှစ်တွေကို မပျောက်စေရပဲ Oharu ရဲ့ဘဝကိုလည်း ပိုပြီးနာကျင်စရာကောင်းအောင် သရုပ်ဖော်ခဲ့ကြတယ်။

ဇာတ်လမ်းက ဝမ်းနည်းဖို့ကောင်းပေမဲ့ ဇာတ်ကားကတော့ ဝမ်းနည်းဖွယ်ရာ ပြကွက်တွေကို တမင်ရှောင်ကျဉ်ခဲ့တယ်။ အရမ်းကို ဇာတ်နာဖို့ကောင်းအောင်၊ ပရိသတ်ရဲ့ရင်ထဲမှာ အရမ်းဝမ်းနည်းပြီး မျက်ရည်တွေကျလာတဲ့အထိ ဖြစ်အောင် တင်ပြလို့ရတဲ့ ဇာတ်လမ်းတွေပါတယ်။ တစ်ချို့Drama ဇာတ်ကားတွေမှာဆို ယခုလို ဇာတ်လမ်းမျိုးဆို ပရိသတ်ကို မျက်ရည်ခြူမှာ သေချာတယ်။ Director Mizoguchi ကတော့ တမင်ဝမ်းနည်းအောင် မပြခဲ့ဘူး။ အဖြစ်ပျက်ဆိုးတွေကို အဓိကဇာတ်ကောင်ရဲ့မှတ်ဉာဏ်တွေထဲက ပေါ်လာတဲ့ ပုံစံမျိုးနဲ့ပဲ တင်ပြထားတယ်။ ဇာတ်ကားတစ်ကားလုံးကိုလည်း Oharu တစ်ယောက်တည်းကိုပဲ ဇောင်းတင်ပြီး ပြသသွားခဲ့တယ်။ အမျိုးသားဇာတ်ကောင်တွေကို တစ်ယောက်မှ သိသာအောင် မပြသခဲ့ဘူး။ ဇာတ်လမ်းရဲ့Villain လို့ပြောလို့ရတဲ့ Oharu ရဲ့အဖေ ဇာတ်ကောင်ကိုတောင် Villain ဆန်တဲ့ ပြချက် နှစ်ကွက်၊ သုံးကွက်နဲ့ပဲ တင်ဆက်သွားခဲ့တယ်။ ဇာတ်ကားတင်ပြထားတဲ့ သတိထားမိတဲ့ပုံစံက လူ့ဘောင်အဖွဲ့အစည်းကပဲ သူမဘဝကို ချယ်လှယ်ခဲ့ပြီး ထို လူ့ဘောင်အဖွဲ့အစည်းကပဲ သူတို့ချပေးတဲ့ ဘဝလေးအတွင်းမှာ သူမကို ရှင်သန်စေခဲ့တယ်ဆိုတာကို ပဲ ပေါ်လွင်အောင် တင်ပြထားတဲ့ ပုံစံ။ ဇာတ်ကားအဆုံးမှာ ကျွန်တော်နားလည်လို်က်တာက Oharu ရဲ့ဘဝတစ်ခုလုံးကို Oharu တစ်ယောက်ပဲ အကောင်းဆုံး နားလည်ခဲ့တော့တယ်ဆိုတာပဲ။

ဇာတ်လမ်းက အဆုံးသတ်ရောက်လာလေ ပိုပြီး ကြေကွဲဖို့ကောင်းလာလေ ဖြစ်လာတယ်။ Oharu ဟာ သူမရဲ့တစ်ခြား အပေါင်းအပါပြည့်တန်ဆာတွေနဲ့အတူ ဖောက်သည်ရှာရတယ်။ သူမအသက်က တစ်ခြားမိန်းမပျိုတွေလို မငယ်ရွယ်တော့ဘူး။ ဒီ့အတွက် သူမရဲ့ကြီးရင့်နေတဲ့အသက်ကို မသိသာအောင် make up တွေနဲ့ဖုံးကွယ်ပြီး ညအမှောင်မှာ ဟန်ဆောင်ထားရတယ်။ သူမထင်တာကတော့ ထို make up တွေက သူမရဲ့အသက်ကို ဖုံးကွယ်နိုင်မယ်လို့ပဲ။ ဒါပေမဲ့ လူတစ်ယောက်က သူမကို ခေါ်ဆောင်လာပြီး တစ်ခြားယောကျ်ားပျိုတွေရှေ့မှာ သူမရဲ့အသက်နဲ့ပတ်သက်ပြီး အရှက်ခွဲခဲ့တယ်။ ထိုလူက Oharu ကို မင်းရဲ့သဘာဝအသံစစ်နဲ့ပြောရင် ဒီလောက်ထိ ရယ်စရာမကောင်းဘူးလို့ပြောခဲ့တယ်။ အမှန်က ထိုအသံမျိုးကို သူမငယ်စဉ်က သူမချစ်သူနဲ့ပြောခဲ့တုန်းက အသုံးပြုခဲ့တယ်။ နောက်ဆုံး သူမနဲ့လက်ထပ်ခဲ့တဲ့ ယပ်တောင်လုပ်တဲ့ သူမခင်ပွန်းသေဆုံးခဲ့တုန်းကလည်း “I want nothing earthly” လို့ပြောပြီး ငိုကြွေးခဲ့တုန်းကလည်း သူမရဲ့အသံဟာ ရုပ်ရှင်ရဲ့အသက်ဖြစ်ခဲ့တယ်။ ဘယ် အမျိုးသား Directors မှ Mizoguchi လောက် အမျိုးသမီးတွေအပေါ် နားလည်နိုင်ပြီး လေးစားမှု မရှိခဲ့ဘူး။ Mizoguchi တစ်ယောက်သာ ရုပ်ရှင်သမိုင်းမှာ အမျိုးသမီးတွေအပေါ် အနားလည်နိုင်ဆုံးလို့ကျွန်တော် မြင်မိတယ်။ ဇာတ်ကားဆုံးတဲ့အခါမှာ ကျွန်တော် Oharu အတွက် ဝမ်းနည်းမိတယ်။ သူမအတွက် သေခြင်းတရားသာ ဘဝရဲ့လွတ်မြောက်ခြင်းဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူမ အတွက် သေခြင်းတရားကိုပဲ မျှော်လင့်ခဲ့မိတော့တယ်။
.

