The Revenant

The Revenant

(Spoilers Alert*)
.

“As long as you can still grab a breath, you fight. You breathe... keep breathing.”
- Hugh Glass
.

The Revenant ရုပ်ရှင်ကို ကျွန်တော်တို့ကနဦးစွာမြင်တဲ့အမြင်က လက်စားချေခြင်းဆိုတဲ့ ဝေါဟာရရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုလိုက်တဲ့ဇာတ်ကားဆိုတာပဲ။ ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ ထိုရုပ်ရှင်ကို ကျွန်တော်တို့ပြန်တွေးတိုင်း အဓိပ္ပာယ်တွေ ပြောင်းလဲသွားတယ်။ နောက်ဆုံး ကျွန်တော်သိလိုက်ရတာက The Revenant ရုပ်ရှင်ဟာ လူသားနဲ့သဘာဝတရားတို့ရဲ့အားပြိုင်မှု တစ်ခုပဲလို့။ တစ်ကယ်တော့ သူလက်စားချေခဲ့တာကလည်း သဘာဝကို လက်စားချေခဲ့ခြင်းပဲ။
.

လူသားတစ်ယောက်ဟာ သဘာဝတရားဖြစ်တဲ့ သေခြင်းကို ရင်ဆိုင်ခဲ့တယ်။ သစ္စာဖောက်ခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ လူသားအဖြစ်ဖြစ်တည်မှုသဘောတရားကိုလည်း ရင်ဆိုင်ခဲ့ရတယ်။ နောက်ဆုံးမှာ လူသားဟာ ထိုအရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့မှာ ဘာမှတော့ မကျန်ရစ်ခဲ့တော့ဘူး။
.

ဒီဇာတ်ကားကို ကြည့်ပြီးသူတိုင်း သတိထားမိမဲ့ အရာ ၃ ခုရှိတယ်။ ပထမတစ်ခုက Leonardo DiCaprio ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ထိတ်လန့်ဖွယ်ကောင်းစွာ တင်ပြနိုင်ခဲ့တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေနဲ့တတိယအချက်တစ်ခုကတော့ Cinematographer Emmanuel Lubezki ရဲ့လက်ရာမြောက်တဲ့ သဘာဝတရားရဲ့Landscpae Shots တွေ။ 1820s ကျော်ခုနှစ်တွေရဲ့ကြမ်းတ မ်းတဲ့ တောင်ကြားတွေမှာ ထိုလူတစ်ယောက် သွေးစွန်းနေတဲ့ အသက်ရှင်ခြင်းတစ်ခုကို Cinematographer Emmanuel Lubezki က အလှပဆုံးတင်ဆက်သွားနိုင်ခဲ့သလို Directerr Alejandro G. Iñárritu ကလည်း Birdman ဇာတ်ကားအပြီး ထို့ထက်သာလွန်အောင်ကြိုးပမ်းခဲ့သည်။


ဇာတ်လမ်းအကျဉ်း
.

ဇာတ်လမ်းဟာ အစကနေအဆုံးထိ Hugh Glass ဆိုတဲ့ လူသားတစ်ယောက်ရဲ့ခရီးစဉ်တစ်ခုကို ပြသခဲ့တယ်။ အမေရိကားမြောက်ပိုင်း ရဲ့1823 ခုနှစ်ဆောင်းရာသီတစ်ခုမှာ ဇာတ်လမ်းကို စတင်ခဲ့တယ်။ Hugh Glass နဲ့သူ့ရဲ့သားဖြစ်သူတို့နှစ်ဦးဟာ တောတွင်းက တိရိစ္ဆာန်တွေကိုဖမ်းပြီး အမွှေးတွေ၊ အရေပြားတွေကို ပြန်ရောင်းလေ့ရှိတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့လမ်းပြတွေအဖြစ် လုပ်ကိုင်ကြတယ်။ တစ်ခြားလူနီရိုင်းအဖွဲ့တစ်ခုရဲ့တိုက်ခိုက်ခြင်းရန်ကနေ ထွက်ပြေးလာကြပြီး တောတွင်းတစ်နေရာမှာ Hugh တစ်ယောက် တောတွင်းဝက်ဝံတစ်ကောင်ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရတယ်။ ဒဏ်ရာတွေများစွာနဲ့မသေမရှင်အဖြစ်ကျန်ရစ်ခဲ့တဲ့ Hugh ဟာ အဖွဲ့သားတွေအတွက် လမ်းခရီးမှာ အနှောက့်အနှေးဖြစ်လာတော့တယ်။ သူ့ရဲ့ကျေးဇူးကို သိနားလည်တဲ့အနေနဲ့အဖွဲ့ခေါင်းဆောင်က ကျန်အဖွဲ့သားနှစ်ယောက်ကို တောင်းတဲ့ငွေပေးပြီး Hugh နဲ့သူ့ရဲ့သားကို စောင့်ရှောက်ပြီး နေရပ်ကို ပြန်ခေါ်လာဖို့ချန်ထားရစ်ပေးခဲ့တယ်။ ဒါပေမဲ့ ကျန်နေရစ်ခဲ့တဲ့ ၂ ယောက်ထဲက John Fitzgerald ဆိုတဲ့လူဟာ Hugh ရဲ့သား ဖြစ်သူကို သတ်ပစ်ခဲ့ပြီး Hugh ကိုလည်း ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ကြမ်းတမ်းတဲ့တောထဲမှာ တစ်ယောက်တည်း ထားပစ်ခဲ့သောအခါ …
.

