ဒုစရိုက်မှုကို အခြေခံတဲ့ drama သို့မဟုတ် thriller များကို ကျွန်တော်တို့ နှစ်နှစ်ခြိုက်ခြိုက်ကြည့်နေမိကြတာ ဘာကြောင့်လဲ။ တော်တော်များများက ဖြစ်ရပ်မှန်များကိုအခြေခံတာ၊ သို့မဟုတ်ရင်တောင် အဖြစ်မှန်နဲ့နီးစပ်တာမျိုးမို့လို့ နှစ်သက်မိတာလား။ ဇာတ်ကားကချပြတဲ့ သဲလွန်စလေးများကို ခြေရာခံပြီး တရားခံဘယ်သူလဲ ဉာဏ်ကစားရတာကိုသဘောကျလို့လား။ ရင်သိမ့်ဖိုစရာကောင်းတဲ့ ပြကွက်တွေကြောင့်လား။ ဒုစရိုက်မှုကြီးကနေ ဗဟိုချက်တည်တဲ့ စိတ်ခံစားမှုမုန်တိုင်းကြီးထဲ လိုက်ပါရတာကို နှစ်သက်လို့လား။ သို့မဟုတ် crime thriller/drama ဇာတ်ကားတွေကို ရှိုက်တမက်မက်ကြည့်နေမိခြင်းဟာ ဒီလိုဇာတ်ကားများက  "လောကကြီးမှာမကောင်းတရားကကြီးစိုးတယ်" ဆိုတဲ့ ကျွန်တော်တို့ရဲ့မူလလက်ခံထားမှုကို သက်သေခံပေးတာကြောင့်လည်းဖြစ်နိုင်သလို၊ "ကောင်းကွက်တချို့လည်း ကျန်နေနိုင်သေးတာပဲ" ဆိုတဲ့ မျှော်လင့်ချက်လေးကို မီးစာဖြည့်ပေးနိုင်တာကြောင့်လည်း ဖြစ်နိုင်တာပါပဲ။
1986 ခုနှစ်ရဲ့ ပွင့်လင်းသာယာတဲ့ နွေရာသီတစ်ခုမှာပါ။ ဂိုဒေါင်တစ်ခုကနေ ကားအနီရောင်လေး ထွက်လာပုံကို birdeye's view နဲ့ပြသတယ်။ အဖြစ်ဆိုးတစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတဲ့ အာရုံကို နောက်ခံတီးလုံး၊ ညင်သာပေမယ့် ခွန်အားပါတဲ့ ပြကွက်တို့နဲ့ ပရိသတ်ရင်ထဲရောက်စေတယ်။ နောက်အခန်းမှာ စက်ဘီးနင်းလာတဲ့ ၁၁ နှစ်ခန့်အရွယ် ကလေးမလေးကိုပြတဲ့အခါ ဒီကောင်မလေးဟာ သားကောင်ဖြစ်တော့မှာပဲဆိုတာကို ခံစားမိနေရဲ့နဲ့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိစေတယ်။ ကလေးမလေးနဲ့ စက်ဘီးလေးဟာ လမ်းမကြီးကနေဘေးဘက် မြေသားလမ်းသွယ်လေးထဲချိုးကွေ့ဝင်တယ်။ လမ်းသွယ်ရဲ့ တစ်ဖက်တစ်ချက်မှာ မြက်ရိုင်းရှည်ကြီးတွေက အဖြစ်အပျက်မှန်သမျှကို ဖုံးကွယ်ပေးထားဖို့ အသင့်ရှိနေခဲ့ကြတယ်။ ကားအနီကြီးက လမ်းမကြီးပေါ်မှာသွားနေရင်း စက်ဘီးချိုးကွေ့သွားတဲ့လမ်းသွယ်လေးထဲ လိုက်ကွေ့မဝင်ဘဲ ကျော်သွားတယ်။ တော်သေးတာပေါ့ဆိုတဲ့ ခံစားချက်လေးမဆုံးလိုက်ခင်မှာကိုပဲ စိုးရိမ်စိတ်တစ်ခုကို ထပ်ပိုးပေးပြန်တယ်။ ဘာကြောင့်လဲ.....  နောက်တစ်ခန်းကို ကူးရတော့မယ့်အစား ကင်မရာမြင်ကွင်း က လမ်းသွယ်လေးကိုရိုက်ပြထားတဲ့နားမှာပဲရပ်တန့်နေတယ်။ မကြာပါ....