ဇာတ်လမ်းကို အချစ်တစ်ခုနဲ့စတင်ခဲ့တယ်။ ငယ်ရွယ်စဉ်မှာ ဆယ်ကျော်သက်ပီပီ တပ်မက်ချစ်ခဲ့ကြတဲ့ Oharu ရဲ့ချစ်သူအပေါ် အချစ်။ ဇာတ်ကားကို အဆုံးသတ်ခဲ့တော့လည်း အချစ်နဲ့ပဲ အဆုံးသတ်ခဲ့တယ်။ ဒါပေမဲ့ အချစ်တွေကတော့ မတူတော့ဘူး။ အခုအချစ်ကတော့ သူမရဲ့တစ်ဦးတည်းသော သားလေးကို မြင်တွေ့ချင်တဲ့ အချစ်စိတ်ကလေး။ မွေးဖွားပြီးကတည်းက မတွေ့ရတော့တဲ့ သူမရဲ့သားလေးကို အခုအသက်အရွယ်ကြီးမှ ပြန်တွေ့ရတော့ သူမ ပျော်ရွှင်ခဲ့တယ်။ သူမရဲ့ဘဝကြီးဟာ အလင်းရောင်ရပြီလို့သူမ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ သူမဘဝရဲ့ကံတရားတွေ အဖြစ်ဆိုးတွေကြောင့် သူမ သားဖြစ်သူကို တွေ့မြင်ခွင့် မရခဲ့ဘူး။ အဆောင်တော်ပေါ်မှာ လမ်းလျှောက်သွားနေတဲ့ သားတော်ကို အောက်ကနေ သူမ အသည်းအသန်လိုက်ပြေးကြည့်ရတဲ့ ဇာတ်ဝင်ခန်းဟာ ဇာတ်လမ်းရဲ့အဝမ်းနည်းဆုံး ဇာတ်ဝင်ခန်းတစ်ခန်း ဖြစ်လာခဲ့တယ်။ အနောက်က လူတွေက သူမကို လိုက်ဖမ်းဆီးတယ်။ ဒါပေမဲ့ သူမ ဂရုမစိုက်တော့ဘူး။ စကားတစ်ခွန်းပဲ လှမ်းပြောခဲ့တယ်။ “ငါက သူ့ကို မွေးခဲ့တဲ့ မိခင်ပါ” တဲ့။