Leonardo DiCaprio

မင်းသား Leonardo DiCaprio တစ်ယောက် အကယ်ဒမီရရှိခဲ့တဲ့ ဇာတ်ကားဟာလည်း The Revenant ပါပဲ။ ကျွန်တော်တို့တွေ အငြင်းပွားကြတယ်။ သူက ဒီကားနဲ့မရသင့်ဘူူးတို့၊ တစ်ခြားမင်းသားတွေဖြစ်တဲ့ Michael Fassbender တို့ရသင့်တယ်တို့တွေနဲ့အသံတွေဆူညံအောင် ထွက်ခဲ့ကြတယ်။ ဒါပေမဲ့ Leo တစ်ယောက် ဒီဇာတ်ကားရိုက်ကူးနေစဉ် ဖြတ်သန်းခဲ့ရတဲ့ ခရီးကြမ်းဟာလည်း သူ့ဇာတ်ကောင် Hugh Glass လောက် မဆိုးရွားပေမဲ့ သရုပ်ဆောင်မင်းသားတွေထဲမှာတော့ အကြမ်းတမ်းဆုံးလို့တောင် ဆိုနိုင်ခဲ့တယ်။ သူသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတိုင်းမှာ သူအကြမ်းတမ်းဆုံး သူ့ရဲ့ပေးအစွမ်းနိူင်ဆုံး အားအင်တွေ ပေးခဲ့တယ်။ ငါးအစိမ်းတွေကို စားခဲ့ရတယ်။ Bison ရဲ့အသည်းကိုလည်း အစိမ်းစားခဲ့ရတယ်။ ဒါဟာ သက်သက်လွတ်ပဲစားသောက်နေတဲ့ လူတစ်ယောက်အနေနဲ့အတော်လေးကို ပေးဆပ်ခဲ့ရတဲ့ ပေးဆပ်မှုတွေ။ ထို့အပြင်တောတွင်းမှာ မီးဖိုတတ်အောင်လည်း သင်ခဲ့ရသလို လူနီရိုင်းစကားတွေလည်း သင်ခဲ့ရတယ်။ နောက်ဆုံး ဆရာဝန်တစ်ယောက်နဲ့တောင် ရှေးခေတ်က ရောဂါဝေဒနာသက်သာစေတဲ့ နည်းတွေကိုပါသင်ကြားခဲ့ရတယ်။ Leo ပြောချက်အရဆိုရင် ဒီဇာတ်ကားဟာ သူ့ဘဝမှာ အခက်ခဲဆုံး သရုပ်ဆောင်ခဲ့ရခြင်းပဲတဲ့။