ကျော်လွန်သွားခဲ့တဲ့ ကားနီဟာ ရပ်တန့်နေတဲ့ ကင်မရာမြင်ကွင်း ထဲ ဘက်ဆုတ်ပြီးဝင်လာခဲ့တယ်။ နောက်......မြေသားလမ်းသွယ်လေးထဲ ချိုးကွေ့ဝင်သွားတဲ့နောက်မှာတော့ ရှောင်လွှဲမရနိုင်တဲ့အဖြစ်ဆိုးကြီးဆိုတာကို သေချာသွားစေခဲ့တယ်။ ကောင်မလေးဟာ လူမဆန်သူတစ်ယောက်ရဲ့ အဓမ္မပြုကျင့်မှုတင်မက အသက်ဇီဝိန်ပါ နှုတ်ယူခံလိုက်ရပါတယ်။ ကားနီကိုစီးနင်းလာသူက နှစ်ယောက်ဖြစ်ပါတယ်။ တစ်ယောက်က ယုတ်မာစွာ ပြုကျင့်ခဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဘာမှဝင်ရောက်မတားဆီးဘဲ ရပ်ကြည့်နေခဲ့သူပါ။ သူဟာလည်း ထပ်တူအပြစ်ရှိပါတယ်။
ဒုစရိုက်မှုတွေဟာ တစ်ကျော့ပြန်လည်တတ်သလား။ အသေအချာပါပဲ။ အထက်က အဖြစ်ဆိုးကြီးဖြစ်အပြီး ၂၃ နှစ်အကြာ၊ ၂၀၀၉ ခုနှစ်မှာ ကောင်မလေးတစ်ယောက် ပွဲတစ်ခုကအပြန် အိမ်မရောက်လာခဲ့နိုင်ပါ။ သူစီးနေကျစက်ဘီးလေးဟာ မြက်ပင်ရှည်တွေကြားက မြေသားလမ်းသွယ်လေးရဲ့ဘေးမှာ တွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့ ၂၃ နှစ်က ကြောက်စရာဒုစရိုက်မှုကြီးဖြစ်ပွားခဲ့တဲ့ နေရာအတိအကျမှာပါပဲ။ တိုက်ဆိုင်မှုဆိုတာ ပြစ်မှုပြစ်ခင်း နယ်ပယ်မှာ ရှားပါးလွန်းတဲ့အရာဖြစ်တာကြောင့် ဒီအမှုရဲ့လက်သည်ဟာ လွန်ခဲ့ နှစ်ဆယ့်သုံးနှစ်က တရားခံမပေါ်ဘဲပိတ်သိမ်းခဲ့ရတဲ့ မှုခင်းရဲ့ လက်သည်ပဲဖြစ်ရမယ်လို့ ရဲတွေက ကောက်ချက်ချပါတယ်။ ဒီကစလို့....ယခင်အသတ်ခံခဲ့ရသူ ကလေးမလေးရဲ့မိခင်၊ ယခင်အမှုရဲ့ စုံထောက် (ယခုအငြိမ်းစားယူပြီး)၊ ယခုပျောက်ဆုံးသွားသူကလေးမလေးရဲ့ မိဘများ၊ ယခုအမှုရဲ့ စုံထောက်များ၊ တရားခံနှစ်ယောက် စတဲ့ ဇာတ်ကောင်များရဲ့ စိတ်ခံစားမှု လှိုင်းဂယက်ကြီးထဲ လိုက်ပါခံစားကြရပါမယ်။
တရားခံဘယ်သူလဲ ဦးနှောက်စားနေရမယ့် ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ တရားခံဘယ်သူလဲ ဆိုတာကို ဇာတ်ကားအစမှာကတည်းက ပြသခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ချန်ထားခဲ့တဲ့အရာ၊ သို့မဟုတ် ကျွန်တော်တို့လိုက်ရှာဖွေရမယ့်အရာကတော့ ဘာကြောင့် သူတို့ ပထမအကြိမ် ကျူးလွန်ခဲ့ကြသလဲ၊ ဘာကြောင့် ဒုတိယအကြိမ် တစ်ပုံစံတည်း ထပ်ကျူးလွန်ရသလဲ ဆိုတဲ့မေးခွန်းတွေပါ။ ဒီကားမှာ ဇာတ်ကောင်အရေအတွက်ဟာ များတယ်လို့ဆိုနိုင်ပါတယ်။ တစ်ဦးချင်းစီရဲ့ စိတ်ထဲမှာဘာဖြစ်နေတယ်ဆိုတာကို သိဖို့ အရေးကြီးရင်ကြီးမယ်၊ မလိုတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် သိဖို့ကြိုးစားမယ်ဆိုရင်လည်း လုံလောက်တဲ့ ဖော်ပြမှုတွေကို နိုင်နိုင်နင်းနင်း ပြထားနိုင်တယ်လို့ မြင်ပါတယ်။