Director ကြီး Kenji Mizoguchi ဟာ 1956 ခုနှစ်မှာ သူ့အသက် 58 နှစ်မှာ Leukemia ရောဂါနဲ့ဆုံးပါးသွားခဲ့တယ်။ Japanese ရုပ်ရှင်ရဲ့ရွှေခေတ်တစ်ခေတ်ကို ထောင်နိုင်ခဲ့တဲ့ သူတွေထဲက တစ်ယောက် ဖြစ်ခဲ့ပေမဲ့ ယနေ့ခေတ်မှာတော့ Yasujiro Ozu နဲ့Akira Kurosawa တို့ရဲ့ကျော်ကြားမှုအောက်မှာ အရိပ်ဖုံးနေခဲ့ရတယ်။ Kurosawa က Action ပိုင်းမှာသာလွန်ခဲ့ပြီး Ozu ကတော့ Minimalism ပိုင်းကို ပိုတင်ပြနိုင်ခဲ့တယ်။ ဒါပေမဲ့ Mizoguchi ကတော့ Formalism ဘက်ကို ပိုရောက်ခဲ့တယ်လို့ဝေဖန်သူတွေက သုံးသပ်ခဲ့တယ်။ ဇာတ်ကားကိုလည်း ဘာသာရေးပုံရိပ်တစ်ခုနဲ့ အဆုံးသတ်ခဲ့တယ်။ Mizoguchi ဟာ ဗုဒ္ဓဘာသာကို အလွန်အမင်းသက်ဝင်ယုံကြည်ခဲ့တယ်။ ဗုဒ္ဓရဲ့ဆုံးမဝါဒဖြစ်တဲ့ အရာရာအပေါ် ဒုက္ခတရားကို မလွန်ဆန်နိုင်ဘူးဆိုပေမဲ့ လူသားတွေရဲ့မတရားခြင်းတွေအပေါ် အရှုံးမပေးခခြင်းကိုတော့ Mizoguchi တစ်ယောက် သေဆုံးတဲ့အထိ လက်ခံကျင့်သုံးခဲ့တယ်။ အနောက်တိုင်းမှာ Feminism ဝါဒတွေ မကြီးစိုးခင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက Japan နိုင်ငံရဲ့Directors တွေက သူတို့ခေတ် သူတို့အချိန်ကာလ အဖွဲ့အစည်းတွေထဲမှာ ကျင်လည်ရှင်သန်နေရတဲ့ အမျိုးသမီးတွေရဲ့ဘဝတွေကို နားလည်နိုင်ခဲ့ကြပြီး အမျိုးသမီးတွေရဲ့လွတ်လပ်ခွင့်အတွက် အနုပညာတိုက်ပွဲတွေ ဝင်ခဲ့ကြတယ်။


Oharu ဘဝရဲ့နိဂုံး

ကျွန်တော်နဲ့သိတဲ့ အစ်မ တစ်ယောက် ပြောဖူးတယ်။ လူတွေက အဆုံးသတ်မှာ သူတို့ဘဝမှာ ကောင်းခဲ့တဲ့သူတွေကိုပဲ သတိရတတ်ကြတော့တယ်တဲ့။ ကိုယ့်အပေါ် မကောင်းတဲ့ သူတွေရယ်၊ ကိုယ့်ဘဝရဲ့အတိတ်ဆိုးတွေရယ်၊ မှတ်ဉာဏ်ဆိုးတွေကို ကျွန်တော်တို့တွေ ဘာအတွက်ကြောင့် သတိတရ စဉ်းစားနေကြရတော့မှာလဲ။ ဘဝမှာ လူတွေနဲ့တွေ့မယ်။ အချိန်တန်ရင် ခွဲခွာကြတယ်။ ပြန်ဆုံမဲ့ ကံပါရင် ပြန်ဆုံကြရတယ်။ ပြန်ဆုံမဲ့ကံမပါလာခဲ့ရင်တော့ တစ်သက်သာ ခွဲခွာသွားကြရတော့တယ်။ ဒါပေမဲ့ လူတိုင်းကတော့ ကျွန်တော်တို့ဘဝမှာ မှတ်ဉာဏ်အသီးသီး ချန်ရစ်ထားပေးခဲ့ကြတယ်။ ကောင်းတဲ့ သူတွေ၊ ဆိုးတဲ့သူတွေ အမျိုးမျိုးပေါ့။ Oharu လည်း ဘဝမှာ လူအမျိုးစုံနဲ့တွေ့ဆုံခဲ့တယ်။ ကောင်းတဲ့လူရော၊ ဆိုးတဲ့ လူတွေရော။ ဒါပေမဲ့ သူမဘဝရဲ့နောက်ဆုံးနေဝင်ချိန်မှာ သူမ လူတစ်ယောက်ကိုပဲ သတိရတော့တယ်။ ဘုရားကျောင်းမှာ ဝတ်ပြုနေရင်း ရုပ်တုတစ်ခုကို ကြည့်နေရင်း သူမဘဝရဲ့ငယ်စဉ်တုန်းက ချစ်ကြိုက်ခဲ့တဲ့ Katsunosuke ဆိုတဲ့ အမျိုးသားငယ်လေးကို ပြန်လည် သတိရမိလာတယ်။ သူမတို့နှစ်ယောက်ရဲ့ဘဝလေးဟာ ခဏတာ ဖြစ်ခဲ့ရပေမဲ့ သူမဘဝမှာ Katsunosuke တစ်ယောက်သာ အကောင်းဆုံး လူတစ်ယောက် ဖြစ်ခဲ့တယ်။ Katsunosuke က Oharu ကို အချစ်စစ်နဲ့ချစ်ခဲ့တယ်။ ဒါကြောင့်လည်း သူ ခေါင်းဖြတ်အသတ်မခံရင်မှာ Oharu အတွက် နောက်ဆုံစာလေးတစ်စောင် ရေးသားခဲ့တယ်။

သူ Oharu အတွက် နောက်ဆုံး မှာခဲ့တဲ့ စကားလေးတစ်ခွန်းကတော့


Lady Oharu, a human being - no, woman - can only be happy if she marries for love.  Rank and money don't mean happiness.


IMDb’s Rating: 8.2/10
Rotten Tomatoes’ Rating: 100%

~WH~

WH
WH
6 min read