Alejandro G. Iñárritu

ဒါပေမဲ့ Leo ထက် ကျွန်တော်ပိုသဘောကျမိခဲ့တာကတော့ Director Alejandro G. Iñárritu ။ ဒီဇာတ်ကားအရှေ့ကပဲ Birdman ဇာတ်ကားနဲ့Oscar ဆွတ်ခူးခဲ့တယ်။ ထို့နောက် အခု The Revenantwd ဇာတ်ကားနဲ့လောကမှာရှိတဲ့ လူသားတစ်ယောက် မလုပ်နိုင်တဲ့ အရာတစ်ခုကို သူလုပ်နိုင်ခဲ့တယ်။ ဇာတ်ကားတစ်ကားလုံးကို သဘာဝအလင်းရောင်နဲ့ပဲ ရိုက်ကူးခဲ့တယ်။ ထို့အပြင်ရိုက်ကူးရေးကိုလည်း ဇာတ်လမ်းရဲ့ဇာတ်ကြောင်းအတိုင်းပဲ ရိုက်ကူးခဲ့တယ်။ Canada မှာ ရိုက်ကူးနေစဉ် ရိုက်ကူးရေးမပြီးဆုံးခင် ရာသီဥတုအပြောင်းအလဲကြောင့် Argentina တောင်ပိုင်းအထိ ရုပ်ရှင်တစ်ဖွဲ့လုံးပြောင်းခဲ့ရပြီး ဇာတ်ကားကို ဆက်လက်ရိုက်ကူးခဲ့တယ်။
.

Emmanuel Lubezki

Alejandro G. Iñárritu ထက် ကျွန်တော်ပိုနှစ်ခြိုက်ခဲ့တာကတော့ cinematographer Emmanuel Lubezki ပဲ။ ဒီဇာတ်ကားထဲက ရုပ်ပုံတွေဟာ ကြည်လင်ပြီး အလွန်လှပလွန်းတယ်။ တစ်ခါတစ်ရံမှာ ဇာတ်ကောင်တွေရဲ့မျက်နှာပေါ်က ခံစားချက်တွေကိုလည်း အပေါ်လွင်ဆုံး အနီးကပ်တွေနဲ့ရိုက်ပြနိုင်ခဲ့သလို Landscape ပိုင်းအနေနဲ့လည်း ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ပတ်ဝန်းကျင်ကို ကျွန်တော်တို့မြင်ခဲ့ရတယ်။ အနီးကပ်ရိုက်ပြတဲ့ အခန်းတွေဟာ ဇာတ်ကောင်တွေရဲ့မျက်နှာတွေသာမကဘူး။ နှင်းတွေနဲ့ဖုံးလွှမ်းနေတဲ့ သစ်ပင်အိုတွေပေါ်က သစ်ရွက်လေးတွေပေါ်က နှင်းရေစက်ကလေးတွေ၊ အလွန်သေးငယ်လွန်းတဲ့ လခြမ်းပဲလေးရော အရာအားလုံးကို အသေးစိပ်ကျစွာလည်း ရိုက်ကူးတင်ပြနိုင်ခဲ့တယ်။ သူ့ရဲ့အမြင်တွေထဲက အနုပညာဆန်မှုတွေမှာ ပရိသတ်တွေ စီးမျောသွားကြရတယ်။ ဇာတ်ကားကြည့်နေစဉ်အတွင်းမှာ ရိုက်ပြထားတဲ့ ကောင်းကင်ယံကြီးဟာ ထာဝရအဆုံးထိ ကျယ်ပြန့်နေသလိုတောင် ခံစားခဲ့ရတယ်။ ထို့အပြင် ဇာတ်ကားတင်ပြချင်တဲ့ အဓိကအကြောင်းအရာဖြစ်တဲ့ သဘာဝတရားဆိုတဲ့အရာနဲ့လိုက်ဖက်လွန်းတဲ့ အရောင်တွေ ရွေးချယ်ထားမှုဟာလည်း ချီးကျူးစရာအတိပါ။ ဇာတ်ကားထဲမှာ နှင်းတွေဟာ ပိုမိုဖြူဖွေးနေခဲ့တယ်။ ကောင်းကင်ကြီးဟာ ပိုမိုပြာလွင့်နေခဲ့တယ်။ နှင်းကွင်းပြင်ကြီးဟာ ဟိုးမျှော်မဆုံးထိ ကျယ်ပြန့်နေခဲ့တယ်။ ဒါ့အပြင် ကြမ်းတမ်းတဲ့ တိုက်ခိုက်ခန်းတွေကို တင်ပြပြီဆိုရင်လည်း ပရိသတ်ကို ထိုတိုက်ပွဲတွေရဲ့အလယ်တည့်တည့်ကို ချထားသလားအထိ ထင်ရလောက်အောင် အသက်ပါလွန်းနေခဲ့တယ်။ ဒါကြောင့်လည်း ထိုနှစ်က Academy ပေးပွဲမှာ Emmanuel Lubezki တစ်ယောက် Best Cinematography ဆုရရှိခဲ့တာပေါ့။