အလွန်အကျူးရှင်းပြခြင်းဟာ ဇာတ်ကားရဲ့အရည်အသွေးကို နိမ့်ကျစေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီကားကတော့ အဲ့အချက်ကို အထူးတလည်ရှောင်ကြဉ်ထားတယ်လို့တောင်မြင်မိပါတယ်။ ၂၀၀၉ အမှုကို ဦးဆောင်ထောက်လှမ်းရသူ စုံထောက်ဟာ ဇနီးဖြစ်သူ ပူပူနွေးနွေး ဆုံးပါးထားတာကြောင့် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်နေသူပါ။ ဒါကြောင့် သူ့ရဲ့ စိတ်ခံစားချက်နဲ့ အပြုအမူ တချို့ဟာ နားလည်ရခက်ပါတယ်။ ဒါပေမယ့် ဖြေရှင်းပြဖို့မကြိုးစားခဲ့ပါ။ အလားတူပဲ တရားခံနှစ်ယောက်အပါအဝင် ကျန်ကာရိုက်တာအချို့ရဲ့ အတွင်းစိတိကိုလည်း နားလည်သယောင်ယောင်နဲ့ မဖော်ပြဘဲချန်ထားတဲ့အချက်တချို့ရှိဦးမယ်လို့ ခံစားမိနေပြန်ပါတယ်။ နောက် သတိထားမိတဲ့အချက်က....နေရာတော်တော်များများမှာ သုံးထားတဲ့ birdeye's view ရိုက်ချက်တွေ။ ကြည့်လှရုံထက်ပိုတဲ့ ရည်ရွယ်ချက်ရှိမယ်လို့ မြင်မိပါတယ်။ ကိုယ်တိုင်ထင်မြင်ယူဆပြီး အဓိပ္ပာယ်ကောက်မိတာရှိပေမယ့် မပြောလိုတော့ပါဘူး။
ဒီကားကိုဘာကြောင့်ကြိုက်မိသလဲ......ဆွဲဆောင်မှုရှိပြီး တင်ပြပုံအထူးကောင်းပါတယ်။ ဇာတ်ကောင်စရိုက်ဖွဲ့ဆိုမှုပီပြင်တယ်။ စိတ်ခံစားမှုများကို အတိအပပြသနိုင်တယ်။ Thriller ဆန်စွာ ရင်သိမ့်တုန်ခံစားမှုပေးစွမ်းရမယ့်နေရာများမှာလည်း တစ်ပြားမလျော့ ပေးနိုင်ပါတယ်။
များသောအားဖြင့် ဒီလိုဇာတ်လမ်းမျိုးတွေမှာ ဇာတ်ကောင်တွေနဲ့အတူ ကျွန်တော်တို့လိုက်ရှာနေမိတာ အမှန်တရားပဲ။ အမှန်တရားဟာ တစ်ခါတစ်လေမှာ အင်မတန်အပုန်းကောင်းတတ်တယ်။ လုံးဝရှာမတွေ့တော့လောက်ဘူးလို့ထင်နေချိန်မှလည်း ကိုယ်ယောင်ပြတတ်တယ်။ အမှန်တရားအကြီးကြီး တစ်ခုကို ကွယ်ဝှက်ထားဖို့ အမှန်တရားသေးသေးလေးတစ်ခုကို ချကျွေးတာမျိုးလည်း လုပ်တတ်တယ်။ ထူးဆန်းတာက အဲဒီအမှန်တရားသေးသေးလေးက အရာရာနီးပါးကိုဖြေရှင်းဖို့ လုံလောက်နေခဲ့တဲ့အခါ တကယ့်နောက်ကွယ်ကအမှန်တရားကို မလိုအပ်တော့ဘူးလို့ ယူဆတတ်ကြတာပဲ။ စိတ်မတင်မကျဖြစ်ရမှုတွေအားလုံးဟာ အဲဒီကစတယ်ထင်ပါတယ်။
~Miller~