The Mimic (2017)

The Mimic (2017)

ငယ်ငယ်က လူကြီးတွေ ယုံတမ်းပုံပြင်လိုလို ပြောတာ ကြားခဲ့ဖူးတယ်။ ကျတ်တစ္ဆေတို့၊ ကျတ်ကုန်းတို့။ ကျတ်တစ္ဆေများဟာ လူယောင်ဖန်ဆင်းပြီး အိမ်တွေထဲထမင်းဝင်စားတတ်တာတို့၊ တောထဲတောင်ထဲသွားရင် ကိုယ့်အိမ်သားအသံကိုတုပြီး ကိုယ့်နာမည်ကိုအော်ခေါ်တာမျိုး လုပ်တတ်တယ်တဲ့။ အဲတာကို ကိုယ့်အိမ်သားမှတ်လို့ ထူးမိရင် ဝိညာဉ်နုတ်သွားလိမ့်မယ်ဆိုတာကြောင့် ကလေးဘဝက ကျတ်ဆိုတာကြီးကို ဘာမှန်းမသိဘဲ အသေကြောက်ခဲ့ရတာပဲ။ ကလေးအချင်းချင်းကြားမှာတောင် ညမှောင်ရင် တစ်ယောက်နာမည်တစ်ယောက်မခေါ်ကြေး၊ တော်ကြာ ကျတ်ကြားသွားရင် လိုက်တုပြီး ခေါ်လိမ့်မယ်နဲ့ အချင်းချင်းခြောက်ခဲ့၊ ကြောက်ခဲ့ရတာ။
ကလေးဘဝတုန်းက ကြားခဲ့၊ ကြောက်ခဲ့ဖူးတဲ့ ဒီအကြောင်းအရာကို ကိုးရီးယားရုပ်ရှင်တစ်ကားမှာ ပြန်တွေ့ခဲ့ရတယ်။ The Mimic တဲ့။ ကိုယ်နဲ့ရင်းနှီးသူရဲ့အသံ၊ သို့မဟုတ် ကိုယ့်အသံကို လိုက်လံတုပပြီး အန္တရာယ် ပေးမယ့် supernatural လောကသားများ ဆိုကြပါစို့။ ဇာတ်လမ်းအကျဉ်းက — မိသားစု တစ်စုဟာ မြို့ငယ်လေးကိုပြောင်းရွှေ့လာတယ်။ အဖေ၊ အမေ၊ သမီးလေးတစ်ယောက်နဲ့ မှတ်ဉာဏ်ချို့ယွင်းနေပြီဖြစ်တဲ့ အဘွားဖြစ်သူတို့ပါ။ မြို့ငယ်လေးကိုပြောင်းရွှေ့လာရတဲ့ နောက်ကွယ်မှာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုရှိပါတယ်။ သူတို့ရဲ့ သားငယ်လေးဟာ သူတို့ဘဝကနေ အစရှာမရအောင် ပျောက်ဆုံးသွားခဲ့ခြင်းပါပဲ။ တစ်ရက်မှာ မောင်နှမနှစ်ယောက် သူတို့အိမ်နားကို ခွေးပျောက်လာရှာတာကနေစပါတယ်။ ခွေးရှာရင်းနဲ့ သူတို့အိမ်အနားမှာ ရှိတဲ့ ဂူကြီးတစ်လုံးဆီရောက်သွားကြတယ်။ ဂူကြီးရဲ့တံခါးကို ဖွင့်လိုက်မိပြီးနောက်တော့........ ထူးဆန်းတဲ့ကလေးမလေး၊ ဂူကြီးထဲကအသံတွေနဲ့အတူ ထိတ်လန့်စရာအဖြစ်အပျက်တွေ စတင်လာပါတော့တယ်။
အာရှမှာ ကိုးရီးယားဟာ ဂျပန်နဲ့အပြိုင် Horror ကားကောင်းတွေ ထွက်ရှိတဲ့ ဈေးကွက်တစ်ခုပါပဲ။ ထိုင်းကလည်း အရေအတွက်များများနဲ့ Horror ဈေးကွက်ကို ဝင်နေတယ်ဆိုပေမယ့် အရည်အသွေးပိုင်းမှာတော့ ဒီ နှစ်နိုင်ငံကပဲ ထိပ်ရောက်နေတာပါပဲ။ ဒါကြောင့်လည်း Hollywood က မကြာခဏ remake လုပ်ခြင်းခံနေရတာပေါ့။ The mimic က အရမ်းကြီးကောင်းတဲ့ဇာတ်ကားတော့လည်းမဟုတ်ဘူး။ တစ်နည်းပြောရရင် The wailing တို့ level လောက်မဟုတ်ဘူး။ ခြောက်မယ်၊ ကြောက်စေမယ် ဆိုတဲ့ သမားရိုးကျ horror film လေးပါပဲ။ သို့သော်လည်း အပေါစား horror ကားတွေမှာ ထည်လဲသုံးတတ်တဲ့ jump scares တွေကိုလျှော့ပြီး တစိမ့်စိမ့်ကြောက်ရွံ့စေမယ့် atmosphere ကို ဖန်တီးနိုင်တာကြောင့် မဆိုးလှဘူးလို့တော့ ခံစားမိပါတယ်။ Horror ကားကောင်း ငတ်နေသူတွေအတွက် အာသာပြေလေးတော့ ဖြစ်နိုင်ပါတယ်။
~Miller~