The Revenant အပေါ် မိမိအမြင်

ကျွန်တော်အပါအဝင် ရုပ်ရှင်ပရိသတ်တွေ သတိထားမိခဲ့ကြမယ် ထင်တယ်။ ဇာတ်ကားထဲက ဇာတ်ကောင်တိုင်းဟာ အန္တာရယ်တစ်ခုခုကို ရင်ဆိုင်ကြုံတွေ့ရတော့မဲ့အချိန်မှာ ကောင်းကင်ကို မော့ကြည့်တတ်ကြတယ်။ ဒါပေမဲ့ ကောင်းကင်ကြီးက ငြိမ်သက်နေတယ်။ သူတို့တောင်းတခဲ့တဲ့ အကူအညီတွေနဲ့အဖြေတွေကို ကောင်းကင်ကြီးက မပေးခဲ့ဘူး။ တစ်ကယ်တော့ သူတို့ဟာ ကောင်းကင်ကြီးကို မော့ကြည့်ခဲ့ကြတာ မဟုတ်ဘူး။ သဘာဝတရားကြီးကို အကူအညီတောင်းခဲ့ကြတာ။ ဒါကျွန်တော့်ရဲ့အမြင်ပါ။ ဒီဇာတ်ကားတင်ပြခဲ့တဲ့ ဘုရားသခင်ဆိုတာ သဘာဝတရားကြီးပဲ။ သူတို့ဟာ ကောင်းကင်ကို မော့ကြည့်ပြီး ဘုရားသခင်ကို အကူအညီတောင်းခဲ့ကြတယ်။ တစ်ကယ်တော့ ထိုဘုရားသခင်ဆိုတဲ့ သဘာဝတရားကြီးက တုံနှိဘာဝေပဲ နေခဲ့တယ်။ Hugh ဟာ Fitzgerald ကို နောက်ဆုံးအနိုင်ရသွားတဲ့အချိန်မှာလည်း Fitzgerald ရဲ့ကံကြမ္မာကို ဘုရားသခင်ဆိုတဲ့ သဘာဝတရားကြီးရဲ့လက်ထဲ အပ်ခဲ့တယ်။ နောက်ဆုံး Fitzgerald ရဲ့အသက်ဇီဝိန်ကိုလည်း လက်စားချေခြင်းဆိုတဲ့ သဘာဝတရားကြီးကပဲ အဆုံးသတ်ပေးခဲ့တယ်။
.

ဒီဇာတ်ကားနဲ့ပတ်သက်ပြီး နောက်ဆုံးပြောချင်တဲ့ အကြောင်းအရာကတော့ ဝက်ဝံဇာတ်ဝင်ခန်းပါ။ တောတွင်းသံကလွဲပြီး ပတ်ဝန်းကျက်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေတဲ့ အချိန်မှာ မကြာခင်ရောက်ရှိလာတော့မဲ့ အန္တရယ်ကို Hugh Glass အနံ့ခံလိုက်ရတယ်။ သူအနောက်ကို လှည့်ကြည့်လိုက်ပြီး လက်ထဲကကိုင်ဆောင်ထားတဲ့ သေနတ်ကို လှမ်းရွယ်လိုက်ပေမဲ့ နောက်ကျခဲ့ပြီ။ သူနဲ့အင်အားမမျှလွန်းတဲ့ အလွန်တရာကြီးမားလွန်းတဲ့ ဝက်ဝံမဲကြီးတစ်ကောင်ဟာ သူ့ဆီကိုမဲပြီး ပြေးလာကာ သူ့ကိုခုန်အုပ်လိုက်တယ်။ ဒီမှာတင် လူသားတစ်ယောက်နဲ့သဘာဝအရ ပိုမိုခွန်အားကြီးမားတဲ့ ဝက်ဝံတစ်ကောင်တို့ရဲ့ရက်စက်ကြမ်းတမ်းလွန်းတဲ့ တိုက်ပွဲတစ်ခုကို ကျွန်တော်တို့မြင်လိုက်ရတော့တယ်။ ထိုဇာတ်ဝင်ခန်းဟာ အလွန်ကတရာ ကြမ်းတမ်းလွန်းတယ်။ ဝက်ဝံရဲ့သွားတွေဟာ သူ့ ရဲ့မျက်နှာပြင်ပေါ်မှာ စိုက်နစ်နေတယ်။ ဝက်ဝံရဲ့ချွန်ထက်လှတဲ့ လက်သည်းတွေဟာ သူ့ရဲ့ကျောနဲ့တစ်ကိုယ်လုံးက အရေပြားတွေပေါ်မှာ ခြစ်ခုတ်နေတယ်။ သူ့ရဲ့နာကျင်မှုတွေကို ကျွန်တော်တို့အနီးကပ်ခံစားခဲ့ရတယ်။ ကျွန်တော်တို့ကိုယ်တွေပေါ်မှာလည်း ဝက်ဝံတစ်ကောင်ရဲ့လက်သည်းတွေ၊ သွားတွေကို ခံစားခဲ့ရပြီး ဇာတ်ဝင်ခန်းပြီးဆုံးသွားတဲ့အခါမှာ ကျွန်တော်တို့ရဲ့ကိုယ်တွေပေါ်မှာတောင် ဝက်ဝံတစ်ကောင်ရဲ့အမွှေးတွေ ကျန်ရစ်နေခဲ့သလိုထိ ခံစားခဲ့ရတယ်။ လူသားတစ်ယောက်ရဲ့နာကျင်မှုကို ပုံဖော်ကြတဲ့အထဲမှာ ဒီဇာတ်ဝင်ခန်းဟာ ယနေ့အထိ ကျွန်တော့်အတွက် အနီးကပ်ဆုံး ထပ်တူညီတဲ့နာကျင်မှုကို ခံစားခဲ့ရတယ်။ တစ်ချို့လူတွေက ထိုဇာတ်ဝင်ခန်းကို Rape scene လို့ပြောကြတယ်။ အမှန်က လုံးဝကို မဟုတ်ပါ။ ထိုဇာတ်ဝင်ခန်း ဖော်ပြခဲ့တာက အနိုင်စိုးမှုတွေရယ်၊ ဒေါသတွေရယ်၊ ကြောက်ရွံ့မှုတွေရယ်။ ရှုံးနိမ့်မှုတွေရယ်၊ နာကျင်မှုတွေရယ်ကို ဆန့်ကျင်ဘက်သတ္တဝါ ၂ ယောက်ရဲ့အမြင်ကနေပဲ ပုံဖော်သွားခဲ့တာပါ။ ဒီဇာတ်ဝင်ခန်းဟာ ထိုဇာတ်ကားတစ်ကားလုံးရဲ့အရေးပါဆုံး ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ရခြင်း အကြောင်းကတောာ့ Hugh ရဲ့သဘာဝတရားကို လက်စားချေဖို့နိဒါန်းတစ်ခု ဖြစ်ခဲ့ခြင်းကြောင့်ပဲလေ။
.

လက်စားချေခြင်း … The Revenant ဇာတ်ကားရဲ့လက်စားချေခြင်း။ Hugh ဟာ ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူ့ကိုအသက်ရှင်ရက်နဲ့ပစ်ထားခဲ့ပြီး သူ့မျက်စိရှေ့မှာတင် သူ ရဲ့သားဖြစ်သူကို သတ်ပစ်ခဲ့တဲ့ လူတစ်ယောက်ကို လက်စားချေဖို့ပြန်လာခဲ့တဲ့ ဇာတ်လမ်း။ ဒီဇာတ်ကားတင်ပြသွားတဲ့ လက်စားချေခြင်းအကြောင်းအရာမှာ အဓိပ္ပာယ်တွေ များစွာပါဝင်နေတယ်။ ကျွန်တော်တို့ပရိသတ်တွေဟာ Hugh ရဲ့အမြင်ကနေပဲ လုံးဝကို မြင်ခဲ့ရတယ်။ ကျန်တဲ့လူသားတွေဘက်ကနေ ကြည့်ခဲ့ကြလား။ မကြည့်ခဲ့ကြဘူးဆိုရင် အခုသူတို့ရဲ့အမြင်ကနေ တစ်ချက်လောက်ကြည့်လိုက်ကြရအောင်။ ဥရောပက လူဖြူတွေဟာ အမေရိကားတိုက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ ထိုမြေကိုု သူတို့အပိုင်စီးခဲ့ကြတယ်။ ထိုမြေပေါ်က လူသားတွေကိုလည်း သတ်ဖြတ်ခဲ့ကြတယ်။ ဒီမှာတင် လူနီရိုင်းတွေဟာ မိမိရဲ့မြေတွေကို လုယူခံခဲ့ကြရတယ်လို့ခံစားခဲ့ကြတယ်။ ဒီမှာတင် သူတို့ဟာအမုန်းတရားတွေနဲ့လူဖြူတွေကို တိုက်ခိုက်လုယူကြပြန်တယ်။ ဒီမှာတင် Fitzgerald ရဲ့ဇာတ်ကောင်ကလည်း သူပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေကို လူနီရိုင်းတွေ လုယူခံရတယ်လို့ခံစားခဲ့ရတယ်။ ဒီလိုပဲ။ Hugh ကရော။ သူဟာလည်း သူ့ရဲ့သားဖြစ်သူအသက်ကို Fitzgerald တို့သတ်ဖြတ်လိုက်ခြင်းကြောင့် သူလည်း ဆုံးရှုံးခဲ့ရတယ်လို့ခံစားခဲ့ရတယ်။ ထိုအရာတွေအားလုံးဟာ ဒီဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေကို ဘဝအသီးသီးရဲ့အဆုံးထိရောက်အောင် တွန်းပို့ခဲ့ကြတယ်။ ဇာတ်ကောင်တိုင်းဟာ သူ့တို့ရဲ့ ကိုယ်ပိုင်အမြင်တွေနဲ့ကိုယ်ပိုင် မတူညီတဲ့ ခံစားချက်တွေရှိခဲ့ကြတယ်။ သူတို့မှာ အမှားနဲ့အမှန်ဆိုတာ မရှိခဲ့ကြဘူး။
.

ဒါပေမဲ့ နောက်ဆုံးမှာတော့ Hugh တစ်ယောက် နားလည်ခဲ့တယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ဇနီးကို သူမြင်နေရတယ်။ သူ့မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့။ သူဟာ အောင်နိုင်သူလား၊ ရှုံးနိမ့် သူလားဆိုတာကို သူကိုယ်တိုင်လည်း ဝေခွဲမတတ်တော့။ ချောင်းရဲ့တစ်ဖက်မှာ မြင်းတွေကိုယ်စီနဲ့လာနေကြတဲ့ တစ်ဖက်က လူနီရိုင်းတွေကို သူလှမ်းမြင်နေရတယ်။ Fitzgerald က သူ့ကိုမေးခဲ့တယ်။ လက်စားချေဖို့တစ်ခုတည်း အတွက်နဲ့မင်းဒီအထိ လာခဲ့တယ် ဟုတ်လား။ မင်းကျေနပ်လားလို့လည်း မေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ Hugh တစ်ယောက်ဘာပဲ ဆက်လုပ်ဆက်လုပ်၊ ဘယ်အကြောင်းအရာကမှ သေဆုံးသွားတဲ့ သူ့ရဲ့သားလေးကို ပြန်ခေါ်လာနိုင်တော့မှာ မဟုတ်ဘူးလေ။ Hugh နောက်ဆုံး သဘာဝတရားကြီးကို အရှုံးပေးပြီး အနိုင်ယူသွားနိုင်ခဲ့တယ်။ Fitzgerald ရဲ့အသက်ကို သဘာဝတရားကြီးရဲ့လက်ထဲကို အပ်ခဲ့တော့တယ်။ သူ့ရဲ့လက်စားချေခြင်းဆိုတဲ့ စိတ်ကို သူပြန်လက်စားချေနိုင်ခဲ့တယ်။
.

“The Revenant” … Revenant ရဲ့အဓိပ္ပာယ်က ဘာလဲ။ တိကျတဲ့ အဓိပ္ပာယ်ကတော့ သေခြင်းတရားကနေ ပြန်လာသူ ဆိုတဲ့ အဓိပ္ပာယ်ပဲ။

Rotten Tomatoes’ Rating: 80%
IMDb’s Rating: 8/10
.

~WH~

WH
WH
4 min read